အကြီးအကဲဟိုက်ရှန်း
Vol. 77 Ch. 1066
သွေးမိစ္ဆာမဟာမှော်သိုင်းမှ အသက်စွမ်းအား စုပ်ယူခံရသည့် နာကျင်မှုအား ဖော်ပြ၍ပင်မရနိုင်ပေ။ ၎င်းကို တွေ့ကြုံခံစားဖူးသည့် လူတစ်ယောက်သာလျှင် ထိုခံစားချက်ကို သိလိမ့်မည်။ ရှင်းရှင်လင်းလင်း ပြောရလျှင်တော့ သွေးကြောထဲသို့ အက်စစ်ရည်များ ထိုးသွင်းခံနေသည့်အလား ဖြစ်လိမ့်မည်။ ၎င်းက သင့်ခန္ဓာကိုယ်တစ်လျှောက် ပြည့်နှက်သွားကာ သင့်အသွေးအသားများကိုပါ အရည်ပျော်ကျသွားစေပြီး သင်၏ ကိုယ်တွင်းအင်္ဂါများအား ပျက်စီးသွားစေမည်ဖြစ်သည်။
ထို့နောက် ၎င်းက အသက်စွမ်းအားကို ဖြည်းဖြည်းချင်း ထုတ်ယူလိမ့်မည်။ ဤသို့ဖြင့် မန်ဟိုသည် ထိုအသက်စွမ်းအားကို ချူးယွီယန်ဆီသို့ ကူးပြောင်းပေးပို့ရင်း တံတားသဖွယ် ပြုမူနေသည်။
မိစ္ဆာကျင့်ကြံသူအနေဖြင့် အော်နိုင်လျှင် နာကျင်မှုအား လျော့ကျစေမည်မဟုတ်သော်လည်း အနည်းဆုံးတော့ နည်းနည်းပါးပါး သက်သာပေဦးမည်။ ထိုအစား နာကျင်မှုက ဖြေဖျောက်မရသော ဒဏ်တစ်ခုအဖြစ် သူ့နှလုံးသားထဲ၌ တည်ရှိနေသည်။
သူ့မှာ ပါးစပ်ပင် မဟနိုင်သလို ဖြစ်ပျက်နေသောအရာကိုလည်း မမြင်ရပေ။ သို့သော် သူသည် သူ့ကိုယ်ထဲ၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကိုတော့ ခံစားရနိုင်သေးသည့်အတွက် ထိုခံစားချက်များက စုပြုံလာပြီး သူ့အား စကားလုံးများဖြင့် ဖော်ပြမရအောင် နာကျင်နေစေတော့သည်။
သူသာ တစ်ခုခု လုပ်နိုင်ပါက ပထမဆုံး တွေးမိသည့်အရာမှာ ချက်ချင်း သေဖို့ရန်သည ဖြစ်လိမ့်သည်။
သူ့တွင် အစက ပြန်စရန် အခွင့်အရေးရလျှင်တော့၊ အချိန်နောက်ပြန်သွားနိုင်လျှင်တော့ ဤအစီအစဉ်တွင် ပါ၀င်ရန် ငြင်းဆိုခဲ့လိမ့်မည်။
ကံဆိုးစွာနှင့် ဒုတိယအခွင့်အရေးဟူသည်ကား မရှိပေ။
မန်ဟိုသည် ရေခဲတမျှ အေးစက်ခက်ထန်သော မျက်နှာထားဖြင့် မိစ္ဆာကျင့်ကြံသူ၏ခန္ဓာကိုယ် တဖြည်းဖြည်း ခြောက်ကပ်လာနေသည်ကို စိုက်ကြည့်နေ၏။ မကြာမီ မိစ္ဆာကျင့်ကြံသူမှာ အသက်စွမ်းအားများ ကုန်ခမ်းသွားသော အရိုးပေါ် အရေတင် အရိုးခြောက်ကြီးထက် မပိုတော့ပေ။
