← Chapters

မျက်ကွယ်

Vol. 77 Ch. 1076

မျက်ကွယ်

Vol. 77 Ch. 1076

အရာအားလုံး အပ်ကျသံမကြားရအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ သွေးညှီနံ့တို့က ပျံ့လွင့်လာပြီး မြေပြင်တွင် သွေးတို့ အိုင်ထွန်းလျက်ရှိသည်... မည်သည့်နေရာကို ကြည့်ကြည့်၊ တစ်ဂိုဏ်းတည်းသားများ၏ သုတ်သင်ခြင်းခံမည့်အစား မိမိကိုယ်ကို သတ်သေသွားသော လူသေအလောင်းများအား မြင်ရနိုင်သည်။

သူတို့သည် မိမိအသက်ကို စတေးခြင်းဖြင့် သူတို့၏ရိုးသားမှုကို သက်သေပြသွားခဲ့ကြသည်။

တချို့က ထွက်ပြေးခဲ့သော်လည်း ပြေးရင်း သေဆုံးသွားခဲ့ကြ၏။

နောက်ဆုံးတော့ အရှေ့ရှိ လူရိပ်သုံးခုအနက်မှ တစ်ယောက်က သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီးလီ၊ ခင်ဗျားလည်း နတ်ဆိုးတစ်ကောင်ပဲ” ရုတ်တရက် လူရိပ်သုံးခုအနက် နှစ်ခုက တတိယလူကို ဝိုင်းတိုက်လိုက်သည်။ ချက်ချင်းပင် အနှစ်သာရအရှိန်အဝါက သူတို့အားလုံးထံမှ ဖြာထွက်လာသည်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့အားလုံးကား တာအိုနယ်ပယ်ပညာရှင်များပင်။

တတိယလူက ယခုတွင် ခါးသီးပြီး တွေဝေနေသောအမူအရာကို ဆင်မြန်းထားသည်။ သူက ဖြေရှင်းချက်မပေးဘဲ ထိုအစား သက်ပြင်းချရုံသာချ၍ တိုက်ခိုက်တော့၏။ တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် သူ့မှာ နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း မန်ဟိုရပ်နေသော လူအုပ်ကြီးနား တရွေ့ရွေ့ ရောက်လာသည်။

သူက သူ့ကို တိုက်ခိုက်နေသော ကျန်နှစ်ယောက်အား မော့ကြည့်ပြီးနောက် သက်ပြင်းချလိုက်ပြန်သည်။

“နတ်ဆိုးတွေ ငါတို့ထဲမှာ ရှိတယ်လို့ တကယ်ပဲ ထင်နေတာလား.... ဒါဆိုရင်တော့ အချိန်ကုန်ခံမနေနဲ့တော့။ ဘယ်လိုဖြစ်ဖြစ် ငါ့မှာလည်း ဆက်နေဖို့ အချိန်မှ သိပ်မကျန်တော့တာ...

“ရတယ် ကိစ္စမရှိဘူး။ မင်းတို့တွေ ဘယ်လိုပဲတွေးတွေး ဂျူနီယာမျိုးဆက်တွေတောင် သူတို့ရဲ့ရိုးသားမှုကို သက်သေပြဖို့ သတ်သေရဲရင် ငါလည်း သေရမှာကို ဘာကြောင့် ကြောက်နေရမှာလဲ” ထို့နောက် သူသည် မန်ဟိုအပါအဝင် ဂိုဏ်းသားများဘက် လှည့်၍ အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ ၎င်းက သူတို့နှင့် မခွဲခွာချင်ကြောင်း ပြောရင်း အဆင်ပြေပါစေရန် ဆုတောင်းပေးနေသကဲ့သို့ အမူအရာမျိုးဖြစ်သည်။ ထို့နောက် သူက သူ့ခေါင်းထိပ်အပေါ်သို့ လက်ဖြင့် ရိုက်ချလိုက်တော့၏။

ထိုရိုက်ချက်က သူ့တစ်ကိုယ်လုံးအား တဆတ်ဆတ် တုန်သွားစေသည်။ ထို့နောက် အကန့်အသတ်မရှိသော အဆီအနှစ်အရှိန်အဝါက သူ့ထံ ထွက်ပေါ်လာသည်။

