ရှေးဟောင်းနယ်ပယ်တံခါး၏ နိမိတ်
Vol. 78 Ch. 1079
လောလောဆယ်တွင် အပြင်ရှိ ဂိုဏ်းသားအားလုံးသည် ပထမရွှေဂိတ်ကျောက်တိုင်နှင့် ၎င်းအပေါ်ရှိ တလက်လက် တောက်ပနေသော နာမည်ကို မမှိတ်သုန် စိုက်ကြည့်နေကြသည်။
မန်ဟိုသည် ဒုတိယမြောက်မှ န၀မမြောက်အထိ၊ ကျန်ရွှေဂိတ်ကျောက်တိုင်အားလုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ရောက်ခဲ့၏။ ယခုတွင် သူ့အနေဖြင့် ပထမကျောက်တိုင်တွင်လည်း ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ခဲ့လျှင် အလောင်းအစားအား နိုင်သွားပြီး အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ ကို ရရှိမည်ဟု ဆိုလိုသည်။
လူအများသည် ထိုကြွယ်၀မှုပမာဏကို တွေးမိသောအခါ တုန်ရီသွားကြ၏။ ဖန်းတုံးအာပင်လျှင် တုန်ရီသွားလေသည်။ယင်းက မျိုးနွယ်စုတစ်စုလုံး၊ ဂိုဏ်းတစ်ဂိုဏ်းလုံးကိုပင် တုန်လှုပ်သွားစေနိုင်သည့် ပမာဏကြီးဖြစ်၏။
တာအိုနယ်ပယ်တွင်ဖြစ်သော်ငြား မိစ္ဆာခေါင်းဆောင်ကြီးမှာ ချက်ချင်း အာခေါင်ခြောက်မသွားဘဲ မနေတော့ပေ။ မိစ္ဆာကျင့်ကြံသူအုပ်အနေဖြင့် အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ ကို ပေးဖို့ မတတ်နိုင်ခြင်းမဟုတ်သော်လည်း ၎င်းက သူတို့အတွက် အင်မတန် ကြီးမားသော ပမာဏကြီးဖြစ်နေသေး၏။
ဘွားဘွားကိုးနှင့် အခြားသူများလည်း ရှိနေရာ သူတို့မှာ ဤအခြေအနေမှ ခေါင်းရှောင်ရန် ဉာဏ်နီဉာဏ်နက်ထုတ်မရသလို၊ နတ်မီးလျှံစမ်းသပ်ပွဲထဲရှိ မန်ဟို့ကိုလည်း ဘာမှလုပ်၍မရကြပေ။ သူတို့အားလုံး မျက်လုံးပြူးလျက်သာ ကြည့်နေနိုင်တော့သည်။
လူတိုင်းကြည့်နေစဉ် မန်ဟို့၏ နာမည်သည် ဆက်တိုက်တက်လာပြီး နောက်ဆုံးတွင် အဆင့် ၁၅ ၌ ရပ်တန့်သွား၏။
တီးတိုးတီးတိုး ပြောသံများ ကြားရနိုင်ပြီး လူတိုင်း အသက်ရှုမှားနေကြသည်။
"အဆင့် ၁၅။ မန်ဟို အဲ့ဒီအနက်မှာ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲအပေါ် မူတည်ပြီး ထိပ်ဆုံး ၁၀ ယောက်ထဲ ၀င်လောက်တယ်"
"အဆင့် ၁၅ ကနေ ၅ အထိ လူတိုင်း အဓိကနယ်စပ်ဖြစ်တဲ့ မီတာ ၆၀၀၀၀ မှာ နေခဲ့ကြတာ။ ခြားနားတာဆိုလို့ သူတို့ ဘယ်လောက်ကြာကြာတောင့်ခံနိုင်လဲဆိုတာပဲ"
"သူ နာရီ ၄၀ တောင့်ခံနိုင်ရင်တော့ နာရီ ၃၈ နာရီ တောင့်ခံနိုင်ခဲ့တဲ့ လက်ရှိ အဆင့် ၁၀ နေရာကို သိမ်းပိုက်နိုင်လိမ့်မယ်။ နာရီ ၇၀ တောင့်ခံနိုင်မှပဲ အဆင့် ၅ နေရာ ရနိုင်မှာ"
