မိုးထိုးနေသော အသတ်အဖြတ်စိတ်ဆန္ဒ
Vol. 77 Ch. 1065
ပျောက်ကွယ်သွားရသည်ကား နဝမပင်လယ်၏ဖိအား။
ပျောက်ကွယ်သွားရသည်ကား ကျွန်း၏ မန္တန်ဝင်္ကပါ။
ပျောက်ကွယ်သွားရသည်ကား မိစ္ဆာကျင့်ကြံသူရှစ်ဦး။
ဖိအား ပျောက်ကွယ်သွားပြီး မန္တန်ဝင်္ကပါသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွား၏။ ကျွန်းမှာ ပြိုကျနေပြီး မိစ္ဆာကျင့်ကြံသူများ သုတ်သင်ခံလိုက်ရသည်...
အင်မော်တယ်ဧကရာဇ်၏စိတ်ဆန္ဒက အပြည့်အဝ ဖြာထွက်ရိုက်ခတ်လာသည်။
အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ တဝေါဝေါ သောင်းကျန်းနေသည်။ မန်ဟိုက ဆံပင်များ၊ အဝတ်အစားများ လေထဲတွင် တဖျပ်ဖျပ် လွင့်လျက် အင်မော်တယ်စိတ်ဝိညာဉ်လှိုင်းများကို ဖြန့်ကျက်ရင်း ပျံဝဲနေသည်။ သူသည် အင်မော်တယ်နယ်ပယ်တစ်ခုလုံး၏ ဧကရာဇ်မင်းအလား.... ထိုနယ်ပယ်၌ ရှိသော သက်ရှိသတ္တဝါခပ်သိမ်းနှင့် လားလားမျှ မတူသည့်အလားပင်။
သူ လျှောက်လှမ်းသော မြေတိုင်းသည် အင်ပါယာဥပဒေနှင့်အညီ သူ့အပိုင်ဖြစ်၏။
သူ ဆန္ဒရှိလျှင် အတွေးလေးတစ်ချက်တည်းနှင့် မိုးမြေကို ခြေမွပစ်နိုင်သည်။
သူ ရှူသွင်းရှူထုတ်လိုက်သော ဝင်လေထွက်လေတိုင်းက ဂျိန်းခနဲ ဂျိန်းခနဲ မိုးခြိမ်းသွားစေပြီး ပင်လယ်ကြီးအား ကြောက်လန့်နေစေသည့်အလား တဖွေးဖွေး လှုပ်နေစေသည်။ သူ့ပတ်ပတ်လည်ရှိ လေထုသည် တဝှီးဝှီး လည်နေသော ဧရာမဝဲကြီးအသွင်ပြောင်းရင်း ပင်လယ်ကြီးအား နိမ့်ကျသွားစေ၏။
ထိုမြင်ကွင်းကား ရင်သပ်ရှုမောအံမခန်းဖြစ်ရလောက်အောင် ကြီးကျယ်ခမ်းနားလွန်းသည်။ လေထုသည် ဖျက်စီးခံရတော့မည့်အလား ပုံပျက်ရှုံ့တွနေပြီး မန်ဟို့မျက်လုံးများသည် ကြယ်တာရာများ တည်ရှိနေသကဲ့သို့ လင်းလက်နေတော့၏။
အားကောင်းသော အင်ပါယာစိတ်ဆန္ဒသည် အင်မော်တယ်စိတ်ဝိညာဉ်နှင့် ပေါင်းစည်းရင်း သူ့ထံမှ ဖြာထွက်လာသည်။ သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူမှာ မိမိကိုယ်ကို ထိန်းချုပ်နိုင်တော့ဘဲ တွန်းထုတ်ခံလိုက်ရသည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် တဆတ်ဆတ်တုန်ရီနေလျက် သူ့နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲမှ ခုန်ထွက်တော့မတတ် ဒိန်းခနဲ ဒိန်းခနဲ ခုန်နေသည်ကို ခံစားရလေသည်။
