နဝမပင်လယ် အမျက်တချောင်းချောင်းထွက်ခြင်း
Vol. 77 Ch. 1069
“ဟာသပဲ” အကြီးအကဲဟိုက်ရှန်း၏ ပုံစံအစစ်အမှန်၊ ဧရာမပင်လယ်နဂါးကြီးက ပြောသည်။ ၎င်းသည် တဖြေးဖြေး ပြန်လည်သက်သာလာနေသဖြင့် တဟားဟား အော်ရယ်နေတော့၏။
“နဝမပင်လယ်က မိစ္ဆာကျင့်ကြံသူတစ်အုပ်လုံးရဲ့ အမေပဲ။ မင်းလို ဘာမဟုတ်တဲ့ကောင်က ပင်လယ်ရေလေးတစ်စက်ကိုတောင် တုန်ခါစေနိုင်မှာမဟုတ်ဘူး။ ကျီတျန်းတောင်မှ အဲဒီလို ပြောရဲတဲ့အထိ မရူးဘူးကွ” (ကျီတျန်း- နဝမတောင်ပင်လယ်သခင်)
“ဒါတောင် မင်းလိုကောင်က အမေနဝမပင်လယ်ကို ခြိမ်းခြောက်ရဲတယ်လား
“ဘယ်လောက်မောက်မာလိုက်သလဲ။ ဘယ်လောက်ရမ်းကားလိုက်သလဲ။ ဘယ်သူက မင်းကို ဒီလိုပြောရဲတဲ့သတ္တိပေးခဲ့တာတုန်းကွ” ပင်လယ်နဂါးဟိုက်ရှန်းသည် မန်ဟို့စကားက ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကြီးအလား အထင်သေးစွာ ရယ်နေတော့၏။
သို့သော် မန်ဟို့အသံထွက်လာသည့်အချိန်မှာပင် နဝမပင်လယ်မှာ ရုတ်တရက် တဖွေးဖွေး လှုပ်လာသည်။ လှိုင်းပုတ်သံများက ကြယ်တာရာကောင်းကင်အထိ ဟိန်းထွက်သွားသည်။
ထိုအခြင်းအရာက အကြီးအကဲဟိုက်ရှန်းကို တအံ့တဩ ငေးကြည့်မိသွားစေသည်။
မန်ဟိုသည် သာမန်ကျင့်ကြံသူမဟုတ်ပေ။ လူအတော်များများအတွက်တော့ သူ့ပုံစံမှာ အားနည်းသည့်ပုံစံပေါ်သော်လည်း တကယ်တမ်း ... တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းအတွက် မန်ဟိုကား တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာဖြစ်ချေသည်။
မိစ္ဆာချုပ်နှောင်သူအဖွဲ့ဝင်တစ်ဦး တရားဝင်ဖြစ်လာခဲ့ပြီး ပါရာဂွန်ကိုးတံဆိပ်၏သွေးစက်ကို စုပ်ယူခဲ့သည့်အချိန်မှစ၍ သူသည် တာအိုကို ရရှိလျှင် တောင်ပင်လယ်လောက၏အရှင်သခင် မုချဖြစ်လာလိမ့်မည်။
ထိုကဲ့သို့ အဆင့်အတန်းမျိုးနှင့် ဩဇာအာဏာအရ သူ ပြောလိုက်သည့်စကားလုံးတိုင်းက ... မိုးနှင့်မြေကို တုန်ခါဟည်းစေပြီး တောင်ကိုးလုံးကို တသိမ့်သိမ့်လှုပ်ရမ်းလာစေကာ ပင်လယ်ကိုးစင်းကို တုန်ယင်သွားစေနိုင်သည်။
နဝမပင်လယ်မှာ ရုတ်တရတ် တိတ်ဆိတ်သွားသည်။
ပင်လယ်နဂါးအကြီးအကဲဟိုက်ရှန်းထဲသို့ စီးဝင်နေသော ကုစားခြင်းစွမ်းအားများလည်း တုံ့ခနဲ ရပ်သွားသည်။ သူ့မှာ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားပြီး မျက်လုံးများ ဇကောလောက် ပြူးကျယ်သွားတော့၏။