အချိန်များ ကုန်လွန်သွားသည်။ မကြာမီ ၂ နာရီ၊ ၄ နာရီ၊ ၁၀ နာရီ ကြာခဲ့လေပြီ။ မန်ဟိုသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လျက်၊ မျက်လုံးများ နီမြန်းနေလျက် ဂိုဏ်းအောက်က ပင်လယ်ထဲတွင် ရှိနေ၏။ ကြောက်ခမန်းလိလိ ဖိအားက တစ်စက္ကန့်တိုင်း ဒေါသတကြီး တိုက်ခိုက်နေသော တိုက်ကွက်ကြီးအလားပင်။
မန်ဟိုက မသန်မာ၍ မဟုတ်သလို၊ မြင့်မားသော ကျင့်ကြံခြင်းအခြေခံ မရှိ၍လည်း မဟုတ်ပေ။ ထိုအစား သူ့မှာ ကိုးပင်လယ်နတ်လောကအတွင်း၌ ကြာကြာ မနေရသေးသည့်အပြင် ဤနေရာတွင် မွေးဖွားခဲ့သော ကျင့်ကြံသူများနှင့် အင်မတန် ကွာခြား၍ ဖြစ်သည်။
လူအတော်များများမှာ မန်ဟိုနှင့် ယှဉ်နိုင်သော အပြင်အားကိုယ်ကို မပိုင်ဆိုင်ထားသည်သာမက သူတို့၏ ကျင့်ကြံခြင်းအခြေခံများက သူ့ခြေဖျားကိုပင် မမှီသော်လည်း ပင်ကိုယ်အားဖြင့် ဖိအားနှင့်ရင်းနှီးနေသူများဖြစ်ကြသည်။ သူတို့အတွက် ရေအောက်ထဲ ငုပ်လျှိုး၍ ဖိအားကို တောင့်ခံခြင်းက ရိုးရိုးလေးသာ ဖြစ်လေသည်။
မန်ဟို့အတွက်မူ ထိုမျှအချိန်တိုလေးနှင့် အခြားသူများအား လိုက်မှီရန် ကြီးမားသော တန်ရာတန်ကြေးကို ပေးဆပ်ရ၏။ သူသည် ဆက်လက်တောင့်ခံရင်း မကြာမီ နောက်ထပ် ၆ နာရီ ကြာသွားခဲ့လေပြီ။ မန်ဟို ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်မှာ ၁၆ နာရီ ရှိခဲ့ပြီဖြစ်၏။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ၏ အရေပြားများ အက်ကွဲလာသည်။ ကြည့်ရသရွေ့ သူ့မှာ တစ်ချက်ကလေး လှုပ်လိုက်လျှင်ပင် အပြီးတိုင် ပြိုကွဲသွားတော့မည့်အလား ဖြစ်နေသည်။
သူ၏ ထာ၀ရအလွှာက အသည်းအသန် အလုပ်လုပ်နေပြီး သူ၏ မျက်လုံးများက သွေးချင်းနီနေသည်။ ဤဖိအားသည် သူ၏ခန္ဓာကိုယ် ခံယူနိုင်သည့် နောက်ဆုံး အတိုင်းအတာဖြစ်ကြောင်း သူ ခံစားနေရ၏။
အဆိုပါဖိအားကို သူ၏ ကျင့်ကြံခြင်းအခြေခံကလည်း သည်းကြီးမည်းကြီး ပြန်တိုက်ခိုက်နေရာ သူ့စိတ်ထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်နေချေသည်။
သူ နှလုံးတစ်ချက်ခုန်လိုက်တိုင်း၊ သူ့ကျင့်ကြံခြင်းအခြေခံ တစ်ချက်လှုပ်ရှားလိုက်တိုင်း ထစ်ချုန်းသံများက သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားစေသည့်တိုင်အောင် ပိုမို ပြင်းထန်လာသည်။ သွေးများက သူ့ခန္ဓာကိုယ်အနှံ့အပြားမှ စီးကျနေသော်လည်း သူသည် ပို၍ သန်မာလာနေသည်ကို ခံစားနေရ၏။
"ဒီအနက်မှာ ငါ့ရဲ့ အတိုက်အခိုက်စွမ်းရည်ကို အပြည့်အ၀ထုတ်နိုင်တဲ့အချိန် ရောက်လာခဲ့ရင် အဲ့ဒါက ငါ မီတာ ၆၀၀၀၀ အနက်နဲ့ အသားကျသွားပြီလို့ ဆိုလိုတာပဲ" သူ့မျက်လုံးများက လေးနက်နေပြီး သူက အံတင်းတင်းကြိတ်လိုက်သည်။
မကြာမီ နာရီ ၂၀ ကြာသွားခဲ့၏။ ထို့နောက် နာရီ ၃၀…..
