သူ့ကို ဘယ်သူ ကယ်ရဲသလဲ
Vol. 77 Ch. 1068
ခြစ်ခြစ်တောက် ပူပြင်းသော မီးတောက်များထံမှ ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်သံများ ပဲ့တင်ထပ်နေသည်။ အကြီးအကဲဟိုက်ရှန်းမှာတော့ အရှင်လတ်လတ် အပြုတ်ခံနေရသဖြင့် မချိမဆန့်ခံနေရပြီး မကြာမီ ကလီစာများလည်း မီးကျွမ်းလာရာ နာကျင်မှုနှင့် သေရတော့မည့်ခံစားချက်အား ပို၍ပင် ပြင်းထန်သွားစေတော့သည်။
သေမင်း၏အရိပ်သည် သူ့အပေါ်တွင် ရစ်ဝဲနေပြီး ဤအတိုင်းသာ ဆက်သွားလျှင် သေရတော့မည်ဖြစ်ကြောင်း .... သူ ခံစားလိုက်ရသည်။
မီးတောက်မီးလျှံများက အဘက်ဘက်မှ ဝိုင်းလျက် သူ့ကို လျင်မြန်စွာ မီးလောင်ပြာချပစ်နေသည်။
သူသည် ဤတိုက်ပွဲတွင် ရှုံးနိုင်ခြေ သို့မဟုတ် သေနိုင်ခြေကို စဉ်းပင် မစဉ်းစားခဲ့ဖူးပေ။ သူ့မှာ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးတည်းနှင့် နိုင်နိုင်သည်ဟု မထင်ခဲ့၍ မိစ္ဆာကျင့်ကြံသူအုပ်မှ ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့် ပညာရှင်တစ်ဦးပေးခဲ့သော ဝိညာဉ်ကျောက်စိမ်းဖြစ်သည့် သူ့ဝှက်ဖဲဖြင့် ချက်ချင်း တိုက်ခိုက်ခဲ့လေသည်။
သူ့ကျင့်ကြံခြင်းအခြေခံက မီးငြိမ်းဝိညာဉ်မီးအိမ်ကိုးလုံးအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက်တွင်ပင် အသက်အန္တရာယ်ရှိနေသေးသည့်အချက်သည် ... အကြီးအကဲဟိုက်ရှန်းကို ရင်တုန်လာစေတော့၏။
“ဒီကောင် ဒီလောက်အစွမ်းထက်ရလောက်အောင် ဘယ်လိုကံကြမ္မာကောင်းမျိုး ရခဲ့တာပါလိမ့်။ အရေးအကြီးဆုံးက စွမ်းအားသပ်သပ်မဟုတ်ဘဲ သူက ရက်စက်ပြီး အညှာအတာမရှိတဲ့အပြင် အင်မတန် လျစ်လျူရှုနိုင်လွန်းတယ်” အကြီးအကဲဟိုက်ရှန်းသည် မန်ဟို့ကို ကြည့်နေစဉ် ပြင်းထန်သောကြောက်စိတ်တို့ ဖြစ်ပေါ်လာ၏။
မန်ဟိုသည် ဂိုဏ်းတွင် အရေးပါသောလူတစ်ယောက်ဖြစ်၍ မိစ္ဆာကျင့်ကြံသူအုပ်မှာ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတစ်ယောက်မှ ဝင်မပါနိုင်အောင် ကြိုးစားပမ်းစား ပြင်ဆင်ခဲ့ရသည်။ ထိုမျှသာမက ရှေးဟောင်းနယ်ပယ် အထွတ်အထိပ်ကျင့်ကြံသူများပင်လျှင် ဟန့်တားခံရထားသည်။ ထိုအကြောင်းကြောင့် မိစ္ဆာကျင့်ကြံသူအကြီးအကဲနှစ်ဦးကိုသာ ဤအစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းက သူတို့၏ဂိတ်ဆုံးပင်။