မန်ဟို ခံညားထည်ဝါသော အနန္တအလင်းရောင်များကို ထုတ်လွှတ်၍ စတင်ကျင့်ကြံအားထုတ်ခဲ့ကတည်းက ပိုင်ဆိုင်ခဲ့ဖူးသမျှထဲ အစွမ်းထက်ဆုံးစွမ်းအားတို့ဖြင့် ရပ်နေစဉ် နေလနက္ခတ်တာရာများပင် မှေးမှိန်သွားရသည်။ ဤသည်မှာ သူ၏ လက်ရှိ အင်အားအကြီးဆုံး အဆင့်၊ အတိုက်အခိုက်စွမ်းရည်၏ အထွတ်အထိပ်ဖြစ်သည်။
သူ့အောက်တွင် ကျွန်း၏ ကျန်ရှိသော အစိတ်အပိုင်းများမှာ ကမ္ဘာပျက်မှုကို ကြုံတွေ့နေရသကဲ့သို့ ဖြစ်ပေါ်နေပြီး ကြောက်ခမန်းလိလိစွမ်းအားကြီးဖြင့် ရိုက်ခတ်ခံလိုက်ရသဖြင့် တဝုန်းဝုန်း ပြိုကျလာသည်။
အက်ကွဲကြောင်းများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရင်း ကျွန်း၏လက်ကျန်အစိတ်အပိုင်းများအား တစစီကြေမွသွားစေသည်။ တောင်တန်းများလည်း ပင်လယ်အောက်ထဲ နစ်မြုပ်သွားလေပြီ။ ဒဏ်ရာရထားသော ကမ္ဘာဦးသားရဲကြီးတစ်ကောင်၏ နာနာကျင်ကျင် ဟိန်းသံများကဲ့သို့ ထစ်ချုန်းသံကြီးများ ကြားရနိုင်သည်။
ကျွန်း အစိတ်စိတ်အမြွှာမြွှာ ပြိုကျနေစဉ် ကျွန်း၏အလယ်တည့်တည့်တွင် နေရာယူထားသော တောင်တန်းများမှာ အပိုင်းပိုင်းပြတ်ထွက်လာပြီး နောက်ဆုံးတော့ ပြားကပ်သွားကာ တစ်နေရာလုံး ပင်လယ်ပြင်ကြီးထက် မပိုတော့ပေ။
တစ်ဆက်တည်းမှာပင် ပြိုကျနေသော တောင်များက ၎င်းတို့အောက်တွင် တစ်ချိန်လုံး ရှိနေခဲ့သော ကျင့်ကြံခြင်းဂူတစ်ဂူကို ဖော်ပြလိုက်သည်။ ၎င်းသည် ယခုတွင် မျက်ဝါးထင်ထင် ပေါ်လာခဲ့လေပြီ။
ဤကျင့်ကြံခြင်းဂူအား ခရမ်းရောင်ထုံးရေကန်တစ်ကန်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းအထဲတွင်တော့ အနက်ရောင် ဧရာမကမာခွံကြီးတစ်ခု ရှိနေသည်။ ထိုအခွံထဲတွင် သတိလစ်မေ့မြောနေသူမှာတော့... ချူယွီယန်။
ယခင်က ကမာခွံကြီး သူမအပေါ် ကျလာနေခဲ့သောပုံစံအရ သူမမှာ သေရတော့မည့်အလား ဖြစ်ခဲ့သည်။ သို့သော် ယခုတော့ ၎င်းက သူမအသက်ကို ကယ်တင်လိုက်လေပြီ။
ကမာခွံအနေဖြင့် ထိုကဲ့သို့ လုပ်လိုခဲ့ခြင်းမဟုတ်။ အရာရာတိုင်းက အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည့်အတွက်ပင်။ ကမာခွံ ဘာမှပင် မလုပ်နိုင်ခင် တောင်တန်းများမှာ စတင်ပြိုကျလာခဲ့၏။
မှန်ပါသည်၊ ယင်းက မန်ဟို စီစဉ်ထားသည့်အရာနှင့် ကွက်တိပင်။ လောင်တန်းဟိုက်မှ ပြသခဲ့သော ပုံရိပ်ကြောင့် သူက ချူယွီယန် ထိုအခွံထဲတွင် ရှိနေကြောင်း တစ်ချိန်လုံး သိခဲ့လေသည်။
တောင်များ ကြေမွ၍ မြေတို့ ပြိုကျနေစေကာမူ အရေးမကြီး။ အခွံကြီးက သူမအတွက် ဒိုင်းအဖြစ် ရှိနေလိမ့်မည်။ ၎င်းတို့အားလုံးက ချူယွီယန်ကို ကယ်တင်ဖို့ သူ စေ့စေ့စပ်စပ် စဉ်းစားခဲ့သော အရာများပင်။ ယခုတွင် သူသည် သူမကို မြင်လျှင်ချင်း သူမရှိရာသို့ ကြယ်တံခွန်ကြီးပမာ တဟုန်ထိုး ဦးတည်သွားတော့၏။