“ငါ ခန္ဓာရော ဝိညာဉ်ပါ အပျက်စီးခံနိုင်တယ်” သူက ရှေးဆန်သောအသံဖြင့် ပြောသည်။ “ငါ့ကျင့်ကြံခြင်းအခြေခံနဲ့ ဂိုဏ်းသားတွေအကုန်လုံးကို အားဖြည့်ပေးလိုက်ပါ။ သူတို့ကို .... ကျူးကျော်လာနေတဲ့ရန်သူတွေကို တိုက်ခိုက်နိုင်ဖို့ ခွန်အားတွေ ပေးလိုက်စေ” သူ ပျောက်ကွယ်သွားစဉ် သူ့အရှိန်အဝါသည် ပျံ့နှံ့လာပြီး ဂိုဏ်းသားများ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်ပေါင်းစည်းသွားတော့၏။

မန်ဟိုလည်း ပါဝင်သည်။ သူသည် နွေးထွေးသောစီးကြောင်းတစ်ကြောင်း သူ့ကိုယ်ထဲတွင် စီးဆင်းသွားရင်း သူ့ကျင့်ကြံခြင်းအခြေခံအဆင့်အား မြင့်တက်လာစေသည်ကို ခံစားလိုက်ရ၏။ ထို့အပြင် အလင်းရောင်တစ်ရောင်က အကာအကွယ်ဒိုင်းသဖွယ် သူ့ပတ်ပတ်လည်တွင် ဖြစ်တည်လာသည်။

ထိုအကာအကွယ်ထဲတွင် သူသည် နောင်တနှင့် ကြင်နာမှုတို့ ရောထွေးနေသော စိတ်ဆန္ဒတစ်ခုကို ခံစားလိုက်ရလေသည်။

လူတိုင်းသည် ရင်တဒိန်းဒိန်း ခုန်လျက် ရပ်နေကြပြီး သံသယတို့ ကြီးထွားလာနေကြသည်။

“တကယ်ပဲ ရန်သူတွေက ငါတို့ကို ကျူးကျော်နေရဲ့လား” ယင်းက သူတို့အားလုံး၏စိတ်ထဲတွင် ပြေးလွှားနေသော မေးခွန်းဖြစ်သည်။ မန်ဟိုလည်း ထိုနည်းတူ မတွေးမိဘဲ မနေပေ။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးနှစ်ယောက်သည် ဂိုဏ်းသားအကုန်လုံးကို ခြံရံနေသည့် အကာအကွယ်များကို ကြည့်ပြီး မျက်နှာ ရိပ်ခနဲ ဖြစ်သွားကြ၏။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်၍ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် တဂျိန်းဂျိန်းထစ်ချုန်းသံများ ကောင်းကင်တစ်ခွင် ပြည့်နှက်သွားသည်။ ဘီလူးကြီးတစ်ကောင် ဆုတ်ဖြတ်လိုက်သကဲ့သို့ ဧရာမအက်ကွဲကြောင်းကြီးတစ်ကြောင်း ပေါ်လာသဖြင့် တိမ်တိုက်များ လွင့်စင်ပြိုကွဲသွားသည်။ ထို့နောက် သွေးအရောင်အဝါများက အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။

ထိုအက်ကွဲကြောင်းထဲတွင် နောက်ကမ္ဘာတစ်ခုအား မြင်ရနိုင်သည်။ ထိုကမ္ဘာသည် ခေတ်ပေါင်းများစွာ သွေးမြေကျခဲ့ရသဖြင့် တစ်ကမ္ဘာလုံး နီစွေးသွားခဲ့သည့်အလား ရဲရဲနီနေချေသည်။

ပို၍အံ့အားသင့်ဖွယ်ကောင်းသည်မှာ သွေးအတိပြီးသော ပင်လယ်တစ်စင်းအား မြင်ရနိုင်ခြင်းပင်။

