ပွက်ပွက်ဆူနေသော ပင်လယ်
Vol. 76 Ch. 1062
မန်ဟိုသည် အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ပင်လယ်ခြုံကျွန်းသို့ တဟုန်ထိုး သွားလျက်ရှိ၏။ ယခုတွင် သူကား အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်ဖြစ်ရာ လက်ဖျားခါလောက်ဖွယ်အမြန်နှုန်းဖြင့် သွားနေစဉ် လျှပ်စီးတန်းပမာ ဖြစ်နေတော့သည်။
၎င်းက ရှေးဟောင်းနယ်ပယ်စဦးပိုင်းအဆင့်ပင် မရရှိနိုင်သော အမြန်နှုန်း၊ မီးငြိမ်းဝိညာဉ်မီးအိမ် ခြောက်လုံး သို့မဟုတ် ခုနစ်လုံးဖြင့် လူတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်သော အမြန်နှုန်း ဖြစ်လေသည်။ ထို့အပြင် ... သူကား နဝမပင်လယ်၏ဖိအားအောက်မှ မကင်းလွတ်သေးပေ။
သူသာ နဝမပင်လယ်မှ ထွက်လာလျှင် အမြန်နှုန်းသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
သူသည် ရေမျက်နှာပြင်အောက်၌ တရိပ်ရိပ် သွားနေစဉ် မြန်သထက်သာ မြန်လာနေသည့်အတွက် ပင်လယ်ကထက်၍ လှိုင်းလုံးများ လိမ့်တက်လာ၏။ သူ့နှလုံးသားထဲရှိ သတ်ဖြတ်လိုစိတ်မှာလည်း ပြင်းထန်နေသည်။
သူ့မျက်ဝန်းများမှာတော့ သွေးအေးနေသည်။ သူ ဤကဲ့သို့ မြင်မြင်သမျှ သတ်ပစ်ချင်လောက်အောင် အမျက်မထွက်ခဲ့သည်မှာ ကြာခဲ့လေပြီ။ လောလောဆယ်တွင် မည်သူ သူ့လမ်းတွင် ရှိနေပါစေ ၊ သူ့ဒေါသနှင့် သတ်ဖြတ်လိုစိတ်အတွက် သားကောင်ဖြစ်သွားလိမ့်မည်။
မိတ်ဆွေများကို ဓားစာခံအဖြစ် ပြန်ပေးဆွဲခြင်းမှာ ကျင့်ကြံခြင်းလောကတွင် တားမြစ်ခံထားရသည်။ ထိုကဲ့သို့ လုပ်ရဲသူ မရှိသလောက် ရှား၏။ လူတိုင်းလူတိုင်းတွင် ဆွေမျိုးမိတ်ဆွေများ ရှိသည့်အတွက် ထိုကိစ္စတွင် ဆွဲသွင်းခံရလျှင် .... ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေများဆီသို့ ဦးတည်သွားလိမ့်မည်။
ထို့ကြောင့် ၎င်းသည် ဘောင်ကျော်၍မရသော စည်းမျဉ်း၊ ချိုးဖောက်လေ့မရှိသော ဥပဒေနှင့် အသုံးချခဲသော ဥပါယ်တံမျဉ်ဖြစ်၏။
သို့သော် ယခုတွင် လောင်တန်းဟိုက်သည် ထိုအရာကို လုပ်ဆောင်ခဲ့ပြီဖြစ်ရာ မန်ဟို့အား မိစ္ဆာကျင့်ကြံသူတစ်အုပ်လုံးအား သတ်ဖြတ်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာစေသည်။
သူသည် ရိုးသားဖြူစင်ပြီး သဘောထားကြီးသူတစ်ယောက် မဟုတ်ပေ။ လူအများ သူ့ကို လာမထိလျှင် သူလည်း ဘာမှလုပ်မည်မဟုတ်သော်လည်း ယခုတော့ ရန်စခံခဲ့ရလေပြီ။ မိစ္ဆာကျင့်ကြံသူအုပ်အပေါ် အပြစ်ရှိသလို ခံစားခဲ့ရသော ခံစားချက်များလည်း တစ်စက်မှမကျန်တော့ပေ။
