ထူးခြားသော ပဉ္စမမြောက် ရွှေဂိတ်ကျောက်တိုင်
Vol. 77 Ch. 1075
ဤသည်မှာ သူတို့အတွက် မန်ဟို၏ကိုယ်ရေးကိုယ်တာအကြောင်းအရာကို ပထမဆုံး ကြားသိရခြင်းဖြစ်သည်။ သူတို့အားလုံးက ချူယွီယန်ကို ကြည့်၍ တုန်လှုပ်သွားကြတော့၏။ မန်ဟိုပြောခဲ့သည့်အတိုင်း သူတို့လည်း ထိုနည်းတူဖြစ်ပျက်ခဲ့လျှင် ...
မရေမတွက်နိုင်သော ကိုးပင်လယ်နတ်လောကဂိုဏ်းသားများ မိစ္ဆာကျင့်ကြံသူအုပ်ကို အေးတိအေးစက် ကြည့်ကြရန် တခဏသာ ကြာလိုက်သည်။
မိစ္ဆာကျင့်ကြံသူအတော်များများ၏ မျက်နှာအမူအရာများလည်း ရိပ်ခနဲ ဖြစ်သွားကြသည်။ သူတို့လည်း ဤကိစ္စကို ပထမဆုံးအကြိမ် ကြားရခြင်းဖြစ်ပေသည်။
ယခုလိုကိစ္စမျိုး ကျင့်ကြံသူလောကတွင် ဖြစ်ခဲ့ဖူးသော်လည်း ကျင့်ကြံသူအားလုံးနီးပါး ပြစ်တင်ရှုံ့ချကြသည်။ လူတိုင်းလူတိုင်းတွင် မိသားစုများ၊ မိတ်ဆွေများအပြင် ရန်သူများလည်း ရှိသည်။ ဤကိစ္စရပ်အား တစ်ကြိမ်တစ်ခါမျှ မသိကျေးကျွန်ပြုလိုက်လျှင် နောက်အနာဂတ်တွင် ... သူတို့လည်း ထိုနည်းတူ ကြုံတွေ့လာရလိမ့်မည်။
“မိစ္ဆာကျင့်ကြံသူအုပ်၊ မင်းတို့ ငါ့ကို လျော်ကြေးပေးရမယ်။ လောင်တန်းဟိုက် သေရမယ်။ အက်ရှလွန်အဆင့်အတန်းကို ငါ့ဆီက မယူရဘူး။ ပြီးတော့ ငါ လောင်းကစားကို ရှုံးရင်တောင်မှ မင်းတို့ ငါ့ကို မူလလောင်းကြေး အင်မော်တယ်ကျောက်စိမ်းပမာဏရဲ့ တစ်ဝက်ကို ပေးရမယ်
“အဲ့ဒါက ငါ့ရဲ့တောင်းဆိုချက်ပဲ” ထို့နောက် မန်ဟိုက ခြေလှမ်းအနည်းငယ်ဆုတ်ကာ ဘွားဘွားကိုး၏အနောက်သို့ ရောက်သွားသည်။ လုံလောက်သောအချိန်အတိုင်းအတာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ သူ၏ထာဝရအလွှာသည် သူ့ကျင့်ကြံခြင်းအခြေခံကို ထိပ်ဆုံးနီးပါးရောက်သည်အထိ ကုစားခဲ့ပြီးလေပြီ။
ဆံပင်နီကြောင်ကြောင်ခေါင်းဆောင်ကြီးမှာ အတိုင်းထက်အလွန်မျက်နှာမသာမယာ ဖြစ်နေတော့သည်။ တကယ်လည်း သူကိုယ်တိုင် ချူယွီယန်ကို ဓားစားခံအဖြစ် ဖမ်းခွင့်ပြုခဲ့မိ၏။ သို့သော် မူလအစီအစဉ်အရ မန်ဟိုသည် သေသွားပြီး ချူယွီယန်လည်း အသုံးဝင်တော့မည်မဟုတ်ပေ။ ထို့နောက် ကိစ္စတစ်ရပ်လုံးအား လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့မည်။