နောက်ဆုံးတွင် မန်ဟိုက ဆုပ်ကိုင်ထားသည်ကို ဖြေလျော့လိုက်ရာ ထိုလူမှာ တဖြည်းဖြည်း ပုံရက်သားလဲကျသွား၏။ ထိုနောက် လေက သူ့ကို ဝေ့တိုက်လိုက်ပြီး သူ့မှာ ဖုန်ဖြစ်သွားတော့သည်။ သူ့တစ်ကိုယ်လုံးကား သွေးမိစ္ဆာမဟာမှော်သိုင်းမှ စုပ်ယူ၍ ချူးယွီယန်ဆီသို့ စေလွှတ်ခြင်းခံခဲ့ရလေပြီ။
စောစောက သူမ၏ အသက်မီးတောက်မှာ မှေးမှိန်၍ ငြိမ်းသေတော့မည့်အလားဖြစ်ခဲ့သည်။ ယခုတွင် ၎င်းကား တောက်ပလာ၏။ သူမ၏ အားအင်များလည်း အတော်လေး ပြန်ပြည့်ဖြိုးလာပြီး သူမ၏မျက်နှာလေးမှာ လူသေကောင်ကဲ့သို ဖြူဆုပ်မနေတော့သည့်အပြင် သွေးရောင်သန်းလာလေသည်။
သိုသော် မန်ဟိုသည် ထိုအရာအားလုံးက ယာယီသာ ဖြစ်ကြောင်း သိ၏။ ချူယွီယန်၏ကိုယ်ထဲ၌ အဆိပ်ရှိနေသမျှကာလတစ်လျှောက်လုံး သူမသည် အားနည်းသထက်အားနည်းလာပြီး နောက်ဆုံး၌ သေရလိမ့်မည်။
သူ သူမကို ပွေ့ထားစဉ် သူ၏မျက်လုံးများက အာရုံစူးစိုက်မှုနှင့် ခိုင်မာပြတ်သားမှုတို့ဖြင့် ပြည့်နှက်သွား၏။ သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက် ချူယွီယန်နှင့် သူမကိုယ်ထဲရှိ အဆိပ်ပေါ်သို့ ချိတ်တံဆိပ်တစ်ချို့အား ဂရုတစိုက် စီရင်လိုက်သည်။ ထိုသို့လုပ်ခြင်းက သူမအသက်ကို အတန်ငယ် ဆွဲဆန့်ပေးထားနိုင်လိမ့်မည်။ နောက်ဆုံးတော့ သူက သူမကို သိုလှောင်အိတ်ထဲသို့ အသာအယာထည့်ပြီးနောက် ခေါင်းမော့လိုက်ပြီး ကိုးပင်လယ်နတ်လောကထံ တဟုန်ထိုး ထွက်သွားတော့သည်။
သတ်ဖို့ အချိန်ကျလေပြီ။
သူ သတ်မည့်စာရင်းပေါ်က ပထမဆုံးလူမှာ လောင်တန်းဟိုက်ဖြစ်သည်။
လောင်တန်းဟိုက် ဘယ်နေရာတွင် ရှိနေပါစေ၊ ဘယ်သူ သူ့ကို ကာကွယ်ပေးနေပါစေ အရေးမကြီး။ မန်ဟိုသည် သူ့ကို သတ်ရန် စိတ်ပိုင်းဖြတ်ထား၏။ ရလဒ်အနေဖြင့် မိုးမြေပြိုကျသွားစေနိုင်သည့် ဒုက္ခဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်တိုင် သူ၏စိတ်ပိုင်းဖြတ်ထားမှုက နည်းနည်းလေးမှ လျော့ကျမသွားပေ။ သူသည် နှလုံးသားထဲရှိ သွေးဆာနေသောအမျက်ဒေါသကို သေချာပေါက် ဖြေလွှတ်ပေးရတော့ပေမည်။
"လောင်တန်းဟိုက် မင်း မလွဲဧကန် သေစေရမယ်
"မိစ္ဆာကျင့်ကြံသူအုပ် ငါ အခုကစပြီး သစ္စာဆိုတယ်။ တစ်နေ့ကျ န၀မပင်လယ်မှာ ပင်လယ်မိစ္ဆာတစ်ကောင်မှ မရှိစေရဘူး" သူ့အသံက မိုးကောင်းကင်ကို ထိုးဖောက်ရင်း ပဲ့တင်ထပ်သွားသည်။ မိုးခြိမ်းသံများက ဂျလိန်းဂျလိန်း ထစ်ချုန်းရင်း တုံပြန်၏။
