← Chapters

ဝိညာဉ်မီးအိမ်များကို ဆင့်ခေါ်ရင်း ရှေးဟောင်းနယ်ပယ်ထဲ ဝင်ရောက်ခြင်း

Vol. 78 Ch. 1081

ဝိညာဉ်မီးအိမ်များကို ဆင့်ခေါ်ရင်း ရှေးဟောင်းနယ်ပယ်ထဲ ဝင်ရောက်ခြင်း

Vol. 78 Ch. 1081

ရှေးဟောင်းနယ်ပယ် ကြက်သွေးရောင်တံခါးကြီးက ဝုန်းခနဲ ပွင့်သွားသည်။ ထို့နောက် လေတစ်ချက်က မန်ဟို့ကို တိုးဝှေ့တိုက်ခတ်ရင်း သူ၏ အသက်စွမ်းအားနှင့် သူ၏ဝိညာဉ်အား ငြိမ်းသေတော့မည့်ဆဲဆဲ ဖြစ်သွားစေသည်။

ထိုကဲ့သို့ အန္တရာယ်၏ ရှေ့မှောက်တွင် မန်ဟိုက အက်ကွဲကွဲ အော်ဟစ်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူ၏ နှလုံးခုန်နှုန်းက မြန်လာပြီး အံ့မခန်းလိလိ အပြင်အားကိုယ်ခွန်အားသည် နယ်ပယ်လေကို ပြန်တိုက်ခိုက်‌လိုက်သော ချီလှိုင်းအသွင် ပြောင်းသွား၏။

ပင်လယ်ရေပြင်ထက်တွင် ပျံဝဲနေသော ကိုးပင်လယ်နတ်လောက၏ ကျင့်ကြံသူများမှာ ဤသို့ ဖြစ်ပျက်နေသည်ကို စောင့်ကြည့်နေကြလေသည်။

လေ ဖြတ်သန်းသွားပြီးနောက်တွင် အံ့ဩဖွယ်ကောင်းစွာနှင့် ရှေးဟောင်းနယ်ပယ် ကြက်သွေးရောင်တံခါးကြီးအတွင်း၌ တခြားတစ်ခု ပေါ်လာသည်။ ယင်းက ... ခေါင်းလောင်းတစ်လုံး။

"ရှေးဟောင်းနယ်ပယ်ခေါင်းလောင်း"

"ရှေးဟောင်းနယ်ပယ်ခေါင်းလောင်း ပေါ်လာပြီ။ အဲ့ဒီ့ခေါင်းလောင်းပေါ်လာရင် ဝိညာဉ်မီးအိမ်တွေကို မီးထွန်းလို့ရတယ်။ ခေါင်းလောင်းကို တီးနိုင်တဲ့ အကြိမ်အရေအတွက်က မီးထွန်းနိုင်တဲ့ ဝိညာဉ်မီးအိမ်အရေအတွက်ပဲ"

“ပုံမှန်အတိုင်းဆိုရင်တော့ ရှိထားတဲ့ အင်မော်တယ်အကြော ၅ ကြောတိုင်းအတွက် ဝိညာဉ်မီးအိမ်တစ်လုံးစီ ဖော်ဆောင်နိုင်တယ်"

"ဒီမန်ဟိုကတော့ ... အင်မော်တယ် ၁၂၃ ကြော ပိုင်ဆိုင်ထားတာ။ ဆိုတော့ သူက ဝိညာဉ်မီးအိမ်အလုံး ၂၀ ကျော် မီးထွန်းနိုင်မှာလား"

"ဝိညာဉ်မီးအိမ်များများ ပိုင်ဆိုင်ထားလေလေ ရှေးဟောင်းနယ်ပယ်က ခက်ခဲလေလေပဲ။ တစ်ဖက်က ကြည့်ရင်လည်း အများမှအများကြီး အစွမ်းထက်နေမှာ"

အံ့ဩတုန်လှုပ်နေသော အော်သံများ ဟိန်းထွက်နေစဉ် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ သူသည် သူ၏ ကျင့်ကြံခြင်းအခြေခံမဟုတ်ဘဲ အပြင်အားကိုယ်ဖြင့် ရှေးဟောင်းနယ်ပယ်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သူ့မှာ ‌ဝိညာဥ်မီးအိမ်များ ဖော်ဆောင်နိုင်မည်လား မသေချာပေ။

