စေလို စေ၊ သေလိုရာသေ
Vol. 78 Ch. 1086
လေဟုန်ခွင်းလောက
အဆင့်နိမ့်လောကသုံးထောင်တည်ရှိခဲ့စဉ်က ၎င်းကို အင်မော်တယ်လောက၏ ပန်းဥယျာဉ်ဟု ခေါ်ခဲ့ပြီး အရေးအပါဆုံးသော လောကတစ်ရာထဲက တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဤနေရာတွင် အင်မော်တယ်လောကသို့ တက်လှမ်းသွားကြပြီး အင်မော်တယ်အဆင့်အတန်းများစွာ သိမ်းပိုက်နိုင်ခဲ့ကြသည့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ ပေါ်ထွက်လာခဲ့ဖူးသည်။ အမှန်တွင် အင်ပါယာသခင်အဆင့်တစ်ဦးပင်လျှင် ပေါ်ထွန်းခဲ့ဖူး၏။
အင်ပါယာသခင်ဆိုသည်မှာ တာအိုနယ်ပယ်နှင့် ပါရာဂွန်နယ်အကြား တည်ရှိသော အလေးစားခံအဆင့်တစ်ဆင့်ဖြစ်သည်။
ထိုအချိန်က လေဟုန်ခွင်းလောက၏ ရွှေခေတ်ဖြစ်ခဲ့ပြီး မရေမတွက်နိုင်သောကုန်းမြေများ၊ ပင်လယ်သမုဒ္ဒရာများဖြင့် ပြည့်နှက်ခဲ့ကာ ပါရာဂွန်အင်မော်တယ်လောက၏ အင်မော်တယ်မြစ်မှပင် အဆုံးမရှိသော ကောင်းချီးပေးမှုများကို ကြုံတွေ့ခံစားခဲ့ရလေသည်။
ထိုစဉ်တုန်းက လေဟုန်ခွင်းလောကကို အင်မော်တယ်လောကငယ် ဟုပင် ခေါ်ခဲ့ကြသည်။ ၎င်း၏ ကောင်းကင်သည် သက်ရှိသတ္တဝါခပ်သိမ်းအား အင်မော်တယ်စိတ်ဆန္ဒဖြင့် စင်ကြယ်သန့်စင်ပေးရင်း ရွာကျတတ်သော အင်မော်တယ်မိုးဖြင့် ထိတွေ့လျက် ပြာလဲ့နေခဲ့၏၊
၎င်း၏ကောင်းကင်ထက်ရှိ ဧရာမအင်မော်တယ်မြစ်ကြီးမှာလည်း အောက်ရှိ မြေပြင်ပေါ်သို့ တဝေါဝေါ ကျဆင်းရင်း အဆုံးမဲ့လေတစ်ချက်အား ဝေ့လည်တိုက်ခတ်နေစေသော ရေတံခွန်ကြီးအလားပင်။ ထိုလေက သက်ရှိသတ္တဝါအလုံးစုံ၏ အသက်မီးတောက်များကို အားဖြည့်ပေးတတ်ပြီး တစ်နေရာလုံးအား ကျင့်ကြံအားထုတ်ရန် အတိုင်းထက်အလွန် သင့်တော်နေစေခဲ့သည်။ ထိုနေရာတွင် နေထိုင်သော သေမျိုးများပင် အင်မတန် အသက်ရှည်ပြီး နှစ်ခြောက်ဆယ်စက်ဝန်းနှစ်ခုထက်ပို၍ အသက်မရှည်သောသူကို တွေ့ရခဲ၏။
ဤသို့ဖြင့် လေဟုန်ခွင်းလောကဟူ၍ နာမည်တွင်လာခဲ့ခြင်းဖြစ်သည်။
