← Chapters

လေဟုန်ခွင်းလောကသို့ သွားရာလမ်း

Vol. 78 Ch. 1084

လေဟုန်ခွင်းလောကသို့ သွားရာလမ်း

Vol. 78 Ch. 1084

ချူယွီယန်မှာ တုန်ရီသွားပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူမက မန်ဟို့ကို ဖြေးညှင်းစွာ လှည့်ကြည့်၍ ရှိရှိသမျှအားအင်အကုန်လုံး စုစည်းကာ ပြောလေသည်။ “ငါ့ ကို လွှတ် လိုက်”

မန်ဟို မျက်မှောင်ကြုတ်သွားသည်။

“ဘာလဲ လက်မဖယ်နိုင်ဘူးလား” သူမက ခနဲ့သည်။ “မီးတောင်ထဲက နှစ်တုန်းကလိုလေ”

“မင်း အခု အရမ်းအားနည်းနေတယ်” သူက သူမလက်ကို လွှတ်ပေးရင်း တည်ငြိမ်စွာ ပြန်ပြောသည်။ “ထွက်သွားရဖို့ သိပ်လောမနေနဲ့လေ”

“ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်” သူမအသံလေးမှာ ယခင်ထက်ပင်ပို၍ အားနည်းသွားသည်။ “ပြန်ပေးဆွဲခံရတဲ့ကိစ္စအတွက်တော့ နင် ကိုယ့်ကိုယ်ကို အပြစ်တင်နေစရာမလိုဘူး။ နင်ကိုယ်တိုင် လုပ်ခဲ့တာမှ မဟုတ်တာ" သူမသည် ဆံမျှင်လေးတစ်မျှင်ကို နားနောက်သပ်၍ သူမကိုယ်သူမထိန်းရန် ဂူနံရံကို အားပြုရင်း ရှေ့သို့ တရွေ့ရွေ့ လျှောက်သွားလေသည်။

မန်ဟိုက မတားပေ။

သူမ ထွက်ပေါက်သို့ ရောက်တော့မည့်ဆဲဆဲမှာပင် အားနည်းမှုက သူမကို စိုးမိုးသွားသည်။ သူမအမြင်အာရုံတို့ ဝေဝါးသွားပြီးနောက် လောကကြီးနှင့်အဆက်အသွယ် ပြတ်သွားတော့သည်။

မန်ဟိုက သက်ပြင်းချရင်း သူမ လဲမကျသွားခင် ပွေ့ချီလိုက်သည်။ ထို့နောက် သူမကို မြေကြီးပေါ် အသာအယာချရင်း သူကတော့ ခံစားချက်များ ရှုပ်ထွေးနေသောမျက်နှာထားဖြင့် သူမဘေးတွင် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

ကျင့်ကြံခြင်းဂူမှာ အလွန်တရာတိတ်ဆိတ်နေသည်။ မန်ဟို့အတွေးများလည်း နယ်ချဲ့နေသည်။ တောင်ကောင်းကင်ဂြိုဟ်ပေါ်တွင် ဖြစ်ပျက်ခဲ့သော မြင်ကွင်းမျိုးစုံက သူ့စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေ၏။

အချိန်များ ကုန်လွန်သွားသည်။ နှစ်ရက်ကြာသော် ချူယွီယန်၏မျက်ဝန်းလေးများ ပြန်ပွင့်လာသည်။ ယခုတွင် သူမသည် အားအတော်အတန် ပြန်ပြည့်သွားပြီဖြစ်သော်လည်း အားနည်းနေသေး၏။ သူမက ထပ်မံကုန်းရုန်းထလိုက်သော်လည်း ဤတစ်ခေါက်တွင် ထွက်သွားဖို့တစ်ခွန်းမဟပေ။ သူမက သည်အတိုင်း ငေးငေးကြောင်သာ ကြည့်နေရင်း တင်ပျဉ်ခွေထိုင်လိုက်သည်။

“ဟန်ပေ့ကို မှတ်မိလား” မန်ဟိုက ရုတ်တရက် မေးသည်။

ချူယွီယန်က အတော်လေးကြာသည်အထိ ပြန်မဖြေပေ။ နောက်ဆုံးတော့ သူမသည် မျက်ခုံးလေးနှစ်ဖက်အား တွန့်ချိုးလျက် မန်ဟို့ကို ပြန်လှည့်ကြည့်၏။