ထိုမျှသာမက မန်ဟို့တွင် ဥပမာအဖြစ် ကြည့်ရန် တစ်ယောက်မှမရှိပေ။ သူ၏ အပြင်အားကိုယ်က ကိုယ်ကာယကျင့်ကြံသူတစ်ယောက်နှင့် ဆင်တူသယောင်ထင်ရသော်လည်း တကယ်တော့ ကိုယ်ကာယကျင့်ကြံသူများနှင့် ကွဲပြားခြားနား၏။ ကိုယ်ကာယကျင့်ကြံသူများသည် နောက်နယ်ပယ်သို့ ခုန်တက်ဖို့ရန် နတ်ဘုရားတစ်ပါး၏သွေးဖြင့် သန့်စင်ရန် လိုအပ်သည်။ ထိုမျှသာမက သူတို့ကျင့်စဉ်အ‌မျိုးအစားက အင်မော်တယ်အဆင့်နှင့် ရှေးဟောင်းအဆင့်ဟူ၍ ခွဲခြားမထားပေ။

မန်ဟိုသည် စံသတ်မှတ်ချက်များနှင့် မတူညီသော လမ်းကို လျှောက်နေခြင်းဖြစ်သည်။ သူ့လမ်းက ကိုယ်ကာယကျင့်ကြံသူများ၏ ရှေးဟောင်းလမ်းမဟုတ်ဘဲ မတူညီသော ကျင့်စဉ်အမျိုးအစားများကို ပေါင်းစည်းထားသည့် လမ်းတစ်လမ်းဖြစ်သည်။ သူက သူ့လမ်းစဉ်သူ လျှောက်နေခြင်းဖြစ်၏။

"ငါ ဝိညာဉ်မီးအိမ်တွေ ရနိုင်မလား၊ မရနိုင်ဘူးလား ကြည့်ရတာပေါ့" မန်ဟိုက အသက်ပြင်းပြင်းရှုသွင်း၍ ‌ထပ်မံတုံ့ဆိုင်းမနေတော့ဘဲ ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ်ထဲသို့ လျှောက်လှမ်းလိုက်သည်။ ထို့နောက် သူ့အရှေ့ရှိ ရှေးဟောင်းနယ်ပယ် ဧရာမခေါင်းလောင်းကြီးကို ကြည့်၍ ညာလက်ကို လက်သီးဆုပ်ကာ ထိုးချလိုက်သည်။

ခေါင်းလောင်းသံက ဒေါင်ခနဲ ပဲ့တင်ထပ်သွားပြီး လှိုင်းများက န၀မပင်လယ်တစ်လျှောက် မြောက်တက်လာသည်။ အရာအားလုံး ဝေဝါးသွားပြီး ကမ္ဘာလောကတစ်ခုလုံ ပုံပျက်ရှုံ့တွသွား၏။ ကျင့်ကြံသူအားလုံးမှာ သူတို့၏ စိတ်များ ချာချာလည်သွားသည်ကို ခံစားလိုက်ရလေသည်။

မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပိန်ချုံးခြောက်ကပ်လာသော လက္ခဏာများပြလာသည်။ သူ၏ အသက်စွမ်းအားနှင့် သူ၏ ချီသွေးတို့မှာလည်း ယခုတွင် ရှေးဟောင်းနယ်ပယ်၏ ခေါင်းလောင်းမှမဟုတ်ဘဲ သူ့ရင်ဘတ်တွင် ပေါ်လာခဲ့သော တွင်းနက်ကြီးသဖွယ် ဝဲကြီး၏ စုပ်ယူခြင်းခံနေရခြင်းဖြစ်သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှုသွင်း၍ မျက်လုံးများ ပိတ်လိုက်သည်။ တခဏ‌ကြာသော် ‌အံ့ဩတုန်လှုပ်ဖွယ်ပုံရိပ်တစ်ခုက သူ့ရင်ဘတ်ထဲတွင် ပေါ်လာသည်။