လေဟုန်ခွင်းလောက၏ ကျင့်ကြံသူများအတွက် ပါရာဂွန်အင်မော်တယ်လောကမှာ ကြောက်ရွံ့ရိုသေရသော နေရာတစ်နေရာပင်။ သူတို့သည် ၎င်း၏အင်အားကြောင့် ရိုသေရသလို ၊ တစ်ချိန်တည်းမှာပင် ကြောက်လည်း ကြောက်ကြရ၏။ သူတို့က ပါရာဂွန်အင်မော်တယ်လောကမှ ဆင်းသက်လာကြသော မည်သည့်အင်မော်တယ်ကိုမဆို ရှိခိုးကိုးကွယ်လေးစားကြသည်။ သူတို့အတွက် အင်မော်တယ်တစ်ဦးမှ မိန့်ဆိုသော စကားလုံးတစ်လုံးကပင် အလွန်အမင်းအရေးပါ၏။ အမှန်တွင် အင်မော်တယ်တစ်ဦးအား မနှစ်မြို့စေသော အသံနေအသံထား၊ မျက်နှာအအမူအရာတို့ကို လေဟုန်ခွင်းလောကတွင် သည်းမခံပေ။
မှန်ပါသည်၊ အင်မော်တယ်တိုင်း အလွယ်တကူ မနှစ်မြို့ဖြစ်တတ်သူများ မဟုတ်ပေ။ သူတို့သည် အင်မော်တယ်များကို လေးစားသော်လည်း အပြင်းအထန်တော့ မကြောက်ကြပေ။ လေဟုန်ခွင်းလောကသည် ထာဝရတစ်လျှောက်လုံး တည်ရှိခဲ့ပြီး ထိုနေရာရှိ ဂိုဏ်းများ သို့မဟုတ် မျိုးနွယ်စုများမှ အဖွဲ့ဝင်များ၊ ခေါင်းဆောင်ကြီးများက အင်မော်တယ်လောကသို့ တက်လှမ်းခဲ့ကြသည်မဟုတ်ပါလော။
ကံဆိုးစွာနှင့် ထိုအရာအားလုံးက မဟာကပ်ဘေးကြီးအတွင်း ပြောင်းလဲသွားခဲ့သည်။ လေဟုန်ခွင်းလောကတစ်ခုလုံး ပျက်စီးသွားခဲ့ပြီး ဧရာမသားရဲကြီးတစ်ကောင်၏ ဝါးမြိုခြင်းခံခဲ့ရသည့်အလား ၎င်း၏မြေထုတစ်ဝက်ကျော်မှာလည်း မရှိတော့ပေ။ စစ်ပွဲမီးများက နေရာအနှံ့အပြားသို့ ပျံ့နှံ့လာခဲ့၍ ရလဒ်အနေဖြင့် ၎င်းမှာ နတ်ဘုံဗိမာန်နှင့်မတူတော့ဘဲ အပျက်အစီးပုံကြီး ဖြစ်ခဲ့ရသည်။
အားလုံးအထဲ အရေးအကြီးဆုံးမှာတော့ အင်မော်တယ်မြစ်ကို ရုတ်သိမ်းခံခဲ့ရခြင်းပင်။ ကျန်လောကများနည်းတူ လေဟုန်ခွင်းလောကသည် တသီးတသန့် ချန်ရစ်ခံခဲ့ရ၏။ နှစ်ပေါင်းများစွာ ကြာသည်နှင့်အမျှ ကမ္ဘာလောကမှာ ဖြေးဖြေးချင်း နလန်ထူလာသော်လည်း ထိုအတားအဆီးက အမြဲတည်ရှိခဲ့လေသည်။
ထို့ကြောင့် လေဟုန်ခွင်းလောကသားများမှာ သူတို့လောက၏အပြင်တွင် ဖြစ်ပျက်နေသောအရာအားလုံးကို မသိကြတော့ပေ။ သူတို့သည် ပါရာဂွန်အင်မော်တယ်လောကမှာ ယခင်အတိုင်း ထာဝရအင်အားကြီးမားမြဲ ကြီးမားနေဆဲဟုသာ တွေးထင်ကြ၏၊ သို့ဖြစ်၍ သူတို့လောကသို့ အလည်ပတ်လာသော အင်မော်တယ်တိုင်း သူတို့အသွေးအသားထဲမှ အရင်းခံပြီး အားကောင်းနေဆဲဖြစ်သော လေးစားရိုသေမှုတို့ဖြင့် ဆက်ခံခြင်းခံရကြသည်။