သင် မျက်တောင်မခတ်ခင် အဝေးရှိ သူ့ကို မြင်ရလိမ့်မည်။ မျက်တောင်ခတ်ပြီးနောက်တွင် သူက ပြိုကျသွားခဲ့သော ကျင့်ကြံခြင်းဂူထဲသို့ ရောက်လာပြီဖြစ်ကြောင်း မြင်ရလိမ့်မည်။ အနက်ရောင်ကမာခွံကြီးမှာ တုန်ရီသွားပြီး အခွံကို ပိတ်၍ သူမအား ခေါင်းဖြတ်ရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် အော်လိုက်သည်။ “ပြုစားလိုက်”
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က အနက်ရောင်ကမာခွံကို တုံ့ခနဲ ရပ်သွားအောင် ပြုစားလိုက်သည်။ ၎င်းကား မပိတ်နိုင်တော့ပေ။ မန်ဟိုက ၎င်း၏အရှေ့တည့်တည့်တွင် ပေါ်လာပြီး အခွံ၏အပေါ်ပိုင်းကို လက်တစ်ဖက်ဖြင့် ကိုင်၍ အောက်တစ်ပိုင်းအား ကျန်တစ်ဖက်ဖြင့် ဖမ်းဆုပ်လိုက်သည်။
သူက သတ်ဖြတ်လိုစိတ်တို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် လက်နှစ်ဖက်ကို ဆန့်ကျင်ဘက်သို့ ဖြန့်ကားရန် အပြင်အားကိုယ်ခွန်အားအလုံးစုံ ဆင့်ခေါ်လိုက်သည်။
စူးစူးဝါးဝါးအော်သံတစ်သံနှင့်အတူ ဂျွတ်ခနဲ အသံထွက်လာသည်။
အနက်ရောင်ကမာခွံကြီးကား နှစ်ပိုင်းတိတိ အဖြဲခံလိုက်ရလေပြီ။
နောက်ဆုံးလက်ကျန်တောင်အပိုင်းအစများနှင့် မြေကြီးများ ပင်လယ်ထဲ နစ်မြုပ်နေစဉ် မန်ဟိုက လက်နှစ်ဖက်လုံးဖြင့် ချူယွီယန်ကို ပွေ့၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကို သူမကိုယ်ထဲ စီးဆင်းသွားစေသည်။ ချက်ချင်းပင် သူမကိုယ်ထဲ၌ အသက်အန္တရာယ်ရှိသော အဆိပ်ကို သူ တွေ့လိုက်၏။
အဆိပ်က ပြန့်နေပြီး အချိန်အတော်ကြာကတည်းက အဆိပ်မိထားသော်လည်း ချူယွီယန်၏ခန္ဓာကိုယ်သည် တိုက်ခိုက်နေဆဲပင်။ ကြည့်ရသရွေ့ သူမက ၎င်းကို အလိုအလျောက် ခုခံနေပုံပေါ်သည်။
သို့သော် ၎င်းက အင်မတန် အန္တရာယ်များသော အဆိပ်ဖြစ်သည်။ ကျင့်ကြံခြင်းအခြေခံစွမ်းအားတချို့ သူမကိုယ်ထဲသို့ ထည့်ပေးပြီးနောက် မန်ဟိုသည် အဆိပ်တွင် အသိစိတ်ရှိနေကြောင်း သတိထားမိလိုက်၏။ ၎င်းက သူ့ကို ရှောင်နေပြီး မျက်စိတစ်မှိတ်အတွင်း သူနှင့် ထိပ်တိုက်မရင်ဆိုင်နိုင်မှန်း သိသွားဟန်တူသည်။ ထို့ကြောင့် မန်ဟို့အင်မော်တယ်စွမ်းအားကို ခုခံရန် ၎င်းက ချူယွီယန်၏ ခန္ဓာကိုယ်ကို စစ်မြေပြင်အဖြစ် အသုံးချဖို့ ခြိမ်းခြောက်နေသည်။ ၎င်းကို အတင်းအကြပ် ထုတ်လိုက်ပါက သူမကို သေချာပေါက် ထိခိုက်စေတော့မည်ဖြစ်၏။
