← Chapters

လောကပါလအင်မော်တယ်

Vol. 77 Ch. 1073

လောကပါလအင်မော်တယ်

Vol. 77 Ch. 1073

မန်ဟိုသည် စကားလုံးများ ဟိန်းထွက်သွားသည့်အချိန်မှာပင် အလယ်တောင်ထိပ်သို့ ဦးတည်သွားလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူက ၎င်းအပေါ် ထိုးဆင်းသွားသော်လည်း တလက်လက် တောက်ပနေသော အကာအကွယ်တစ်ခုက သူ့လမ်းကို ဟန့်တားရန် ရုတ်တရက် မြောက်တက်လာသည်။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက လက်သီးဆုပ်၍ ထိုးချလိုက်ကာ အကာအကွယ်ကို လှိုင်းထလာစေသည်။

ထိုအခိုက်အတန့်တွင် လောင်တန်းဟိုက်သည် ကျောက်စိမ်းပြားတစ်ပြားကို လက်တွင် ဆုပ်ကိုင်လျက် ကျင့်ကြံခြင်းဂူထဲ၌ ထိုင်နေ၏။ မန်ဟို ဂိုဏ်းအတွင်း ၀င်ရောက်၍ စတင် သတ်ဖြတ်ခဲ့သည့်အချိန်မှစ၍ သူက ကျောက်စိမ်းပြားမှတစ်ဆင့် စာများ ပေးပို့နေခဲ့လေသည်။

"ခေါင်းဆောင်ကြီး ဘယ်မှာလဲ"

ကံဆိုးစွာနှင့် ကျောက်စိမ်းပြားထံမှ မည်သည့်တုံ့ပြန်မှုမှ မရှိပေ။

မန်ဟိုသည် မိစ္ဆာကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေ၏။ သူက သွေးမိုးများ ရွာကျ‌နေစေရင်း ပင်လယ်ဂဏန်းမန္တန်၀င်္ကပါကို ဖျက်ဆီးပစ်နေရာ ပတ်ဝန်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများမှာ သူ့အနား ကပ်ပင်မကပ်ရဲတော့သည်အထိ ကြောက်လန့်တုန်ရီနေကြတော့သည်။ လောင်တန်းဟိုက်မှာမူ စိတ်ဓာတ်ကျနေတော့သည်။

သူက ကျင့်ကြံခြင်းဂူအပြင်ရှိ မန်ဟို့ကို မော့ကြည့်ပြီး သူ၏ နီရဲတွတ်နေသော မျက်လုံးများက တောက်ပသွားသည်။ နောက်ဆုံးတော့ သူသည် အံတင်းတင်းကြိတ်၍ ကျောက်စိမ်းပြားကို ချိုးလိုက်၏။

"ငါ့ကို သတ်ချင်တယ်လား။ အဲ့လောက်မလွယ်ကူဘူး" ရူးမိုက်နေသော မီးတောက်မီးလျှံများက သူ့မျက်လုံးများတွင် တရိပ်ရိပ် လှုပ်ရှားလာသည်။ သူသည် ပင်ကိုယ်အားဖြင့် သတိရှိသော လူတစ်ယောက်ဖြစ်၍ မပြင်ဆင်ထားဘဲ မနေပေ။ ဂိုဏ်း၏ပင်မဂိတ်အပြင်တွင် မန်ဟိုနှင့် တိုက်ခိုက်စဉ်တည်းက သူကား မန်ဟိုမည်မျှ အစွမ်းထက်သည်လဲ ခံစားခဲ့ရ၍ လိုရမယ်ရ ပြင်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့သည်။

သို့သော် မန်ဟိုက အလွန်ဆောလျင်စွာ ပေါ်လာခဲ့၏။ နာရီပိုင်းအတွင်း ဖြစ်ပျက်သွားခဲ့သဖြင့် သူ့ပြင်ဆင်မှုများ ပြီးမြောက်ရန် အချိန်မလောက်ခဲ့ပေ။ ယခုတွင် သူသည် လက်ဝယ်ရှိသည့်အရာကို သုံးရန်သာ စွန့်စားရတော့မည်ဖြစ်သည်။

