ရှေးဟောင်းနယ်ပယ်၏ ကြက်သွေးရောင်တံခါး
Vol. 78 Ch. 1080
ဤအခိုက်အတန့်တွင် ကိုးပင်လယ်နတ်လောကထဲမှ အရှိန်အဝါစီးကြောင်းနှစ်ခု ပေါ်ထွက်လာသည်။ ၎င်းတို့သည် မိစ္ဆာခေါင်းဆောင်ကြီးများနှင့် သက်ဆိုင်၏။
သူတို့သာမဟုတ်။ အခြားအဖွဲ့နှစ်ဖွဲ့မှ တာအိုနယ်ပယ်ပညာရှင်နှစ်ယောက်လည်း တုန်လှုပ်သွားပြီး အခြေအနေကို ကိုယ်တိုင်စစ်ဆေးရန် သူတို့၏ နတ်ဘုရားအာရုံများအား ဖြန့်ကျက်လိုက်ကြသည်။
လင်းယွင်ကျစ်သည် အံ့အားသင့်သွားဟန်တူပြီး မန်ဟို့ကို နက်ရှိုင်းသော မျှော်လင့်ချက်များဖြင့် ပြန်လှည့်ကြည့်သည်။
နတ်ဆရာတာအိုသခင်က မဆိုစလောက် ပြုံးပြီးနောက် မျက်လုံးများ ပိတ်လိုက်၏။
တာအိုနယ်ပယ်ကျင့်ကြံသူများမှလွဲ၍ မည်သူမှ န၀မပင်လယ်ထက်က အရှိန်အဝါကို မခံစားကြရပေ။ သူတို့ မြင်ရသမျှမှာ ဘွားဘွားကိုး ဆေးလုံးများကို မန်ဟို့ထံ ပစ်ပေးလိုက်ခြင်းကိုသာ ဖြစ်သည်။
အဆိုပါဆေးလုံးများနှင့် ဆေးပုလင်းမှာ သာမန်ထက် ထူးခြားသယောင် ရှိသည်။
မန်ဟိုက ဆေးပုလင်းကို ဖမ်း၍ ဖွင့်ကာ တစ်ရှိုက်ရှုလိုက်သည်။ သူ၏ ဆေးဝါးတာအိုအသိအပေါ် အခြေခံ၍ သူသည် ဆေးလုံးများ၏ထိရောက်မှုကို ချက်ချင်း ဆုံးဖြတ်နိုင်သွား၏။ ၎င်းတို့က ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူများအတွက်ပင် တန်ဖိုးကြီးမားသည်ဟု သတ်မှတ်နိုင်သည့် အားဖြည့်ဆေးလုံးများ ဖြစ်လေသည်။ ၎င်းတို့ကို တာအိုနယ်ပယ်ပညာရှင်များ ပိုင်ဆိုင်ကောင်းပိုင်ဆိုင်နိုင်သော်လည်း သိပ်များလှမည်မဟုတ်ပေ။ တစ်လုံးကိုပင် အတိုင်းထက်အလွန် အဖိုးထိုက်တန်သည်ဟု ယူဆနိုင်၏။
မန်ဟိုမှာ စိတ်နှလုံးလှုပ်ရှားသွားပြီး ထပ်မံ၍ ဘွားဘွားကိုးကို လက်ယှက်အရိုအသေပေးပြီးနောက် တွန့်ဆုတ်မနေဘဲ ဆေးလုံးတစ်လုံးအား သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဆေးလုံး သူ့ပါးစပ်ထဲ ၀င်သွားသည့်အခိုက်အတန့်တွင် မန်ဟိုမှာ ပြင်းပြင်းထန်ထန် တုန်ရီလာသည်ကို ခံစားလိုက်ရ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ လျင်မြန်စွာ အားပြည့်သွားပြီး အသက်ရှုချိန်အနည်းငယ်လေးတွင် သူ၏ မျက်လုံးများက တောက်ပလာကာ သူ့မှာ မူလအထွတ်အထိပ်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ။
ထိုမျှသာမက န၀မပင်လယ်၏ ဖိအားကို တိုက်ခိုက်ခဲ့သည့်အတွက်လည်း သူသည် ယခုတွင် ယခင်ထက်ပို၍ပင် သန်မာနေပြီဖြစ်၏။