သူတို့ ကာလကြာရှည်ကြံစည်ထားခဲ့သော မရဏထောင်ချောက်ထဲမှ မန်ဟိုက လွတ်မြောက်ခဲ့၍ အခြေအနေကို ပြောင်းပြန်လှန်နိုင်လိမ့်မည်ဟု မည်သူခန့်မှန်းနိုင်ခဲ့မည်နည်း။
အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ ကိုးပင်လယ်နတ်လောက၏ ကျင့်ကြံသူများသည် မန်ဟို့အပြောအပေါ် အခြေခံ၍ အခြေအနေကို သုံးသပ်ပြီးပြီဖြစ်သည့်အတွက် မိစ္ဆာကျင့်ကြံသူအုပ်အား သံသယများဖြင့် ကြည့်နေကြတော့သည်။
မိစ္ဆာကျင့်ကြံသူအများစုမှာ တိတ်ဆိတ်နေကြသော်လည်း တချို့ကတော့ အမှားကို ဝန်ခံရန် ခါးခါးသီးသီးငြင်းဆိုနေကြသည်။
ဤအခိုက်အတန့်တွင် နတ်ဆရာသခင်၏ အေးစက်စက်အသံက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားသည်။ “အရေးအကြီးဆုံးကိစ္စတွေအပေါ် အာရုံစိုက်ရအောင်။ လေဟုန်ခွင်းလောကဖွင့်ဖို့ လဝက်လိုသေးတယ်
“အက်ရှလွန်အဆင့်အတန်းနဲ့ပတ်သက်ပြီး လောဘတက်လိုက်တာဟာ အကြောင်းတရားဖြစ်တယ်။ အကျိုးဆက်အနေနဲ့ အခုလို ဖြစ်ပျက်ခဲ့ပြီ။ တာအိုရောင်ရင်းချီလောင်နဲ့ ဝူလင်၊ လေဟုန်ခွင်းလောကဖွင့်ရင် နောက်ထပ်တစ်ယောက် ခင်ဗျားတို့ လွှတ်နိုင်တယ်
“အခု အဲဒီကိစ္စကို ဒီမှာတင် ရပ်သင့်နေပြီ။ မန်ဟို့အနေနဲ့ကတော့ သူ ပြောခဲ့အတိုင်း လောင်းကြေးထပ်ခွင့်ရမယ်။ ကဲ ခင်ဗျားတို့ နှစ်ယောက် ဘယ်လိုသဘောရလဲ” နတ်ဆရာသခင်က ဆံပင်နီကြောင်ကြောင်အဘိုးကြီးနှင့် ကျန်မိစ္ဆာခေါင်းဆောင်ကြီးကို လှမ်းကြည့်သည်။
တခဏကြာ တိတ်ဆိတ်နေပြီးနောက် ဆံပင်နီကြောင်ကြောင်အဘိုးကြီးက မန်ဟို့ကို ဘယ်တော့မှ မမေ့အောင် မှတ်သားနေသည့်အလား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူသည် အေးစက်စက် နှာမှုတ်၍ ဖြေးညင်းစွာ ပြောလေ၏။ “မင်းပြောတဲ့အတိုင်း လုပ်မယ် နတ်ဆရာသခင်။ ဒါပေမဲ့ .... အက်ရှလွန်နေရာက လောင်းကြေးထဲမပါတော့မှတော့ ဒီကောင်လေး ကျောက်တိုင်ကိုးတိုင်လုံးမှာ ထိပ်ဆုံးတစ်ဆယ်ထဲဝင်ရင် ငါတို့ မိစ္ဆာကျင့်ကြံသူအုပ် သူ့ကို အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ ပေးမယ်။ ဒါပေမဲ့ သူ ကျရှုံးရင်တော့ တစ်တုံးမှ မရစေဘူး”
