ဓားသွားတမျှ လျှာစောင်းထက်ခြင်း
Vol. 77 Ch. 1074
“လုပ်ရဲသလား ဂျူနီယာကောင်”
“မလုပ်ရဲပါဘူး စီနီယာကြီးရယ်”
ဤထူးဆန်းသော အမေးနှင့်အဖြေက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
လေလယ်တွင် ကြက်သွေးရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ဦးပေါ်လာသည်။ သူ့ဆံပင်များမှာလည်း သူ့အဝတ်အစားနည်းတူ နီရဲလျက်ရှိ၏။ သူ့နဖူးထက်၌ အကြေးခွံမရှိဘဲ ချိုကြီးတစ်ချိုသာ ရှိနေသည်။ သို့သော် သူ့အရှိန်အဝါအပေါ် အခြေခံ၍ သူသည် အစွမ်းထက်ပညာရှင်များအကြား၌ မိုးနှင့်မြေ၏စိတ်ဆန္ဒကို စိုးမိုးနိုင်သူဖြစ်ကြောင်း ထင်ရှားပြီး မိစ္ဆာကျင့်ကြံသူတစ်ဦး၏အရှိန်အဝါဖြင့် တဟုန်းဟုန်းတောက်နေလေသည်။
ဤသည်မှာ ... မိစ္ဆာကျင့်ကြံသူအုပ်၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးဖြစ်သည်။
သူ၏ရောက်ရှိလာမှုက အနီးနားရှိ မိစ္ဆာကျင့်ကြံသူအားလုံးကို တုန်ရီလာစေသည်။ သူတို့မှာ နောက်ဆုံးတော့ အားကိုးစရာရသွားသည့်အလား၊ မိဘရောက်လာသည်ကို ရုတ်တရက် မြင်လိုက်ရသော အနိုင်ကျင့်ခံနေရသည့် ကလေးများအလားပင်။ တကယ်တော့ ဝါစဉ်အတိုင်းသာဆိုလျှင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးသည် သူတို့၏မိဘသဖွယ် ဖြစ်ပေ၏။
သို့သော် ... သူတို့သော်လည်းကောင်း၊ ဒေါသတကြီး ထိုးဆင်းလာပြီး မန်ဟိုကို လက်တစ်ချက်ဝှေ့ကာ ဖမ်းဆုပ်ရန် ပြင်နေသည့် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးသော်လည်းကောင်း မန်ဟို ယခုလို တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မိစ္ဆာကျင့်ကြံသူများ၏ ရှုထောင့်အရ မန်ဟို အလျှော့မပေးဘဲ ခေါင်းမာမာတုံ့ပြန်ခြင်းက ပို၍ယုတ္တိရှိလိမ့်မည်။ သူတို့မှာ သူ ဤသို့ ပြောလိမ့်မည်ဟု မည်ကဲ့သို့ခန့်မှန်းနိုင်ခဲ့မည်နည်း။
မန်ဟိုအသံက တိုးညှင်းပြီး အားပင် အားနည်းနေရာ စောင့်ကြည့်နေသူများ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာများ ပေါ်လာစေတော့သည်။ ကိုးပင်လယ်နတ်လောက၏ သာမန်ကျင့်ကြံသူများပင် ထိုအတိုင်းဖြစ်နေကြသည်။
