← Chapters

သခင်ငါး၏ ကြီးကျယ်ခမ်းနားသော မဟာရည်မှန်းချက်ကြီး

Vol. 78 Ch. 1083

သခင်ငါး၏ ကြီးကျယ်ခမ်းနားသော မဟာရည်မှန်းချက်ကြီး

Vol. 78 Ch. 1083

ကိုးပင်လယ်နတ်လောက၏ နဝမတောင်ပင်လယ်တွင် နှစ်ပေါင်းများစွာတိုင်အောင် လူတစ်ယောက်သည် ပထမနေရာအား အများဆုံးခြောက်နေရာ သိမ်းပိုက်ထားခဲ့သည်။ ထိုပုဂ္ဂိုလ်သည် နှစ်ကာလကြာရှည်စွာ တည်တံ့ခဲ့သော အောင်မြင်မှုနှင့် ဂုဏ်သရေများကို ရရှိခံစားခဲ့ရ၏။ ယနေ့အထိပင် အဆိုပါအောင်မြင်မှုဂုဏ်သရေ၏အငွေ့အသက်များက ကျန်ရစ်နေဆဲ ဖြစ်သည်။

တစ်ခုတည်း ထင်ထင်ရှားရှား ကျန်ရစ်ခဲ့သော အငွေ့အသက်ကတော့ နဝမရွှေဂိတ်ကျောက်တိုင်၏ စာရင်းပေါ်က နာမည်ပင်။ ထိုပုဂ္ဂိုလ်ကား ယခင်ပထမနေရာပိုင်ရှင် ... ကျုံးဝူရဖြစ်သည်။ လွန်ခဲ့သောနှစ်တစ်ထောင်က သူသည် ကိုးပင်လယ်နတ်လောက၌ နံပါတ်တစ်ရွေးချယ်ခံဖြစ်ခဲ့၏။ သူကား ရာဇဝင်တွင်ခဲ့သော်လည်း ထူးဆန်းစွာနှင့် သူ့နာမည်သည် အပြင်လောကတွင် သိပ်လူသိမများခဲ့ပေ။

သို့သော် ယခုတွင် မန်ဟိုက သူ့စံချိန်ကို ချိုးခဲ့လေပြီ။ သူ၏ပထမနေရာရှစ်နေရာသည် ဖြစ်ပျက်နေသောအရာအားလုံးကို ကိုယ်တိုင်လာရောက်ကြည့်နေသူများဖြစ်စေ၊ တံခါးပိတ်ကျင့်ကြံရင်း စောင့်ကြည့်နေသူများဖြစ်စေ ဂိုဏ်းအတွင်းရှိ လူတိုင်းလူတိုင်းအား မှင်သက်အံ့ဩသွားစေ၏။

စကားသံများက ချက်ချင်း လူအုပ်ထဲ၌ ဆူညံလာတော့သည်။

“အဲဒီနှစ်တွေတုန်းက ... အစ်ကိုကြီးကျုံးဝူရကိုတောင် တွေးမိသွားတယ်”

“သူ့လုပ်ဆောင်မှုတွေကလည်း ဒီလို ရင်သပ်ရှုမောဖွယ်ကောင်းပြီး ကြီးမားခမ်းနားခဲ့တာလေ။ သိပ်ကို လွှမ်းမိုးနေခဲ့တာ...”

“အစ်ကိုကြီးကျုံးဝူရရဲ့ အောင်မြင်မှုတွေက နှစ်တစ်ရာလောက်ကြာတော့ တဖြေးဖြေး မှေးမှိန်ပျောက်ကွယ်သွားခဲ့တယ်။ မန်ဟို့အောင်မြင်မှုတွေကတော့ ...နဝမမြောက်ကျောက်တိုင်ပေါ်က သူ့ပထမနေရာကို အကျော်တက်မခံရခင် နှစ်ပေါင်းဘယ်လောက်တောင် တည်တံ့နေမလဲမသိဘူး”

