တတိယလက်သီးချက်
Vol. 78 Ch. 1082
“ပထမရွှေဂိတ်ကျောက်တိုင် .... ပထမနေရာ ...”
“နောက်ဆုံးအမှတ်က မီတာ ၂၆၀၀၀၀ ကျော်မှာလို့ ငါ ကြားခဲ့ဖူးပေမယ့် ... သူက တကယ်ကြီး ပင်လယ်ကြမ်းပြင်ကို ရောက်သွားတာပဲ။ အဲဒီနေရာက အစစ်အမှန်စွမ်းအားကြီးမားတဲ့ ပညာရှင်တွေပဲ မြင်နိုင်တဲ့နေရာတစ်နေရာလေ... “ အံ့ဩခြင်းများဖြင့် တီးတိုးရေရွတ်နေသံများအား လူအုပ်ကြီးထဲတွင် ကြားနိုင်သည်။ ဖန်းတုံးအာမှာ ကြက်သေသေနေပြီး ပေ့ယွီမှာတော့ ဟောဟဲလှိုက်ကာ အသက်ရှူနေရသည်။
မီတာ ၂၆၁၄၂၉
ကိုးပင်လယ်နတ်လောက၏မြေထုကြီးထံမှ ပင်လယ်ကြမ်းပြင်ဆီသို့ အကွာအဝေးသည် ရှေးခေတ်မှ ယနေ့ထိတိုင်အောင် ကိန်းသေသာ အမြဲဖြစ်ခဲ့၏။ ထိုမျှသာမက ပထမရွှေဂိတ်ကျောက်တိုင်အပေါ်တွင် စံချိန်တင်ခဲ့ကြသော မည်သူမှလည်း ထိုမျှအနက်သို့ မရောက်ခဲ့ဖူးကြပေ။
မီးငြိမ်းဝိညာဉ်မီးအိမ် ငါးလုံးနှင့် ငါးလုံးအောက် ရှေးဟောင်းနယ်ပယ်ပညာရှင်များ၏ နာမည်များသာ ထိုစံချိန်တင်စာရင်းထဲတွင် ပါဝင်ကြသည်။ အဆိုပါစည်းမျဉ်းကြောင့် ထိုကဲ့သို့ဝိညာဉ်မီးအိမ်ပမာဏဖြင့် မည်သူမှ ... ထိုမျှနက်ရှိုင်းစွာ မငုပ်လျှိုးခဲ့ကြဖူးပေ။
၎င်းသည် တဒင်္ဂလေးသာ နေနိုင်ခဲ့လျှင်တောင်မှ လူတစ်ယောက်အား ထိပ်ဆုံးအဆင့်၊ ပထမနေရာသို့ ချက်ချင်း ရောက်သွားစေနိုင်သည့် နေရာတစ်နေရာပင်။ နဝမပင်လယ်တွင် မွေးဖွားခဲ့သော မိစ္ဆာကျင့်ကြံသူများပင် ထိုမျှနက်ရှိုင်းသောနေရာအထိ မသွားနိုင်ပေ။
ပထမရွှေဂိတ်ကျောက်တိုင်အပြင်ရှိ လူအုပ်ကြီးမှ ကျွတ်ကျွတ်ညံ ပွက်လောရိုက်နေတော့သည်။ တအံ့တဩ အော်သံများ ဟိန်းထွက်နေပြီး ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသား ခံစားနေရသော အံ့ဩတုန်လှုပ်မှုသည် တစ်ဂိုဏ်းလုံးအား သိမ်းကျုံးရိုက်ခတ်သွားသည့် မုန်တိုင်းအဆင့်အထိ ရောက်ရှိသွားခဲ့လေပြီ။
မိစ္ဆာကျင့်ကြံသူအုပ်မှာလည်း ထိုနည်းတူ တုန်လှုပ်နေသည်။ သူတို့သည် ပထမရွှေဂိတ်ကျောက်တိုင်အပေါ်က မန်ဟို့နာမည်ကို မြင်သော် နှလုံးသားထဲ၌ အကြောက်တရားတို့ ပြည့်ကြပ်လာတော့၏။
သူတို့မှာ သူ့ကို အလိုလိုမုန်းတီးစက်ဆုပ်နေသော်လည်း ကျင့်ကြံသူလောကတွင် အားကြီးသူကို လေးစားရစမြဲဖြစ်သည်။ မိစ္ဆာကျင့်ကြံသူများလည်း သူတို့နှလုံးသားအနက်ရှိုင်းဆုံးထဲတွင် ဤလေးစားစိတ်အား မြှုပ်နှံထားသည့်အတွက် သူ့ကို မုန်းသော်လည်း ထပ်မံရန်စရဲတော့မည်မဟုတ်ပေ။
