← Chapters

ဂိုဏ်းအထိ တစ်လျှောက်လုံး သတ်ဖြတ်ဝင်ရောက်သွားခြင်း

Vol. 77 Ch. 1070

ဂိုဏ်းအထိ တစ်လျှောက်လုံး သတ်ဖြတ်ဝင်ရောက်သွားခြင်း

Vol. 77 Ch. 1070

မန်ဟိုသည် ရေပြင်ကို ခွင်း၍ အလင်းတန်းအသွင်ဖြင့် သွားနေစဉ် မျက်ဝန်းများ၌ ခိုင်မာပြတ်သားမှုတို့ တောက်ပနေသည်။ သူ့စိတ်ထဲတွင် ပန်းတိုင်တစ်ခုသာ ရှိသည်။ ယင်းက ... ကိုးပင်လယ်နတ်လောကသို့ ရောက်လျှင် လောင်တန်းဟိုက်ကို ရှာရန်ပင်။

မန်ဟို့ကို အကောက်ကြံတိုက်ခိုက်ခဲ့သူများအနက် မိစ္ဆာကျင့်ကြံသူအကြီးအကဲနှစ်ဦးကား ကိစ္စချောသွားခဲ့လေပြီ။ ပင်လယ်နယ်မိစ္ဆာကိုးဦးအနက်မူ အဆင့်အမြင့်ဆုံးသာ ကျန်သည်။ ထိုလူက ချူယွီယန်ကို ကိုယ်တိုင် ပြန်ပေးဆွဲခဲ့သူဖြစ်၍ ထို့လူအပေါ် မန်ဟို၏သတ်ဖြတ်လိုစိတ်များအား ဆထက်တိုးသွားစေသည်။

“ချူယွီယန်က အပါယ်နဂါးအဆိပ်ခတ်ခံထားရတာဆိုတော့ ပင်လယ်နဂါးရဲ့နှလုံးသွေးက သူ့ကို ကုသဖို့အတွက် အဓိကကျတယ်” ယင်းက အကြီးအကဲဟိုက်ရှန်း၏ မှတ်ဉာဏ်များမှ မန်ဟို ရရှိခဲ့သောအချက်အလက်ပင်။

၎င်းသည် ဖြေဖို့အတွက် အနည်းဆုံးပင်လယ်နဂါးဆယ်ကောင်ထံမှ နှလုံးသွေးလိုအပ်သည့် အဆိပ်ဖြစ်၏။ ထိုနဂါးများ၏ ကျင့်ကြံအဆင့်မြင့်မားလေလေ၊ ဖြေဆေးက ထိရောက်လေလေပင်။ ထိုမျှသာမက မန်ဟိုသည် လူအသွင်ပြောင်းနိုင်စွမ်း မရရှိသေးသော ပင်လယ်နဂါးများကို ရှာဖွေရန် စိတ်မကူးပေ။ သူ့ပန်းတိုင်က ... မိစ္ဆာကျင့်ကြံသူအုပ်မှ မိစ္ဆာကျင့်ကြံသူများကို ဖမ်းရန်ဖြစ်သည်။

အကြီးအကဲဟိုက်ရှန်း၏မှတ်ဉာဏ်များမှ မန်ဟို သိခဲ့ရသည် နောက်အချက်အလက်တစ်ခုမှာ လောက်တန်းဟိုက်၏ပုံစံအစစ်အမှန်သည် ပင်လယ်နဂါးဖြစ်သည်ကိုပင်။

မန်ဟို အမြန်ဆုံးအရှိန်ဖြင့် ကိုးပင်လယ်နတ်လောကထံသို တဟုန်ထိုး သွားနေစဉ် သူ့ကျင့်ကြံခြင်းအခြေခံသည် အလိုအလျောက် ပြန်ကုစားနေပြီး သူ့ဒဏ်ရာများလည်း ကျက်လာ၏။ သူ့ထာဝရအလွှာမှာ အသည်းအသန် အလုပ်လုပ်ပေးနေ၍ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် သူကား အင်အားအထွတ်အထိပ်သို့ ပြန်ရောက်သွားခဲ့လေပြီ။ မကြာမီ အရှေ့ရှိ ရေထဲ၌ ဧရာမမြေထုကြီးတစ်ခုပေါ်လာသည်။