ပတ်ပတ်လည်ရှိ လူအုပ်ကြီးမှ စကားသံများ ဆက်လက်၍ ကျယ်လောင်လာစဉ် မန်ဟိုက အသက်ပြင်းပြင်းရှူသွင်း၍ လက်နှစ်ဖက်ယှက်ကာ ဘွားဘွားကိုးနှင့် အခြားသူများကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် သူ့ကျင့်ကြံခြင်းဂူဆီသို့ လှည့်ထွက်သွားတော့၏။

မန်ဟို ထွက်လာသည့်အခါ သူ့နားထဲ၌ ဘွားဘွားကိုး၏ စကားပြောသံကို ကြားလိုက်ရသည်။ “ခုနစ်ရက်၊ ခုနစ်ရက်နေရင် လေဟုန်ခွင်းလောက ပွင့်လာလိမ့်မယ်... ပြင်ဆင်မှုတွေကို အပြီးသတ်ထားပါ”

သူက တုံ့ခနဲ ရပ်ပြီးနောက် လှည့်၍ ထပ်မံအရိုအသေပေးလိုက်ပြီးနောက်ဆုံး ပျောက်ကွယ်သွားတော့သည်။

များမကြာခင် သူသည် တောင်ကြားရှိ သူ့ကျင့်ကြံခြင်းဂူတွင် ပြန်ပေါ်လာကာ ရေထဲသို့ ငုပ်လျှိုးသွားတော့၏။

ချက်ချင်းပင် သူသည် ကြက်တူရွေး၏ စိတ်လှုပ်တရှား အော်သံများ ဖြစ်နေသည့် စူးစူးဝါးဝါး အော်သံများ ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရ၏။

“နားထောင် အခု စစ်ဆေးရမယ့် အချိန်ကျပြီ။ သခင်ငါးကို သေချာကြည့်။ လာ လာ။ ငါ ချပေးတဲ့အတိုင်း လိုက်ဆို၊ သခင်ငါးရဲ့ ပျော်ရွှင်မှုက မင်းတို့အကုန်လုံးအပေါ် မူတည်တယ်”

အသားဂျယ်လီမှာလည်း နောက်ကောက်ကျမကျန်ခဲ့ချင်သည့်အလား အော်ဟစ်လိုက်သည်။ “ပြီးတော့ သခင်သုံးရောပဲ။ သခင်သုံးရဲ့အနာဂတ်က မင်းတို့အပေါ် မူတည်တယ်”

မန်ဟိုက ဟိုဟိုသည်သည်ကြည့်ရင်း ထူးဆန်းသောအမူအရာကြီး သူ့မျက်နှာပေါ်တွင် ပေါ်လာတော့သည်။ သူ ပထမဆုံး သတိထားမိလိုက်သည့်အရာမှာတော့ ရေကန်ထဲရှိ မိစ္ဆာကျင့်ကြံသူများမှာ အတိုင်းထက်အလွန် ပိန်လှီနေကြသည်ကိုပင်။ သို့သော် သူတို့၏အမူအရာများက ကြက်တူရွေးသည် သူတို့အတွက် နတ်ဘုရားကြီးတစ်ပါး ဖြစ်နေသကဲ့သို့ အရူးအမူးရိုသေကိုင်းရှိုင်းနေကြပုံပေါက်နေ၏။

ပို၍ပင် အံ့ဩဖွယ်ကောင်းသည်က စုယန်မှာ ယခင်နှင့် လားလားမျှ မတူကွဲပြားနေခြင်းပင်။ သူမမျက်နှာလေးမှာ ဖြူဆုပ်နေပြီး ကြောင်နေပုံရသည်။ ကြည့်ရသရွေ့ ဤကဲ့သို့ရက်ပေါင်းများစွာ မရပ်မနား နှိပ်စက်ခံနေရခြင်းက သူမ၏စိတ်စွမ်းအားကို ပျက်စီးကျိုးပျက်သွားစေခဲ့သယောင်ပင်။ သူမသည် အလိုလို လှုပ်ရှားနေသည်နှင့် တူနေ၏။

