လေဟုန်ခွင်းလောကအတွင်း ပထမဆုံး လူသေမှု
Vol. 78 Ch. 1088
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားစဉ် တူညီသော တုံ့ပြန်မှုများအား ဖန်းတုံးအာနှင့်အဖွဲ့အပြင် အသတ်အဖြတ်စိတ်ဆန္ဒတို့အား ထုတ်ဖော်ထားခဲ့သော ပေ့ယွီနှင့် မိစ္ဆာကျင့်ကြံသူများ၏ မျက်နှာများအပေါ်တွင်လည်း မြင်ရနိုင်သည်။
လူသန်ကြီးသာလျှင် မည်သည့်အရာကိုမှ သတိမထားမိသည့်အလား မျက်နှာအမူအရာပြောင်းလဲခြင်းမရှိပေ။ အခြားတစ်ဖက်တွင် လူတိုင်းသည် သူတို့၏ သိုလှောင်အိတ်အတွင်းရှိ အရာများထံမှ တုံ့ပြန်မှုများကို ခံစားလိုက်ကြရ၏။
ထိုမျှသာမက သူတို့ကိုးယောက်လုံး၏ လက်များအပေါ်တွင် လင်းလက်နေသော အနီရောင်စည်းသင်္ကေတတစ်ခုပေါ်လာ၏။ ထိုစည်းသင်္ကေတက သူတို့သည် တချို့သော သတ်မှတ်ချက်များနှင့် ကိုက်ညီနေကြောင်း ဖော်ပြဟန်တူသည်။
"သေစမ်း" ဖန်းတုံးအာမှာ အင်မတန် မျက်နှာမသာမယာဖြစ်သွားပြီး အခြားသူများလည်း ထိုနည်းတူပင်။ မိစ္ဆာကျင့်ကြံသူနှစ်ယောက်မှာ မန်ဟို့ကို ခေါင်းထဲ ထည့်မနေတော့ပေ။ သူတို့က တုံ့ခနဲ ရပ်ပြီး ဖြစ်လောတော့မည့်အရာနှင့် ပက်သက်၍ အားတင်းထားရန် နည်းလမ်းမျိုးစုံ သုံးလိုက်ကြသည်။
သိသိသာသာပင် မန်ဟိုတစ်ယောက်တည်းသာ လေဟုန်ခွင်းလောကထဲသို့ လူပိုခေါ်လာခဲ့သူ မဟုတ်ပေ။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူသည် သူ့သိုလှောင်အိတ်ထဲသို့ နတ်ဘုရားစွမ်းအင်တစ်ချို့ ပို့လွှတ်၍ အသားဂျယ်လီနှင့် ကြက်တူရွေးတို့ သီချင်းဆိုသင်ပေးနေသော မိစ္ဆာကျင့်ကြံသူများကို ကပျာကယာ ချိတ်ပိတ်လိုက်သည်။
သို့သော် ချိတ်ပိတ်ခံထားရသည့်တိုင် ဒုတိယအကြိမ် မိုးခြိမ်းသံ ဟိန်းထွက်လာသောအခါ မိစ္ဆာကျင့်ကြံသူများမှာ သွေးအန်ပြီး ခန္ဓာကိုယ်များ ခြောက်ကပ်ကုန်၏။ သိသိသာသာပင် ချိတ်ပိတ်ခြင်းကား အချည်းနှီးပင်။ ကံကောင်းထောက်မစွာနှင့် ကြက်တူရွေးနှင့် အသားဂျယ်လီမှာ ဘာဆိုဘာမှ မထိခိုက်ပေ။
မန်ဟို မျက်မှောင်ကြုတ်နေစဉ် တတိယအကြိမ် မိုးခြိမ်းသွားသည်။ ဤတစ်ခေါက်တွင် သူက ရှင်ခြင်းသေခြင်း မန္တန်ကို ထုတ်လွှတ်လိုက်၏။
ဂျိန်းးးးးးး
မျက်စိတစ်မှိတ်အတွင်း သူ့သိုလှောင်အိတ်ထဲရှိ မိစ္ဆာကျင့်ကြံသူများမှာ မန္တန်၏ ကာကွယ်ခြင်း ခံလိုက်ရသည်။ သူတို့မှာ မျက်နှာများဖြူဖျော့နေသော်လည်း ထိခိုက်မှုမရှိတော့သည်သာမက ဖယ်ရှားခံရမည့်အန္တရာယ်လည်း မရှိတော့ပေ။