တုံ့ပြန်မှုမတူသည့် တစ်ယောက်တည်းသောသူကတော့ ပင်လယ်သမီးတော် ပေ့ယွီနှင့် တိုက်ခိုက်နေသည်ကို ရုတ်တရက် ရပ်လိုက်သော ဖန်းတုံးအာပင်။ သူသည် မန်ဟို၏မျက်နှာတိမျက်နှာထားကို မြင်လျှင်ချင်း ရင်ထဲ ရွစိရွစိဖြစ်လာပြီး သူတို့နှစ်ယောက် လောင်းကြေးထပ်ခဲ့စဉ်တုန်းက သူ့မျက်နှာထားမှာ ထိုအတိုင်းဖြစ်ခဲ့ကြောင်း သတိရလိုက်၏။
“မန်ဟို သေချင်းဆိုးကောင်” သူမက တွေးသည်။ “နင့်မှာ သေချာပေါက် မကောင်းတဲ့အကြံအစည်တစ်ခု ရှိလိမ့်မယ်” ဖန်းတုံးအာသည် ဤအခြင်းအရာကို အတပ်သေချာ၏။
ထိုးဆင်းလာနေသော တာအိုနယ်ပယ်ခေါင်းဆောင်ကြီးမှာ တခဏ ကြက်သေသေသွားပြီးနောက် လက်ကို ဆက်လက်ဝှေ့ယမ်းလိုက်သည်။ ထိုလှုပ်ရှားမှုက သဘာဝနိယာမကို နှောင့်ယှက်၍ မန်ဟို့ကို ဖမ်းဆုပ်တော့မည့် ပုံရိပ်ယောင်လက်ကြီးတစ်ဖက်အား ဖန်ဆင်းလိုက်သည်။
မန်ဟိုက မရှောင်ဘဲ လက်ကြီးအား သူ့ကို ဆုပ်ကိုင်ခွင့်ပေးလိုက်၏။ ရုတ်တရက် အေးစက်စက်နှာမှုတ်သံတစ်သံက မန်ဟို့ဘေးမှ ထွက်လာသည်။ ဘွားဘွားကိုးပေါ်လာပြီး သူမက ရှေ့တက်၍ လက်ကြီးကို အသာအယာ ထိပုတ်လိုက်သည်။
မည်သည့်အသံကိုမှ မကြားရသော်လည်း သဘာဝနိယာမနှစ်ခု ဝင်တိုက်သွားခဲ့သည့်အလား တဝုန်းဝုန်းမြည်သံများက ရှိရှိသမျှစိတ်အာရုံအလုံးစုံထဲတွင် ပဲ့တင်ထပ်သွားတော့သည်။
လက်ကြီးမှာ ပြိုကွဲသွားပြီး မိစ္ဆာတာအိုနယ်ပယ်ပညာရှင်မှာ အင့်ခနဲ ညည်းလိုက်ရ၏။ ဘွားဘွားကိုးမှာလည်း မျက်နှာသွေးဆုပ်ဖြူလျော်သွားပြီး အေးစက်သော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။
“တော်သင့်ပြီ” သူမက ပြောသည်။ “နင်တို့ မိစ္ဆာကျင့်ကြံသူအုပ် မွှေသင့်သလောက် မွှေထားပြီပြီပဲ၊ အခုထိ မတော်နိုင်သေးဘူးလား” ရုတ်တရက် သူမက ဖမ်းဆုပ်သည့် လှုပ်ရှားမှုလုပ်လိုက်ရာ သူမလက်ထဲတွင် နဂါးခေါင်းတောင်ဝှေးတစ်လက် ပေါ်လာသည်။ သူမ ၎င်းကို မြေပေါ် ချလိုက်သည့်အခါ အနှစ်သာရစွမ်းအားသည် ဘွားဘွားကိုးကို ဗဟိုပြုလျက် ဝုန်းခနဲ ဖြာထွက်သွား၏။
တစ်ချိန်တည်းမှာပင် လင်းယွင်ကျစ် ပေါ်လာပြီး နတ်ဆရာသခင်က ဗလာနတ္ထိ ဟင်းလင်းပြင်ထဲမှ ထွက်လာသည်။ မိစ္ဆာတာအိုနယ်ပယ်ပညာရှင်နောက်တစ်ယောက်လည်း ပေါ်လာပြီး တာအိုနယ်ပယ်ပညာရှင်အမျိုးသားနှင့်အမျိုးသမီးလည်း အတူတူပင်။