သို့သော်လည်း အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦးကို သုတ်သင်ရန်အတွက်တော့ လုံလောက်သည်ထက် ပိုလေသည်။ ထိုမျှသာမက အကြီးအကဲဟိုက်ရှန်းတွင် ဝှက်ဖဲအဖြစ် ဝိညာဉ်ကျောက်စိမ်းရှိသည်။ မိစ္ဆာကျင့်ကြံသူအုပ်အတွက် မီးငြိမ်းဝိညာဉ်မီးအိမ်ကိုးလုံး၏စွမ်းအားမှာ အနိုင်ရဖို့ လုံလောက်သည်။ သူတို့က ဟန်ချက်ပျက်သွားစေနိုင်သည့်အရာများ ဖြစ်လိမ့်မည်မဟုတ်ဟု ထင်ထားကြသည်။
သို့သော် သူတို့မှာ ... မန်ဟို့ကို လျှော့တွက်မိဆဲဖြစ်သည်။
တရှဲရှဲ ဆူညံနေသည်။ မန်ဟိုသည် အကြီးအကဲဟိုက်ရှန်းကို ထပ်တလဲလဲ တိုက်ခိုက်ရင်း မျက်လုံးများနီရဲနေ၏။ အကြီးအကဲဟိုက်ရှန်းမှာ မီးတောက်များအကြားမှ ရုန်းမထွက်နိုင်တော့ဘဲ သေလုမျောပါး ဖြစ်နေချေပြီ။
အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို သုံးတိုင်း မန်ဟိုလည်း တန်ရာတန်ကြေးပေးဆပ်ရ၍ သွေးများက သူ့ပါးစပ်မှ စီးကျနေသည်။ သို့သော် သူသည် အဆက်မပြတ် မနားတမ်း တိုက်ခိုက်ဆဲပင်။ မန်ဟိုဆိုသည်မှာ အခြားသူများကို ရက်စက်တတ်သော်လည်း သူ့ကိုယ်သူ ပို၍ပင် ရက်စက်တတ်သေး၏။ ယင်းက ပို၍အင်အားကြီးမားသော ရန်သူကို အနိုင်ယူရန် သူ အသုံးပြုနိုင်သည့် ဝှက်ဖဲဖြစ်သည်။
“သေစမ်း” အကြီးအကဲဟိုက်ရှန်း၏အရေပြားမှာ မီးတောက်နေပြီး သူ့မှာ တစ်ကိုယ်လုံး နာကျင်လောင်မြိုက်နေသည်။ သူသည် ရူးတော့မည့်အလား ဖြစ်နေပြီး သူ့မျက်နှာပေါ်တွင် ထပ်နေသော အနက်ရောင်မျက်နှာမှာ လှုပ်ရှားစပြုလာ၏။ သူက အလွန်အရုပ်ဆိုးနေသောမျက်နှာအမူအရာဖြင့် လက်နှစ်ဖက်မုဒြာလက်ကွက် အလျင်အမြန် ဖော်လိုက်သည်။ သူ ခေါင်းမော့လာသောအခါ အနက်ရောင်မျက်နှာက အသံမဲ့သောဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်သည်။ အကြီးအကဲဟိုက်ရှန်းသည် အသက်ရှူသွင်းပြီး လက်နှစ်ဖက်လုံးကို အပေါ်မြှောက်ကာ မန်ဟို့ထံသို့ ဝှေ့ယမ်းလိုက်၏။
“မန်ဟို ... သေပေတော့”
သူ့လက်နှစ်ဖက်လုံး မြောက်တက်သွားစဉ် အနက်ရောင်မြူများက သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်ကာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်သွားသည်။
ရုတ်တရက် အကြီးအကဲဟိုက်ရှန်းမှာ ဧရာမနှလုံးကြီးတစ်ခုဖြင့် အစားထိုးခံလိုက်ရသည်။ နှလုံးကြီးသည် မည်းနက်နေပြီး ဖောက်ပြန်ပျက်စီးမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်လွှတ်နေ၏။ ထိုမျှသာမက ရှေးကျသောအရှိန်အဝါတစ်ခုက ၎င်းထံမှ ဖြာထွက်လာသည်။
အရှိန်အဝါပေါ်ထွက်လာသည်နှင့်တစ်ဆက်တည်းမှာပင် နှလုံးကြီးထံမှ အလွန်ကျယ်လောင်သောအသံများ ကြားလိုက်ရသည်။
ဒုတ် .. ဒုတ် ..........