"ငါ အလောင်းအစားကို နိုင်သွားပြီဆိုတော့ အခု အဲ့ဒီအင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ က ငါ့အပိုင်ဖြစ်ပြီ" သူက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ပထမဆုံးရွှေဂိတ်ကျောက်တိုင်ကို လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း၌ ပြင်းပြသော ရည်မှန်းချက်တစ်ခု တောက်လောင်နေသည်ကို မြင်ရနိုင်လေသည်။
"ပြီးတော့ အခု ငါ့အပြင်အားကိုယ်က အရေးကြီးတဲ့အခြေအနေကို ရောက်သွားခဲ့ပြီ။ ဒါကြောင့် ငါ အကောင်းဆုံးကြိုးစားရတော့မယ်
"ပဉ္စမကျောက်တိုင်ကလွဲပြီး ကျန်တဲ့ကျောက်တိုင်တွေအကုန်လုံးမှာ ငါ ပထမနေရာ ယူပစ်မယ်" ကိုးပင်လယ်နတ်လောကဂိုဏ်းသားများ၏ အံ့အားသင့်နေသာ မျက်၀န်းများနှင့် မိစ္ဆာကျင့်ကြံသူများ၏ မုန်းတီးစက်ဆုပ်နေသော အကြည့်များအောက်တွင် သူက ထပ်မံ၍ ပထမဆုံး ရွှေဂိတ်ကျောက်တိုင်ထဲသို့ ၀င်သွားပြန်သည်။
သူ ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် ဂိုဏ်းသားများမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
"သူက ပထမရွှေဂိတ်ကျောက်တိုင်ထဲကို တကယ်ကြီး ပြန်၀င်သွားတာလား။ ထိပ်ဆုံးဆယ်ယောက်ထဲ ၀င်ပြီးသားလေ။ မဟုတ်မှ ဒီထက်ပိုကောင်းတဲ့ အဆင့်ကို ရချင်လို့များလား"
"ဒီနတ်မီးလျှံစမ်းသပ်ပွဲက တစ်ခါတည်းနဲ့ အောင်မြင်နိုင်တဲ့အရာမဟုတ်ဘူး။ ကျင့်ကြံခြင်းအခြေခံကို တိုးတက်အောင်လုပ်ဖို့ လိုသေးတယ်။ မန်ဟိုက ... စိတ်မရှည်တဲ့ပုံပဲ"
"သူ အခု ထပ်စိန်ခေါ်ရင်တောင်မှ အဆင့် ၅ ထက်ပိုပြီး သွားနိုင်မှာမဟုတ်ဘူး။ သေချာပေါက် ထိပ်ဆုံး ၄ ယောက်ထဲမ၀င်နိုင်ဘူး"
ဖန်းတုံးအာမှာ တခဏ တွေဝေသွားသည်။ သူမမှာ မန်ဟို ဤကဲ့သို့ မစဉ်းစားမဆင်ခြင် လုပ်လိမ့်မည်ဟု မယုံပေ။ သူမ၏အမြင်အရ သူသည် သူ့အကျိုးမရှိလျှင် ဘာမှမလုပ်မည့်လူစားမျိုး ဖြစ်သည်။ သူ့အတွက် ဤကဲ့သို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းက အကြောင်းအရင်းကောင်းကောင်းတစ်ခု ရှိနေသည်ဟု ဆိုလိုလေသည်။
စကားသံများ ဆူညံပွက်လောရိုက်နေစဉ် မန်ဟိုသည် ကိုးပင်လယ်နတ်လောက၏အောက်က ပင်လယ်နက်ထဲတွင် ထပ်မံပေါ်လာ၏။ ဤတစ်ခေါက်တွင် သူက လျှင်မြန်စွာ ငုပ်လျှိုးသွားပြီး တစ်ချက်မှ မရပ်နားပေ။
မကြာမီ သူသည် မူလ မီတာ ၆၀၀၀၀ အမှတ်သို့ ရောက်ရှိသွားခဲ့၏။ ထိုနေရာတွင် သူက တခဏ ရပ်၍ သူ၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်ကာ ဖိအားကို ပြန်တိုက်ခိုက်တော့သည်။ ထို့နောက် အံတင်းတင်းကြိတ်ရင်း အောက်သို့ ဆက်ငုပ်လျှိုးသွားသည်။
