← Chapters

မင်း အသားနာအောင် ငါက မလုပ်နိုင်ဘူးတဲ့လား

Vol. 76 Ch. 1061

မင်း အသားနာအောင် ငါက မလုပ်နိုင်ဘူးတဲ့လား

Vol. 76 Ch. 1061

လောင်တန်းဟိုက်က မန်ဟို့ကို ပြုံး၍ ကြည့်နေသည်။ သူသည် မန်ဟို ဂိုဏ်းအပြင်သို့ မဖြစ်မနေ ထွက်လာရအောင် အချိန်များစွာပေးပြီး အစီအစဉ်ချခဲ့ရ၏။ သူက မန်ဟို့အကျင့်စရိုက်ကို လေ့လာခဲ့သည့်အတွက် ယခုတွင် မည်ကဲ့သို့ ဆုံးဖြတ်ချက်ချမည်လဲ လွန်စွာသိချင်နေတော့သည်။

မန်ဟို့မျက်နှာ မည်းမှောင်သွားသည်။ မိစ္ဆာကျင့်ကြံသူအုပ်သည် ဖက်တီး၊ ချူယွီယန်နှင့် ချန်ဖန်းကို ခြေရာခံနိုင်သည်အထိ အင်အားကြီးမားကြောင်း သူ သိ၏။ မိစ္ဆာကျင့်ကြံသူအုပ်အတွက် သူ့မိတ်ဆွေများမှာ သိပ်အရေးပါသူများမဟုတ်လေရာ သူတို့ကို ရှာတွေ့ဖို့ကား အချိန်အနည်းငယ်မျှသာ ကြာလိမ့်မည်။

သို့သော် မန်ဟို့ကို ခြိမ်းခြောက်ဖို့ သူတို့ကို အသုံးချခြင်းမှာ အတန်ငယ်ကလေးဆန်ရာကျသည်။ သိသိသာသာပင် အခြေအနေကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ဘွားဘွားကိုးနှင့်အခြားသူများ ပါလာအောင် ဆွဲထည့်ရန်ပင်။ မန်ဟို့အတွက် သူ့မိတ်ဆွေများက အရေးမပါခြင်းတော့ မဟုတ်။

သူ လောင်တန်းဟိုက်ကို အစွမ်းကုန် တိုက်ခိုက်လျှင်တောင်မှ အကြောင်းမထူးကြောင်း သူ သိသည်။

အကောင်းဆုံးကား ဘွားဘွားကို ချက်ချင်း အသိပေးခြင်း ဖြစ်လိမ့်မည်။ ယင်းက သူ့သဘောထားကို ဖော်ပြပြီး အခြေအနေကို ထိုအတိုင်း အဆင်ပြေသွားစေလိမ့်မည်။ သူက ဆုံးဖြတ်ချက်ပြီးနောက် ဂိုဏ်းထဲပြန်ဝင်ရန် လှည့်လိုက်သည်။

“ငါ စုံစမ်းခဲ့တာတွေမှာ အမှားများပါနေသလား” လောင်တန်းဟိုက်က ပြောသည်။ “မင်းက သိပ်သွေးအေးတာပဲ။ မင်းရဲ့ ငယ်သူငယ်ချင်းတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေ အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရတာတောင် ဂရုမစိုက်ပါလား။ ကဲ ဒီလိုဆိုမှတော့ ... မင်းကို တခြားတစ်ခု ပြရတော့မယ်ထင်တယ်”

လောင်တန်းဟိုက်က ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်တစ်ခုပေါ်လာသည်။ မန်ဟိုမှာ ထိုပုံရိပ်ကို မြင်လျှင်ချင်း တုံ့ခနဲ ရပ်လိုက်ပြီး မျက်လုံးများ မီးဝင်းဝင်းတောက်လာတော့သည်။

ထိုပုံရိပ်သည် လူတစ်ယောက်တည်းကို ဖော်ပြနေ၏ .... ချူယွီယန်။ သူမမှာ ဆံပင်များ ဖွာလန်ကြဲလျက် မျက်နှာလေးဖြူဖျော့နေပြီး နှုတ်ခမ်းလေးလည်း ပြာနှမ်းနေသည်။ ကြည့်ရသရွေ့ အဆိပ်မိထားပုံပေါ်၏။