ဘွားဘွားကိုး၊ နတ်ဆရာသခင်နှင့် လင်းယွင်ကျစ်တို့ ရှိနေသရွေ့ မိစ္ဆာကျင့်ကြံသူအုပ်အနေဖြင့် ပြဿာနာထပ်ရှာ၍မရတော့ပေ။ ဤပွဲတွင် မိစ္ဆာကျင့်ကြံသူအုပ်သည် မရှုမလှရှုံးနိမ့်ခဲ့လေပြီ။
ထိုမျှသာ အရှုံးက ကျန်နှစ်ဖွဲ့မှ တာအိုနယ်ပယ်ပညာရှင်အမျိုးသားနှင့် အမျိုးသမီးကိုလည်း စိတ်ပြောင်းသွားစေခဲ့သည်။
ဆံပင်နီကြောင်ကြောင်အဘိုးကြီးမှာ သက်ပြင်းသာ ခိုးချနိုင်တော့၏။ ဝူအမည်ရှိ မိစ္ဆာခေါင်းဆောင်ကြီးကကမူ ဖြေးဖြေးချင်း ခေါင်းညိတ်လိုက်သည်။
ဘွားဘွားကိုးက မန်ဟို့ကို လှမ်းကြည့်သည်။ မန်ဟို့မျက်လုံးများက လင်းလက်သွားသော်လည်း အခြေအနေသည် ဤအတိုင်းအတာအထိ ရောက်ခဲ့ပြီဖြစ်ရာ ထပ်မံတွန်းအားပေးမရတော့ကြေင်း သူ နားလည်လိုက်၏။ ထိုသို့လုပ်ခြင်းက နှောင့်နှေးကြန့်ကြာစေလိမ့်မည်။ သူ့နှလုံးသားထဲရှိ အမျက်ဒေါသမှာ အလွယ်တကူ ဖြေဖျောက်နိုင်သည့်အရာမဟုတ်သော်လည်း သူက ခေါင်းညိတ်၍ သဘောတူလိုက်သည်။ ထို့နောက်တွင် လူတိုင်း၏ရှေ့မှောက်မှာတင် သူက လောင်တန်းဟိုက်ကို သူ၏သိုလှောင်အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။
သူသည် လောင်တန်းဟိုက်ကို လည်မျိုမှ ဆုပ်ကိုင်၍ ရက်ရက်စက်စက် ဖြစ်ချလိုက်၏။ ထို့နောက် သူ့ဘယ်လက်က လောင်တန်းဟိုက်၏ရင်ဘတ်ထဲ စိုက်ဝင်သွားသည်။ လောင်တန်းဟိုက်မှာ အသည်းအသန် ရုန်းသော်လည်း လူတိုင်း ကြည့်နေစဉ် မန်ဟိုက သူ၏ပင်လယ်နဂါးနှလုံးသားအား ဆွဲထုတ်လိုက်လေပြီ။
နှလုံးကား တဒိတ်ဒိတ် ခုန်နေဆဲပင်။ မန်ဟိုက ၎င်းကို ဖိခြေ၍ အဖြူရောင်အရည်စက်တစ်စက်အား ညစ်ထုတ်လိုက်သည်။ သာမန်ကျင့်ကြံသူများ၊ မိစ္ဆာကျင့်ကြံသူများ၊ အကုန်လုံးမှာ ရင်တဒိန်းဒိန်းတုန်ရီလျက် ကြည့်နေကြသည်။
ရုတ်တရက်ဆိုသလို သူတို့အားလုံးမှာ မန်ဟို၏ ရက်စက်ကြမ်းတမ်းမှု အတိုင်းအတာအကြောင့် ဆွံ့အကုန်ကြတော့သည်။
သူတို့သည် တခြားရွေးချယ်စရာမရှိမချင်း မန်ဟို့ကို ရန်မစသင့်ဟု ဆုံးဖြတ်လိုက်ကြ၏။ ကျင့်ကြံသူများလည်း ထိုနည်းတူ ခံစားကြရပြီး မန်ဟို့ကို ယခင်ထက်ပို၍ မုန်းသွားကြသည့်တိုင် ဆိတ်ဆိတ်သာ နေနေကြသော မိစ္ဆာကျင့်ကြံသူများလည်း ထိုနည်းတူပင်။