ထိုနောက် ၀တ်ရုံရှည်များနှင့် မရေမတွက်နိုင်သော ပုံရိပ်များက အက်ကြောင်းထဲမှ လေကိုခွင်း၍ ထွက်လာကြသည်။ သူတို့၏ မျက်နှာများက ဖြူဖတ်ဖြူရော်နေပြီး ၀မ်းသာအားရဖြစ်နေသော အမူအရာများရှိကြသည်။ အချို့ဆိုလျှင် ‌ဘေးဘီဝဲယာကိုကြည့်ရင်း အားရ၀မ်းသာစွာ ရယ်မောနေ‌ကြ၏။

ဤလူများ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသံတစ်သံက မန်ဟို၏နားနှင့် ကျင့်ကြံသူအားလုံး၏နားထဲတွင် အော်ပြောလိုက်သည်။ "သတ်ပစ်"

လူတိုင်းမှာ တခဏ တွန့်ဆုတ်နေပြီးနောက် အက်ကွဲကြောင်းထဲမှ ထွက်လာသော ကျင့်ကြံသူများထံသို့ ပျံတက်ပြီး သတ်ဖြတ်ကြတော့၏။

အက်ကွဲကြောင်းထဲမှ ကျင့်ကြံသူများက တအံ့တဩ စိုက်ကြည့်ကြပြီး ချက်ချင်းပင် ‌ဖြေရှင်းချက်မျိုးစုံ ‌ပေးကြတော့သည်။ သို့သော် သူတို့မှာ အသတ်ခံရခြင်းအား မရှောင်နိုင်ကြပေ။

မန်ဟိုက မျက်မှောင်ကြုတ်သွားသည်။ သူတို့က ကျူးကျော်‌နေခြင်းမဟုတ်ကြောင်း သူ ခံစားလိုက်ရ၏။ အမှန်တွင် အတော်များများက ဝမ်းပန်းတသာ ပြုံးနေကြသည်မဟုတ်ပါလော။

တခဏ တွန့်ဆုတ်နေပြီးနောက် သူက ရန်သူကျင့်ကြံသူတစ်ယောက်၏ နဖူးကို တောက်၍ တိုက်ခိုက်လိုက်သည်။ ထိုလူ၏ခန္ဓာကိုယ်မှာ ပြိုကွဲသွား၏။ သူကား သေမျိုးအလား အားနည်းသယောင်ပင်။ သူက မသေသွားခင် မန်ဟို့ကို အံ့အားသင့်စွာ ကြည့်သွားခဲ့၏။

"ငါတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေမရှိပါဘူး။ ဒီနေရာကို ထွက်ပြေးလာကြတာပါ။ ကျေးဇူးပြုပြီး လွှတ်ပေးပါ...."

မန်ဟိုက မျက်မှောင်ကြုတ်သွားပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ ချက်ချင်းပင် သူသည် လူအများစုမှာ ရှောင်ရင်းတိမ်းရင်း ‌ဖြေရှင်းချက်အမျိုးမျိုး ပေးနေကြကြောင်း သိလိုက်ရ၏။ ထို့ပြင် မန်ဟိုသည် ဤနေရာသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိရေးအတွက် နေရာရွှေ့ပြောင်းခြင်း‌မုခ်၀များကိုပင် အသုံးပြုခဲ့ကြသော ချီအခြေတည်အဆင့်ကျင့်ကြံသူများလပင် ရှိနေကြောင်း သဘောပေါက်သွားသည်။

ထိုမျှသာမက သူတို့အားလုံးထဲက အစွမ်းထက်ဆုံးကျင့်ကြံသူများမှာ တိုက်ခိုက်ခြင်းပင်မပြုကြ‌ပေ။ သူတို့သည် အသည်းအသန် ရှင်းပြရင်း နောက်ဆုတ်နေကြ၏။ အများစုက ဤကမ္ဘာမှ ထွက်ခွာတော့မည့်အလား အက်ကွဲကြောင်းထဲသို့ ပြန်ဆုတ်နေသ‌ယောင် ထင်ရသည်။