မန်ဟိုက လူတိုင်း၏နှလုံးသားအား ဆုပ်ကိုင်ဆွဲလှုပ်ရန် စင်ကြယ်သောစွမ်းအားသက်သက်ကိုသာ အသုံးပြုနေလေသည်။
လောလောဆယ်တွင် မန်ဟိုသည် နဝမပင်လယ်၏ အောက်ခြေကြမ်းပြင်တွင် ဖြစ်၏။ သူ့မှာ ကြောက်ခမန်းလိလိ အပြင်အားကိုယ်ခွန်အားကို ပိုင်ဆိုင်ထားသည့်တိုင် သူ့အပေါ် ဖိစီးနေသော မယုံကြည်နိုင်ဖွယ်ဖိအားကြီးကို ခံနေရသေးသည်။
ထိုဖိအားကြောင့် သူ့အနေဖြင့် ဤနေရာတွင် ကြာကြာနေနိုင်မည်မဟုတ်ပေ။ အလွန်ဆုံး အသက်ဆယ်ရှိုက်မျှသာ ခံနိုင်လိမ့်မည်။ သူသည် ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါတွင် ရင်ဒိန်းခနဲ တုန်ရီသွားတော့၏။
နဝမပင်လယ်၏ကြမ်းပြင်ပေါ်တွင် .... သူ အလောင်းတစ်လောင်း မြင်လိုက်ရသည်။
၎င်းသည် နဝမပင်လယ်ကြမ်းပြင်တစ်ခုလုံးအပြည့် နေရာယူထားလောက်အောင် ကြီးမားလှသည့် အလောင်းကြီးတစ်လောင်းဖြစ်၏။
၎င်းက တိုင်းထွာ၍မရအောင် ရှေးကျပြီး ၎င်းကို ခုတ်ပိုင်းထားသည့် ဟက်တက်ကွဲဒဏ်ရာတစ်ခုအား မြင်ရနိုင်သည်....
လက်ရှိအချိန် မန်ဟို ရပ်နေသောနေရာမှာ ... အလောင်း၏ဦးခေါင်းပေါ်တွင် ဖြစ်နေသည်။ ၎င်းနဖူးထက်တွင် ... မှိန်ပျနေသော ကြယ်ရှစ်လုံးအား မြင်ရနိုင်၏။
“နတ်ဘုရား ....” မန်ဟိုမှာ တွေးရင်း တုန်လှုပ်သွားတော့သည်။ သူသည် ရုတ်တရက် ဝမ်ယိုချိုင်ကို သတိရလိုက်၍ ဖိအားထဲတွင် တိတ်ဆိတ်စွာ ရပ်နေမိတော့၏။ (အပိုင်း ၉၉၀မှာ ဝမ်ယိုချိုင် မန်ဟို့ကို နတ်ဘုရားစွမ်းအားတွေသုံးရင်း တိုက်ခိုက်ခဲ့တုန်းက သူ့နဖူးပေါ်မှာ ကြယ်တွေ ပေါ်လာခဲ့ဖူးပါတယ်)
နောက်ဆုံးတော့ သူ့မှာ ဆက်လက်တောင့်ခံမနိုင်တော့သော အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်၍ အလောင်းကြီးအား နောက်ဆုံးအကြိမ် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူသည် ချာခနဲ လှည့်၍ အပေါ်ပြန်တက်ရန် ပြင်လိုက်၏။ သို့သော် ထိုကဲ့သို့ လှည့်လိုက်သည့်အခိုက်အတန့်တွင် ရုတ်တရက် အလောင်းကြီးနဖူးထက်ရှိ ကြယ်တစ်ခုပေါ်တွင် ... လူတစ်ယောက်ရှိနေကြောင်း သူ ဖျတ်ခနဲ သတိထားမိလိုက်သည်။
၎င်းသည် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမကို... မန်ဟို မှတ်မိသည်။ သူမကား .... တောင်ကောင်းကင်ဂြိုဟ်မှ မိတ်ဆွေဟောင်းတစ်ဦးပင်။
သူမသည် တွေဝေရှုပ်ထွေးနေသော မျက်နှာလေးဖြင့် အလောင်း၏အပေါ်တွင် ရပ်နေ၏။