၎င်းက ဝိညာဉ်မီးအိမ်တစ်လုံး၏ပုံရိပ် ဖြစ်သည်။ ၎င်းသည် မန်ဟို့နှလုံးသား၏ တည်နေရာတွင် တင်ပျဉ်ခွေထိုင်လျက်ရှိသော လူသေးသေးလေးနှင့် တူ၏။

"ဆိုတော့ ဝိညာဉ်မီးအိမ်တွေက တကယ်ပဲ ပေါ်လာတာပဲ"

"အပြင်အားကိုယ်ရှေးဟောင်းနယ်ပယ်အဆင့်ကို ၀င်ရောက်တာကလည်း ဝိညာဉ်တွေကို ဖော်ဆောင်ပေးနိုင်တာပဲ။ ဒီမန်ဟိုက မိုးကောင်းကင်ရဲ့ သတ်မှတ်ချက်တွေနဲ့ သွေဖီနေတယ်" စောင့်ကြည့်နေသူများမှာ အံ့ဩပြီးရင်း အံ့ဩသွားတော့သည်။

အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်မီးအိမ်ဖြစ်သည့် လူသေးသေးလေးမှာ တကယ်တမ်း မီးလောင်ကျွမ်းနေခြင်းမဟုတ်ဘဲ မီးငြိမ်းနေပြီးသားဖြစ်ကြောင်း သူတို့အားလုံး သဘောပေါက်လိုက်၍ပင်။

လူတိုင်းမှာ ကြက်သေသေသွားကြသည်။ ပုံမှန်အားဖြင့် ရှေးဟောင်းနယ်ပယ်ခေါင်းလောင်းကို တီးခြင်းက မီးလင်းနေသော ဝိညာဉ်မီးအိမ်များကို ပေါ်လာစေမည်။ ထို့နောက်တွင် ထိုမီးအိမ်များကို တစ်လုံးပြီးတစ်လုံး ငြှိမ်း၍ ကျင့်ကြံသူမှာ အစွမ်းထက်လာမည်ဖြစ်သည်။

သို့သော် မန်ဟို့မီးအိမ်က ငြိမ်းသေပြီးဖြစ်နေ၏။ သူက အခြားလူများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူ့အပြင်အားကိုယ်ဝိညာဉ်မီးအိမ်များက မီးငြှိမ်းဖို့မလိုဘဲ မီးထွန်းရန် လိုအပ်နေသည်။

နတ်ဆရာသခင်၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူ့တစ်ကိုယ်လုံး မသိမသာ တုန်ရီသွားသည်။ သူက အသံအက်အက်ကြီးဖြင့် ပြောလိုက်၏။ "ဆန့်ကျင်ရှေးဟောင်း"

"အဲ့ဒါက ဆန့်ကျင်ရှေးဟောင်းပဲ" မယုံနိုင်ဖြစ်နေသော အမူအရာတစ်ခုက ဘွားဘွားကိုး၏ မျက်နှာတွင် ပေါ်လာသည်။ လင်းယွင်ကျစ်မှာ ပါးစပ်းအဟောင်းသားဖြစ်သွားပြီး အံ့အားသင့်သွားဟန်တူ၏။ မိစ္ဆာခေါင်းဆောင်ကြီးနှစ်ယောက်မှာတော့ မိုးကြိုးပစ်ချခံခဲ့ရသည့်အလားပင်။ သူတို့သည် မန်ဟို့ကို တအံ့တဩ စိုက်ကြည့်ရင်း တုန်ရီနေကြတော့သည်။

ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ် ဝိညာဉ်မီးအိမ်များ ပေါ်လာသောအခါ ၎င်းသည် အင်မတန်မှ ထူးခြားဆန်းပြား၏။ သို့သော မီးငြိမ်းနေပြီးသော ‌အခြေအနေဖြင့် ဝိညာဉ်မီးအိမ်များပေါ်လာခြင်းက တာအိုနယ်ပယ်ခေါင်းဆောင်ကြီးများကို ရှေးဟောင်းနယ်ပယ်အတွင်းရှိ ဒဏ္ဍာရီလာ‌ ကြောက်ခမန်းလိလိ အဆင့်တစ်ဆင့်အား ရုတ်တရက် မှတ်မိသွားစေသည်။