ထိုမျှသာမက ... လေဟုန်ခွင်းလောကသားတစ်ယောက် အင်မော်တယ်လောကသို့ မတက်လှမ်းခဲ့သည်မှာ အလွန့်အလွန် ကြာခဲ့လေပြီ။ သူတို့ကျင့်ကြံခြင်းအခြေခံမှာမူ ဒယ်ဇောက်အိုးရှာဖွေခြင်းအဆင့်အထိသာ ကန့်သတ်ခံထားရ၍ အင်မော်တယ်အဆင့်သို့ မတက်လှမ်းနိုင်ဘဲရှိရာ သူတို့အတွက် သူတို့လောကမှ ထွက်သွားရန်လည်း မဖြစ်နိုင်တော့ပေ။ (ဒယ်ဇောက်ဆိုးအဆင့်က ....အမှန်တရားရှာပုံတော်နဲ့ နှောင်ဖွဲ့ကင်းတန်ခိုးရှင်ထဲမှာ ပါတဲ့အဆင့်တစ်ဆင့်ပါ။ ပြောရရင်တော့ နောက်နယ်ပယ်ကို မခုန်ကူးခင် အဆင့်ဖြစ်တဲ့ တာအိုရှာဖွေခြင်းအဆင့်လိုပေါ့)
ထိုအကြောင်းများကြောင့် ရောက်ရှိလာသော အင်မော်တယ်တိုင်း ရိုရိုကျိုးကျိုး အဆက်ဆံခံရပြီး ကြောက်ရွံခြင်းပင် ခံကြရသည်။ ၎င်းက လေဟုန်ခွင်းလောကသားများကိုလည်း အင်မော်တယ်များထံမှ ရရှိနိုင်မည့် ကံကြမ္မာကောင်းများအား တောင့်တမိစေသည် ... ထို့ကြောင့် လေဟုန်ခွင်းလောက၏ လက်ရှိမျိုးဆက်များအတွက် တောင်ပင်လယ်လောကမှ မကြာမီ ရောက်ရှိလာတော့မည့် ကျင့်ကြံသူများမှာ ... နတ်ဒေဝါများနှင့်တူလေသည်။
မန်ဟို၊ ဖန်းတုံးအားနှင့် သာမန်ကျင့်ကြံသူသုံးယောက်အပြင် ပေ့ယွီနှင့် မိစ္ဆာကျင့်ကြံသူသုံးယောက်လုံး လေဟုန်ခွင်းလောက၏ တောင်ဘက်အကျဆုံးဒေသ၊ သဲကန္တာရတစ်ခု၏အလယ်သို့ ရောက်ရှိလာကြသည်။
အလိပ်လိပ်ထနေသော သဲမှုန်များက အရပ်လေးမျက်နှာသို့ ပျံနှံ့နေပြီး အပူရှိန်မှာ လူတိုင်းကို ချွေးဖြိုက်ဖြိုက်ကျလာစေသည်အထိ ပြင်းထန်လှလေသည်။ သို့ပင်ငြား ကျင့်ကြံသူတစ်သောင်းခန့်သည် မန္တန်ဝင်္ကပါတစ်ခုပုံစံဖြင့် မြေကြီးပေါ်တွင် ပူးပူးကပ်ကပ် ဝပ်တွားနေကြ၏။
ဤမန္တန်ဝင်္ကပါအတွင်း၌ မည်သည့်စွမ်းအားမှ ထည့်မသွင်းထားပေ။ ၎င်းက ရိုသေလေးစားမှုကို ပြသသောအမူအရာတစ်ခုသာ ဖြစ်သည်။
ထိုအထဲတွင် ကလေးလူငယ်၊လူကြီးအိုမ၊ ယောက်ျားမိန်းမအစုံပါသည်။ သူတို့အားလုံး ကြောက်ရွံ့လေးစားသောအမူအရာများဖြင့် ရှိခိုးဝပ်စင်းနေကြသည်။ သူတို့ခေါင်းများကလည်း မြေကြီးနှင့် ထိကပ်နေပြီး မည်သူမှ မော်မကြည့်ရဲကြပေ။
ဤအုပ်စု၏အလယ်တွင် ထာဝရ ထိတွေ့မရနိုင်သောစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေဟန်တူသော အပြောက်အမွန်းများဖြင့် ဧရာမပလ္လင်ကြီးတစ်ဆူရှိသည်။
