မိစ္ဆာကျင့်ကြံသူရှစ်ဦးကို အမြစ်ဖြုတ်သုတ်သင်ခြင်း
Vol. 77 Ch. 1064
မိစ္ဆာကျင့်ကြံသူ ရှစ်ယောက်မှာ အမျက်တချောင်းချောင်းထွက်နေပြီး ရင်တဒိန်းဒိန်း ခုန်နေကြသည်။
"မဟုတ်မှ ဒီကောင် အရင်က သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတာများလား။ သေစမ်း"
"ဒီမန်ဟိုက တကယ်ဉာဏ်များလွန်းတယ်။ သူ့မှာ ဒီလိုကျင့်ကြံခြင်းအခြေခံရှိပေမယ့် ရွှေဂိတ်ကျောက်တိုင်မှာတုန်းက မဖော်ပြခဲ့ဘူး။ ငါတို့ကို တမင် ညာထားခဲ့တာ"
"အရှက်မရှိဘူး။ ရွံစရာအကောင်"
မန်ဟိုမှာ ယခုထက်ထိ မတိုက်ခိုက်ရသေးသော်လည်း သူတို့သည် သူကား န၀မပင်လယ်၏ဖိအားကို လွှမ်းမိုးနိုင်လောက်သည်အထိ အစွမ်းထက်ကြောင်း မြင်သွားလေပြီ။ သူတို့ကို ခေါင်းနပန်းကြီးစေဆုံးအရာမှာတော့ န၀မပင်လယ်၏ဖိအားကို စုစည်းပေးနေသော မန္တန်၀င်္ကပါသာမရှိလျှင် မန်ဟို့အတွက် သူတို့ကို တိုက်ခိုက်ရန် ပို၍ပင် လွယ်ကူသွားမည့်အချက်ပင်။
"သူ့ကျင့်ကြံခြင်းအခြေခံက ဘယ်အဆင့်တုန်း။ အင်မော်တယ်နယ်ပယ်အဆင့် လူတစ်ယောက်က ဒီလောက်ထိ အစွမ်းမထက်နိုင်ပါဘူး"
မိစ္ဆာကျင့်ကြံသူရှစ်ယောက် တုန်လှုပ်နေစဉ် မန်ဟိုက ငါးလှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။ ကောင်းကင်ထက်တွင် မည်သည့်မိုးသားတိမ်စိုင်မှ မမြင်ရသည့်တိုင် ပါရာဂွန်တံတားက န၀မပင်လယ်၏ဖိအားကို ထိုးနှက်၀င်တိုက်နေသဖြင့် ခပ်အုပ်အုပ် မိုးခြိမ်းသံများက မြည်ဟည်းနေသည်။
အား၏ တန်ပြန်ရိုက်ခတ်မှုကို မန်ဟိုက ခံရသည်။ သို့သော် သူသည် အင်မော်တယ်ဧကရာဇ်အဆင့်တွင် တည်မြဲနေပြီဖြစ်၍ အပြင်အားကိုယ်အရသော်လည်းကောင်း၊ ကျင့်ကြံခြင်းအခြေခံအရသော်လည်းကောင်း ၎င်းကို တောင့်ခံနိုင်၏။ ထို့အပြင် သူ့တွင် သူ့ကို အဆက်မပြတ် ကုစားပေးနေသော ထာ၀ရအလွှာလည်း ရှိသေးလေသည်။
သို့သော် မိစ္ဆာကျင့်ကြံသူရှစ်ယောက်မှာ တောင့်မခံနိုင်ပေ။ သူတို့သည် မိစ္ဆာကျင့်ကြံသူအုပ်မှ ရွေးချယ်ခံများ၊ အစွမ်းထက်သော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများဖြစ်သော်လည်း မန်ဟို၏ ခြေဖျားကိုပင် မမှီနိုင်ပေ။
ထို့ကြောင့် မန်ဟို ငါးလှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အချိန် မိစ္ဆာကျင့်ကြံသူရှစ်ဦးမှာ သွေးများအန်၍ ပို၍ပင် ထိခိုက်သွားကြသည်။
မန်ဟို၏ ခြေလှမ်းများက အလွန်မြန်လွန်းပြီး တစ်လှမ်းစီက မိစ္ဆာကျင့်ကြံသူရှစ်ဦးကို ငါးကြိမ်ဆက်တိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေခဲ့သည်။