၎င်းတွင် တောင်တန်းများအပြင် ကိုယ်ပိုင်ကောင်းကင်ပင် ပါရှိ၏။ ၎င်းကား .... ကိုးပင်လယ်နတ်လောကပင်။

မန်ဟိုသည် သတ်ဖြတ်လိုစိတ်များဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် အရှိန်ထပ်တင်၍ ဂိုဏ်း၏ပင်မဂိတ်ထံ ဦးတည်သွားပြီးနောက် ကိုးပင်လယ်နတ်လောက၏မြေပြင်အပေါ် ခြေချလိုက်သည်။

သူ ဂိုဏ်းထဲတွင် ပေါ်လာလျှင်ချင်း သူ့ကို စောင့်နေဟန်တူသော မိစ္ဆာကျင့်ကြံသူသုံးယောက်ကို မြင်လိုက်သည်။ သူတို့သည် သူ့ကို မြင်သည်နှင့် မျက်စိမျက်နှာပျက်ထွက်သွားရာ အံ့အားသင့်နေကြောင်း ဖော်ပြနေ၏။

မန်ဟို့ကို မြင်လိုက်ရခြင်းက သူတို့ထံမှ သတ်ဖြတ်လိုသောအခိုးအငွေ့တို့ ထွက်မလာစေဘဲ ထိုအစား အံ့ဩတုန်လှုပ်နေသောအရိပ်အယောင်များသာ ပေါ်လာစေသည်။ မန်ဟို ဤနေရာတွင် ရှိနေခြင်းက တစ်ခုတည်းကိုသာ သက်သေထူသည်.....

မန်ဟို့ကို အပြင်တွင် အသေသတ်ရန် အစီအစဉ်ဆွဲထားကြောင်း သူတို့ သိထားသည်မဟုတ်လော။

မိစ္ဆာကျင့်ကြံသူသုံးဦးမှာ မျက်နှာပျက်သွားပြီး နောက်ဆုတ်သွားကြသည်။ သို့သော် သူတို့ အံ့အားသင့်သွားသော အခိုက်အတန့်မှာပင် မန်ဟို့မျက်လုံးများက မီးတဟုန်းဟုန်းတောက်လာသည်။ သူတို့တွင် အင်မော်တယ်နယ်ပယ်ကျင့်ကြံခြင်းအခြေခံများသာ ရှိသည်ကို ထည့်တွက်လျှင် မန်ဟို့အတွက် သူတို့ကား သေလူများသာ ဖြစ်ပေ၏။

မန်ဟိုမှာ ယနေ့တစ်နေ့တည်းနှင့် လူပေါင်းများစွာ သတ်ခဲ့ရသည့်အပြင် အသက်ဘေးများလည်း ကြုံတွေ့ခဲ့ရသည်။ ယခုတွင် သူ၏သတ်ဖြတ်လိုစိတ်မှာ ထိန်းချုပ်နိုင်သောအတိုင်းအတာထက် ကျော်လွန်သွားခဲ့လေပြီ။ သူ့တွင် အခြေအနေကို ဖြန်ဖြေရန် စိတ်ကူးမရှိ။ ဤလူများကို သူ သတ်ပစ်ချင်သည်။ သူ သောင်းကျန်းပစ်ချင်သည်။

သူသည် အမျိုးဖြုတ်ပစ်ဖို့အထိ ရည်ရွယ်ထားပြီး မိုးနှင့်မြေပင် တုန်လှုပ်ရအောင် သောင်းကျန်းမည်ဖြစ်သည်။

သူက လက်ကို ဒေါသတကြီး ဝှေ့ယမ်းရင်း အင်မော်တယ်ဧကရာဇ်၏ဖိအားကို ကြောက်မခန်းလိလိ လေမုန်တိုင်းကြီးနှင့်အတူ ဖြန့်ကျက်၍ ရှေ့တက်လာသည်။ မိစ္ဆာကျင့်ကြံသူသုံးယောက်မှာ မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး ကရောသောပါး ထွက်ပြေးကြသည်။ သို့သော် ကံဆိုးစွာနှင့် သူတို့မှာ ဖြာထွက်လာသော ဖိအားကြီး၏ ချုပ်နှောင်ခြင်းခံလိုက်ရ၏။