ဤအခိုက်အတန့်တွင် အလင်းတန်းကိုးတန်းက ကောင်းကင်ထက်တွင် ဝင်းခနဲ လက်သွားပြီး တဂျိန်းဂျိန်းမြည်သံများ ထုတ်လွှတ်ရင်း ပင်လယ်ထံသို့ ထိုးဆင်းလာကြ၏။ ပလ္လင်ပေါ်ရှိ အပြောက်အမွန်းများမှာ လာနေသော ဧည်သည့်များကို ကြိုဆိုနေသည့်အလား ဝင်းလက်တောက်ပလာသည်။
ထစ်ချုန်းသံများသည် ပိုမိုပြင်းထန်လာပြီး ပတ်ပတ်လည်ရှိကျင့်ကြံသူများမှာ ပို၍ပင် တုန်ရီလာကြ၏။ တစ်ယောက်မှ ခေါင်းမော့ဖို့ စိတ်ပင်မကူးရဲကြပေ။ သူတို့ထဲမှ ပလ္လင်နှင့် အနီးဆုံးတွင် နေရာယူထားသော အဘိုးကြီးတစ်ယောက်က အသံကျယ်ကြီးဖြင့် ဟစ်ကြွေးလိုက်သည်။
“ကြီးမြတ်လှသော အရှင်အင်မော်တယ်အားလုံးကို လေးလေးစားစား ကြိုဆိုတော်မူပါတယ်”
သူ့စကားလုံးများက အသက်ဆယ်ရှိက်စာအထိ ပဲ့တင်ထပ်နေပြီးနောက် ၎င်းတို့နှင့် ဆက်သွယ်ရန် ပလ္လင်မှ တောက်ပနေသော အလင်းတန်းများ ထိုးထွက်လာသည်။ ထို့နောက် အလင်းတန်းများ မှေးမှိန်ပျောက်ကွယ်သွားရင်း ကျင့်ကြံသူကိုးယောက်ကို ဖော်ပြလိုက်၏။
မန်ဟိုက သူတို့အထဲတွင် ပါ၀င်သည်။ ကိုးပင်လယ်နတ်လောကမှ လူတိုင်း ရွှေအရောင်အဝါများ တောက်ပနေရာ သူတို့အား အင်မတန်မှ မြင့်မြတ်တင့်တယ်နေစေတော့သည်။ ထိုမျှသာမက သူတို့၏ကျင့်ကြံခြင်းအခြေခံက လေဟုန်ခွင်းလောကရှိ ကျင့်ကြံသူများထက် အဆများစွာ သာလွန်သည့်အတွက် သူတို့သည် ပတ်၀န်းကျင်ရှိ လူများအပေါ် ဖိနှိပ်နေသော မယုံကြည်နိုင်ဖွယ်ဖိအားကို ထုတ်လွှတ်နေလေရာ ထိုလူများအား တုန်ရီလာစေတော့သည်။
မန်ဟိုမှာ အသိနှင့်သတိ ပြန်မကပ်ခင် တခဏမျှ ငေးကြောင်ကြောင် ဖြစ်နေ၏။ သူက မျက်လုံးများဝေ့ကြည့်လိုက်ရာ သူတို့ရပ်နေသော ပလ္လင်အပါအ၀င် လေးလေးစားစား ဒူးထောက်ခစားနေကြသော ကျင့်ကြံသူတစ်သောင်းကျော်ကို မြင်လိုက်ရသည်။ ထိုကျင့်ကြံသူများ၏အလွန်၌ ခေါင်းပင်မမော့ရဲဘဲ မြေကြီးတွင် ပြားပြားဝပ်နေကြသော ကျင့်ကြံသူပေါင်းမြောက်များစွာကိုလည်း မြင်လိုက်ရသည်။
ထိုကျင့်ကြံသူသောင်းချီ၏ အရှေ့တွင်တော့ အင်ပါယာ၀တ်ရုံ ၀တ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ရှိသည်။ သူလည်း ဒူးထောက်ခစားနေစဉ် တုန်ရီနေ၏။ ကြည့်ရသရွေ့ သူသည် ဤပြည်ထောင်သို့ သို့မဟုတ် ဤဒေသ၏ ဧကရာဇ်မင်းမြတ်ဖြစ်သယောင်ပင်။
မန်ဟိုသော်လည်းကောင်း၊ သူနှင့်ပါလာသော အခြားသူများသော်လည်းကောင်း ယခုလို လူအုပ်ကြီး၏ ဒူးထောက်ခစားခြင်းခံရသည်ကို အသားမကျသေးပေ။
