လေဟုန်ခွင်းလောကသို့ ရောက်ရှိခြင်း
Vol. 78 Ch. 1085
ဝုန်းးးးးးး
မိုးခြိမ်းသံကဲ့သို့ ဂျလိန်းဂျလိန်းမြည်သံများက အရပ်လေးမျက်နှာသို့ အားကောင်းပြင်းထန်စွာ ပဲ့တင်ထပ်ရင်း န၀မပင်လယ်တစ်ခုလုံးတွင် ပြည့်နှက်နေသည်။ နိုးထလာနေသော ဘီလူကြီးတစ်ကောင် ရေမျက်နှာပြင်အောက်မှ ထိုးထွက်လာတော့မည့်အလား ရေများက ပွက်ပွက်ဆူနေပြီး တဝေါဝေါ မြင့်တက်နေသည်။
ထိုဘီးလူကြီးကား .... ကိုးပင်လယ်နတ်လောကမှတစ်ပါး အခြားမဟုတ်ပေ။ ၎င်းက မီတာ ၃၀၀ အထိ မြင့်တက်လာသည်။ ထို့နောက် မီတာ ၃၀၀၀၀။ အသက်ရှုချိန်အနည်းငယ်လေးအတွင်း မြေထုကြီးတစ်ခုလုံးက လေပေါ် မြောက်တက်လာခဲ့သဖြင့် န၀မပင်လယ်တစ်ခုလုံးမှာ တဝုန်းဝုန်း မြည်သွားတော့သည်။
အဝေးမှကြည့်လျှင် ၎င်းသည် အလင်းတန်းခုနစ်တန်း ထိုးထွက်သော ဧရာမကျွန်းကြီးတစ်ခုနှင့်တူသည်။ အလင်းတန်းများက ကြယ်တာရာကောင်းကင်အထိ ထိုးတက်သွားကာ ခေါင်းအထက်ရှိ အကွဲကြောင်းအား ပိုပို၍ ကြီးမားလာစေသည်။
တစ်ချိန်တည်းမှာပင် ဖန်းတုံးအာက တောင်အပေါ်က မန်ဟိုအနားတွင် ပေါ်လာသည်။ သူမလည်း စိုးရိမ်ကြောင့်ကြပြီး စိတ်လှုပ်ရှားနေသော အမူအရာလေးဖြင့် ကောင်းကင်သို့ မော့ကြည့်နေသည်။
ဖန်းတုံးအာအပြင် နောက်ထပ် ယောက်ျားနှစ်ယောက်၊ မိန်းမ တစ်ယောက် စုစုပေါင်း သုံးယောက်ရှိသေးသည်။ သူတို့လည်း မန်ဟိုနည်းတူဖြစ်ရာ သူသည် သူတို့အား ကိုးပင်လယ်နတ်လောက၏ ရွေးချယ်ခံဂိုဏ်းသားများအဖြစ် မှတ်ယူလိုက်၏။
သူတို့အားလုံးက ပြင်းပြသော မျှော်လင့်ချက်များဖြင့် စောင့်ဆိုင်းနေကြလေသည်။
တောင်၏အခြားတစ်ဖက်တွင် ပုံရိပ်များစွာ တစ်ဆက်တည်း ပေါ်လာကြသည်။ ပေ့ယွီက သူတို့ထဲတွင် ပါ၀င်၏။ သူမက မိစ္ဆာကျင့်ကြံသူသုံးယောက်ဖြင့် ခြံရံလျက် ဖြည်းညင်းစွာ ထွက်လာ၏။ သူတို့အားလုံးတွင် နက်ရှိင်းသော ကျင့်ကြံခြင်းအခြေခံများ ရှိကြလေသည်။ သူတို့ထဲမှ တစ်ယောက်ကို မန်ဟို မှတ်မိလိုက်သည်။ သူကား သိပ်မကြာခင်ကမှ မန်ဟို တိုက်ခိုက်ခဲ့သော ကိုယ်ကာယကျင့်ကြံသူလူသန်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။ သိသိသာသာပင် ကိုးပင်လယ်နတ်လောကမှ လေဟုန်ခွင်းလောကကို ဖွင့်သောအခါ မန်ဟိုတစ်ယောက်တည်း ၀င်ရောက်ရမည်မဟုတ်ပေ။ ဤလူအားလုံးက သူနှင့်အတူ ၀င်ရောက်မည်ဖြစ်သည်။
