← Chapters

တာအိုနတ်ဘုရားကျမ်းစာ

Vol. 78 Ch. 1077

တာအိုနတ်ဘုရားကျမ်းစာ

Vol. 78 Ch. 1077

ပဉ္စမရွှေဂိတ်ကျောက်တိုင်၏ အဓိကရည်ရွယ်ချက်က ဂိုဏ်းသားများ ဂိုဏ်းအပေါ် ယုံကြည်မှုရှိစေရန် ဖြစ်သည်။ အမှန်အမှားနှင့်ပက်သက်သော ကိစ္စများတွင် တစ်ခါတစ်ရံ မိမိ၏ကိုယ်ပိုင်အမြင်ထက် ဂိုဏ်း၏ဆုံးဖြတ်ချက်နှင့် ဖြေရှင်းချက်များကို လိုက်နာရန် အရေးကြီး၏။

ဂိုဏ်းသားတစ်ယောက်အနေဖြင့် ဂိုဏ်းအပေါ် ယုံကြည်မှုကို မပြသနိုင်လျှင် နတ်မီးလျှံစမ်းသပ်ပွဲသည် စတင်မည်မဟုတ်သည့်အပြင်၊ မန်ဟို စောစောက ဖြစ်ခဲ့သလို ပဉ္စမရွှေဂိတ်ကျောက်တိုင်ထဲမှ ထုတ်ပယ်ခံရမည်ဖြစ်သည်။

ဂိုဏ်းသားတစ်ယောက်အနေဖြင့် ဂိုဏ်းအပေါ် ယုံကြည်မှုကို ပြသနိုင်လျှင် ထိုအခိုက်အတန့်၌ နတ်မီးလျှံစမ်းသပ်ပွဲ စတင်ပေမည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် ဂိုဏ်းအပေါ် မည်မျှထက်ထက်သန်သန် ယုံကြည်သလဲဆိုသည့် အတိုင်းအတာကို သူတို့၏အဆင့်အရ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။

စောစောက နတ်မီးလျှံစမ်းသပ်ပွဲ၏ ကမ္ဘာထဲတွင် သွေးရောင်နတ်ဆိုးများသည် အဆက်မပြတ်ပေါ်လာခဲ့သော်လည်း သူတို့၏ ပုံပန်းသွင်ပြင်များက တစ်ကြိမ်နှင့်တစ်ကြိမ် မတူပေ။ မန်ဟို၏နာမည် ထိပ်ဆုံးတစ်‌ထောင်ထဲတွင် ပေါ်လာခဲ့သည့်အခါ သတ်ပွဲကြီး အဆုံးသတ်သွား၏။ သို့သော် နတ်မီးလျှံစမ်းသပ်ပွဲက အဆုံးမသတ်သေး။ သူ့ပတ်ပတ်လည်ရှိ ကမ္ဘာသည် အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး ၎င်း ပြန်လည်ဖြစ်ပေါ်လာသောအခါ သူသည် မတူညီသော မြင်ကွင်းတစ်ခုကို မျက်နှာမူနေရလေပြီ။

သူသည် ဂိုဏ်းတစ်ဂိုဏ်းတွင် ရှိနေပြီး စောစောကကဲ့သို့ အမိန့်များ ပေးခြင်းခံနေရ၏။ ဤတစ်ခေါက်တွင် သူတို့က ကျူးကျော်သူများဖြစ်ကြသည်။ ဂိုဏ်းထံမှ ပြောနေသော အသံတစ်သံက ဤမြေသည် သူတို့၏ မွေးရပ်မြေဖြစ်သည်ဟု သူတို့ကို ပြောနေ၏။

သူတို့အနေဖြင့် မည်သည့်အတားအဆီးကိုမဆို သုတ်သင်၍ ဆန့်ကျင်သော ကျင့်ကြံသူမှန်သမျှကို သတ်ဖြတ်ရပေမည်။