သူတို့အနက်မှ သုံးယောက်မှာ တောင့်မခံနိုင်တော့သဖြင့် စူးစူး၀ါး၀ါး အော်ဟစ်ရင်း သူတို့၏ခန္ဓာကိုယ်များမှာ ခြောက်ကပ်ပြီး ပြိုကွဲစပြုလာသည်။
ယခင်တုန်းက မန်ဟိုသည် ပါရာဂွန်တံတား၏ စွမ်းအားအနည်းငယ်မျှကိုသာ သုံးနိုင်ခဲ့၏။ ယခုတွင် သူက ထို့ထက်ပိုများသော စွမ်းအားကို ထုတ်ဖော်နိုင်သွားလေပြီ။ သူသည် အင်မော်တယ်နယ်ပယ်ဧကရာဇ်အဆင့်သို့ ၀င်ရောက်ခဲ့ပြီဖြစ်သည့်အတွက် သူ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းက ပါရာဂွန်တံတားအား ၎င်း၏ အထွတ်အမြတ်စွမ်းအားများကို ပိုပို၍ ဖော်ပြလာစေသည်။
မိစ္ဆာကျင့်ကြံသူရှစ်ယောက် အံ့ဩတုန်လှုပ်နေကြစဉ် မန်ဟိုက ခေါင်းနောက်လှန်၍ ခြောက်လှမ်းမြောက်ကို လှမ်းလိုက်သည်။ ထို့နောက် ခုနစ်လှမ်းမြောက်...
နှစ်လှမ်းဆက်တိုက် လှမ်းလိုက်ခြင်းက ဂျိန်းခနဲ မြည်ဟည်းသွားစေသည်။ ဤစွမ်းအားကို ထုတ်လွှတ်ဖို့ ပေးဆပ်လိုက်ရသည့် အဖိုးအခအနေဖြင့် သွေးများက မန်ဟို့နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ တစ်ချိန်တည်းမှာပင် ကျွန်းသည် ပြိုကွဲစပြုလာပြီး မြေကြီးများ အက်ကွဲရင်း ပင်လယ်ထဲသို့ ပြုတ်ကျကုန်သဖြင့် ပင်လယ်ကြီးအား ဒေါသတကြီး သောင်းကျန်းနေသည့်အလား တဖွေးဖွေး လှုပ်နေစေတော့သည်။
န၀မပင်လယ်၏ဖိအားမှာ တွန့်လိမ်ပုံပျက်နေသည်။ မန်ဟိုမှ ထုတ်လွှတ်နေသော မယုံကြည်နိုင်ဖွယ်ဖိအားက န၀မပင်လယ်၏ ဖိအားကို ချေမွပစ်တော့မည့်အလားပင်။
မိစ္ဆာကျင့်ကြံသူများအတွက် ဤသည်မှာ ကပ်ဘေးကြီးဖြစ်သည်။
သူတို့အုပ်စုထဲရှိ သုံးယောက်မှာ နောက်ဆုံံးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်၍ သွေးပျက်မတတ် အော်လိုက်ကြသည်။
"မဖြစ်ဘူး" န၀မပင်လယ်နှင့် ပါရာဂွန်တံတား၏ ၀င်တိုက်မှုမှ ထုတ်လွှတ်လိုက်သော ဖိအားကြီးသည် သူတို့၏ ခန္ဓာကိုယ်များကို ပေါက်ကွဲသွားစေ၏။ သူတို့ကား ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သုတ်သက်ခံလိုက်ရလေပြီ။
မိစ္ဆာကျင့်ကြံသူရှစ်ဦးအနက် သုံးယောက်မှာ သေသွားပြီဖြစ်သည်။ ကျန်ရှိသော ငါးယောက်အနက် နောက်ထပ်သုံးယောက်မှာ သွေးအန်ပြီး ပြင်းပြင်းထန်ထန် တုန်ရီလာတော့၏။ ကြည့်ရသရွေ့ သူတို့မှာ ထပ်တောင့်မခံနိုင်တော့သည့်အလားပင်။ ကြောက်လန့်တုန်လှုပ်နေသော အမူအရာများက သူတို့၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားသည်။ ရုတ်တရက် သူတို့မှာ နောင်တရသွားတော့သည်။ သူတို့သည် မန်ဟိုကို ရန်စမိသည့်အတွက် နောင်တနေကြပြီး သူ ဤမျှ အစွမ်းထက်လိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးကြပေ။
