← Chapters

ဂိတ်ရှစ်ခုလုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ချေပြီ

Vol. 78 Ch. 1078

ဂိတ်ရှစ်ခုလုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ချေပြီ

Vol. 78 Ch. 1078

မန်ဟို၏ တာအိုနတ်ဘုရားကျမ်းစာကို ကျင့်ကြံပုံကျင့်ကြံနည်းမှာ မမှန်ကန်ခဲ့၍မဟုတ်။ သို့သော် ဤသည်မှာ တင်ပျဉ်ခွေလျက် တရားထိုင်ရင်း ကျင့်ကြံရသော ကျမ်းစာမဟုတ်ပေ။ ဤကျမ်းစာသည် တမူထူးခြား၏ ..... ၎င်းက နတ်ဘုရားအာရုံကို လက်တွေ့အသုံးချရသော တိုက်ပွဲအတွင်း၌ ကျင့်ကြံရခြင်းဖြစ်သည်။

နတ်ဘုရားအာရုံအချင်းချင်း ပွတ်တိုက်သွားတိုင်း တာအိုနတ်ဘုရားကျမ်းစာသည် ပို၍အားကောင်းလာ၏။ ဤသည်မှာ … တိုက်ပွဲအတွက် မွေးဖွားလာသော ကျမ်းစာတစ်ခုပင်။

မန်ဟိုသည် အစက ထိုအခြင်းအရာကို နားမလည်ခဲ့၍ သူ မည်သို့ပင် ကျင့်ကြံခဲ့စေကာမူ ရလဒ်က မထူးခြားခဲ့ပေ။ ယခင်တစ်ခေါက် သတ္တမရွှေဂိတ်ကျောက်တိုင်ကို စိန်ခေါ်ခဲ့တုန်းကလည်း သူသည် တာအိုနတ်ဘုရားကျမ်းစာကို မသုံးခဲ့ဘဲ သူ့နတ်ဘုရားအာရုံတစ်ခုတည်းအပေါ်တွင်သာ အမှီပြု၍ အဆင့် ၉၁ အထိ သွားနိုင်ခဲ့သော်လည်း ရှေ့ဆက်မတက်နိုင်ခဲ့ပေ။

ဤတစ်ခေါက်တွင် အင်မတန်များပြားသော နတ်ဘုရားအာရုံများ၏ ထိုးနှက်တိုက်ခိုက်မှုအောက်တွင် သူသည် တာအိုနတ်ဘုရားကျမ်းစာကို ရှင်းလင်းစွာ နားလည်ခဲ့လေပြီ။ ၎င်းက မထင်မှတ်ထားဘဲ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ဖြစ်သည်။

“ဆိုတော့ ဒီလိုကိုး” သူ့အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် သူသည် တွင်းနက်ကြီးအသွင် ပြောင်းသွားခဲ့လေပြီ။ အကန့်အသတ်မရှိသော နတ်ဘုရားအာရုံစွမ်းအားများက သူ၏ကိုယ်ပိုင်နတ်ဘုရားအာရုံကို လျင်မြန်စွာ ဝါးမြိုရင်း သူ့ကို သည်းကြီးမဲကြီးဖျက်စီးရင်း တိုးဝှေ့နေကြသည်။

ဤသည်မှာ ... မိမိ၏နတ်ဘုရားအာရုံကို သန်မာစေဖို့အတွက် အခြားသူများ၏ နတ်ဘုရားအာရုံကို စုယ်ယူပစ်သည့် ကြောက်စရာနည်းလမ်းတစ်လမ်းဖြစ်သည်။

မန်ဟိုမှာ တုန်ရီနေသည့်တိုင် သူ့မျက်လုံးများသည် တောက်ပလင်းလက်နေ၏။ သူက ခြေတစ်လှမ်းလှမ်းတိုင်း တဆတ်ဆတ် တုန်ရီနေလျက် ရှေ့ဆက်သွားနေပြီး သူ့နတ်ဘုရားအာရုံမှာလည်း တဟုန်ထိုး အစွမ်းထက်လာနေသည်။