အခြေအနေများက ရှုပ်ထွေးနေရာ တော်တော်များများအား တွန့်ဆုတ်နေစေခဲ့၏။ သို့သော် အဆုံးသတ်တွင် ဂိုဏ်း၏စကားက မှန်သည်။ ဤနေရာကား အမှန်တကယ်ပင် သူတို့၏ မွေးရပ်မြေဖြစ်၏။

တိုက်ပွဲဖြစ်ပွားနေသည်နှင့်အမျှ မန်ဟို၏နာမည်သည် ထိပ်ဆုံး ၅၀၀ အတွင်းသို့ တက်လာသည်။ ထို့နောက် အရာအားလုံး ပြောင်းလဲသွားပြန်၏။ နောက်ထပ်ကမ္ဘာအသစ်တစ်ခု ပေါ်လာပြီး အမိန့်အသစ်များအား ဂိုဏ်းမှ ပေးအပ်နေလေသည်။

သူ ထိပ်ဆုံး ၄၀၀၊ ထိပ်ဆုံး ၃၀၀၊ ထိပ်ဆုံး ၂၀၀ နှင့် ထိပ်ဆုံး ၁၀၀ ရောက်သောအခါများတွင် ခပ်ဆင်ဆင်အရာများ ဖြစ်ပွားခဲ့သည်။ ကြည့်ရသရွေ့ အဆင့် ၁၀၀ တက်သွားတိုင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာသယောင်ပင်။

ဤသိုဖြင့် ထပ်တလဲလဲ၊ ကြိမ်ဖန်မနည်း ဆက်လက် ဖြစ်ပွားနေသည်။ သူ့မှာ ထိပ်ဆုံး ၂၀ ထဲသို့ ရောက်သည့်အချိန်တွင်တော့ ကမ္ဘာလောကပေါင်းများစွာကို မြင်တွေ့ခဲ့ရပြီးလေပြီ။ မပြောင်းမလဲဘဲ ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာမှာတော့ ဂိုဏ်းသာဖြစ်သည်။ ဂိုဏ်းမှ အမိန့်များက အဆုံးမသတ်ပေ။ ဂိုဏ်း၏သုံးသပ်မှုများက အမြဲ မှန်ကန်နေသည်။

ဤသည်မှာ ဦးနှောက်ဆေးပစ်နေသည့်အလားပင်။ ‌ဤအ‌တွေ့အကြုံအားလုံးက မန်ဟို့အား မည်သည့်အခြေအနေတွင်မဆို ဂိုဏ်းက အမြဲမှန်ကန်ကြောင်း ပြောနေသည်။ သူ ဂိုဏ်းကို ယုံကြည်လျှင် နတ်မီးလျှံစမ်းသပ်ပွဲက ဆက်လက်ဖြစ်ပွားလိမ့်မည်။ ဂိုဏ်းနှင့်ပက်သက်၍ သံသယများ သူ့စိတ်ထဲတွင် ပေါ်ပေါက်လာလျှင်တော့ အထုတ်ပယ်ခံ‌ရပေမည်။

နောက်ဆုံးတော့ မန်ဟို့နာမည်က ထိပ်ဆုံး ၁၀ ယောက်အတွင်း ၀င်သွား၏။ သူ့အရှေ့ရှိ ကမ္ဘာကြီး ပြိုကွဲသွားပြီး ၎င်းတို့ အတူတကွ ပြန်လည်စုစည်းသွားသောအခါ ၎င်းသည် အလွန်ရင်းနှီးသော နေရာတစ်နေရာအသွင် ပြောင်းသွား၏။

တောင်ကောင်းကင်ဂြိုလ်

ဤသည်မှာ အမှတ်တရများစွာ ဖြစ်ပွားခဲ့သောနေရာ၊ သူ၏အိမ်ဖြစ်သည်။ သူသည် ဤနေရာတွင် မရေမတွက်နိုင်သော အမှတ်တရများကို ပိုင်ဆိုင်ခဲ့သော်လည်း တောင်ကောင်းကင်ဂြိုလ်ကို မြင်သောအခါ သူ့နှလုံးသားမှာ တုန်ရီသွားလေသည်။