ထိုအဆင့်ကား ဆန့်ကျင်ရှေးဟောင်းနယ်ပယ်ဖြစ်သည်။

ဒဏ္ဍာရီများအရ ပါရာဂွန်အင်မော်တယ်လောက အောင်မြင်ကျော်ကြားခဲ့စဉ်က စံသတ်မှတ်ချက်များနှင့် ဆန့်ကျင်သွေဖီနေသော ရှေးဟောင်းနယ်ပယ်နှင့် လူတစ်ယောက် တစ်ခါ ပေါ်လာခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်က ဝိညာဉ်မီးအိမ်များကို မီးငြှိမ်းရမည့်အလား မီးထွန်းပေးရသည်။

ထိုပုဂ္ဂိုလ်၏ဘဝအကြောင်း အသေးစိတ်ကိုမူ လျှို့ဝှက်ချက်များဖြင့် ဖုံးကွယ်နစ်မြှုပ်ထားခဲ့၍ နောင်လာနောက်သားမျိုးဆက်များမှာ သူ့အကြောင်း အနည်းအကျဉ်းသာ သိခဲ့ရသည်။ အားလုံးသိကြသည့်အရာကတော့ သူ့လမ်းစဉ်အတိုင်းလိုက်ရန် တားမြစ်ထားသည်ကိုသာ။ ထိုခေတ်က ပါရာဂွန်များသည် သူနှင့်ပတ်သက်သမျှ အချက်အလက်အားလုံးကို တမင်တကာ ဖယ်ရှားခဲ့ကြ၏။ နောက်ပိုင်း ပါရာဂွန်အင်မော်တယ်လောက ဖျက်စီးခံရပြီးနောက်တွင် ‘ဆန့်ကျင်ရှေးဟောင်း’ ဆိုသောစကားလုံးအား တာအိုဆရာအစည်းအရုံးသုံးခုသာ သိထားကြတော့၏။ ထိုဂိုဏ်းများ၏အပြင်က လူတစ်ယောက်မှ ထိုအကြောင်း ကြားပင်မကြားဖူးကြပေ။

တာအိုနယ်ပယ်ပညာရှင်များ တုန်လှုပ်နေသောအခိုက်အတန့်တွင် မန်ဟိုသည် အသက်ပြင်းပြင်းရှူ၍ မျက်လုံးများ ဖွင့်ကာ ရှေးဟောင်းနယ်ပယ်ခေါင်းလောင်းအား ထပ်မံထိုးလိုက်သည်။

ထိုလက်သီးချက်က ခေါင်းလောင်းကို ဒေါင်ခနဲ မြည်သွားစေပြီး မန်ဟို့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်လာသည်။ သူ့မှာ အတန်ငယ်ပို၍ ပိန်ချုံးသွားပြီး အားနည်းမှုက သူ့အား တုန်ယင်လာစေတော့သည်။

နောက်ထပ်ဝိညာဉ်မီးအိမ်တစ်လုံးက ပေါ်လာသည်။ ဤတစ်ခေါက်တွင် ၎င်းသည် သူ၏ချီ၊ သွေးနှင့် အသက်စွမ်းအားများကို စုပ်ယူနေရင်း သူ၏ဝမ်းဗိုက်နေရာ၌ ဖြစ်၏။

“အပြင်အားကိုယ်ဝိညာဉ်မီးအိမ်တွေက အင်မတန် အစွမ်းထက်တာပဲ...” သူက တွေးလိုက်သည်။ သူသည် ဆေးလုံးတစ်လုံးကို အလျင်အမြန်စားပြီးနောက် ထိုဆေးလုံးတွင် အာနိသင်မရှိတော့ကြောင့် သတိထားမိလိုက်သဖြင့် မျက်မှောင်ကြုတ်သွားသည်။ ၎င်းမှာ သူ့ကို အားဖြည့်မပေးနိုင်တော့ပေ။ ထိုမျှသာမက သူ့ထာဝရအလွှာသည်လည်း ချိတ်ပိတ်ခံထားရ၍ သူ့အား ကုစားပေးဖို့ မလှုပ်ရှားနိုင်ဖြစ်နေသည်။