လေမုန်တိုင်းက သူတို့ကို အပိုင်းပိုင်းဖြတ်၍ သွေးမိုးများ တဖွဲဖွဲ ရွာကျသွားစေသည်။ မချိမဆန့်အော်သံကြီးမှာ လေ၏နောက်တွင် ပဲ့တင်ထပ်ကျန်ခဲ့သည်။

သုံးယောက် သေသွားသောအခိုက်အတန့်တွင် အဝေးရှိ သာမန်ကျင့်ကြံသူရှစ်ယောက်မှာ အဖြစ်အပျက်ကို မြင်သွားကြ၏။ လူသတ်သမားက မန်ဟိုဖြစ်ကြောင်း မြင်လျှင် သူတို့မှာ အံ့အားသင့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

“အဲဒါ မန်ဟိုမလား”

“ဘာလို့လူတွေသတ်နေတာတုန်း။ သူနဲ့ မိစ္ဆာကျင့်ကြံသူအုပ်က ရန်ပြေငြိမ်းဖို့ သဘောတူထားပြီးသား မဟုတ်ဘူးလား”

“ကိစ္စအကြီးကြီးတစ်ခုတော့ ဖြစ်တော့မယ်။ သူက အခုလေးတင် မိစ္ဆာကျင့်ကြံသူရှစ်ယောက်ကို သတ်ခဲ့တာ။ မိစ္ဆာကျင့်ကြံသူအုပ်ကတော့ ဒီကိစ္စကို ဒီတိုင်းငြိမ်ခံနေမှာမဟုတ်ဘူး” သူတို့သည် အံ့အားသင့်နေသော်လည်း မန်ဟို့ကို နှောင့်ယှက်ဖို့ မကြိုးစားကြပေ။ တခြားလူတစ်ယောက်သာဆိုလျှင် ဝင်တားပြီး အကြီးအကဲများကို အကြောင်းကြားကြမည်ဖြစ်သော်လည်း မန်ဟိုဖြစ်နေ၍ သူတို့အားလုံး တွန့်ဆုတ်နေကြသည်။

လေမုန်တိုင်းကြီးက တဝေါဝေါ အော်မြည်နေပြီး သွေးများက ကောင်းကင်ထက်မှ တဖျောက်ဖျောက် ရွာကျနေသည်။ မန်ဟိုကမူ သွေးမုန်တိုင်းထဲမှ လမ်းလျှောက်ထွက်လာပြီး.... လောင်တန်းဟိုက်၏ ကျင့်ကြံခြင်းဂူသို့ ဦးတည်နေသော ကံကြွေးမျှင်အတိုင်း သွားနေသည်။

သူ့နတ်ဘုရားအာရုံ ပျံ့နှံ့သွားပြီး လောက်တန်းဟိုက်၏ ကျင့်ကြံခြင်းဂူတည်နေရာကို အတည်ပြုရန် တခဏသာ ကြာလိုက်သည်။ ထို့အပြင် သူသည် ... လောက်တန်းဟိုက်၏အရှိန်အဝါကိုလည်း ခံစားလိုက်ရ၏။

သူက လျှပ်စီးတန်းသဖွယ် ထွက်သွားသော အလင်းတန်းအသွင် ပြောင်းသွားတော့သည်။ သူ့လမ်းရှိ မည်သည့်မိစ္ဆာကျင့်ကြံသူမဆို အသက်နှင့်ခန္ဓာ အိုးစားကွဲကုန်သည်။

အချိန်တိုလေးအတွင်း ကိုးပင်လယ်နတ်လောကတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဆူညံသွားတော့သည်။ မန်ဟို မိစ္ဆာကျင့်ကြံသူများအား ရက်ရက်စက်စက် သတ်နေသည်ကို ကျင့်ကြံသူအမြောက်အမြား မြင်သွားကြ၍ အံ့ဩတုန်လှုပ်မှုတို့ကား ကူးစက်ပျံ့နှံ့လာလေသည်။