"မန်ဟို ငါ လောင်တန်းဟိုက် သေသွားရင်တောင်မှ မင်းကိုလည်းငါနဲ့ သေရွာအတူ ခေါ်သွားမယ်" ထို့နောက် သူက လက်နှစ်ဖက်လုံးကို ဆန့်ထုတ်၍ မြေကြီးအပေါ် ဖိချလိုက်သည်။ ချက်ချင်းပင် ကျင့်ကြံခြင်းဂူတစ်ဂူလုံး တောက်ပလင်းလက်လာပြီး အလင်းရောင်တို့သည် ဝဲကဲ့သို့ ရစ်သိုင်းလှည့်ပတ်ကာ ‌တစ်တောင်လုံးကို ဖုံးလွှမ်းသွား၏။

အလယ်တောင်မှ ဖြာထွက်လာသောအလင်းရောင်က ကျန်တောင်ထိပ်နှစ်ခုကိုလည်း ဖုံးလွှမ်းသွားသည်။ ထို့နောက် ကျန်တောင်နှစ်လုံးမှာ ပြင်းပြင်းထန်ထန် တုန်ရီလာပြီးနောက် ရုတ်တရက် ပြိုကျသွားတော့သည်။ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ၊ ဖုန်မှုန့်များ တဖွဲဖွဲ ကျလာပြီး ဖုန်လုံးကြီး လိမ့်ထွက်သွားစဉ် ဧရာမကျောက်ဘီဘူးကြီးနှစ်ကောင် ပေါ်လာသည်။

၎င်းတို့က ကျယ်လောင်စွာ ဟိန်းဟောက်ရင်း မန်ဟို့လမ်းကို ဟန့်တားရန် ပြေးတက်လာကြသည်။

အံ့မခန်းလိလိ လှိုင်းဂယက်များက ဧရာမကျောက်ဘီလူးကြီးနှစ်ကောင်ထံမှ ဖြာထွက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့သည် ဝိညာဉ်မီးအိမ်သုံးလုံးငြှိမ်းထားသော‌ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူနှစ်ဦးနှင့် ညီမျှ၏။

မျက်စိတစ်မှိတ်အတွင်း ကျောက်ဘီလူးကြီးနှစ်ကောင်က လက်သီးဆုပ်၍ မန်ဟို့ထံသို့ ထိုးချလိုက်ကာ လေပြင်းတစ်ချက်အား ဆောင့်တိုက်သွားစေသည်။ လေလယ်တွင် မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်ရင်း သူ့လက်ထံမှ လေမုန်တိုင်းတစ်ခုအား ပျံ့နှံ့‌သွားစေသည်။ သူက လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းလိုက်ရာ လေမုန်တိုင်းက မီတာသုံးရာအရွယ်အစားအထိ လျင်မြန်စွာ ကြီးထွားလာပြီး ကျောက်ဘီလူးကြီးနှစ်ကောင်ထံသို့ ပြေး၀င်သွားတော့သည်။

၎င်းတို့ တစ်ဖက်နှင့်တစ်ဖက် ‌ဆောင့်တိုက်သွားသည်အခါ ဘုန်းခနဲ ယိုင်လဲသွား၏။ လေမုန်တိုင်းကြီး ပျောက်ကွယ်သွားပြီး ကျောက်ဘီလူးကြီးနှစ်ကောင်မှာ တဆတ်ဆတ် တုန်ပြီးနောက် ပြိုကျသွားကာ မရေမတွက်နိုင်သော ကျောက်အစအနများအား မြေကြီးပေါ်သို့ တဖွဲဖွဲ ကျသွားစေတော့သည်။