“ဟန်ပေ့က ဘယ်သူလဲ”

မန်ဟို့မျက်လုံးများ ပြူးကျယ်သွားသည်။ တခဏတွေးပြီးသော် သူက ပြန်ဖြေလိုက်သည်။ “ဟန်ပေ့က တောင်ကောင်းကင်ဂြိုဟ်ကပဲ။ တောင်ပိုင်းဒေသမှာရှိတဲ့ ချင်းလော်ဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်”

“မမှတ်မိဘူး” သူမက သူ့ကို ကြည့်ရင်း ပြောသည်။ “ချင်းလော်ဂိုဏ်းနဲ့ ငါက သိပ်အဆက်အသွယ်မှ မရှိတာ။ ဘာလို့လဲ”

“အာ ဘာမှတော့ မဟုတ်ပါဘူး။ တလောက ဖြစ်ပျက်သွားခဲ့တဲ့တစ်ခုကို တွေးနေတာ” သူသည် ချူယွီယန်အဖြေက သိပ်အထောက်အကူမဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာမည်းမှောင်သွား၏။ ချူယွီယန်မှာ ... တကယ်တမ်း အစကတည်းက ချင်းလော်ဂိုဏ်းအကြောင်း များများစားစား မသိခဲ့သူမဟုတ်ပါလော။

ထို့ကြောင့် သူမအနေဖြင့် ဟန်ပေ့ကို မသိခြင်းလည်း ဖြစ်နိုင်သည်။ သူမ ဟန့်ပေ့ကို ယခု မမှတ်မိသည်မှာ သဲလွန်စတစ်ခုဖြစ်သော်လည်း သက်သေမဟုတ်သလို၊ အဖြေလည်း မဟုတ်ပေ။ ဇီယွင်ဂိုဏ်းရှိ ချူယွီယန်၏အဆင့်အတန်းက ချင်းလော်ဂိုဏ်းရှိ ဟန်ပေ့အဆင့်အတန်းနှင့် များစွာခြားနားခဲ့သည်မဟုတ်ပါလော။

သူမ ဟန်ပေ့အကြောင်း ကြားပင်မကြားဖူးခဲ့သလို၊ သူမကို ဂရုပြုနိုင်လောက်သည်အထိ အာရုံမရှိခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

မန်ဟို ထိုကိစ္စကို ဆက်လက်မဆွေးနွေးလိုတော့ကြောင်း မြင်လျှင် ချူယွီယန်က ဘာတစ်ခွန်းမှ ထပ်မမေးတော့ပေ။ သူမက တရားထိုင်ရန် မျက်လုံးများ ပိတ်လိုက်သည်။ ယခုတွင် သူမသည် ထွက်သွားရန် အားမရှိသေးသည့်အတွက် အကောင်းဆုံးက တတ်နိုင်သမျှ မြန်မြန်သက်သာလာအောင် လုပ်ဖို့သာဖြစ်ကြောင်း သိ၏။ ထို့မှသာလျှင် ဂိုဏ်းသို့ ပြန်နိုင်လိမ့်မည်။ သူမမှာ ...မန်ဟို့ကို မကြည့်ချင်ပေ။ သူမကို မြင်တိုင်း သူမမှာ ရှို့တို့ရှန်းတန်း ဖြစ်ရသည်၊ ရင်ခုန်သံများ ဗြောင်းဆန်ရလေသည်။

တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာလာခဲ့ပြီးသော နောက်ရက်များတွင် သူမသည် မန်ဟိုနှင့်ပတ်သက်ပြီး မည်သည့်အရာကို သူမ သဘောကျခဲ့သည်လဲ သူမကိုယ်သူမ မကြာခဏ မေးခဲ့၏။ မီးတောင်ထဲက မတော်တဆမှုတစ်ခုတည်းတင် မဖြစ်နိုင်သလို၊ ထို့နောက်ပိုင်း ဖြစ်ပွားခဲ့သော အရာများလည်း မဖြစ်နိုင်ပေ။ အဆုံးသတ်တွင် သူမမှာ အကြောင်းပြချက်ကောင်းကောင်း ရှာမတွေ့ခဲ့ပေ။ သူမအနေဖြင့် သူ့ကို မုန်းသင့်ကြောင်း သိသော်လည်း သူမမည်မျှကြိုးစားကြိုးစား ... သူ့ပုံရိပ်က သူမနှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်နေသည့်အလားပင်။ တစ်ခါတရံ ထိုပုံရိပ်က ဇီယွင်ဂိုဏ်းမှ ဖန်မု ၊ တစ်ခါတရံ မန်ဟို။ တစ်ခါတလေကျပြန်တော့ နှစ်ယောက်လုံးဖြစ်နေပြန်သည်။

သူမမှာ ထိုပုံရိပ်များကို ဖယ်ရှားမရခဲ့ပေ။ ၎င်းကား ကျိန်စာတစ်ခုကဲ့သို့ပင်။

ချူယွီယန်သည် သက်ပြင်းချ၍ မျက်လုံးများပိတ်ကာ တရားဆက်ထိုင်နေလိုက်၏။

ကျင့်ကြံခြင်းဂူမှာ ထပ်မံတိတ်ဆိတ်သွားပြန်သည်။ တဒင်္ဂကြာသော် သူ့ခေါင်းထဲ၌ ဖြစ်နိုင်ခြေပေါင်းများစွာ ဖြတ်ပြေးသွားသဖြင့် မန်ဟို့မျက်လုံးများမှာ တောက်ပလာတော့သည်။

“ငါ အတွေးလွန်နေတာလည်း ဖြစ်နိုင်ပေမယ့် ... အခြေအနေတစ်ခုက တစ်မျိုးကြီးပဲ” ကိစ္စတစ်ရပ်လုံးသည် ရိုးရှင်းသယောင်ထင်ရသော်လည်း တွေးကြည့်လေလေ၊ ရှုပ်ထွေးလေလေ ဖြစ်သည်။ နောက်ဆုံးတော့ သူ့မှာ သာမန်မဟုတ်သည့်အရာတစ်ခု ဖြစ်ပွားနေကြောင်း ယုံကြည်သွား၏။

“အမှန်ကို ရှာတွေနိုင်မယ့် အလွယ်ဆုံးနည်းကတော့ တောင်ကောင်းကင်ဂြိုဟ်ကို ပြန်သွားတာပဲ ဖြစ်မယ်။ ဒါပေမဲ့ ချင်းလော်ဂိုဏ်းက မရှိတော့ဘူးဆိုတော့ အသက်ရှင်ခဲ့တဲ့သူတွေကို လိုက်ရှာဖို့ ခက်မှာပဲ

“ဟုတ်သား ချင်းအာ ကျန်သေးတယ်။ ငါတို့ ပြန်ဆုံတာနဲ့ သူ့ကို မေးလိုက်ရင် သေချာပေါက် သိရလိမ့်မယ်။ ချင်းအာလည်း ဟန်ပေ့ကို မမှတ်မိဘူးဆိုရင်တော့... သေချာပေါက် သိပ်ဆန်းကြယ်တာတစ်ခု ဖြစ်ပျက်နေပြီလို့ ဆိုလိုတယ်"

လေဟုန်ခွင်းလောက ပွင့်တော့မည်ဖြစ်၍ မန်ဟိုသည် ပြင်ဆင်မှုများလုပ်ဆောင်ရန် အချိန်ပေးနေ၏။ သူက သူ၏ ချေးပိုးထိုးများအား ဝိညာဉ်ကျောက်တုံးများ ကျွေးပြီး ဖြစ်စဉ်ကို မြန်ဆန်စေဖို့ ပို၍များများပင် ကျွေးနေသည်။ ကုန်လွန်သွားခဲ့သော ရက်များအတောအတွင်း သူက တစ်ကောင်ပြီးတစ်ကောင် ချိတ်ပိတ်ရင်း သူ့သိုလှောင်အိတ်ထဲ ထည့်နေသည်။