ဂိုဏ်းအပေါ် ဟန်ဆောင်၍ ယုံကြည်နိုင်စွမ်းမှာလည်း ယိမ်းယိုင်လာသည်။ နှင်ထုတ်ခြင်းအားကလည်း တဖြည်းဖြည်း မသိမသာ ပေါ်ပေါက်လာ၏။

"ဒီနေရာက အပြင်သူဂြိုလ်တစ်ဂြိုလ်ပဲ။ တောင်ကောင်းကင်ဂြိုလ်အစစ်ဟာ ‌ဖျက်ဆီးခံခဲ့ရပြီး တံခါးတစ်ချပ်အသွင် ပြောင်းသွားခဲ့တယ်။ အဲ့တံခါးအတွင်းကနေ ဂြိုလ်တစ်လုံးပေါ်ခဲ့တာပဲ

"ဒီနေရာကို ဖျက်ဆီးပါ။ ဒီနေရာကို သုံးပြီး ကြယ်စင်ဂိတ်၀ကို ဖြိုချပစ်လိုက်"

ဂိုဏ်းမှအသံ ပျောက်ကွယ်သွားစဉ် မန်ဟိုက ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်ရာ သူ့ကို ဝိုင်းထားသော ကျင့်ကြံသူပေါင်းများစွာအား မြင်လိုက်ရသည်။ သူတိုအားလုံးလိုလိုက သူနှင့်ရင်းနှီးနေသော်လည်း သူတို့နာမည်ကို သူ မသိပေ။ သို့သော် ဤလူများသည် သူနှင့်အတူ အကြိမ်ပေါင်းများစွာ ရင်ဘောင်တန်းတိုက်ပွဲ၀င်ခဲ့သော ဤနတ်မီးလျှံစမ်းသပ်ပွဲမှ တစ်ဂိုဏ်းတည်းသားများဖြစ်ကြောင်း သူ မှတ်မိလိုက်၏။

သူတို့က ညာသံပေးရင်း တောင်ကောင်းကင်ဂြိုဟ်သို့ ချီတက်သွားကြသည်။ မန်ဟိုမှာ ရင်းနှီးသော တောင်တန်းများ၊ မြစ်များ၊ မြေပြင်များနှင့် မိတ်ဆွေများကိုလည်း မြင်လိုက်ရသဖြင့် ရင်တဒိန်းဒိန်း ခုန်လာတော့သည်။

“ဒီဂြိုဟ်ပေါ်က သက်ရှိတိုင်းကို သုတ်သင်ကြကုန်လော့။ အပြင်သူတွေလာရင် သူတို့သွေးဆက်ဟာ နိုးထလာပြီး ငါတို့ရန်သူဖြစ်လာလိမ့်မယ်။ ဒီဂြိုဟ်ကို ဖျက်စီးကြကုန်လော့။ ကြယ်တာရာကောင်းကင်ကနေ အပြီးတိုင် ဖယ်ရှားပစ်ကြလော့” အသံကြီး ပဲ့တင်ထပ်နေစဉ် လူတိုင်း သတ်ဖြတ်သုတ်သင်ရန် ပြေးတက်သွားကြသည်။ မန်ဟိုတစ်ယောက်တည်းသာ တိတ်ဆိတ်ငြိမ်သက်စွာ ကျန်ရစ်ခဲ့၏။