သို့သော် ကျောက်ဘီလူးကြီးနှစ်ကောင်က ပြိုကျသွားသည့်အချိန်မှာပင် ကျောက်တုံးများက လေပေါ် ပြန်မြောက်တက်လာကာ မူလအတိုင်း ပြန်ဆက်သွားသည်။ သို့သော် ဤအချိန်တွင် ၎င်းတို့၏ ကျင့်ကြံခြင်း‌အခြေခံသည် မီးငြိမ်းဝိညာဉ်သုံးလုံး မဟုတ်တော့ဘဲ ငါးလုံးဖြစ်သွား၏။

မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး သူက အရှေ့တွင် သူ၏ လက်ချောင်းများအား ဆုပ်လိုက်သည်။ ပတ်၀န်းကျင်ရှိ အလင်းအားလုံးက သူ၏လက်ဖဝါးထဲတွင် စုစည်းလာပြီးနောက် နေတစ်လုံး၏ အံ့မခန်းလိလိ ပုံရိပ်အသွင် ဖြစ်ပေါ်လာသည်။ နေသည် ကိုးပင်လယ်နတ်လောကထဲရှိ အလင်းရောင်အားလုံးကို စုပ်ယူပြီး သူ၏လက်ထဲတွင် ပျံဝဲနေရာ မန်ဟို့ပတ်ပတ်လည်ရှိ လေထုအား ပုံပျက်ရှုံ့တွလာစေတော့သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုးမြင့်တက်သွားပြီး သူ၏ အင်မော်တယ်အကြော ၁၂၃ ကြောက အတူတကွ စုစည်းသွားသည်။ ကောင်းကင်ဘုံ ၃၃ ခုသည် ပေါ်လာပြီ တစ်ချိန်တည်းမှာပင် ခရမ်းရောင်လတစ်စင်းက နေ၏ဘေးတွင် ဖြစ်‌တည်လာ၏။

နေနှင့်လ တစ်စင်းကို တစ်စင်း လှည့်ပတ်နေစဉ် ‌န၀မပင်လယ်လည်း ပေါ်ပေါက်လာသည်။ ထိုမြင်ကွင်းသည် အင်မတန် ရင်သပ်ရှုမောဖွယ်‌ ကောင်းပေ၏။ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ နေနှင့်လအား အချင်းချင်း ၀င်တိုက်သွားစေပြီး အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော တိုက်ကွက်ကြီးအသွင် ပြောင်းသွားစေသည်။

ဂျိန်းခနဲ အသံကြီးနှင့်အတူ ကျောက်ဘီလူးကြီးနှစ်ကောင်ထံမှ တဂျွတ်ဂျွတ် အက်ကွဲသံများအား ကြားရနိုင်သည်။ မန်ဟို ရှေ့တက်လာသည့်အခါ သူ့လက်ထဲတွင် အရိုးထိပ်လှံပေါ်လာ၏။ သူက ၎င်းကို အားကုန်လွှဲယမ်း၍ လှံအား အလင်းတန်းအသွင်ဖြင့် လေကိုခွင်းသွားစေသည်။ ၎င်းသည် ကျောက်ဘီလူးကြီးနှစ်ကောင်ကို ထိုးစိုက်၍ ၎င်းတို့အား ပြင်းပြင်းထန်ထန် တုန်ရီ၍ ဝုန်းခနဲ ပေါက်ကွဲသွားစေသည်။ တစ်ချိန်တည်းမှာပင် လှံက အလယ်တောင်ကို ခြံရံထားသော အကာအကွယ်ထဲသို့ ထိုးစိုက်သွားသည်။

အကာအကွယ်မှာ ပျက်စီးပြိုကွဲတော့မည့်အလား ပုံပျက်ရှုံ့တွလာသည်။

ကျင့်ကြံခြင်းဂူထဲတွင် လောင်တန်းဟိုက်မှာ သွေးအန်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ‌ခြောက်ကပ်လာသည်။ ထို့နောက် သူသည် မချိတင်ကဲ အော်လိုက်ရာ သူ၏ခန္ဓာကိုယ်က မီတာ ၃၀၀ ပင်လယ်နဂါးအသွင် ပြောင်းသွား၏။ ထိုနဂါးက မဟူရာနဂါးအလား မည်းနက်တောက်ပြောင်နေလေသည်။