ဤသည်မှာ ရိုးရိုးသာမန်ကတိမဟုတ်၊ ခိုင်မာသော သစ္စာအဓိဌာန်ဖြစ်သည်။
မန်ဟို၏ အသတ်အဖြတ်စိတ်ဆန္ဒက မိုးထိတိုင် မြင့်သွန်းနေသည်။ သူက အမျက်တချောင်းချောင်း ထွက်နေသည့်အခိုက်အတန့်တွင် ဤသစ္စာကို ဆိုလိုက်ခြင်းဖြစ်သည်။
သူ၏ မိုးခြိမ်းသံကဲ့သို့သော စကားလုံးများ ပဲ့တင်ထပ်သွားစဥ် န၀မပင်လယ်တစ်ခုလုံး တသိမ့်သိမ့် တုန်သွား၏။ ကြယ်တာရာကောင်းကင်တွင် မလှုပ်မယှက်ရှိခဲ့သော န၀မတောင်ပင်လျှင် တုန်ခါသွားလေသည်။
ဂြိုလ်ကြီးလေးလုံးလည်း တုန်ခါသွား၏။ သို့သော် န၀မတောင်သာမဟုတ်။ ထိုအခိုက်အတန့်တွင် အဋ္ဌမတောင်၊ သတ္တမတောင်၊ ဆဋ္ဌမတောင်၊ ပထမတောင်အပြင် ၎င်းတို့၏ ပင်လယ်အသီးသီးလည်း တုန်ခါသွားသည်။
ထိုတုန်ခါမှုက မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရင်ကို ဒိန်းခနဲ ခုန်သွားစေသည်။ ထို့အပြင် တောင်ပင်လယ်လောက၏ တောင်ထိပ်များပေါ်တွင် စံမြန်းနေသော ရွှမ်းဝူလိပ်ကြီးကိုးကောင်လုံး ၎င်းတို့စိတ်ထဲတွင် ခိုင်မြဲစွာ မှတ်သားထားရမည့်အရာကို မျက်မြင်သက်သေတည်နေသည့်အလား အသံကျယ်ကြီးများဖြင့် ဟိန်းဟောက်လိုက်ကြသည်။
တောင်ပင်လယ်လောက၏ အရှင်သခင်နှင့် စပ်လျဉ်းသောကိစ္စက တောင်ပင်လယ်လောကအတွင်းရှိ အမျိုးမျိုးသော ဖြစ်တည်မှုများ၏စိတ်ထဲတွင် ရှိနေဆဲဖြစ်သည်။ ထိုကြောင့် ယခုဖြစ်နေသောအရာက ထိုလူအားလုံးကို ပင့်သက်ရှိုက်မိလိုက်စေ၏။
တစ်ဆက်တည်းမှာပင် မန်ဟို ယခုလေးတင် ပြောခဲ့သနည့်အရာကြောင့် ပင်လယ်၏စိတ်ဆန္ဒမှာ ဒေါသူပုန်ထသွားသည့်အလား န၀မပင်လယ်တစ်ခုလုံး တဝေါဝေါ မြည်လာသည်။ မိစ္ဆာကျင့်ကြံသူတစ်အုပ်လုံးသည် န၀မပင်လယ်တွင် မွေးဖွားခဲ့သူများဖြစ်၍ ၎င်း၏ကလေးများ ဆိုလည်းမမှားပေ။ မန်ဟိုသာ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် သူ၏စကားလုံးများက ထိုမျှ ပွက်လောရိုက်သွားမည်မဟုတ်ပေ။
သို့သော် သူကား သာမန်ကျင့်ကြံသူမဟုတ်။
သူသည် တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာ၊ မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ မျိုးဆက်ဖြစ်သည်။ သူ မည်သူမည်ဝါဖြစ်ကြောင်း စေ့စေ့စပ်စပ် သိသူ မရှိသလောက်ရှားသော်လည်း တောင်ပင်လယ်လောကကိုယ်တိုင်ကတော့ သိထား၏။ တောင်ကိုးလုံးစလုံးသိသလို ပင်လယ်ကိုးစင်းလည်း ထိုနည်းတူပင်။