“ဟန်ပေ့” မန်ဟိုမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။
အလောင်းမှ ဖြန့်ကျက်နေသော အမှိန်ဆုံးအလင်းရောင်မှအပ အရာအားလုံး မှောင်ပိန်းနေသည်။ ကြောက်စရာကောင်းလောက်အောင် သန်မာသော အပြင်အားကိုယ်နှင့် လျှပ်စီးကဲ့သို့ စူးရှသော အမြင်အာရုံဖြင့်ပင်လျှင် မန်ဟိုမှာ ပုံရိပ်ကို မြင်သည်ဆိုရုံကလေးသာ မြင်လိုက်ရ၏။
သူ့မှာ တုန်ရီစပြုလာပြီး သေသေချာချာ မြင်ရအောင် မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်သော်လည်း ထိုအချိန်တွင် ကြယ်ပေါ်တွင် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ သူ့မှာ ထင်ယောင်ထင်မှား မြင်နေသည့်အလားပင်။
သူ မတုံ့ပြန်ခင် .... ပင်လယ်ကြမ်းပြင်၏ ဖိအားက သူ့ကို အပေါ်တွန်းတင်လိုက်သည်။ သူသည် သူ့အောက်ရှိ အလောင်းကြီး မှေးမှိန်ပျောက်ကွယ်သွားနေကြောင်း မြင်လိုက်ရသဖြင့် မျက်လုံးများ လင်းလက်တောက်ပသွား၏။
“ငါ မြင်ခဲ့တာက .... အစစ်အမှန်လို့ ခံစားရတယ်။ ပုံရိပ်ယောင်မဟုတ်ဘူး
“ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ ငါ မသိပေမယ့်... အဲဒီအမျိုးသမီးက ဟန်ပေ့ပဲ” မန်ဟိုမှာ သူတို့နှစ်ယောက်ကြား ဖြစ်ပွားခဲ့သောအရာအားလုံးကို ပြန်ပြောင်းတွေးတောရင်း အတွေးထဲ နစ်မြောသွားတော့သည်။
“ရှေးမိသားစုမျိုးရိုးကိုးခု....” သူက မျက်လုံးတလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ ထို့နောက် သူသည် တောင်ကောင်းကင်ဂြိုဟ်ပေါ်၌ ဟန်ပေ့ ပျောက်ဆုံးသွားခဲ့ပုံကို သတိရလိုက်၏။ ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းမှ လူတိုင်း ပြန်ရောက်လာခဲ့ပြီးနောက် ဟန့်ပေမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့လေသည်။
ရုတ်တရက် မန်ဟိုသည် သူမ၏ပျောက်ဆုံးမှုက မည်မျှထူးဆန်းနေကြောင်း တွေးမိလိုက်၏။ မည်သူမှ သူမကို ရှာမတွေ့ခဲ့ခြင်းမဟုတ်ပေ။ တကယ်တော့ .... သူက လွဲ၍ မည်သူမှ သူ့ကို မှတ်ပင် မမှတ်မိသည့်ပုံပေါ်နေသည်။
ရှေးဟောင်းမိစ္ဆာအင်မော်တယ်ဂိုဏ်းကိစ္စပြီးနောက် မည်သူမှ ဟန့်ပေအကြောင်း မပြောခဲ့သည့်အချက်ကို သူ ယခင်ကတည်းက သဘောပေါက်ခဲ့လေသည်။ သူမကို ကိုယ်တိုင် သိသိ၊ မသိသိ၊ သူမနှင့်ပတ်သက်သမျှ သဲလွန်အစအကုန်လုံး ဖယ်ရှားခံခဲ့ရသည့်အလားပင်။