သို့သော် ချူယွီယန်နှင့် စုယန်မှာ ပြေးစရာနေရာမရှိပေ။ အမျိုးသမီးနှစ်ယောက်လုံး သွေးအန်လိုက်ရပြီး အထူးသဖြင့် ဒဏ်ရာရထားပြီးဖြစ်သော ချူယွီယန်က ပိုခံရသည်။ သူမမှာ အတန်ငယ် ပြန်သက်သာလာခဲ့သော်လည်း မိုးကြိုး၏ သုတ်သင်ခြင်း ခံရတော့မည့်လုဆဲဆဲ ဖြစ်နေလေပြီ။ သူမဒဏ်ရာများက ပြင်းထန်နေ၍ ရှင်ခြင်းသေခြင်းမန္တန်အား သူမအပေါ်တွင်သော်လည်းကောင်း၊ စုယန်အပေါ်တွင်သော်လည်းကောင်း သုံး၍မဖြစ်ပေ။ မန်ဟို ၎င်းကို သုံး၍ မအောင်မြင်ခဲ့လျှင် သူတို့အသက်များ ဆုံးရှုံးရမည်ဖြစ်ပြီး သူလည်း ဘာမှမတတ်နိုင်ဘဲ ရှိလိမ့်မည်။
စုယန်က သိပ်အရေးမပါပေ။ မန်ဟိုလည်း သူမကို ဂရုစိုက်မနေ။ သို့သော် ချူယွီယန်ကိုတော့ ထိုကဲ့သို့ လောင်းကြေးမထပ်နိုင်။
အခြားလူတိုင်းတွင်လည်း မန်ဟို့နည်းတူ တုံ့ပြန်မှုများ ရှိကြသည်။ ဖန်းတုံးအာမှာ မျက်နှာ ဖြူဖတ်ဖြူရော်နှင့် သူမ သိုလှောင်အိတ်ကို ပုတ်လိုက်၏။ လူနှစ်ယောက် ပျံထွက်လာသည်။ နှစ်ယောက်လုံးက အံ့အားသင့်နေသော မျက်နှာထားများဖြင့် လူငယ်လေးနှစ်ယောက်ဖြစ်ကြသည်။
ဖန်းတုံးအာနောက်ရှိ ကျင့်ကြံသူများမှာမူ သူတို့လည်း သိုလှောင်အိတ်များကို ပုတ်လိုက်ကြသည်။ စုစုပေါင်း သူတို့က သူတို့နှင့်အတူ လူရှစ်ယောက်အား ခေါ်လာခဲ့၏။ သူတို့အားလုံးက ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားများဖြစ်ကြသည်။
ထိုနည်းတူစွာပင် ပေ့ယွီ၏ သိုလှောင်အိတ်ထဲမှလည်း အဘွားအိုနှစ်ဦး ပျံထွက်လာသည်။ နှစ်ယောက်လုံးက မီးငြိမ်းဝိညာဉ်ငါးလုံးဖြင့် ရှေးဟောင်းနယ်ပယ် ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားသော မိစ္ဆာကျင့်ကြံသူများ ဖြစ်ကြသည်။
မိစ္ဆာကျင့်ကြံသူနှစ်ယောက်အတွက်မူ လူပိုငါးယောက်က သူတို့ဘေးတွင် ရပ်နေကြသည်။
တစ်ချက်လေးကြည့်လိုက်ရုံနှင့် လက်ရှိအုပ်စုမှာ ကန့်သတ်ချက်ကိုးယောက်ထက် ကျော်လွန်နေကြောင်း သိသာသည်။ သို့သော် အသစ်ရောက်ရှိလာခဲ့သူအားလုံးတွင် ဘုံတူသော အချက်တစ်ချက်ရှိသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးထက် မကျော်လွန်ကြပေ။
သူတို့၏ အစစ်အမှန်ကျင့်ကြံခြင်းအခြေခံများသည် ထို့ထက် မြင့်မားကောင်း မြင့်မားနိုင်သော်လည်း လောလောဆယ်တွင် သူတို့အားလုံးက သူတို့ကိုယ်သူတို့ မီးငြိမ်းဝိညာဉ်အားလုံးနှင့် ရှေးဟောင်းနယ်ပယ်အဆင့်အထိ ဖိနှိပ်ထားလေသည်။ ထိုအခြင်းအရာက မိုးခြိမ်းသံတစ်ချက်နှင့်ပင် သူတို့ကို ဖယ်ရှားပစ်ရန် လုံလောက်စေခြင်းဖြစ်သည်။