အကယ်၍ တစ်ခုခုသာ လွဲချော်သွားခဲ့လျှင် ချူယွီယန်မှာ သည့်ထက်ပို၍ နာကျင်ရတော့မည်ဖြစ်ပြီး ကုသနိုင်တော့မည်မဟုတ်ပေ။
သို့သော် မန်ဟို အန္တရာယ်များသည့်အရာကို မလုပ်လျှင်တောင်မှ သူမ၏အသက်စွမ်းအားမှာ ကုန်ခမ်းနေဦးမည်သာ။ သူမ အသက်မီးတောက် ငြိမ်းသေ၍ လုံးလုံးလျားလျား ခြောက်ကပ်သွားဖို့ သိပ်မကြာတော့ပေ။
မန်ဟို့မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး ဒေါသမုန်တိုင်းသည် သူ့နှလုံးသားထဲ၌ သောင်းကျန်းစပြုလာသည်။
ချူယွီယန်သည် ယခုထက်ထိ အင်မော်တယ်အဆင့် မတက်လှမ်းရသေးသည့်အပြင် တာအိုရှာဖွေခြင်းအဆင့်တွင်သာ ရှိသေး၏။ သို့သော် အက်ရှလွန်နေရာကို လုယူရန် မိစ္ဆာကျင့်ကြံသူအုပ်သည် တာအိုရှာဖွေခြင်းအဆင့်ကျင့်ကြံသူလေးသာဖြစ်သော သူမကို ပြန်ပေးဆွဲ၍ အဆိပ်ခတ်ခဲ့လေသည်။
ယင်းက မလျော်ကန်သော လုပ်ရပ် ၊ မမျှတသော အပြုအမူ။ ယုတ်မာကောက်ကျစ်သော သဘောထားဖြစ်သည်။
မန်ဟို့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပြင်းထန်အားကောင်းလာသည်။ ရုတ်တရက် သူ့အင်မော်တယ်စွမ်းအား အဆိပ်ကို ထိလိုက်သည့်အချိန်တွင် ချူယွီယန်၏နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး သူမမျက်လုံးလေးများ ပုတ်ခတ်ပုတ်ခတ် ပွင့်လာသည်။
သူမ မြင်လိုက်သည့် တစ်ခုတည်းသောအရာမှာ သူမအရှေ့တည့်တည့်တွင် ရပ်နေသော မန်ဟို့ကိုပင်။ သူမမှာ သူမှန်း သိလိုက်သည်နှင့် မျက်တောင်လေးများအား တအံ့တဩ ခတ်လိုက်သည်။
“ငါ အိပ်မက်မက်နေပြန်တာလား....” သူမက တိုးတိုးလေး ရေရွတ်ပြီးနောက် သတိပြန်လစ်သွားတော့သည်။
ထိုရိုးရိုးရှင်းရှင်းစကားလေးက မန်ဟို့ကို တုန်ရီသွားစေသည်။ သတိလစ်နေသော သူမကို ငုံကြည့်နေစဉ် သူ၏မျက်ဝန်းများက ဝေခွဲမရဖြစ်နေသော ခံစားချက်များဖြင့် ပြည့်နှက်လျက်ရှိ၏။
ကျင့်ကြံသူများက အိပ်မက်မမက်ပေ။ အနည်းဆုံးတော့ မက်ခဲသည်။
ကျင့်ကြံသူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံအဆင့်မြင့်လေလေ၊ အိပ်မက်မက်နိုင်ခြေ နည်းလေလေပင်။ တာအိုရှာဖွေခြင်းအဆင့်ပညာရှင်များသည် မန်ဟို့အတွက် သိပ်အာရုံစိုက်စရာမဟုတ်သော်လည်း အတော်များများအတွက်တော့ ... ထိပ်ဆုံးအဆင့် ဖြစ်နေသေးသည်။ ထို့ထက်အလွန်က အင်မော်တယ်နယ်ပယ်မဟုတ်လော။