သူတို့မှာ အလွန်ကြောက်လန့်နေသဖြင့် နောက်ဆုတ်ပြီး အသက်လုပြေးရန် ပြင်လိုက်သည်။
"သူက အင်မော်တယ်နယ်ပယ်မှာ မဟုတ်ဘူး။ အင်မော်တယ်နယ်ပယ်အဆင့်က ဒီလောက်ထိ အစွမ်းမထက်နိုင်ဘူး။ ရှေးဟောင်းနယ်ပယ်မှာပဲ ဖြစ်ရမယ်။ သေချာပေါက် ရှေးဟောင်းနယ်ပယ်ပဲ။ အနည်းဆုံး ဝိညာဉ်မီးအိမ်ငါးလုံးလောက် ငြှိမ်းထားလိမ့်မယ်။ အဲ့ထက်တောင်ပိုနိုင်သေးတယ်" မိစ္ဆာကျင့်ကြံသူအားလုံး ပျာယာခတ်နေတော့သည်။
"ဦးလေး ကယ်ပါဦး" သူတို့၏အသံများက ကျွန်းတစ်လျှောက် ပဲ့တင်ထပ်သွား၏။
လောလောဆယ်တွင် ကျွန်း၏အလယ်၌ သက်လတ်ပိုင်းလူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ခေါင်းမှ ချိုတစ်ချို ထိုးထွက်နေသည်မှအပ ကျင့်ကြံသူတစ်ယောက်နှင့် ချွတ်စွပ်တူ၏။
ချိုသည် သူ့အရေပြားအရောင်နည်းတူ ဆွတ်ဆွတ်ဖြူနေသည်။
သူက ဖြစ်ပျက်နေသောတိုက်ပွဲနှင့် န၀မပင်လယ်၏ ဖိအားကို ချေဖျက်ရင်း ပါရာဂွန်တံတားအပေါ်တွင် လျှောက်လှမ်းနေသော မန်ဟို့ကို လှမ်းကြည့်နေသည်။ သူ စောင့်ကြည့်နေစဉ် မိစ္ဆာကျင့်ကြံသူရှစ်ယောက်မှာ ဒဏ်ရာရလျှင်ရ မဟုတ်လျှင် သေကုန်ကြ၏။
မြင်နေရသောအရာက သူ့အား မောဟိုက်ပင်ပန်းစွာ အသက်ရှု၍ ပါးစပ်အဟောင်းသားဖြစ်နေစေသည်။
"သေစမ်း ငါတို့ သူ့ကျင့်ကြံခြင်းအခြေခံကို အတွက်မှားခဲ့ပြီ။ သူက တကယ်ကြီး န၀မပင်လယ်ရဲ့ ဖိအားကို လွှမ်းမိုးနိုင်တာပဲ။ ဒီလိုဆိုမှတော့ ငါ ၀င်ပါလဲ ဘာမှမထူးတော့ဘူး
"ငါ့အနေနဲ့ သူ့စွမ်းအား မပျောက်ကွယ်မချင်း စောင့်နေရမယ်။ သူ့နောက်ဆုံးခြေလှမ်းက န၀မပင်လယ်ရဲ့ဖိအားကို ချေမှုန်းပစ်နိုင်ရင်တော့ ထွက်ပြေးမယ်။ အဲ့အချိန်ကျရင် ငါ သူ့ကို ဘယ်လိုမှ တိုက်ခိုက်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် သူ နောက်ဆုံးခြေလှမ်း လှမ်းပြီးတဲ့နောက်မှာတောင် ဖိအားက ရှိနေသေးတယ်ဆိုရင် သူ ထပ်တောင့်ခံနိုင်မှာမဟုတ်တော့ဘူး။ သူ့စွမ်းအား ကုန်သွားတာနဲ့ တိုက်ခိုက်ဖို့ အချိန်ကောင်း ဖြစ်လာလိမ့်မယ်"
သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူက ကူပါကယ်ပါ တစာစာ အော်နေသံများကို လျစ်လျူရှု၍ မန်ဟို့ကို စိုးရိမ်တကြီး ကြည့်နေလေသည်။