ဤတန်ခိုးကြီးမားသော ခေါင်းဆောင်ကြီးများ၏ ပေါ်ပေါက်လာမှုက ကိုးပင်လယ်နတ်လောက၏ ကျန်ဂိုဏ်းသားအကုန်လုံးကို ရင်ခုန်သံများ ဗြောင်းဆန်လျက် ဒူးထောက်ဝပ်တွားလိုက်စေသည်။
မန်ဟိုတစ်ယောက်သာ ကျောက်ကမ်းပါးကို မူလျက် ရပ်ကျန်ခဲ့၏။
“ငါတို့ သဘောတူခဲ့တယ်” ဆံပင်နီကြောင်ကြောင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးက ဟိန်းဟောက်လိုက်သည်။ “ဒါ့ကြောင့် ဂိုဏ်းအပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ငါ့မိစ္ဆာကျင့်ကြံသူအုပ် မှားခဲ့တယ်။ အဲဒါနဲ့ပတ်သတ်တဲ့ ဖြေရှင်းချက်ကို ငါ ပြီးရင် ထုတ်ပြန်မယ်။ လေဟုန်ခွင်းလောက ဖွင့်ဖို့လည်း အတတ်နိုင်ဆုံး ကူညီပေးမယ်။ လိုအပ်ရင် အရင်းအမြစ်တွေကိုတောင် စွန့်လွှတ်ပေးမယ်” ထို့နောက် ဆံပင်နီကြောင်ကြောင်အဘိုးကြီးက မန်ဟို့ကို လှည့်ကြည့်သည်။
“ဒါပေမဲ့ ဒီကောင်လေးက မိစ္ဆာကျင့်ကြံသူအုပ်ရဲ့ ဂိုဏ်းသားတွေကို သတ်ဖြတ်ခဲ့အပြင် အဲဒါကလည်း ဂိုဏ်းထဲမှပဲ လုပ်ခဲ့တာ။ ဒါကြောင့် ဒီအတွက် လျော်ကြေး ပေးရလိမ့်မယ်”
ဘွားဘွားကိုးက မျက်မှောင်ကြုတ်၍ သက်ပြင်းခိုးချလိုက်သည်။ ကိုးပင်လယ်နတ်လောက၏ အတွင်းရေးကိစ္စများသည် အာဏာလုနေသော အဖွဲ့အစည်းအသီးသီးဖြင့် အင်မတန် ရှုပ်ထွေး၏။ သက်ပြင်းချရုံသာ တတ်နိုင်သည့်အခါများလည်း ရှိသည်။ လောလောဆယ်တွင် သူမမျက်လုံးများက အေးစက်စက် လင်းလက်နေပြီး သူမ တုံ့ပြန်တော့မည့်အချိန် မန်ဟိုက ဆေးလုံးလက်တစ်ဆုပ်အား ပါးစပ်ထဲ ထည့်၍ ကြားဖြတ်ဝင်ပြောသည်။
“ဟေ့ စီနီယာကြီး မိစ္ဆာကျင့်ကြံသူတွေကို သတ်တာ ကျုပ်လို့ ခင်ဗျား အခုလေးတင် ပြောလိုက်တာလား။ ဟေ့ ဒီမှာ ဘာလို့မဟုတ်တရုတ် စွပ်စွဲတာတုန်း။ ကျုပ် သူတို့ကို မသတ်ခဲ့ပါဘူး။ တကယ်ပြောတာ မသတ်ခဲ့ဘူး။ ဘယ်သူမြင်ခဲ့လဲပြော” မန်ဟိုသည် ဆေးလုံးများကို ဆက်တိုက်ဝါး၍ ကျင့်ကြံခြင်းအခြေခံကို အားပြန်ဖြည့်ရင်း အလွန်ခံပြင်းနေပုံပေါ်သည်။ စိတ်ထဲတွင် သူက အေးစက်စက် ပြုံးနေ၏။ တစ်ခါတရံ အရာအားလုံးကို ပုံအော်သည့်အခါ လိုက်လျောညီထွေနေတတ်ရန်လည်း လိုအပ်သည်။ လိုက်လျောညီထွေနေဖို့ ငြင်းဆိုခြင်းကား အင်မတန်မှ တုံးအပေ၏။ မန်ဟို့တွင် သူ့စည်းကမ်းနှင့်သူ ရှိသော်လည်း ထိုစည်းကမ်းများက ရန်သူများနှင့်ပတ်သက်လျှင်တော့ အကျုုံးမဝင်ပေ။