ပထမရွှေဂိတ်ကျောက်တိုင်၏အပြင်တွင် လူအုပ်ကြီးမှာ အုတ်အော်သောင်းနင်း ဖြစ်နေကြသည်။ နာရီ ၃၀ တောင့်ခံခဲ့သည့်အတွက် မန်ဟို၏နာမည်သည် အဆင့် ၁၅ မှ အဆင့် ၁၄ သို့ တက်သွားခဲ့၏။ ထို့နောက် အဆင့် ၁၃ ....နောက်ဆုံးတော့ အဆင့် ၁၁ သို့ ရောက်သွားခဲ့လေပြီ။
"နောက်ထပ် ၈ နာရီလောက် တောင့်ခံနိုင်တာနဲ့ သူ ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ရောက်သွားလိမ့်မယ်"
" ရှေးခေတ်ကနေ အခုထက်ထိ ဘယ်ကျောက်တိုင်မှာမဆို ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ခဲ့တဲ့သူဆိုလို့ ကိုးပင်လယ်နတ်လောကမှာ လေးယောက်ပဲ ရှိခဲ့ဖူးတယ်။ မန်ဟိုသာ နောက်ထပ် ၈ နာရီ တောင့်ခံနိုင်ခဲ့ရင် ၅ ယောက်မြောက် ဖြစ်လာတော့မယ်"
လူအုပ်ကြီး ထိုကိစ္စအား စိတ်လှုပ်တရှား ဆွေးနွေးနေကြစဉ် မန်ဟိုသည် သွေးကြောများကို ဖုံးရန် သူ့မျက်လုံးများကို ပိတ်လျက် ထိုင်နေ၏။ သူက သူ့ခန္ဓာကိုယ်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ထစ်ချုန်းသံများ မြည်ဟည်းနေသည့်တိုင် ဆက်လက်တောင့်ခံလျက်ရှိသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ သူ့ကို အသက်နှုတ်ဖို့ ကြိုးစားနေသည့် အပြင်ဖိအားနှင့် အကြိတ်အနယ် တိုက်ခိုက်နေသည့်အတွက် သူ့မှာ တုန်ရီနေရသည်။
"နည်းနည်းလောက် တောင့်ခံထားရုံပဲ။ ငါ နည်းနည်းလေးပဲ တောင့်ခံထားရုံပဲ လိုတယ်" သူ့မှာ သူ့နာမည် မည်သည့်နေရာတွင် ရှိကြောင်း မသိသော်လည်း တစ်နာရီ တောင့်ခံတိုင်း ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်နိုင်ချေများကြောင်း သိလေသည်။
"စွမ်းအားအတွက်၊ အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ အတွက်" မန်ဟို့မျက်လုံးများက ဖျတ်နဲ ပွင့်လာကာ ရူးမိုက်နေသော အလင်းရောင်ကို ဖော်ပြလိုက်သည်။ သူ့မှာ တုန်ရီနေပြီး သွားများအား ကျိုးကြေတော့မတတ် ကြိတ်ထားရသော်လည်း ဆက်လက်တောင့်ခံနိုင်သေးကြောင်း သိသည်။
မကြာမီ ၃၂ နာရီမြောက် ကုန်ဆုံးသွားခဲ့သည်။ ထို့နောက် ၃၄ နာရီ။ ၃၆ နာရီ... နောက်ဆုံး နာရီ ၄၀ အထိ တစ်လျှောက်လုံး။
ရွှေဂိတ်ကျောက်တိုင်အပြင်ရှိ အခြေအနေမှာ ဝရုန်းသုန်းကား ဖြစ်နေ၏။ လူတိုင်းမှာ ပြင်းပြင်းထန်ထန် တုန်လှုပ်နေကြပြီး မျက်လုံးအားလုံးက ယခုတွင် အဆင့် ၁၀ နေရာ၌ မြင်ရနိုင်သော နာမည်ကို မမှိတ်မသုန် အာရုံစိုက်နေကြသည်။
မန်ဟို
သူကား အောင်မြင်သွားခဲ့လေပြီ။ သူသည် မူလက အဆင့် ၁၀ ကို သိမ်းပိုက်ထားခဲ့သူအား ကျော်လွန်၍ ယခုတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်သွားခဲ့လေပြီ။
"ထိပ်ဆုံးဆယ်ယောက်။ မန်ဟိုက ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်သွားပြီ"