သူ၏ရန်ကြွေးမှာ အသက်ဖြင့်သာလျှင် ဖြေရှင်းနိုင်လောက်သော အခြေအနေအထိ ရောက်ရှိသွားခဲ့လေပြီ။ သူတို့က သူ့ကို မုန်းနေမှတော့ သူလည်း ထောက်ထားငဲ့ညာမနေဘဲ သတ်ပစ်တော့မည်။

တဖောင်းဖောင်း ဆူညံနေပြီး မန်ဟို့အသတ်အဖြတ်စိတ်ဆန္ဒက တဟုန်းဟုန်း တောက်လောင်နေသည်။ သို့သော် ထူးဆန်းစွာနှင့် သူ ဆုံတွေ့ရသည့် အစွမ်းထက်ဆုံး မိစ္ဆာကျင့်ကြံသူများမှာ မီးငြိမ်းဝိညာဉ်နှစ်လုံးသုံးလုံးဖြင့် ရှေးဟောင်းနယ်ပယ်တွင်သာ ရှိလေသည်။ ထို့ထက်အစွမ်းထက်သူတစ်ယောက်တလေမှ ပေါ်မလာခဲ့သလို၊ အများစုမှာ အင်မော်တယ်နယ်ပယ်မိစ္ဆာကျင့်ကြံသူများပင် ဖြစ်၏။

မန်ဟို့မျက်လုံးများက လင်းလက်သွားပြီး သူသည် နည်းနည်းလေးမှ တွန့်ဆုတ်မနေပေ။ သူနှင့် ပက်ပင်းတိုးသော မိစ္ဆာကျင့်ကြံသူတိုင်းက သူ့ကို မကျေမနပ်မှုများဖြင့် ရန်လိုစွာကြည့်ကြပြီး သူကလည်း တစ်ယောက်မကျန် သတ်ပစ်နေသည်။

သူ့အနေဖြင့် သူတို့ကို မသတ်လျှင် သူတို့က အခွင့်အရေးရသည်နှင့် သူ့ကို လုပ်ကြံမည်ဖြစ်ကြောင်း သူ သိသည်။

ပြဿနာကို အကျိုးသင့်အကြောင်းသင့် ဖြေရှင်းရန် မဖြစ်နိုင်သည့်အခါ အင်အားက အနိုင်ရလိမ့်မည်။

မန်ဟို့လမ်းတစ်လျှောက်လုံး သွေးတို့ရွှဲနေပြီး သွေးပျက်ချောက်ချားဖွယ် အော်သံများ ဆူညံနေသည်။ သူသည် သေမင်းအလား လောင်တန်းဟိုက်၏ကျင့်ကြံခြင်းဂူထံသို့ ဦးတည်နေ၏။

မန်ဟို ပင်မဂိတ်၏အပြင်တွင် လောင်တန်းဟိုက်ကို မြင်ခဲ့သောအခိုက်အတန့်မှစ၍ ပင်လယ်ခြုံကျွန်း၏ သတ်ပွဲ၊ အကြီးအကဲဟိုက်ရှန်းနှင့် တိုက်ပွဲ၊ ယခု ကိုးပင်လယ်နတ်လောကအတွင်း မျိုးဖြုတ်သတ်ဖြတ်နေသောအခိုက်အတန့်အထိ ...

ခြောက်နာရီသာ ကြာခဲ့သည်။

**

လွန်ခဲ့သော ခြောက်နာရီက...

ကိုးပင်လယ်နတ်လော၏ အလယ်ပိုင်းတောင်များအတွင်းပိုင်းထဲတွင် ခံညားထည်ဝါသော တောင်ထိပ်တစ်ခုရှိသည်။ ထိုတောင်ထိပ်ပေါ်တွင် ရှေးဟောင်းဝတ်ပြုကျောင်းတစ်ကျောင်းအား မြင်ရနိုင်သည်။

ဝတ်ပြုကျောင်း၏အရှေ့တွင် ရုပ်တုကြီးနှစ်ရပ်က ဓားကြီးများကို ကိုင်စွဲရင်း ရပ်နေကြသည်။ အဝေးမှကြည့်လျှင် ၎င်းတို့သည် ကိုးပင်လယ်နတ်လောကတစ်ခုလုံး၏ ကာကွယ်သူများအလားပင်။