သူသည် သူ၏ အပြင်အားကိုယ်ကို ရှေးဟောင်းနယ်ပယ်အဆင့်အထိ မြှင့်တင်ချင်ပြီး ပို၍သန်မာလာစေချင်သည်။ ထိုသို့လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက အောက်သို့ ဆက်လက်ငုပ်လျှိုးနေရန်သာ ဖြစ်သည်။ ထိုနေရာတွင် ဖိအားသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏ ခန္ဓာကိုယ်က ပို၍ သန်မာလာလိမ့်မည်။
နောက်ဆုံးစည်းကို ကျော်အောင် သူ့ကိုယ်သူ ဖိအားပေးပြီး အစွမ်းကုန်ထုတ်ခြင်းအားဖြင့် သူ့အပြင်အားကိုယ်သည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလာလိမ့်မည်ဟု သူ ယုံကြည်၏။
ဝုန်း
သွေးများ သူ့ပါးစပ်မှ စီးကျလာပြီး တဂျွတ်ဂျွတ် အက်ကွဲသံများအား သူ့ကိုယ်တွင်းမှ ကြားရနိုင်သည်။ သူ အောက်သို့ ဆက်လက် ငုပ်လျှိုးနေစဉ် ဖိအားသည် အံ့ဖွယ်အတိုင်းအတာအထိ တိုးလာ၏။ ဖိအားက သူ့ကို ၀င်တိုက်နေသဖြင့် သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီရင်း ပုံပျက်ရှုံ့တွနေတော့သည်။
သို့သော် သူသည် ဆက်လက်ငုပ်လျှိုးနေဆဲသာ။ မီတာ ၇၅၀၀၀။ မီတာ ၈၄၀၀၀။
သူ့စိတ်ထဲတွင် တဝုန်းဝုန်း မြည်သံများ ပြည့်နှက်နေပြီး သူ့အသွေးအသားတို့မှာ ဟက်တက်ကွဲ၍ စုတ်ပြတ်သပ်လာသည်။ သူ၏ အသက်မီးတောက်သည် မှေးမှိန်လာပြီး သူ၏ ကျင့်ကြံခြင်းအခြေခံမှာလည်း ကြီးမားသောဖိအားကြီး၏ အောက်တွင် မလှုပ်မရှားနိုင်ဖြစ်နေ၏။
သူ့မှာ မိုးနှင့်မြေ သူ့အပေါ်သို့ ဖိချနေသည့်အလား ခံစားနေရပြီး အမြင်အာရုံတို့ ဝေဝါးလာသည်။ သို့သော် သူသည် အစွမ်းကုန်ထုတ်၍ အောက်သို့ ဆက်လက်ငုပ်လျှိုးနေဆဲပင်။
သူ အောက်သို့ နစ်မြုပ်လာသည်နှင့်အမျှ ... လောလောဆယ်တွင် တံခါးပိတ်ကျင့်ကြံနေသော ကိုးပင်လယ်နတ်လောက၏ ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့် ပညာရှင်တစ်ချို့သည် ရုတ်တရက် မျက်လုံးများ ဖွင့်၍ ကောင်းကင်သို့ မော့ကြည့်လိုက်ကြ၏။
မကြာမီ ရှေးဟောင်းနယ်ပယ်အလယ်အလတ်အဆင့် ပညာရှင်များလည်း အပြင်လောကတွင် တစ်ခုခု ဖြစ်ပျက်နေသည်ကို သတိထားမိလိုက်၍ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားကြ၏။
ထိုစဉ် မန်ဟိုသည် ရူးရူးမိုက်မိုက်ဖြင့် နဝမပင်လယ်အောက်သို့ ငုပ်လျှိုးသွားနေသည်။ သူကား မီတာ ၉၀၀၀၀ အနက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး ဖိအားသည် မီတာ ၆၀၀၀၀ ဖိအားထက် အဆပေါင်းဒါဇင်များစွာ ကြောက်မက်ဖွယ်ကောင်းလာနေ၏။