"ရှေးခေတ်ကနေ ဒီနေ့ဒီအချိန်အထိ ဒီလိုလုပ်နိုင်ခဲ့တဲ့သူတွေပြီးရင် သူက ငါးယောက်မြောက်လူပဲ" လူအုပ်ကြီးမှာ ကျွတ်ကျွတ်ညံနေပြီး သောင်းသောင်းဖြဖြ အော်ဟစ်သံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်နေသည်။
ဖန်းတုံးအာ၏မျက်နှာပေါ်တွင် တွေဝေရှုပ်ထွေးနေသော အမူအရာတစ်ခု ရှိ၏။ မန်ဟိုသည် သူတို့မျိုးဆက်၏ လက်ရှိရွေးချယ်ခံအားလုံးထက် သာလွန်သွားပြီဖြစ်ကြောင်း သူမမှာ ၀န်မခံချင်လည်း ၀န်ခံလိုက်ရတော့သည်။ သူ၏ လွှမ်းမိုးကြီးစိုးမှုက သူ့အား လူတကာနှင့် အင်မတန် ဝေးကွာသွားစေသည်။ သူသည် န၀မတောင်ပင်လယ်၏ အရှေ့တွင် လမ်းပိတ်ထားသော ဧရာမတောင်ကြီးအလား၊ ကျော်လွှားရန် ခက်ခဲသော တောင်ကြီးတစ်လုံးအလားပင်။
မိစ္ဆာခေါင်းဆောင်ကြီးက တိတ်ဆိတ်စွာ ရပ်နေသည်။ တခဏကြာသော် သူက သက်ပြင်းချပြီး လှည့်ထွက်သွား၏။ သူ့အနေဖြင့် ယခုမှတော့ ဘာမှ မတတ်နိုင်တော့ပေ။ မန်ဟိုကား အနိုင်ရသွားခဲ့ပြီဖြစ်၏။ သူ့မှာ လောင်ကြေးကို မပေးချင်ပါသော်လည်း မဖြစ်နိုင်တော့ကြောင်း သိလေသည်။
မိစ္ဆာခေါင်းဆောင်ကြီးသည် မုန်းတီးစက်ဆုပ်မှုတို့အား နှလုံးသားထဲတွင် မြိုသိပ်လျက် အေးစက်စက် နှာမှုတ်လိုက်သည်။ သူ အဝေးသို့ ထွက်သွားစဉ် သူ၏ မျက်လုံးများက လင်းလက်တောက်ပနေ၏။
မန်ဟို နာရီ ၄၀ တောင့်ခံပြီးသွားသောအခိုက်အတန့်တွင် သွေးများက သူ၏ ခန္ဓာကိုယ်အနှံ့အပြားမှ ပန်းထွက်လာသည်။ သူ့မှာ ပြိုကွဲတော့မတတ် ဖြစ်နေပြီး ဆက်လက် တောင့်မခံနိုင်တော့ပေ။ သူသည် ကြီးမားသော ဖိအားကြီးအောက်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံမှာ အားနည်းသထက် အားနည်းလာနေကြောင်း ခံစားလိုက်ရ၏။ သူ ပြန်တိုက်ခိုက်လေလေ အားနည်းလာလေလေ ဖြစ်နေသည်။။ သူ့မျက်လုံးထဲရှိ အလင်းရောင်ပင် မှေးမှိန်လာနေ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်ရီသွားပြီး ထူးဆန်းသော အရိပ်အယောင်တစ်ခု သူ့မျက်လုံးများတွင် ပေါ်လာသည်။
သူသည် ရုတ်တရက် သူ့ပုံစံမှာ မီးငြိမ်းတော့မည့် ဖယောင်းတိုင်ပမာ ထင်ရသော်လည်း မထင်မှတ်ဖွယ်ကောင်းစွာနှင့်... ကုစားခြင်းစွမ်းအားတစ်ရပ် သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်လာနေသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအားမှာ သူ့အပေါ် သက်ရောက်နေသည့် ပြင်းထန်သောဖိအားနှင့် သူ၏အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံခြင်းအခြေခံကြောင့် ဖြစ်ညစ်ထုတ်ခံခဲ့ရသည့်အလားပင်။ ဤအခိုက်အတန့်တွင် သူ့ကျင့်ကြံခြင်းအခြေခံအတွင်း၌ ကျန်ရှိသောစွမ်းအားအကုန်လုံးမှာ အတင်းအကြပ် ညစ်ထုတ်ခံနေရတော့သည်။