“လာကြစမ်း” သူက ရပ်နားခြင်းမရှိဘဲ ရှေ့ဆက်သွားနေရင်း ဟိန်းဟောက်လိုက်သည်။ သူ့ကို တိုးဝှေ့ရိုက်ခတ်နေသော နတ်ဘုရားအာရုံစွမ်းအား ပို၍ပြင်းထန်လာသည်နှင့်အမျှ သူ့နတ်ဘုရားအာရုံလည်း အားကောင်းလာတော့သည်။

အပြင်ရှိ ရွှေဂိတ်ကျောက်တိုင်အပေါ်တွင် သူ့နာမည်သည် စာရင်းအပေါ်၌ အဆင့် ၉၁ ကို ကျော်၍ အဆင့် ၄၀ သို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့လေပြီ။

အလန့်တကြား တအံ့တဩအော်သံများအား ပရိသတ်ထုကြီးထံမှ ကြားရနိုင်သည်။

လူတိုင်းအတွက် ပို၍ပင် အံ့ဩဖွယ်ကောင်းသည်မှာ နတ်မီးလျှံစမ်းသပ်ပွဲ၏ ပင်ကိုယ်စွမ်းအားများ အားနည်းသွားခဲ့သည့်အလား ရွှေဂိတ်ကျောက်တိုင်၏ အမြဲတစေ တောက်ပနေခဲ့သော ရွှေရောင်အလင်းမှာ မှေးမှိန်လာနေပုံရသည်။

"ရွှေအလင်း မှေးမှိန်နေတယ်။ ဘာ‌တွေဖြစ်နေတာတုန်း"

လူတိုင်း အော်ဟစ်နေကြသည်။

ဘွားဘွားကိုးတို့အဖွဲ့အပြင် မိစ္ဆာခေါင်းဆောင်ကြီးပင်လျှင် စိုက်ကြည့်ရင်း သိသိသာသာ စိတ်လှုပ်ရှားသွားပုံပေါ်သည်။

တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများအတွက် အမှန်တရားကို ခန့်မှန်းနိုင်ရန် မကြာလိုက်ပေ။

"သူက ကျောက်တိုင်ထဲက နတ်ဘုရားအာရုံတွေကို စုပ်ယူနေတာပဲ"

"ကိုးပင်လယ်နတ်လောကက သတ္တမရွှေဂိတ်ကျောက်တိုင်ထဲမှာ နတ်ဘုရားအာရုံတွေ မပျောက်မကွယ်ဘဲ တည်ရှိနေနိုင်အောင် စုဆောင်းခဲ့တာ။ ဒါပေမယ့် အခုတော့ သူက တကယ်ကြီး စုပ်ယူနေတာပဲ"

"သာမန်တာအိုမှော်ကျင့်စဉ်တစ်ခုက ဒီလို မလုပ်နိုင်ဘူး။ သူ ဘယ်ကျင့်စဉ်ကို ကျင့်ကြံခဲ့တာပါလိမ့်"

အပြင်ရှိ လူတိုင်း ထင်ကြေးမျိုးစုံပေးနေကြစဉ် ကျောက်တိုင်ထဲ၌ စောစောက တောက်ပခြင်းမရှိခဲ့သော မန်ဟိုမှာ ယခုတွင် ရွှေရောင်အလင်း၏ အလွှာပါးပါးလေးဖြင့် လွှမ်းခြုံခံထားရလေပြီ။

ထိုရွှေရောင်အလင်းသည် သူ ရှေ့ဆက်သွားရန် လှေကားထစ် အထစ် ၂၀ သာ ကျန်ရှိတော့သည့်အချိန်၌ ပေါ်လာခဲ့ခြင်းဖြစ်၏။

သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သွေးချောင်းဆိုးလိုက်ရသည့်တိုင် သူ့ရယ်သံကြီးမှာ ပို၍ပင် ရူးသွပ်လာသည်။ သူသည် ဤရွှေဂိတ်ကျောက်တိုင်က သူ့အတွက် အင်မတန် အကျိုးအမြတ်ဖြစ်ထွန်းစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