ထိုစဉ် တူညီသောမြင်ကွင်းသည် အဋ္ဌမပင်လယ်တွင် ဖြစ်ပွားနေ၏။ ထိုနေရာတွင် အလင်းတန်းများက နဝမပင်လယ်တွင် ဖြစ်ပွားနေသည့်အတိုင်း နတ်လောကမှ မြင့်တက်၍ ကြယ်တာရာကောင်းကင်အထိ ထိုးထွက်ရင်း အကွဲကြောင်းတစ်ကြောင်းကို ဖွင့်နေကြသည်။ အဋ္ဌမပင်လယ်တွင် ဧရာမမြေထုကြီးတစ်ခုပေါ်လာပြီး ၎င်းအပေါ်၌ ပြင်းပြသော မျှော်လင့်ချက်များဖြင့် စောင့်စားနေသော လူရှစ်ယောက်အဖွဲ့ကို မြင်နိုင်သည်။
ထိုလူများထဲမှ တစ်ယောက်မှာ အတိုင်းထက်အလွန် ပိန်ချုံးနေပြီး အခြားလူနှင့် ခပ်ခွာခွာတွင် ရပ်နေ၏။ သူ့အား တဝီးဝီးလည်နေသော အရိုးပေါင်းများစွာဖြင့် ခြံရံထားပြီး မဆိုစလောက် ပြုံးနေသော သူ၏ မျက်လုံးများက အေးစက်စက် တောက်ပနေလေသည်။
"လေဟုန်ခွင်းလောက။ ငါ စိတ်တိုင်းကျ သတ်နိုင်တော့မယ်"
သတ္တမပင်လယ်၊ ဆဋ္ဌမပင်လယ်၊ ပဉ္စပင်လယ်၊ စတုတ္ထပင်လယ်တို့တွင်လည်း ထိုနည်းတူပင်။ ဤအခိုက်အတန့်တွင် ၎င်းတို့အားလုံးထံမှ ဧရာမကုန်းမြေကြီးများနှင့်အတူ ကြယ်တာရာကောင်းကင်တွင် အက်ကွဲကြောင်းများဖွင့်ရန် အလင်းတန်းများက ထိုးထွက်လာနေကြသည်။
စတုတ္ထပင်လယ်ပေါ်တွင် ရယ်သံကြီး ဟိန်းထွက်လာ၏။ အနက်ရောင်၀တ်ရုံကို ၀တ်ထားသော လူငယ်တစ်ယောက်က တဟားဟား ရယ်ရင်း ရပ်နေလေသည်။ သူ့နဖူးထက်တွင် တဖြတ်ဖြတ် လက်နေသော အက်ရှလွန်အမှတ်တစ်ခုအား မြင်ရနိုင်၏။
အကြင်နာမဲ့သွေးအေးသော အလင်းရောင်အား သူ့မျက်လုံးများတွင် မြင်ရနိုင်ပြီး ကြယ်တာရာကောင်းကင်ရှိ အကွဲကြောင်းကြီး ဖြည်းညင်းစွာ ပွင့်လာသည်နှင့်အမျှ သူ၏ ရယ်သံများမှာ ပိုမိုကျယ်လောင်လာတော့သည်။