ဂျိန်းခနဲ ကြားလိုက်ရပြီး သူ့မျက်လုံးများသည် ပို၍ပင် တောက်ပလာ၏။ ကုစားခြင်းစွမ်းအားသည် သူ့ကို လျင်မြန်စွာ ကုသပေးနေသည့်အတွက် သူ့နှလုံးသားအား တဒိန်းဒိန်း ခုန်လာစေပြီး သူ့အပြင်အားကိုယ်မှာ သူ့ကျင့်ကြံခြင်းအခြေခံထက်ပင် ပို၍မြန်မြန်ဆန်ဆန် တိုးတက်ဖွံ့ဖြိုးလာနေသည်။
သူ့နှလုံးခုန်သံကလည်း သူ့နားထဲတွင် ဒိန်းခနဲ ဒိန်းခနဲ ကျယ်လောင်မြည်ဟည်းနေသည်။
နှလုံးတစ်ချက်ခုန်တိုင်း ကွဲအက်နေသော သူ့အရေပြားများ ပြန်ဆက်သွားပြီး သူ့အရှေ့တွင် ဧရာမတံခါးကြီးတစ်ချပ် ဖြေးဖြေးချင်း ပွင့်လာသည်။
ထိုတံခါးသည် အင်မော်တယ်တံခါးထက်ပင် ပို၍ခမ်းနားကြီးကျယ်သည့်အပြင် ပို၍ရှေးကျသည်။ အမှန်တွင် ၎င်းက အရာရာတိုင်းအား ပြင်းပြင်းထန်ထန် တုန်ခါလာစေသည်အထိ ရှေးကျလွန်းလေသည်။
ထိုတံခါးမှ ထွက်လာသောခံစားချက်က အင်မော်တယ်ခံစားချက်မဟုတ်ဘဲ အကန့်အသတ်မရှိအောင် ရှေးဆန်သောခံစားချက်မျိုးဖြစ်သည်။
မန်ဟိုသည် တံခါးကို မြင်သည်နှင့် ရင်ခုန်သံများ ဗြောင်းဆန်သွား၏။ ၎င်းက မည်သည့်အရာလဲ သူ အတပ်သိသည်။ ၎င်းသည် ... ရှေးဟောင်းနယ်ပယ်သို့ ဦးတည်နေသော တံခါးတစ်ချပ်ပင်။
ကျင့်ကြံသူတစ်ယောက် ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်သောအခါ ရှေးဟောင်းနယ်ပယ်တံခါးသည် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်လျှင် ပေါ်လာသည့် တံခါးနည်းတူ ပေါ်လာမည်ဖြစ်၏။ တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ဧရာမခေါင်းလောင်းကြီးတစ်ခု ပေါ်ပေါက်လာမည်။
ထိုခေါင်းလောင်းသည် ရှေးဟောင်းခေါင်းလောင်းဖြစ်ပြီး ထိုးလိုက်သည်နှင့် ဝိညာဉ်မီးအိမ်များကို မီးထွန်းပေးလိမ့်မည်။ သူ့အသက်မီးတောက် နယ်ပယ်လေကို ဖန်ဆင်းပေးပြီး နောင်နှစ်ပေါင်းများစွာကြာလျှင် ထိုလေအား... ဝိညာဉ်မီးအိမ်များကို ငြှိမ်းရန် သုံးရလိမ့်မည်။
ထို့နောက် သူသည် မီးအိမ်များ မီးငြိမ်းသွားသော်လည်း ကျင့်ကြံသူ အသက်မဆုံးရှုံးသော နယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားမည်။ ဝိညာဉ်မီးအိမ်အကုန်လုံး ငြိမ်းပြီးသည့်အခါ သူသည် ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်သို့ ရောက်၍ တာအိုနယ်ပယ်အတွက် အခြေခံအုတ်မြတ်တည်ဆောက်ရမည်။
ယခု သူ မြင်နေရသောအရာမှာ .... ရှေးဟောင်းနယ်ပယ်၏ နိမိတ်ဖြစ်သည်။
မန်ဟိုမှလွဲ၍ တခြားသူများအနေဖြင့် ရှေးဟောင်းနယ်ပယ်သို့ အချိန်အတော်ကြာကတည်းက ဝင်ရောက်နိုင်ခဲ့လိမ့်မည်။ သို့သော် သူ၏လမ်းစဉ်က တခြားသူများနှင့် ကွဲပြားခြားနားသည်။ သူသည် သူ၏နိဗ္ဗာနသစ်သီးလေးလုံးစလုံးကို အပြည့်အဝစုပ်ယူ၍ မပြီးမချင်း ရှေးဟောင်းနယ်ပယ်ထဲ ဝင်ရောက်ရန် စိတ်ကူးမရှိပေ။
သို့ထိတိုင် ဤနေရာတွင် ရှေးဟောင်းနယ်ပယ်၏နိမိတ်တစ်ခု ပေါ်လာခဲ့ပြီ။ သို့သော် သူ့ကျင့်ကြံခြင်းအခြေခံကြောင့်မဟုတ်ဘဲ.....