သူ့မျက်လုံးများ တောက်ပသွားပြီး သူက ခန္ဓာကိုယ်ပိန်ချုံးခြောက်ကပ်နေသည်ကို လျစ်လျူရှုရင်း တတိယအကြိမ်ထိုးလိုက်သည်။ ထို့နောက် စတုတ္ထအကြိမ်။

သူ့ခန္ဓာကိုယ်သည် အရိုးပေါ်အရေတင်သည့်တိုင်အောင် ခြောက်ကပ်သွား၏။ သို့သော် သူ့ပခုံးတစ်ဖက်စီတွင် တစ်လုံးစီ၊ ဝိညာဉ်နှစ်လုံး ထပ်ပေါ်လာသည်။

မန်ဟိုမှာ အတန်ငယ်မူးဝေသွားသည်။ အားနည်းမှု၏ ပြင်းအားက ထိပ်ဆုံးသို့ ရောက်လာခဲ့သယောင်ပင်။ သို့သော် သူ့တွင် ဝိညာဉ်မီးအိမ်လေးလုံးတည်းနှင့်ရပ်ရန် စိတ်ကူးမရှိ။ သူက အံတင်းတင်းကြိတ်၍ ဟိန်းဟောက်ရင်း ခေါင်းလောင်းအား နောက်ထပ်သုံးကြိမ် ထိုးလိုက်ပြန်သည်။ တစ်ချက်ထိုးတိုင်း သူ့မှာ ပို၍ပင် ခြောက်ကပ်သွားရသည်။

ချက်ချင်းပင် ဝိညာဉ်မီးအိမ်နှစ်လုံးက သူ့ဒူးနှစ်ဖက်တွင် ပေါ်လာပြီး တစ်လုံးကတော့ သူ့နဖူးထဲတွင် ဖြစ်သည်။ ယခုတွင် သူကား လူရုပ်ပင်မပေါက်တော့ဘဲ အရိုးခြောက်ကြီးနှင့် တူနေချေပြီ။ သူ့အသက်စွမ်းအားမှာ မီးငြိမ်းတော့မည့် ဖယောင်းတိုင်ပမာ မှေးမှိန်အားနည်းနေသည်။

ဤသည်မှာ သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော အားနည်းမှုမျိုးဖြစ်၍ သူ့အား အိပ်ရာပေါ်တွင် လဲနေသော သေခါနီးအဘိုးကြီးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရစေတော့သည်။ သူ့အသက်စွမ်းအားအကုန်လုံးအား ဝိညာဉ်မီးအိမ်အသစ်များထံသို့ လွှဲပြောင်းပေးခဲ့ရသည်မဟုတ်ပါလော။

နှလုံး၊ ဝမ်းဗိုက်၊ ပခုံးနှစ်ဖက်၊ ဒူးနှစ်ဖက်၊ နဖူး ... စုစုပေါင်း ဝိညာဉ်မီးအိမ်ခုနစ်လုံး။

ဤအချိန်တွင် ရှေးဟောင်းနယ်ပယ်ခေါင်းလောင်း၏စိတ်ဆန္ဒသည် မန်ဟို နောက်ဆုံးတတ်နိုင်သည့်အတိုင်းအတာကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် တစတစ မှေးမှိန်ပျောက်ကွယ်လာတော့သည်။

“ငါ အခုထိ မပြီးသေးဘူး” ခေါင်းလောင်း ပျောက်ကွယ်စပြုလာသည်ကို မြင်လျှင် သူက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ လက်နှစ်ဖက်လုံးက လက်သီးဆုပ်၍ ရှေးဟောင်းနယ်ပယ်ခေါင်းလောင်းထံ ပျံသန်းသွားလေသည်။ သူ့တစ်ကိုယ်လုံးမှာ ပျက်စီးကြေမွတော့မတတ် ဖြစ်လာသည်။ သို့ထိတိုင် .... ဝိညာဉ်မီးအိမ်နှစ်လုံးက သူ့မျက်လုံးထဲတွင် ဖြတ်ခနဲ ပေါ်လာခဲ့သည်။