မှန်ပါသည်၊ ၎င်းတို့ ဤအကြောင်းအရာများကို သိထားလျှင်တောင်မှ မန်ဟို တောင်ပင်လယ်လောက၏အရှင်သခင် တရားဝင်ဖြစ်မလာမချင်း ၎င်းတို့နှင့် တိုက်ရိုက်အဆက်အသွယ်ရှိမည်မဟုတ်ပေ။ ရှိနေသည့်အရာများမှာတော့ ၎င်းတို့အား သူ့ကို မနှောင့်ယှက်အောင် ဟန့်တားနေသည့် စည်းမျဉ်းများပင် ဖြစ်၏။
သို့သော် မန်ဟိုသည် ယခုတွင် သစ္စာကျိန်ဆိုခဲ့သည့်အတွက် နဝမပင်လယ်မှာ တဖွေးဖွေး လှုပ်သွားလေသည်။ ၎င်းမှာ လုံးလုံးလျားလျား တုန်လှုပ်နေသည့်တိုင် အဆုံးသတ်တွင် .... ဆိတ်ဆိတ်နေရန်သာ ရွေးလိုက်သည်။
မန်ဟိုသည် အလင်းတန်းအသွင်ဖြင့် နဝမပင်လယ်ရေပြင်ကို ခွဲရင်း လေကို ခွင်းလာနေသည်။ တစ်ချိန်တည်းမှာပင် သူ့အရှိန်အဝါက မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများအား ဆွဲဆောင်လျက်ရှိ၏။
၎င်းတို့ သတ်ဖြတ်လိုစိတ်များဖြင့် ချဉ်းကပ်လာစဉ် မန်ဟို့မျက်လုံးများတွင် သွေးအေးမှုတို့ ဖြတ်ပြေးသွားသည်။
သူက လက်ကို ဝှေ့ယမ်းကာ နတ်မီးတောက်အဆီအနှစ်အား ပေါ်လာစေသည်။ ထို့နောက် အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "ပေါက်ကွဲစမ်း”
စကားတစ်ခွန်းက နတ်မီးတောက်အဆီအနှစ်ကို ပေါက်ကွဲသွားစေသည်။ ၎င်းက ဝုန်းခနဲ အရပ်လေးမျက်နှာမှာ ရွာကျလာသော နတ်မီးတောက်များအသွင် ပြောင်းသွားလေသည်။
မီးတောက်တို့ ထိလိုက်သော ပင်လယ်သားရဲတိုင်း လောင်ကျွမ်းပြာကျကုန်သည်။ တချို့က ပင်လယ်ထဲ ငုပ်လျှိုးနိုင်လိုက်သော်လည်း တခဏကြာသော် မီးတောက်များက ရေထဲ ဝင်ရောက်ကာ အပူချိန်ကို မြင့်တက်လာစေသည်။ ပို၍ကျယ်လောင်သော အော်ဟစ်သံများ ကြားရနိုင်ပြီး ပင်လယ်သားရဲအလောင်းများက ရေအောက်ထဲမှ မြောက်တက်လာတော့သည်။
မန်ဟိုက နည်းနည်းလေးမှ အရှိန်မလျှော့ပေ။ သူ တရိပ်ရိပ်သွားနေစဉ် သူ့ပတ်ပတ်လည်ရှိ ပင်လယ်ကြီးသည် တပွက်ပွက် ဆူနေပြီး သူ့အနားကပ်လာသည့် ပင်လယ်သားရဲတိုင်း အရှင်လတ်လတ် မီးလောင်တိုက်သွင်းခံရကုန်၏။
၎င်းက အဆုံးမရှိသော သုတ်သင်မှုကြီးတစ်ခုပင်။
ပင်လယ်ရေကား တစတစ သွေးကဲ့သို့ နီစွေးလာသည်။