မန်ဟိုတို့ စစ်တပ်ထဲမှ ဂိုဏ်းသားများမှာ တွန့်ဆုတ်နေကြသည်။ လူတိုင်းသည် တွေဝေနေကြပုံပေါ်ပြီး တိုက်ခိုက်နေသူများပင် သူတို့ကိုယ်သူတို့ အတင်းဖိအားပေးနေရပုံပေါ်သည်။ လက်တစ်ဆုပ်မျှသာလျှင် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ပြတ်ပြတ်သားသား တိုက်ခိုက်နေ၏။

"သတ်ဖြတ်ခြင်းနတ်မီးလျှံစမ်းသပ်ပွဲတဲ့လား"

သူက ‌တစ်ယောက်တည်း ရေရွတ်လိုက်သည်။ မန်ဟိုသည် သတ်ဖြတ်နေသော ကျင့်ကြံသူများ၏နောက်တွင် ကျန်ရစ်ခဲ့ရင်း တစ်ယောက်တည်း ချိတုံချတုံ ဖြစ်နေ၏။ ထိုအခိုက်အတန့်တွင် တည်ကြည်လေးနက်သော အသံတစ်သံက သူ့နားထဲသို့ ကူးပြောင်းပေးပို့ခြင်းခံလိုက်ရသည်။

"သူတို့က အပြင်ဘက်ကြယ်တာရာကောင်းကင်က နတ်ဆိုးတွေပဲ။ မင်း ဘာကြောင့် သူတို့ကို မသတ်တာလဲ" အသံသည် မိုးခြိမ်းသံများသဖွယ် ‌ပဲ့တင်ထပ်သွား၏။ တာအိုနယ်ပယ်ခေါင်းဆောင်ကြီးနှစ်ယောက်အနက်မှ တစ်ယောက်က သူ့ဘေးတွင် ပေါ်လာပြီး မန်ဟိုကို လေးနက်စွာကြည့်လေသည်။

"မင်း သူတို့ကိုကြည့်ရင် ကြင်နာပြီး သဘောကောင်းတဲ့ပုံပေါ်လိမ့်မယ်။ အဲ့ဒါက မင်းထင်တဲ့အရာဆိုပေမယ့် မင်း ဂိုဏ်းကို ယုံကြည်ရင် သူတို့ကို သတ်လိမ့်မယ်။ မင်း ဂိုဏ်းကို မယုံကြည်ရင်တော့ ဘာအတွက်ကြောင့် ဒီနတ်မီးလျှံစမ်းသပ်ပွဲကို လာဦးမှာလဲ။ မသတ်ဘူးဆိုရင် ဒီနေရာက ထွက်သွားလိုက်တော့" ထိုလူက အင်္ကျီလက်စကို ဝှေ့ရမ်းလိုက်ကာ ကြီးမားသော နှင်ထုတ်ခြင်းအားက မန်ဟိုကို လွှမ်းခြုံသွားသည်။ တစ်ကမ္ဘာလုံးက သူ့ကို ငြင်းဆန်၍ အတင်းအကြပ် နှင်ထုတ်နေသည့်အလားပင်။

မန်ဟို ကမ္ဘာထဲမှ ထုတ်ပယ်ခံရတော့မည့် အခိုက်အတန့်တွင် အက်ကွဲကြောင်းထဲမှ ကျင့်ကြံသူများက ရုတ်တရက် နောက်ဆုတ်နေသည်ကို ရပ်တန့်လိုက်ကြသည်။

သူတို့၏ နူးညံ့ကြင်နာသော အပြုံးများက ရက်စက်ကြမ်းကြုတ်လာပြီး သူတို့၏ ရောင်စုံ တာအို၀တ်ရုံများမှာ သွေးကဲ့သို့ နီစွေးလာကြသည်။

ကြောက်ခမန်းလိလိ အရှိန်အဝါများက သူတို့ထံမှ ထွက်လာပြီး သူတို့၏အပြုံးများသည် ပို၍ပင် အရုပ်ဆိုးလာ၏။ ယခုတွင် သူတို့သည် စောစောကနှင့် လားလားမှမတူတော့ပေ။ ဖလပ်ဖလပ် အသံများနှင့်အတူ သွေးရောင်အတောင်ပံများက သူတို့၏ ကျောကုန်းများမှ ပေါက်လာသည်။ ယခုတွင် သူတို့ကား နတ်ဆိုးများနှင့် အမှန်တကယ် တူသွားလေပြီ။