ဒုတ် .. ဒုတ် .........
ဒုတ် .. ဒုတ် ........
ပဲ့တင်ထပ်နေသောအသံကြီးက မန်ဟို့မျက်နှာအား ရိပ်ခနဲ ဖြစ်သွားစေသည်။ ထူးဆန်းသောနှလုံးကြီး၏ လှုပ်ရှားမှုတိုင်းက နှလုံးခုန်သံကြီးကို တောင်တစ်လုံးသဖွယ် မန်ဟို့အပေါ် ဖိနှိပ်လိုက်သော ဖိအားကြီးဖြင့် ပဲ့တင်ထပ်သွားစေ၏။
တစ်ချိန်တည်းမှာပင် မန်ဟို့နှလုံးသားမှာ စူးအောင့်နာကျင်လာသည်။ ထူးဆန်းသောအနက်ရောင်နှလုံးကြီး တစ်ချက်ခုန်တိုင်း ထူးဆန်းသည့်စွမ်းအားတစ်ရပ်က မမြင်ရသော ဓားသွားများအလား သူ့အား မွှန်းနေတော့သည်။
မန်ဟို့နှလုံးသားမှာ နှစ်ခြမ်းခြမ်းခံရတော့မည့်အလား ခံစားလိုက်ရသည်။
သူ့ကျင့်ကြံခြင်းအခြေခံ၊ သူ့ခန္ဓာကိုယ်၊ အရာရာတိုင်း စူးအောင့်နာကျင်နေသည်။ သွေးတို့ လွင့်စင်ထွက်သွားစဉ် အနက်ရောင်နှလုံးကြီးက မီးတောက်မီးလျှံများကို တိုးဝှေ့ရင်း လေလယ်တွင် ပျံဝဲနေလေသည်။
ထူးဆန်းသောမှော်အတတ်က မန်ဟို့အား စိုးရိမ်ကြီးစွာ အသက်ရှူလာရစေသည်။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သူ့နှလုံးသားသည် သူ့ရင်ဘတ်ကို ခွဲ၍ ထွက်သွားတော့မတတ် ဖြစ်နေ၏။ သူက အံတင်းတင်းကြိတ်၍ စူးအောင့်နေသော နာကျင်မှုကို လျစ်လျူရှုရင်း လက်မြှောက်လိုက်သည်။
သူ လက်ကို ဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်သစ်စေ့ ၁၁ စေ့ ပျံထွက်သွား၏။
“မှော်သစ်စေ့တပ်သားတွေ” သူက အော်လိုက်သည်။ ဖောက် ... ဖောက် .... ဖောက်။ သစ်စေ့ ၁၁ စေ့က မှင်စာဆယ့်တစ်ကောင်အသွင်ပြောင်းသွားသဖြင့် တဖောက်ဖောက် မြည်သံများ ကြားလိုက်ရသည်။ မှင်စာများသည် ပါးစပ်ကြီးများ ဖြဲလျက် မျက်လုံးကင်းမဲ့နေ၏။ ၎င်းတို့က ခပ်စူးစူးအော်ရင်း အနက်ရောင်နှလုံးကြီးထံသို့ အလုအယက် ပြေးဝင်သွားကြသည်။
အကြီးအကဲဟိုက်ရှန်းမှာ ဖြစ်ပျက်နေသောအရာကြောင့် ချက်ချင်း အံ့အားသင့်သွားလေသည်။ မန်ဟိုသာ သူ့နတ်ဘုရားစွမ်းရည်နှင့် မရင်းနှီးခြင်းမဟုတ်၊ အကြီးအကဲဟိုက်ရှန်းလည်း ထိုတပ်သားများအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။ မိစ္ဆာကျင့်ကြံသူအုပ်၏ စုံစမ်းမှုများက ဤအခြင်းအရာကို မဖော်ပြခဲ့ပေ။