ထို့အပြင် သူသည် သူ၏အင်မော်တယ်ဧကရာဇ်အဆင့်ကိုလည်း အထွတ်အထိပ်အခြေအနေတွင် ထိန်းထားသည်။ သူကား ယခင်ထက်ပို၍ အဆများစွာ အစွမ်းထက်နေပြီဖြစ်သည့်အပြင် နတ်ဘုရားအာရုံအရာတွင်လည်း သန်မာနေသည်။ ထိုမျှသာမက ကြုံတွေ့ခဲ့ရသော စစ်ဆေးစမ်းသပ်မှုအကုန်လုံးကြောင့် သူ့ကျင့်ကြံခြင်းအခြေခံသည် ကြောက်ခမန်းလိလိ တိုးတက်ခဲ့၏။

သို့သော် ထိုအရာများက သူ့ဝှက်ဖဲမဟုတ်ပေ။ သူ့ဝှက်ဖဲက ရှေးဟောင်းနယ်ပယ်အပြင်အားကိုယ်နှင့် သူ့မျက်လုံးထဲတွင် မီးလင်းနေသော ဝိညာဉ်မီးအိမ်နှစ်လုံးပင်။ ထိုအရာများကြောင့် သူ၏အတိုက်အခိုက်စွမ်းရည်သည် ရင်သပ်ရှုမောဖွယ်ကောင်းစွာ မြင့်တက်လာခဲ့၏။

သူ နောက်ထပ်လုပ်သောအရာမှာ သူ့သိုလှောင်အိတ်ကို စနစ်တကျ စီစဉ်ခြင်းပင်။ သူသည် လေဟုန်ခွင်းလောကအတွက် စေ့စေ့စပ်စပ် ပြင်ဆင်ထားပြီးဖြစ်ချင်၏။ သူက ဝိညာဉ်အင်မော်တယ်ကျောက်တုံးများနှင့်အတူ ရရှိခဲ့သော တစ်ဝက်ကျွမ်းလောင်ထားသည် အမွှေးတိုင်ကိုလည်း ထုတ်လိုက်သည်။ ၎င်းကို အတန်ကြာ ဂရုတစိုက်လေ့လာပြီးနော်က သူက သိုလှောင်အိတ်ထဲ သေသေချာချာ ပြန်ထည့်လိုက်၏။

“ငါ လေဟုန်ခွင်းလောကထဲမှ ဒုတိယနိဗ္ဗာနသစ်သီးကို စုပ်ယူဖို့ အခွင့်ကောင်း ရှာရမယ်” သူက အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။

မကြာမီ ခုနစ်ရက် ကြာခဲ့လေပြီ။ မိုးသောက်ယံတွင် ခေါင်းလောင်းသံများက ကိုးပင်လယ်နတ်လောကတစ်ခုလုံးတွင် တဒေါင်ဒေါင် မြည်လာကြသည်။ မန်ဟို့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး လင်းလက်တောက်ပနေ၏။

သူ့မျက်လုံးပွင့်လာသောအခိုက်အတန့်တွင် ရှေးဆန်သောအသံတစ်သံက သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။ ၎င်းကား နတ်ဆရာသခင်မှ တစ်ပါး အခြားမဟုတ်ပေ။ “မန်ဟို အချိန်ကျပြီ။ တောင်ထိပ်ကို လာခဲ့တော့”

မန်ဟိုက အသက်ဝဝရှူကာ ထပ်ရပ်လိုက်သည်။ တစ်ဆက်တည်းမှာပင် သူသည် လက်နှစ်ဖက်လုံးအား ဝှေ့ယမ်းလိုက်ရာ အနက်ရောင်အလင်းတန်းများစွာ သူ့ထံ ပျံသန်းလာကြသည်။ အဆုံးသတ်တွင် သူ့လက်ဝါးပေါ်၌ အနက်ရောင်သစ်စေ့ငါးဆယ်ကျော် ရှိနေလေပြီ။ သူက ၎င်းတို့ကို သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