“မင်းတို့ကောင်တွေ သေသင့်တယ်၊ သေကို သေစေရမယ်”
သူ တဟုန်ထိုးသွားနေစဉ် အေးစက်မှုတို့က သူ့မျက်ဝန်းများတွင် တောက်ပနေသည်။ သို့သော် ထိုအေးစက်မှုက သူ့နှလုံးသားထဲရှိ စိုးရိမ်ကြောင့်ကြစိတ်များကို မဖုံးကွယ်နိုင်ပေ။
သူသည် ချူယွီယန်အပေါ် ခံစားချက်မထားမိအောင် တတ်နိုင်သမျှ ရှောင်ခဲ့သော်လည်း သူ့နှလုံးသား၏အနက်ရှိုင်းဆုံးတစ်နေရာတွင် သူမက နေရာယူထားပြီးဖြစ်သည်ကို သူ မငြင်းဆန်နိုင်ပေ။
သူမက ရှုချင်၏အရိပ်ထဲတွင်သာ တည်ရှိခဲ့သော်လည်း မန်ဟိုသည် သူတို့နှစ်ယောက်အကြား ဖြစ်ခဲ့သမျှအရာရာတိုင်းကို ဘယ်တော့မှ မေ့မရခဲ့ပေ။ သူ့ရွေးချယ်မှုက ရှုချင်ဖြစ်သော်လည်း ချူယွီယန်ကိုလည်း နာကျင်စေလိုစိတ်အလျဉ်း မရှိချေ။
အမွေးတိုင်တစ်ဝက်ထွန်းစာကြာသော် မန်ဟိုက လေပေါ် ထိုးတက်လိုက်သဖြင့် ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် ဝုန်းခနဲ မြည်ဟည်းသွားသည်။ ယခုတွင် နဝမပင်လယ်၏ဖိအား သူ့အပေါ် သက်ရောက်မှုမရှိတော့၍ သူ့စွမ်းအားက တဟုန်ထိုး မြင့်တက်သွားပြီး သူကား အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်အရောင်အဝါတို့ဖြင့် တောက်ပနေတော့သည်။
သူက အသက်ပြင်းပြင်း ရှူလိုက်သည့်အခါ မိုးခြိမ်းသံကဲ့သို့ ခပ်အုပ်အုပ်အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ သူ့ပတ်ပတ်လည်ရှိ ပင်လယ်ကြီးနှင့် လေထုပင် ချိုင့်ဝင်သွားသည့်အလား ထင်ရသည်။
သူက အသက်တစ်ရှိုက်လေးအတွင်း ပတ်၀န်းကျင်ရှိ သဘာ၀စွမ်းအင်အကုန်လုံးကို စုပ်ယူလိုက်လေပြီ။ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံကို လောင်စာဖြည့်ရန် ဤစွမ်းအင်များကို အသုံးပြုပြီး မျက်လုံးများ တောက်ပနေလျက် ပင်လယ်ရေအောက်တွင် ရှိခဲ့စဉ်တုန်းကထက် ပို၍ပင် မြန်သောအမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွားတော့သည်။
ဝုန်း
သူ ပို၍ မြင့်မားသော အမြန်နှုန်းဖြင့် လေကိုခွင်းသွားစဉ် နားကွဲလုမတတ် စူးနေသော အသံတစ်သံအား ကြားရနိုင်သည်။
အသံလှိုင်းများက မိုးနှင့်မြေကို တုန်လှုပ်သွားစေသော စက်ဝိုင်းသဏ္ဍာန် တိမ်တိုက်များကို ချန်ရစ်ခဲ့ရင်း သူ့အနောက်တွင် ဖြာထွက်သွား၏။
သူပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့အရှိန်အဝါက ပျံ့နှံ့လာရာ န၀မပင်လယ်၏ ပင်လယ်သားရဲအကုန်လုံး ၎င်းကို ခံစားလိုက်ကြရသည်။ မရေမတွက်နိုင်သော သားရဲများ အရပ်လေးမျက်နှာမှ သူ့ထံသို့ တဟုန်ထိုးလာရန် တခဏလေးသာ ကြာလိုက်၏။ ပထမဆုံးလာသည့် သားရဲကြီးကတော့ သူ့ကို ရိုက်ချလိုက်သည့် လက်တံကောင်ကြီးဖြစ်သည်။
ဧရာမအရိပ်ကြီးများ ပင်လယ်ရေမျက်နှာပြင်အောက်မှ ထိုးထွက်လာသဖြင့် ပင်လယ်ရေပြင်မှာ သောင်းကျန်းနေတော့သည်။ မရေမတွက်နိုင်သော ပင်လယ်သားရဲများက မန်ဟို့ကို စိမ်းစိမ်းဝါးဝါး ကြည့်နေကြသည့်အလားပင်။
မျက်စိတစ်မှိတ်အတွင်း ပင်လယ်သားရဲပေါင်းတစ်ထောင်ကျော်က တစ်ပြိုင်တည်း တိုက်ခိုက်လိုက်သဖြင့် လက်တံများက သူ့အပေါ် ထိုးဆင်းလာကြသည်။
"ထွက်သွားစမ်း" သူက ၎င်းတို့က အာရုံပင်မစိုက်သလို နည်းနည်းလေးမှ အရှိန်မလျော့ဘဲ ပြောလိုက်သည်။ သူ၏ စကားလုံးများက မိုးခြိမ်းသံကြီးသဖွယ် သက်ရှိသတ္တဝါတိုင်းကို တုန်လှုပ်သွားစေ၏။ သူသည် အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်တွင် ဖြစ်သဖြင့် သူ၏ စကားလေးတစ်ခွန်းက လေမုန်တိုင်းကြီးတစ်လုံး ဖြစ်လာ၏။ လေမုန်တိုင်းကြီးက ထိတွေ့သမျှ အရာအားလုံးကို တစစီစုတ်ဖြဲပြီး ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် ဖြာထွက်သွားသည်။
အဝေးမှကြည့်လျှင် ပင်လယ်ရေများမှာ ချိုင့်ခွက်ကြီးကဲ့သို့ ချိုင့်၀င်သွားကြောင်း မြင်ရနိုင်သည်။
ပင်လယ်သားရဲများမှာ လေမုန်တိုင်းကြီးနှင့် ရိုက်ခတ်၍ သတ်ဖြတ်ခံနေရသဖြင့် သွေးပျက်မတက် အော်သံများအား ထုတ်လွှတ်နေတော့သည်။ သွေးများက ဖွားခနဲ ဖွားခနဲ လွင့်စင်ထွက်သွားပြီး မရေမတွက်နိုင်သော လက်တံကြီးများ အစိတ်စိတ်အမွှာမွှာ ကြေမွသွားသည်။ ချက်ချင်းပင် တိုက်ခိုက်နေသော ပင်လယ်သားရဲဒါဇင်ကျော်၏ သွေးများက ပင်လယ်ရေကို နီစွေးသွားစေ၏။
မန်ဟိုက အရှိန်ကို နည်းနည်းလေးမှ မလျှော့ဘဲ ဆက်သွားနေသည်။
သို့သော် န၀မပင်လယ်တွင် ပင်လယ်သားရဲမည်မျှရှိကြောင်း ရေတွက်၍ပင်မရပေ။ ၎င်းတို့အတွက် မန်ဟို၏အရှိန်အဝါမှာ ၎င်းတို့၏ အတွင်းထဲတွင် တည်ရှိသော အမုန်းတရားနှင့် အမျက်ဒေါသကို လှုံ့ဆော်ပေးလိုက်သည့်အရာဖြစ်သည်။ ပို၍ပင်များပြားသော ပင်လယ်သားရဲများ သူ့နောက်မှ အရူးအမူးလိုက်လာကြသဖြင့် ပင်လယ်ရေတစ်ပြင်လုံး ဖွေးဖွေးလှုပ်သွားရန် တခဏသာ ကြာလိုက်သည်။