နှင်ထုတ်ခြင်းအားက မရေမတွက်နိုင်သောအသံများအား သူ့ကို တိုက်တွန်းရင်း ကြိမ်းမောင်းနေစေသည့်အလား စုဝေးလာလေပြီ။ တခဏကြာသော် မန်ဟိုက အသက်ပြင်းပြင်းရှူ၍ ရှေ့တက်လိုက်သည်။ သူသည် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ကျင့်ကြံသူစစ်တပ်နှင့် တောင်ကောင်းကင်ဂြိုဟ်မှ လူအုပ်ကြီး၏အကြားတွင် ပြန်ပေါ်လာသည်။ သူက ချီတက်လာနေသော စစ်တပ်ကြီးကို တားရန် လက်နှစ်ဖက်လုံးကို မြှောက်လိုက်သည်။

သို့သော် သူ ထိုသို့လုပ်ရန် ကြိုးစားလိုက်သည့်အခိုက်အတန့်တွင် နှင်ထုတ်ခြင်းအားက သူ့ကို ဖြစ်ညစ်ဆုပ်ကိုင်လိုက်ပြီး ဂိုဏ်း၏အသံက သူ့နားထဲတွင် ဟိန်းထွက်လာသည်။

“အဲဒီလောက်တွေ့ကြုံခဲ့ရပြီးတဲ့နောက်မှာတောင် မင်းက ဂိုဏ်းကို မယုံကြည်သေးဘူးလား” ၎င်းက နာကျင်နေသည့်အသံဖြင့် ပြောသည်။

“ဒါဆိုရင်တော့ မင်းကိုယ်တိုင် အမှန်တရားကို မြင်အောင် ပြပေးမယ်” ဂိုဏ်း၏အသံသည် မန်ဟို ပြန်ခုခံရန် မတတ်နိုင်သော စွမ်းအားတစ်ရပ်အဖြစ်ပြောင်းလဲ၍ သူ့အား ကြယ်တာရာကောင်းကင်ထဲတွင် မလှုပ်မယှက် ကျန်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူနှင့် ဂိုဏ်းတူသော ကျင့်ကြံသူစစ်တပ်ကြီး ပျောက်ကွယ်သွားသည်။ တခဏလေးအတွင်း တောင်ကောင်းကင်ဂြိုဟ်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းသွားရပုံပေါ်သည်။ ရုတ်တရက် မယုံကြည်နိုင်ဖွယ်အားကြီးတစ်ခု ပေါက်ကွဲထွက်လာသဖြင့် ဂြိုဟ်တစ်ခုလုံး လှုပ်ရမ်းသွားသည်။ ထို့နောက် မန်ဟို ကြည့်နေစဉ်မှာပင် ဂြိုဟ်သည် ဖြေးညင်းစွာ ရွေ့စပြုလာ၏။

၎င်း ရွေ့သွားသည့်အခါ အံ့ဩဖွယ်ကောင်းစွာနှင့် .... ဂြိုဟ်၏မူလနေရာတွင် တွင်းနက်ကြီးတစ်ခု ရှိနေကြောင်း ပေါ်လွင်လာသည်။

အဆိုပါတွင်းကြီးက .... တံခါးတစ်ချပ်အလားပင်။

တံခါးပေါ်လာပြီးနောက် အလင်းတန်းတစ်တန်းအား မြင်ရနိုင်သည်။ အလင်းတို့ ဖြာထွက်သွားစဉ် တောင်ကောင်းကင်ဂြိုဟ်မှ လာနေသော ချောက်ချားဖွယ်ဟိန်းသံများအား ကြားလိုက်ရ၏။ တစ်ချိန်တည်းမှာ တံခါးထဲမှ လိပ်ပြာတစ်ကောင် ဗြုန်းခနဲ ပျံထွက်လာသည်။

လိပ်ပြာသည် အဆုံးအစမရှိသည့်အလား အင်မတန်မှ ကြီးမားလှသည်။ အံ့အားသင့်ဖွယ်ကောင်းသည်ကား မရေမတွက်နိုင်သော အပြင်ကျင့်ကြံသူများသည် အသတ်အဖြတ်အရှိန်အဝါများ ထုတ်လွှတ်ရင်း လိပ်ပြာအပေါ်မှ ပျံဆင်းလာကြခြင်းပင်။