“ငါ့အပြင်အားကိုယ်ကြောင့်ပဲ” သူက တွေးလိုက်ရင်း မျက်လုံးများ စူးရှတောက်ပလာတော့၏။ သူ့မှာ နဝမပင်လယ်၏ဖိအားကို ရင်ဆိုင်နေစဉ် ရှေးဟောင်းနယ်ပယ်၏ နိမိတ်ကို အတင်းအကြပ် ပေါ်လာစေနိုင်ခဲ့မည်ဟု တစ်ခါမှ မထင်ထားခဲ့သည်သာ။
“ငါ အခုနားလည်ပြီ” သူ့မျက်လုံးများသည် နားလည်သိမြင်သွားသောအလင်းရောင်ဖြင့် တောက်ပနေသည်။ တကယ်တော့ သူ့အပြင်အားကိုယ်သည် အချိန်အတော်ကြာကတည်းက အင်မော်တယ်နယ်ပယ်အပြင်အားကိုယ်အဆင့်ထက် ကျော်လွန်သွားခဲ့ပြီးဖြစ်သည်။ သို့သော် ရှေးဟောင်းနယ်ပယ်တံခါးက ပေါ်မလာခဲ့ပေ။
ဤသည်မှာ အခြားသူများထံမှ စုံစမ်း၍ရနိုင်သော အရာမဟုတ်။ ဂိုဏ်းအများစုနှင့် မျိုးနွယ်စုအတော်များများ၏ ရှေးဟောင်းမှတ်တမ်းများတွင်ပင် ဤကိစ္စနှင့်ပတ်သက်သည့် သဲလွန်စလေးမြူမှုန်မျှပင် ပါမည်မဟုတ်ပေ။ ကျင့်ကြံသူတစ်ယောက်အတွက် အစစ်အမှန်အင်မော်တယ်အပြင်အားကိုယ်အဆင့် ရောက်ရှိရန်မှာ အင်မတန်မှ ရှားပါးသည်မဟုတ်ပါလော။ ထိုကဲ့သို့လူများ တည်ရှိခဲ့လျှင်တောင်မှ လူတိုင်းတွင် အခြေအနေအချိန်အခါအမျိုးမျိုး ရှိကြ၍ အဆင့်တက်ရန် နည်းလမ်းမျိုးစုံ သုံးခဲ့ကြလိမ့်မည်။
သို့သော် ယခုမူ သူသည် သူ့လမ်းကို မည်သို့ရှာဖွေရမည်လဲ နားလည်လိုက်လေပြီ။
“အပြင်အားကိုယ်က ထိခိုက်လေလေ၊ သန်မာလေလေဖြစ်တယ်။ အဲဒါ ငါ့လမ်းစဉ်ပဲ။ အဲဒီလိုဆိုမှတော့ ငါ ဒီ့အောက်ကို ဆင်းနိုင်ရင် .. ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်နိုင်သွားပြီး ငါ့အပြင်အားကိုယ်က ပိုလို့တောင် သန်မာလာလိမ့်မယ်”
သူ့အတွေးရထား ဤဘူတာဆိုက်သည်နှင့် မန်ဟို့မျက်လုံးများ တောက်ပသွားသည်။ သူသည် လှုပ်ရှားတော့မည့်အချိန် သူ့ကိုယ်တွင်းရှိ ကုစားခြင်းစွမ်းအားတို့ အားနည်းလာနေကြောင်း သဘောပေါက်လိုက်၏။ ထိုမျှသာမက ဤမီတာ ၆၀၀၀၀ အနက်ရှိ နဝမပင်လယ်၏ အကန့်အသတ်မရှိသောဖိအားက သူ့ကို အပေါ်သို့ တွန်းထုတ်နေလေသည်။