ယခုတွင် ဤအကြောင်းတွေးကြည့်ရင်း မန်ဟိုသည် ၎င်းက ခံစားချက် သို့မဟုတ် ခန့်မှန်းချက်တစ်ခုထက်ပိုကြောင်း သဘောပေါက်လိုက်သည်။ သူ့အယူအဆ မှန်မမှန် အတည်ပြုရန် နည်းလမ်းတစ်ခုသာ ရှိပြီး ယင်းကတော့ ချူယွီယန်ပင်။ သူမအနေဖြင့် ဟန်ပေ့ကို မှတ်မိသင့်သည်။
သူမ နိုးလာလျှင် သူ မေးမည်။ ထို့နောက် အမှန်ကို သိနိုင်မည်။
ချူယွီယန် ဟန်ပေ့ကို မှတ်မိပါက မန်ဟို ခန့်မှန်းခဲ့သမျှ အရာအားလုံး အတွေးလွန်ခြင်းသာ ဖြစ်မည်။ သို့သော် ချူယွီယန်သာ ဟန်ပေ့ကို မမှတ်မိလျှင်တော့ ... သေချာပေါက် အချိန်ပေး၍ ထပ်စဉ်းစားရမည်ဖြစ်မည်။
“ချူယွီယန် နိုးလာရင် သေချာပေါက် သိရလိမ့်မယ်” မန်ဟိုက ဂိုဏ်းထံ ပြန်မတက်ခင် ပင်လယ်ကြမ်းပြင်ကို ပြန်ငုံ့ကြည့်လိုက်သည်။ သူသည် သူ ယခုလေးတင် မြင်ခဲ့ရသော အရာများကို မေ့တော့မည်မဟုတ်ပေ။ ထို့နောက် သူသည် အပေါ်သို့ ပျံတက်ပြီး ပျောက်ကွယ်သွားတော့၏။
သူက ပထမဆုံးရွှေဂိတ်ကျောက်တိုင်မှ လမ်းလျှောက်ထွက်လာသောအခါ နာမည်စာရင်းကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် ဒုတိယကျောက်တိုင်သို့ တဟုန်ထိုး ထွက်သွားတော့သည်။
ဂိုဏ်းသားအားလုံး၏မျက်လုံးများမှာ သူ့ကျောနောက်သို့ ကော်နှင့်ကပ်ထားသည့်အလား လိုက်ပါသွားသည်။
ဒုတိယရွှေဂိတ်ကျောက်တိုင်သို့ ဝင်ရောက်ပြီးနောက် မန်ဟို့အတွက် ပထမနေရာရရန် အမွှေးတိုင်တစ်ဝက်ထွန်းစာသာ လိုလိုက်သည်။ အကန့်အသတ်မရှိသော ရွှေရောင်အလင်းက ကျောက်တိုင်မှ ဖြာထွက်လာ၏။
ဤသည်မှာ သူတို့၏ နှစ်ခုမြောက် ပထမနေရာပင်။
လူအုပ်ကြီးသည် သောင်းသောင်းဖြဖြ ကြွေးကြော်အော်ဟစ်နေကြတော့၏။ မန်ဟို ကြိုးစားနေသောအရာကို ဂိုဏ်းသားများ သဘောမပေါက်ဘဲ ရှိမည်လော....
“သူက ကျောက်တိုင်အကုန်လုံးမှာ ပထမနေရာယူချင်နေတာပဲ”
“ကျောက်တိုင်ကိုးတိုင်လုံးမှာ ပထမရချင်တယ်တဲ့လား”
“ရှေးခေတ်က ဒီနေ့ထက်ထိ လူတစ်ယောက် သိမ်းပိုက်နိုင်ခဲ့တဲ့ အများဆုံးပထမနေရာက ခြောက်နေရာ။ ပြီးတော့ နှစ်တစ်ရာတောင် မကြာသေးဘူး အဲဒီနေရာကို နောက်တစ်ယောက်က သိမ်းပိုက်တော့မယ်.... “
“ဒီမန်ဟိုက ... နောက်ထပ်အံ့ဖွယ်သရဲလုပ်ရပ်တွေကို လုပ်တော့မှာလား”
မန်ဟိုက တတိယမြောက်ရွှေဂိတ်ကျောက်တိုင်ထံသို့ ရွှီးခနဲ ထွက်သွားသည်။ ဤတစ်ခေါက်တွင် သူသည် ပို၍ပင် မြန်သေး၏။ အသက်အရှိုက်သုံးဆယ်လေးအတွင်း သူ့နာမည်က အခြားနာမည်အကုန်လုံးကို ကျော်၍ ပထမနေရာတက်သွားခဲ့လေပြီ။