ထိုအပြင်သူများ ဖြတ်သွားသည့်နေရာတိုင်းတွင် ကြယ်စင်တာရာများ ပြိုကွဲ၍ ဂြိုဟ်များ ကြေမွကုန်သည်။ မရေမတွက်နိုင်သောကျင့်ကြံသူများ မချိမဆန့်အော်ရင်း အသက်ထွက်ကုန်ကြ၏။ နဝမတောင် ပြိုကျသွားပြီး နဝမပင်လယ်တစ်ခုလုံး ပွက်ပွက်ဆူနေသည်။

များမကြာခင် နဝမတောင်ပင်လယ်တစ်ခုလုံး ရစရာပင် မရှိတော့ပေ။ ရေတွက်၍မရနိုင်သော လူများ သေဆုံးကုန်သည်။ မန်ဟိုနှင့် ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ အကုန်လုံးသေကြရလေသည်....

အရှေ့အောင်ပွဲဂြိုဟ်၊ မြောက်ကျူပင်ဂြိုဟ်၊ အနောက်ပျော်ရွှင်ဂြိုဟ် ... အကုန်လုံး ကြေမွကုန်သည်။

နောက်ဆုံးမြင်ကွင်းတွင်တော့ ဧရာမရွှမ်းဝူလိပ်ကြီးတစ်ကောင်က အဆုံးမရှိသော ပူဆွေးသောကတို့ဖြင့် ငိုကြွေးမြည်တမ်းလိုက်သည်။ ထို့နောက် ၎င်းသည် သွေးသံရဲရဲ အသားအစအနများအဖြစ် ပြိုကွဲသွားတော့၏။

မြင်ကွင်းက မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် ကျန်ရစ်စေခဲ့ရင်း အဆုံးသတ်သွားသည်။ သူ့မှာ ရုန်းကန်ရန်သော်လည်းကောင်း ၊ ခုခံရန်သော်လည်းကောင်း မေ့လျော့သွားသည်။ မြင်ကွင်း တစတစ ပျောက်ကွယ်နေစဉ် သူ့မှာ နှင်ထုတ်ခြင်းအား၏ ဆုပ်ကိုင်ခံလိုက်ရပြီး ကမ္ဘာလောကထဲမှ ထုတ်ပယ်ခံလိုက်ရတော့သည်။

သူ ထွက်မသွားခင် အခိုက်အတန့်တွင် ဝမ်းနည်းပူဆွေးနေသော ရှေးဆန်ဆန်အသံကြီးက သူ့နားထဲတွင် စကားပြောလိုက်သည်။ “အခု ယုံပြီလား”

သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အရာအားလုံး ထင်ရှားပြတ်သားလာသောအခါ သူသည် ကိုးပင်လယ်နတ်လောကအတွင်းရှိ ပဉ္စမကျောက်တိုင်၏အပြင်တွင် မတ်တပ်ရပ်ရင်း ပြန်ရောက်နေခဲ့လေပြီ။ သူ ခေါင်းမော့ကြည့်လိုက်ရာ... သူ့နာမည်က အဆင့် ၁၀ တွင် နေရာယူထား၏။

တအံ့တဩရေရွတ်သံများက အရပ်လေးမျက်နှာတွင် ဆူညံနေသော်လည်း မန်ဟိုမှာတော့ တခြားကမ္ဘာထဲသာ ရှိနေသေးသည့်အလားပင်။ သူ့မှာ စကားသံများကို ကြားတစ်ချက်မကြားတစ်ချက်နှင့် ကျောက်တိုင်၏အရှေ့တွင် အကြာကြီး ရပ်နေသည်။

ဤအခိုက်အတန့်တွင် နတ်ဆရာသခင်၏အသံက သူ့နားထဲတွင် စကားပြောလိုက်သည်။ “ပဉ္စမကျောက်တိုင်ထဲမှာ လူတိုင်းရဲ့နတ်မီးသျှံစမ်းသပ်ပွဲဟာ အစတူကြတယ်။ ဒါပေမဲ့ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားတဲ့သူတွေကတော့ မတူညီတဲ့အရာကို ကြုံတွေ့ကြရတယ်....