ကြက်တူရွေးက ဂီးခနဲ တစ်ချက်လိုက်ရာ သီချင်းဆိုခြင်း စတင်သည်။ လူတိုင်းသည် ထူးဆန်းသောအသံအနေအထားအတိုင်း စည်းချက်ဝါးချက်ညီညီ ဆိုကြ၏။ မန်ဟိုမှာ စိတ်ကို ပြင်ဆင်ထားခဲ့သည့်တိုင် သီချင်းသံကို ကြားလျှင်ချင်း တစ်စက္ကန်လေး ဆက်နားထောင်ရန်ပင် မနည်းအားထည့်လိုက်ရသည်။

“ငါက မင်းရဲ့သေးသေးလေး၊ ချစ်စရာကောင်းတဲ့ ပင်လယ်စာလေး။ မင်း ငါ့ကို ချစ်ပေမယ့် မင်းအချစ်က သိပ်မများ .... ငါက မင်းရဲ့သေးသေးလေး၊ ချစ်စရာကောင်းတဲ့ပင်လယ်စာလေး... ပင်လယ်စာာာာာာာာာာာ”

ကြက်တူရွေးက ကီးအမြင့်ဆုံးဆိုရသော နောက်ဆုံးအပိုဒ်နားတွင် မောက်မာဝင့်ကြွားစွာဖြင့် ဟိုဟိုသည်သည် ကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မိုးကောင်းကင်သည် မှိန်ကျသွားပြီး လေပြင်းများ တဝေါဝေါ တိုက်ခတ်လာသည်။

မန်ဟိုမှာ ဤအရာအားလုံးဖြစ်ပျက်နေသည်ကို ကြည့်နေစဉ် မျက်လုံးများ ပြူးကျယ်သွားတော့၏။ သူသည် အသက်ပြင်းပြင်းရှူရင်း ကြက်တူရွေးနှင့် အသားဂျယ်လီကို မလေးစားဘဲ မနေတော့ပေ။ သူ ထိုနလပိန်းတုံးနှစ်ကောင်ထံသို့ ပေးခဲ့သည်မှာ သူ့ကို မုန်းနေသည့် မိစ္ဆာကျင့်ကြံသူတစ်သိုက် ဖြစ်ခဲ့ပြီး ပြန်ရောက်လာသောအခါ တက်ညီလက်ညီသီချင်းဆိုနေသော အဆိုတော်များဖြစ်နေလေသည်။

“ရပ်” ကြက်တူရွေးက တောင်ပံတဖျပ်ဖျပ်ခတ်ရင်း ရုတ်တရက် အဆိုရပ်ခိုင်းသည်။ အဆိုတော်များထံမှ အသံလေးတစ်သံမျှ ထွက်မလာပေ။ မန်ဟိုမှာ သူတို့ ဤသို့လိမ်လိမ်မာမာ ပြုမူရလောက်အောင် မည်သည့်အရာကို ကြုံတွေ့ခဲ့ရသည်လဲ စဉ်းပင်မစဉ်းစားရဲပေ။

“ဒီမှာ ခွေးမတွေ။ သခင်ငါး ပြောထားတာကို မမှတ်မိဘူးလား ဟမ်။ သီချင်းကို အဲဒီလိုမဆိုရဘူးကွ။ ခံစားချက်ရှိနေဖို့ လိုတယ်။ မျက်လုံးတွေ လှုပ်ရှားနေဖို့လိုတယ်” ကြက်တူရွေးက ပင်လယ်လိပ်တစ်ကောင်ထံသို့ ဒေါကြီးမောကြီး ပျံသွားပြီး တောင်ပံနှစ်ဖက်ဖြင့် ထိုလိပ်အား ရက်ရက်စက်စက် ရိုက်တော့သည်။