ဝိညာဉ်မီးအိမ်ကိုးလုံး။

သူ၏ဝိညာဉ်မီးအိမ်များသည် အခြားသူများ၏ ဝိညာဉ်မီးအိမ်များနှင့် မတူသလို၊ ကွဲပင် ကွဲပြားသည်။ အခြားသူများ၏ ဝိညာဉ်မီးအိမ်များက မီးအိမ်သဏ္ဌာန် ရှိသော်ငြား မန်ဟို့ ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ် ဝိညာဉ်မီးအိမ်များမှာမူ လူနှင့်တူနေသည်။

လူသေးသေးလေးများက အလွန်တည်ကြည်လေးနက်သောအမူအရာများဖြင့် တင်ပျဉ်ခွေထိုင်နေကြလေသည်။ သူတို့သည် ဒေါသထွက်နေပုံမရဘဲနှင့် ရှိန်စရာကောင်းနေပြီး အနီးကပ်ကြည့်လျှင်တော့ မန်ဟိုနှင့်ချွတ်စွပ်တူကြောင်း မြင်ရလိမ့်မည်။

ဝိညာဉ်မီးအိမ်ကိုးလုံးက သူ့ခန္ဓာကိုယ်အနှံ့အပြားတွင် ပျံ့နှံနေသည်။ ၎င်းတို့သည် သူ့ကို လှည့်ပတ်မနေဘဲ .... သူ့ကိုယ်တွင်း၌ တည်ရှိနေကြ၏။

ဤသည်ကား ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်ပင်။

နောက်ဆုံးမီးအိမ်များ ပေါ်လာခဲ့သော အခိုက်အတန့်မှာပင် ရှေးဟောင်းနယ်ပယ်ခေါင်းလောင်းက မှေးမှိန်ပျောက်ကွယ်သွားပြီး ခပ်ပြင်းပြင်းလေကြမ်းတစ်ချပ်က တံခါးကြီးအတွင်းမှ ဝုန်းဒိုင်းကြဲ တိုက်ခတ်လာသည်။ ၎င်း မန်ဟို့ကို ထိသောအခါ မန်ဟို့တစ်ကိုယ်လုံး တုန်ရီသွားပြီး ချီနှင့်သွေးစွမ်းအားအမြောက်အမြားက သူ့ကိုယ်ထဲ စီးဆင်းဝင်ရောက်လာတော့သည်။

သူ့ခန္ဓာကိုယ်သည် မိုးခေါင်ရေရှားပြီးနောက် ပက်ကြားအက်နေသော လယ်ကွင်းအပေါ်သို့ မိုးများ တဝုန်းဝုန်း ရွာကျလာသကဲ့သို့ အားပြည့်သွားလေ၏။ ချီသွေးစွမ်းအားက အကန့်အသတ်မရှိသောအားအင်များကို သယ်ဆောင်ရင်း သူ့ကိုယ်တွင်း၌ မယုံကြည်နိုင်ဖွယ်အသက်စွမ်းအားအသွင် ပြောင်းသွားသည်။ ၎င်းသည် သူ့အသွေးအသားများကို စိုပြေစေ၍ သူ့အရိုးများကို ခိုင်မာလာစေကာ သူ့အပြင်အားကိုယ်ကို အားပြည့်သွားစေ၏။ ၎င်းက သူ့ချီနှင့်သွေးများကို ကြောက်ခမန်းလိလိ တဟုန်ထိုး ကြီးထွားလာစေသည်။

သူသည် ရင်သပ်ရှုမောဖွယ်ရာပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သိသိသာသာ ခံစားလိုက်ရ၏။ တဂျွတ်ဂျွတ်မြည်သံများ ထွက်လာပြီး သူကား အရေခွံလဲနေသည့်အလားပင်။ သူ့အပြင်အားကိုယ်ခွန်အားသည် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ကို ချိုးဖျက်၍ ရှေးဟောင်းနယ်ပယ်သို့ အောင်အောင်မြင်မြင် ဝင်ရောက်သွားခဲ့လေပြီ။

ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်၏ ပေါ်ပေါက်လာမှုက မိုးနှင့်မြေတစ်ခွင်ကို သိမ့်သိမ့်တုန်သွားစေသည်။ နဝမပင်လယ်ကြီးလည်း လှိုင်းထန်နေပြီး မန်ဟိုသည် သူ့ကိုယ်ထဲရှိ ဝိညာဉ်မီးအိမ်ကိုးလုံးက တဝေါဝေါ တိုက်နေသော နယ်ပယ်လေအကုန်လုံးအား အသည်းအသန်စုပ်ယူနေကြောင်း အာရုံရလိုက်၏။ ၎င်းတို့ကား .... ၎င်းတို့ဘာသာ မီးထွန်းညှိရန် ထိုစွမ်းအားကို အသုံးချနေသယောင်ပင်။