သူမက အနက်ရောင်ကမာခွံတစ်ခု၏အတွင်းတွင် လဲနေသည်။ ကမာခွံ၏ပါးစပ်က ဓားတမျှ မြနေပြီး တဖြေးဖြေး နိမ့်ဆင်းလာနေ၏။ ချူယွီယန် ခေါင်းဖြတ်ခံရဖို့ သိပ်ကြာတော့မည်မဟုတ်ပေ။

ပုံရိပ်သည် ပုံရိပ်ယောင်သာ ဖြစ်သော်လည်း မန်ဟိုသည် ချူယွီယန်နှင့် ရင်းနှီးသဖြင့် ဤသည်မှာ မှော်လှည့်စားမှုမဟုတ်သလို၊ သူမအသွင်ဖန်ဆင်းထားသော တခြားလူတစ်ယောက် မဟုတ်ကြောင်းလည်း သိ၏။ သူမက .... ချူယွီယန်အစစ်ပင်။

“မင်း သေချင်နေတာလား” မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ မျက်လုံးများတွင် တဟုန်းဟုန်းတောက်နေလျက် မေးသည်။ သူသည် ညာလက်ကို ဆန့်တန်း၍ ပုံရိပ်ကို လက်ညှိုးထိုးလိုက်၏။ မည်သည့်အရာမှ မဖြစ်ပျက်သွားသကဲ့သို့ မှော်လှိုင်းများ ဖြာထွက်လာခြင်းမရှိရာ လောင်တန်းဟိုက်၏မျက်လုံးများအား တွေဝေမှုသံသယတို့ဖြင့် ကျဉ်းမြောင်းသွားစေသည်။

မန်ဟိုသည် ပုံရိပ်ကို အတန်ကြာ လေ့လာနေစဉ် မျက်လုံးများ တောက်ပသွားပြီး ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ လက်ကို ဝှေ့ယမ်းကာ ကျောက်စိမ်းပြားတစ်ပြားအား ဂိုဏ်းထဲ ပျံသန်းသွားစေသည်။ ထို့နောက် သူက လောင်တန်းဟိုက်ထံ တဟုန်ထိုးထွက်သွားသည့် အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားတော့၏။

အနက်ရောင်ကမာခွံထဲရှိ လူမှာ ချူယွီယန်မဟုတ်ဘဲ ဖက်တီး သို့မဟုတ် ချန်ဖန်းဖြစ်လျှင်တောင်မှ မန်ဟိုသည် ထိုအတိုင်း လုပ်ဦးမည်သာ ဖြစ်၏။

စောစောက သူ ဂိုဏ်းသို့ ပြန်ရန် ရွေးချယ်ခဲ့သော အကြောင်းရင်းမှာ အခြေအနေကို ဖြေရှင်းပေးနိုင်မည့် အကောင်းဆုံးနည်းလမ်းဟု ထင်၍ပင်။ ဘွားဘွားကိုးက အကုန်လုံးတာဝန်ယူပေးလိမ့်မည်။ သူ့မှာ သူ့မိတ်ဆွေသုံးဦး သူတို့၏ဂိုဏ်းများ၌ အန္တရာယ်ကင်းသည်ဟု ယူဆခဲ့မိသည် မဟုတ်ပါလော။ မိစ္ဆာကျင့်ကြံသူအုပ်အနေဖြင့် အငြိုးကြီးကောင်း ကြီးနိုင်သော်လည်း သူ့မိတ်ဆွေများကို အမှန်တကယ် ဒုက္ခပေးရန် အချိန်ရှိမည်မဟုတ်ပေ။

သို့သော် .... ယခုတော့ နောက်ကျလွန်းသွားခဲ့ပြီ။ အချိန်မရှိသူမှာ သူပင် ဖြစ်နေသည်။ ထို့ကြောင့် သူက ဘွားဘွားကိုးထံသို့ ကျောက်စိမ်းပြားတစ်ပြားကို ပေးပို့ပြီး တစ်ပြိုင်တည်းမှာပင် သူ၏အမျက်ဒေါသကို ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ တခြားရွေးချယ်စရာမရှိမှတော့ .... သူ့အရှေ့က တစ်ခုကိုသာ ရွေးရပေတော့မည်။