“မင်း မြင်ခဲ့ရတဲ့အရာက အနာဂတ်ရဲ့ မြင်ကွင်းတွေလည်း ဖြစ်နိုင်သလို ၊ ဒီတိုင်းထွေရာလေးပါးတွေလည်း ဖြစ်နိုင်တယ်”

မန်ဟိုက နတ်ဆရာသခင်ကို မော့ကြည့်လိုက်သည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်း၍ တထင့်ထင့်ဖြစ်နေသောအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူ့အနေဖြင့် ဝန်ခံချင်သည်ဖြစ်စေ၊ ဝန်မခံချင်သည်ဖြစ်စေ ဤနတ်မီးသျှံစမ်းသပ်ပွဲကား သူ့ကို လေးလေးနက်နက် အထင်ကြီးမိစေခဲ့ချေပြီ။

“နိဂုံးချုပ်လိုက်ရင် စွမ်းအားက အရာရာပါပဲ” သူက တွေးသည်။ “နောက်ဆုံးမြင်ကွင်းက အစစ်အမှန်ဆိုရင်တောင်မှ ငါ သန်မာသင့်သလောက် သန်မာလာလျှင် အဲဒီလိပ်ပြာပေါ်လာတာနဲ့ သတ်ပစ်လိုက်မယ်။ အဲ့ဒါဆို အားလုံး ကွဲပြားသွားနိုင်တယ်

“ဂိုဏ်းကို ယုံကြည်တာက အရေးမကြီးဘူး။ အရေးကြီးတာက ... ကိုယ့်ကိုယ်ကို သန်မာလာအောင် လုပ်ဖို့” မန်ဟိုသည် မျက်လုံးများ တောက်ပနေလျက် လက်နှစ်ဖက်ယှက်၍ နတ်ဆရာသခင်အား အရိုအသေပေးလိုက်၏။ ထို့နောက် သူသည် စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် တစ်ဖက်လှည့်၍ ရွှေဂိတ်ကျောက်တိုင်နောက်တစ်တိုင်သို့ ပျံသန်းသွားတော့သည်။

“ပဉ္စမရွှေဂိတ်ကျောက်တိုင်ကလွဲရင် ....ငါ့နာမည်က ရွှေဂိတ်ကျောက်တိုင်အားလုံးမှာ ပထမနေရာရစေရမယ်။ ငါ ဒီတစ်ကြိမ်တည်းနဲ့ မလုပ်နိုင်ရင်လည်း ထွက်မသွားခင် ... သေချာပေါက် ဖြစ်အောင် လုပ်မယ်” မန်ဟိုသည် သတ္တမရွှေဂိတ်ကျောက်တိုင်သို့ ဦးတည်သွားနေစဉ် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။

သတ္တမရွှေဂိတ်ကျောက်တိုင်ကား နတ်ဘုရားအာရုံစမ်းသပ်ပွဲဖြစ်သည်။

နတ်ဘုရားအာရုံမှာ အထူးသဖြင့် မန်ဟို အားသာသောနယ်ပယ်တော့ မဟုတ်ပေ။ သို့သော် သူ့တွင် သူ အတိတ်တုန်းက ကျင့်ကြံခဲ့သော တာအိုနတ်ဘုရားကျမ်းစာ၏ ပထမတွဲရှိသည်။ ဒဏ္ဍာရီများအရ တာအိုနတ်ဘုရားကျမ်းစာသည် နတ်ဘုရားအာရုံကို အားကောင်းစေဖို့အတွက် အထင်ရှားဆုံးကျမ်းစာဖြစ်၏။ သို့သော် ၎င်းကို ကျင့်ကြံပြီးနောက်ပိုင်း မန်ဟိုမှ ထူးထူးခြားခြား အထင်ကြီးစရာတစ်ခုမှ မခံစားခဲ့ရပေ။ (အပိုင်း ၃၀၁မှာ မန်ဟိုဟာ ချုံမန်းတိုင်ဆီကနေ တာအိုနတ်ဘုရားကျမ်းစာပထမတွဲကို ရရှိခဲ့ပါတယ်)