မန်ဟိုသည် ဝိညာဉ်မီးအိမ်တစ်လုံး မီးလင်းတိုင်း သူ့အပြင်အားကိုယ်မှာ ပို၍ပင်သန်မာလာမည်ဖြစ်ကြောင်း ပြောနိုင်သွား၏။

လေများ တဝေါဝေါ တိုက်နေသည်နှင့်အမျှ သူ၏ဝိညာဉ်မီးအိမ်များက မီးလင်းတော့မည့်လက္ခဏာများ စပြုလာသည်။ သို့သော် အဆုံးသတ်တွင် လေက မလုံလောက်ပေ။ သူ့မျက်လုံးနှစ်လုံးထဲရှိ ဝိညာဉ်မီးအိမ်နှစ်လုံးသာလျှင် အသက်ဝင်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် မန်ဟိုမှာ သူ့စိတ်ထဲ၌ မိုးကြိုးပေါင်းတစ်သန်း ဂျလိန်းဂျလိန်း ထစ်ချုန်းနေကဲ့သို့ ခံစားလိုက်ရသည်။ ထို့အပြင် သူ့အပြင်အားကိုယ်ခွန်အားက ကြောက်မခန်းလိလိ မြင့်တက်လာလေသည်။ သူ့ပတ်ပတ်လည်ရှိ လေထုမှာ ပုံပျက်ရှုံတွလာပြီး သူ လက်သီးဆုပ်လိုက်သည့်အခါ လေထုသည် ကြေကွဲသွားတော့၏။

အဆိုပါစွမ်းအားက သူ့ကို မီးငြိမ်းဝိညာဉ်မီးအိမ်ပေါင်းများစွာနှင့် ရှေးဟောင်းနယ်ပယ်ပညာရှင်များအား အလွယ်တကူ သတ်ပစ်နိုင်သည့် ယုံကြည်ချက်မျိုး ပေးစွမ်းနေသည်... လက်သီးလေးတစ်ချက်တည်းနှင့် တစ်လောကလုံးအား သိမ့်သိမ့်ခါ တုန်လှုပ်သွားစေနိုင်မည့်အလားပင်။ မန်ဟိုကား အမှန်တကယ် ... များစွာ အစွမ်းထက်လာခဲ့လေပြီ။

သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများသည် စူးရှတောက်ပလာတော့၏။ သူ့အနောက်ရှိ ရှေးဟောင်းနယ်ပယ်တံခါးတော်မြတ်မှာ ဖြေးဖြေးချင်း မှေးမှိန်ပျောက်ကွယ်လာသည်။ ၎င်း ပျောက်ကွယ်သွားလျှင်ချင်း နဝမပင်လယ်လည်း ပကတိအတိုင်း ငြိမ်သက်သွားတော့သည်။

ဆန့်ကျင်ဘက်တွင်တော့ ပင်လယ်ရေပြင်ထက်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏နှလုံးသားများမှာတော့ ဗြောင်းဆန်နေသည်။ ယခုလေးတင် မျက်မြင်တွေ့ခဲ့ရသော မြင်ကွင်းက သူတို့မြင်ခဲ့ဖူးသမျှထဲ အမြန်ဆုံးဖြစ်သည့်အပြင် ရင်သပ်ရှုမောဖွယ်အကောင်းဆုံးလည်း ဖြစ်သည်။

ထိုရင်သပ်ရှုမောအံ့ဩမှုကား အဆုံးသတ်မည်မဟုတ်သလို၊ မေ့ပျောက်တော့မည်လည်း မဟုတ်ပေ။ ယနေ့သည် မန်ဟို ကိုးပင်လယ်နတ်လောကအတွင်း၌ အမှန်တကယ် ထင်ပေါ်ကျော်ကြားလာသောနေ့၊ လာမည့်နှစ်ပေါင်းများစွာတိုင်အောင် အမြဲအမှတ်ရခြင်းခံနေရမည့်နေ့ ဟု ဆိုနိုင်သည်။