သုံးခုမြောက် ပထမနေရာ။
လူအုပ်ကြီးသည် တုန်လှုပ်နေပြီး ဆူညံပွက်လောရိုက်နေသည်။ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာစဉ် မန်ဟိုက ထွက်လာပြီး ... စတုတ္ထရွှေဂိတ်ကျောက်တိုင်သို့ ဦးတည်သွားတော့သည်။
အချိန်အနည်းငယ်ကြာသော် အနန္တရွှေအလင်းရောင်သည် ပင်လယ်တစ်ခုလုံးအား ရွှေရောင်လွှမ်းသွားစေရင်း တောက်ပလာ၏။ မန်ဟိုကား ... လေးခုမြောက် ပထမနေရာကို ရသွားခဲ့လေပြီ။
ကျောက်တိုင်လေးတိုင်လုံးတွင် ပထမနေရာ။
ကိုးပင်လယ်နတ်လောကမှာ စိတ်လှုပ်ရှားမှုများဖြင့် ဆူညံပွက်လောရိုက်နေကြတော့သည်။ မန်ဟိုသည် အမှန်တကယ်ပင် အံ့ဖွယ်သရဲ လုပ်ဆောင်ခဲ့ပြီး သူ၏ပုံရိပ်မှာ မျိုးဆက်တစ်ဆက်လုံး၏ နှလုံးသား၌ မမေ့ပျောက်အောင် ခတ်နှိပ်ခံနေရလေပြီ။
မန်ဟိုသည် ပဉ္စမကျောက်တိုင်အား ၀င်ရောက်ရန် မရွှေးချယ်ခဲ့ပေ။ ထိုတစ်ခုအား သူ မလိုအပ်။
သူက ဆဋ္ဌမကျောက်တိုင်သို့ တဟုန်ထိုး ထွက်သွားပြီး ၀င်ရောက်၍အမွှေးတိုင်တစ်၀က်ထွန်းစာကြာသော် နောက်တစ်ခေါက် ပထမနေရာ ရောက်သွားပြန်သည်။
လူတိုင်းမှာ အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် မိုးကြိုးများ သူတို့ကို တဂျိန်းဂျိန်း ပစ်ချနေသကဲ့သို့ ခံစားနေရတော့သည်။ ကိုးပင်လယ်နတ်လောကတွင် လူတိုင်းအား သွေးတို့ ပွက်ပွက်ဆူစေသော အရာမျိုး မဖြစ်ပွားခဲ့သည်မှာ အင်မတန့်အင်မတန် ကြာခဲ့ပြီမဟုတ်ပါလော။
သတ္တမကျောက်တိုင် ပထမနေရာ။
အဋ္ဌမကျောက်တိုင် ပထမနေရာ။
မန်ဟိုသည် ရွှေဂိတ်ကျောက်တိုင်တစ်တိုင်ပြီးတစ်တိုင် သွားနေ၏။ သူက သူ စိတ်မ၀င်စားသည့် ပဉ္စမကျောက်တိုင်မှအပ ကျန်ကျောက်တိုင်အားလုံးတွင် ပထမနေရာ သိမ်းပိုက်နေလေသည်။
သူ့နောက်သို့ စိတ်လှုပ်ရှားနေသော ကိုးပင်လယ်နတ်လောကဂိုဏ်းသားများက တကောက်ကောက် လိုက်နေကြသည်။ မိစ္ဆာကျင့်ကြံသူများမှာ မန်ဟိုနှင့် ပက်သက်၍ နှလုံးသားထဲ၌ ပြင်းထန်သော အကြောက်တရားနှင့် အံ့သြမှုတို့ ပြည့်နှက်နေလျက် မျက်နှာများ ဖြူဆုပ်နေကြတော့သည်။
သူသည် ကိုးပင်လယ်နတ်လောကတွင် ဤကဲ့သို့အရာမျိုးအား လုပ်ဆောင်ခဲ့ဖူးသည့် ပထမဆုံးလူဖြစ်သည်။
သူ့နာမည်က ဂိုဏ်း၏သမိုင်းကြောင်းတစ်လျှောက်လုံး လက်ဆင့်ကမ်းခြင်း ခံရတော့မည့် ထာ၀ရသမိုင်းရာဇ၀င်တစ်ပုဒ် ဖြစ်လာမည်မှာ သေချာနေတော့သည်။