ဆံပင်နီကြောင်ကြောင်အဘိုးကြီးမှာ ချက်ချင်း မျက်နှာကြီးမဲ့သွားပြီး သတ်ဖြတ်လိုစိတ်တို့ ထောင်းခနဲ ထွက်လာသည်။ သို့သော် သူ့ဒေါသအတွက် ထွက်ပေါက်မရှိပေ။ သူက အင်္ကျီလက်စကို ခါ၍ လှည့်ထွက်သွား၏။ ဆက်နေလျှင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့မည်မဟုတ်မှန်း သူ သိလေသည်။
မန်ဟိုသည် တည်ငြိမ်အေးဆေးစွာဖြင့် သူ၏သိုလှောင်အိတ်ထဲမှ ပင်လယ်နဂါးနှလုံးသွေးကိုးစက်ကို ထုတ်လိုက်သည်။ သူက ၎င်းတို့အားလုံးကို ပို၍ကြီးမားသော သွေးစက်တစ်စက်တည်းအဖြစ် ပေါင်းစည်း၍ ချူယွီယန်၏ပါးစပ် ထည့်ပေးလိုက်၏။
ထို့နောက် သူမကို သိုလှောင်အိတ်ထဲ ပြန်ထည့်ပေးလိုက်သည်။ ဤကိစ္စများကို လုပ်ပြီးသည့်အခါ သူသည် သွေးအေးမှုတို့ မျက်ဝန်းများတွင် တောက်ပနေလျက် ချာခနဲ လှည့်၍ ရွှေဂိတ်ကျောက်တိုင်များထံသို့ ဦးတည်သွားတော့သည်။
သူသည် မိစ္ဆာကျင့်ကြံသူတချို့ကို သတ်ခဲ့သော်လည်း ယင်းက သူ့နှလုံးသားထဲရှိ အမျက်ဒေါသကို လျော့ပါးသွားစေရန် မလုံလောက်သေးပေ။ သူ၏အပြုအမူများက သာမန်မိစ္ဆာကျင့်ကြံသူများကို ခြိမ်းခြောက်ရန် လုံလောက်ကောင်း လုံလောက်လိမ့်မည်။ သို့သော် တာအိုနယ်ပယ်ပညာရှင်များမှာတော့ နာကျင်မှု၏အရသာကို မမြည်းစမ်းရသေးသရွေ့ သူ့ကို ဆက်လက်ဒုက္ခပေးနေဦးမည်သာ။
ဤအခိုက်အတန့်တွင် မိစ္ဆာကျင့်ကြံသူများနှင့် သူ၏အလောင်းအစားက သူတို့ဘက်သို့ ပြန်ထိုးစိုက်ပစ်နိုင်သော ဓားတစ်လက်ပမာဖြစ်သည်။ သူတို့၏မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ကြွယ်ဝမှုအား ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို သေချာပေါက် ခံစားရလိမ့်မည်။
အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ ဆိုသည်မှာ သာမန်လူကိုသာမက တာအိုနယ်ပယ်ပညာရှင်များကိုပင် လိုချင်တပ်မက်စိတ်များဖြင့် အသက်ရှူရပ်သွားစေနိုင်သော ပမာဏဖြစ်သည်။ မိစ္ဆာကျင့်ကြံသူအုပ်သာ ထိုကဲ့သို့အင်မော်တယ်ကျောက်စိမ်းပမာဏကို ဆုံးရှုံးလိုက်ရလျှင် ယင်းက သူတို့အတွက် သွေးအန်သွားစေနိုင်သော ထိုးနှက်ချက်ကြီး သေချာပေါက် ဖြစ်မည်။
အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ အကြောင်း တွေးလိုက်သည်နှင့် မန်ဟို့နှလုံးသားသည် ဒုန်းဆိုင်းခုန်လာ၏။ သူက အသက်ပြင်းပြင်းရှူရင်း မျက်လုံးများ တောက်ပလာတော့သည်။