သူက သတ်ဖြတ်လိုစိတ်တို့ ဆူပွက်နေလျက် တိုက်ခိုက်လိုက်သည်။ လောင်တန်းဟိုက်က မဆိုစလောက်ပြုံးသည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲ မှေးမှိန်ပျောက်ကွယ်စပြုလာ၏။

“ကြည့်ရတာ ငါ မင်းကို အထင်ကြီးခဲ့မိပုံပဲ” သူက ပြောသည်။ “ဒါက ပုံရိပ်ယောင်လေးသာသာပဲဆိုတာ မင်း သတိမထားမိဘူးထင်တယ်။ ငါ မပျောက်ကွယ်သွားရင်တောင်မှ မင်း ငါ့အသားနာအောင် မလုပ်နိုင်ဘူး။ မိစ္ဆာကျင့်ကြံသူအုပ်က မင်းရဲ့အချစ်ဟောင်းလေးနဲ့ မင်းမိတ်ဆွေတွေကို တစ်ခုခုလုပ်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ ဒါက ငါ့အကြံလေ။ သူ့ကို ပြန်ပေးဆွဲခဲ့တာ ငါတို့ ပင်လယ်နယ်မိစ္ဆာကိုးဦးပဲ” လောင်တန်းဟိုက်က ကောက်ကျစ်စွာ ရယ်ပြီး သူ့နည်းလမ်းကိုသူ လေးလေးနက်နက် ချီးကျူးနေသည့်အလား ခေါင်းခါရမ်းလိုက်သည်။

“သွား မင်းတာဝန်ပြီးအောင် လုပ်လိုက်” သူက ဆက်ပြောသည်။ “ချူယွီယန်က ပင်လယ်ခြုံကျွန်းပေါ်မှာ။ စိတ်မပူနဲ့ ငါ မလိမ်ဘူး။ သူ အဲဒီမှာ တကယ်ရှိတယ်လို့ ငါ ကတိပေးနိုင်တယ်။ ဒါပေမဲ့ မင်း မြန်သင့်သလောက် မမြန်ရင်၊ နည်းနည်းလေး နောက်ကျသွားရင် သူ သေရလိမ့်မယ်။ မင်း အချိန်နှစ်နာရီရမယ်...” ပျောက်ကွယ်နေစဉ် လောင်တန်းဟိုက်သည် မန်ဟို့ကို ယခုလို မြင်ရသည့်အတွက် ကျေနပ်အားရပြီး သူ့အစီအစဉ်တွင် ယုံကြည်ချက်အပြည့်ရှိနေသောပုံစံဖြင့် ရယ်နေ၏။

သို့သော် သူ လုံးလုံးလျားလျား ပျောက်ကွယ်မသွားခင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။

“ငါ မင်း အသားနာအောင် မလုပ်နိုင်ဘူးထင်တယ်လား” သူက လောင်တန်းဟိုက်ကို လက်ညှိုးထိုးရင်း ပြောသည်။

သူ့လက်ချောင်းအဝှေ့က သူ၏မိစ္ဆာချုပ်နှောင်သူအရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ မန္တန်အစွမ်းသည် သတ္တမမိစ္ဆာချုပ်နှောင်မန္တန်.... ကံကြွေးပြုစားခြင်းအစွမ်း အသွင်ပြောင်းရင်း ဖြာထွက်သွား၏။

မန္တန်ထုတ်လွှတ်ခံလိုက်ရလျှင်ချင်း အကန့်အသတ်မရှိ ကြောက်စရာကောင်းသော ကံကြွေးစွမ်းအားက ပေါက်ကွဲထွက်လာသည်။ ယခုတွင် မန်ဟိုသည် ပါရာဂွန်ကိုးတံဆိပ်၏ သွေးကို စုပ်ယူခဲ့ပြီး၍ သူ့မိစ္ဆာချုပ်နှောင်မှော်အတတ်များကား အဆမတန် အင်အားကြီးမားသွားလေပြီ။ ယခုတွင် သူသည် ခေါင်းဆောင်ကြီးကိုးတံဆိပ်ကိုယ်တိုင် အသိအမှတ်ပြုထားသည့် ဆက်ခံသူ၊ စစ်မှန်သော ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူပင်။