တာအိုနတ်ဘုရားကျမ်းစာက သူ လူသားနယ်ပယ်တွင်သာ ရှိခဲ့စဉ်တုန်းကတော့ သူ့နတ်ဘုရားအာရုံကို အတန်ငယ် အကူအညီပေးခဲ့သည်။ သို့သော် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်၍ ကျင့်ကြံခြင်းအဆင့် ကြောက်ခမန်းလိလိ တက်လာခဲ့သည့်အတွက် ၎င်းက သူ၏အားနည်းချက် ဖြစ်လာခဲ့သည်။

ထို့ကြောင့်လည်း ပင်လယ်သမီးတော်ပေ့ယွီက သူမနတ်ဘုရားအာရုံဖြင့် သူ့ကို တားနိုင်ခဲ့ခြင်းဖြစ်သည်။ သူ့အနေဖြင့် အားနည်းချက်ကို သိလျှင် ချက်ချင်း ပြင်ပေမည်။

“ငါ ကျင့်ကြံခဲ့တဲ့ပုံစံ မမှန်ကန်ခဲ့လို့များလား။ ဒါမှမဟုတ် ဒါက တကယ့်တာအိုနတ်ဘုရားကျမ်းစာ မဟုတ်လို့လား”

သူ ပျံသန်းနေစဉ် သူ့စိတ်ထဲ၌ တာအိုနတ်ဘုရားကျမ်းစာ ပေါ်လာသည်။ များမကြာခင် သူသည် သတ္တမရွှေဂိတ်ကျောက်တိုင်အပြင်သို့ ရောက်လာခဲ့လေပြီ။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ရွှေဂိတ်ကျောက်တိုင်ထဲသို့ ဝင်လိုက်သည်။

အံ့ဩဖွယ်ကောင်းစွာနှင့် သူ ဝင်လိုက်လျှင်ချင်း သူ့နာမည်သည် ကျောက်တိုင်ပေါ်တွင် ပေါ်လာတော့သည်။ စုဝေးနေကြသော ဂိုဏ်းသားအကုန်လုံးက မန်ဟို့နာမည်ကို အနီးကပ် စိုက်ကြည့်နေကြပြီး သူ မည်သည့်အဆင့် ရရှိမည်လဲ ခန့်မှန်းနေကြသည်။

သတ္တမ‌ရွှေဂိတ်ကျောက်တိုင်ကမ္ဘာထဲတွင် မန်ဟိုက ခေါင်းနောက်လှန်၍ ‌ဟိန်းဟောက်လိုက်ပြီး သူ၏ဆံပင်များက အကြမ်းပတမ်း လှုပ်ခတ်နေသည်။ တစ်ကမ္ဘာလုံးသည် လှေကားထစ် အထစ် (၁၀၀၀၀) ပါရှိသော လမ်းတစ်လမ်းဖြစ်၏။ လှေကားထစ်တစ်ထစ်တိုင်းက အဆင့်တစ်ဆင့်ကို ကိုယ်စားပြုသည်။

ပထမဆုံးအထစ် ၉၀၀၀ က မန်ဟိုအတွက် ရိုးရှင်းလွန်းသော်လည်း နောက်ဆုံး ၁၀၀၀ မှာ ဆထက်တိုး၍ ခက်ခဲလာ၏။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်ကို ထိုးဖောက်၍ သူ၏စိတ်ကို ပြိုလဲသွားအောင် ကြိုးစားနေသော နတ်ဘုရားအာရုံစွမ်းအားများဖြင့် ၀န်းရံခံလိုက်ရကြောင်း တွေ့ရမည်ဖြစ်သည်။