၎င်းအား ကံကြမ္မာကောင်းဟုပင် သတ်မှတ်၍ရနိုင်၏။

၎င်းသည် သူ့ကို တာအိုနတ်ဘုရားကျမ်းစာနှင့်ပက်သက်၍ နက်ရှိုင်းစွာ  နားလည်စေခဲ့သည်သာမက သူ၏ အားနည်းနေခဲ့သော နတ်ဘုရားအာရုံကိုလည်း လျင်မြန်စွာ အားကောင်းလာစေသည်။ ယခုတွင် ၎င်းသည် နတ်မီးလျှံစမ်းသပ်ပွဲ မစခဲ့ခင်ကထက် ဆယ်ဆ ပို၍ အစွမ်းထက်ခါနီးလေပြီ။

ထို့အပြင် အားကောင်းသထက်သာ အားကောင်းလာနေ၏။

မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်ပြီး ရှေ့ဆက်တက်လိုက်ပြန်သည်။ လှေကားထစ်တစ်ထစ်တက်တိုင်း သူ့ပတ်ပတ်လည်ရှိ နတ်ဘုရားအာရုံမှာ ပို၍ သိပ်သည်းပြင်းထန်လာ၏။ ခပ်အုပ်အုပ် မိုးခြိမ်းသံများကဲ့သို တဂျိန်းဂျိန်း မြည်သံများက ဟိန်းထွက်နေသည်။

မကြာမီ သူ့အရှေ့တွင် လှေကားထစ် ၉ ထစ်သာ ကျန်တော့ပြီး သူ၏နာမည်က သတ္တမရွှေဂိတ်ကျောက်တိုင်ပေါ်တွင် အဆင့် ၁၀ သို့ ရောက်ရှိနေခဲ့လေပြီ။ မန်ဟိုမှာ အတန်ငယ် တဆတ်ဆတ် တုန်လာပြီး သူ၏ နောက်ဆုံးအတိုင်းအတာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူ့မှာ စုပ်ယူခဲ့သော နတ်ဘုရားအာရုံတို့ဖြင့် ပြည့်သျှံနေလေပြီ။ သို့သော် နတ်ဘုရားအာရုံအားလုံးနှင့် သဟဇာတဖြစ်အောင် သူ့ကိုယ်သူ အချိန်လုံလုံလောက်လောက် ပေးလိုက်ပါက သည့်ထက်ပို၍ အစွမ်းထက်လာပြီး သတ္တမ‌ရွှေဂိတ်ကျောက်တိုင်တွင် ပထမနေရာကို သိမ်းပိုက်နိုင်မည်ဖြစ်ကြောင်း မန်ဟို အာရုံရလိုက်သည်။

ထိုသို့ဆိုလျှင် သူသည် န၀မရွှေဂိတ်ကျောက်တိုင်ထဲတွင်လည်း ပထမနေရာသိမ်းပိုက်ဖို့ အရည်အချင်း ပြည့်မှီသွားလိမ့်မည်။

မန်ဟိုမှာ တစ်ကိုယ်လုံး တဝုန်းဝုန်း မြည်နေစဉ် သတ္တမရွှေဂိတ်ကျောက်တိုင်ကမ္ဘာထဲမှ ပျောက်ကွယ်သွားတော့သည်။ သူ အပြင်လောကသို့ရောက်ပြန်လာသောအခါ အုံးအုံးကျွက်ကျွက် ဆူညံနေသည့်ကြားမှ လူတိုင်းက သူ့ကို တအံ့တဩ စိုက်ကြည့်ကြလေသည်။

အထူးသဖြင့် တစ်ယောက်သော မိန်းမပျိုလေးသည် ခပ်လှမ်းလှမ်းမှ စိုက်ကြည့်နေ၏။ သူမကား ပင်လယ်သမီးတော်ပေ့ယွီမှတစ်ပါး အခြားမဟုတ်ပေ။ သူမ၏ နာမည်သည် လောလောဆယ်တွင် ကျောက်တိုင်စာရင်း၏ တတိယနေရာ၌ တည်ရှိနေ၏။

သူမသည် နတ်ဘုရားအာရုံအရာ၌ ကျွမ်းကျင်သော်လည်း မန်ဟိုကို ကြည့်နေစဉ် ရရှိသော ခံစားချက်က ယခင်နှင့် လုံးလုံးလျားလျားကွဲပြားသွားခဲ့လေပြီ။ သူ၏ နတ်ဘုရားအာရုံက များစွာ အစွမ်းထက်လာပြီး သူ့ကို ကြည့်ရုံလေးနှင့်တင် သူမမျက်၀န်းများ စူးအောင့်လာရ၏။

ကိုးပင်လယ်နတ်လောက၏ ရွှေဂိတ်ကျောက်တိုင်ကိုးတိုင်အနက် သူကား သုံးတိုင်ဖြေဆိုခဲ့ပြီးလေပြီ။ ယခုတွင် သူသည် ရှစ်တိုင်မြောက်ထံသို့ တဟုန်ထိုးသွားနေ၏။

ထိုကျောက်တိုင်အပေါ်တွင်လည်း သူ့နာမည် အပေါ်သို့တက်လာရန် သိပ်မကြာလိုက်ပေ....

အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် မန်ဟို့နာမည်က ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားပြီး အဆင့် ၅ နေရာရောက်မှ ရပ်သွားခဲ့၏။ ထို့နောက် သူက ဘယ်အရာမှ သူ့ကို ဟန့်တားပိတ်ဆို့နိုင်ခြင်းမရှိသည့်အလား လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက်များဖြင့် ပြန်ပေါ်လာကာ ဆဋ္ဌမရွှေဂိတ်ကျောက်တိုင်သို့ ထွက်သွားသည်။

မန်ဟို့လမ်းစဉ်တွင် ကျင့်ကြံခြင်း၏ အခန်းကဏ္ဍအမျိုးမျိုး ပါဝင်နေသည်ဟု ပြောနိုင်သည်။ ယခင်က သူ့နတ်ဘုရားအာရုံသာ အတော်လေး အားနည်းခဲ့လေသည်။ သူ့အပြင်အားကိုယ်နှင့် ကျင့်ကြံခြင်းအခြေခံနှစ်မျိုးလုံးမှာမူ မယုံနိုင်လောက်အောင် သန်မာသည်၊ အစွမ်းထက်သည်။ ယခုမူ နတ်ဘုရားအာရုံနှင့်ပတ်သက်၍လည်း ကံကြမ္မာကောင်း ရရှိခဲ့ပြီဖြစ်ရာ သူ့ကိုယ်သူအား အထွတ်အထိပ်သို့ တွန်းပို့နိုင်သွားတော့သည်။

ယင်းက အင်မော်တယ်ဧကရာဇ်အဆင့်၏ အထွတ်အထိပ်လည်း ဖြစ်သည်။

ကိုးပင်လယ်နတ်လောကမှာ တုန်လှုပ်နေပြီး မန်ဟို၏ရူးသွပ်မှုကို မျက်စိဖြင့် တပ်အပ်မြင်တွေ့ရအောင် ချဉ်းကပ်လာသော ကျင့်ကြံသူအရေအတွက်လည်း တိုးလာသည်။ မန်ဟို ကျောက်တိုင်တစ်တိုင်ပြီးတစ်တိုင်ကို စိန်ခေါ်ရင်း ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်နေသည့် ဤကဲ့သို့ အရာမျိုးမဖြစ်ပွားခဲ့သည်မှာ နှစ်နှင့်ချီခဲ့ပြီမဟုတ်ပါလော။

“သူက ပဉ္စမ၊ သတ္တမ၊ အဋ္ဌမနဲ့ နဝမကျောက်တိုင်တွေမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားပြီပဲ”

“ရှေးခေတ်ကနေ ဒီနေ့ထက်ထိ ရွှေဂိတ်ကျောက်တိုင်ကိုးတိုင်လုံးမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ခဲ့တဲ့သူ လေးယောက်ပဲ ရှိခဲ့ဖူးတယ်။ အခုတော့ ငါးယောက်မြောက်ရှိလာတော့မယ်”

အစကတည်းက စောင့်ကြည့်နေခဲ့သော ပရိသတ်မှာ နည်းနည်းနောနော မဟုတ်ခဲ့ပေ။ သို့သော် သူ ကျောက်တိုင်အကုန်လုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်လိမ့်မည်ဟု မယုံကြည်ခဲ့သူ များခဲ့သည်။ သို့သော် ယခူမူ သူက ဖြေးဖြေးမှန်မှန် ဆက်ထိန်းထားနိုင်နေသည့်အတွက် ပြင်းပြသောမျှော်လင့်ချက်များဖြင့် စောင့်ကြည့်ဖို့ ရောက်လာသူများ ပိုပို၍များပြားလာသည်။