နောက်ဆုံးတွင် သူက န၀မမြောက်ရွှေဂိတ်ကျောက်တိုင်၏ အရှေ့တွင် ပေါ်လာသည်။ သူသည် တုံ့ခနဲရပ်ပြီး တခဏ ရပ်လိုက်သည်။ ထို့နောက် သူက တည်ကြည်လေးနက်သော မျက်နှာထားဖြင့် အသက်ပြင်းပြင်းရှုသွင်းပြီး ၀င်ရောက်သွားတော့သည်။
သူ ၀င်ရောက်လိုက်သည့် အခိုက်အတန့်တွင် အဘိုးကြီး၏အသံက တစ်လောကလုံးတွင် ဟိန်းထွက်လာသည်။
"မင်း ငါ့ရဲ့ တတိယမြောက်လက်သီးနှင့် ပက်သက်ပြီး ဉာဏ်အလင်းရဖို့ အရည်အချင်းပြည့်မီတယ်လို့ မင်းကိုယ်မင်း ထင်လား"
"သေချာပေါက်ပဲ" မန်ဟိုက ချက်ချင်း ပြန်ဖြေသည်။
"သိပ်ကောင်းတယ်" အသံကြီး ပဲ့တင်ထပ်လာစဉ် အဘိုးကြီးက ဘွားခနဲ ပေါ်လာသည်။ သူက မန်ဟို့ကို ကြည့်ပြီး သူ၏ မျက်လုံးများက ချီးကျူးမှုများဖြင့် တောက်ပနေ၏။ သူရှေ့လျှောက်လာသည့်အခါ သူ့အသံကြီးက ဟိန်းထွက်လာသည်။
"ပထမလက်သီး အသက်နှုတ်လက်သီး
"အသက်နှုတ်ပြီးရင် လူတစ်ယောက်ရဲ့အသက်ကို စတေးရတယ်
"ကိုယ့်ကိုကိုယ် စွန့်လွှတ်ပြီးရင် လူတစ်ယောက်ဟာ နတ်ဘုရားတွေကို သုတ်သင်နိုင်ပြီ
"ငါ့ရဲ့ တတိယမြောက်လက်သီးက နတ်ဘုရားသုတ်သင်ခြင်းခေါ်တယ်" အဘိုးကြီး၏ အသံက စွမ်းအားတန်ခိုးတို့ဖြင့် တဝုန်းဝုန်းမြည်နေ၏။ သူ ရှေ့တက်လာသည့်အခါ သူ့အသံသည် ကမ္ဘာကြီးဖြစ်သွားပြီး ကမ္ဘာကြီးက သူဖြစ်သွားသည့်အလားပင်။
သူ အနားရောက်လာစဉ် လက်သီးများက လည်လာ၏။ ၎င်းက အသက်နှုတ်လက်သီးကဲ့သို့ အသက်နှုတ်လိုစိတ်တို့ မပြင်းထန်နေသလို၊ ခန္ဓာစတေးလက်သီးကဲ့သို့လည်း လွှမ်းမိုးကြီးစိုးမနေပေ။ ၎င်းသည် သာမန်ဖြစ်သည်ဟု ထင်ရ၏။ သို့သော် ၎င်းက မန်ဟို့ကို တစ်ခါမျှ မကြုံတွေ့ခဲ့ရဖူးသော သေစေနိုင်သော အန္တရာယ်ကြီးဖြင့် ပြည့်နှက်သွားစေသည်။
၎င်းက တစ်လောကလုံး၏ စွမ်းအားများကို စုပ်ယူနိုင်ပြီး ထိုစွမ်းအားများအား သုတ်သင်ခြင်းအားအင်အဖြစ် ပြောင်းလဲနိုင်သည့်အလားပင်။
"နတ်ဘုရားတွေက ဘာလဲ" လက်သီးချဉ်းကပ်လာစဉ် အဘိုးကြီး၏အသံက ဆက်လက် ပဲ့တင်ထပ်လာသည်။
"အပြင်သူတွေ သူတို့ကိုယ်သူတို့ ခေါ်တဲ့ နောက်နာမည်တစ်ခုသာသာပဲ။ အင်မော်တယ်လောကက ငါတို့ကတော့ သူတို့ရဲ့အစွမ်းအာဏာကို လေးစားကြတယ်။ သူတို့ သူတို့ကိုယ်သူတို့ နတ်ဘုရားလို့ခေါ်ချင်ရင်လည်း ငါတို့ အသိအမှတ်ပြုတယ်
"ငါတို့ သူတို့ကို အသိအမှတ်ပြုရတဲ့ အကြောင်းရင်းကတော့ သူတို့ကို သတ်ရတာ အရမ်း ခံစားလို့ကောင်းတာကြောင့် ...