မည်သည့်စီနီယာအဖွဲ့၀င်မှ ပေါ်မလာသည်ကို မြင်သောအခါ မိစ္ဆာကျင့်ကြံသူများမှာ ကူကယ်ရာမဲ့ လာတော့သည်။
သူတို့အထဲရှိ အစွမ်းထက်ဆုံးဖြစ်သော အမျိုးသမီးကျင့်ကြံသူနှင့် နောက်ထပ်အစွမ်းထက်ဆုံးဖြစ်သော ခုနစ်ယောက်မြောက်ပင်လယ်နယ်မိစ္ဆာပင်လျှင် တောင်ခံ့နိုင်သည်ဆိုရုံလေး တောင့်ခံနေရ၏။ သူတို့ ကြည့်နေစဉ် မန်ဟိုသည် ပါရာဂွန်တံတားထက်တွင် လျှောက်လှမ်းရင်း စွမ်းအားတို့ ကြောက်စရာကောင်းလောက်အောင် ထိုးတက်လာနေ၏။ န၀မပင်လယ်၏ ဖိအားမှာ တဖြည်းဖြည်း လျော့ကျလာပြီး သူတို့ပတ်ပတ်လည်ရှိ ကျွန်းကြီးမှာ ပြိုကျလာတော့သည်။ အမျိုးသမီးမိစ္ဆာကျင့်ကြံသူက အံတင်းတင်းကြိတ်ပြီး အော်လိုက်သည်။ သူမ၏ မီးငြိမ်းဝိညာဉ်လေးလုံးက ရုတ်တရက် တဝီးဝီး လည်သွားပြီး သူမသည် မန်ဟို့ထံ တဟုန်ထိုး ပြေးဝင်သွားတော့၏။
မန်ဟိုသည် မိစ္ဆာကျင့်ကြံသူများ၏ အော်သံများကို ကြားနေရ၏။ သူက နှုတ်ခမ်းနားရှိ သွေးများကို လျှာဖြင့် သပ်ရင်း အေးတိအေးစက် ပြောလိုက်သည်။ "မင်းတို့ကောင်တွေ အင်မော်တယ်ဆိုတာ ဘာလဲ နားမလည်ပါဘူး"
သူက အမျိုးသမီးမိစ္ဆာကျင့်ကြံသူအပါအ၀င် သူ၏ ရန်သူများကို လျစ်လျူရှုရင်း နောက်တစ်လှမ်း လှမ်းလိုက်သည်။
ခြေလှမ်းရှစ်လှမ်း
ပါရာဂွန်တံတားမှာ တသိမ့်သိမ့် တုန်ခါသွား၏။ တဖြည်းဖြည်း ၎င်းသည် ပို၍ အစစ်အမှန်ဖြစ်လာပြီး ရှေးအကျဆုံးသော အငွေ့အသက်များကိုလည်း ထုတ်လွှတ်လာသည်။ န၀မပင်လယ်ရေများမှာ တဖွေးဖွေး လှုပ်လာပြီး ကျွန်းမှာ ပို၍ပြိုကျလာသည်။
စောစောက နောက်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့သော မိစ္ဆာကျင့်ကြံသူသုံးဦးမှာ မန်ဟို ရှစ်လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်စဉ် စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ ထို့နောက် ဖိအားက သူတို့ကို တစ်စစီ ဆုတ်ဖြဲလိုက်ပြီး သူတို့မှာ ခန္ဓာကိုယ်ရော ဝိညာဉ်ပါ သုတ်သင်ခံလိုက်ရတော့သည်။
မည်သည့်အရာမှာ မကျန်ရှိခဲ့ပေ။
တစ်ချိန်တည်းမှာပင် မိစ္ဆာကျင့်ကြံသူအမျိုးသမီးသည် သွေးတစ်ပွက် အန်လိုက်ရပြီး သူမခန္ဓာကိုယ်လည်း ပိန်ချုံးခြောက်ကပ်စပြုလာ၏။ သူမမှာ ရှေ့ဆက်မသွားနိုင်တော့ပေ။ ခုနစ်ယောက်မြောက်ပင်လယ်နယ်မိစ္ဆာက ခါးခါးသီးသီး ရယ်ပြီး မျက်လုံးများက ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် တောက်ပလာသည်။ ထို့နောက် သူက လက်ဝါးဖြင့် သူ့ရင်ဘတ်သူ ဖိကာ တစ်ကိုယ်လုံးဖောက်ခွဲပစ်လိုက်သည်။ အသားစများ၊ သွေးများ ပြန့်ကြဲသွားသော်လည်း ၎င်းတို့က မိစ္ဆာကျင့်ကြံသူအမျိုးသမီးထံ ပြေးဝင်သွားသော အသက်စွမ်းအားအသွင် ပြောင်းသွား၏။