နဝမပင်လယ်တွင် မွေးဖွား၍ အရွယ်ရောက်လာခဲ့သော သူသည် ပင်လယ်သားရဲတစ်ကောင်ဘဝမှ မိစ္ဆာကျင့်ကြံသူအဖြစ်သို့ တက်လှမ်းခဲ့ပြီး နဝမပင်လယ်၏ ရင်နှစ်သည်းချာသားရတနာဟု ဆိုနိုင်သည်။ အမှန်အားဖြင့် မည်သည့်မိစ္ဆာကျင့်ကြံသူကိုဆို နဝမပင်လယ်၏ကလေးအဖြစ် သတ်မှတ်နိုင်ပေသည်။
ရင်နှစ်သည်းချာကလေးတစ်ဦး နဝမပင်လယ်ထဲတွင် ဒဏ်ရာရသောအခါ နဝမပင်လယ်က ကုစားခြင်းစွမ်းအား ပေးပို့ပေးတတ်သည်။ ယင်းက မိစ္ဆာကျင့်ကြံသူတိုင်း သိသောအရာဖြစ်သည့်အပြင် နဝမပင်လယ်ကို သူတို့၏အမေအဖြစ် သတ်မှတ်ကြသော အကြောင်းရင်းလည်း ဖြစ်သည်။
ထို့ကြောင့် မိစ္ဆာကျင့်ကြံသူအုပ်သည် ကိုးပင်လယ်နတ်လောကထဲ၌ အခိုင်အမာနေရာယူထားနိုင်ခြင်းပင်။ သူတို့က သာမန်ကျင့်ကြံသူများနှင့်မတူပေ။ သို့သော် ယခုတော့ ... အမေနဝမပင်လယ်မှာ မန်ဟို့ခြိမ်းခြောက်စကားကို ကြားလိုက်၍ ပင်လယ်နဂါးအား ကုစားပေးနေသည်ကို ရပ်လိုက်သည်။
ထိုအပြူအမူ၏ နက်ရှိုင်းသောအဓိပ္ပါယ်က တုန်လှုပ်ချောက်ချားစရာ ကောင်းသည်သာမက မွန်းကြပ်ဖွယ်ကောင်းသည်။ ၎င်းက အဆုံးစွန်အထိ တုန်လှုပ်ဖွယ်ကောင်းသောတစ်စုံတစ်ခုကို ဖော်ပြခဲ့လေသည်။
“မဖြစ်နိုင်ဘူး...
“သူက ဘယ်သူလဲ။ အက်ရှလွန်စာရင်းဝင်ဖြစ်နေလို့များလား။ ဟုတ်တယ် အဲဒါကြောင့်ပဲ ဖြစ်ရမယ်။ ဒါကြောင့် အမေနဝမပင်လယ်က ငါ့ကို စွန့်ပစ်နေတာပဲ” အကြီးအကဲဟိုက်ရှန်းမှာ ယခုကဲ့သို့ ကောက်ချက်ချရင်း ကြက်သီးမွေးညင်းထသွားတော့သည်။ သို့သော် သူ့မှာ မသေချာသေး၍ ထိုအဖြေက မှန်ရဲ့လား၊ ယုတ္တိပင်ရှိရဲ့လား မပြောတတ်ပေ။
နဝမပင်လယ်မှ အားဖြည့်ပေးနေသော ကုစားခြင်းစွမ်းအားမရှိတော့၍ အကြီးအကဲဟိုက်ရှန်း၏ ပင်လယ်နဂါးကိုယ်လုံးကြီးမှာ သက်သာနေခြင်း ရပ်တန့်သွားသည်။ သွေးများ စီးကျနေပြီး သူ၏စုတ်ပြတ်သပ်နေသော ကိုယ်လုံးကြီးမှာ ဆောက်တည်ရာမဲ့စွာဖြင့် ထွက်ပြေးတော့သည်။
မန်ဟိုက ထပ်ကြပ်မကွာလိုက်လာရင်း မှီခါနီးနေလေပြီ။ သူလည်း ဒဏ်ရာရထားသော်ငြား သူ၏ထာဝရအလွှာက သူ့ကို အဆက်မပြတ် ကုသပေးနေ၍ သူ့ခန္ဓာကိုယ်သည် တဖြေးဖြေး ပုံမှန်ပြန်ဖြစ်သွား၏။