"မှတ်ထား။ အင်မော်တယ်တွေက အရာအားလုံးရဲ့ အပေါ်မှာရှိတယ်။ ပြီးတော့ နတ်ဘုရားတွေက ငါတို့ကိုယ်ငါတို့ သန်မာအောင် လုပ်ပေးနိုင်တဲ့ ရတနာတွေလိုပဲ။ ငါ့တစ်ဘ၀လုံးမှာ နတ်ဘုရား ၉၂ ကောင်ကို သုတ်သင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ငါ အသတ်ခံခဲ့ရပေမယ့် ငါ့ရဲ့ စိတ်ဆန္ဒက ဒီကျောက်တိုင်ထဲမှာ စစ်ဝိညာဉ်ဖြစ်လာခဲ့တယ်" နတ်ဘုရားသုတ်သင်ခြင်းလက်သီးက ချဉ်းကပ်လာသည်။
မန်ဟိုသည် ဤလက်သီးချက်ကို လုံးလုံးလျားလျား မတားဆီးနိုင်ကြောင်း သဘောပေါက်လိုက်သဖြင့် တုန်ရီလာတော့သည်။ ၎င်းက လက်သီးတစ်လုံးအဖြစ် စုဆုံသွားခဲ့သော တစ်ကမ္ဘာလုံးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ယခင်ထက် အဆများစွာ မြင့်မားနေပြီဖြစ်သော်လည်း သူ့အတွက် ၎င်းအား မခုခံနိုင်သေးပေ။
"ဘာကြောင့် ငါက ဒါကို ခုခံသင့်တာလဲ" ရုတ်တရက် အတွေးတစ်ခု ပေါ်လာသဖြင့် သူ့စိတ်မှာ တုန်ခါသွားလေသည်။ သူ၏ မျက်လုံးများက စူးရှတောက်ပလာပြီး ၎င်းကို ဟန့်တားမည့်အစား သူက သူ့လက်ကို လက်သီးဆုပ်၍ အဘိုးကြီးကို တုပရန် ရွေးချယ်လိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင်နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ထုတ်လွှတ်ရန် ဆုံးဖြတ်လိုက်လေသည်။
အဘိုးကြီးက ခေါင်းနောက်လှန်၍ တဟားဟား ရယ်လိုက်သည်။ သူ၏လက်သီး မန်ဟို၏လက်သီးနှင့် ထိတိုက်သွားသောအခါ ကမ္ဘာလောက၏ စွမ်းအားအကုန်လုံးက မန်ဟို့ကိုယ်ထဲ တဝေါဝေါ ဝင်ရောက်လာသည်။ သို့သော် မန်ဟိုမှာ နည်းနည်းမှ ထိခိုက်မသွားပေ။ စွမ်းအားက သူ့ကို အသိစိတ်အသစ်တစ်ခုကို လမ်းပြပေးနေသည်။ စွမ်းအားတို့ သူ့လက်သီးထဲသို့ စီးဆင်း၀င်ရောက်လာစဉ် ကမ္ဘာကြီးသည် ပြိုကွဲလာ၏။
"သွားတော့။ မင်း ဉာဏ်အလင်းရသွားပြီ" ကမ္ဘာလောက ပြိုကွဲနေစဉ် အဘိုးကြီး၏ ၀မ်းသာနေသော အသံက ပဲ့တင်ထပ်လာသည်။ အရာအားလုံး ရှင်းလင်းပြတ်သားသွားသောအခါ မန်ဟိုက န၀မရွှေဂိတ်ကျောက်တိုင်၏အပြင်သို့ ရောက်နေလေပြီ။
သူ့အနောက်ရှိ ကျောက်တိုင်အပေါ်တွင်တော့ ...ပထမနေရာမှ နာမည် ကျုံးဝူရက ဒုတိယနေရာသို့ ကျဆင်းသွား၏။
မန်ဟို့၏ နာမည်က အနန္တရွှေအလင်းရောင်တို့ဖြင့် တောက်ပနေလျက် ပထမနေရာသို့ တက်သွားခဲ့လေပြီ။
***