အကြီးအကဲဟိုက်ရှန်းအတွက် ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်မှာ အနက်ရောင်သစ်စေ့များ ပြေးဝင်လာစဉ် ၎င်းတို့၏စူးစူးဝါးဝါး အော်သံများက အနက်ရောင်နှလုံးကြီးကို စတင်တုန်ရီလာစေခြင်းပင် ဖြစ်သည်။ ထို့နောက် နှလုံးကြီးသည် မှေးမှိန်စပြုလာပြီး ပင်လယ်ကို ဖုံးလွှမ်းနေခဲ့သော အနက်ရောင်မြူများ ပြန်ဆုတ်လာသည်။
အားလုံးအထဲ မယုံနိုင်ဖွယ်အကောင်းဆုံးမှာတော့ ကျောက်စိမ်းပြားကို ချိုးပြီးနောက် ပေါ်လာခဲ့သော အနက်ရောင်မျက်နှာကြီးက ... အလန့်တကြား အော်လိုက်ခြင်းပင်။
ထိုအခိုက်အတန့်တွင် သစ်စေ့နက်မှင်စာများက အနက်ရောင်နှလုံးကြီးကို ပူးကပ်ရန်အလား ထိုးဆင်းလာကြလေပြီ။
“မဖြစ်နိုင်ဘူး” အကြီးအကဲဟိုက်ရှန်းက တအံ့တဩ အော်သည်။
ဤအချက်သည် သစ်စေ့နက်မှင်စာများနှင့်ပတ်သက်၍ အန္တရာယ်အများဆုံးအချက် ဖြစ်၏။ ၎င်းတို့က ပေါ်လာလျှင်ချင်း ပထမဆုံးလုပ်ရန် ကြိုးစားသည်မှာ ပူးကပ်ဖို့ ပစ်မှတ်ရှာခြင်းပင်။ မန်ဟို့အနေဖြင့် ရှင်ခြင်းသေခြင်းမန္တန်ကြောင့်သာ သူတို့ကို ခိုင်းစေနိုင်ခြင်းဖြစ်သည်။ ထိုမျှသာမက သူသည် တစ်ကောင်ချင်းစီကိုသာ လက်ပါးစေအဖြစ် ထိန်းချုပ်ခဲ့လေသည်။ ဆယ့်တစ်ကောင်လုံးသာ သူ့ထံ တစ်ပြိုင်တည်း လာခဲ့လျှင်တော့ သူလည်း ထွက်ပြေးရလိမ့်မည်။
အနက်ရောင်နှလုံးကြီးမှာ ရုန်းကန်နေပြီး အနက်ရောင်မြူများက နောက်ဆုတ်သွားနေသည်။ မျက်စိတစ်မှိတ်အတွင်း နှလုံးကြီးကား ဖောင်းခနဲ ကြေမွသွားတော့၏။ အကြီးအကဲဟိုက်ရှန်းမှာ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားသော အော်သံကြီးကို ထုတ်လွှတ်ရင်း ရှင်းရှင်းဘွင်းဘွင်း ပေါ်လာခဲ့လေပြီ။
သူ့ကိုယ်ပေါ်တွင် မည်သည့်သစ်စေ့နက်မှင်စာကိုမှ မမြင်ရ။ ဆယ့်တစ်ကောင်လုံး သူ့ကိုယ်ထဲတွင် ဖြစ်ရာ သူ့မျက်နှာအပေါ် ထပ်နေသော အနက်ရောင်မျက်နှာကြီးမှာ ရုန်းကန်နေသည့်အလား ရှုံ့မဲ့လာတော့သည်။
“ဒါ ဘာတွေတုန်း” သူက ကြောက်လန့်မှုကြောင့် တုန်ရီနေသောအသံဖြင့် ပြောသည်။ ရုတ်တရက် သူ့ကျင့်ကြံခြင်းအခြေခံသည် မီးငြိမ်းဝိညာဉ်ကိုးလုံးမှ ငါးလုံးသို့ လျင်မြန်စွာ ကူးပြောင်းသွားခဲ့၏။