အထူးသဖြင့် သူ့နဖူးထက်တွင် အဖြူရောင် အကြေးခွံကို မြင်ရနိုင်၏။ ကြည့်ရသရွေ့ ထိုအကြေးခွံက သူသည် ပင်လယ်နဂါးအုပ်အတွင်း၌ပင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုကို သိမ်းပိုက်ထားကြောင်း ညွှန်ပြနေ၏။

သူ့မှာ သူ၏ အစစ်အမှန်ပုံစံကို ဖန်ဆင်းရန် အသက်စွမ်းအား‌အတော်များများ ပေးဆပ်ခဲ့ရလေသည်။

"နတ်လောကမဟာမန္တန်၀င်္ကပါ။ အပင်တွေအားလုံး၊ တောင်တွေအားလုံး၊ ကျောက်တုံးတွေအားလုံး မန္တန်၀င်္ကပါရဲ့စိတ်ဝိညာဉ် ဖြစ်လာစေ။ ငါ ငါ့နဂါးရဲ့သွေးကို မန္တန်၀င်္ကပါဆီ ယဇ်ပူ‌ဇော်တယ်။ အသက်၀င်လာစမ်း" လောင်တန်းဟိုက် ဟိန်းဟောက်လာစဉ် သူ၏ခန္ဓာကိုယ်သည် သိသိသာသာ‌ ခြောက်ကပ်သွားပြီး ပိန်ရှုံ့သွားတော့သည်။ သို့သော် သူ၏ ကျင့်ကြံခြင်းဂူအပြင်၌ ပြိုကျနေသော ကျောက်တုံးကြီးနှစ်ကောင်သည် ရုတ်တရက် ပြန်လည်စုစည်းသွားပြီး ထရပ်လိုက်ကြ၏။

ယခုတွင် ၎င်းတို့ထံမှ မီးငြိမ်းဝိညာဉ် ၇လုံး၊ ၈လုံး၏ အရှိန်အဝါကို ထုတ်လွှတ်နေလေသည်။

မန်ဟို၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူသည် လောင်တန်းဟိုက်မှာ ပုံမှန်အားဖြင့် သတိရှိသူဖြစ်သော်လည်း ဤမျှ ထောင့်စေ့စေ့ပြင်ဆင်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သိသိသာသာပင် သူသည် မန်ဟို ဤနေရာသို့ လာခဲ့လျှင်ဆိုပြီး လိုရမယ်ရ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။

"ဆိုတော့ သူက ကိုးပင်လယ်နတ်လောကရဲ့ အကာအကွယ်မန္တန်စွမ်းအားကို ငှားယူနေတာလား" သူက ကျောက်ဘီလူးကြီးနှစ်ကောင်ကို လေးလေးနက်နက် ကြည့်လိုက်ပြီး ၎င်းတို့က ကိုးပင်လယ်နတ်လောကနှင့် တစ်နည်းနည်းဖြင့် ဆက်နွှယ်နေကြောင်း ပြောနိုင်သွားသည်။

"ဒါပေမယ့် သူ့အနေနဲ့ ဒီကောင်တွေကို အကြာကြီး ထိန်းထားနိုင်မှာမဟုတ်ဘူး။ အလွန်ဆုံး အမွှေးတိုင်တစ်၀က် ထွန်းစာလောက်ပဲ" သူက အဝေးသို့ ပျံထွက်သွားတော့မည့်အချိန် ရုတ်တရက် စိတ်နှလုံး တုန်လှုပ်သွားသည်။