“ငါ အစွမ်းကုန်ကြိုးစားမယ်။ ရွှေဂိတ်ကျောက်တိုင်ကိုးတိုင်လုံးမှာ ထိပ်ဆုံးဆယ်ယောက်ထဲ သေချာပေါက် ဝင်စေရမယ်” သူက အသက်ပြင်းပြင်းရှူ၍ အရှိန်တင်လိုက်သည်။ သူသည် လေကို ရွှီးခနဲ ခွင်းရင်း အနီးဆုံးရွှေဂိတ်ကျောက်တိုင်ထံသို့ ချဉ်းကပ်သွား၏။
၎င်းက ပဉ္စမကျောက်တိုင်ဖြစ်ပြီး မန်ဟို ၎င်းထံမှ ဖြာထွက်ကွန့်မြူးနေသော ရွှေရောင်အလင်းကို လှမ်းကြည့်လိုက်သည့်အခါ အတောမသပ်နိုင်သော သုတ်သင်သတ်ဖြတ်မှုများ ပြည့်နေသည့် ဧရာမအပိုင်းကြီးရှစ်ပိုင်းနှင့် စစ်မြေပြင်တစ်ခုအား မြင်သည်ဆိုရုံကလေး မြင်လိုက်ရသည်။
“ပဉ္စမရွှေဂိတ်ကျောက်တိုင်။ သတ်ဖြတ်ခြင်းနတ်မီးသျှံစမ်းသပ်ပွဲ။ တာအိုနှလုံးသားစာမေးပွဲလို့လည်း အသိများတယ်” မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။
သူက ရှေ့တက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ကျောက်တိုင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ထိုအခိုက်အတန့်မှာပင် ကိုးပင်လယ်နတ်လောက၏ ကျင့်ကြံသူအမြောက်အမြားကား ပတ်ဝန်းကျင်တွင် စုဝေးလာကြလေပြီ။ ကိုးပင်လယ်နတ်လောကရှိ လူတိုင်း အလောင်းအစားကိစ္စကို သိသည်ဟု အတပ်မပြောနိုင်သော်လည်း လူတိုင်းလိုလို သိကြလေသည်။ ထို့အပြင် မန်ဟို၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုများနှင့် သူ မိစ္ဆာကျင့်ကြံသူအုပ်၏ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးနှင့် ရင်ဘောင်တန်းရပ်ခဲ့သောပုံစံက လူတိုင်းကို အံအားသင့်သွားစေခဲ့သည်။
ရင်သပ်ရှုမောဖွယ် လောင်းကြေးကိုပါ ထည့်တွက်လျှင် ပဉ္စမရွှေဂိတ်ကျောက်တိုင်၏အရှေ့တွင် လူအုပ်ကြီး စုဝေးလာစေရန် သိပ်မကြာလိုက်ပေ။ ဘွားဘွားကိုးနှင့်သူမအဖွဲ့သာမက ဝူမျိုးရိုးမိစ္ဆာခေါင်းဆောင်ကြီးပင်လျှင် လေလယ်တွင် ပျံဝဲရင်း စောင့်ကြည့်နေကြသည်။
“ရွှေဂိတ်ကျောက်တိုင်အကုန်လုံးမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့က .... မယုံနိုင်လောက်အောင် ခက်လိမ့်မယ်”