မိစ္ဆာခေါင်းဆောင်ကြီးမှာတော့ မျက်နှာမသာမယာဖြစ်နေသည်။ အမှန်တော့ မိစ္ဆာကျင့်ကြံသူတိုင်း မျက်နှာကြီးများဆူပုပ်နေကြလေသည်။ သူတို့သည် သူတို့နှလုံးသားထဲ၌ မန်ဟို့ကို မုန်းသည်ထက် ပိုကြောင်း ဝန်မခံချင်သော်လည်း ရွေးချယ်စရာမရှိပေ။

မန်ဟိုသည် အလင်းတန်းအသွင်ဖြင့် လေကို ခွင်းရင်း ဆဋ္ဌမရွှေဂိတ်ကျောက်တိုင်ထံသို့ ဦးတည်နေသည်။ ကိုးပင်လယ်နတ်လောကမှာ အုတ်အုတ်ကျက်ကျက် ဖြစ်နေပြီး မရေမတွက်နိုင်သောကျင့်ကြံသူများသည် ကြည့်ရှုဖို့ အရပ်လေးမျက်နှာမှ ပျံသန်းလာနေကြ၏။ မန်ဟိုက ဆဋ္ဌမရွှေဂိတ်ကျောက်တိုင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားပြီး ချက်ချင်းဆိုသလို သူ့နာမည်မှာ အဆင့်များအကြား ပေါ်လာတော့သည်။

၎င်းသည် အခြားကျောက်တိုင်များတုန်းကအတိုင်း လျင်မြန်စွာ တက်လာနေသည်။ မကြာမီ တအံ့တဩအော်သံများ ကြားရနိုင်ပြီး မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာထားများမှာ ပို၍ပင် ဆူပုပ်ခက်ထန်လာကြတော့သည်။ အခြားကျောက်တိုင်များနည်းတူ မန်ဟို့နာမည်သည် နောက်ဆုံး၌ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားခဲ့၏။

ထိုသို့ဖြစ်ပျက်သောအခါ ကိုးပင်လယ်နတ်လောကတစ်ခုလုံး၊ ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများရော၊ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပါ ဆူညံပွက်လောရိုက်ကုန်ပြီး မန်ဟို့ကိုသာ မမှိန်မသုန် အာရုံစိုက်နေကြတော့သည်။

ထို့နောက် မန်ဟိုက စတုတ္ထကျောက်တိုင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသောအခါ သူ့နာမည်သည် ထိပ်ဆုံးဆယ်ယောက်အတွင်း ပေါ်လာသည်။

လူအုပ်ကြီး၏ဆူညံပွက်လောရိုက်မှုမှာ ပို၍ပြင်းထန်အားကောင်းလာပြီး မန်ဟို့ပုံရိပ်သည် ဂိုဏ်းသားအားလုံး၏ စိတ်နှလုံးအတွင်း၌ နက်ရှိုင်းစွာ ခတ်နှိပ်ခံလိုက်ရလေပြီ။

သူ၏ ဓားသွားတမျှ လျှာစောင်းထက်မှု၊ ကြီးမားသောအသတ်အဖြတ်စိတ်ဆန္ဒနှင့် ထက်သန်သော ရဲစွမ်းသတ္တိတို့သည် မန်ဟို့အား ပြိုင်ဘက်ကင်းသောအရှိန်အဝါကို ပိုင်ဆိုင်သွားစေ၏။

၎င်းက .... လုံးလုံးလျားလျား လွှမ်းမိုးကြီးစိုးနေသောအငွေ့အသက် ဖြစ်သည်။

တတိယရွှေဂိတ်ကျောက်တိုင်ထဲတွင် သူ အဆင့် ၇ နေရာရသွားသောအခါ အနန္တရွှေအရောင်အဝါများ ကွန့်မြူးလာသည်။

ဒုတိယရွှေဂိတ်ကျောက်တိုင်ထဲတွင် သူ့နာမည် အဆင့် ၄ နေရာသို့ တက်သွားခဲ့သဖြင့် တဂျိန်းဂျိန်း မိုးခြိမ်းသံအကျယ်ကြီးများအား ကြားရနိုင်သည်။ လူတိုင်းသည် သူတို့၏နှလုံးသားများ နွေခေါင်ခေါင် မိုးကြိုးအပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရတော့၏။

မန်ဟို ဒုတိယရွှေဂိတ်ကျောက်တိုင်အတွင်းမှ ထွက်၍ ပထမကျောက်တိုင်ထံသို့ ထွက်သွားသောအခါ စုဝေးကြည့်ရှုနေကြသူ ထောင်သောင်းချီနေချေပြီ။

သူတို့က ဖြစ်ပျက်နေသောအရာကို မျက်မြင်တွေ့ရရန် ပြုံတိုးနေကြတော့သည်.