သို့သော် မန်ဟို ပင်လယ်ခြုံကျွန်းမှ ထွက်လာပြီး ကိုးပင်လယ်နတ်လောကဆီ ဦးတည်လိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် သူ့အရှေ့ရှိ ပင်လယ်ရေပြင်က ရေတံတိုင်းအသွင်ဖြင့် မြောက်တက်လာရင်း သူ့လမ်းကို ပိတ်လိုက်သည်။ ထို့နောက် ဘေးနှစ်ဖက်နှင့် အနောက်မှလည်း မြောက်တက်လာသည်။ စုစုပေါင်း ရေတံတိုင်းလေးဖက်က အရပ်လေးမျက်နှာမှာ သူ့ကို ပိတ်ဆို့လိုက်လေပြီ။
ရေတံတိုင်းလေးခုသည် အတူတကွ ဆက်သွားရင်း မန်ဟို့ကို အတွင်းတွင် ချုပ်နှောင်လိုက်သော လှောင်အိမ်သဖွယ် ဖြစ်လာ၏။ သူ့အရှိန်အဝါပင်လျှင် စိမ့်မထွက်သွားနိုင်ပေ။
မန်ဟိုက တုံ့ခနဲ ရပ်၍ ဘေးပတ်ပတ်လည်ကို ကြည့်ပြီးနောက် အေးစက်စက် နှာမှုတ်လိုက်သည်။ နှာမှုတ်သံက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွား၏။ တခဏကြာသော် သူ့အရှေ့ရှိ ရေတံတိုင်းက လှိုင်းထလာပြီး မျက်နှာတစ်ဖက်ပေါ်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းက ကျင့်ကြံသူတစ်ယောက်၏မျက်နှာမဟုတ်ဘဲ ဧရာမပင်လယ်နဂါးတစ်ကောင်၏မျက်နှာပင်။
၎င်းက မည်းနက်နေပြီး ပြိုင်ဘက်ကင်းလောက်အောင် ခက်ထန်လျက်ရှိကာ မန်ဟို့ကို ကြည့်နေစဉ် ၎င်း၏မျက်လုံးများက မောက်မာတင်စီးနေသည်။
နဂါးခေါင်းအပေါ်တွင်တော့ လက်နှစ်ဖက် ကျော်နောက်ပစ်လျက် ရပ်နေသော အဘိုးကြီးတစ်ဦးရှိသည်။ သူသည် ကိုးပင်လယ်နတ်လောက၏ ဝတ်ရုံရှည်များကို ဝတ်ထားပြီး မန်ဟို့ကို ငုံ့ကြည့်နေသော သူ့မျက်လုံးများတွင် အထင်သေးရွံရှာမှုတို့ ပြည့်နှက်နေသည်။
မန်ဟိုကတော့ မျက်နှာအမူအရာတစ်ချက်မျှ မပြောင်းပေ။ ဤအဘိုးကြီးကို သူ မှတ်မိသည်။ သူကား သာမန်ကျင့်ကြံသူမဟုတ်ဘဲ ကိုးပင်လယ်နတ်လောကသို့ မန်ဟို့ရောက်ရောက်ချင်း နေ့မှာတင် တိုက်ခိုက်ခဲ့ရသော မိစ္ဆာကျင့်ကြံသူ .... အကြီးအကဲဟိုက်ရှန်းပင်။
“သေချင်နေတာပေါ့လဲ အဘိုးကြီး” မန်ဟိုက ဆောင်းလေတမျှ အေးစက်နေသော အသံဖြင့် ပြောသည်။
“ဘယ်အရာမဆို တစ်ချိန်ချိန်တော့ အောင်မြင်တတ်တယ် မန်ဟို” အကြီးအကဲဟိုက်ရှန်း၏အသံက အဆိပ်ပြင်းသောအမုန်းတို့ဖြင့် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။ “ငါ ဝန်ခံရမယ်၊ မိစ္ဆာကျင့်ကြံသူအုပ် မင်းကို လျှော့တွက်ခဲ့မိတယ်။ ပင်လယ်ခြုံကျွန်းအစီအစဉ် ကျရှုံးပြီး ကျွန်းလည်း ပျက်စီးသွားခဲ့ပြီ။ ဒါပေမဲ့ ငါနဲ့ဆိုရင် ... မင်းလည်း သေရလိမ့်မယ်