သူ့စကားလုံးများက မိစ္ဆာကျင့်ကြံသူများအား ချက်ချင်း ဒေါပွသွားစေတော့သည်။
“ငါ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တယ်။ မင်း ငါ့ရောင်းရင်းတွေကို သတ်ခဲ့ပစ်တာလေကွ”
“သောက်ကျိုးနည်း။ ဒီကလူတိုင်း မင်းဆိုတာ မြင်တယ်”
မိစ္ဆာကျင့်ကြံသူများမှာ ဤမျှအရှက်မရှိသောလူမျိုးကို တစ်ခါမှမမြင်ခဲ့ဖူးသည့်အလား ရူးမတတ် စိတ်တိုနေကြတော့သည်။ မန်ဟိုက လည်ချောင်းရှင်း၍ အပြစ်ကင်းသောပုံစံဖြင့် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်သည်။
သူက သက်ပြင်းချရင်း ပြောသည်။ “မင်းတို့ မျက်စိနဲ့တပ်အပ် မြင်တော့ရော ဘာထူးမှာတုန်း။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကို သတ်တာ ငါ မဟုတ်ဘူး။ မင်းတို့မြင်ခဲ့တဲ့သူက ငါနဲ့တူအောင် ရုပ်ဖျက်ထားတာပဲဖြစ်မယ်။ အဲဒါ ဖြစ်နိုင်ခြေအရှိဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုမဟုတ်မမှန်စွပ်စွဲတာတွေကို ရပ်တန်းက ရပ်လိုက်ပါ” မန်ဟိုမှာ ရှင်းပြရင်း ဒေါသထွက်နေပုံပေါ်သည်။ သူက စကားပြောနေရင်းတန်းလန်းမှာပင် ဆေးလုံးများကို ပါးစပ်ထဲ သိပ်ထည့်နေ၏။ ဘေးတွင် ဘွားဘွားကိုးမှာ သူ့ကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေပြီးနောက် ချောင်းဟန့်၍ စကားပြောရန် ပြင်သည်။
လင်းယွင်ကျစ်နှင့် နတ်ဆရာသခင်အပါအဝင် တာအိုနယ်ပယ်ပညာရှင်အကုန်လုံးမှာ ထူးဆန်းသောမျက်နှာထားများဖြင့် ကြည့်နေကြလေသည်။ ဆံပင်နီကြောင်ကြောင် မိစ္ဆာတာအိုနယ်ပယ်ပညာရှင်မှာမူ ဒေါသထွက်သွားပြီး ဘွားဘွားကိုး စကားမပြောနိုင်ခင် အေးစက်စက် ပြုံးလိုက်သည်။
“အရင်က ဘယ်သူမှ ငါ့ကို ဒီလို ပမာခန့် မပြောခဲ့ဖူးဘူး” သူက ဖြေးညင်းစွာ ပြောသည်။ “မင်းက ငါ့ မိစ္ဆာကျင့်ကြံသူတွေကို မသတ်ခဲ့ဘူးပြောတယ်ပေါ့လေ။ ကဲ ဒါဆို မင်းကို မေးပါရစေဦး။ အခု မင်း ရောက်နေတာ ဘယ်သူ့ကျင့်ကြံခြင်းဂူလဲ။ ဘယ်လိုလုပ်ပြီး အထဲကို မင်း ရောက်နေတာလဲ။ မင်း အခုလေးတင် လောင်တန်းဟိုက်ကို ဖမ်းခဲ့တာ ငါကိုယ်တိုင် မြင်ခဲ့ရတာကွ။ မဟုတ်မှ ငါ သွေးလေချောက်ချားနေလို့လား” သူသည် မန်ဟို ဤမေးခွန်းကို မည်ကဲ့သို့ တုံ့ပြန်မည်လဲ မြင်တွေ့လိုသဖြင့် မျက်လုံးများဤ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်းတောက်နေတော့သည်။ မန်ဟိုသာ သူ သွေးလေချောက်ချားနေ၍ဟု ပြန်ဖြေလျှင် တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ကို စော်ကားခြင်းအတွက် အကျိုးဆက်များကို ခံစားရလိမ့်မည်။
“ဪ အဲ့ဒါလား” မန်ဟိုက ပြုံးရင်း ပြန်ဖြေသည်။ သူက ကပျာကယာလက်ယှက်၍ အရိုးသားဆုံးသော မျက်နှာပေးဖြင့် ခေါင်းဆောင်ကြီးအား အရိုအသေပေးလိုက်လေသည်။
“ခေါင်းဆောင်ကြီးခင်ဗျ ကျုပ်တို့ ဒီမှာ နားလည်မှုနည်းနည်းလေး လွဲနေပြီထင်တယ်။ တကယ်တော့ ရောင်ရင်းလောင်တန်းဟိုက်နဲ့ ကျုပ်က တွေ့တွေ့ချင်းမှာတင် သူငယ်ချင်းကောင်းကြီးတွေ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးမီက အချိန်အကန့်အသတ်တစ်ခုနဲ့ လောင်းကြေးထပ်ခဲ့တယ်။ ကျုပ်က ကျုပ် အဲဒီလိုလောင်းဖို့ လက်ခံတယ်လို့ သူ့ကို ပြောဖို့သက်သက်ပဲ ဒီလာခဲ့တာပါ”
"ကံဆိုးစွာနဲ့ သူက တံခါးပိတ်ကျင့်ကြံနေတော့ ကျုပ်ကလည်း သိပ်စိတ်ရှည်တတ်တဲ့လူမဟုတ်တော့ အတင်း၀င်လိုက်မိတာပါ။ အဲ့ဒီလိုဝင်ရင်း သူ့ကျင့်ကြံခြင်းဂူ ပျက်စီးသွားတာပဲ။ ကျုပ်အမှားပါ စီနီယာကြီး" သူသည် ဘွားဘွားကိုးကို တောင်းပန်နေသော မျက်နှာထားဖြင့် လှည့်ကြည့်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ "ဘွားဘွားကိုး ပျက်စီးမှုအားလုံးအတွက် ကျွန်တော် လျော်ကြေးပေးပါ့မယ်"
ဘွားဘွားကိုးက ချောင်းဟန့်လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
ဆံပင်နီကြောင်ကြောင်အဘိုးကြီးက မန်ဟိုကို ကြည့်ရင်း သူ့အပြုံးမှာ ပိုမိုအေးစက်လာတော့သည်။
"အဲ့ဒါက တကယ်ဖြစ်ခဲ့တာဆိုရင် ဘာကြောင့် မင်းသူ့ကို ဖမ်းခဲ့တာလဲ"
"ခေါင်းဆောင်ကြီးခင်ဗျ သူ မလောင်းတော့မှာကို ကျုပ် စိုးရိမ်လိုပါ။ ဒါပေမယ့် အခု ခင်ဗျား ဒီရောက်နေပြီဆိုတော့ ကျုပ် စိတ်အေးအေး ထားနိုင်ပါပြီ။ သူ မလောင်းဖို့ ကတိဖျက်နိုင်ပေမယ့် မိစ္ဆာကျင့်ကြံသူအကုန်လုံးကတော့ ကတိဖျက်မှာမဟုတ်ဘူးမလား"