သူက မျက်လုံးများဖွင့်၍ သူ့ကို ပြန်ကြည့်နေသော ချူယွီယန်ကို လှမ်းကြည့်လိုက်သည်။

“ကိုယ့်ကိုယ်ကို သေသေချာချာ ဂရုစိုက်” သူမက တိုးတိုးလေး ပြောသည်။

မန်ဟိုက ခေါင်းညိတ်၍ ကျင့်ကြံခြင်းဂူတံခါးထံသို့ လမ်းလျှောက်သွားသည်။ ထိုနေရာတွင် သူသည် တုံ့ခနဲ ရပ်လိုက်၏။

“ငါ သွားမယ့်နေရာက တခြားလောကတစ်ခုရဲ့ ကြေမွနေတဲ့ အကြွင်းအကျန်နေရာပဲ။ အဲဒီက သဘာဝနိယာမတွေဟာ မပြည့်စုံတဲ့အတွက် သူတို့ကို ဆင်ခြင်သုံးသပ်တဲ့အခါ အများကြီးပိုလွယ်ကူစေတယ်။ မင်းကိုယ်ထဲက အဆိပ်ကတော့ ခုနစ်ရက်အတွင်း ပျောက်သွားပြီး ကျင့်ကြံခြင်းအခြေခံ အကောင်းတိုင်း ပြန်ဖြစ်လာလိမ့်မယ်...

“အဲဒီအခါကျ မင်းအနေနဲ့ အင်မော်တယ်နယ်ပယ်ရဲ့အစပ်နားရောက်ပြီး အဆင့်တက်ခါနီးဆဲဆဲ ဖြစ်သွားးပြီ

“ငါ သွားမယ့် နေရာက ပရမ်းပတာဖြစ်နေတဲ့ သဘာဝနိယာမကြောင့် အင်မော်တယ်အဆင့်တက်ဖို့အတွက် သိပ်သင့်တော်လိမ့််မယ်။ ဒါပေမဲ့ အန္တရာယ်လည်း များတယ်။ မင်း ... လိုက်ခဲ့ချင်လား”

ချူယွီယန်သည် ဝေခွဲရခက်နေပြီး စဉ်းစားနေသော အမူအရာဖြင့် တိတ်ဆိတ်စွာ ထိုင်နေ၏။ တခဏကြာသော် သူမအမူအရာမှာ စိတ်ပိုင်းဖြတ်လိုက်သောပုံစံ ဖြစ်လာသည်။ သူမသည် တစ်ခါတုန်းက ...  ဆေးလုံးမိစ္ဆာ သူမကို ပြောခဲ့ဖူးသည့်အရာကို ရုတ်တရက် သတိရလိုက်၏။

ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်ပါ။ အဲဒီလိုလုပ်မှ ... တစ်နေ့ မင်း အရာရာတိုင်းကို ဆုံးရှုံးလိုက်ရတာကို တွေ့ရတဲ့အခါ မဟာတာအိုတစ်ပါးကိုတော့ မင်း ဆက်လက်ပိုင်ဆိုင်ထားနိုင်လိမ့်မယ်

ချူယွီယန်သည် မန်ဟို့ကို မော့ကြည့်၍ ပြောလိုက်၏။ “ကျေးဇူးပါပဲ ငါ လိုက်ခဲ့မယ်”

မန်ဟိုက ဘာမှပြန်မပြောပေ။ သူက ညာဘက်အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ ဆွဲအားတစ်ခုပေါ်လာသည်။ ချူယွီယန်က မရုန်းကန်ဘဲ ဆွဲအားအား သူမကို မန်ဟို့သိုလှောင်အိတ်ထဲ ပွေ့သယ်ခွင့်ပေးလိုက်သည်။

နောက်ဆုံးတွင် မန်ဟိုက လှည့်၍ ကျင့်ကြံခြင်းဂူထဲမှ ဖျတ်ခနဲ ထွက်လိုက်သည်။

သူက တံခါးအပြင်တွင် ပေါ်လာလျှင်ချင်း အပေါ်ထိုးတက်သွားသည်။ ထိုသို့ပျံတက်နေစဉ် သူသည် မိစ္ဆာကျင့်ကြံသူများနှင့် စုရန်ကို ငုံ့ကြည့်ပြီး ဖမ်းဆုပ်သည့်လက်ဟန်လုပ်ကာ သူတို့ကို ချိတ်ပိတ်ရင်း သူ့သိုလှောင်အိတ်ထဲ ဆွဲငင်လိုက်၏။ “ကြက်တူရွေး ၊ အသားဂျယ်လီ သွားကြစို့"