"ဒီကမ္ဘာက တစ်ယောက်ယောက် ငါတို့အစီအစဉ်နဲ့ပက်သက်ပြီး သိထားတယ်ဖြစ်မယ်။ ဘယ်‌လောက် ငြီးငွေ့စရာကောင်းလိုက်လဲ။ ကြည့်ရတာ ငါတို့ ဖျက်ဆီးခဲ့တဲ့ တခြားကမ္ဘာက အသက်ရှင်ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေပဲဖြစ်ရမယ်"

"ဘယ်သူဂရုစိုက်မှာတုန်း။ ပျော်စရာမကောင်းလောက်တော့ပေမယ့် အနည်းဆုံးတော့ သူတို့ကို စားလို့ရသေးတယ်လေ"

"သူတို့ ငါတို့အစီအစဉ်ကို ကြိုသိထားတာ ဆိုးလွန်းတာပဲ" စူးစူးဝါးဝါးအသံများက နတ်ဆိုးကျင့်ကြံသူများ၏ ပါးစပ်မှ ထွက်လာသည်။ စောစောက သေသွားခဲ့သူများက အသက်ပြန်၀င်လာကြပြီး စတင်တိုက်ခိုက်ကာ မကောင်းဆိုးဝါးအငွေ့အသက်များအား တဟုန်းဟုန်း တောက်လာစေတော့သည်။

အက်ကွဲကြောင်းထဲရှိ သွေးရောင်ကမ္ဘာက ရုတ်တရက် သွေးအလင်းတို့ဖြင့် ကွန့်မြူးလာကာ အံ့ဩဖွယ်ကောင်းစွာနှင့် စူးစူးဝါးဝါး အော်ဟစ်နေသည့် မရေမတွက်နိုင်သော ဝိညာဉ်များ ပေါ်လာသည်။ ၎င်းတို့က အဆုံးမဲ့သည့်ပုံရပြီး သွေးနီရောင်ကျင့်ကြံသူများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော လူများ၏ ဝိညာဉ်များ ဖြစ်သယောင်ပင်။

မန်ဟို့မျက်လုံးများကို ပို၍ပင် ဝိုင်းစက်ပြူးကျယ်သွားစေပြီး တွန့်ဆုတ်နေသော ကျင့်ကြံသူများကို အံ့ဩမှင်သက်သွားစေသည့်အရာက စစ်မြေပြင်ပေါ်ရှိသွေးများက အတူတကွ စုစည်းလာပြီး ပို၍ရက်စက်ကြမ်းကြုတ်သော ပုံရိပ်များအသွင်ပြောင်းလာခြင်းဖြစ်သည်။

အံဩဖွယ်ကောင်းစွာနှင့် ... သူတို့ကား နတ်ဆိုးများအဖြစ် ဖော်ထုတ်ခံခဲ့ရသော ဂိုဏ်းသားများဖြစ်သည်။ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည့်လူများပင်လျှင် ရက်စက်ကြမ်းကြုတ်စွာပြုံးရင်း ထရပ်လာကြသည်။

“သောက်ရူးတွေ၊ ပျင်းစရာကောင်းချက်ပဲ”

“ငါတို့အခုလေးတင်မှ ပျော်ဖို့ ကြံရုံရှိသေးတာကို ပြီးသွားပြီတဲ့လား။ ဝမ်းတောင်နည်းသွားပြီ။ ငါတို့က သစ္စာဖောက်တွေဆိုတာ သူတို့ ရိပ်မိသွားလိမ့်မယ်လို့ ထင်တောင်မထားခဲ့ဘူး”

သူတို့ ထရပ်လာကြစဉ် စောစောက တာအိုနယ်ပယ်ခေါင်းဆောင်ကြီး၏ အကြွင်းအကျန်သွေးစက်များသည် ပြန်စုစည်းလာကြ၏။ သူ့နှုတ်ခမ်းထက်တွင် ယုတ်မာကောက်ကျစ်သောအပြုံးတစ်စက ခိုတွဲနေပြီး သူ့ထံမှ ကြောက်စရာကောင်းလောက်အောင် ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။