စိတ်ထဲတွင် မန်ဟိုက ညစ်ကျယ်ကျယ် ရယ်နေသည်။ စိတ်ထဲတွင် မိစ္ဆာခေါင်းဆောင်ကြီးက အလွန်လျင်မြန်စွာ ရောက်လာခဲ့သည့်အတွက် သူ့မှာ နဂါးနှလုံးသားကို မထုတ်နိုင်ခဲ့၍ လောင်တန်းဟိုက်ကို ဖမ်းရုံမှတစ်ပါး ရွေးချယ်စရာမရှိခဲ့ပေ။ သူက ချောင်းထပ်ဟန့်ရင်း ဆေးပုလင်းတစ်ပုလင်းထုတ်ကာ ဆေးရည်များကို သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ လူတိုင်းက ထူးဆန်းသော အမူအရာများဖြင့် စိုက်ကြည့်နေကြ၏။
"ခေါင်းဆောင်ကြီး မယုံဘူးဆိုရင် ဒီက ဘယ်သူ့ကိုမဆို ကျုပ်နဲ့ လောင်တန်းဟိုက်ကြားက လောင်းကစားပွဲအကြောင်း မေးလို့ရပါတယ်။ အဲ့လောင်းကစားပွဲက ကျုပ် ရွှေဂိတ်ကျောက်တိုင်ကိုးတိုင်လုံးမှာ ထိပ်ဆုံးတစ်ရာထဲ ၀င်၊မ၀င်ဆိုတာပဲ။ ကျုပ်၀င်ခဲ့ရင် သူက မိစ္ဆာကျင့်ကြံသူအုပ်ရဲ့ကိုယ်စား အင်မော်တယ်ကျောက်စိမ်း သန်း ၁၃၀၀ နဲ့ တာအိုလက်နက်သုံးခု ပေးမယ်ပြောခဲ့တယ်"
ချက်ချင်းပင် ပတ်၀န်းကျင်ရှိ မိစ္ဆာကျင့်ကြံသူများမှာ ဒေါသတကြီး အော်ကြတော့သည်။
"မဟုတ်ကဟုတ်ကတွေ လျှောက်မပြောနဲ့။ မင်းနဲ့ အစ်ကိုကြီးလောင်ကြားက လောင်းကစားပွဲက မင်း ရွှေဂိတ်ကျောက်တိုင်တွေမှာ ထိပ်ဆုံးအဆင့်တစ်ဆယ်ထဲ ဝင်မဝင်လောင်းတာလေ။ ပြီးတော့ လောင်းကြေးတွေကလည်း အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀၀ ပဲ။ သန်း ၁၃၀၀ မဟုတ်ဘူး။ ပြီးတော့ တာအိုလက်နက်တွေလည်း တစ်ခုမှလည်း မပါဘူး။ ပြီးတော့ မင်းရှုံးရင် မင်းရဲ့ အက်ရှလွန်နေရာကို ပေးရမှာ"
ဤသည်ကို တုံ့ပြန်သည့်အနေဖြင့် ဆံပင်နီကြောင်ကြောင်အဘိုးကြီး၏မျက်နှာ မည်းမှောင်သွားသည်။ သူသည် လောင်းကြေးကိစ္စကို သိသော်လည်း မန်ဟို ၎င်းကို အစဖော်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
မန်ဟိုသည် တစ်လတံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ပင်လယ်နယ်မိစ္ဆာကိုးဦးကို အဖြေပြန်မပေးခဲ့သည့်အတွက် သူတို့က ထိုအကြောင်းကို တစ်ဂိုဏ်းလုံးတွင် သတင်းဖြန့်ထားခဲ့ခြင်း ဖြစ်၏။