မရေမတွက်နိုင်သော အတွေးများက သူ့စိတ်ထဲတွင် ပေါ်ပေါက်လာပြီး သူ့ကို ‌ဇဝေဇဝါဖြစ်အောင် လုပ်နေရာ တောင့်ခံနိုင်ဖို့ ပိုပို၍ ခက်ခဲလာ‌စေသည်။

တစ်ဆက်တည်းမှာပင် ကြာကြာတောင့်ခံနိုင်လေလေ ၊ သူ၏ နတ်ဘုရားအာရုံမှာ လျင်မြန်စွာ အားကောင်းလာလေလေပင်။ ထိုမျှသာမက တာအိုနတ်ဘုရားကျမ်းစာက သူ့စိတ်ထဲတွင် လှည့်လည်စီးဆင်းနေပြီး သူရှေ့ဆက်သွားနေသည်နှင့်အမျှ အမျိုးမျိုးသော ဆောင်ပုဒ်ကဗျာများနှင့်ပက်သက်၍ ဉာဏ်အလင်းများ ဆက်တိုက်ပွင့်နေသည်။

အချိန်များ ကုန်လွန်သွားသည်။ သတ္တမရွှေဂိတ်ကျောက်တိုင်၏ အပြင်ဘက်တွင် ဂိုဏ်းသားများသည် မန်ဟို၏နာမည် ဆက်လက်မြင့်တက်လာနေသည်ကို ကြည့်နေ၏။ ဤတစ်ကြိမ်တွင် သူ၏ တိုးတက်မှုမှာ ယခင်ကျောက်တိုင်များနှင့်ယှဉ်လျှင် များစွာ နှေးကွေးလေသည်။

"နတ်ဘုရားအာရုံက သူ့ရဲ့အားနည်းချက်ပဲ"

"သူ န၀မကျောက်တိုင်နဲ့ ပဉ္စမ ကျောက်တိုင်မှာ ဒီလောက်ထိ မ‌နှေးဖူးဘူး။ သတ္တမကျောက်တိုင်မှာ ချော‌‌ချောမွေ့‌မွေ့ သွားနိုင်ဖို တစ်ခုတည်းသော နည်းလမ်းက အားကောင်းသန်မာတဲ့ နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားဖို့ပဲ။ ဒါတောင် သူက အရမ်းနှေးလွန်းနေသေးတယ်"

"ကြည့်ရတာ သူ့အတွက် ထိပ်ဆုံး ၁၀ ယောက်ထဲ ၀င်ဖို့ အင်မတန် ခက်မယ်ထင်တယ်" လူအုပ်ကြီး သူတို့၏ အမြင်များအား တီးတိုးပြောနေကြစဉ် မန်ဟိုသည် သတ္တမကျောက်တိုင်ကမ္ဘာထဲတွင် ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ သူ၏ မျက်လုံးများက နီရဲတွတ်နေသည့်တိုင် သူက ပြုံးနေလေသည်။

"ဆိုတော့ တာအိုနတ်ဘုရားကျမ်းစာကို ဒီလိုကျင့်ရတာပေါ့လေ

"ငါ နားလည်ပြီ" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် လက်နှစ်ဖက်လုံးကို ဆန့်ထုတ်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ သူ၏ ခန္ဓာကိုယ်သည် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထို့နောက် သူသည် တိုက်ခိုက်နေသော နတ်ဘုရားအာရုံအလုံးစုံကို စတင် စုပ်ယူလိုက်သဖြင့် တဂျိန်းဂျိန်းမြည်သံများ ဆူညံလာတော့သည်။

***

All Chapters