အရာအားလုံး ပိတ်ပိတ်ပိန်းမှောင်မည်းနေပြီး ယခုတွင် သူ့မှာ ရေမဟုတ်ဘဲ လေများဖြင့် ပတ်ပတ်လည်မှ ဝိုင်းခံထားရသည်။
ထိုခံစားချက်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ မန်ဟိုမှာ သိပ်သဲသဲကွဲကွဲ မမြင်ရပေ။ ယခုတွင် သူ၏အသက်မီးတောက်မှာ ငြိမ်းသေတော့မည့်အလား အားနည်းစွာ ယိမ်းခါနေချေပြီ။ သူ့ခန္ဓာကိုယ်မှာလည်း အချိန်မရွေး ပြိုကွဲတော့မည့်သကဲ့သို့ ပုံပျက်ရှုံ့တွနေသည်။
သူက သတိလစ်ခါနီးဆဲဆဲ အခိုက်အတန့်တွင် ရုတ်တရက် စိတ်ထဲ၌ အော်ဟစ်လိုက်သည်။
“ဒါ ငါ တတ်နိုင်တဲ့ နောက်ဆုံးအတိုင်းအတာပဲ။ ရှေးဟောင်းနယ်ပယ်တံခါး ..... လာပေတော့”
ထိုအချိန်မှာပင် ကိုးပင်လယ်နတ်လောကအတွင်း၌ အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင် တစ်ခုခုဖြစ်ပျက်နေကြောင်း ခံစားလိုက်ရသည်။ သူတို့သည် မျက်နှာအမူအရာများ ရိပ်ခနဲ ပြောင်းသွားပြီး ခေါင်းမော့လိုက်ရာ ... ပါးစပ်အဟောင်းဖြစ်ကုန်တော့၏။
“အဲ့ဒါ...”
“ရှေးဟောင်းနယ်ပယ်ရဲ့ တံခါးတော်မြတ်။ အင်မော်တယ်နယ်ပယ်ကနေ ရှေးဟောင်းနယ်ပယ်ကို တစ်ယောက်ယောက် တက်လှမ်းနေတဲ့အချိန် ပေါ်လာတဲ့ ရှေးဟောင်းနယ်ပယ်တံခါးမဟုတ်လား”
“တစ်ယောက်ယောက်တော့ အင်မော်တယ်နယ်ပယ်ကို ချိုးဖျက်ပြီး ရှေးဟောင်းနယ်ပယ်ထဲ ဝင်ရောက်နေပြီ”
“မဟုတ်ဘူး မဖြစ်နိုင်ဘူး။ အဲဒီတံခါးက ဘယ်လိုလုပ် ကြက်သွေးရောင်ဖြစ်နေတာလဲ။ မီးခိုးရောင်ဖြစ်သင့်တာလေ”
ကိုးပင်လယ်နတ်လောကတစ်ခုလုံး အသံဗလံမျာဖြင့် အုံးအုံးကြွက်ကြွက် ထနေတော့သည်။ နဝမပင်လယ်တစ်ခုလုံးလည်း ဝုန်းဝုန်းမြည်နေပြီး မရေမတွက်နိုင်သော ပင်လယ်သားရဲများသည် ဖြစ်ပျက်နေသောအရာကို ခိုးပင်မကြည့်ရဲလောက်အောင် ကြောက်လန့်တုန်ရီနေကြပြီး ပုန်းအောင်းနေကြ၏။
ခေါင်းအထက်က ကြယ်တာရာကောင်းကင်တွင် .... မရေမတွက်နိုင်သောအလင်းစက်များမှာ ပြိုင်ဘက်ကင်းအောင် ရင်သပ်ရှုမောဖွယ်ကောင်းသောတံခါးတစ်ချပ်၏ ပုံသဏ္ဌာန်အဖြစ် စုဝေးပေါင်းစည်းလာကြနေသည်။
ထိုတံခါးကား ကြက်သွေးရောင်အတိလွှမ်းပါသော်လည်း ပင်လယ်ရေကို ပွက်ပွက်ဆူလာစေသော ကမ္ဘာဦးအစ ရှေးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။ ၎င်းက မိုးနှင့်မြေ၊ တောင်ပင်လယ်လောက၏ စိတ်ဆန္ဒကို ကိုယ်စားပြုသည့်အလားပင်။