လင်းယွင်ကျစ်၏အသံက ရုတ်တရက် သူ့နားထဲတွင် စကားပြောလိုက်၏။

"မင်း သူ့ကို သတ်ချင်ရင် မြန်မြန်သတ်တာကောင်းမယ်။ ငါတို့ သူတို့ကို ထပ်ပြီး အချိန်မဆွဲထားနိုင်တော့ဘူး"

အသံ သူ့နားထဲတွင် စကားပြောလိုက်သည့်အချိန်မှာပင် အရာအားလုံးကို တုန်ခါသွားစေသော ကြိမ်းဝါးသံကြီးအား ရုတ်တရက် ကြားလိုက်ရသည်။ အသံကြီးက လူတိုင်းကို တုန်ယင်လာစေ၏။ ဤသည်မှာ သိသိသာသာပင် တာအိုနယ်ပယ်ပညာရှင်တစ်ဦး၏ အသံဖြစ်လေသည်။

လူအုပ်ကြီးမှာ ချက်ချင်း တုံ့ပြန်ကြတော့သည်။

"ခေါင်း‌ဆောင်ကြီး"

"ခေါင်းဆောင်ကြီး လာနေပြီ"

ထိုကြိမ်းဝါးသံ၏ ပိုင်ရှင်က မိစ္ဆာကျင့်ကြံသူအုပ်၏ တာအိုနယ်ပယ်ခေါင်း‌ဆောင်ကြီးမှတစ်ပါး အခြားမဟုတ်ကြောင်း ခံစားလိုက်ရသဖြင့် ကျင့်ကြံခြင်းဂူထဲရှိ ‌လောင်တန်းဟိုက်၏ မျက်လုံးများသည် ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားတော့သည်။

ဤသည်မှာ သေရေးရှင်ရေးအခိုက်အတန့် ဖြစ်သည်။ မန်ဟို့မျက်လုံးများက ခိုင်မာပြတ်သားမှုတို့ဖြင့် လင်းလက်သွားပြီး သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ဟိန်းဟောက်သံက လော‌လောဆယ် ဤနေရာသို့ တဟုန်ထိုးလာနေသော တာအိုမိစ္ဆာခေါင်း‌ဆောင်ကြီး၏အသံမှတစ်ပါး အခြားမဟုတ်ကြောင်း သူလည်း ပြောနိုင်၏။ လင်းယွင်ကျစ်နှင့်အခြားသူများမှာ သူ့ကို အချိန်ဆွဲနိုင်ခဲ့သော်လည်း ကံဆိုးစွာနှင့် မန်ဟိုမှာ တိုက်ပွဲကို အဆုံးသတ်ရန် အ‌မွှေးတိုင်တစ်၀က်ထွန်းစာပင် အချိန်မရတော့ပေ။

သူက တခဏ တွေးပြီးနောက် လက်ကို ဆန့်တန်းလိုက်ရာ နိဗ္ဗာနသစ်သီးတစ်လုံး ပေါ်လာသည်။

"ကဲ ဒီလိုဆိုမှတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ဘူး" သူက တိုးညင်းစွာ ပြောလိုက်သည်။ သူသည် အကြီးအကဲဟိုင်ရှန်းနှင့် တိုက်ပွဲတုန်းကပင် နိဗ္ဗာနသစ်သီးကို အသုံးမပြုခဲ့ပေ။ အသုံးမပြုချင်၍မဟုတ်ဘဲ ၎င်းကြောင့် ကုန်ခမ်းသွားမည့်စွမ်းအားက တိုက်ခိုက်ပြီးနောက် သူ့ကို သတိလစ်သွားစေနိုင်သည့်အတွက်ကြောင့်ပင်။

သို့‌သော် မိစ္ဆာကျင့်ကြံသူအုပ်၏ တာအိုပညာရှင်က လာနေပြီဖြစ်ရာ လင်းယွင်ကျစ်နှင့် အခြားသူများလည်း လာလိမ့်မည်။ ထိုအခြင်းအရာက နိဗ္ဗာနသစ်သီးကိုသုံးရန် အခွင့်‌အရေးကောင်းဟု ဆိုနိုင်သည်။