ထိုကဲ့သို့ကျင့်ကြံခြင်းအခြေခံဖြင့် အိပ်မက်များ ပေါ်ပေါက်မလာသင့်ပေ။ ပေါ်ပေါက်လာခဲ့လျှင် ထိုကျင့်ကြံသူသည် အတွင်းနတ်ဆိုးတစ်ကောင်၏ပြုစားခြင်း ခံနေရပြီဟု ဆိုလို၏။
သူမတွင် အတွင်းနတ်ဆိုးမရှိဘဲ အိပ်မက်မက်နေသေးလျှင်တော့ ... ထိုကဲ့သို့ဖြစ်ပွားရလောက်သည်အထိ သူမအတွေးများနှင့် ခံစားချက်များမှာ မည်မျှပြင်းထန်နေခဲ့မည်နည်း။ ထို့အပြင် ‘အိပ်မက်မက်နေပြန်တာလား’ ဆိုသော စကားက တစ်ကြိမ်မကတော့ကြောင်း သက်သေထူသည်။
ချူယွီယန် ရေရွတ်လိုက်သော စကားလုံးများက သူမ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာလာခဲ့ပြီးနောက် သူမနှလုံးသားထဲတွင် ဖြစ်ပျက်နေခဲ့သောအရာများနှင့်ပတ်သက်၍ မန်ဟို့အား နားလည်သွားစေသည်။
သူက သက်ပြင်းချ၍ ခေါင်းမော့လိုက်သည်။ ထိုသို့မော့လိုက်သောအခါ သူ့မျက်လုံးများသည် ပို၍ပင် အားကောင်းသော သတ်ဖြတ်လိုစိတ်တို့ဖြင့် တောက်ပလာ၏။ သူကား အမျက်ထွက်လေလေ၊ သတ်ချင်လေလေဖြစ်သည်။ သူသည် ရုတ်တရက် လေပေါ်ပျံတက်ပြီး အံ့အားသင့်နေသော သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူကို မျက်နှာချင်းဆိုင်လိုက်၏။
“မဖြစ်နိုင်ဘူး” ထိုလူမှာ ပင့်သက်ရှိုက်လိုက်ရသည်။ သူ့မျာ မျက်စိမျက်နှာပျက်နေပြီး ခေါင်းတစ်ခေါင်းလုံး ပေါက်ကွဲတော့မတတ် ထုံကျင်နေတော့သည်။ မန်ဟိုက နဝမပင်လယ်၏ဖိအားကို အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့ကြောင်း သူ မယုံနိုင်သေးပေ။
သူ့မှာ ကျွန်းတစ်ကျွန်းပြိုကျသွားခဲ့ပြီး မန်ဟို ချူယွီယန်အား ကယ်တင်ခဲ့သည်ကို သတိမထားမိပေ။ ထိုစဉ် ရုတ်တရက် သူ့အရှေ့တည့်တည့်တွင် ရပ်နေသူမှာ နဝမပင်လယ်၏ဖိအားကို ချေမွပစ်ခဲ့သူဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူ့တွင် မန်ဟိုနှင့်ယှဉ်ပါက သိသိသာသာ မြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိသော်လည်း ကြောက်နေသူမှာ ... သူပင်ဖြစ်ကြောင်း နားလည်လိုက်တော့သည်။
အမှန်တွင် မန်ဟို့အကြည့် သူ့အပေါ် ရောက်လာသောအခါ သူသည် အလိုလိုနောက်ဆုတ်၍ ထွက်ပြေးရန်ပင် ပြင်ပြီးလေပြီ။
သို့သော် မန်ဟိုက သူ့ကို မည်ကဲ့သို့ အလွတ်ပေးနိုင်မည်နည်း။ သူ့အသတ်အဖြတ်စိတ်ဆန္ဒ၏ပြင်းအားကို ဖော်ပြ၍ပင် မရပေ။ သက်လတ်ပိုင်းကျင့်ကြံသူ လှည့်ပြေးတော့မည့်အချိန် မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ထိုဟိန်းဟောက်သံသည် အရာရာတိုင်းကို ပြင်းပြင်းထန်ထန် တုန်လှုပ်လာစေသော အင်မော်တယ်ဧကရာဇ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ ကြီးမားသောလေပြင်းတစ်ချက်က အရပ်လေးမျက်နှာတွင် သောင်းကျန်းသွားသည်။