၎င်းတို့အနက် သုံးကောင်က အင်မော်တယ်နယ်ပယ်အထွတ်အထိပ်အဆင့်နှင့် နှိုင်းယှဉ်နိုင်၏။ ၎င်းတို့က ဧရာမကြီးမားပြီး စွမ်းအားတို့ဖြင့် လှုပ်ရှားသက်ဝင်နေသည်။
"သေချင်နေလား" မန်ဟိုက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီး၀င်းဝင်းတောက်လျက် ပြောလိုက်သည်။ သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ တောင်ထောင်ပေါင်းများစွာ အပေါ်မှ ကျလာစေသည်။
ဤတောင်များသည် သူ၏ တောင်ဝါးမြိုမန္တန်၏ အသွင်သဏ္ဍာန်ဖြစ်သည်။ သူသည် သူ၏ အင်မော်တယ်ဧကရာဇ်ကျင့်ကြံခြင်းအခြေခံဖြင့် ဧရာမတောင်ကြီးများအား တစ်ထောင်နှင့်တစ်တောင် ချိတ်ဆက်ကာ မည်သည့်ပင်လယ်သားရဲမဆိုထက် အဆများစွာ အင်အားကြီးမားသည့် တောင်တန်းကြီးတစ်တန်းအသွင် ပေါင်းစည်းပစ်လိုက်သည်။
"အဲ့ကောင်တွေကို စိစိညက်ညက် ချေပစ်လိုက်" မန်ဟို၏ မျက်လုံးများ သတ်ဖြတ်လိုစိတ်တို့ဖြင့် မီး၀င်း၀င်းတောက်နေစဉ် တောင်ထောင်ပေါင်းများစွာက ပင်လယ်ရေပြင်ထက်သို့ ၀ုန်းခနဲ ကျသွားတော့သည်။ ပင်လယ်သားရဲများ၏ အရိုးများ စိစိညက်ညက်ကြေကုန်ပြီး သွေးများက အရပ်လေးမျက်နှာသို့ လွင့်စင်ပြန့်ကျဲကုန်ပြီး မချိတင်ကဲ အော်သံများအား ကြားရနိုင်၏။
မန်ဟိုက လမ်းတွင် ရှိရှိသမျှ အရာအားလုံးကို စိစိညက်ညက် ချေပစ်ရင်း အမြန်ဆုံးသွားနေသည်။ သတ်ဖြတ်မှုများက ကြောက်စရာကောင်းသည့်တိုင် မည်သည့်အရာမှ သူ့နှလုံးသားထဲရှိ အမျက်ဒေါသကို မဖြေဖျောက်နိုင်ပေ။ ထိုအစား သူ၏ စိုးရိမ်သောကတို့မှာ ပို၍ကြီးထွားလာ၏။
န၀မပင်လယ်တွင် ပင်လယ်သားရဲများက အင်မတန်မှ များပြားလွန်းလေသည်။ ဆယ်ကောင်သတ်လျှင် အကောင်တစ်ရာ ရောက်လာသည်။ အကောင်တစ်ရာသတ်လျှင် အကောင်တစ်ထောင် ရောက်လာသည်။ အကောင်တစ်ထောင်သတ်လျှင် အကောင်တစ်သိန်း ရောက်လာလိမ့်မည်။
၎င်းတို့ကား အဆုံးမရှိသည့်အလားပင်။ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးများက အင်အားကြီးမားသော ဟိန်းဟောက်သံကြီးများနှင့်အတူ ပဲ့တင်ထပ်နေသည်။ ဧရာမကမာခွံကြီးတစ်ခွံက ပင်လယ်ရေမြင်းအုပ်ကြီးဖြင့် ပင်လယ်ကြမ်းပြင်မှ ထိုးထွက်လာသည်။ ၎င်းတို့အားလုံးက မန်ဟို၏ တောင်ထောင်ပေါင်းများစွာကို ၀င်တိုက်ပစ်လိုက်၏။