မန်ဟိုက ပင်လယ်ထဲ ပြန်ထိုးဆင်းသွားသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။ သူသည် ကိုးပင်လယ်နတ်လောကသို့ ပြန်ဆင်းသွားပြီးနောက် ပထမရွှေဂိတ်ကျောက်တိုင်ထဲ ဝင်၍ ဂိုဏ်းအောက်က ပင်လယ်နက်ထဲတွင် ပြန်ပေါ်လာသည်။

ကြီးမားသောလှိုင်းလုံးကြီးက ပင်လယ်မျက်နှာပြင်ထက်တွင် အလိပ်လိပ် ထနေပြီး ရေနက်ပိုင်းထဲ၌ ဝဲတစ်ဝဲ ပေါ်လာသည်။ သို့သော် စောစောက မန်ဟို့ကို ပြိုကွဲလုနီးပါးဖြစ်အောင် ဖိစီးနေခဲ့သော နေရာများမှာ ယခုတော့ ဘာမဆိုဘာမှ မသက်ရောက်နိုင်တော့ပေ။

မီတာ ၃၀၀၀၀၊ မီတာ ၆၀၀၀၀၊ မီတာ ၉၀၀၀၀၊ မီတာ ၁၂၀၀၀၀ ...

မန်ဟိုသည် ခွန်အားတို့အား ထုတ်ဖော်လျက် အောက်သို့ ရူးရူးမိုက်မိုက် ထိုးဆင်းနေသည်။ တစ်ချိန်တည်းမှာပင် သူ့နာမည်က ပထမရွှေဂိတ်ကျောက်တိုင်အပေါ်ရှိ အဆင့်စာရင်းထဲတွင် အပေါ်တက်လာသည်။ သူကား အဆင့် ၅ တွင် ဖြစ်ခဲ့သော်လည်း ပထမနေရာနာမည်ဘေးတွင် မီတာ ၉၉၀၀၀ အနက်ဟုသာ ရေးထားလေသည်။

မန်ဟိုသည် ကုန်ဆုံးချိန်မှတစ်ပါး အခြားသူများထက် အဆများစွာ သာနေခဲ့ပြီဖြစ်၏။ သို့သော် .... အနက်တိုင်းတွင် အချိန်ကုန်ဆုံးရန် မလိုပေ။ မီတာ ၁၈၀၀၀၀ အနက်အထိ ငုပ်လျှိုးနိုင်သော မည်သူမဆို နာမည်အားလုံး၏စံချိန်ကို အလိုအလျောက်ချိုး၍ ပထမနေရာရသွားမှာ ဖြစ်သည်။

မန်ဟို ဆက်လက်ငုပ်လျှိုးနေသည်နှင့်အမျှ ထစ်ချုန်းသံများ သူ့ကိုယ်ထဲတွင် ပြည့်နှက်လာသည်။ မီတာ ၁၅၀၀၀၀ .... ၁၈၀၀၀၀။ ၂၁၀၀၀၀ ။ ၂၄၀၀၀၀... နောက်ဆုံးတော့ သူကား မီတာ ၂၆၁၄၂၉ သို့ ရောက်ရှိသွားခဲ့ပြီး ပင်လယ်ကြမ်းပြင်ကို မြင်လိုက်ရရာ အင်မတန် တုန်လှုပ်သွားတော့သည်။

အပြင်ရှိ ပထမရွှေဂိတ်ကျောက်တိုင်အပေါ်တွင်တော့ မန်ဟို့နာမည်သည်.... ပထမနေရာသို့ ရောက်သွားသဖြင့် ရွှေအလင်းရောင်က တစ်ခါမှ မတောက်ခဲ့ဖူးသောပြင်းအားဖြင့် တောက်ပလာသည်။

သူ ရောက်ခဲ့သော အနက်ကို ကိုယ်စားပြုသည် သူ့နာမည်ဘေးရှိ ဂဏန်းကို မြင်လျှင် လူတိုင်း ဆွံ့အမှင်သက်သွားကြတော့သည်။

***

All Chapters