"ဘာတွေဖြစ်နေတာလဲ။ ဒီနေရာက သဘာ၀နိယာမတွေက အရင်တစ်ခေါက်နဲ့ မတူတော့ပါလား။ အရင်တုန်း ငါတို့ လူပိုတွေအမြဲ ခေါ်ခဲ့ပြီး မီးငြိမ်းဝိညာဥ်မီးအိမ်ငါးလုံး ဒါမှမဟုတ် အဲ့ဒီ့အောက်က လူတွေဆိုရင် အဆင်ပြေတယ်လေ"
"ငါတို့ သိပ်အများကြီး ခေါ်မလာသရွေ့ လေဟုန်ခွင်းလောကက ဘယ်တော့မှ ၀င်ရောက်စွက်ဖက်ခဲ့တာမဟုတ်ဘူး။ ဘာလို့ ဒီတစ်ခေါက်ကျမှ ကွဲပြားနေရတာတုန်း"
လူတိုင်း အလန့်တကြား ရေရွတ်နေကြစဉ် မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ သူသည် လူတိုင်းနီးပါးက လေဟုန်ခွင်းလောကထဲသို့ လူပိုများ ခေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘွားဘွားကိုးနှင့် အခြားသူများကလည်း သူ့ကို ထိုကိစ္စနှင့်ပက်သက်၍ ဘာမှမပြောခဲ့သလို သတိပေးခြင်းလည်း မရှိခဲ့။ မန်ဟိုမှာ တခဏကြာ တွေးပြီးနောက် သူ့တွင် စောဒကတက်စရာမရှိကြောင်း သဘောပေါက်လိုက်၏။
"ငါက ကိုးပင်လယ်နတ်လောကအတွက် အပြင်လူတစ်ယောက်သာသာပဲလေ။ ပြီးတော့အခု ဖြစ်ပျက်နေတာတွေအကုန်လုံးကလည်း နှစ်ဦးနှစ်ဖက်အကျိူးအတွက်ပဲ။ သူတို့က ငါ့ရဲအက်ရှလွန်အဆင့်အတန်းကို လိုအပ်သလို ငါကလည်း အစွမ်းထက်လာဖို့အတွက် အဲ့ဒီအဆင့်အတန်းကို လိုအပ်တယ်
"ငါ့ရဲ့မျိုးနွယ်၀င်တွေကို ဒီကို ခေါ်မလာအောင် တားဖို့အတွက် သူတို့က ငါ့ကို မပြောခဲ့တာဆိုတော့ ... မျှတပါတယ်" သူက မျက်မှောင်ကြုတ်ကာ နောက်ဆုတ်လိုက်သည်။ သူသည် ကိုးပင်လယ်နတ်လောက၏ အပြုအမူများကို လျစ်လျူရှုနိုင်သော်လည်း ချူယွီယန် အသက်အန္တရာယ် ရှိနေသည့်အတွက် အလွန်စိုးရိမ်နေ၏။
မန်ဟိုသည် သူ့လက်ဖမိုးပေါ်ရှိ အမှတ်အသားကို ငုံ့ကြည့်လိုက်စဉ် မျက်လုံးများ လင်းခနဲ လက်သွားပြီး အခြေအနေကို ချက်ချင်း နားလည်လိုက်၏။
"ကိုးက အကန့်အသတ်ပဲ။ အဲ့ဒီလိုဆိုမှတော့ ပြည်ထောင်ကိုးထဲကို ၀င်ရောက်ခွင့်ရှိတဲ့ လူအရေအတွက်ထက် မကျော်သရွေ့ ပြဿနာမရှိသင့်ဘူး" ရုတ်တရက် နောက်ထပ်မိုးခြိမ်းသံတစ်သံ ဟိန်းထွက်လာပြီး အမှတ်မပိုင်ဆိုင်ထားသော လူတိုင်း၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက လက်ဖမိုးအပေါ်တွင် အမှတ်အသားရှိသည့် မိစ္ဆာကျင့်ကြံသူ၊ သူ့ကို စောစောက တိုက်ခိုက်ရန် ကြိုးစားခဲ့သူထံသို့ တဟုန်ထိုး ထွက်သွားသည်။