ထို့ကြောင့် သူ မိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်လိုက်သည့်အခါ ၎င်းသည် ကြောက်ခန်းလိလိ အစွမ်းထက်၏။

သူ ရင်ဆိုင်နေရသည်ကား လောင်တန်းဟိုက်၏ ပုံရိပ်ယောင်ဖြစ်စေကာမူ အရေးမကြီး။ ကံကြွေးရှိနေသေးသည်။ မှန်သည်၊ အကြီးမားဆုံးကံကြွေးက ... လောင်တန်းဟိုက်၏ ကိုယ်အစစ်နှင့် ဆက်စပ်နေသည်။

လောင်တန်းဟိုက်၏ပုံရိပ်ယောင်မှာ ရုတ်တရက် တုန်ရီသွားပြီး ကျရောက်လာတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသဖြင့် မျက်နှာတွင် အံ့ဩမှုတို့ ပြည့်နှက်သွားတော့သည်။ ပုံရိပ်ယောင်အသွင်ဖြင့်သာ အန္တရာယ်ကို ခံစားလိုက်ရခြင်းမဟုတ်၊ လောလောဆယ်တွင် ကိုးပင်လယ်နတ်လောကအတွင်းရှိ ကျင့်ကြံခြင်းဂူထဲတွင် ပုန်းအောင်းနေသော သူ့ကိုယ်အစစ်လည်း ပြင်းထန်သောအန္တရာယ်ကို ခံစားလိုက်ရသည်။

သူ့မျက်နှာပျက်သွားပြီး စိတ်လေးသွားသည်။ သူသည် ချက်ချင်းဆိုသလို တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူနှင့်ပုံရိပ်ယောင်ကိုယ်ပွားအကြားက ဆက်သွယ်မှုကို ဖြတ်တောက်ရန် လှုပ်ရှားလိုက်၏။

သို့သော်....နောက်ကျသွားချေပြီ။

မန္တန်၏အစွမ်းက ကိုယ်အစစ်နှင့် ပုံရိပ်ယောင်ကိုယ်ကို ဆက်သွယ်ပေးထားသည့် ကံကြွေးမျှင်တစ်မျှင်ကို ပုံရိပ်ယောင်လောင်တန်းဟိုက်၏ ခေါင်းအထက်တွင် ပေါ်လာစေသည်။ ထိုအမျှင်သည် ကိုးပင်လယ်နတ်လောက၏၏ပင်မဂိတ်ကို ဖြတ်ကာ သူ့ကျင့်ကြံဂူဆီသို့ ဆန့်တန်းနေ၏။

မန်ဟို့မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပသွားသည်။ သူ့ကျင့်ကြံခြင်းအခြေခံအဆင့်အရ သူသည် ဤနေရာတွင် ရှိနေသည်မှာ လောက်တန်းဟိုက်၏ပုံရိပ်ယောင်သာ ဖြစ်ကြောင်း သတိမထားမိဘဲ ရှိမည်လော။ သို့သော် ၎င်းက အရေးမကြီး။ သူ့အနေဖြင့် လောင်တန်းဟိုက်ကို မသတ်နိုင်လျှင်တောင်မှ မှတ်လောက်သားလောက်အောင် သေချာပေါက် သင်ခန်းစာပေးရလိမ့်မည်။

“အသားနာတယ်ဆိုတာ ဘာလဲ မင်း သိအောင် ပြပေးမယ်” သူက ပြောသည်။ သူ့လက်ချောင်းနှစ်ချောင်းက မုဒြာလက်ကွက်ဖော်လိုက်ပြီး ကံကြွေးမျှင်သည် တွန့်လိမ်သွား၏။ လောင်တန်းဟိုက်၏ပုံရိပ်ယောင်မှာ ပိုပို၍ ဝေဝါးလာသည်။ သို့သော် ကံကြွေးမျှင်မှာတော့ ပို၍ထင်ရှားလာသည်။

မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ကိုယ်အစစ်ထံ တန်းတန်းမတ်မတ် ဦးတည်နေသော ဥမင်တစ်ခုအသွင်ပြောင်းသွား၏။

အံဩဖွယ်ကောင်းစွာနှင့် မန်ဟို့ကံကြွေးမှော်အစွမ်းကား အထွတ်အထိပ်အထိ တိုးတက်ခဲ့လေပြီ။ လက်ရှိအခြေအနေတွင် ... သူသည် ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ဆက်သွယ်ဖို့ ကံကြွေးမျှင်များအား သုံးနိုင်နေ၏။ အချိန်တိုလေးအတွင်း သူက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို တစ်ထပ်တည်းဖြစ်စေနိုင်လေပြီ။

ပုံရိပ်ယောင်ကို ထိုးနှက်ခြင်းက အစစ်အမှန်ကိုယ်ကို ထိခိုက်စေလိမ့်မည်။

ထိုသို့ဖြစ်အောင် ပုံရိပ်ယောင်နှင့် အစစ်အမှန်အကြား ... ကံကြွေးတည်ရှိနေသည်။

မန်ဟိုက အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပုံရိပ်ယောင်လောင်တန်းဟိုက်ရှေ့တွင် ပေါ်လာသည်။ သူ့လက်သည် ပုံရိပ်ယောင်လောင်တန်းဟိုက်၏ ရင်ဘတ်ကို ထိုးချလိုက်သဖြင့် တဂျွတ်ဂျွတ်မြည်သံများ ပဲ့တင်ထပ်သွား၏။ သူက အားထည့်၍ ထပ်ထိုးထည့်လိုက်ရာ ပုံရိပ်ယောင်၏ခန္ဓာကိုယ်မှာ တုန်ရီလာတော့သည်။ မန်ဟို့လက်များက လောင်းတန်းဟိုက်ကို ကိုးချက်ဆက်တိုက် ထိုးနှက်နေစဉ် ၎င်းတို့မှာ သဲသဲကွဲကွဲမမြင်ရတော့သည့်အထိ အလွန်လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။

မန်ဟို ပုံရိပ်ယောင်အရှေ့တွင် ပေါ်လာခဲ့သော အခိုက်အတန့်တွင် ဂိုဏ်းအတွင်းရှိ ကျင့်ကြံခြင်းဂူထဲ၌ လောင်တန်းဟိုက်မျက်နှာသည် ပျက်ယွင်းနေ၏။ သူ့လက်က ဆက်သွယ်မှုကို ဖြတ်တောက်ရန် မြောက်တက်သွားသော်လည်း ထိုအချိန်မှာပင် ...

ကိုးပင်လယ်နတ်လောက၏ ပင်မဂိတ်အပြင်၌ မန်ဟို့လက်သီးက သူ့ကို ကိုးချက်ဆက်တိုက် ထိုးနှက်လိုက်သည်။

“ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းလက်သီး” မန်ဟိုက တည်ကြည်ခက်ထန်နေသောမျက်နှာထားဖြင့် သိုင်းကွက်နာမည်ကို ရေရွတ်လိုက်သည်။

တဘုန်းဘုန်း မြည်ဟည်းနေစဉ် ပုံရိပ်ယောင်ကိုယ်မှာ ကြေမွသွားတော့သည်။ အံ့ဩမယုံနိုင်မှုတို့ ပြည့်နှက်နေသော စူးစူးဝါးဝါး အော်သံကြီးက ဟိန်းထွက်လာသည်။ တစ်ဆက်တည်းမှာပင် ကျင့်ကြံခြင်းထဲ၌ တင်ပျဉ်ခွေထိုင်နေသော လောင်တန်းဟိုက်ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ့ရင်ဘတ်ကြီးမှာ ကိုးချက်ဆက်တိုက် ထိုးနှက်မှုကြောင့် ချိုင့်ဝင်သွားပြီးနောက်ဆုံး သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားတော့သည်။