“သူက ရှစ်တိုင်ဖြေခဲ့ပြီးပြီ။ အကုန်လုံးမှာလည်း ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ခဲ့တယ်”

“နောက်ဆုံးတစ်ခုက ပထမဆုံးရွှေဂိတ်ကျောက်တိုင်ပဲ။ သူ အဲဒီတစ်ခုမှာ ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်သွားရင် အဲဒီအင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ က သူ့အပိုင်ဖြစ်သွားပြီ”

“နှစ်ပေါင်းအသင်္ချေကြာခဲ့တဲ့ တစ်လျှောက်လုံး ကိုးပင်လယ်နတ်လောကမှာ လေးယောက်ထဲပဲ အဲဒီလိုလုပ်နိုင်ခဲ့ဖူးတယ်။ အခုတော့ ငါးယောက်ဖြစ်တော့မယ်ထင်တယ်”

စကားသံပေါင်းများစွာ ကျွတ်ကျွတ်ညံနေစဉ် မန်ဟိုက ခိုင်မာပြတ်သားပြီး ဇွဲကောင်းစွာဖြင့် ပထမရွှေဂိတ်ကျောက်တိုင်အရှေ့သို့ ရောက်လာသည်။ သူက ဂိတ်ကို တခဏကြည့်ပြီးနောက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

“နဝမပင်လယ်ရဲ့ ဖိအားစစ်ဆေးခြင်း” သူကား ထပ်မံတုံ့ဆိုင်းမနေဘဲ ဝင်ခဲ့လေပြီ။

သူ့အမြင်အာရုံ ပြန်လည်ကြည်လင်လာသောအခါ အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် ကိုးပင်လယ်နတ်လောကမြေထုကြီး၏အောက်၌ အဆုံးမရှိသောပင်လယ်ရေများဖြင့် ခြံရံလျက်ရှိကြောင်း တွေ့လိုက်ရ၏။ ဤနေရာတွင် နဝမပင်လယ်မှ ဖိနှိပ်နေသော ဖိအားသည် ယခင်ထက်ပို၍ ပြင်းထန်လေသည်။

သူ့မှာ သံကြိုးများ သူ့အပေါ် ကျလာသကဲ့သို့ ခံစားလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ ထို့နောက် သူသည် မျက်လုံးများ လင်းလက်တောက်ပနေလျက် အောက်သို့ နစ်မြုပ်သွား၏။

မီတာ  ၃၀၀။ မီတာ ၁၅၀၀။ မီတာ ၃၀၀၀။

မီတာ ၆၀၀၀။ မီတာ ၉၀၀၀။ မီတာ ၁၅၀၀၀။

သူ နစ်မြုပ်သွားလေလေ၊ ဖိအားက ပြင်းထန်လာလေလေပင်။ နောက်ဆုံးတော့ ဧရာမတောင်ကြီးများ သူ့အပေါ် ဖိချနေသကဲ့သို့ ခံစားလာရသည်။ မကြာခင် သူ့မှာ မျက်တောင်လေးခတ်ဖို့ပင် အားမနည်းစိုက်ထည့်နေရလေပြီ။

အရာအားလုံးသည် ပိတ်ပိတ်ပိန်းမှောင်မိုက်နေပြီး နဝမပင်လယ်မှာ ပင်လယ်ကြမ်းပြင်ဟူ၍မရှိဘဲ အောက်သို့ အဆုံးမရှိ ထိုးဆင်းနေသယောင် ထင်ရသည်။