“ပြေး” ယင်းက သူ မသေခင် နောက်ဆုံးပြောသွားခဲ့သော အရာပင်။
စောစောက မိစ္ဆာကျင့်ကြံသူရှစ်ဦးအနက် ခုနစ်ဦးမှာ အသက်ထွက်သွားခဲ့လေပြီ။ တစ်ယောက်တည်း ကျန်ခဲ့သော အမျိုးသမီးမှာ သူမမိတ်ဆွေ၏ အသက်စွမ်းအားကို လက်ခံရင်း ကြောက်လန့်တုန်ယင်နေသည်။ အသက်စွမ်းအား သူမထံ စီးဝင်လာသည့်အခါ သူမ၏ ပဉ္စမဝိညာဉ်မီးအိမ်က ရုတ်တရက် မီးငြိမ်းသွားပြီး သူမကျင့်ကြံခြင်းအခြေခံမှာ မြင့်တက်လာတော့သည်။
သို့သော် ဤအခိုက်အတန့်တွင် ကျင့်ကြံအဆင့်တက်ခြင်းမှာ ... အားနည်းလွန်းပြီး ၊ နောက်ကျလွန်းခဲ့ပြီဖြစ်သည်။
သူမက ထွက်ပြေးရန် အသက်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို သုံးရင်း အံကြိတ်၍ နောက်ဆုတ်လိုက်သည်။
သို့သော် မန်ဟို့အသတ်အဖြတ်စိတ်ဆန္ဒသည် သူ ကိုးပင်လယ်နတ်လောကမှ ထွက်လာခဲ့ကတည်းက ဆူပွက်နေခဲ့ခြင်းဖြစ်၏။ သူ့အနေဖြင့် ရန်သူတစ်ယောက်ကို မည်ကဲ့သို့ အလွှတ်ပေးလိမ့်မည်နည်း။
မိစ္ဆာကျင့်ကြံသူအမျိုးသမီး လှည့်ပြေးလိုက်သည့်အခိုက်အတန့်တွင် သူက နောက်ဆုံးခြေလှမ်း၊ ကိုးလှမ်းမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။ သူ့ခြေထောက် ကျသွားသည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့မှာ သွေးတစ်လုပ်အန်လိုက်ရသည်။ တစ်ဆက်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်ကပ်လာ၏။
သို့သော် နောက်ဆုံးခြေလှမ်းမှ ထုတ်လွှတ်လိုက်သော ကြောက်ခမန်းလိလိစွမ်းအားက ပင်လယ်ထဲသို့ သုံးဆယ်ရာခိုင်နှုန်းကျော် ပြိုကျခဲ့ပြီးဖြစ်သော ကျွန်းအပေါ်တွင် ဧရာမငလျင်ကြီး လှုပ်ခတ်သွားစေသည်။ မြေကြီးတစ်ပိုင်းပြီးတစ်ပိုင်း ရေထဲ တဗွမ်းဗွမ်း ပြုတ်ကျရင်း ရေအောက်ထဲ နစ်ဝင်သွားသည်။ တိုက်ကွက်ကြီးတစ်ကွက်က ပင်လယ်မျက်နှာပြင်ထက်တွင် ဧရာမချိုင့်ခွက်ကြီးတစ်ခွက် ပေါ်လာစေခဲ့သည့်အလား ပင်လယ်ရေများမှာ တွန်းထုတ်ခံလိုက်ရသည်။
အစွမ်းထက်သော မိစ္ဆာကျင့်ကြံသူအမျိုးသမီးမှာ မီတာသုံးရာကွာသော နေရာမှ အကြောက်အကန်မအော်မိဘဲ မနေတော့ပေ။ ထို့နောက် သူမ၏ခန္ဓာကိုယ်သည် အရိုးအစအနများ၊ သွေးသံရဲရဲအသားတုံးများအဖြစ် ပေါက်ကွဲသွားတော့၏။