"ဆိုတော့ လောကပါလအင်မော်တယ်တစ်ယောက်က ဘယ်လောက် အစွမ်းထက်လဲ" သူက ဖြစ်ပျက်တော့မည့်အရာကို ရုတ်တရက် အလွန်မျှော်လင့်မိသွားသည်။ သူသည် တစ်ချက်လေးမှတုံ့ဆိုင်းမနေဘဲ နိဗ္ဗာနသစ်သီးကို သူ့နဖူးပေါ်သို့ လျင်မြန်စွာ ဖိချလိုက်တော့သည်။

ပထမဆုံး ကြုံတွေ့ရသည့်အရာ ပြင်းထန်လှသည့် နာကျင်မှုဖြစ်သည်။ ၎င်းက သူ့ခန္ဓာကိုယ်ကို စိုးမိုးသွားပြီး သူ့မှာ စိတ်မာလျှင်တောင်မှ ခေါင်းနောက်လှန်၍ မအော်မိဘဲမနေနိုင်ပေ။ ၎င်းက ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး တိုးတက်မှုနှင့်အတူ လိုက်ပါလာသော အက်ကွဲကွဲဟိန်းဟောက်သံကြီး ဖြစ်သည်။

ဂျိန်းခနဲ အသံကြီး လေတွင်ပြည့်နှက်သွားပြီး အရာအားလုံး တုန်ခါလာသည်။ မန်ဟို့ပတ်ပတ်လည်တွင် လေပြင်းများ တဝေါဝေါ တိုက်ခတ်လာသည်။ လေပြင်းများက အရာအားလုံးကို ရိုက်ခတ်တိုးဝှေ့နေစဉ် ဧရာမဖိအားကြီးတစ်ခုသည် ကိုးပင်လယ်နတ်လောကအပေါ်သို့ သက်ရောက်လာတော့၏။

မန်ဟိုမှာ တဆတ်ဆတ် တုန်လာပြီး သွေးများက သူ့ခန္ဓာကိုယ်အနှံ့အပြားမှ ပန်းထွက်လာသည်။ သူ၏စွမ်းအင်က တဟုန်ထိုးမြင့်တက်လာကာ အင်မော်တယ်ဧကရာဇ်အဆင့်ကို ကျော်လွန်၍ ကြောက်ခမန်းလိလိအဆင့်သို့ ၀င်ရောက်သွားတော့သည်။

၎င်းက ရပ်တန့်မသွားဘဲ မြင့်တက်သထက် မြင့်တက်သွားနေသည်။ မန်ဟိုသည် အရပ်ပိုရှည်လာပြီး ကြီးထွားလာသည်နှင့်အမျှ သူ၏ အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်မျိုးလုံးလည်း လျင်မြန်စွာ အစွမ်းထက်လာတော့သည်။

သူ့အနေဖြင့် မည်မျှ ကြာကြာထိန်းထားနိုင်သည်လဲမသိသည့်အတွက် ကြီးထွားမှု ပြီးဆုံးမည်အထိ စောင့်မနေတော့ပေ။ သူက ရှေ့တစ်လှမ်းလှမ်းကာ ကျောက်ဘီလူးကြီးနှစ်ကောင်အနက်မှ တစ်ကောင်၏ရှေ့တည့်တည့်သို့ ရောက်သွားသည်။ ကျောက်ဘီလူးကြီးက ဟိန်းဟောက်၍ သူ့ကို ထိုးလိုက်သော်လည်း မန်ဟိုလုပ်လိုက်သမျှမှာ လက်ကလေးမြောက်၍ ၎င်းကို ထိလိုက်ရုံလေးဖြစ်သည်။

ထိုလက်‌ချောင်းလေးတစ်ချောင်းက ဖောင်းခနဲအသံကြီးကို ပဲ့တင်ထွက်သွားစေပြီး လက်သီးမှာ ပေါက်ကွဲထွက်သွားတော့သည်။ တခဏကြာသော် ကျောက်ဘီလူးကြီးလည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့၏။