“ရှေးဟောင်းနယ်ပယ်ရဲ့ ကြက်သွေးရောင်တံခါး.... အဲ့ဒါက ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်ကို ကိုယ်စားပြုတာပဲ”
“အဲ့ဒါ သေချာပေါက် .... ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်ပဲ ဖြစ်ရမယ်” ယခုလို အက်ကွဲကွဲ ကောက်ချက်ချသံများအား ကိုးပင်လယ်နတ်လောက၏ ဗဟုသုတကြွယ်ဝသော ရှေးဟောင်းနယ်ပယ်နှောင်းပိုင်းအဆင့် ပညာရှင်များထံမှ ကြားရနိုင်သည်။
မကြာမီ ရှေးဟောင်းနယ်ပယ်ကြက်သွေးရောင်တံခါး၏ အဓိပ္ပါယ်ကို သဘောပေါက်သွားသူများ တစတစ များပြားလာသည်နှင့်အမျှ ကိုးပင်လယ်နတ်လောကမှာ အုတ်အော်သောင်းနင်းဖြစ်သွားတော့သည်။ လူတိုင်းနီးပါး မန်ဟို့ကို မေ့လျော့သွားကြ၏။ ရှေးဟောင်းနယ်ပယ်ပညာရှင်တစ်ဦး၏ ထွက်ပေါ်လာမှုကို မျက်မြင်တွေ့ရခြင်းက မန်ဟို ရွှေဂိတ်ကျောက်တိုင်များကို စိန်ခေါ်နေခြင်းထက် ပို၍စိတ်ဝင်စားစရာကောင်းသည် မဟုတ်ပါလော။
ဖန်းတုံးအာတစ်ယောက်တည်းသာလျှင် ရှေးဟောင်းနယ်ပယ်တံခါးတော်မြတ်၏ အငွေ့အသက်များကို ခံစားရလျှင်ချင်း ပထမရွှေဂိတ်ကျောက်တိုင်အပေါ်ရှိ မန်ဟို့နာမည်ကို လှမ်းကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင် ... နဝမပင်လယ်ထက်ရှိ ရှေးဟောင်းနယ်ပယ်တံခါး၏ ကြက်သွေးရောင်အလင်းသည် ရေများကို ထိုးဖောက်ရင်း ကိုးပင်လယ်နတ်လောကသို့ ဝင်ရောက်လာပြီးနောက် .... ပထမဆုံးရွှေဂိတ်ကျောက်တိုင်ပေါ် ဖြာကျလာတော့သည်။ လူတိုင်း ချာချာလည်ကုန်တော့သည်။
“မန်ဟို”
“ပထမဆုံးရွှေဂိတ်ကျောက်တိုင်ထဲမှ မန်ဟိုတစ်ယောက်တည်းပဲ ရှိတာ”
“ဒါ ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မန်ဟိုက ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်နေတာလား။ ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်အဆင့်ကိုလား” လူတိုင်း မယုံကြည်နိုင်ဖြစ်နေကြသည်။ ဖန်းတုံးအာမှာ နောက်သို့ယိမ်းယိုင်သွားပြီး နှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်။ မန်ဟိုသည် ရွေးချယ်ခံမျိုးဆက်တစ်ဆက်လုံး၏ လမ်းကို ပိတ်ထားသော ဧရာမတောင်ကြီးဖြစ်ပြီး ယခုတော့ ထိုတောင်ကြီးမှာ ပို၍ပင် ကြီးလာခဲ့ချေပြီ။
ဂျလိန်း ဂျလိန်း ။ ကြက်သွေးရောင်အလင်းသည် ရွှေဂိတ်ကျောက်တိုင်ထဲသို့ ထိုးဖောက်ပြီးနောက် ဂိုဏ်းအောက်က ပင်လယ်ရေထဲတွင် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မီတာ ၉၀၀၀၀ အမှတ်သို့ ဖြာဆင်း၍ .... မန်ဟို့အပေါ် ကျရောက်သွားခဲ့သည်။