မန်ဟိုမှာ လဲတော့မည့်လား ယိမ်းယိုင်သွားသည်။ ပါရာဂွန်တံတားက ပုံရိပ်ယောင်ပြန်ဖြစ်သွားပြီး နဝမပင်လယ်၏ဖိအားက သူ့ကို ပြင်းပြင်းထန်ထန် ဖိနှိပ်ရင်း တည်ရှိနေသေးသည်။ ၎င်းက မန်ဟို့ကို မြေမြုပ်ပစ်ချင်နေပုံပင်။ မန်ဟို့ခန္ဓာကိုယ်မှ အရိုးကျိုးသံများ ထွက်လာနေပြီး သူ့မှာ အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်ရှိနေတော့သည်။
သူ လဲတော့မည့်အချိန်၊ နဝမပင်လယ်၏ဖိအား သူ့ကို လွှမ်းခြုံတော့မည့်အချိန် ကျွန်း၏အလယ်မှ တဟားဟားရယ်သံကြီး ထွက်လာသည်။ လူရိပ်တစ်ခုက လျှပ်စီးသဖွယ် မန်ဟို့အရှေ့တည့်တည့်တွင် ပေါ်လာ၏။ မီးငြိမ်းဝိညာဉ်မီးအိမ်ခြောက်လုံးဖြင့် ရှေးဟောင်းနယ်ပယ်အရှိန်အဝါက ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။
“သေပေတော့” ၎င်းက ဤအခွင့်အရေးလေးတစ်ခုအတွက် တစ်ချိန်လုံး စောင့်နေခဲ့သော သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် မန်ဟို အရိုးတခြားအသားတခြား ဖြစ်သွားမည်ကို မြင်ယောင်နေ၏။ သူက အက်ရှလွန်အမှတ်အသားကို ထုတ်ပစ်နိုင်အောင် မန်ဟို့ဝိညာဉ်ကို အပြတ်ရှင်းရန် ရည်ရွယ်မထားသော်လည်း မည်သို့ဆိုစေ အသေထိုးနှက်ချက်တစ်ချက် ဖြစ်နေသေး၏။
အက်ရှလွန်စာရင်းဝင်တစ်ယောက်ကို ကိုယ်တိုင်အသက်နုတ်နိုင်တော့မည့် အတွေးက သက်လတ်ပိုင်းလူကို အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေစေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် ခေါင်းမော့လာပြီး သူ၏မျက်လုံးများက သွေးအေးနေသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ခြောက်ကပ်မနေတော့သည့်အပြင် လှောင်နေသောအပြုံးတစ်စက သူ့နှုတ်ခမ်းတွင် ခိုတွဲနေသည်။
သူ့မှာ ဤလူ ကိုယ်ယောင်ပြမည်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ထိုလူ့အရှိန်အဝါကို ခံစားခဲ့ရသော်လည်း လူကိုယ်တိုင် မမြင်ခဲ့ရသည့်အတွက် မဖြစ်မနေ ထွက်လာရအောင် မိုးကြိုးဒယ်အိုးလည်း သုံးမရခဲ့ပေ။ ထိုလူသည် တစ်ချိန်လုံး ပုန်းနေခဲ့သောကြောင့် မန်ဟိုမှာ သူထွက်လာဖို့ သူ့ကိုယ်သူ အားနည်းသထက် အားနည်းသွားစေခဲ့သည်။ မိစ္ဆာကျင့်ကြံသူအုပ်သည် အက်ရှလွန်ထဲရှိ သူ့နေရာကို ယူလိုခြင်းဖြစ်သည်။ သူ နဝမပင်လယ်၏ဖိအားကြောင့် ခန္ဓာရော၊ ဝိညာဉ်ပါ အသတ်ခံလိုက်ရလျှင် မိစ္ဆာကျင့်ကြံသူအုပ်အနေဖြင့် အက်ရှလွန်အကြောင်း ကေင်းကောင်းနားမလည်ထား၍ ထိုသို့ဖြစ်ခွင့်ပြုမည်မဟုတ်ပေ။