ဆံပင်နီကြောင်ကြောင်အဘိုးကြီးက မန်ဟိုကို အေးတိအေးစက် စိုက်ကြည့်သည်။ သူသည် မန်ဟို၏ လျှာစောင်းထက်ပုံကို စိတ်တိုနေသော်လည်း အခြေအနေကို အခွင့်ကောင်းယူရာ၌ မန်ဟိုကဲ့သို့ မည်သူမှ မထူးချွန်ကြောင်း ဝန်ခံလိုက်ရတော့၏။
သူ့အနေဖြင့် မန်ဟို့ကို အချိန်မရွေး ပြာချပစ်နိုင်သည့်တိုင် ထိုသို့လုပ်၍မရပေ။ မန်ဟိုမှာ သူ့ထက်ပင် အစွမ်းထက်သူများအား လှုပ်မရအောင် ချုပ်ရန် ရှုပ်ထွေးသော အခြေအနေများကို အသုံးချရာ၌ အင်မတန် ကျွမ်းကျင်လေသည်။ သူက သူတို့ပြန်မတုံ့ပြန်နိုင်အောင် ထောင့်စေ့အောင် စဉ်းစားတတ်၏။
အဘိုးကြီးမှာ သူ မထုတ်လွှတ်နိုင်သော အစွမ်းအစများ မန်ဟို့တွင် ရှိနေသည့်အလား ခံစားလိုက်ရသည်။
မှန်ပါသည်။ မန်ဟိုသည် ကျင့်ကြံသူလောကသို့ ဝင်ရောက်ခဲ့စဉ်က မှီခိုရာဂိုဏ်းဟုခေါ်သော ဂိုဏ်းတစ်ဂိုဏ်းသို့ ပထမဆုံးဝင်ရောက်ခဲ့သည်ကို အဘိုးကြီးမသိပေ။ ထိုဂိုဏ်း၏ အယူအဆများက မန်ဟို့နှလုံးသားထဲတွင် မြဲမြံစွာ ခတ်နှိပ်ခံထားရသည်။
လူများအနေဖြင့် မှီခိုရန် လူတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအား အစွမ်းကုန် ရှာသင့်သည်။ ထိုအရာက ဒိဋ္ဌမမှန်သော်လည်း .... အင်အားကြီးသင့်သလောက် မကြီးသောအခြေအနေတွင်တော့ အကျိုးအကြောင်းသင့်သည်။
“အဲဒီလောင်းပွဲက မင်းနဲ့ လောင်တန်းဟိုက်ကြားက ကိုယ်ရေးကိုယ်တာကိစ္စ။ မင်းရှုံးရင် မင်းရဲ့ အက်ရှလွန်အဆင့်အတန်းကို ပေးရမယ်။ လောင်တန်းဟိုက်ကို အခုလွှတ်လိုက်တော့” ဆံနီအဘိုးကြီးမှာ စိတ်မရှည်တော့ပုံရသည်။ ဤအခိုက်အတန့်တွင် အဘိုးကြီးကို စိုက်ကြည့်နေသော မန်ဟို့မျက်ဝန်းများက အေးစက်စက် တောက်ပသွားလေသည်။
“လောင်တန်းဟိုက်အကြောင်း ခဏမေ့ထားရအောင်။ ခေါင်းဆောင်ကြီး မိစ္ဆာကျင့်ကြံသူတစ်အုပ်လုံးကို ကျုပ် မေးခွန်းတစ်ခု မေးချင်ပါတယ်။ ခင်ဗျားတို့တွေက ကျင့်ကြံသူတွေတောင် ဟုတ်ရဲ့လား။ ကျင့်ကြံသူတွေအကြားမှာ တားမြစ်ထားတဲ့အကြီးဆုံးအရာကို သိရဲ့လား
“ခင်ဗျားတို့နဲ့ နဝမတောင်ပင်လယ်ရဲ့ ကျုပ်တို့လို ကျင့်ကြံသူတွေနဲ့ ဘယ်လိုပတ်သက်နေသလဲ။ မိစ္ဆာကျင့်ကြံသူအုပ်ထဲက မဟုတ်ရင် ဘယ်သူ့ကိုမဆို ခင်ဗျားတို့ သတ်ချင်တိုင်း သတ်လို့ရမယ်ထင်လား