လေက တဝေါဝေါ တိုက်ရင်း နဝမပင်လယ်၏ဖိအား၏နေရာတွင် ဝင်ရောက်နေသည့်အလား ဖိအားကို တိုးလာစေသည်။
ဝေါ
လေပြင်းက ဖြတ်တိုက်လိုက်သဖြင့် မိစ္ဆာကျင့်ကြံသူမှာ တုန်ရီသွားသည်။ သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး သူ့မျက်နှာမှာ လူသေကောင်လို ဖြူဆုပ်သွားတော့သည်။ လောလောဆယ်တွင် သူ့မှာ တိုက်ခိုက်လိုစိတ်တစ်စက်မှ မရှိတော့သည့်အပြင် မန်ဟို့အပြင် တခြားမဟုတ်သည့် သေစေနိုင်သောအန္တရာယ်ကို ခံစားလိုက်ရသည်။
“သူက စောစောကထက်တောင် သန်မာလာသေးတယ်။ သေစမ်း ။ ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်စရာကောင်းတာလဲ”
မိစ္ဆာကျင့်ကြံသူသည် ကပျာကယာ လျှာထိပ်ကိုက်၍ သွေးတစ်ပွက်ထွေးထုတ်ကာ လျှို့ဝှက်အစွမ်းတစ်ရပ် ထုတ်လွှတ်လိုက်၏။ ၎င်းက သူ့ကို အရှိန်တင်ပေးလိုက်သည့်တိုင် သူ ဝေးဝေးမသွားနိုင်ခင် လျှပ်စီးများက မန်ဟို့ခန္ဓာကိုယ်တစ်လျှောက် ကခုန်သွားသည်။ သူကား ဂျိန်းခနဲ ထိုလူနှင့် နေရာလဲလိုက်လေပြီ။
နေရာလဲခံလိုက်ရသော အခိုက်အတန့်တွင် သက်လတ်ပိုင်းလူက တုန်ရီအက်ကွဲနေသောအသံကြီးဖြင့် အလန့်တကြားအော်လိုက်သည်။ ရုတ်တရက် သူ့မှာ အဝေးမရောက်သွားတော့ပေ။ ထိုမျှသာမက အရှိန်ကောက်တင်လိုက်ခြင်းက သူ့ကို လွတ်အောင် ကူပေးနေခြင်းမဟုတ်တော့ဘဲ သေမင်းခံတွင်း တွန်းပို့နေသည်။
အဘယ်ကြောင့်ဆိုသော် မန်ဟိုက .... သူ့အရှေ့တည့်တည့်တွင် ရှိနေ၍ပင်။
သူ့မှာ မန်ဟို့ထံ တမင်သွားနေသကဲ့သို့ ဖြစ်သွားသည်။ သူ ဦးတည်ရာပြောင်းတော့မည့်ဆဲဆဲ မန်ဟိုက ရုတ်တရက် လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်သည်။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်
မိစ္ဆာကျင့်ကြံသူ၏ခန္ဓာကိုယ် တုံ့ခနဲ ရပ်သွားပြီး လေလယ်တွင် တန့်နေစဉ် မန်ဟိုက လက်ချောင်းအား ဒုတိယအကြိမ် ဝှေ့ယမ်းရင်း သူ့ထံ လျှောက်သွားသည်။
မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်
သူ့လက်ချောင်းအဝှေ့ကို များပြားသော ကံကြွေးပမာဏက တုံ့ပြန်သည်။ ၎င်းသည် မိစ္ဆာကျင့်ကြံသူ၏ ကံကြွေးကို ချိတ်ပိတ်လိုက်သော အမှတ်တစ်ခုအသွင် ပြောင်းသွား၏။ ပါရာဂွန်သွေးကို စုပ်ယူခဲ့သည့်အတွက် သူ၏မိစ္ဆာချုပ်နှောင်ခြင်းမှော်အတတ်များမှာ ကြောက်မက်ဖွယ်ရာ အပြောင်းအလဲများကို ကြုံတွေ့ခဲ့လေသည်။ ရုတ်တရက်ဆိုသလို သူ၏သတ္တမမန္တန်က ပြောင်းလဲမှုအသစ်တစ်ခုကို ဖော်ပြနေတော့သည်။