“ပေါက်ကွဲစမ်း” သူက ပြောလိုက်သည်။ သူ့ကျင့်ကြံခြင်းအခြေခံတချို့ကို စုပ်ယူခဲ့သော မန်ဟိုနှင့်ကျန်ရှိသူအားလုံးမှာ သူတို့သွေးများ တဝုန်းဝုန်းမြည်လာသည်ကို ခံစားလိုက်ရ၏။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားခဲ့သော စောစောက ပူနွေးနွေးစီးကြောင်းသည် အဆိပ်ဖြစ်သွားလေသည်။ ချက်ချင်းပင် သူ၏ကိုယ်တွင်းကလီစာများ ပုပ်သိုးပျက်စီးလာသည်။

ထိုအခိုက်အတန့်တွင် တူညီသောစကားသံများ လူတိုင်း၏စိတ်ထဲတွင် ဟိန်းထွက်လာတော့သည်။

ဂိုဏ်းသည် မှန်၏။

ဂိုဏ်းသည် ဤလူများက နတ်ဆိုးများဖြစ်သည်ဟု ပြောခဲ့ပြီး တကယ်လည်း ဖြစ်နေသည်။

ဂိုဏ်းက တာအိုနယ်ပယ်ခေါင်းဆောင်ကြီးသည် နတ်ဆိုးဖြစ်သည်ဟု ပြောခဲ့ပြီး အမှန်တကယ်လည်း ဖြစ်နေသည်။

ဂိုဏ်းသည် ရန်သူများ ကျူးကျော်လာနေသည်ဟု ပြောခဲ့ပြီး တကယ်လည်း ကျူးကျော်လာကြသည်။

ဂိုဏ်းသည် ကျူးကျော်လာသူများက နူးညံမကြင်နာဘဲ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများဖြစ်သည်ဟု ပြောခဲ့ပြီး တကယ်လည်း အမှန်အကန် ရက်စက်ကြမ်းကြုတ်သည့် နတ်ဆိုးများဖြစ်နေသည်။

မှားသွားပြီ။ တွန့်ဆုတ်နေခဲ့သော ဂိုဏ်းသားအကုန်လုံး မှားခဲ့ပြီ။

ဤအခြင်းအရာအားလုံးက ဂိုဏ်းသည် မည်သည့်အရာတွင်မဆို မှန်ခဲ့ကြောင်း သက်သေပြနေ၏။

ယခုတွင် အစုလိုက်အပြုံလိုက်သတ်ပွဲကြီး အမှန်အကန် စတင်ခဲ့ပြီး တဝုန်းဝုန်း ပေါက်ကွဲသံများက လေတွင် ပြည့်နှက်နေတော့သည်။

မန်ဟို့စိတ်မှာ ချာချာလည်သွားသည်။ သူသည် ကမ္ဘာထဲမှ အထုတ်ခံရတော့မည့်အချိန်မှာပင် ရုတ်တရက် လက်မြှောက်၍ လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အက်ကွဲကြောင်းထဲမှ ပျံထွက်လာနေသော သွေးရောင်နတ်ဆိုးကျင့်ကြံသူများထဲမှ တစ်ယောက် ပေါက်ကွဲသွားသည်။

ရုတ်ခြည်းဆိုသလို နှင်ထုတ်အားက အားနည်းပျောက်ကွယ်လာ၏။

တောက်ပသောအရောင်အဝါတို့ ခြံရံလျက်ရှိသော ခေါင်းဆောင်ကြီးက မန်ဟို့ကို တစ်ချက်ကြည့်ပြီးနောက် လှည့်၍ တိုက်ခိုက်ရန် ချီတက်သွားတော့သည်။

မန်ဟိုက ဘာမှမပြောသော်လည်း သူ၏မျက်လုံးများက လင်းလက်တောက်ပစပြုလာသည်။ အတန်ကြာသော် သူက သက်ပြင်းချလိုက်၏။