မရေမတွက်နိုင်သော လူများက အင်မတန် လေးစားရိုသေမှုကို ပြသလျက် သူ့ဘေးနားတွင် ရိုရိုကျိုးကျိုး ရပ်နေကြသည်။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကရှိ နေရာအသီးသီး၏ ပင်လယ်များထက်တွင် အက်ရှလွန်စာရင်းဝင် တစ်ဦးတစ်ယောက်ချင်းစီအား မြင်ရနိုင်လေသည်။ သူတို့အားလုံးသည် လေဟုန်ခွင်းလောက ပွင့်လာမည်ကို စောင့်ဆိုင်းနေကြ၏။ ဤလူအားလုံးက ရွေးချယ်ခံများဖြစ်ပြီး မည်သူ့ကိုမဆို မန်ဟိုနှင့် တစ်ဆင့်တည်း သတ်မှတ်နိုင်၏။ တောင်ပင်လယ်လောကရှိ သူတို့၏ပိုင်နက်များတွင် သူတို့ကား ကျော်ဖြတ်၍မရသော တောင်ကြီးများနှင့် တူလေသည်။
ယခုတွင် ဤတောင်သဖွယ်ပုဂ္ဂိုလ်များသည် အက်ရှလွန်တိုက်ပွဲများ တည်ရှိရာဖြစ်သည့် လေဟုန်ခွင်းလောကထဲသို့ ၀င်ရောက်ပေတော့မည်။
အချို့အက်ရှလွန်များအတွက်မူ တစ်ယောက်နှင့်တစ်ယောက် ကြိမ်ဖန်များစွာ တွေ့ခဲ့ဖူးပြီးဖြစ်သော်လည်း မန်ဟိုအတွက်တော့ ဤတစ်ကြိမ်က သူတို့နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်ပေလိမ့်မည်။
အက်ရှလွန်တိုက်ပွဲသည် အသက်ကို လောင်းကြေးထပ်ရသည့် တိုက်ပွဲဖြစ်၏။ ၎င်းတို့သည် အဖွဲ၀င်များအကြား ပဋိပက္ခဖြစ်ပွားခြင်းမျိုးမဟုတ်ဘဲ ဘယ်သူက သူတို့အထဲတွင် အင်အားအကြီးဆုံးလဲ ဆုံးဖြတ်ပေးသော တိုက်ပွဲဖြစ်သည်။
အက်ရှလွန်များနှင့် လေဟုန်ခွင်းလောကထဲသို့ ဝင်ရောက်ခဲ့သော တခြားလူများမှာမူ အဓိကမကျပေ။ တကယ်တော့ သူတို့တွင် အစွမ်းအစသာ ရှိလျှင် အက်ရှလွန်စာရင်းဝင်တစ်ယောက်ကို သတ်၍ အက်ရှလွန်နေရာတစ်နေရာကို လုယူခြင်းက မဖြစ်နိုင်ဟုလည်း မဆိုနိုင်ပေ။
ထိုအခိုက်တွင် အမျိုးသမီးလေးတစ်ဦးသည် တတိယတောင်အနားတွင် ပျံသန်းနေ၏။ သူမက အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူမနှင့်ယှဉ်လျှင် သက်ရှိအရာတိုင်းကို မှေးမှိန်သွားစေနိုင်လောက်အောင် လှရက်လွန်းလေသည်။
ဤသည်မှာ ပထမတောင်မှ အက်ရှလွန်လူငယ်နှင့် ကျားကစားနေခဲ့သောမိန်းကလေးပင် ဖြစ်၏။ သူမက မန်ဟို့တည်ရှိမှုကို အာရုံရခဲ့ပြီးနောက် သူနှင့်အတူ ကျားကစား၍ တာအိုအကြောင်း ဆွေးနွေးရန် မျှော်လင့်ရင်း သူ့ကို အရှာထွက်လာခဲ့သည်။ သူမကား အင်မော်တယ်ရှေးဟောင်းဆက်ခံသူ ရွှယ့်အာပင်။