မကြာမီ မန်ဟိုသည် မီတာ ၂၄၀၀၀ အနက်သို့ ရောက်လာခဲ့၏။ အပြင်ရှိ စာရင်းအရ ဤသည်မှာ ဖန်းတုံးအာရောက်ခဲ့သော အမှတ်ပင် ဖြစ်သည်။ အကြီးမားခြားနားချက်က သူမသည် ဤနေရာ၌ နာရီလေးဆယ်ကျော် နေခဲ့ခြင်းပင်။

မန်ဟို့နာမည်မှာ ပထမရွှေဂိတ်ကျောက်တိုင်အပေါ်တွင် အချိန်အတော်ကြာခဲ့ကတ်းက ပေါ်လာနေခဲ့ပြီးဖြစ်သည်။ ၎င်းသည် မှိတ်တုတ်မှိတ်တုတ်လက်လျက် မြင့်သထက် မြင့်လာနေ၏။ မိစ္ဆာကျင့်ကြံသူများ၏မျက်နှာများမှာတော့ မည်းသထက် မည်းလာနေသည်။

“ငါ ဆက်ဆင်းနိုင်သေးတယ်” မန်ဟိုသည် သူ့နောက်ဆုံးအမှတ်သို့ မရောက်သေးကြောင်း သဘောပေါက်လိုက်သဖြင့် မျက်လုံးများတောက်ပလာ၏။ သူကား ကိုးပင်လယ်နတ်လောက၏ ကျန်ဂိုဏ်းသားများနှင့် မတူပေ။ သူတို့သည် ဤရေနက်ပိုင်းထဲတွင် ကျင့်ကြံအားထုတ်ရင်း သူတို့ကိုယ်သူတို့ ဖိအားဒဏ်ခံနိုင်အောင် ဖြေးဖြေးချင်း ကြိုးစားခဲ့သည်။ ဆန့်ကျင်ဘက်တွင် မန်ဟိုမှာ ပြင်းထန်နိုင်သမျှ အပြင်းထန်ဆုံးဖြစ်သည့် အတွေ့အထိကို ခံစားလိုပြီး ထိုနေရာတွင် မည်မျှကြာကြာနေနိုင်မည်လဲ မြင်တွေ့ချင်လေသည်။

၎င်းက အန္တရာယ်များကောင်းများနိုင်သော်လည်း ဖိအားကို ကျင့်သားရစေဖို့အတွက် အမြန်ဆုံးနည်းလမ်းဖြစ်သည့်အပြင် လေဟုန်ခွင်းလောကသို့ ဝင်ရောက်ရန်လည်း သူ့ကို အဆင့်သင့်ဖြစ်စေလိမ့်မည်။

မန်ဟို့မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုတို့ဖြင့် ဝင်းပသွား၏။

မီတာ ၂၇၀၀၀။ မီတာ ၃၀၀၀၀။ မီတာ ၃၆၀၀၀ .... သူကား ဆက်သွားနေဆဲပင်။

ဖိအားသည် ဆထက်တိုး၍ ပြင်းထန်လာနေသည်။ သို့သော် ၎င်းမှာ မန်ဟို့ကိုယ်တွင်းမှ ပြန်ကန်အားနှင့် ဆက်တိုက်ဆုံတွေ့နေရ၏။ မန်ဟိုမှာ အပြင်အားကိုယ်နှင့်ကျင့်ကြံခြင်းအခြေခံတွင် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည့်တိုင် ဆက်လက်တိုးတက်လာနေသည့်အလားပင်။

ယခုတော့ သူသည် အမှောင်ထုမှတစ်ပါး မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ သူ၏ အသစ်ရရှိထားသော နတ်ဘုရားအာရုံပင်လျှင် အနီးအနားတွင်သာ ဖြန့်ကျက်နိုင်တော့သည်။ သူကား ယခုတွင် မီတာ ၆၀၀၀၀ အနက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် သူ့မှာ တုန်ခါလာပြီး ဤသည်မှာ သူ၏နောက်ဆုံးအမှတ်ဖြစ်ကြောင်း သိလိုက်သည်။ သူ့မှာ ပြိုကွဲတော့ခါနီလေပြီ။ သူက တဆတ်ဆတ်တုန်ရီနေလျက် တင်ပျဉ်ခွေထိုင်ချပြီးနောက် သူ မည်မျှကြာကြာတောင့်ခံနိုင်မည် ကြည့်ရန် စောင့်နေတော့သည်။

***

All Chapters