သူ့မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် မီးဝင်းဝင်းတောက်လျက်ရှိပြီး သူက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်ရန် လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်သည်။ အကြီးအကဲဟိုက်ရှန်း၏ ပင်လယ်နဂါးကိုယ်လုံးကြီးမှာ ဆတ်ခနဲ တုန်သွားပြီး တုံ့ခနဲ ရပ်လိုက်ရသည်။
ထိုအခိုက်အတန့်တွင် မန်ဟိုက ချဉ်းကပ်လာသည်။ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးဖြင့် ရှေးဟောင်းနယ်ပယ်စွမ်းအားမှာ ... သူ၏အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်လျှင် သူ့အတွက် ယှဉ်နိုင်သော အတိုင်းအတာဖြစ်သည်။
သူက ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူ့လက်ဖဝါးတစ်ခုလုံး နီရဲလာသည်။ ရုတ်တရက် ၎င်းသည် လက်ဝါးနှင့်မတူတော့ဘဲ ပါးစပ်ကြီးဖြဲ၍ ပင်လယ်နဂါးကို လှမ်းဟပ်လိုက်သော သွေးမိစ္ဆာခေါင်းကြီးတစ်လုံးဖြစ်သွား၏။
“အမေရေ ကယ်ပါဦး” အကြီးအကဲဟိုက်ရှန်းမှာ ပျက်စီးရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသဖြင့် အမေတလိုက်တော့သည်။ သူ ကူပါကယ်ပါ တစာစာ အော်နေစဉ် မန်ဟို့သွေးမိစ္ဆာခေါင်းကြီးက ကျဆင်းလာနေလေပြီ။ ဤအခိုက်အတန့်တွင် ရုတ်တရက် နဝမပင်လယ်တစ်လျှောက် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဧရာမလှိုင်းတံပိုးကြီးများ ထကြွလာသည်။ ထပ်မံ၍ နူးညံ့ညင်သာသောစွမ်းအားတစ်ရပ်က အရပ်လေးမျက်နှာမှ ပင်လယ်နဂါး၏ကိုယ်ထဲသို့ စီးဆင်းလာသည်။
သေမင်းခံတွင်းဝသို့ ရောက်ရှိနေခဲ့သော ပင်လယ်နဂါးအသွင်ဖြင့် အကြီးအကဲဟိုက်ရှန်းမှာ ရုတ်တရက် အသက်စွမ်းအားများ ပြန်လည်ပြည့်တင်းလာနေသည်ကို ခံစားလိုက်ရ၏။ သူက ဝမ်းသာအားရဖြင့် မိုးကုပ်စက်ဝိုင်းဆီ တဟုန်ထိုး ထွက်သွားတော့သည်။
မန်ဟို၏ အသေတိုက်ကွက်က လေကိုသာ ဝင်တိုက်သွားသည်။
သူသည် မျက်လုံးများ သွေးကဲ့သို့ နီစွေးနေလျက် ခေါင်းကို တဖြေးဖြေး မော့ရင်း ဟိန်းဟောက်လိုက်၏။ “နဝမပင်လယ်”
အသံက ပင်လယ်ရေများကို ကြောက်စရာကောင်းလောက်အောင် ဆူပွက်သွားစေရင်း အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
လှောင်ရယ်သံကြီးက ပင်လယ်နဂါးထံမှ ထွက်လာသည်။ သူသည် အသက်မသေခဲ့ရုံတင်မကဘဲ သူ့ခန္ဓာကိုယ်မှာလည်း လျင်မြန်စွာ သက်သာလာနေ၏။ အမေနဝမပင်လယ်က သူ့ကို မစွန့်ပစ်ခဲ့ပေ။
"အက်ရှလွန်က ဘာမှမဟုတ်ဘူး။ မင်း ငါ့ကို ဒီတစ်ကြိမ် မသတ်နိုင်ဘူး။ မင်း ဘာမှကို မတတ်နိုင်တော့ဘူးကွ ဟားဟား