သူမသည် တုံ့ခနဲ ရပ်၍ ခေါင်းလှည့်ကြည့်လိုက်သည်။ လှပသောအပြုံးလေးတစ်ပွင့်က သူမမျက်နှာပေါ်တွင် ဖြစ်ထွန်းသွားပြီး ရုတ်တရက် တစ်လောကလုံးသာမက ကြယ်တာရာကောင်းကင်တစ်ခုလုံးပင် တောက်ပသွားသယောင် ထင်ရသည်။
“ကြည့်ရတော့ နဝမတောင်အထိ သွားစရာမလိုတော့ဘူးနဲ့တူပါရဲ့” သူမက တွေးသည်။ “ငါ သူ့ကို လေဟုန်ခွင်းလောကမှပဲ သွားရှာလိုက်တော့မယ်” သူမက ပြုံးရင်း တတိယပင်လယ်သို့ ထွက်သွားလေသည်။
သူမသည် အက်ရှလွန်ထဲတွင် မပါဝင်သော်လည်း ... မည်သည့်အက်ရှလွန်စာရင်းဝင်မဆို၏ အလေးထားခြင်းခံရသူ ဖြစ်၏။
အမှန်တွင် သူမအကူအညီကို ရယူနိုင်သော မည်သူမဆို အခြားသူများထက် များစွာ အစွမ်းထက်လာနိုင်ပြီး အက်ရှလွန်လမ်းပေါ်တွင် ပို၍တိုးတက်လာနိုင်မည်ဖြစ်သည်။ တကယ်တမ်း သူတို့အောင်မြင်နှုန်းက ... ပို၍ပင်မြင့်မားလာလိမ့်မည်။
တောင်ပင်လယ်လောက၏ ပင်လယ်အားလုံး တပွက်ပွက်ဆူ၍ တဝေါဝေါ အော်မြည်နေကြသည်။ ကြယ်တာရာကောင်းကင်ထဲတွင် ပွင့်လာသော အကွဲကြောင်းများသည် အချိန်နှင့်အမျှ ဆက်လက်ကြီးမားလာနေ၏။ သင်သာ ကြယ်တာရာကောင်းကင်အားလုံးကို မြင်နိုင်သည့် တောင်ပင်လယ်လောကတစ်နေရာတွင် ရှိလျှင် .....
တောင်ပင်လယ်လောက၏ ပင်လယ်ကိုးစင်းစလုံးအထက်က အကွဲကြောင်းများသည် မျဉ်းဖြောင့်အဖြစ် တစ်တန်းတည်းရှိနေသည်ကို မြင်ရနိုင်၏။ သို့သော် လောလောဆယ်တွင် ထိုမျဉ်းဖြောင့်မှာ အပိုင်းကိုးပိုင်းပိုင်းခြားခံထားရပြီး သက်ဆိုင်ရာတောင်ပင်လယ်များကို ဖြတ်၍ ပြန့်ကားလာနေသည့်အလားပင်။ မကြာမီ ထိုမျဉ်းပြတ်များသည် လမ်းကြောင်းတစ်ကြောင်းအဖြစ် အတူတူဆက်သွားပြီး ... ဧရာမအကွဲကြောင်းကြီးတစ်ကြောင်းက တောင်ပင်လယ်လောကတစ်ခုလုံးကို ဆက်ပေးတော့မည်ဖြစ်ကြောင်း သိသာ၏၊
ထိုအချိန်တွင် .... လေဟုန်ခွင်းလောက ပွင့်လာမည်။
လူတိုင်းလူတိုင်းသည် မျှော်လင့်ချက်များဖြင့် စောင့်စားနေကြ၏။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ့မျက်လုံးများက တောက်ပလင်းလက်လာသည်။ သူသည် သူ့နည်းတူ ကျန်တောင်ပင်လယ်များတွင် စောင့်စားနေကြသည့် တခြားအက်ရှလွန်စာရင်းဝင်များကို ခံစားနေရလေသည်။