ကြက်တူရွေးမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး အသားဂျယ်လီမှာတော့ အံ့အားသင့်သွားပုံပေါ်သည်။

“ဘယ်ကိုတုန်း”

“လေဟုန်ခွင်းလောက”

ဝုန်း

မန်ဟိုက ရေထဲမှ ထွက်၍ ကောင်းကင်သို့ ပျံတက်လိုက်သည်။ ကြက်တူရွေးနှင့် အသားဂျယ်လီက အလင်းတန်းများအသွင်ပြောင်းရင်း အမှီလိုက်ရာ မန်ဟို့ပခုံးပေါ် နားလိုက်ကြသည်။ အသားဂျယ်လီကား ပွစိပွစိ ပြောနေဆဲပင်။

“လေဟုန်ခွင်းလောက။ အဲဒါ ဘာတုန်း၊ ဘယ်လိုနေရာကြီးလဲ။ တစ်ခါမှ မရောက်ဖူးဘူး။ ဘယ်လိုသွားရမှာလဲ ဟမ်။ ဟေ့ကောင် ဘာလို့ဘာမှမပြောတာတုန်း”

“ပိတ်ထားစမ်း” ကြက်တူရွေးက ငေါက်လိုက်သည်။ ထို့နောက် ၎င်း လည်ချောင်းရှင်း၍ စကားပြောတော့မည့်အချိန်မှာပင် မန်ဟိုက ကြားဖြတ်ပြောလေသည်။ “အဲဒီမှာ လူယုတ်မာတွေ ရှိတယ်။ အမွှေးအတောင်တွေအများကြီးနဲ့ သတ္တဝါတွေရောပဲ” ချက်ချင်းပင် အသားဂျယ်လီသည် လေးနက်သွားပြီး ကြက်တူရွေးမှာ အလွန်စိတ်လှုပ်ရှားသွားသည်။ နလပိန်းတုံးနှစ်ကောင်က တစ်ကောင်ကို တစ်ကောင်ကြည့်ပြီး စိတ်လှုပ်တရှား တဝိုးဝိုးအော်ဟစ်နေကြတော့သည်။

မန်ဟိုက အမြန်ဆုံးအရှိန်ဖြင့် ဂိုဏ်း၏နယ်မြေများအထက်မှ ဖြတ်ကျော်သွားသည်။ မကြာမီ သူ ဘွားဘွားကိုးနှင့် နတ်ဆရာသခင်ကို ပထမဆုံး တွေ့ခဲ့ရသည့် တောင်ထိပ်က အရှေ့တွင် ပေါ်လာလေသည်။

ယခင်အတိုင်း တောင်ထိပ်ကို လင်းလက်နေသော အဖြူရောင်နှင်းများဖြင့် ဖုံးနေသည်။ သို့သော် အသစ်ထပ်ပေါ်လာသည်ကတော့ ကောင်းကင်ထက်သို့ မြင့်တက်ရင်း ဂိုဏ်းထဲမှ ထွက်၍ နဝမပင်လယ်ကို ဖြတ်ကာ ကြယ်တာရာကောင်းကင်အထိ ထိုးထွက်နေသော အလင်းတန်းတစ်တန်းပင်။

ထို့နောက် ကိုးပင်လယ်နတ်လောက၏ နေရာအသီးသီးမှ နောက်ထပ်အလင်းတန်းခြောက်တန်းလည်း ကောင်းကင်ထဲသို့ ထိုးတက်သွားသည်။ ကိုးပင်လယ်နတ်လောက၏ မန္တန်ဝင်္ကပါအားလုံး ကြောက်ခမန်းလိလိဖိအားကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်၍ အသက်ဝင်လာကြ၏။

မန်ဟိုမှာ ထိုမြင်ကွင်းကို လှမ်းကြည့်လိုက်သည့်အခါ အလင်းတန်းတစ်တန်းစီ၏အထဲတွင် တာအိုနယ်ပယ်ခေါင်းဆောင်ကြီးတစ်ဦးစီထိုင်နေကြောင်း တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားတော့သည်။ ဘွားဘွားလည်း နတ်ဆရာသခင်နှင့် လင်းယွင်ကျစ်တို့နှင့်အတူ ရှိနေသည်။ မိစ္ဆာခေါင်းဆောင်ကြီးနှစ်ဦးပင် ရှိနေသည်။