ကျင့်ကြံသူတစ်သောင်းကျော်၏ကြားတွင် ရပ်နေသော အဘိုးအိုက ပထမဆုံး ခေါင်းမော့လာသူဖြစ်ပြီး မန်ဟိုနှင့် ကျန်ရှစ်ယောက်ကို ကြည့်လိုက်ကြသည်။ သူသည် နှစ်ပေါင်း မရေမတွက်နိုင်အောင် နေထိုင်ခဲ့ရသည့်အလား မယုံနိုင်လောက်အောင် ရှေးကျနေသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံက ဒယ်ဇောက်အိုးရှာဖွေခြင်းအဆင့်တွင်သာ ရှိသေး၏။
"ကြီးမြတ်လှပါသော အရှင်အင်မော်တယ်တို့" သူက ပြောသည်။ "ကျွန်တော်မျိုးတို့ ပြည်ထောင်ကိုးမှ ပြည်သူပြည်သားတွေအနေနဲ့ အရှင်တို့ကို ဒီနေ့ဒီအချိန်မှာ ကြိုဆိုခွင့်ရတာ အင်မတန်မှ ဂုဏ်ယူမိပါတယ်။ အရှင်အင်မော်တယ်တွေ ကောင်းချီးပေးဖို့ ဒီကို ရောက်မလာခဲ့တာ နှစ်ပေါင်းတစ်ထောင်ကျော် ကြာခဲ့ပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ ပြည်ထောင်ကိုးရဲ့ ဂိုဏ်းကြီးခုနစ်ဂိုဏ်းနဲ့ မျိုးနွယ်စုကြီး သုံးစုရဲ့ ရိုသေလေးစားမှုကို လက်ခံပေးတော်မူပါ"
သူ့အနောက်တွင် သူ ယခုလေးတင် ပြောခဲ့သော ဂိုဏ်းများနှင့် မျိုးနွယ်စုကြီးများ၏ ခေါင်းဆောင်ကြီးများ ဖြစ်ဟန်တူသည့် အဘိုးကြီးဆယ်ယောက် ရှိသည်။ သူတို့သည် ရိုသေလေးစားစွာဖြင့် မန်ဟိုနှင့် အခြားသူများအား ခေါင်းမော့ကြည့်ပြီးနောက် ထပ်မံ အရိုအသေပေးလိုက်ပြန်သည်။
သူ့အနောက်တွင် သူ ယခုလေးတင် ပြောခဲ့သော ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ခေါင်းဆောင်ကြီးများဖြစ်ဟန်တူသည့် အဘိုးအိုဆယ်ယောက်ရှိသည်။ သူတို့သည် မန်ဟိုနှင့်အခြားသူများကို မော်ဖူးရန် ခေါင်းများကို ဖြေးဖြေးချင်း မော့ပြီးနောက် ဦးညွတ်အရိုအသေပြန်ပေးလိုက်ကြသည်။
"ကျွန်တော်မျိုးက အရှင်တို့ရဲ့ အစေခံကျန်းတောက်ဇီပါ" ပထမဆုံးစကားပြောခဲ့သည့် အသက်ကြီးဆုံးအဘိုးကြီးက ပြောသည်။ "ကြီးမြတ်လှပါသော အရှင်အင်မော်တယ်တို့။ အခု အရှင်တို့ဟာ ကျွန်တော်မျိုးတို့ရဲ့ အဆင့်နိမ့်လောကကို ဆင်းသက်လာကြပြီဖြစ်တဲ့အတွက် စေလိုရာစေ၊ သေလိုရာသေ ဘယ်အရာကိုဆို ကျွန်တော်မျိုးတို့ ဖြည့်ဆည်းပေးပါ့မယ်။ အရှင်တို့ရဲ့ လိုအင်ဆန္ဒတွေ ပြည့်၀အောင် ကျွန်တော်မျိုးတို့ တတ်နိုင်သမျှ ကြိုးစားပေးပါ့မယ်" သူ့အသံ ဟိန်းထွက်လာစဉ် သူ၏ မျက်လုံးများက စိတ်အားထက်သန်မှုတိုဖြင့် တောက်ပနေသည်။