“မန်ဟို့အနေနဲ့ နဝမရွှေဂိတ်ကျောက်တိုင်ထဲမှာ ဒုတိယနေရာရခဲ့ကြောင်း ရခဲ့ပေမယ့် ကျန်တဲ့ကျောက်တိုင်တွေက မတူဘူး။ အထူးသဖြင့် ဖိအားကို အထူးပြုတဲ့ ပထမရွှေဂိတ်ကျောက်တိုင်"
လူတိုင်း ဤကိစ္စကို ဆွေးနွေးနေကြလေပြီ။ ဘွားဘွားကိုးနှင့် လင်းယွင်ကျစ်က တစ်ယောက်ကိုတစ်ယောက် တဒင်္ဂကြည့်ပြီးနောက် မျက်လုံးများ လင်းလက်သွားသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး ပဉ္စမကျောက်တိုင်အပေါ် မမှိတ်မသုန် အာရုံပြန်စိုက်လိုက်ကြ၏။
မိစ္ဆာကျင့်ကြံသူအုပ်မှ ခေါင်းဆောင်ကြီးက ထူးဆန်းသောမျက်ဝန်းများဖြင့် စောင့်ကြည့်နေသည်။ “ပဉ္စမကျောက်တိုင်က .... ထူးခြားတယ်။ ပြီးတော့ သိပ်မမူမှန်တဲ့ နတ်မီးသျှံစမ်းသပ်ပွဲတစ်ပွဲပဲ”
ထိုစဉ်... မန်ဟိုသည် ပဉ္စမရွှေဂိတ်ကျောက်တိုင်ကမ္ဘာထဲတွင် ပေါ်လာ၏။ သူ ဘေးဘီဝဲယာကို လှမ်းကြည့်လိုက်သောအခါ ငှက်ငယ်လေးများ၏ ကျလိကျလိ အော်သံလေးများ၊ သင်းပျံ့ထုံမွှေးသော ပန်းရနံ့များဖြင့် ပြည့်နှက်နေသည့် လှပသောကမ္ဘာတစ်ကမ္ဘာကို မြင်လိုက်ရသည်။ ဤနေရာသည် အင်မော်တယ်များ စံမြန်းရာဘုံဖြစ်သည့်အလား စိတ်ဝိညာဉ်စွမ်းအင်များ လွင့်မျောရစ်သိုင်းနေ၏။
မန်ဟိုက တခဏ စိုက်ကြည့်ပြီးနောက် သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သည်။ သူသည် မရင်းနှီးသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ ထိုမျှသာမက သူက တောင်တစ်လုံး၏ထိပ်က ကြီးမားကျယ်ပြန့်သော ပြည်သူ့ရင်ပြင်တစ်ခုပေါ်တွင် လူတစ်စုနှင့်အတူ ရပ်နေလေသည်။
သူ့အား မြေပြင်ပေါ်တွင်သာမက၊ လေပေါ်တွင်ပါ ပြွတ်သိပ်ကြပ်နေသော ကျင့်ကြံသူထောင်ပေါင်းများစွာ ဝန်းရံထားသည်။ တည်ကြည်လေးနက်သောအငွေ့အသက်က ပတ်ဝန်းကျင်တွင် ဖြေးဖြေးချင်း နေရာယူလာရင်း တိမ်တိုက်များအား နေသူရိပ်ကို ပိတ်ဖုံးကွယ်သွားစေသည်။
အရှေ့တွင် လူရိပ်သုံးခု လေလယ်၌ ပျံဝဲနေသည်။ တောက်ပခံ့ညားသော ရွှေအရောင်အဝါများက သူတို့ကို ခြံရံလျက်ရှိသဖြင့် သဲသဲကွဲကွဲ မမြင်ရပေ။