စုစုပေါင်း အလင်းတန်းခုနစ်တန်းက ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားနေသည်။ ထိုနေရာတွင် အက်ကွဲကြောင်းတစ်ကြောင်း ဖြစ်ပေါ်လာသဖြင့်ပ ပုံပျက်လှိုင်းများထလာသည်ကို မြင်ရနိုင်၏။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နယ်ပယ်နှင့် ရှေးဟောင်းနယ်ပယ်အပါအဝင် ကိုးပင်လယ်နတ်လောကရှိ ကျင့်ကြံသူအားလုံးသည် ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခုအဖြစ် နေရာယူထားရင်း တင်ပျဉ်ခွေလျက် တရားထိုင်နေကြ၏။

သူတို့ ကျင့်ကြံခြင်းအခြေခံစွမ်အားမှ ထုတ်လွှတ်နေကြစဉ် မိုးနှင့်မြေ၏ သဘာဝစွမ်းအားများ ဆင်းသက်လာကာ ကိုးပင်လယ်နတ်လောက၏စွမ်းအားကို ပေါ်ထွက်လာစေသည်။  စွမ်းအားက အလင်းတန်းခုနစ်တန်းထဲသို စီးဆင်းဝင်ရောက်ကာ ၎င်းတို့အား ပို၍ပင် တောက်ပလာစေတော့သည်။

မကြာမီ မိစ္ဆာကျင့်ကြံသူများအပါအဝင် ကိုးပင်လယ်နတ်လောကဂိုဏ်းသားအားလုံး၏ ကျင့်ကြံခြင်းအခြေခံစွမ်းအား အပြည့်အဝကို ထုတ်လွှတ်နေလေပြီ။ တစ်ဂိုဏ်းလုံး တသိမ့်သိမ့် တုန်လာပြီး မြေငလျင်များ လှုပ်ခတ်လာသည်။ ရုတ်တရက် ကုန်းမြေတစ်ခုလုံး မြောက်တက်စပြုလာ၏။ တစ်လက်မမြောက်တက်လာတိုင်း အလင်းတန်းခုနစ်တိုင်းမှာ ပို၍ပင် တောက်ပလာကြသည်။ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများအား ကြားရနိုင်ပြီး ကြယ်တာရာကောင်းကင်ထက်ရှိ အကွဲကြောင်းကြီးမှာ ပို၍ကျယ်ကျယ် ပွင့်လာလေပြီ။

ထိုအကွဲကြောင်းက .... လေဟုန်ခွင်းလောကသို့ သွားရာလမ်းဖြစ်သယောင်ပင်။

မြေထုကြီးတစ်ခုလုံး မြင့်သထက် မြင့်တက်လာပြီး မြန်သထက် မြန်လာသည်။ မကြာမီ ၎င်းသည် တစ်ခါရွေ့တိုင်း မီတာပေါင်းများစွာ မြင့်တက်နေလေပြီ။ ပင်လယ်ရေများက အောက်သို့ တဝေါဝေါ ကျနေသည်။

မန်ဟိုမှာ လေဟုန်ခွင်းလောကသို့ ရောက်ရှိလိုသော မျှော်လင့်ချက်များ မျက်ဝန်းများတွင် တောက်ပနေလျက် ဤအရာအားလုံးဖြစ်ပျက်နေသည်ကို ကြည့်ရင်း တုန်လှုပ်နေတော့သည်။

“လောကတစ်ဝက် ပျက်စီးသွားတာနဲ့ သဘာဝနိယာမအတော်များများ ပြောင်းလဲသွားတာကလွဲရင် အရာအားလုံးက တစ်ချိန်တုန်းက အဆင့်နိမ့်လောကတစ်ခုရဲ့ ပြီးပြည့်စုံတဲ့ ပုံတူတစ်ခုပဲ

“လေဟုန်ခွင်းလောက” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

***

All Chapters