ထိုမျှနှင့်မကသေး။ မန်ဟို၏ လက်ချောင်းတိုက်ကွက်လေးက ကျောက်ဘီလူး၏ အပျက်အစီးများကို ဖုံးလွှမ်း၍ ၎င်းနှင့် သဘာ၀နိယာမ ဆက်နွှယ်မှုကို ဖြတ်တောက်ပစ်လိုက်သည့် အံ့မခန်း စွမ်းအားတစ်ရပ်နှင့် ပြည့်နှက်နေ‌သယောင်ပင်။

ကျောက်ဘီလူးကြီးမှာ ကိုးပင်လယ်နတ်လောကမန္တန်၀င်္ကပါ၏ စွမ်းအားအတွင်းမှ အတင်းအကြပ် ဖယ်ရှားခံလိုက်ရလေသည်။ အကာအကွယ်မဟာမန္တန်၀င်္ကပါတစ်ခုလုံးကိုပင် တုန်ခါသွားစေပြီး မခုခံဝံ့စေသော လွှမ်းမိုးကြီးစိုးနေသည့် အပြုအမူဖြစ်သည်။

ဤသည်မှာ ပထမဆုံးခြေလှမ်းနှင့် လက်ချောင်းလေးတစ်ချောင်း ‌ ဝှေ့ယမ်းရုံသာ ဖြစ်ပါသော်လည်း လူတိုင်းကို အံ့ဩမှင်သက်သွားစေ၏။ လာနေသော တာအိုနယ်ပယ်ပညာရှင်များပင်လျှင် တုန်လှုပ်သွားရလေသည်။

ထို့နောက် မန်ဟိုက ဒုတိယခြေလှမ်းလှမ်း၍ ဒုတိယအကြိမ် လက်ချောင်းလေးကို တောက်လိုက်သည်။ ကျောက်ဘီလူးကြီးမှာ ပထမအကောင်ကြီးနည်းတူ ပြိုကျသွားတော့၏။ ၎င်းမှာ ကျောက်ပုံကြီးအဖြစ်ပင် မပြောင်းနိုင်ဘဲ ဖုန်ဘ၀ရောက်သွားတော့သည်။ မန်ဟိုက ၎င်းကို သဘာ၀နိယာမနှင့် အဆက်အသွယ် မဖြတ်တောက်ဘဲ ထိုအစား ကိုးပင်လယ်နတ်လောကမှ အပြီးတိုင် ဖျောက်ဖျက်ပစ်လိုက်ခြင်းဖြစ်သည်။

မန်ဟိုသည် စွမ်းအားတို့ တဟုန်းဟုန်းတောက်လျက် လေပြင်းတို့က ‌သူ၏ ဆံပင်များနှင့် အ၀တ်အစများကို တဖတ်ဖတ် ပျံ့လွင့်နေစေလျက် ပျံဝဲနေစေသည်။ သူက ‌တစ်လောကလုံးကို ငုံ့ကြည့်နိုင်သည့်အလားပင်။ သူ ထုတ်လွှတ်နေသော လွှမ်းမိုးကြီးစိုးနေသည့်အရှိန်အဝါများမှာ ပို၍သာ အားကောင်းလာနေ၏။

ထို့နောက် သူက တတိယအကြိမ်လှမ်းလိုက်ရာ အလယ်တောင်၏ အကာအကွယ်မှာ သူ့ကို ကြောက်သွားပြီး သူ့လမ်းအား မပိတ်ရဲတော့သည့်အလား တုန်ရီသွားသည်။ ထို့နောက် သူ၏ တတိယခြေလှမ်း အောက်သို့‌မကျသေးမီ တောင်မှာ ပြိုကွဲသွား၏။ ကျောက်အစအနများက ‌အရပ်မျက်နှာတစ်ခုလုံး ပျံထွက်သွားကာ ကျင့်ကြံခြင်းဂူထဲတွင် သွေးအန်လျက် ခန္ဓာကိုယ်တို့ ခြောက်ကပ်နေပြီး မျှော်လင့်ချက်တို့ ကင်းမဲ့နေသော လောင်တန်းဟိုက်အား ဖော်ပြလိုက်တော့သည်။