မန်ဟိုက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် အခြေအနေကို အခွင့်အကောင်းယူရင်း ချဉ်းကပ်လာသည်။ သူ့ညာလက်က နတ်ဘုရားစွမ်းရည်တစ်ခုကို ဖော်ဆောင်၍ အကြီးအကဲဟိုက်ရှန်းအား မီးပင်လယ်ထဲ ပြန်တွန်းချလိုက်သည်။
မတည်ငြိမ်သော ကျင့်ကြံခြင်းအခြေခံက အကြီးအကဲဟိုက်ရှန်းအား မီးပင်လယ်၏ပြင်းအားကို တန်ပြန်တိုက်ခိုက်ရန် ခက်ခဲနေစေသည်။ ထို့အပြင် ကျင့်ကြံအဆင့် ကြီးကြီးမားမား ပြောင်းလဲသွားခြင်းကြောင့်လည်း မီးတောက်များက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံ၍ သူ့ကလီစာများအား ပို၍ပင် လျင်မြန်စွာ လောင်ကျွမ်းလာစေသည်။
“ဖယ်စမ်းးးးးးးးးးးး” အကြီးအကဲဟိုက်ရှန်းက သွေးရူးသွေးတန်း ဟိန်းဟောက်လိုက်သည်။ သေရတော့မည့်ခံစားချက်က ပြင်းထန်လာပြီး သူ ဟိန်းဟောက်လိုက်စဉ် သူ့ခန္ဓာကိုယ်သည် ပို၍ကြီးထွားလာ၏။ သူ့နဖူးထက်ရှိ အကြေးခွံက ချက်ချင်းပင် သူ့ကို ဖုံးလွှမ်းရန် ပြန့်ကားလာပြီး သူ့ချိုနှစ်ခုလည်း ရှည်လာသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူကား ပင်လယ်နဂါးအသွင် ပြောင်းသွားခဲ့လေပြီ။
သူသည် ယခုတွင် မီတာသုံးရာရှည်သော ပင်လယ်နဂါးကြီးတစ်ကောင် ဖြစ်နေ၏။
ဤသည်က သူ၏ပုံစံအစစ်အမှန်ပင်။
သူသည် မဟူရာပင်လယ်နဂါးတစ်ကောင်ဖြစ်ပြီး ပုံစံအမှန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီး အမည်မသိအတတ်တစ်ခုကို သုံးရင်း သူ့တစ်ကိုယ်လုံးအား တွန့်လိမ့်ရှုံ့တွလာစေသည်။ သစ်စေ့နက်မှင်စာများမှ သူ့ကိုယ်ထဲမှ နှင်ထုတ်လိုက်သဖြင့် တဖောက်ဖောက်အသံများ ကြားလိုက်ရသည်။
သို့သော် .... သူ့ခန္ဓာကိုယ် ကြီးထွားလာနေစဉ်မှာပင် မီးတောက်များက သူ့ကို လောင်ကျွမ်းပြာချနေသည်။ မျက်စိတစ်မှိတ်အတွင်း သူ့အကြေးခွံအတော်များများမှာ အရည်ပျော်ကျနေရင်း အောက်ရှိ အရိုးများကို ဖော်ပြနေတော့သည်။