“ငါ ထောင်ချောက်လေးထဲကနေ ထွက်ဖို့ မကြိုးစားနဲ့။ ဒါက တစ်ယောက်ယောက် အသတ်ခံရမှ ပွင့်လာလိမ့်မှာ။ အတင်းအကြပ်ဖွင့်ဖို့ ကြိုးစားရင် ကြောက်စရာကောင်းတဲ့ တန်ပြန်ရိုက်ခတ်မှုကို ခံရလိမ့်မယ်။ ထူးထူးခြားခြားလေးပေါ့ကွာ။ အပြင်လူတစ်ယောက်မှာလည်း ဒီမှာဖြစ်နေတာတွေကို မြင်နိုင်မှာမဟုတ်ဘူး။ ဪ ပြောဖို့ မေ့တော့မလို့ သဘာဝနိယာမတွေ ပြောင်းလဲသွားလို့ မင်း နေရာရွှေ့ပြောင်းဒယ်အိုးကိုလည်း သုံးလို့မရဘူး
“ပြီးတော့ အဘွားကြီးကိုးနဲ့ လင်းယွင်ကျစ် မင်းကို လာကယ်လိမ့်လို့ တွေးနေရင်လည်း ... မိစ္ဆာကျင့်ကြံသူအုပ်က မင်းကို သတ်ဖို့ အကြာကြီး ကြိုးကြိုးစားစား ပြင်ဆင်ထားခဲ့တာ။ အဘွားကြီးကိုးနဲ့ လင်းယွင်ကျစ်ကို မိစ္ဆာကျင့်ကြံသူအုပ်ခေါင်းဆောင်ကြီးတွေ အချိန်ဆွဲထားကြတယ်
“ဘယ်သူမှ မင်းကို ဒီနေရာမှာ လာကယ်မှာ မဟုတ်ဘူး
“ဒီနေ့ မင်း မလွဲဧကန် သေရလိမ့်မယ်” အကြီးအကဲဟိုက်ရှန်းက မန်ဟို သူ့စကားလုံးများကို မည်ကဲ့သို့ တုံ့ပြန်မည်လဲ မြင်ရဖို့ စောင့်စားရင်း မန်ဟို့ကို သတ်ဖြတ်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် ဆောက်တည်ရာမဲ့နေသောမန်ဟိုကို မြင်ချင်နေ၏။ သူ့အနေဖြင့် မန်ဟို့ကို သည်အတိုင်း မသတ်လိုပေ။ ကူကယ်ရာမဲ့၍ ကြောက်လန့်လာသည်အထိ ငြှင်းဆဲ သတ်လိုခြင်းဖြစ်သည်။
ထိုနည်းလမ်းဖြင့်သာ သူ့နှလုံးသားထဲရှိ မုန်းတီးစက်ဆုပ်မှုကို ဖယ်ရှားနိုင်မည်။
“ဒီနေ့က တောင်ကောင်းကင်ဂြိုဟ်ရဲ့ နဂါးငွေ့တန်းပင်လယ်ထဲက မိစ္ဆာကျင့်ကြံသူတွေကို သတ်ခဲ့တဲ့အတွက် မင်း ဒဏ်ခတ်ခံရမယ့်နေ့ပဲ” အကြီးအကဲဟိုက်ရှန်းက အံကြိတ်ထားသည့်ကြားမှ ဟိန်းဟောက်လိုက်သည်။ “ငါ ငါ့ရဲ့တစ်ယောက်တည်းသော မျိုးဆက်ကို အင်မော်တယ်ကံတရားကို ရယူပြီး အင်မော်တယ်အဆင့် တက်လှမ်းနိုင်အောင် တောင်ကောင်းကင်ဂြိုဟ်ဆီ လွှတ်ခဲ့တယ်
“ဒါပေမဲ့ မင်း မင်းက သူ့ကို သတ်ခဲ့တယ် မန်ဟို။ သူ့အသိစိတ် နိုးထမလာခင် မင်းက သူ့ကို သတ်ပစ်ခဲ့တာ