ဤအခိုက်အတန့်တွင် နတ်ဆရာသခင်၏အသံက နဝမပင်လယ်ထက်တွင် ပဲ့တင်ထပ်လာသည်။ “နဝမပင်လယ်ရဲ့ စိတ်ဆန္ဒဟာ ပါရာဂွန်ပင်လယ်အိပ်မက် ချမှတ်တဲ့ အမိန့်တော်မြတ်တိုင်းကို လက်ခံတယ်။ အို နဝမပင်လယ်ရဲ့ စိတ်ဆန္ဒ.... လေဟုန်ခွင်းတံခါးကို ဖွင့်လော့”
ချက်ချင်းပင် နဝမပင်လယ်သည် တဝုန်းဝုန်း မြည်လာ၏။ ဧရာမလှိုင်းလုံးကြီးများ ရှေ့နောက်ယိမ်းနွဲ့နေစဉ် ဓားတစ်လက်က ရေထဲမှ ထိုးထွက်လာသည်။ ၎င်းသည် ပင်လယ်ရေအတိပြီးနေပြီး မျက်စိတစ်မှိတ်အတွင်း ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ကောင်းကင်ထက်သို့ ပျံတက်သွားလေပြီ။
ဤဓားကာ အသက်တိုင်းကို နှုတ်ယူချုပ်ငြိမ်းပစ်နိုင်သော ဓားဖြစ်သယောင်ပင်။
ဓားက ပေါ်လာလျှင်ချင်း ကြယ်တာရာကောင်းကင်သို့ ထိုးတက်သွားကာ အကွဲကြောင်းကို ပိုင်းချလိုက်သည်။ တစ်လောကလုံး တုန်ခါသွားပြီး တဂျိန်းဂျိန်းမြည်သံများက လူတိုင်းကို စိတ်နှလုံး တုန်လှုပ်သွားစေ၏။ ထို့နောက် အကွဲကြောင်းကြီးက အဋ္ဌမတောင်သို့ တန်းတန်းမတ်မတ် ဦးတည်ရင်း ပွင့်ထွက်လာသည်။
ကြယ်တာရာကောင်းကင်မှာ ကြေမွနေသည့်အလားပင်။ ၎င်းသည် မျက်စိပသာဒမရှိလှရာ မြင်လိုက်ရသည့် မည်သူ့ကိုမဆို ရူးမတတ် တုန်လှုပ်သွားစေ၏။
တစ်ချိန်တည်းမှာပင် အဋ္ဌမတောင်အပေါ်တွင် မရေမတွက်နိုင်သောကျင့်ကြံသူများသည် နဝမတောင်ပင်လယ်မှ အက်ကွဲကြောင်းကြီး သူတို့ထံ ပြန့်ကားဆန့်တန်းလာသည်ကို ကြည့်နေကြ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အဋ္ဌမတောင်ပင်လယ်ထက်က အက်ကွဲကြောင်းနှင် ဆုံစည်းသွားပြီး ထိုအခိုက်တွင် အဋ္ဌမပင်လယ်အောက်မှ ဓားသွားကြီးတစ်ခုသည် ကြယ်တာရာကောင်းကင်သို့ ပျံတက်သွားကာ ထပ်မံပြန့်ကားသွားအောင် ပိုင်းချလိုက်ပြန်၏။
ဓားသွားမှ အားက အက်ကွဲကြောင်းကို သတ္တမပင်လယ်ထံသို့ ပွင့်ထွက်သွားစေသဖြင့် ဂျိန်းခနဲ ကြားလိုက်ရသည်။ ထို့နောက် ဧရာမစေတီကြီးတစ်ခုက သတ္တမပင်လယ်ထဲမှ ပျံတက်လာကာ အကွဲကြောင်းကို ဆဋ္ဌမပင်လယ်ဆီ ဆက်လက်ပြန့်ကားသွားစေသည်....