ဘွားဘွားကိုး၊ နတ်ဆရာသခင်နှင့် လင်းယွင်ကျစ်က ဝတ်ပြုကျောင်းထဲတွင် တင်ပျဉ်ခွေထိုင်လျက် သူတို့နှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေသော တာအိုနယ်ပယ်ပညာရှင်လေးယောက်ကို အေးစက်စက် ကြည့်နေကြသည်။ ထိုလေးယောက်အနက် နှစ်ယောက်မှာ အနှစ်သာရအရှိန်အဝါများကို ထုတ်လွှတ်နေပြီး နဖူးပေါ်တွင် အကြေးခွံများရှိသော အဘိုးကြီးနှစ်ယောက်ဖြစ်သည်။ သူတို့ကား မိစ္ဆာကျင့်ကြံသူအုပ်မှ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများပင်။ ကျန်နှစ်ယောက်မှာမူ တစ်ယောက်က ယောက်ျား၊ နောက်တစ်ယောက်က မိန်းမဖြစ်သည်။ နှစ်ယောက်လုံးက အားတုံ့အားနာပြုံးနေကြ၏။

“ကျွန်မတို့က တစ်ဂိုဏ်းတည်းသားတွေမဟုတ်လား" အမျိုးသမီးက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “ကျွန်မတို့အနေနဲ့ အငယ်တွေရဲ့ကိစ္စမှာ ဝင်ပါနေလို့ ဘယ်ကောင်းပါ့မလဲ။ ရှင်တို့သုံးယောက် အဲဒါကို နားလည်မယ်ထင်ပါတယ်။ အချိန်ကုန်အောင် တာအိုအကြောင်း ဆွေးနွေးကြရင် မကောင်းဘူးလား။ အခုလို အတူမဆုံဖြစ်တာ ကြာပြီဆိုတော့လေ” သူမက ပြုံးရင်း လက်ကို ဝှေ့ယမ်းလိုက်ကာ သူတို့အရှေ့တွင် မှန်သားပြင်တစ်ခုပေါ်လာစေသည်။ မှန်သားပြင်ပေါ်၌ ဖော်ပြနေသည်မှာတော့... ကျင့်ကြံခြင်းဂူထဲမှ ထွက်လာသော မန်ဟို့ပုံရိပ်ပင်။

လင်းယွင်ကျစ်က အေးစက်စက် နှာမှုတ်လိုက်သော်လည်း ဘာမှမပြောပေ။ ယခုတွင် သူတို့သုံးယောက်အနေဖြင့် ဘာမှမတတ်နိုင်သည့်အပြင် တစ်ဂိုဏ်းလုံးရှိ ရှေးဟောင်းနယ်ပယ်ပညာရှင်အကုန်လုံးလည်း ဝင်မပါအောင် တားမြစ်ခံထားရပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

ထိုအခြင်းအရာက သူတို့ဘက်တွင်သာမဟုတ်ဘဲ ကျန်အဖွဲ့မှ ကျင့်ကြံသူများအပေါ်လည်း သက်ရောက်၏။ ကံဆိုးစွာနှင့် ... ကျန်အဖွဲ့သုံးဖွဲ့၏ ပူးပေါင်းထားသော အင်အားက လင်းယွင်ကျစ်၊ ဘွားဘွားကိုးနှင့် နတ်ဆရာသခင်ထက် သာလေသည်။ ထိုအဖွဲ့များက သူတို့ထက် အတန်ငယ်ပိုများသော ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများကိုလည်း အုပ်ချုပ်ထားသည်။

သို့သော် လင်းယွင်ကျစ်သည် သိပ်စိတ်ပူခြင်းမရှိ။ သူက မန်ဟို့ကို ဂိုဏ်းအပြင်၌ ခြေချပြီးပြီးချင်း ပြန်လာရန် တိုးတိုးတိတ်တိတ် သတိပေးထားပြီး နောက်ဆက်တွဲပြဿနာများကို သူ ကိုင်တွယ်ပေးမည်ဟု ပြောထားပြီးဖြစ်သည်။