ရှေးဆန်သောအသံတစ်သံက ရင်ပြင်ကိုဖြတ်၍ ပဲ့တင်ထပ်လာသည်။ “ငါတို့ကမ္ဘာကို ဖျက်စီးပစ်ချင်ကြတဲ့ အပြင်သူမျိုးနွယ်စုတွေ ကျူးကျော်လာနေကြပြီ။ သူတို့က စည်းတွေဘောင်တွေ နားမလည်တဲ့အထိ ယုတ်မာကောက်ကျစ်ကြပြီး နတ်ဆိုးစိတ်ဆန္ဒကို မွေးမြူကြတယ်။ သူတို့က တခြားဂြိုဟ်တွေက နတ်ဆိုးတွေပဲ။ လာမယ့်စစ်ပွဲမှာ မင်းတို့ဂိုဏ်းသားတွေ သူတို့ကို သုတ်သင်သတ်ဖြတ်ရမယ်။ သတ်ဖြတ်မှုတွေဟာ ဘယ်တော့မှ ရပ်စဲမှာ မဟုတ်တဲ့အပြင် မင်းတို့အတွက် နောက်ဆုတ်စရာမြေလည်း မရှိဘူး
“ဒီနေ့ သူတို့တွေ ရောက်လာတော့မယ်။ တစ်ချိန်တည်းမှာပဲ .... နတ်ဆိုးတွေက ငါတို့ဂိုဏ်းထဲကို ရုပ်ဖျက်ပြီး ထိုးဖောက်ဝင်ရောက်လာခဲ့ပြီးပြီဆိုတာ ငါတို့ သိခဲ့ရတယ်” အသံကြီး တိုးညှင်းပျောက်ကွယ်သွားစဉ် တောက်ပနေသောလူရိပ်သုံးခုက လက်များကို တစ်ပြိုင်တည်းဝှေ့ယမ်းလိုက်ကြသည်။
ချက်ချင်းပင် ကျင့်ကြံသူသုံးပုံတစ်ပုံမှာ တောက်ပသောအလင်းရောင်ဖြင့် လွှမ်းခြုံခံလိုက်ရကြောင်း တွေ့လိုက်ရသည်။ သူတို့ အံ့အားသင့်သွားကြစဉ် သူတို့အနားပတ်လည်ရှိ ကျင့်ကြံသူများက နောက်ဆုတ်ဆုတ်သွားကြလေသည်။
မန်ဟိုသည် သူ့အနား၌ ရပ်နေသော မိစ္ဆာကျင့်ကြံသူနှစ်ယောက်လုံး အလင်းတို့ဖြင့် လွှမ်းခြုံခံလိုက်ရသည်ကို သတိထားမိလိုက်၏။
“ခေါင်းဆောင်ကြီး ... ဒါ... ကျွန်တော်က နတ်ဆိုးမဟုတ်ပါဘူး ကျွန်တော်....”
“ဘာတွေဖြစ်နေတာလဲ ခေါင်းဆောင်ကြီး။ ကျွန်မက ဂိုဏ်းရဲ့ ဂိုဏ်းသူတစ်ယောက်လေ”
သူတို့မှာ ကြောက်လန့်တုန်ရီနေကြသော်လည်း တစ်ချိန်တည်းမှာပင် မတရားသဖြင့် စွပ်စွဲခံနေရသဖြင့် စိတ်တိုနေကြသည်။
သူတို့၏စကားသံများအတွက် တုံ့ပြန်မှုတစ်ခုတည်းသာရှိသည်။
“သတ်ပစ်လိုက်”
လူအုပ်ကြီးထဲမှ အတော်များများမှာ တိတ်ဆိတ်စွာသာ ရပ်နေကြသည်။ မန်ဟိုသည် ဤလူတစ်ယောက်ကိုမှ မသိသော်လည်း ရင်းနှီးမှုကို ခံစားနေရ၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတချို့မှာ တွန့်ဆုတ်နေကြပြီး အနည်းစုသာ တိုက်ခိုက်ဖို့ ရွေးချယ်ကြသည်။
“ကျုပ်က နတ်ဆိုးမဟုတ်ပါဘူး။ ဂိုဏ်းသားတစ်ယောက်ပါဗျာ” မချိတင်ကဲအော်သံများ ဆူညံပွက်လောရိုက်နေစဉ် ဂိုဏ်းသားအတော်များများမှာ ထွက်ပြေးကြပြီး တချို့က ငိုယိုကြတော့သည်။
“အစ်ကိုကြီးကျန်း ကျွန်တော်က နတ်ဆိုးမဟုတ်ဘူး”
“အစ်မကြီး ကျွန်တော်က ဖန်းရှန်လေ၊ အစ်မကြီးရဲ့ ဂိုဏ်းတူမောင်လေးလေဗျာ...”