တိုက်ကွက်၏အားက သူ့ကို တစစီ စုတ်ဖြဲပစ်လိုက်သဖြင့် အသားအစအနများ လွင့်စင်ပြန့်ကြဲသွားသည်။ သူ့ခေါင်းသာ စူးစူးဝါးဝါး အော်ရင်း ကျန်ခဲ့လေသည်။ သို့သော် လောင်တန်းဟိုက်သည် မသေ။ သူသည် ထူးခြားသော မွေးရာပါစွမ်းအားများနှင့် ရှေးဟောင်းနယ်ပယ်ကျင့်ကြံခြင်းအခြေခံဖြင့် မိစ္ဆာကျင့်ကြံသူတစ်ဦးဖြစ်၏။ ထိုအရာအားလုံးက ချက်ချင်းဆိုသလို ခန္ဓာကိုယ်အသစ်ဖြစ်ပေါ်လာစေသော ကုစားခြင်းစွမ်းအားများကို သူ့အား ပေးထားသည်။ မှန်ပါသည်၊ ဤကိုယ်အသစ်က ယခင်ကိုယ်ထက် များစွာအားနည်းလေသည်။

“မန်ဟို မင်းတော့ သေပြီသာမှတ်” သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူသည် မွေးဖွားခဲ့သည့်အချိန်မှစ၍ ထိုကဲ့သို့သော နာကျင်မှုမျိုးကို မခံစားခဲ့ရဖူးပေ။ သို့သော် သူ့အသံ ဟိန်းထွက်သွားသည့်အခိုက်အတန့်မှာပင် အေးစက်စက်အသံတစ်သံက သူ့နားနားကပ်၍ တိုးတိုးပြောလိုက်သည်။

ကိုးပင်လယ်နတ်လောကအပြင်တွင် လောင်တန်းဟိုက်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်သည် ကြေမွသွား၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်အသစ်က ကျင့်ကြံခြင်းဂူထဲတွင် ပြန်လည်ဖြစ်ပေါ်လာနေပြီး နှစ်ခုကို ဆက်သွယ်ပေးထားသော ကံကြွေးမျှင်က စတင်မှေးမှိန်လာသည်။

သို့သော် မန်ဟို၏ လောင်တန်းဟိုက်အပေါ် သတ်ဖြတ်လိုစိတ်မှာ ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းလက်သီးဖြင့် ပြေပျောက်သွားနိုင်သည့်အရာမျိုး မဟုတ်ပေ။ သူက ရှေ့တက်၍ ပျောက်ကွယ်စပြုနေသော ကံကြွေးမျှင်ကို ဆုပ်ကိုင်လိုက်ရာ လောင်တန်းဟိုက်၏ဝိညာဉ်ကို ဖမ်းဆုပ်နိုင်သွားသည်။

“မိစ္ဆာချုပ်နှောင်ခြင်း ပဉ္စမမန္တန်” သူက အေးစက်စက် ပြောသည်။ အကွဲကြောင်းတစ်ကြောင်းက သူ့ညာလက်ထဲတွင် ပေါ်လာပြီး လက်မအနည်းငယ်မျှသာ ရှိသော အရွယ်မှ တစ်မီတာခန့်ရှည်လာသည်။ ထို့နောက် အကွဲကြောင်းနှင့် ကံကြွေးမျှင်နှစ်ခုလုံး ပျောက်သွား၏။

အကွဲကြောင်း ပျောက်သွားသောအခါ ၎င်းသည် ကျင့်ကြံခြင်းဂူထဲရှိ လောင်တန်းဟိုက်အရှေ့တည့်တည့်တွင် ပေါ်လာ၏။ ၎င်းကား ချောက်ချားဖွယ်ပါးစပ်ကြီးတစ်ပေါက်နှင့်တူရာ လောင်တန်းဟိုက်မှာ ငယ်သံပါအောင် အော်လိုက်ရတော့သည်။ သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် ပါးစပ်ကြီးက သူ့ကို ကိုက်ချလိုက်လေပြီ။ လောင်တန်းဟိုက်ကိုယ်တစ်ပိုင်းမှာ ချက်ချင်း ပြတ်ထွက်သွား၍ သွေးများ ပန်းထွက်သွားကာ တကျွတ်ကျွတ်ဝါးသံများ ကြားလိုက်ရသည်။