“ဂိုဏ်းကို ယုံကြည်ရမယ်တဲ့လား....” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “တော်တယ် ကိုးပင်လယ်နတ်လောက။ နတ်မီးလျှံစမ်းသပ်ပွဲလေးတစ်ပွဲနဲ့ ခင်ဗျားတို့က ခင်ဗျားတို့ ဂိုဏ်းသားတွေရဲ့ နှလုံးသားထဲမှာ ဒီလိုအစေ့မျိုး စိုက်ပျိုးနိုင်ခဲ့သေးတာပဲ။ ငါ အရင်တစ်ခေါက်က ပဉ္စမမြောက်ကျောက်တိုင်ထဲ စမ်းဝင်ကြည့်ခဲ့တုန်းက ဒီလိုမဟုတ်ခဲ့ဘူး”

ပဉ္စမရွှေဂိတ်ကျောက်တိုင်တွင် မည်သည့်အရာကမျှ အဓိကသော့ချက်ကဲ့သို့ အရေးမပါပေ... မိမိအမြင်ကို မယုံကြည်ပါက၊ ဂိုဏ်း သင့်ကို ပြောပြနေသည့်အရာကို ယုံကြည်ပါ။

မန်ဟိုသည် အင်မော်တယ်အဆင့်တက်လှမ်းရန် တာအိုကို မိမိဘာသာခိုင်မာစေခဲ့ပြီး အလွန်သန်မာသောတာအိုနှလုံးသားနှင့် အတွေ့အကြုံများစွာ ရှိသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ့ကိုယ်သူယုံကြည်မှုအပေါ်တွင်ပင် သက်ရောက်မှုရှိခဲ့လိမ့်မည်။ ထိုအတိုင်းဆိုလျှင် အစေ့သည် သူ့နှလုံးသားထဲ၌လည်း စိုက်ပျိုးခံခဲ့ရမည်ဖြစ်သည်။

“ဒီနတ်မီးလျှံစမ်းသပ်ပွဲမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ဖို့ ငါ ထိပ်ဆုံးရောက်တဲ့အထိ သတ်ဖြတ်ရမယ်” မန်ဟိုက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကျင့်ကြံခြင်းအခြေခံကို စွမ်းအားများဖြင့် ပေါက်ကွဲသွားစေသည်။ ယခုတွင် သူသည် ဖြစ်ပျက်နေသောအရာကို နားလည်လိုက်ပြီဖြစ်၍ တစ်ချက်လေးမှ လက်မတွန့်ဘဲ ရက်ရက်စက်စက် တိုက်ခိုက်တော့၏။ သူက သွေးစွပ်ကြောင်းကြီးတစ်ကြောင်းအား နောက်တွင် ချန်ရစ်ခဲ့သော နဂါးတစ်ကောင်ပမာ တိုက်ပွဲထဲ သတ်ဖြတ်ဝင်ရောက်သွားလေသည်။

အပြင်တွင် မန်ဟို့နာမည်သည် ရုတ်တရက် ပဉ္စမရွှေဂိတ်ကျောက်တိုင်အပေါ်တွင် အဆင့်တစ်ထောင်ဝန်းကျင်ထဲ၌ ဖျတ်ခနဲ ပေါ်လာ၏။

၁၀၀၀၊ ၇၀၀၊ ၅၀၀၊ ၃၀၀ .... ၁၀၀ အထိ တစ်လျှောက်လုံး။

၎င်းက ဆက်လက်တက်နေသည်။ ၈၀၊ ၇၀၊ ၄၀...

အပြင်ရှိ လူများမှာ သူ့နာမည် လျင်မြန်စွာ တက်သွားနေပုံကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

ဘွားဘွားကိုး၊ လင်းယွင်ကျစ်အပြင် မိစ္ဆာကျင့်ကြံသူအုပ်ခေါင်းဆောင်ကြီးနှင့် ကျန်တာအိုနယ်ပယ်ပညာရှင်များလည်း တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကျောက်တိုင်ကို ကြည့်ရင်း အတွေးထဲ နစ်မြောနေကြသည်။

***

All Chapters