“ပြီးတော့ မင်း ကမာကြီး။ မင်းက တောက်ပလာရမှာလေကွ။ ကြားလား ။ လီးတဲ့မှပဲ သောက်ရူးတွေ

“ပြီးတော့ မင်းတို့တွေ ဘာလို့ ဒီလောက်ပျော်နေကြတာတုန်း။ နောက်ဆုံးအပိုဒ်နဲ့ လီးလုပ်နေတာလား ဟမ်။ သောက်ကျိုးနည်း။ သခင်ငါးက အသံကို မြှင့်ချင်တာကွ။ နားလည်လား အသံမြှင့်ကြ”

ဒေါသတကြီး ဆူပူကြိမ်းမောင်းပြီးနောက်ဆုံး ကြက်တူရွေးသည် တာဝန်မကျေပွန်ခဲ့သဖြင့် အင်မတန် အားနာနေသည့်အလား မန်ဟို့ထံ ပျံသန်းလာသည်။

“ဟိုဟိုလေး သခင်ငါးကို အချိန်နည်းနည်း ထပ်ပေးဦးနော်။ ဒီနလပိန်းတုံးတွေက ကောင်းကောင်းနားမထောင်ဘူးကွ။ သခင်ငါး အမြင်အရတော့ သူတို့ကို အခုရောင်းဖို့ ကြိုးစားရင် အကြီးအကျယ် ရှုံးလိမ့်မယ်။ ငါ့လက်ထဲသာ နည်းနည်းလောက် ထပ်အပ်ထားလိုက်။ သခင်ငါးမှာ အိပ်မက်တစ်ခုရှိတယ်။ အဲဒီအိပ်မက်က ထိပ်တန်းပင်လယ်စာသီချင်းတစ်ပုဒ် သီဆိုရဖို့ပဲ။ ငါ အခုချက်ချင်း ပြင်းပြင်းထန်ထန် လေ့ကျင့်ပေးလိုက်ပါ့မယ်

“ငါ သူတို့ကို နဝမတောင်ပင်လယ်အပြင် ခေါ်ထုတ်သွားနိုင်တဲ့ နေ့ ရောက်လာလိမ့်မယ်။ အဲဒီအခါကျရင် ငါတို့တွေ တောင်ပင်လယ်လောကမှ နယ်လှည့်ဖျော်ဖြေမယ်။ ကြယ်တာရာကောင်းကင်တစ်ခွင် ခြေဆန့်မယ်။ သူတို့သီချင်းဟာ ကောင်းကင်ဘုံအားလုံးရဲ့ တေးသံစဉ် ဖြစ်လာလိမ့်မယ်” ရည်မှန်းချက်အသစ်ကို ရှာတွေ့ပြီးသည်နှင့် ကြက်တူရွေးသည် ဝင်းလက်တောက်ပလာတော့၏။

“ဟေ့ကောင် ခိုဘိုးတော်ကြီး ဘာလို့ရုတ်တရက်ကြီး ကောက်ကာငင်ကာ ထတောက်ပလာတုန်း။ ဝါးးးးးးးးး။ မင်း ဘယ်လိုလုပ်လိုက်တာလဲ ပြောစမ်း။ ငါလည်း တောက်ပချင်တယ်” ၎င်းက ရုတ်တရက် အသက်ရှူအောင့်လိုက်ရာ မျက်နှာကြီး နီမြန်းလာသည်။ ထို့နောက် မာန်အပြည့်ဟိန်းဟောက်လိုက်ပြီးနောက် ... ၎င်းလည်း တောက်ပလာတော့သည်။

မန်ဟိုမှာ ရုတ်တရက် ခေါင်းကိုက်လာတော့သည်။ သူသည် ရူးသွပ်နေသောကြက်တူရွေးကို အလျင်အမြန် ခေါင်းညိတ်ပြ၍ ကပျာကယာ လှည့်က သူ့ကျင့်ကြံခြင်းဂူထဲ ပြန်ဝင်လိုက်သည်။ သူ ဂူအနားရောက်သွားစဉ် အသားဂျယ်လီ၏ ဒေါကြီးမောကြီး သောင်းကျန်းနေသံများကို ကြားလိုက်ရ၏။