ဝုန်းခနဲ အသံကြီး ဟိန်းထွက်သွားစဉ် ကမာခွံကြီးမှာ အက်ကွဲသွားသော်လည်း ကြေမွမသွားပေ။ ၎င်းက တောင်များကို တိုက်ခိုက်နေပြီး ထိုအတောအတွင်း ကျန်ပင်လယ်သားရဲများက မန်ဟိုကို တိုက်ခိုက်ရန် ဖြတ်သန်းလာကြသည်။
မန်ဟိုမှာ အလွန်ဒေါသထွက်လွန်းသဖြင့် တဟားဟားရယ်ပြီးနောက် အေးစက်စက် ပြောလိုက်၏။ "ငါ မိစ္ဆာနှလုံးသားတွေ မစုရတာ တော်တော်တောင် ကြာခဲ့ပြီ"
သူက မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ကာ တောင်ထောင်ပေါင်းများစွာကို ပျောက်ကွယ်သွားစေသည်။ ၎င်းတို့နေရာတွင် ပေါ်လာသည်ကတော့ .... အံ့ဩဖွယ်ကောင်းစွာနှင့် မဖော်ပြနိုင်လောက်အောင် ကြီးမားသည့် သွေးမိစ္ဆာခေါင်းကြီးတစ်ခေါင်းဖြစ်သည်။
၎င်းသည် ကြက်သွေးရောင်အရေပြား၊ နီရဲရဲမျက်လုံးများနှင့် ကြောက်ခမန်းလိလိ ချိုကြီးတစ်ချိုကို ပိုင်ဆိုင်ထား၏။ ၎င်းက မီတာသုံးသောင်းတိတိ မြင့်မားပြီး ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်လေသည်။ ယခုတွင် မန်ဟိုကား အင်မော်တယ်ဧကရာဇ်ဖြစ်သည့်အတွက် သူ့နတ်ဘုရားစွမ်းရည်များလည်း မိုးမြေတုန်ဟည်းစေနိုင်သော ပြောင်းလဲမှုများကို ကြုံတွေခဲ့ရ၏။
သွေးမိစ္ဆာခေါင်းကြီး ပေါ်လာခဲ့သော အခိုက်အတန့်တွင် ၎င်းက မျက်လုံးများ နီရဲတောက်နေလျက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် ခေါင်းကြီးက နှစ်ခြမ်းကွဲသွားသည်။ ထို့နောက် လေးခြမ်း၊ ထို့နောက် ရှစ်ခြမ်း၊ ဆယ့်ခြောက်ခြမ်း၊ မျက်စိတစ်မှိတ်အတွင်း .. သွေးမိစ္ဆာခေါင်းတစ်ထောင်ကျော် ပေါ်လာခဲ့လေပြီ။ တစ်ခေါင်းချင်းစီက ရက်စက်ခက်ထန်သော အသွင်ကို ဆောင်နေသည်။ မန်ဟိုက အင်္ကျီလက်စကို ခါလိုက်ရာ သွေးမိစ္ဆာခေါင်းတစ်ထောင်က ပတ်ဝန်းကျင်ရှိ ပင်လယ်မိစ္ဆာများထံ ပြေးဝင်သွားတော့သည်။
ပင်လယ်မိစ္ဆာများ၏ပါးစပ်မှ မချိတင်ကဲ အော်သံများ ထွက်လာသည်။ သွေးမိစ္ဆာခေါင်းကြီး ပင်လယ်မိစ္ဆာတစ်ကောင်ကို ထိလျှင် ၎င်းသည် ချက်ချင်းလက်ငင်း ပိန်ချုံးခြောက်သွားပြီး ခန္ဓာရောဝိညာဉ်ပါ အသတ်ခံရမည်ဖြစ်၏။
အသက်ရှူချိန်တခဏလေးအတွင်း အကြိတ်အနယ် သတ်ပွဲကြီး ဖြစ်ပွားနေလေပြီ။ ပင်လယ်သားရဲထောင်ပေါင်းများစွာ သေကုန်သည်။
မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာနှလုံးများ ပျံထွက်လာသည့်အခါ မန်ဟိုက အင်္ကျီလက်စအဝှေ့နှင့်အတူ သိမ်းဆည်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ရွေ့လျားနေခြင်းကို မရပ်ဘဲ သွေးမိစ္ဆာခေါင်းများဖြင့် ဝန်းရံလျက် တဟုန်ထိုး ဆက်သွားနေ၏။
သူ ခံစားနေရသည်အပေါ် အခြေခံ၍ သူကား ချူယွီယန်နှင့် အတော်လေး နီးကပ်နေလေပြီ။
“ရှေ့နားလေးတင်မှာပဲ” သူက တဂျိန်းဂျိန်း ထစ်ချုန်းသံများ၏အလယ်တွင် ဆက်သွားနေသည်။ ရုတ်တရက်ဆိုသလို အရှေ့ရှိ ပင်လယ်ရေထဲမှ ဧရာမလက်ကြီးတစ်ဖက် ထိုးထွက်လာသည်။ ၎င်းက အပြာရောင်ဖြစ်ပြီး ပင်လယ်ရေမှော်များဖြင့် ဖုံးလွှမ်းလျက်ရှိကာ ထွက်လာလာချင်းမှာတင် မန်ဟို့ထံ ပြေးဝင်လာလေပြီ။
တစ်ချိန်တည်းမှာပင် ဒေါသူပုန်ထနေသော ပင်လယ်သားရဲအမြောက်အမြား ထိုးထွက်လာသဖြင့် သူ့ပတ်ပတ်လည်ရှိ ပင်လယ်တစ်ပြင်လုံး ပွက်ပွက်ဆူသွားသည်။ ဤတစ်ကြိမ်တွင် အကောင်တစ်သောင်းကျော်ရာ ဧရာမလှိုင်းတံပိုးကြီးများပင် ရေမျက်နှာပြင်တစ်လျှောက် ရိုက်ခတ်သွားလေသည်။
မန်ဟိုသည် အဝေးရှိ ပင်လယ်ခြုံကျွန်းကို လှမ်းမြင်နေရသော်လည်း သူနှင့်ကျွန်းကြားက မုန်တိုင်းထန်နေသော ပင်လယ်ထဲတွင် နောက်ထပ်ပင်လယ်သားရဲထောင်နှင့်ချီ ဖွေးဖွေးလှုပ်နေသည်။ အမှန်တွင် အကောင်တစ်သိန်းနီးပါးပင် ရှိဟန်တူ၏။
ပင်လယ်သားရဲတစ်သိန်းက မည်သည့်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူကိုမဆို ကြောက်လန့်တုန်ရီသွားစေရန် လုံလောက်သည်။ ရှေးဟောင်းနယ်ပယ် အလယ်အလတ်အဆင့်ရှိ တစ်စုံတစ်ယောက်ပင်လျှင် အသက်ရှူမှားသွားလောက်၏။
၎င်းတို့အကြား၌ သာမန်ထက် ထူးခြားသော ပင်လယ်ဘီလူးကြီးများပင် ရှိသည်။ ၎င်းတို့၏ခေါင်းကြီးများက မန်ဟို့ကို သွေးအေးစွာ ကြည့်ရင်း ပင်လယ်ရေပြင်ထက်တွင် ပေါ်နေသည်။
မန်ဟိုသည် ပင်လယ်သားရဲတစ်သိန်းကို မြင်လျှင် သွေးအေးအေး ပြုံးလိုက်၏။ ၎င်းက အညှာအတာမရှိ သတ်ဖြတ်လိုစိတ်တို့ ပြင်းပြနေသော အပြုံးတစ်ခုပင်။
“ဒီနေ့ ဒီနေရာမှာ ဒီပင်လယ်သားရဲတစ်သိန်းလုံး သေရင် ငါ့ဒေါသနည်းနည်းတော့ ဖြေလို့ရမယ်” ထို့နောက် သူက ညာလက်ကို ဆန့်ထိုက်ရာ အထဲတွင် အံ့ဩဖွယ်ကောင်းစွာနှင့် ... မီးလုံးတစ်လုံး ပေါ်လာသည်။
နတ်မီးတောက်အဆီအနှစ်