သို့ရာတွင် ထိုအခိုက်အတန့်တွင် မှန်သားပြင်သည် လောင်တန်းဟိုက် မန်ဟို့ကို မျက်နှာမူနေသောပုံရိပ်အား ဖော်ပြလိုက်၏။ ဝတ်ပြုကျောင်းခန်းမထဲရှိ လူတိုင်း သူတို့ စကားစပြောနေသည်ကို မြင်ကြရသည်။

ထို့နောက် ချူယွီယန်ကို မြင်လျှင် လင်းယွင်ကျစ် မျက်နှာရိပ်ခနဲ ဖြစ်သွားတော့သည်။ ဘွားဘွားကိုးနှင့် နတ်ဆရာသခင်တို့၏အမူအရာများလည်း ထိုနည်းတူပင်။ ဘွားဘွားကိုး၏မျက်နှာမှာ ဒေါသကြောင့် မည်းမှောင်လာပြီး သူမက ထရပ်လိုက်သည်။ ချက်ချင်းပင် ကျန်တာအိုနယ်ပယ်ပညာရှင်လေးဦး၏စွမ်းအားများ သက်ဝင်လှုပ်ရှားလာ၏။

“အဘွားကိုး ကျုပ်တို့ သဘောတူထားတယ်မဟုတ်လား” မိစ္ဆာကျင့်ကြံသူအုပ်မှ ဆံပင်နီကြောင်ကြောင်နှင့်အဘိုးအိုက ပြောသည်။ “ခင်ဗျား ပြောပြီးစကား ပြန်ရုတ်သိမ်းမလို့လား

“ကျုပ်တို့ တာအိုနယ်ပယ်ပညာရှင်တွေအနေနဲ့ မန်ဟိုနဲ့မိစ္ဆာကျင့်ကြံသူအုပ်ကြားက ရန်ငြိုးထဲ ဝင်မပါဘူးလို့ ကတိပေးထားပြီးသားလေ။ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူအများစုလည်း ထိန်းသိမ်းခံထားရတယ်။ အဘွားကိုး စစ်ဖြစ်ချင်တယ်ဆိုရင်လည်း ဖြစ်ကြတာပေါ့”

“ပြန်ထိုင်လိုက်” နတ်ဆရာသခင်က ပြောသည်။ ဘွားဘွားကိုးမှာ ဖြေးဖြေးချင်း ပြန်ထိုင်လိုက်လေသည်။

ပုံရိပ်များက မှန်သားပြင်ထက်တွင် ပြေးလွှားနေသည်။ မကြာမီ မန်ဟိုနှင့်လောက်တန်းဟိုက် သတ်ပုတ်ကြသည်။ မန်ဟို့စွမ်းအားက အံမခန်းလိလိ မြင့်တက်လာရာ တာအိုနယ်ပယ်ပညာရှင်များ၏မျက်နှာပေါ်တွင် အံ့အားသင့်မှုတို့ ပေါ်ပေါက်လာသည်။

ထို့နောက် ပင်လယ်သားရဲများကို အမျိုးဖြုတ်သတ်ခြင်းနှင့် နဝမပင်လယ်ကို ပွက်ပွက်ဆူစေခြင်းက မိစ္ဆာကျင့်ကြံသူများအား မှုန်ကုပ်သွားစေသည်။ ထို့နောက် မန်ဟိုက ကျွန်းသို့ ရောက်သွားပြီး ရန်သူများကို နင်းခြေကာ နဝမပင်လယ်၏ဖိအားကို ဖယ်ရှားသည်။ သူသည် ခြေလှမ်းကိုးလှမ်းဖြင့် ပင်လယ်မိစ္ဆာရှစ်ကောင်ကို သုတ်သင်၍ ရှေးဟောင်းနယ်ပယ်မိစ္ဆာကျင့်ကြံသူကို အရှင်လတ်လတ် အင်အားစုပ်ယူခဲ့၏။