“မင်းက သူ့ရဲ့ အင်မော်တယ်အဆင့်တက်လှမ်းမယ့် မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့ရုံတင်မကဘူး ငါ့ရဲ့သွေးဆက်ကိုလည်း မျိုးပြုတ်စေခဲ့တာ” သူ့စကားလုံးများက ပင်လယ်ရေတံတိုင်းကို တုန်ခါလာစေသည်။
“ဒီမှာ လေကြောရှည်” မန်ဟိုက အေးစက်စက် ပြောသည်။ “ကျုပ် သတ်ခဲ့တဲ့လူတွေက အများကြီးပဲ။ ခင်ဗျားပြောနေတဲ့တစ်ယောက်ကို မှတ်မိမယ်ထင်နေလား” သူက မိုးကြိုးဒယ်အိုးကို ထုတ်စမ်းကြည့်သော်လည်း အလုပ်မဖြစ်ပေ။
သူ့စကားလုံးက အကြီးအကဲဟိုက်ရှန်းအား မိုးမီးလောင်သွားစေသည်။ အကြီးအကဲဟိုက်ရှန်းသည် ဒေါသတကြီး ဟိန်းဟောက်ရင်း လက်ဝှေ့ယမ်းကာ ပင်လယ်နဂါးကြီးအား ပါးစပ်ကြီးဟလျက် မန်ဟို့ထံ ပြေးဝင်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း မဟူရာပင်လယ်နဂါးသည် မန်ဟို့ကို ဝါးမြိုရန် ပြင်ရင်း အပေါ်မှ အုပ်မိုးနေလေပြီ။
မန်ဟို့မျက်လုံးများက အေးစက်စက် လက်သွားပြီး သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် တောင်ထောင်ချီက တဝုန်းဝုန်း ကျဆင်းလာ၏။ ၎င်းတို့သည် ဧရာမတောင်ကြီးဆယ်လုံးအဖြစ် ပေါင်းစည်းပြီးနောက် ပင်လယ်နဂါးအား ရိုက်ချလိုက်လေသည်။
ပင်လယ်နဂါးက ဟိန်းဟောက်ရင်း တောင်ကြီးဆယ်လုံးကို ဝင်တိုက်ပြီးနောက် အမြီးအား မန်ဟို့ထံ ရမ်းလိုက်သည်။
လေတိုးသံများ ဆူညံနေစဉ် မန်ဟို့နှုတ်ခမ်းများက သွေးအေးသောအပြုံးတစ်စကို ဖော်ဆောင်လိုက်၏။ သူသည် ညာလက်ကို ဆန့်ထုတ်၍ ပင်လယ်နဂါး၏အမြီးကို ဖမ်းလိုက်သည်။ ထို့နောက် အားပါပါ ဆောင့်ဆွဲလိုက်၏။
ကြီးမားသော အားတစ်ရပ်က မန်ဟို့ထံမှ ဖြာထွက်လာသဖြင့် ပင်လယ်နဂါးမှာ နာကျင်စွာဖြင့် အလန့်တကြား အော်လိုက်လေသည်။
အုန်းးးးးးးးးးး
ကောင်းကင်ဘုံပျက်စီးခြင်းလက်သီးကိုးချက်က ပင်လယ်နဂါးကို ဝင်တိုက်၍ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားစေတော့သည်။
မန်ဟိုက အကြီးအကဲဟိုက်ရှန်းကို လှမ်းကြည့်ပြီး ပြောလိုက်သည်။ “ခင်ဗျားကိုသာ စုပ်ယူလိုက်ရင် ချူယွီယန်ဆီ အသက်စွမ်းအားနည်းနည်း ထပ်ပေးပြီး အချိန်ထပ်ဆွဲနိုင်မယ်”
ထို့နောက် သူသည် အသက်နုတ်တော့မည့်မြှားတစ်စင်းသဖွယ် အကြီးအကဲဟိုက်ရှန်း၏ နှလုံးသားတည့်တည့်သို့ ပြေးဝင်သွားတော့၏။
***