"ခေါင်းဆောင်ကြီး ကယ်ပါဦး" သူ့က အသက်စွမ်းအားမှ ညစ်ထုတ်နိုင်သော နောက်ဆုံးလက်ကျန်ခွန်အားတို့ဖြင့် ဟိန်းဟောက်လိုက်သည်။ လောင်တန်းဟိုက်၏ ပုံစံအစစ်အမှန်သည် မီတာ ၃၀၀ ပင်လယ်နဂါးဖြစ်ပါသော်လည်း သူ့မှာ အလွန်တရာ အားနည်းနေသည့်အတွက် အရိုးစုကြီးပမာ ဖြစ်နေတော့သည်။

မန်ဟိုက တတိယခြေလှမ်းကို ချ၍ လောင်တန်းဟိုက်၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ မန်ဟိုသည် လောလောဆယ်တွင် မီတာ ၃၀ ခန့်မြင့်မား၏။ သူက အင်မော်တယ်နတ်မင်းကြီးအလား လက်ကို ‌ဆန့်တန်း၍ လောင်တန်းဟိုက်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။

လောင်တန်းဟိုက် မည်မျှရုန်းကန်ပါစေ အချည်းနှီးဖြစ်လေ၏။ မန်ဟို၏ တင်းကြပ်ခိုင်မာသော လက်က နတ်ဘုရားစွမ်းရည် မှော်သိုင်းကွက်များနှင့် သဘာဝနိယာမများကိုပင် လျစ်လျူရှုနိုင်သောအရာ ဖြစ်သည်။ သူ တစ်စုံတစ်ခုကို ဖမ်းဆုပ်ချင်လျှင် ထိုတစ်စုံတစ်ခုသည် ဖမ်းဆုပ်ခံရလိမ့်မည်။

"လုပ်ရဲလား ဂျူနီယာကောင်" ဒေါသတကြီး ဟိန်းဟောက်သံကြီးက ကမ္ဘာလောကကို ကြေမွသွားစေသည်အထိ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလေသည်။ ၎င်းက မန်ဟို့နားထဲတွင် ပေါက်ကွဲလာရာ သူ့အား နောက်သို့ ယိမ်းယိုင်သွားစေသည်။ တစ်ချိန်တည်းမှာပင် နိဗ္ဗာနသစ်သီးသည် သူ့နဖူးပေါ်တွင် ပေါ်လာပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ပြန်ကျဆင်းလာသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လောင်တန်းဟိုက်ကို ချိတ်ပိတ်၍ သူ၏ သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် မျက်နှာဖြူဖတ်ဖြူရော်နှင့် နိဗ္ဗာနသစ်သီးကို ဖမ်းဆုပ်ရန် လှမ်းလိုက်သည်။

သူသည် နောက်ဆုံးတစ်ခေါက်ကကဲ့သို့ သတိလစ်မသွားပေ။ သူ့တွင် အားအင်အနည်းငယ် ရှိနေသေးသည့်အတွက် သူ့ကိုယ်သူအား အနီးနားရှိ‌ ကျောက်တုံးတစ်တုံးပေါ်သို့ ကျသွားစေသည်။ သူသည် ဆေးလုံးတစ်ချို့ကို လျင်မြန်စွာ ထုတ်၍ ဝါးစားလိုက်၏။ ထို့နောက် ရှက်ကိုးရှက်ကန်း အမူအရာဖြင့် သူက ကောင်းကင်ပေါ် မော့ကြည့်လိုက်၏။

"မလုပ်ရဲပါဘူး စီနီယာကြီးရယ်"

***

All Chapters