ကျွန်းတစ်ကျွန်းလုံး စိစိညက်ညက် ကြေသွားသော မြင်ကွင်းက မိစ္ဆာတာအိုနယ်ပယ်ပညာရှင်များ၏မျက်နှာကို ပို၍ပင် မသာမယာဖြစ်လာစေတော့သည်။ ဆန့်ကျင်ဘက်တွင် လင်းယွင်ကျစ်နှင့် ဘွားဘွားကိုးမှာ စိတ်သက်သာရာရသွားသည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲဟိုက်ရှန်း၏ မရဏထောက်ချောက်ပေါ်လာပြီး ရုတ်တရက် တစ်ယောက်မှ ဖြစ်ပျက်နေသောအရာကို မမြင်ရတော့ပေ။ ဘွားဘွားကိုးမှ ရင်တဒိန်းဒိန်း ခုန်လာပြီး မျက်စိမျက်နှာပျက်နေ၏။ လင်းယွင်ကျစ်မှာ မနေနိုင်တော့ဘဲ ထရပ်လိုက်သည်။

ဤအခိုက်အတန့်တွင် လူသားတာအိုနယ်ပယ်ပညာရှင်အမျိုးသားက ရယ်ပြီး သူ့ကို တားသည်။

“တာအိုရောင်ရင်း လင်းယွင်ကျစ်” သူက ပြောသည်။ “ကျုပ် ဟိုတလောကမှ အချိန်မှော်အစွမ်းနဲ့ ပတ်သက်ပြီး ဉာဏ်အလင်းရထားတယ်။ လာ လာ တရားထိုင်ပြီး အတူတူ ဆွေးနွေးရအောင်” ထို့နောက် သူသည် လက်ကိုမြှောက်လိုက်ရာ အချိန်အငွေ့အသက်များ သက်ဝင်နေသော အလင်းတန်းတစ်တန်းအား ပျံထွက်သွားစေ၏။

“ငါ့လမ်းက ဖယ်စမ်း” လင်းယွင်ကျစ်က အမဲဖြတ်ပစ်လိုသော မျက်လုံးများဖြင့် ပြောသည်။

ထိုလူ့မျက်နှာမှာ မည်းမှောင်သွားပြီး သူက ပြောသည်။ "တာအိုရောင်ရင်းလင်းယွင်ကျစ်၊ ကျုပ်တို့ သဘောတူထားတာကို မေ့သွားပြီလား။ ဒါ့အပြင် ခင်ဗျားက ကျုပ်နဲ့ တာအိုအကြောင်း ဆွေးနွေးဖို့ကို ဒီလိုရန်လိုနေတော့မှာလား”

“ပြန်ထိုင်” နတ်ဆရာသခင်က လေးနက်သော မျက်ဝန်းများဖြင့် ပြောသည်။

လင်းယွင်ကျစ်က အံတင်းတင်းကြိတ်၍ မှန်သားပြင်ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း ပြန်ထိုင်လိုက်သည်။ များမကြာခင် မရဏထောင်ချောက် ကျိုးပျက်သွား၏။ မချိတင်ကဲ အော်ဟစ်အကူအညီတောင်းနေသော ပင်လယ်နဂါးတစ်ကောင် ပေါ်လာသည်။ မန်ဟိုက ၎င်းကို အမဲဖြတ်တော့မည့်အလား အသည်းအသန် လိုက်ဖမ်းနေသည်။

ချက်ချင်းပင် မိစ္ဆာတာအိုနယ်ပယ်ကျင့်ကြံသူနှစ်ယောက် မျက်နှာပျက်သွားတော့သည်။ ထို့နောက် သူတို့သည် အကြီးအကဲဟိုက်ရှန်း သေသွားပြီး မန်ဟို နဝမပင်လယ်အား ခြိမ်းခြောက်နေသည်ကို မြင်လိုက်ရ၏။

နောက်ဆုံးတော့ မန်ဟိုကား ကိုးပင်လယ်လောကသို့ ပြန်ရောက်လာခဲ့ပြီး မိစ္ဆာကျင့်ကြံသူများကို စတင်သတ်ဖြတ်တော့သည်။

ချက်ချင်းပင် မိစ္ဆာတာအိုနယ်ပယ်ကျင့်ကြသူနှစ်ယောက်က ငေါက်ခနဲ ထရပ်လိုက်သည်။ သို့သော် လင်းယွင်ကျစ်က တဟားဟားရယ်ရင်း သူတို့လမ်းကို ပိတ်လိုက်၏။