မန်ဟို့ခန္ဓာကိုယ်မှာ ပုံပျက်ရှုတွနေသည်။ သူ့နတ်ဘုရားအာရုံသည် ဝေဝါးနေပြီး သူ့မှာ သတိလစ်ချင်ချင် ဖြစ်လာသည်။ သို့သော် ကြက်သွေးရောင်အလင်း သူ့ကို လွှမ်းခြုံသွားသောအခါ သူ့မျက်လုံးများက တောက်ပလင်းလက်လာပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ အလွန်ကျယ်လောင်သော ဂျိန်းခနဲ ထစ်ချုန်းသံကြီးက သူ့ကို စိတ်နှင့်ကိုယ်ပြန်ကပ်သွားစေ၏။
ထိုကဲ့သို့ သတိပြန်လည်လာသောအခိုက်အတန့်တွင် သူက ခေါင်းမော့၍ မီတာ ၉၀၀၀၀ အမှတ်မှ အပေါ်သို့ ကူးခတ်ကာ နောက်ဆုံး ရွှေဂိတ်ကျောက်တိုင်မှ ထွက်ခွာပြီး ကိုးပင်လယ်နတ်လောက၏အလယ်တွင် ပြန်ပေါ်လာခဲ့လေပြီ။
လူတိုင်းလူတိုင်း၊ တာအိုနယ်ပယ်ပညာရှင်များပင် သူ့ကို ကြည့်နေကြသည်။ မရေမတွက်နိုင်သောမျက်လုံးများ သူ့ကို ကြည့်နေကြစဉ် သူက ကြက်သွေးရောင်အရောင်အဝါဖြင့် တောက်ပနေလျက် လေပေါ် ပျံတက်သွားသည်။ သူသည် ကိုးပင်လယ်နတ်လောက၏မန္တန်ဝင်္ကပါမှ ထွက်၍ ပင်လယ်ရေများကို ဖြတ်သန်းရင်း .... ပင်လယ်ထက်က ကောင်းကင်ဆီသို့ ရောက်ရှိသွား၏။
သိန်းသောင်းချီသော ကျင်ကြံသူများသည် ဆက်လက်ရှုစားဖို့ ကိုးပင်လယ်နတ်လောက၏အပြင်သို့ ထွက်လာကြသည်။ နဝမပင်လယ်မှာလည်း တဝုန်းဝုန်း အော်မြည်နေပြီး မရေမတွက်နိုင်သောလူများကား ကောင်းကင်ကို မော့ကြည့်နေကြတော့သည်။
သူတို့သည် ရှေးဟောင်းနယ်ပယ်၏ ကြက်သွေးရောင်တံခါးကြီးကို မြင်ရပြီး သူတို့ကို တုန်ရီသွားစေသည့် စိတ်ဆန္ဒတစ်ခုကို ခံစားနေကြရ၏။ ၎င်းသည် မိုးနှင့်မြေကို ကိုယ်စားပြုနေသည့် စိတ်ဆန္ဒအလား၊ တာအိုနယ်ပယ်ပညာရှင်များကိုပင် အံ့ဩလေးစားသွားစေနိုင်သော စိတ်ဆန္ဒအလားပင်။
ကြက်သွေးရောင်အလင်းထဲ၌ ပျံဝဲနေစဉ် မန်ဟို့ခန္ဓာကိုယ်သည် လျင်မြန် ကုစားခြင်း ခံနေရ၏။ သူက ရှေးဟောင်းနယ်ပယ်တံခါး၏အရှေ့တည့််တည့်သို့ ရောက်သည့်တိုင်အောင် ပျံတက်သွားသည်။
တံခါးအရှေ့ ရောက်သွားသောအခိုက်အတန့်တွင် မန်ဟိုသည် အင်အားအထွတ်အထိပ်သို့ ပြန်ရောက်သွားခဲ့လေပြီ။
သူသည် သူ့အပြင်အားကိုယ် မယုံနိုင်လောက်အောင် သန်မာလာနေသည်ကိုလည်း ခံစားနေရ၏။ ဂျွတ် ဂျွတ် ဂျွတ်.... သူ့အရပ်အမောင်းမှာ လျင်မြန်စွာနှင့် ကိုးမီတာအမြင့်ရောက်သွားသည်။
သူကား ဘီလူးကြီးတစ်ကောင်သဖွယ် ဖြစ်နေပြီး ရှေးဟောင်းနယ်ပယ်တံခါးနှင့်ယှဉ်လျှင်တော့ သေးငယ်နေသော်လည်း သူ၏တဟုန်းဟုန်းတောက်နေသော တန်ခိုးစွမ်းအားများက မိုးနှင့်မြေကို တုန်လှုပ်သွားစေနိုင်သည်။