“မန်ဟို ငါ မင်းကို စားပစ်မယ်” သူက ကြိမ်းဝါးလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဒေါသတကြီး တွန့်လိမ်လာပြီး သူ့ခေါင်းကြီးက မန်ဟို့ထံသို့ သွေးရူးသွေးတန်း ပြေးဝင်လာ၏။ သူ့မျက်လုံးများက နီမြန်းနေပြီး သူ မန်ဟို့ကို ဝါးမြိုရန် ပါးစပ်ဟလိုက်သည့်အခါ ဆိုးရွားသောအနံ့အသက်များ ထွက်လာသည်။
မန်ဟို့မျက်နှာထားက ပြောင်းလဲခြင်းမရှိပေ။ သူ့မျက်နှာမှာ အတန်ငယ် ဖျော့တော့နေသော်လည်း နဂါး သူ့အား ကပ်လာစဉ် သူက အသက်ပြင်းပြင်းရှူပြီးနောက် လက်သီးဆုပ်ကာ ..... ထိုးချလိုက်၏။
လက်သီးတစ်ချက် ၊ အသက်နုတ်လက်သီးမဟုတ်.... ခန္ဓာစတေးလက်သီးပင်။
လက်သီး ပြေးထွက်သွားစဉ် နတ်ဆိုးအရှိန်အဝါက ကျန်အရှိန်အဝါအားလုံးကို လွှမ်းမိုးသွားသည်။ ဤလက်သီးသည် လူတစ်ယောက်အား နတ်ဆိုးဖြစ်လာမည့် လမ်းကြောင်းပေါ် ရောက်သွားစေနိုင်သည့်အလား အောင်မြင်ဖို့ မည်သည့်အရာကိုမဆို ပေးဆပ်ရန် ဆန္ဒရှိနေသည့်လက်သီးပင်။
လေများ တဝေါဝေါတိုက်၍ အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားသည်။ မရဏထောင်ချောက်၏ ပင်လယ်ရေတံတိုင်းလေးဖက်လုံး တုန်ခါလာသည်။ လက်သီး ကျရောက်သွားသည်နှင့် ပြေးဝင်လာသော ပင်လယ်နဂါးမှာ လက်မခံနိုင်သကဲ့သို့ ဟိန်းဟောက်ရင်း နောက်တွန့်သွားတော့သည်။
ဖောင်းးးးးး
နားကွဲလုမတတ် ဟိန်းထွက်သွားသည်။ ပင်လယ်နဂါးအကြီးအကဲဟိုက်ရှန်းမှာ သွေးပျက်လုမတတ် အော်ဟစ်လိုက်ရလေသည်။ သူက တိုက်ခိုက်နေခြင်းကို ရပ်၍ မီးပင်လယ်ထဲ ငုပ်လျှိုးသွားရန် ကြိုးစားသည်။ မန်ဟိုမှာ သွေးရှစ်လုပ်ဆက်တိုက် အန်လိုက်ရပြီး အမြင်အာရုံများ ဝေဝါးလာသည်။ ထို့နောက် သူက အသိနှင့်သတိကပ်ရန် သူ့လျှာကို ရက်ရက်စက်စက် ကိုက်ချလိုက်၏။
ပင်လယ်နဂါး မီးပင်လယ်ထဲ ငုပ်လျှိုးသွားစဉ် ကြောက်လန့်မှုက သူ့မျက်ဝန်းများတွင် အတိုင်းသားပေါ်လွင်နေသည်။ သူသည် ထွက်ပြေးဖို့ မကြိုစားတော့ဘဲ ထိုအစား ရေအောက်၌ တည်ရှိသော မရဏထောင်ချောက်ရေတံတိုင်းထံ တဟုန်ထိုး သွားလိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် သူကား ချိုးဖျက်ဖို့ ကြိုးစားပါက ရလဒ်အဖြစ် ထွက်လာမည့် တန်ပြန်ရိုက်ခတ်မှုကို လိုလိုလားလား ခံချင်နေလေသည်။
အကြီးအကဲဟိုက်ရှန်းအနေဖြင့် လွတ်မှဖြစ်မည်။ မဟုတ်လျှင် သေရလိမ့်မည်။