“ကျုပ်တို့က တစ်ဂိုဏ်းတည်းသားတွေ မဟုတ်လား” သူက အပြုံးလေးဖြင့် ပြောသည်။ “ကျုပ်တို့အနေနဲ့ အငယ်တွေရဲ့ကိစ္စမှာ ဝင်ပါနေလို့ ဘယ်ကောင်းပါ့မလဲ။ ခင်ဗျားတို့ သုံးယောက် အဲ့ဒါကို နားလည်မယ်ထင်ပါတယ်။ အချိန်ကုန်သွားအောင် တာအိုအကြောင်း ဆွေးနွေးကြရင် မကောင်းဘူးလား။ အခုလို အတူမဆုံဖြစ်တာ ကြာပြီဆိုတော့လေ”

“ငါ့လမ်းက ဖယ်စမ်း” ဆံပင်နီကြောင်ကြောင် မိစ္ဆာကျင့်ကြံသူက သူ့အသံကြီးအား မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားစေသည်။ သူ ရှေ့ဆက်လှမ်းတော့မည့်အချိန်တွင် လင်းယွင်ကျစ်က အေးစက်စက် နှာမှုတ်လိုက်သည်။

“ကျုပ်တို့ သဘောတူထားတယ်မလား” သူက ပြောသည်။ “ခင်ဗျား ပြောပြီးစကား ပြန်ရုတ်သိမ်းတော့မလို့လား”

တာအိုနယ်ပယ်မိစ္ဆာကျင့်ကြံသူနှစ်ယောက်၏ မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

ဤအခိုက်အတန့်တွင် နတ်ဆရာသခင်က ရုတ်တရက် လင်းယွင်ကျစ်၏ဘေးသို့ အသံတစ်ချက်မထွက်ဘဲ ရွေ့လျားလာသည်။ သူသည် မိစ္ဆာကျင့်ကြံသူနှစ်ယောက်ကို စိန်းစိန်းဝါးဝါး ကြည့်ရင်း အေးစက်စက် ပြောလိုက်၏။ “မန်ဟိုက ကိုးပင်လယ်နတ်လောကနဲ့ ရေစက်ပါပြီးသား။ အဲဒီတံခါးက ထွက်ရင် မင်းတို့ကို ငါ သတ်လို့ အပြစ်မတင်နဲ့”

ဘေးရှိ လူသားတာအိုပညာရှင်နှစ်ယောက်လည်း လမ်းလျှောက်ထွက်သွားတော့မည့်အချိန် ဘွားဘွားကိုးက ပြုံးရင်း သူတို့အရှေ့တွင် ပေါ်လာသည်။

“တာအိုရောင်ရင်းတို့၊ ကျွန်မ ဟိုတလောကပဲ ရေမှော်အစွမ်းနဲ့ပတ်သက်ပြီး ဉာဏ်အလင်းရထားတယ်။ လာ လာ တရားထိုင်ပြီး အတူတူဆွေးနွေးကြရအောင်” ဘွားဘွားကိုးကို လက်ကို ဝှေ့ယမ်းရင်း ရေစက်တစ်စက်အား ပျံထွက်သွားစေသည်။ ၎င်းက တလက်လက် တောက်ပမနေဘဲ သာမန်ရေစက်တစ်စက်သာ ဖြစ်၏။ သိသိသာသာပင် ဘွားဘွားကိုးသည် ဟန်ဆောင်ပန်ဆောင် လုပ်ရန်ပင် စိတ်မဝင်စားပေ။

လူသားတာအိုနယ်ပယ်ပညာရှင်နှစ်ယောက်မှာ အတိုင်းထက်အလွန် ဒေါသထွက်သွားပြီး တစ်ခုခု ပြောရန်ပြင်လိုက်စဉ် ဘွားဘွားကိုး၏မျက်လုံးများက အန္တရာယ်ပြုတော့မည့်အလား မီးဝင်းဝင်းတောက်သွားသည်။

“ရှင်တို့ သဘောတူထားတာကို မေ့သွားပြီလား။ ကျွန်မနဲ့ တာအိုအကြောင်း ဆွေးနွေးဖို့ကို ဒီလိုရန်လိုနေတော့မှာလား”

***

All Chapters