“မျက်လုံးတွေကို ချိတ်ပိတ်၍ မြင်နိုင်စွမ်းကို ဖယ်ရှားစေ
“နှာခေါင်းကို ချိတ်ပိတ်၍ အနံ့ခံနိုင်စွမ်းကို ဖယ်ရှားစေ
“လည်မျိုကို ချိတ်ပိတ်၍ စကားပြောနိုင်စွမ်းကို ဖယ်ရှားစေ
“နားနှစ်ဖက်ကို ချိတ်ပိတ်၍ ကြားနိုင်စွမ်းကို ဖယ်ရှားစေ
“အာရုံကြောတွေကို ချိတ်ပိတ်၍ တုံ့ပြန်နိုင်စွမ်းကို ဖယ်ရှားစေ
“ကမ္ဘာလောကကို ချိတ်ပိတ်၍ အရာအားလုံးကို ချုပ်နှောင်စေ”
အရာခပ်သိမ်း.... ကံကြွေးဖြင့် ချိတ်ပိတ်လိုက်ခြင်း။
မိစ္ဆာကျင့်ကြံသူမှာ ရုတ်တရက် အမြင်ကွယ်သွားသဖြင့် စူးစူးဝါးဝါးအော်လိုက်သည်။ သူ့မှာ မည်သည့်အရာကိုမှ မခံစားရ၊ အာရုံမရတော့ပေ။ အပူ၊ အအေးနှင့် အရှိန်အဝါများကို မသိရှိတော့။
အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူ့မှာ ပိတ်ပိတ်ပိန်း မှောင်မိုက်နေသော ဗလာကြီးကိုသာ ရင်ဆိုင်နေရသည်။ သူကား မမြင်နိုင်၊ မကြားနိုင်၊ အနံ့မခံနိုင်၊ မခံစားနိုင်တော့။
“မလုပ်ပါနဲ့” သူသည် အရာအားလုံးနှင့် ဆက်သွယ်မှုပြတ်တောက်သွားသည်ကိုသာမက ကျင့်ကြံခြင်းအခြေခံလည်း ချိတ်ပိတ်ခံထားရကြောင်း သဘောပေါက်လိုက်သဖြင့် တဆတ်ဆတ် တုန်နေတော့ပေ။ သူ့မှာ ပြေးချင်လျှင်တောင်မှ မပြေးနိုင်တော့။
မန်ဟိုက မျက်လုံးများ နီစွေးနေလျက် တင်းမာအေးစက်သော မျက်နှာထားဖြင့် သူ့အရှေ့တည့်တည့်တွင် ပေါ်လာသည်။ သူသည် လက်ကို မြှောက်လိုက်ပြီး ရုတ်တရက် ထိုလက်သည် သွေးမိစ္ဆာခေါင်းတစ်ခေါင်းအသွင် ပြောင်းသွား၏။
“မိစ္ဆာကျင့်ကြံသူအုပ်။ မင်းတို့ ချူယွီယန်ဆီကနေ ယူသွားခဲ့တာတွေကို ငါ ပြန်ယူမယ်” စကားလုံးများကို အသာအယာသာ ပြောလိုက်ခြင်းဖြစ်သော်လည်း အေးစိမ့်နေသောလေပြင်းတစ်ချက်အလားပင်။ ကံဆိုးစွာနှင့် မိစ္ဆာကျင့်ကြံသူမှာတော့ မကြားနိုင်တော့။
မန်ဟို့လက်က ထိုလူ့နဖူးကို ထိလိုက်ရာ ထိုလူ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်လာသော်လည်း သူ့မှာ မအော်နိုင်ပေ။ သူ့အသက်စွမ်းအား၊ သူ့ကျင့်ကြံခြင်းအခြေခံ၊ သူနှင့်ပတ်သက်သမျှ အရာအားလုံးမှာ မန်ဟို၏စုပ်ယူခြင်း ခံနေရပြီး ... ချူယွီယန်ဆီသို့ လွှဲပြောင်းပေးပို့ခံနေရသည်။
ဤသည်ကား ... သွေးမိစ္ဆာမဟာမှော်သိုင်းမှတစ်ပါး အခြားမဟုတ်ပေ။
***