သို့ဖြစ်၍ သက်လတ်ပိုင်းလူသည် သူ အားနည်းပြီး နဝမပင်လယ်ဖိအား၏ ဖျက်စီးခြင်းခံရတော့မည့်အချိန်ကို စောင့်နေခဲ့ပြီးနောက်မှ... လှုပ်ရှားခြင်းဖြစ်၏။
သက်လတ်ပိုင်းလူမှာ မန်ဟို၏ သွေးအေးသော မျက်လုံးများနှင့် လှောင်ပြုံးကို မြင်လျှင် ခေါင်းနပန်းကြီးသွားပြီး ရင်ခုန်လာတော့သည်။
“ဒီနေ့ သေရမှာ ခင်ဗျားပဲ” မန်ဟိုက ညာလက်ကို အပေါ်မြှောက်၍ အရှေ့သို့ ဝှေ့ယမ်းရင်း ပေါ်လိုက်သည်။ သူ့လက် မိစ္ဆာကျင့်ကြံသူ၏ လက်ဝါးသိုင်းနှင့် ထိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုလူ့ချီနှင့်သွေးစွမ်းအားတို့ကား မန်ဟို့ကိုယ်ထဲ စီးဝင်လာကာ သူ့မျက်နှာအား သွေးရောင်ပြန်သမ်းလာစေသည်။
သွေးမိစ္ဆာမဟာမှော်သိုင်း
မိစ္ဆာကျင့်ကြံသူမှာ ပင့်သက်ရှိုက်သွားပြီး ကြောက်လန့်တကြား နောက်ဆုတ်လိုက်သည်။ စောစောက သူသည် သူ့အသက်စွမ်းအားနှင့် ကျင့်ကြံခြင်းအခြေခံထံမှ ဆယ်ရာခိုင်နှုန်း စုပ်ယူခံခဲ့ရကြောင်း ခံစားခဲ့ရ၏။
တခဏကြာသော် သူက ဣန္ဒြေဆည်လိုက်ပြီး သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ မန်ဟို့ပါရာဂွန်တံတား မှေးမှိန်ပျောက်ကွယ်စပြုနေသည်ကို မြင်လျှင် သူက အေးတိအေးစက် ရယ်လိုက်၏။
“မင်း ဘယ်လိုအကွက်တွေ လျှိုထားလျှိုလား ဂရုမစိုက်ဘူး” သူက ပြောသည်။ “နဝမပင်လယ်ရဲ့ ဖိအားအောက်မှာ မင်းက ငါ့ပြိုင်ဘက်မှ မဟုတ်တာ”
“နဝမပင်လယ်ရဲ့ဖိအားလား” မန်ဟိုက ကောင်းကင်ကို မော့ကြည့်ရင်း မေးသည်။ “မိုးကောင်းကင်ဟာ ကျုပ်ကို မစိုးမိုးနိုင်ဘူး။ ပထမမြေကြီးဟာ ကျုပ်ကို မဖုံးကွယ်နိုင်ဘူး။ နဝမပင်လယ်ရဲ့ဖိအားကလည်း ကျုပ်ကို ဖိနှိပ်ဖို့ ကြိုးစားနိုင်တော့မှာ မဟုတ်ဘူး”
သူ စကားပြောနေစဉ် သူ့စွမ်းအားတို့က တဟုန်းဟုန်းတောက်လာသည်။ သူ့အောက်တွင် ပါရာဂွန်တံတားသည် ထပ်မံထင်ရှားလာ၏။ သူက အသက်ပြင်းပြင်းရှူပြီးနောက် .... ဆယ်ကြိမ်မြောက် လှမ်းလိုက်လေပြီ။
ဆယ်လှမ်းမြောက်ခြေလှမ်းက နဝမပင်လယ်ဖိအားကို ကွဲကြေသွားစေသည်။ မန္တန်ဝင်္ကပါမှာ ရစရာမရှိအောင် ပျက်စီးသွားပြီး ကျွန်းတစ်ကျွန်းလုံး ယိမ်းထိုးတုန်ခါကာ တစစီပဲ့ကျလာတော့သည်။
တစ်ချိန်တည်းမှာပင် မန်ဟို့စွမ်းအားမှာ ချုပ်ချယ်ခြင်းမခံရတော့၍ တဟုန်ထိုး မြင့်တက်သွားသည်။ ပြိုးပြိုးပြက်ပြက် အရောင်အဝါများ လင်းလက်သွားပြီး လေပြင်းများက မိုးကောင်းကင်ကို ထက်ခြမ်းခြမ်းပစ်နိုင်လောက်အောင် သောင်းကျန်းတိုက်ခတ်နေသည်။
သူကား .... လှောင်အိမ်မှ လွတ်လာသော နဂါးတစ်ကောင်အလားပင်။
***