"မင်း ငါ ဂိုဏ်းကို ပြန်ရောက်သွားတာပဲ စောင့်ကြည့်နိုင်လိမ့်မယ်။ နေနှင့်ဦးပေါ့ မန်ဟို။ ငါ မင်းကို သတ်ပစ်ရုံတင်မဟုတ်ဘူး။ မင်း မိတ်ဆွေတွေအကုန်လုံးကို သတ်ပစ်မယ်
"ချန်ဖန်းဆိုတဲ့ မင်းရဲ့အစ်ကိုကြီးရယ် လီဖူကွေ့ဆိုတဲ့ မင်းရဲ့ညီအကြောင်းလဲ ငါ သိထားတယ်။ စိတ်မပူနဲ့။ သူတို့ကိုလည်း ဖြည်းဖြည်းချင်း သေသွားအောင် ငါလုပ်ပေးမယ်။ သူတို န၀မတောင်ပင်လယ်မှာ မွေးဖွားလာရတာ နောင်တရသွားစေမယ်လို့ ငါ အာမခံတယ်
"ပြီးတော့ မင်းရဲ့အချစ်လေးကိုတော့ ဟားဟားဟား။ အဆိပ် ဘယ်လိုဖြေရမလဲ ငါ သိပေမယ့် မင်းကို လုံးဝမပြောဘူး။ အဲ့ဒီအဆိပ်ကို တာအိုနယ်ပယ်အဆင့်လူတစ်ယောက်ပဲ ထုတ်ပေးနိုင်တဲ့အပြင် အဲဒါတောင် အင်မတန်မှ ခက်ခဲဦးမှာ။ အားတင်းထား မန်ဟို။ သူ တဖြည်းဖြည်း ခြောက်ကပ်သေဆုံးသွားမှာကို မင်း ကြည့်ကိုကြည့်နေရလိမ့်မယ်" အသက်ဘေးမှ သီသီလေး လွတ်ခဲ့သည့်အတွက် ၀မ်းသာအားရ ဟိန်းဟောက်နေသော ပင်လယ်နဂါးဟိုက်ရှန်း၏ အော်သံများက ဟိန်းထွက်လာသည်။ ကြည့်ရသရွေ့ သူကား အလွန်ပျော်လွန်းသဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ရန်ပင် မေ့လျော့သွားခဲ့ပုံရသည်။
န၀မပင်လယ်မှ ထောက်ပံ့ပေးနေသော အကူအညီမှာ ရုတ်တရက် အရှိန်မြင့်လာသဖြင့် သူ့အား လေထဲတွင် တုန်ရီသွားစေသည်။ မန်ဟိုက ပြုံးလိုက်သည်။ ၎င်းက အမျက်ထွက်နေသာအပြုံး၊ သွေးအေးသောအပြုံးဖြစ်သည်။
"ကျုပ် ခင်ဗျားကို သေချင်စေရင် ခင်ဗျား ဘယ်ကိုမှ သွားနိုင်မှာမဟုတ်ဘူး" န၀မပင်လယ်၏ စိတ်ဆန္ဒသည် ကျယ်ပြောပြီး အကန့်အသတ်မဲ့၏။ သို့သော် စည်းမျဥ်းများ ချမှတ်ထားသည့်အတွက် ၎င်းအနေဖြင့် မန်ဟိုကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော် မန်ဟိုနှင့် သူ့ကလေးကို ရွေးခိုင်းလျှင်တော့ ၎င်းက ကလေးကိုသာ ရွေးမည်ဖြစ်သည်။
သို့ရာတွင် န၀မပင်လယ်အတွက် ဤအခြေအနေက ရွေးချယ်စရာ ပေးနေသော အခြေအနေ မဟုတ်။ ၎င်းက ရန်စခံရသော အခြေအနေဖြစ်သည်။
၎င်းသည် မန်ဟို၏အဆင့်အတန်းကို လေးစားပါသော်လည်း မန်ဟိုက ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်ဟု မယုံကြည်ပေ။
အနာဂတ်တွင် ဖြစ်နိုင်ချေပေါင်းမြောက်များစွာ ရှိသည်မဟုတ်ပါလော။