"ကိုယ့်ကိုကိုယ် သတ်လိုက်ဆိုရင်ရော သတ်သေမှာလား" ပေ့ယွီဘေးတွင် ရပ်နေသော မိစ္ဆာကျင့်ကြံသူတစ်ယောက်က အေးစက်စက်အသံနှင့် ပြောသည်။
မန်ဟိုသည် သူ့စကားလုံးများကြောင့် မျက်မှောင်ကြုတ်သွားပြီး ပေ့ယွီပင်လျှင် ဘ၀င်မကျဖြစ်သွားဟန်တူသည်။
သို့သော် ကျန်းတောက်ဇီဟု အမည်ရသော အဘိုးအိုက တခဏလေးပင် တုံဆိုင်းမနေပေ။
"အရှင်အင်မော်တယ်တစ်ပါး ၀င်မကန့်ကွက်သရွေ့ အရှင့်အနေနဲ့ စကားလေးတစ်ခွန်း ပြောလိုက်ရုံပါပဲ"
မိစ္ဆာကျင့်ကြံသူက တခဏ အင်တင်တင် ဖြစ်သွားသည်။ သို့သော် မန်ဟို၊ ဖန်းတုံးအာနှင့် အခြားသူများအားလုံး ကျန်းတောက်ဇီ၏ စကားလုံးများထဲရှိ ခိုင်မာပြတ်သားမှုအပြင် ပြင်းပြသော စိတ်ဆန္ဒကို ခံစားလိုက်ကြရလေသည်။
သူတစ်ယောက်သာ ထိုကဲ့သို့သဘောထားမျိုး ရှိခြင်းမဟုတ်။ အဘိုးကြီးအားလုံးနှင့် ကျန်ကျင့်ကြံသူအားလုံးမှာ ... ထိုနည်းတူဖြစ်ဟန်ရ၏။ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း မျက်စိစုံမှိတ် ကိုးကွယ်ယုံကြည်နေခြင်း မဟုတ်သော်လည်း သူတို့မျက်ဝန်းများတွင် ဖော်ပြနေသည့် လေးစားမှုမျိုးက လက်အောက်ငယ်သားတစ်ယောက်မှ အထက်လူကြီးအပေါ် ပြသသည့် လေးစားမှုမျိုးဖြစ်ရာ မန်ဟို့နှလုံးအား တုန်ရီသွားစေသည်။
ရုတ်တရက် လူအုပ်ကြီးအကြားရှိ ကျင့်ကြံသူကောင်လေးတစ်ယောက်မှာ ထပ်မံမအောင့်အည်းနိုင်တော့ဘဲ မန်ဟိုနှင့် ကျန်ရှစ်ယောက်ကို မော့ကြည့်လိုက်တော့၏။ သူ့မျက်လုံးများ ပေ့ယွီနှင့် ဖန်းတုံးအားအပေါ် ကျရောက်သောအခါ ကောင်လေးမှာ အသက်ရှူရန်ပင် မေ့လျော့သွားပုံပေါ်သည်။
ကောင်လေးမော့ကြည့်လိုက်သည့်အခိုက်အတန့်မှာပင် အဘိုးကြီးကျန်းတောက်ဇီ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။ တူညီသောအရိပ်အယောင်များအား ကျန်အဘိုးကြီးအားလုံး၏ မျက်နှာများထက်၌ မြင်ရနိုင်သည်။
“ရာရာစစ” ကျန်းတောက်ဇီက ဟိန်းဟောက်လိုက်သည်။
ကောင်လေးမှာ မျက်နှာဖြူဆုပ်သွားပြီး ပျာယာခတ်သွားသည်။ သူက ကပျာကယာ ခေါင်းပြန်ငုံ့လိုက်သော်လည်း နောက်ကျလွန်းသွားလေပြီ။