“ခင်ဗျားတို့ ကျုပ်ကို မုန်းတယ်။ ရတယ် အေးဆေး ကိစ္စမရှိဘူး။ ကျုပ်ကို အကောက်ကြံလို့ရတယ်။ ကျုပ် ပြန်တိုက်ခိုက်ရင်း သေသွားရင် ဘယ်သူမှ နှစ်ခါစဉ်းစားနေမှာမဟုတ်ဘူး။ ဒါပေမဲ့ မေးပါရစေဦး ခေါင်းဆောင်ကြီးနဲ့ ကျန်တဲ့မိစ္ဆာကျင့်ကြံသူအပေါင်းတို့။ ဒီလုပ်ရပ်ရဲ့ အဓိပ္ပါယ်က ဘာလဲ” သူက သိုလှောင်အိတ်ကို ပုတ်လိုက်ကာ ချူယွီယန်အား သူ့လက်ထဲတွင် ပေါ်လာစေသည်။
သူမမျက်နှာလေးမှာ ဖြူဆုပ်နေပြီး သတိလစ်၍ အင်မတန် အားနည်းနေကြောင်း ထင်ရှားသည်။ ၎င်းက အလွန်ကရုဏာသက်စရာမြင်ကွင်းတစ်ခုပင်။
“ဒါက ကျုပ်မွေးရပ်မြေက ချစ်ရတဲ့သူငယ်ချင်းတစ်ယောက်ပါ။ သူက ခွန်လွန်အစည်းအရုံးကို ဝင်ရောက်ခဲ့ပြီး အခုထိလည်း အဲဒီက ဂိုဏ်းသားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ကျုပ်ကို ရင်ဆိုင်ဖို့အတွက် ခင်ဗျားတို့ မိစ္ဆာကျင့်ကြံသူအုပ်က သူ့ကို ပြန်ပေးဆွဲပြီး ဒီခေါ်လာခဲ့တယ်။ ခင်ဗျားတို့က သူ့ကို သေမင်းခံတွင်းဝမှာ ချခဲ့တဲ့အပြင် အဆိပ်တောင် ခတ်ခဲ့တယ်
“ကိုးပင်လယ်နတ်လောကက တာအိုရောင်ရင်းတို့။ ခင်ဗျားတို့ သူငယ်ချင်းတွေ၊ ခင်ဗျားတို့ မိသားစုဝင်တွေ ခင်ဗျားတို့ မျက်စိရှေ့မှောက်မှာတင် နှိပ်စက်ခံရပြီး ဓားစာခံအဖြစ် အသုံးချခံနေရရင် ဒီတိုင်းလက်ပိုက်ကြည့်နေမလား
“ကျင့်ကြံသူတွေအတွက် အကြီးလေးဆုံး တားမြစ်ချက်၊ ကျင့်ကြံသူလောကမှာ အတားမြစ်ခံရဆုံးအရာက ဘာလဲ။ ဒါပဲ
“လူတိုင်း ဒီလိုလုပ်နေရင်း ကျင့်ကြံသူလောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားလိမ့်မယ်။ ကျုပ်က မိစ္ဆာကျင့်ကြံသူတွေကို ရန်စခဲ့မိတယ်။ သူတို့က ကျုပ်သူငယ်ချင်းကို ပြန်ပေးဆွဲပြီး သတ်ဖို့လုပ်တယ်။ ခင်ဗျားတို့ထဲက တစ်ယောက်ယောက် သူတို့ကို ရန်စမိရင်ရော။ သူတို့အဲဒီလိုပဲ လုပ်ဦးမှာမဟုတ်လား။ ဒါဟာ ရက်စက်တဲ့အတုံ့အလှည့်တစ်ခုပဲ။ ရောင်ရင်းကျင့်ကြံသူတို့ ကျုပ်တို့ထဲက ဘယ်သူကများ ဒီလိုအရာမျိုးကို သည်းခံနိုင်မှာလဲ” မန်ဟို့စကားလုံးများ သူတို့နားထဲတွင် ပဲ့တင်ထပ်နေစဉ် ပတ်ပတ်လည်ရှိ ကျင့်ကြံသူများမှာ သိသိသာသာ စိတ်နှလုံးလှုပ်ရှားသွားပုံပေါ်သည်။
***