သူသည် အင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်သွားခဲ့သည်ကို များစွာမြင်တွေ့ခဲ့ဖူးသူများ၏ အာရုံစိုက်ခြင်းခံနေရ၏။ သို့သော် ထိုလူများမှာ အပြင်အားကိုယ်နှင့်ပတ်သက်သည့် ဤကဲ့သို့ဖြစ်ရပ်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။
မန်ဟိုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူသည် သူ့ကျင့်ကြံခြင်းအခြေခံအား ချိတ်ပိတ်ခံထားရသည့်အတွက် သူ့အပြင်အားကိုယ်ခွန်အားကိုသာ အားကိုးနိုင်ကြောင်း ခံစားလိုက်ရ၏။ ဖြစ်ပေါ်လာတော့မည့် မိုးနှင့်မြေ၏ ကြောက်ခမန်းလိလိ အပြောင်းအလဲများမှာ လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံ ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်သွားသောအချိန်ကဲ့သို့ ပြင်းထန်မည်မဟုတ်သော်လည်း ရှေးဟောင်းပြစ်ဒဏ်အဖြစ် သတ်မှတ်၍ရသေးသည်။
မန်ဟိုက ရှေးဟောင်းနယ်ပယ်တံခါးဆီ ဝုန်းခနဲ ပျံတက်သွားပြီး မာန်သွင်းဟိန်းဟောက်ရင်း သူ့လက်နှစ်ဖက်လုံးအား လက်သီးဆုပ်မည့်အစား လက်ဝါးဖြန့်၍ တံခါးကို တွန်းလိုက်စေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို မလှည့်ပတ်ဘဲ သူ့အပြင်အားကိုယ်ကိုသာ အားထားနေ၏။
ဒုန်းးးးးးးးး
ရှေးဟောင်းနယ်ပယ်တံခါးမှာ သိမ့်ခနဲ တုန်သွားပြီး ခပ်ဟဟလေး ပွင့်သွားသည်။ အဟကြားမှ ထွက်လာသော လေတစ်ချက်က သူ့အသက်မီးတောက်ကို အားနည်းသွားအောင် ချက်ချင်း တိုက်ခတ်သွားသည်။
“ဒါက ငါ့အပြင်အားကိုယ်ရှေးဟောင်းနယ်ပယ်ပြစ်ဒဏ် ဖြစ်တာမလို့ မှော်အတတ်တွေကို မသုံးရဘူး။ ဒါပေမဲ့ ငါ့လျှို့ဝှက်ပညာရပ်တွေကိုတော့ သုံးလို့ရသေးတယ်” သူ့အသံ ပဲ့တင်ထပ်သွားစဉ် သူ့အင်မော်တယ်အကြော ၁၂၃ ကြောသည် ချိတ်ပိတ်ခံထားရသည့်တိုင် ထိုကိုယ်ပိုင်လျှို့ဝှက်ပညာရပ်ကိုတော့ အသုံးပြုခွင့်ပေးထား၏။ သူ့အင်မော်တယ်အကြော ၁၂၃ ကြောအား တစ်ခုတည်းသော အပြင်အားကိုယ်အကြောအဖြစ် ပြောင်းလဲ၍ရသေးလေသည်။
ရုတ်တရက် သူ့အပြင်အားကိုယ်မှာ ပို၍ပင်ကြီးထွားလာပြီး ကြီးမားသောစွမ်းအားတစ်ရပ်က သူ့ကိုယ်ထဲမှ ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ဝါးနှစ်ဖက်လုံးက ရှေးဟောင်းနယ်ပယ်တံခါးကို တွန်းလိုက်သည်။ သူက မာန်သွင်းဟိန်းဟောက်ရင်း အားကုန်ထည့်လိုက်တော့သည်။
ဒုန်းးးးးးးးးးးးး
လူတိုင်း ကြည့်နေစဉ် ရှေးဟောင်းနယ်ပယ်၏ ဧရာမတံခါးကြီးကား .... ပွင့်သွားခဲ့လေပြီ။
***