သူ့မှာ ယခုတွင် အောက်ပိုင်းတစ်ပိုင်းသာ ကျန်ခဲ့၏။ သူ၏ မွေးရာပါအစွမ်းများက ချက်ချင်း သက်ဝင်လာရင်း အသွေးအသားအသစ်အား ထူးဆန်းစွာ ဖော်ဆောင်ပေးလိုက်သည်။ သို့သော် ထိုကဲ့သို့ နှစ်ကြိမ်ဆက်တိုက် ကုစားပေးရခြင်းက သူ့ချီနှင့်သွေးတို့ကို တစ်ဝက်ကျော် အားနည်းသွားစေသည်။

ပြန်အသက်ဝင်လာသော်လည်း သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ မန်ဟိုက သူ၏ပုံရိပ်ယောင်မှတစ်ဆင့် သူ့အစစ်အမှန်ကိုယ်ကို မည်ကဲ့သို့ ထိခိုက်စေနိုင်ခဲ့သည်လဲ သူ မသိပေ။ အမှန်တွင် သူသာ နည်းနည်းလေး နောက်ကျခဲ့ပါက ... အသက်ထွက်သွားခဲ့ပြီဖြစ်သည်။

လောင်တန်းဟိုက်မှာ ပထမဆုံးအကြိမ် ကြောက်လန့်သွားတော့သည်။ မန်ဟို၏ ဆန်းကြယ်သောအတတ်က သူ့စိတ်ထဲတွင် တစ်ခါမှမဖြစ်ပေါ်ခဲ့ဖူးသော ကြောက်စိတ်တို့ကို ဖြစ်ပေါ်လာစေသည်။

“သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နိုင်တာလဲ။ ထင်ထားတာထက် အများကြီးအစွမ်းထက်နေတယ်။ ချီးတဲ့မှပဲ၊ အရင်လကမှ နောက်ဆုံးမြင်ခဲ့တာကို ဘယ်နှယ့်ကြောင့် ဒီလောက်သန်မာလာခဲ့တာလဲ။ မဟုတ်မှ စွမ်းအားအစစ်အမှန်ကို လျှိုထားခဲ့တာများလား။ မဟုတ်ဘူး မဖြစ်နိုင်ဘူး။ သူ အခုမှ အဲဒီအတတ်ကို  ကျွမ်းကျင်သွားတာဖြစ်မယ်” လောင်တန်းဟိုက်မှာ ကြောက်ဒူးတုန်နေတော့သည်။ မန်ဟိုက သူ့ကို လိပ်ပြာလွင့်မတတ် ကြောက်စေခဲ့လေပြီ။

ဂိုဏ်းအပြင်တွင် မန်ဟို့မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက်ရှိ၏။ လောင်တန်းဟိုက်၏ ကံကြွေးမျှင်မှတစ်ဆင့် သူသည် လောင်တန်းဟိုက်၏တည်နေရာကို ခံစားနေရပြီး ထိုလူ ဂိုဏ်းထဲတွင် ရှိနေဆဲဖြစ်ကြောင်း ပြောနိုင်သွားသည်။ ထိုအခြင်းအရာက လောင်တန်းဟိုက် မည်မျှသတိရှိကြောင်း ထင်ရှားလေသည်။ စောစောက သူသည် ချူယွီယန်၏ပုံရိပ်အပေါ်တွင်လည်း ထိုနည်းလမ်းအတိုင်းသုံးကာ သူမ၏နေရာအတိအကျကို ရှာနေခဲ့ခြင်းဖြစ်၏။

“လောင်တန်းဟိုက် ငါပြန်လာရင် ဘယ်ကောင် မင်းကို ကာကွယ်ပေးနေပါစေ ငါ မင်းကို သတ်ပစ်မယ်” ထို့နောက် သူကား ချူယွီယန်ထံသို့ လျှပ်စီးလို ဦးတည်သွားတော့သည်။

***

All Chapters