ပင်လယ်နဂါး ထွက်ပြေးလွတ်မြောက်သွားစဉ် မန်ဟိုသည် အရာအားလုံးကို နားလည်သွား၏။ ထို့နောက် သွေးအေးသော အပြုံးက သူ့နှုတ်ခမ်းထက်တွင် ဖြစ်ထွန်းသွားပြီး အသတ်အဖြတ်စိတ်ဆန္ဒသည် တဟုန်းဟုန်း တောက်လာ၏။ သို့သော် ထိုသတ်ဖြတ်လိုစိတ်သည် မိစ္ဆာကျင့်ကြံသူကို မဦးတည် ... န၀မပင်လယ်ကို ရည်ရွယ်နေခြင်းဖြစ်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ကာ သွေးမိစ္ဆာခေါင်းတစ်ခေါင်းအား ပေါ်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း သွေးမိစ္ဆာခေါင်းသည် သီးခြားသွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းအဖြစ် ကွဲထွက်၍ တဝဲဝဲလည်ကာ သွေးလုံးကြီးတစ်လုံးသဖွယ် ဖြစ်လာသည်။ ထို့နောက် မန်ဟိုက ထွက်ပြေးနေသော ပင်လယ်နဂါးကို လှမ်းကြည့်လိုက်ပြီး ရုတ်တရက် မိုးကြိုးဒယ်အိုး ပေါ်လာ၏။ ဒယ်အိုးက လင်းခနဲ လက်သွားပြီး မန်ဟိုသည် ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
ပြန်ပေါ်လာသောအခါ သူကား ပင်လယ်နဂါး၏ နေရာတွင် ဖြစ်နေလေပြီ။ သူသည် တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ လက်ကို မြှောက်လိုက်ရာ ချွန်မြသော အရိုးလှံထိပ်နှင့် လောကသစ်ပင်သား လှံရိုးဖြင့် လှံတစ်လက်က ပေါ်လာသည်။ လှံပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက အရှေ့သို့ အားကုန်ပစ်ပေါက်လိုက်၏။ သူက သူ၏ ခွန်အားအလုံးစုံကို လှံထဲ ထည့်သွင်းလိုက်သည့်အတွက် သူ့ကိုယ်သူ ထိခိုက်သွားစေ၍ သွေးအန်လိုက်ရသည်။
လှံက မန်ဟို၏ အင်မော်တယ်ဧကရာဇ်စိတ်ဆန္ဒနှင့် အသတ်အဖြတ်စိတ်ဆန္ဒအလုံးစုံဖြင့် လေကိုခွင်း၍ ရေကို ထိုးဖောက်သွားသည်။ ၎င်းသည် ရေကို ဖောက်ထွင်းစုတ်ဖြဲရင်း ဖော်ပြ၍ မရနိုင်သော အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။
လှံ ပျံထွက်သွားသည့် အခိုက်အတန့်မှာပင် ပင်လယ်နဂါးဟိုက်ရှန်းသည် မန်ဟို စောစောက ရှိခဲ့သောနေရတွင် ပေါ်လာခဲ့၏။
ထိုနေရာတွင် သူက မန်ဟို စောစောကလေးတင် စီရင်ခဲ့သော သွေးမိစ္ဆာမန္တန်၏ အလယ်တည့်တည့်သို ရောက်သွားခဲ့လေသည်။ ပင်လယ်နဂါး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ပတ်ပတ်လည်ရှိ သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်းက ဟိန်းဟောက်၍ ပင်လယ်နဂါးထံသို့ ပြေး၀င်သွားကြသည်။
အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်နေသဖြင့် အကြီးအကဲဟိုက်ရှန်းမှာ ကြက်သေသေနေတော့၏။ သွေးမိစ္ဆာခေါင်းများအားလုံး သူ့အပေါ် အုပ်မိုးလာစဉ် သူက သွေးပျက်မတတ် အော်ဟစ်လိုက်သည်။
"အမေ ကယ်ပါဦး"
အသံထွက်လာသည်နှင့်တစ်ပြိုင်နက် န၀မပင်လယ်မှ ကုစားခြင်းစွမ်းအားက စီးမျောထွက်လာ၏။ သို့သော် စွမ်းအား ပင်လယ်နဂါး၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားသည့်အချိန်မှာပင် လှံက လေကို ခွင်း၍ ရောက်ရှိလာခဲ့လေပြီ။
အမြန်နှုန်းသည် ဖော်ပြ၍ပင် မတတ်နိုင်လောက်အောင်ဖြစ်သည်။ လှံက သူ့နဖူးမှတစ်ဆင့် ထုတ်ချင်းဖောက်ထွက်ရင်း သွေးများအား ရေတံခွန်ကဲ့သို ပန်းထွက်သွားစေသဖြင့် အကြီးအကဲဟိုက်ရှန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ လှံ၏အရှိန်အဟုန်က ပင်လယ်နဂါးကို လည်ထွက်သွားစေ၏။ ထိုအခိုက်အတန့်မှာပင် သွေးမိစ္ဆာခေါင်းများက ကျဆင်းလာပြီး သူ့ကို သွေးရူးသွေးတန်း စုပ်ယူကြတော့သည်။
ပင်လယ်နဂါးမှာ သေသင့်ပြီဖြစ်သော်လည်း န၀မပင်လယ်၏ ကုစားခြင်းစွမ်းအားက အကန့်အသတ်မဲ့၍ သူ၏ အသက်မီးတောက်ကို မငြိမ်းသေသွားအောင် ထိန်းထားပေးနေ၏။ သို့သော် ဤအခိုက်အတန့်တွင် ပင်လယ်နဂါးမှာ ပြိုကွဲသွားလေသည်။
သူ သေလုမြောပါးဖြစ်နေသော အခိုက်အတန့်တွင် မန်ဟိုက ရောက်လာသည်။ သူသည် ဝိညာဉ်ဖွေရှာမှော်အစွမ်းကို အသုံးပြုရင်း သူ၏လက်ကို ပင်လယ်နဂါး၏ ခေါင်းပေါ် ရိုက်ချလိုက်ကာ အကြီးအကဲဟိုက်ရှန်း၏ မှတ်ဉာဏ် ၃၀ ရာခိုင်နှုန်းခန့်ကို မွှေနှောက်လိုက်သည်။
၃၀ ရာခိုင်နှုန်း စုပ်ယူပြီးသော အချိန်တွင် အကြီးအကဲဟိုက်ရှန်းမှာ အသက်ထွက်သွားခဲ့လေပြီ။
တစ်ဆက်တည်းမှာပင် န၀မပင်လယ်မှ ဒေါသူပုန်ထနေသော အရှိန်အဝါက ပင်လယ်ထဲရှိ အရာအာလုံးကို ပြင်းပြင်းထန်ထန် တုန်ခါလာစေသော စွမ်းအားကြီးတစ်ရပ်အသွင် ပြောင်းသွားသည်။ ထို့နောက် စွမ်းအားကြီးက မန်ဟိုကို သုတ်သင်တော့မည့်အလား မန်ဟို့ထံ ထိုးဆင်းလာသည်။
"ရာရာစစ" သူက နှာမှုတ်ရင်း ပြောလိုက်သည်။ န၀မပင်လယ်အနေဖြင့် သူ့ကို လျစ်လျူရှု၍ ပင်လယ်နဂါးကို ကယ်တင်နိုင်သော်လည်း သူ့ကို ထိခိုက်အောင်မလုပ်နိုင်ကြောင်း သူ သိလေသည်။ သူက တောင်ပင်လယ်လောက၏ အရှင်သခင်အလောင်းအလျာ မဟုတ်ပါလော။