“နားထောင် ခိုဘိုးတော်။ ဒီပင်လယ်စာတွေက သခင်သုံးအကူအညီကြောင့် နာခံနေတာ။ သခင်သုံး လူယုတ်မာတွေ လိုချင်တယ်။ သခင်သုံး ဒီပင်လယ်စာတွေကို ရောင်းပြီး လူယုတ်မာတွေနဲ့ လဲချင်တယ်။ လူယုတ်မာတွေကို ပြောင်းလဲပေးရမှာ”

“သောက်ရူး။ သူတို့ကို ရောင်းလို့ ဘယ်လောက်ရမှာတုန်း။ မင်းမှာ ဦးနှောက်တောင် ရှိရဲ့လား။ ဟမ် ရေရောရေနိုင်လို့လားကွ”

“သခင်သုံးမှာ ဦးနှောက်ရှိတယ်။ သခင်သုံးတစ်ကိုယ်လုံးက ဦးနှောက်ပဲ”

မန်ဟိုမှာ ဤအသံကို ကြားလျှင် ချောင်းဟန့်၍ သူ့ကျင့်ကြံခြင်းဂူထဲသို့ ဝင်လိုက်သည်။ တခဏကြာသော် ကြက်တူရွေးထံမှ ပို၍ဒေါကန်နေသော ကြိမ်းမောင်းသံများကို ကြားလိုက်ရသည်။

“သောက်ရူး။ သောက်ပေါ။ ချီးဘရိန်း ဒီပင်လယ်စာတွေကို ရောင်းရင် နှပ်ချေးဖတ်လောက်ပဲ ရမှာ။ ဒါပေမယ့် သူတို့ သခင်ငါးရဲ့သင်တန်းကို တက်ပြီးသွားရင် ငါတို့လက်ထဲမှာ ထူးချွန်တဲ့အဆိုတော်အဖွဲ့ ရှိသွားပြီလေ။ ငါတို့ ဘယ်နေရာသွားသွား၊ ရှိုးပွဲလက်မှတ်တွေ ရောင်းလို့ရတယ်ကွ။ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှာနိုင်မလဲ မင်းသိလား။ အဲဒါက ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းပဲ”

“မင်းဆိုလိုတာက မန်ဟို ဖန်မျိုးနွယ်စုရဲ့ ဆေးအိမ်တော်ထဲ ဝင်သွားတုန်းက ဝိညာဉ်ကျောက်တုံးတွေ တစ်ပြုံကြီး ရခဲ့သလိုမျိုးလား”

“အဟုတ်ပေါ့။ ဟိုဟိုလေးက ငှက်ချေးလောက်တောင် အသုံးမကျတာက လွဲလို့ပေါ့။ သူ့နေရာမှာ သခင်ငါးသာဆို ဘယ်လောက်ပိုတော်မလဲ စဉ်းစားသာကြည့်။ ငါ အကုန်တွေးပြီးသွားပြီ။ အချိန်ကျလာရင် ငါတို့နှစ်ယောက် ပင်တိုင်အဆိုတော် လုပ်ကြမယ်။ ဟိုဟိုလေးတောင်မှ သီချင်းလာဆိုရလိမ့်မယ်။ ငါတော့ အဲဒီမြင်ကွင်းကို မြင်ယောင်ပြီး အရမ်းစိတ်လှုပ်ရှားနေပြီဟေးး.... ငါတို့ အဖွဲ့နာမည်လည်း ပေးရဦးမယ်ကွ။ လာလာ စဉ်းစားစမ်းပါဦး”