မျက်စိတစ်မှိတ်အတွင်း သူသည် ပျောက်ကွယ်သွားပြီး သူ ပြန်ပေါ်လာသောအခါ ပထမရွှေဂိတ်ကျောက်တိုင်၏အပြင်တွင် ဖြစ်သည်။ သူက ပေါ်လာလျှင်ချင်း သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဖိအားမှာ ရုတ်တရက် တခြားစီပြောင်းလဲသွား၏။ သူ့ကိုယ်တွင်းမှ တဂျွတ်ဂျွတ်မြည်သံများ ကြားလိုက်ရသည်။ ဖိနှိပ်နေသော ဖိအားမရှိတော့သည်နှင့် သူ့ကျင့်ကြံခြင်းအခြေခံသည် ရုတ်ခြည်းပင် တဟုန်ထိုး မြင့်တက်သွားတော့၏။ လူအုပ်ကြီး၏ သောင်းသောင်းဖြဖြအော်သံများက သူ့ကို လွှမ်းမိုးသွားသည်။
ကြည့်ရှုရန် ရောက်လာခဲ့သော ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားတိုင်း လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြသည်။ သူတို့သည် မန်ဟို့နာမည် ထိပ်ဆုံးသို့ မြင့်တက်လာခဲ့သည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်မဟုတ်ပါလော။ သူတို့မျက်မြင်သက်သေတည်ခဲ့ရသည်ကား နှစ်ပေါင်းများစွာ မဖြစ်ပျက်ခဲ့ဖူးသော အရာပင်။ ငါးယောက်မြောက်ပုဂ္ဂိုလ်ကား ရွှေဂိတ်ကျောက်တိုင်အားလုံးတွင် ထိပ်ဆုံးဆယ်ယောက်ထဲ ဝင်ရောက်ခဲ့လေပြီ။
လူအုပ်ကြီး၏ ဟစ်ကြွေးသံများအလယ်တွင် မန်ဟိုက ကျောက်တိုင်ကို လှည့်ကြည့်လိုက်ရာ အဆင့် ၁၀ နေရာရှိ သူ့နာမည်ကို မြင်လိုက်ရသည်။
“အဆင့် ၁၀ ...” သူက ရေရွတ်လိုက်ပြီး သူ၏မျက်လုံးများမှာ ရည်မှန်းချက်များဖြင့် ပြည့်နှက်လာတော့သည်။
“ဘွားဘွားကိုး ကျွန်တော့်ကို အားဖြည့်ဆေးလုံးနည်းနည်းလောက် ပေးပါခင်ဗျာ” သူက ရုတ်တရက် ချာခနဲ လှည့်၍ လက်ယှက်ပြီး ဘွားဘွားကိုးအား အရိုအသေပေးလိုက်သည်။
ဘွားဘွားကိုးသည် မန်ဟို့ကို သေသေချာချာ ကြည့်ရင်း တစ်ခုခုပြောတော့မည့်အချိန် ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိခဲ့သည့်အလား ခေါင်းမော့ကြည့်လိုက်၏။ သူမသာ မဟုတ်။ လှည့်ပြန်သွားခဲ့သော မိစ္ဆာခေါင်းဆောင်ကြီးနှစ်ဦးအပါအဝင် တာအိုနယ်ပယ်ပညာရှင်အကုန်လုံး မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြသည်။
“ရှေးဟောင်းနယ်ပယ် တံခါးတော်မြတ်ရဲ့ အရှိန်အဝါ.... ဒါက ....” ဘွားဘွားကိုးသည် ပါးစပ်အဟောင်းသားနှင့် မန်ဟို့ကို ပြန်ကြည့်၏။ သူမမျက်ဝန်းများ၏ အတွင်းပိုင်းထဲတွင် ထူးဆန်းသောအလင်းရောင်တစ ဖြတ်ပြေးသွားသည်။ သူမက ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ တဖြတ်ဖြတ်လက်နေသော ကိုးရောင်ခြယ်ဆေးပုလင်းတစ်ပုလင်းအား မန်ဟို့ထံ ပစ်ပေးလိုက်လေသည်။
***