“နတ်ဒေဝါတွေအပေါ် ရိုင်းပျစော်ကားမှုက လေဟုန်ခွင်းလောကရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်မှုပဲ” ကျန်းတောက်ဇီက အေးစက်စက် ပြောသည်။ သူက သူ့လက်ချောင်းကို ကောင်လေးထံ ဝှေ့ယမ်းကာ လေလှိုင်းတစ်လှိုင်းအား ထိုကောင်လေးနဖူးကို ဝင်တိုက်သွားစေသည်။ ကောင်လေးမှာ သိမ့်ခနဲ တုန်သွားပြီးနောက် ချက်ချင်း အသက်ထွက်သွားတော့၏။
ဤအခြင်းအရာက မန်ဟို့မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ အခြားသူများလည်း တအံ့တဩ စိုက်ကြည့်နေကြသည်။
သို့သော် ထိုရိုးရှင်းသောလုပ်ရပ်နှင့်တင် မပြီးသေး။ ကျန်းတောက်ဇီအနောက်ရှိ အဘိုးအိုဆယ်ယောက်ထဲမှ တစ်ယောက်က သူ့ညာလက်ကို ချက်ချင်း လေပေါ်မြှောက်၍ ဖြတ်ပစ်လိုက်သည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် လက်ပြတ်ကို လေပေါ်မြှောက်၍ ဒူးထောက်လိုက်လေသည်။
“အဲဒီကောင်လေးက ကျွန်တော်မျိုးတို့ နိမ့်ကျတဲ့ဂိုဏ်းလေးရဲ့ ဂိုဏ်းသားတစ်ဦးပါ” သူက ပြောသည်။ “ကျွန်တော်မျိုး သူ့ကို မသင်ပြခဲ့တဲ့အတွက် ရိုင်းပျမိသွားပါတယ်။ ကျွန်တော်မျိုးရဲ့လက်ပြတ်က အရှင်အင်မော်တယ်တို့ရဲ့ အမျက်ကို ပြေနိုင်ပါစေလို့ မျှော်လင့်ပါတယ်ခင်ဗျာ”
ပေ့ယွီမှာ အသက်ပြင်းပြင်းရှူနေရပြီး ဖန်းတုံးအားလည်း တုန်လှုပ်နေသည်။ မန်ဟိုလည်း ဖြစ်ပျက်ခဲ့သောအရာအားလုံးကို တအံ့တဩ စိုက်ကြည့်နေမိ၏။ သူ၏စိတ်စွမ်းအားပင်လျှင် လေဟုန်ခွင်းလောကသားများ၏ အပြူအမူကြောင့် တုန်လှုပ်ခဲ့ရလေပြီ။
ခံစားချက်မှာ .... နေ့ချင်းညချင်း သူတို့အားလုံး ပါရာဂွန်စစ်စစ်များ ဖြစ်သွားခဲ့သည့်အလား ဖော်ပြမတတ်အောင်ပင်။
တောင်ပင်လယ်လောကမှာတုန်းက သူတို့၏အထက်တွင် အဆများစွာ အစွမ်းထက်သော ကျင့်ကြံသူများ အမြဲရှိခဲ့သည့်အတွက် ထိုကဲ့သို့ခံစားချက်မျိုးအား ဘယ်တော့မှ ခံစာရနိုင်မည်မဟုတ်ပေ။ စွမ်းအားကြီးသူအရေအတွက်က အားနည်းသူအရေအတွက်နှင့်ယှဉ်လျှင် မပြောပလောက်သော်လည်း တောင်ပင်လယ်လောကကား ကြီးမားကျယ်ပြောလွန်းသည်မဟုတ်ပါလော။
တောင်ပင်လယ်လောကတွင် လူတိုင်းလူတိုင်းအား အထပ်ထပ် ရစ်ပတ်ချည်နှောင်ထားသော ကျင့်ဝတ်ထုံးတမ်းများနှင့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ထိုအရာများက စည်းဘောင်လွတ်သောအပြူအမူများကို ခွင့်မပြုသည့် သဘာဝမနိယာမဖြစ်လာသည်။