သတ်ဖြတ်မှုများ ဖြစ်ပွားနေစဉ် မန်ဟိုက မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှာ ဤနတ်မီးလျှံစမ်းသပ်ပွဲနှင့်ပတ်သက်၍ ဘာလုပ်လို့ဘာကိုင်ရမှန်း မသိသေးပေ။
ရုတ်တရက် အလင်းရောင်ဖြင့် လွှမ်းခြုံခံထားရသော ဂိုဏ်းသားများထဲမှ သက်လတ်ပိုင်းလူတစ်ယောက်သည် ခေါင်းနောက်လှန်၍ အကျယ်ကြီး အော်ရယ်လိုက်၏။
“ငါ ချန်က နတ်ဆိုးမဟုတ်ဘူး။ ဂိုဏ်းသားတစ်ယောက်။ အဲဒါကို သက်သေပြဖို့ ဒီနေ့ ငါသေရလည်း မမှုဘူး။ ငါ့အတွက်နဲ့ ဘယ်သူမှ သွေးမြေမကျစေရဘူး။ ငါသေရမယ်ဆိုရင် ဂုဏ်သိက္ခာရှိရှိပဲ သေမယ်” ထို့နောက် သူက သူ့လက်ကို သူ့ငယ်ထိပ်အပေါ် ရိုက်ချလိုက်၏။ ဖောက်ခနဲ အသံတစ်သံ ကြားလိုက်ရပြီး သွေးများ ပန်းထွက်လာကာ သူကား သေဆုံးသွားတော့သည်။
လူတိုင်း တိတ်ဆိတ်စွာ ကြည့်နေကြ၏။ မကြာမီ ပို၍ ပူဆွေးနေသော ရယ်သံများထွက်လာပြီး အံ့ဩဖွယ်ကောင်းစွာနှင့် အစွပ်စွဲခံခဲ့ရသည့် ဂိုဏ်းသားထက်ဝက်ကျော်မှာ သတ်သေကြတော့သည်။
“သေရမယ်ဆိုလည်း ငါ့တစ်ဂိုဏ်းတည်းသား ရောင်ရင်းတွေရဲ့ လက်ချက်နဲ့ အသေမခံနိုင်ဘူး”
“ငါ ဒီနေ့ သေရလိမ့်မယ်။ ဒါပေမဲ့ မသေခင် ... ငါ တစ်ခုတော့ ပြောခဲ့မယ်။ ငါက နတ်ဆိုးမဟုတ်ဘူး” တဖောင်းဖောင်းမြည်သံများ အဆက်မပြတ် ဟိန်းထွက်လာပြီး အလောင်းများ မြေကြီးပေါ် အရုပ်ကြိုးပြတ် လဲကျသွားကြသည်။ မကြာမီ နတ်ဆိုးအဖြစ် အစွပ်စွဲခံခဲ့ရသော ဂိုဏ်းသားအားလုံး သေဆုံးသွားသဖြင့် .... တိတ်ဆိတ်ငြိမ်သက်သွားတော့၏။
ကျန်ရစ်ခဲ့သောဂိုဏ်းသားအားလုံး၊ တိုက်ခိုက်ခဲ့သည်ဖြစ်စေ၊ ရပ်ကြည့်ခဲ့ကြသည်ဖြစ်စေ တွေဝေကုန်ကြလေသည်။ ထို့နောက် သူတို့က အရှေ့ရှိ လူရိပ်သုံးခုကို လှမ်းကြည့်ပြီး သံသယများ သူတို့မျက်နှာထက်တွင် ပေါ်မလာအောင် မဟန့်တားနိုင်တော့ပေ။
မန်ဟိုမှာ တုန်လှုပ်နေသည်။ အကြောင်းတစ်စုံတရာကြောင့် ဤနတ်မီးသျှံစမ်းသပ်ပွဲသည် အင်မတန် ထူးဆန်းနေ၏။
“ဒါက သတ်ဖြတ်ခြင်းနတ်မီးသျှံစမ်းသပ်ပွဲလည်း မဟုတ်သလို တာအိုနှလုံးသားစာမေးပွဲလည်း မဟုတ်ဘူး.... တခြားရည်ရွယ်ချက် ရှိနေတယ်” မန်ဟိုသည် သူ မြင်နေရသောအရာများက သူ မည်သူဖြစ်ကြောင်း မေ့လျော့စေပြီး ဤဂိုဏ်း၏ ဂိုဏ်းသားဖြစ်နေသော ခံစားချက်များတွင် နစ်မျောသွားအောင် လုပ်နေကြောင်း သဘောပေါက်လိုက်သဖြင့် အသက်ပြင်းပြင်းရှူလိုက်မိတော့၏။
ဤအရာကို သဘောပေါက်သွားသည့်အကြောင်းရင်းက သူလည်း အရှေ့ရှိ လူရိပ်သုံးခုနှင့်ပတ်သက်ပြီး သံသယဝင်လာ၍ပင်။
***