၎င်းက သံသရာတစ်ခုအလား ပဉ္စမပင်လယ်၊ စတုတ္ထပင်လယ်၊ တတိယပင်လယ်သို့ ဆက်သွားသည်။ နောက်ဆုံး ဧရာမအကွဲကြောင်းကြီး ပထမပင်လယ်ထက်က အက်ကွဲကြောင်းနှင့် ပေါင်းစည်းသွားသောအခါ တောင်ပင်လယ်လောက၏အထက်တွင် အလွန်တရာကြီးမားသော အကွဲကြောင်းတစ်ကြောင်းအား ဖော်ဆောင်ခဲ့ပြီးလေပြီ။
ထိုအက်ကွဲကြောင်း ပွင့်လာသောအခါ အခိုက်အတန့်တွင် မန်ဟိုနှင့်အခြားသူအားလုံး ပြင်းပြင်းထန်ထန် တုန်ရီသွားပြီး ရင်ဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ကြရ၏။ သူတို့၏ ဦးတည်ရာခရီးကား တောင်ပင်လယ်လောကထဲရှိ နေရာတစ်နေရာမဟုတ်ကြောင်း သူတို့အားလုံး ကောင်းကောင်း သိကြသည် မဟုတ်ပါလော။
ဤနတ်မီးလျှံစမ်းသပ်ပွဲသည် တောင်ပင်လယ်လောကမှ ထွက်ခွာ၍ အဆင့်နိမ့်လောကတစ်ခုသို့ သွားရောက်ရမည့် ပွဲဖြစ်သည်။
မန်ဟို့အတွက်မူ ဤခံစားချက်သည် သူ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်၍ အရှေ့အောင်ပွဲဂြိုဟ်သို့ ဦးတည်သွားချိန်က ရရှိခဲ့သော ခံစားချက်နှင့် လားလားမျှ မတူပေ။
နတ်ဆရာသခင်၏ ရှေးဆန်သောအသံက ထပ်မံပဲ့တင်ထပ်လာသည်။ “အချိန်ကျပြီ မန်ဟို ... ထွက်ခွာဖို့ အချိန်ကျပြီ
“မှတ်ထားပါ မင်းက လေဟုန်ခွင်းလောကကို သွားရမယ့် တစ်ယောက်တည်းသော ဂိုဏ်းသားမဟုတ်ဘူး။ ကျန်ပင်လယ်ရှစ်စင်းက ကျင့်ကြံသူတွေလည်း ပါလိမ့်မယ်။ မင်း ကိုယ်ကိုယ်ကိုပဲ အားကိုးလို့ရနိုင်တယ်...
“ပိုလို့တောင် အရေးကြီးတာက ကမ္ဘာအနှစ်သာရက လေဟုန်ခွင်းလောကရဲ့ အလယ်ပိုင်းမှာ ရှိတာ မှတ်ထားဖို့ပဲ။ အဲဒီအနှစ်သာရကို မင်း ရယူရမယ်
“ကမ္ဘာအနှစ်သာရကို ရယူနိုင်တဲ့ ဘယ်သူမဆို ဒီနတ်မီးလျှံစမ်းသပ်ပွဲရဲ့ အနိုင်ရသူ ဖြစ်လာမယ်။ အဲဒီအခါမှပဲ တောင်ပင်လယ်လောက အပြန်တံခါး ပေါ်လာပြီး မင်း ပြန်လာနိုင်မှာ
“လေဟုန်ခွင်းလောကထဲမှာ မင်းကိုယ့်ကိုယ်ပဲ အားကိုးရမယ်ဆိုပေမယ့် တစ်ဂိုဏ်းတည်းသားတွေရဲ့ အကူအညီလည်း ရလိမ့်မယ်။ အတိတ်က အငြိုးအာဃာတတွေဟာ လေဟုန်ခွင်းလောကထဲမှာ အကျုံးမဝင်ဘူး။ မင်းတို့ပြန်ရောက်လာလို့ တစ်ယောက်နဲ့တစ်ယောက် သတ်သတ်ပုတ်ပုတ် ငါ ဂရုမစိုက်ဘူး
“ဒါပေမဲ့ လေဟုန်ခွင်းလောကမှာ အရေးအကြီးဆုံးအရာက .... အဖွဲ့လိုက်လုပ်ဆောင်ဖို့ပဲ”