ပင်လယ်နဂါးအကြီးအကဲဟိုက်ရှန်းမှာ တံတိုင်းအား ကိုးကြိမ်ဆက်တိုက် သွေးရူးသွေးတန်း ဝင်တိုက်လိုက်သဖြင့် အပေါက်ကြီးတစ်ပေါက် ပေါ်လာသည်။ ပြန်ကန်အားက သူ့ကို ဝင်တိုက်လိုက်သဖြင့် သူ၏ပင်လယ်နဂါးကိုယ်လုံးကြီးတစ်ခုလုံး တုန်ရီသွားလေ၏။
သူ့မှာ ချက်ချင်းပင် စုတ်ပြတ်ပေါက်ပြဲဒဏ်ရာများ ဖုံးသွားသည်။ အကြေးခွံများက အရပ်လေးမျက်နှာသို့ လွင့်ထွက်သွားပြီး အသားနီမျာ လန်ကုန်သည်။ ပြန်ကန်အားက ပြင်းထန်လွန်းသည့်အတွက် မန်ဟို့ကိုပင် အံ့အားသင့်သွားစေသည်။
မျက်စိတစ်မှိတ်အတွင်း ပင်လယ်နဂါးကိုယ်လုံးကြီးကား အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပေတော့မည်။ အကြီးအကဲဟိုက်ရှန်းက အကျယ်ကြီး ဟိန်းလိုက်ရာ အနက်ရောင်မြူအမြောက်အမြားသည် သူ့ကိုယ်ထဲမှ စိမ့်ထွက်၍ ပြန်ကန်အား၏ ရိုက်ခတ်မှုကို တောင့်ခံလိုက်သည်။ ယင်းက ဝိညာဉ်ကျောက်စိမ်း၏စွမ်းအားပင်။ တခဏကြာသော် ပြန်ကန်အား ပျောက်ကွယ်သွားပြီး အကြီးအကဲဟိုက်ရှန်းက နဝမပင်လယ်ထဲ ကပျာကယာထွက်လိုက်၏။
သူ့ပင်လယ်နဂါးကိုယ်လုံးကြီးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပြီး သူ့မှာ သတိလစ်ခါနီးဆဲဆဲ ဖြစ်နေသည်။ သူက နဝမပင်လယ်အတွင်း ကူးခတ်ဝင်ရောက်ရန် ရှိသမျှစွမ်းအားအကုန် ထုတ်သုံးနေသည်။
“အို အမေနဝမပင်လယ် ကယ်တင်တော်မူပါ” သူက အသည်းအသန်ပြေးနေရင်း တိုင်တည်လိုက်သည်။ သူသည် နဝမပင်လယ်တွင် မွေး၍ ထိုနေရာတွင် ကြီးပြင်းထားခဲ့ရရာ နဝမပင်လယ်က သူ၏အမေဖြစ်ချေသည်။
သူ့အသံထွက်လာသည်နှင့်တစ်ပြိုင်နက် နဝမပင်လယ်မှ ကုစားခြင်းစွမ်းအားက သူ့ကိုယ်ထဲ ဝင်ရောက်လာကာ သူ့ကို ကုသပေးတော့သည်။
သူ့အနောက် မလှမ်းမကမ်းရှိ မန်ဟို့မျက်လုံးများ မီးဝင်းဝင်းတောက်သွားသည်။ ပင်လယ်နဂါး၏ကိုယ်လုံးကြီး သက်သာနေသည်ကို မြင်လျှင် သူ့အကြည့်က ဓားမြှောင်များသဖွယ် စူးရှသွားပြီး သူက ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည်။
“နဝမပင်လယ် မင်း သူ့ကို ကယ်ရဲရင် ငါ ကျိန်ဆိုတယ်။ ငါ တာအိုတရားပေါက်တဲ့အခါ နဝမတောင်မှာ ပင်လယ်မရှိစေရဘူး”
***