မန်ဟိုက သူ၏ ကျင့်ကြံခြင်းဂူထဲသို့ ကမန်းကတန်း ဝင်ပြီး လက်ကို ဝှေ့ရမ်းလိုက်ကာ အပြင်လောကကြီးနှင့် အဆက်အသွယ်ဖြတ်လိုက်သည်။ သူ့မှာ ကြက်တူရွေးနှင့် အသားဂျယ်လီတို့ တစ်ကောင်နှင့်တစ်ကောင် စကားပြောနေသည်ကို နားထောင်လိုစိတ်မရှိတော့ပေ။ သီချင်းသံနှင့်ပတ်သက်၍မူ တစ်ပုဒ်လုံး နားထောင်နိုင်သည့်လူများမှာ မန်ဟို အလေးစားဆုံးလူများ ဖြစ်ပေတော့မည်။

သို့သော် ကြက်တူရွေး အမှန်တကယ် အောင်မြင်ပြီး ပင်လယ်စာသီချင်းက နာမည်ကြီးလာခဲ့လျှင်တော့ သူလည်း ဝိညာဉ်ကျောက်တုံးများအတွက် သူတို့နှင့်အတူ ပူးပေါင်း၍ သီချင်းလိုက်ဆိုမည်။

သူက တင်ပျဉ်ခွေထိုင်ပြီး သူ၏ သိုလှောင်အိတ်အား ပုတ်လိုက်၏။ ချူယွီယန်ဖြစ်‌သော အလင်းတန်းတစ်တန်းက ချက်ချင်း ပျံထွက်လာသည်။ သူသည် သူမကို သူ့အရှေ့သို့ ချလိုက်သည့်အချိန်တွင် သူမမျက်နှာလေးမှာ ဖြူလျော့မနေတော့ဘဲ သွေးရောင်တစ်ချို့ သမ်းလာကြောင်း သတိထားမိလိုက်၏။ သို့သော် သူမကား နိုးမလာသေးပေ။

သူသည် သူမကို အတန်ကြာကြည့်ပြီးနောက် သက်ပြင်းခိုးချလိုက်၏။ ထို့နောက် သူက သူမနှဖူးကို လှမ်းထိ၍ ကျင့်ကြံခြင်းအခြေခံစွမ်းအားတစ်ချို့အား သူမထဲ ထည့်သွင်းကာ အဆိပ်ထုတ်ပယ်ခြင်းဖြစ်စဉ်အား အရှိန်တင်လိုက်သည်။

ပင်လယ်နဂါးဆယ်ကောင်၏ နှလုံးသွေးက အဆိပ်ကို မုချ ဖြေပေးနိုင်သည်။ သို့သော် မြန်မြန်တော့ မလုပ်နိုင်ပေ။ သူမ၏ ချီစီးဆင်းမှုလမ်းကြောင်းများကို သန့်စင်ပေးသော ဖြစ်စဉ်မှာ အဆိပ်ကို အဆက်မပြတ် ဖြိုခွဲပြီး ကျင့်ကြံခြင်းအခြေခံအတွက် အားဖြစ်စေအောင် ပြောင်းလဲပေးရသည့်အတွက် နှေးကွေးနေလေသည်။

သူမကို နှံ့နှံ့စပ်စပ် စစ်ဆေးပြီးနောက် သူသည် တခဏ ထိုင်တွေးပြီးနောက် မြန်အောင် ဖိအားမပေးရန် ဆုံးဖြတ်လိုက်၏။ ချူယွီယန်၏ လက်ရှိအခြေအနေမှာ အသက်အန္တရာယ်မရှိသည့်အပြင် ကံကြမ္မာကောင်းဟုပင် မှတ်ယူနိုင်သည်။

တကယ်တော့ ပင်လယ်နဂါးအဆိပ်သည် အဆိပ်ဖြစ်သလို၊ အားဆေးလည်း ဖြစ်သည်။  အဆိပ်ဖြေဆေးမရှိပါက သေစေနိုင်သည်။ ဖြေဆေးရှိလျှင်တော့ လုံးဝဆန့်ကျင်ဘက်ပင်။