ရုတ်တရက် နတ်ဆရာသခင်က အင်္ကျီလက်စကို ခါကာ သိုလှောင်အိတ်တစ်လုံးအား မန်ဟို့ထံ ပျံထွက်သွားစေသည်။ ထိုသိုလှောင်အိတ်ထဲတွင် မိစ္ဆာကျင့်ကြံသူအုပ်မှ သူ အနိုင်ရခဲ့သော အင်မော်တယ်ကျောက်စိမ်း သိန်း ၃၀၀၀ ပါရှိ၏။
“မင်းတို့အားလုံး သတိရှိကြပါ။ လေဟုန်ခွင်းလောကထဲ ရောက်နေတုန်းတော့ အတိတ်က ကိစ္စတွေကို မေ့ထားကြ။ အရေးအကြီးဆုံးက .... အဖွဲ့လိုက်လုပ်ဆောင်ဖို့ပဲ”
စကားလုံးများ ပဲ့တင်ထပ်နေစဉ် နတ်ဆရာသခင်က မန်ဟို့စိတ်ထဲတွင် စကားပြောလာသည်။
“လေဟုန်ခွင်းလောကကို ရောက်ရင် မိစ္ဆာကျင့်ကြံသူတွေကို သတ်သတ်မသတ်သတ် မင်းသဘောပဲ။ မင်း ကြုံတွေ့ခဲ့ရတာတွေက မင်းတစ်ယောက်တည်းမှာပဲ ဖြစ်နေတာလို့ မထင်နဲ့။ တခြားပင်လယ်က အက်ရှလွန်စာရင်းဝင်တွေအကုန်လုံးလည်း မင်းလိုအန္တရာယ်တွေ ကြုံတွေ့ခဲ့ရတယ်”
ထိုနည်းတူလှုံ့ဆော်ပေးနေသောစကားလုံးများက မိစ္ဆာကျင့်ကြံသူများ၏နားထဲတွင် စကားပြောလိုက်ကြသည်။
မန်ဟိုက ဝုန်းခနဲ လေပေါ် ပျံတက်သွားသည်။ ဖန်းတုံးအာ၊ ပေ့ယွီနှင့် သာမန်ကျင့်ကြံသူသုံးယောက်၊ မိစ္ဆာကျင့်ကြံသူသုံးယောက်က သူ့နောက်မှ လိုက်ပါလာသည်။ စုစုပေါင်းအလင်းတန်းကိုးတန်းက ကြယ်တာရာကောင်းကင်ထဲရှိ အက်ကွဲကြောင်းထဲသို့ ပျံတက်သွားလေပြီ။
သူတို့အနားရောက်သွားသည့်အခါ အားကောင်းသောဆွဲအားတစ်ခုက သူတို့ကို ဆုပ်ကိုင်၍ အက်ကွဲကြောင်း၏အမှောင်ထုထဲသို့ ဆွဲသွင်းရင်း ဖြစ်ပေါ်လာသည်။
အဋ္ဌမပင်လယ်၊ သတ္တမပင်လယ်မှ .... ပထမပင်လယ်အထိ ပင်လယ်အားလုံး၏အထက်တွင် အလင်းတန်းများ မြင်ရနိုင်သည်။ မည်သည့်ပင်လယ်တွင်မဆို အလင်းတန်းကိုးတန်းဖြစ်သည်။ ထို့ထက်မပိုသလို၊ ထို့ထက်လည်း မလျော့။
တစ်ခုတည်းသော ခြွင်းချက်ကတော့ မိန်းကလေးရွှယ်အာ အတူလိုက်ပါလာသဖြင့် စုစုပေါင်းဆယ်ယောက်ဖြစ်သွားခဲ့သော တတိယပင်လယ်ပင်။
အားလုံးပေါင်း ကျင့်ကြံသူ ၈၂ ယောက် အကွဲကြောင်းထဲသို့ ဦးတည်သွားနေကြသည်။
တစ်ဖွဲ့လုံးတွင် မန်ဟိုက ပထမဆုံးဝင်ရောက်ရသူ ဖြစ်သည်။
ဤတစ်ခေါက်တွင် လေဟုန်ခွင်းလောကကို ဖွင့်ခဲ့သည်မှာ နဝမပင်လယ်ဖြစ်၍ မန်ဟိုက ထိုနေရာသို့ ဝင်ရောက်ခွင့်အရှိဆုံးသူဖြစ်သည်။ ထို့ကြောင့် သူသည် လေဟုန်ခွင်းလောကသို့ ပထမဆုံးဝင်ရောက်ရသည့် ကျင့်ကြံသူဖြစ်လာသည်။