သို့သော် လေဟုန်ခွင်းလောကမှ အခြားလောကများနှင့် အဆက်အသွယ်ဖြတ်ခံထားရသည်သာမက၊ ထိုနေရာရှိ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံများက အင်မော်တယ်လောက၌ပင် မတည်ရှိပေ။ ထို့ကြောင့် မန်ဟိုနှင့်ကျန်ရှစ်ယောက်မှာ ... အမှန်တကယ် နတ်ဒေဝါများနှင့်တူသည်။
အာဏာ ၊ ဓန ... သူတို့ အလိုရှိသည့်အရာမှန်သမျှကို ... တောင်းဆိုလိုက်ရုံလေးနှင့် ရနိုင်သည်။
ဓနဖြစ်လျှင် ... စကားလေးတစ်ခွန်းတည်းနှင့် တစ်ပြည်ထောင်လုံး၏ ဥစ္စာဓနများအား ပေးအပ်လိမ့်မည်။
အာဏာဖြစ်လျှင်တော့ ... တခဏလေးအတွင်း ဧကရာဇ်အရိုက်အရာကိုပင် လွှဲပေးနိုင်သည်။
သူတို့ ပြည်ထောင်ကိုးထဲရှိ မည်သည့်နေရာကို သွားသွား၊ တစ်ယောက်ယောက်ကို သဘောကျလျှင် အချိန်မရွေး ထိုပုဂ္ဂိုလ်အား ရယူနိုင်သည်။ စိတ်တိုင်းကျ လုပ်နိုင်ပြီး ထိုလူများမှာ မငြင်းဆိုနိုင်ရုံသာမက၊ အသုံးတော်ခံရသည့်အတွက်ပင် ဂုဏ်ယူကြလိမ့်မည်။
ဤကဲ့သို့ အံ့အားသင့်ဖွယ်ကောင်းသောအရာက မန်ဟိုနှင့်အခြားသူများအား ချာချာလည်သွားစေသည်။ နောက်ဆုံးတော့ သူတို့သည် ... စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ်ထုံးတမ်းများမှ ကင်းလွတ်သွားရသော ခံစားချက်မျိုးကို ... ခံစားလိုက်ရလေပြီ။
ဤနေရာတွင် စည်းမျဉ်းချမှတ်သူများက သူတို့ပင်။
ဤအခိုက်အတန့်တွင် တူညီသောမြင်ကွင်းများသည် လေဟုန်ခွင်းလောက၏ ကျန်ဒေသများတွင် ဖြစ်ပေါ်နေ၏။ ရောက်ရှိလာကြသူတိုင်း အမြုတေအထိ တုန်လှုပ်သွားကြလေသည်။
တောင်ပင်လယ်လောက၏ ပင်လယ်ကိုးစင်းမှ အက်ရှလွန်စာရင်းဝင်များနှင့် ကျန်ကျင့်ကြံသူများအားလုံး မတူညီသောနေရာများသို့ သွားရောက်ကြရသည်။ သို့သော် ထိုနေရာတစ်နေရာချင်းစီက... သိမ်းပိုက်သောလူများနှင့်သာ သက်ဆိုင်သည်။
စုစုပေါင်း လေဟုန်ခွင်းလောကတွင် ပြည်ထောင်ကိုးခုရှိသည်။ ထို့ကြောင့် ပင်လယ်ကိုးစင်းသည် ပြည်ထောင်တစ်ခုစီကို သိမ်းပိုက်ထား၏။
ကိုးပြည်ထောင်စု၏ အလယ်တွင်တော့ ကမ္ဘာအနှစ်သာရ၏တည်နေရာ ၊ ရှေးဟောင်းဝတ်ပြုကျောင်းတစ်ကျောင်းရှိသည်... ယင်းက ရောက်လာခဲ့သူအားလုံး၏ ပန်းတိုင်ပင်။
***