နတ်မီးတောက်အဆီအနှစ်က မန်ဟို့အင်မော်တယ်အကြောတစ်ကြောနှင့် ပေါင်းစည်းသွားခဲ့ကာ သူ့အတွက် တိုက်ပွဲတွင် သုံးနိုင်သော ဝှက်ဖဲတစ်ချပ် ဖြစ်လာခဲ့သည်။ ၎င်းက ပေါ်လာလျှင်ချင်း ပြင်းထန်သောအပူလှိုင်းကို ဖြန့်ကျက်လိုက်သဖြင့် မန်ဟို့ထံ လက်လှမ်းနေသော ပင်လယ်ဘီလူးကြီး ရုတ်တရက် တုန်ယင်သွားသည်။ ပတ်ဝန်းကျင်ရှိ ကျန်ပင်လယ်သားရဲများလည်း တုန်လှုပ်နေကြပြီး သေစေနိုင်သောအန္တရာယ်အငွေ့အသက်များက ၎င်းတို့ကို စိုးမိုးလာသည်။
၎င်းတို့သည် သိပ်အသိဉာဏ်မရှိသော်လည်း သေရမည်ကိုတော့ ကြောက်ကြ၏။ ၎င်းတို့ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟိုက နတ်မီးတောက်အဆီအနှစ်ကို နဝမပင်လယ်ထံသို့ ရက်ရက်စက်စက် ပစ်ပေါက်လိုက်တော့သည်။
နတ်မီးတောက်အဆီအနှစ်သည် မီးအလင်းတန်းတစ်တန်းအသွင်ဖြင့် ပင်လယ်ရေကို ရိုက်ခတ်သွား၏။ ပင်လယ်သားရဲများမှာ စူးစူးဝါးဝါးအော်ရင်း ထွက်ပြေးကြသော်လည်း ကံဆိုးစွာနှင့် နောက်ကျသွားခဲ့လေပြီ။
နတ်မီးတောက်အဆီအနှစ်က ပင်လယ်ရေထဲ နစ်ဝင်သွားပြီး ချက်ချင်းပင် အပူလှိုင်းများ တလိပ်လိပ် ထလာသည်။ ပြင်းထန်သောအပူဓာတ်က ပင်လယ်ရေကို ဆူပွက်လာစေသဖြင့် ရေမျက်နှာပြင်ထက်မှ အခိုးအငွေ့များ ထလာတော့သည်။
မျက်စိတစ်မှိတ်အတွင်း ရေအပူချိန်သည် မယုံကြည်နိုင်ဖွယ်အမြင့်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ၎င်းက သာမန်ရေမဟုတ်တော့၊ သာမန်အပူချိန်မဟုတ်တော့။ အင်မတန် ပူလွန်းသဖြင့် အစွမ်းထက်သောဖြစ်တည်မှုများ၏ အသက်မီးတောက်ကိုပင် ငြှိမ်းပစ်နိုင်သည်။ ပင်လယ်၏ ဤအပိုင်းမှာ အငွေ့ပျံလာသည့်တိုင်အောင် ပူလာချေပြီ။
အနီးဆုံးရှိ ပင်လယ်သားရဲများမှာ အရှင်လတ်လတ် အပြုတ်ခံနေရသည့်အတွက် ခန္ဓာကိုယ်များ တစစီ ပဲ့ကျလာနေသဖြင့် မချိမဆန့် အော်နေရတော့သည်။ ၎င်းတို့တွင် မည်မျှမာကြောသောအရေပြားများ ရှိပါစေ၊ လျင်မြန်စွာ နီရဲလာကြသည်။
ဧရာမကမာခွံကြီးလည်း ဘာမှမတတ်နိုင်၍ စူးစူးဝါးဝါးအော်ရင်း သေဆုံးသွားသည်။
အပူ၏ပြင်းအားက ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများကို ပွက်ပွက်ဆူလာစေသည်။ သွေးပျက်မတတ် အော်သံများလည်း ဆူညံလာသည်။ ပင်လယ်ဘီလူးကြီးမှာ အကြောက်အကန် အော်နေပြီး ပင်လယ်သားရဲများ ရုန်းကန်နေကြသည်။ သို့သော် အကုန်လုံး သဲထဲ ရေသွန်သာ။ တစ်နေရာလုံး ... ဧရာမရေနွေးအိုးကြီးဖြစ်သွားရန် တခဏသာ ကြာလိုက်လေသည်။
နဝမပင်လယ်သည် ရေ၊ နတ်မီးတောက်အဆီအနှစ်က မီး။ ပင်လယ်ကား ပင်လယ်စာတချို့ကို ပြုတ်ရန် အသုံးချနေရသည်။
***