သူ့အသံ ပဲ့တင်ထပ်လာစဉ် သူ့ထံ ထိုးဆင်းလာနေသော စွမ်းအားမှာ ရုတ်တရက် စည်းမျဉ်းတစ်ခု၏ ဟန့်တားခံလိုက်ရသဖြင့် ရုတ်တရက် တုံခနဲ ရပ်သွားရသည်။ န၀မပင်လယ်၏ အမျက်ဒေါသမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားရုံသာ တတ်နိုင်တော့သည်။
ပင်လယ်နဂါး၏ အသက်မီးတောက်လည်း ငြိမ်းသွားသည်။ ၎င်း၏ ဝိညာဉ်သည် အစိတ်စိတ်အမွှာမွှာ ကြေမွသွား၏။ ၎င်း၏ ခန္ဓာကိုယ်သာလျှင် န၀မပင်လယ်မှ ကုစားခြင်းစွမ်းအားကို ဆက်လက်လက်ခံရင်း ကျန်ရစ်ခဲ့လေသည်။ သို့သော် ထိုအရာပင်လျှင် လျင်မြန်စွာ လွင့်ပျယ်ပျောက်ကွယ်သွားနေ၏။ သွေးမိစ္ဆာခေါင်း ၁၂၃ ခေါင်း၏ စုပ်ယူခြင်းခံနေရသဖြင့် ၎င်းသည် ပင်လယ်ရေပေါ် ဖြာကျသွားသော ပြာများအသွင် ပြောင်းသွားတော့သည်။
ထို့နောက် သွေးမိစ္ဆာခေါင်းများက ပင်လယ်နဂါး၏ အသက်စွမ်းအားများကို မန်ဟိုထံ ပေးပို့ရင်း သူ့အား ဝန်းရံလှည့်ပတ်သွားသည်။ စွမ်းအားတချို့က မန်ဟိုကို ပြန်လည်သက်သာလာစေ၍ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီးနောက် အများစုကို သိုလှောင်အိတ်ထဲရှိ ချူယွီယန်ထံသို့ စေလွှတ်လိုက်သည်။
ဤအရာများကို လုပ်ဆောင်ပြီးနောက် မန်ဟိုက န၀မပင်လယ်ကို အေးတိအေးစက် ကြည့်ရင်း ပျံဝဲနေ၏။ သူ့အမူအရာက သွေးအေးနေပြီး သူက မည်သည့်ခြိမ်းခြောက်စကားမှမပြောဘဲ ချာခနဲ လှည့်၍ ကိုးပင်လယ်နတ်လောကထံ တဟုန်ထိုး ထွက်သွားတော့သည်။
သို့သော် န၀မပင်လယ်၏စိတ်ဆန္ဒမှာ မန်ဟို၏ အကျင့်စရိုက်ကို မသိပေ။ သူ ခြိမ်းခြောက်ရန် စကားလုံးများကို သုံးလျှင် ၎င်းက သက်ညှာပေးခြင်း ဖြစ်၏။ သူ ဘာမှမပြောလျှင် မီးနှင့်ရေကဲ့သို ပေါင်းဖက်၍မရတော့ကြောင်း ဖော်ပြနေလေသည်။
ဤကိစ္စရပ်ကား ဤတွင် ပြီးလေပြီ။ မန်ဟို တာအိုကို ရရှိ၍ တောင်ပင်လယ်လောက၏အရှင်သခင် ဖြစ်လာခဲ့လျှင် န၀မပင်လယ်ကား ... ထာ၀ရတစ်လျှောက်လုံး တည်ရှိတော့မည် မဟုတ်ပေ။
"ဂူယွိတင်းစန်းယွီ ငါ မင်းကို ပေးထားတဲ့ကတိ ရှိတယ်။ ငါ တာအိုရရှိခဲ့ရင် မင်းကို ပင်လယ်တစ်စင်းဖြစ်လာအောင် ကူညီပေးမယ်
"ဒီကနေ့ မင်းအတွက် ငါ နေရာကောင်းတစ်ခု ရွေးပြီးသွားပြီ။ လောလောဆယ်တော့ မင်းအနေနဲ့ သေးကောင်းသေးနေနိုင်ပေမယ့် မင်း ကြီးမားလာအောင် ငါ ကူညီပေးမယ်။ အခုတော့ ငါ တာအိုရရှိအောင် စောင့်ပေးဦး"
***