“ဒီအဖြစ်က သူ့ကို ကျင့်ကြံအဆင့်အရ ခုန်တက်သွားစေပြီး အင်မော်တယ်နယ်ပယ် နဲ့ ပိုနီးကပ်သွားစေလိမ့်မယ်”

နောက်ဆုံးတွင် သူက လက်ချောင်းပြန်ရုတ်လိုက်ရာ ချူယွီယန်တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူမက မျက်လုံးများကို ဖြေးဖြေးချင်း ဖွင့်ကာ မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်လေသည်။ ထို့နောက် သူမမျက်ဝန်းလေးများသည် တခဏ ဝိုင်းစက်သွားပြီး သူမက တွေးနေသည့်အလား မျက်လုံးပြန်ပိတ်လိုက်၏။

အသက်ရှူချိန်အနည်းငယ်ကြာသော် သူမက မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး ၎င်းတို့မှာ ရှင်းလင်းတောက်ပနေချေပြီ။

သူမသည် အတိုင်းထက်အလွန် တည်ငြိမ်နေပုံပေါ်သော်လည်း စကားပြောလိုက်သည့်အခါ သူမအသံလေးသည် အားနည်းနေ၏။ “ငါ့ကို ကယ်ခဲ့တာ နင်ပေါ့။ ကျေးဇူးတင်ပါတယ်။ ဒီနေရာက ဘယ်နေရာလဲ”

မန်ဟိုသည် သူမ၏မျက်နှာအမူအရာလေးကို မြင်လျှင် တခဏ တိတ်ဆိတ်သွားပြီးနောက် ပြန်ဖြေလိုက်သည်။ “မင်း ဒီကိစ္စထဲ ဆွဲသွင်းခံရတာ ငါ့အမှားပါ .... ငါတို့ရောက်နေတာ ကိုးပင်လယ်နတ်လောကထဲမှာပဲ”

ထို့နောက် သူက ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်သည်။

ချူယွီယန်က စကားမပြောဘဲ တိတ်ဆိတ်စွာ နားထောင်ရုံသာ နားထောင်နေသည်။ ကြည့်ရသရွေ့ သူမသည် အလွန်ထိရှလွယ်သောအခြေအနေတွင် ဖြစ်ဟန်တူပြီး အချိန်အနည်းငယ်သာ နိုးနေနိုင်ပုံပေါ်၏။

အကြောင်းစုံကြားပြီးသော် သူမက အတိတ်တုန်းက သူတို့နှစ်ယောက်ကြား ဖြစ်ခဲ့သမျှ အရာအားလုံးကို မေ့လျော့သွားပြီး သူတို့ကို သူငယ်ချင်းအဖြစ်သာ သတ်မှတ်ထားတော့သည့်အလား မဆိုစလောက် ပြုံးလိုက်သည်။ သူမမှာ သူမ အမှန်တကယ် တွေးနေသောအရာကို မဖော်ပြဘဲ ခေါင်းသာညိတ်ပြလိုက်၏။

“ဒီလောက်နှစ်တွေ ကြာပြီးတဲ့နောက်မှာ ငါတို့ ဒီလိုထပ်တွေ့ဦးမယ်လို့ မထင်ထားခဲ့ဘူး”

ပင်လယ်ခြုံကျွန်းပေါ်တွင် သူမ ရေရွတ်ခဲ့သောစကားကြောင့်သာ မဟုတ်လျှင် မန်ဟို့အတွက် သူမ မည်သည့်အတွက်ကြောင့် ထူးဆန်းစွာ ပြုမူနေသလဲ သဘောပေါက်ဖို့ရန် ခဲယဉ်းလိမ့်မည်။ ယခုတော့ သူသည် ၎င်းကို ကြည့်ရင်း သူမ ဟန်ဆောင်နေခြင်းသာ ဖြစ်ကြောင်း မြင်နေရ၏။ ထိုမျှသာမက သူမ၏ မသိသာသောအပြုံးလေးထဲတွင်လည်း စိတ်ပျက်မှုနှင့် မာနနှစ်မျိုးလုံးအား မြင်ရနိုင်လေသည်။