သူသည် အရှေ့မှ ဦးဆောင်ဝင်သွားပြီး အဆုံးမရှိသော အမှောင်ထုဖြင့် ခြံရံခံလိုက်ရသည်။ သို့သော် အားကောင်းသထက် အားကောင်းလာနေသော လေတစ်ချက်အား ခံစားရနိုင်သည်။ နောက်ဆုံးတော့ အဆိုလေက အရပ်မျက်နှာတစ်ခွင် အရှိန်ဟုန်ပြင်းစွာ သောင်းကျန်းတိုက်ခတ်နေသည့် လေမုန်တိုင်းတစ်လုံး ဖြစ်လာသည်။
ထိုလေမုန်တိုင်းထဲတွင် မန်ဟိုသည် မရေမတွက်နိုင်သောအလောင်းများနှင့် အပျက်အစီးများကို မြင်လိုက်ရ၏။ ၎င်းတို့မှ စစ်မြေပြင်တစ်ခု၏ အကြွင်းအကျန်များနှင့်တူပြီး ဤအရာအားလုံးကို ဖျက်စီးပစ်နိုင်ခဲ့အောင် စစ်ပွဲမည်မျှကြောက်စရာကောင်းခဲ့သည်လဲ သက်သေထူနေသည်။
၎င်းက အင်မော်တယ်အပျက်အစီးများနယ်ထက်ပင် အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်။
ရုတ်တရက် ကြီးမားသောဆွဲအားကြီးတစ်ခုက မန်ဟို၊ ဖန်းတုံးအားနှင့် အခြားသူများကို ဆွဲငင်ရင်း လေမုန်တိုင်းထဲတွင် ပေါ်လာသည်။
အရှေ့တွင် မန္တန်အစီအရင်တစ်ခုပုံသဏ္ဌာန် ထင်ဟပ်နေသော အကွဲကြောင်းတစ်ကြောင်း ရှိလေသည်။ ၎င်းသည် ရှေးကျသော အရှိန်အဝါတစ်ခုဖြင့် ပြည့်နှက်နေရာ စစ်ပွဲ၏အပျက်အစီးများအကြား၌ မည်မျှကြာမြင့်စွာ တည်ရှိနေခဲ့သည်လဲ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
မန်ဟို့အတွက် ပတ်ဝန်းကျင်ကို အကဲခတ်ရန် အချိန်မရလိုက်ပေ။ အပျက်အစီးများကြား၌ မှော်ရတနာများ တောက်ပနေသည့်တိုင် မန်ဟိုမှာ တစ်ခုတစ်လေယူရန်ပင် အခွင့်အရေးမရလိုက်ချေ။ နဝမပင်လယ်မှ သူနှင့်အခြားသူများသည် မန္တန်အစီအရင်အကွဲကြောင်းထဲသို့ ပြေးဝင်သွားပြီး ချက်ချင်း စုပ်ယူခံလိုက်ရတော့၏။
ထိုအခိုက်အတန့်တွင် သူတို့မှာ လေဟာနယ်ကို ဖြတ်သန်း၍ ထူးဆန်းသောကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည်။
သူတို့တစ်ယောက်မှ သဲသဲကွဲကွဲ မမြင်ရခင် မန်ဟိုမှာ သူ့ပတ်ပတ်လည်မှ ပဲ့တင်ထပ်လာသည့် လေးစားကြည်ညိုနေသောအသံများကြောင့် ရင်တဒိန်းဒိန်းခုန်သွားတော့သည်။
“ကြီးမြတ်သော အရှင်အင်မော်တယ်အားလုံးကို လေးလေးစားစား ကြိုဆိုတော်မူပါတယ်”
***