တောင်ကောင်းကင်ဂြိုဟ်မှာတုန်းက သူမသည် ဆုံးဖြတ်ချက်တစ်ခု ချခဲ့၏။

နင်လည်း ရွေးချယ်ပြီးသွားသလို၊ ငါ့မှာ... ငါ့မှာလည်း မာနရှိတယ်။

“ဘယ်လိုဖြစ်ဖြစ် အရေးမကြီးပါဘူး” သူမက ပြောသည်။ “ကျေးဇူးတင်ပါတယ်။ နင်ရဲ့ ကျေးဇူးကို ငါ အမှတ်ရနေပါ့မယ်။ နင့်ကို ပြန်မဆပ်နိုင်လောက်ပေမယ့် ငါ မေ့မှာ မဟုတ်ပါဘူး” သူမက ကုန်းရုန်းထပြီးနောက် မန်ဟို့ကို အရိုအသေပေးလိုက်သည်။

ချူယွီယန် ဤကဲ့သို့ ယဉ်ယဉ်ကျေးကျေး ပြုမူနေသည်ကို ကြည့်ရင်း မန်ဟိုမှာ တိတ်ဆိတ်စွာ ထိုင်နေမိသည်။

“ငါ သက်သာပါပြီ” သူမက တိုးတိုးလေး ပြောနေသည်။ “ဆိုတော့ ... ပြန်တော့မယ်။ နင် ... ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ” သူမသည် ဂူနံရံကို အားပြုရင်း ထွက်သွားဖို့ပြင်သော်လည်း အားနည်းနေလွန်းလေသည်။ ခြေလှမ်းတစ်လှမ်းနှစ်လှမ်းသာ လှမ်းရသေးသည်၊ သူမမှာ မူးဝေသွားပြီး မျက်နှာဖြူဖပ်ဖြူလျော်နှင့် လဲကျလာသည်။

မန်ဟိုက အသက်ပြင်းချရင်း သူမကို လှမ်းထိန်းပေးလိုက်၏။

ချူယွီယန်မှာ အောက်နှုတ်ခမ်းလေးကို ဖိကိုက်ရင်း ပြုံးကာ ပြောသည်။ “ငါ့ပုံစံက အရူးမကြီးနဲ့မတူဘူးလား။ ငါ လမ်းလျှောက်နိုင်ပါသေးတယ် မန်ဟိုရယ်။ ကျေးဇူးပါပဲ”

သူမက သူ့လက်များကို ဖယ်ထုတ်ရင်း ခြေလှမ်းအနည်းငယ် ဆက်လှမ်းလိုက်သော်လည်း သူမခန္ဓာကိုယ်မှာ အားနည်းနေသည့်အတွက် လဲကျသွားတော့သည်။ သူမနဖူးက ကျောက်သားနံရံကို ရိုက်မိပြီး ခန္ဓာကိုယ်၏အားနည်းနေမှုနှင့် သူမကျင့်ကြံခြင်းအခြေခံကို ကာကွယ်ပေးနေသည့်အရာတစ်ခုမှ မရှိသဖြင့် သူမအသားများ စုတ်ပြဲသွားပြီး သွေးများ စီးကျလာသည်။

သူမမှာ အံ့အားသင့်သွားပြီး မျက်ရည်များ ဝဲလာရင်း ကုန်းရုန်းပြန်ထသော်လည်း မထနိုင်ပေ။ မန်ဟိုက သူမကို ထူပေးရန် လျှောက်လာသည်။

“ကျေးဇူးတင်ပေမယ့် ငါ့ဘာသာငါ လုပ်နိုင်ပါတယ်” သူမက နွမ်းဖတ်နေသောအပြုံးလေးဖြင့် ပြောသည်။

“ချူယွီယန်” မန်ဟိုက အော်ရင်း သူမကို လှမ်းထူပေးလိုက်လေသည်။

***

All Chapters