"အဲ့ဒီအမှတ်က အဓိကပဲ။ အမှတ်ရှိရင် ဒီမှာ နေခွင့်ရှိမယ်" သူက အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်း တောက်နေလျက် လျှပ်စီးကဲ့သို့ တဟုန်ထိုး ထွက်သွားသည်။ သူ့လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည့်အခါ မိုးနှင့်မြေတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွားကာ တောင်တန်းများ ပြိုဆင်းလာကာ အရာအားလုံးကို ဖိနှိပ်လိုက်လေသည်။
ကျန်းတောက်ဇီနှင့် ကျန်အဘိုးကြီးများမှ လွှဲ၍၊ ပလ္လင်၏ ပတ်ပတ်လည်တွင် ဒူးထောက်ခစား၀ပ်တွားနေကြသော ကျင့်ကြံသူပေါင်းများစွာသည် ခေါင်းငုံ့ထားကြ၏။ လှုပ်ပင်မလှုပ်ရဲကြပေ။
ကျန်းတောက်ဇီသည် တိတ်ဆိတ်စွာ ရပ်ကြည့်နေ၏။ သို့သော် သူမျက်လုံးအတွင်း၌ ပြက်ရယ်ပြုနေသော အရိပ်အယောင်ကို မြင်ရနိုင်သည်။ ကျန်အဘိုးကြီးများမှာမူ စကားတစ်ခွန်းမဆိုဘဲ ရပ်နေကြ၏။
တူညီသော မြင်ကွင်းများမှာ ကျန်ပြည်ထောင်ရှစ်ခုအတွင်း၌ ဖြစ်ပွားနေသည်။ ကြည့်ရသရွေ့ တောင်ပင်လယ်လောကမှ ဧည့်သည်အားလုံးနီးပါးက သူတို့နှင့်အတူ လူပိုများ ခေါ်လာခဲ့ပုံရသည်။
သို့သော် လေဟုန်ခွင်းလောက၏ သဘာ၀နိယာမက ပြောင်းလဲသွားခဲ့သည့်အတွက် လူတိုင်းလူတိုင်းအား အံ့အားသင့်သွားစေခဲ့လေသည်။ မည်သူမှ မိုးကြိုးဖြင့် သုတ်သင်ခံရမည့်ကိစ္စအတွက် မပြင်ဆင်ထားခဲ့ပေ။ ဖိအားက ပြင်းထန်လာပြီး အတူတူ ခေါ်လာခဲ့ခံရသော လူများမှာ အန္တရာယ်တို့ကို ခံစားနေရတော့သည်။ သူတို့သည် သူတို့ကို အရှင်းဖယ်ရှားပစ်ရန် ရည်ရွယ်နေသော ဤစိတ်ဆန္ဒက ရပ်တန့်မည်မဟုတ်ကြောင်း သိလိုက်လေသည်။
လူတိုင်းလူတိုင်း ပင်လယ်တစ်စင်းစီမှ လေဟုန်ခွင်းလောကထဲသို့ အများဆုံးကိုးယောက်သာ ခေါ်နိုင်ကြောင်း နားလည်လိုက်သဖြင့် မကြာခင်မှာပဲ ဝရုန်းသုန်းကား တိုက်ပွဲများ စတင်ဖြစ်ပွားပေတော့မည်။
ခြွင်းချက်ဟူ၍ မရှိ၊ ကန့်သတ်ချက်ထက် တစ်ယောက်ပင် ပို၍မရ။
သို့သော် တတိယပင်လယ်တွင်တော့ ခြွင်းချက်တစ်ခုရှိသည်။ ရွှယ့်အာသည် နေခွင့်ရရန် အမည်မသိနည်းလမ်းတစ်ခုကို သုံးခဲ့ပုံရ၏။
ယခုလေးတင်မှ ရောက်လာခဲ့သော်လည်း တောင်ပင်လယ်လောက၏ ကျင့်ကြံသူများမှာ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်နေရလေပြီ။ ရက်စက်သောတိုက်ပွဲများ ပေါ်ပေါက်လာပြီး မိုးခြိမ်းသံများက ဆက်လက်ပဲ့တင်နေသည်။
“ဒီမလောက်လေးမလောက်စား လေဟုန်ခွင်းလောက ငါ့ကို သုတ်သင်ပစ်ချင်မှာတော့ ထွက်ပဲ သွားလိုက်မယ်” ပြည်ထောင်ကိုး၏ သဲကန္တာရအတွင်းရှိ ပလ္လင်ပေါ်မှ ဒေါကန်နေသောအဘိုးအိုတစ်ယောက်က ထအော်သည်။ သူသည် မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးစွမ်းအားဖြင့် တဟုန်းဟုန်းတောက်နေလျက် ပလ္လင်မှ ထွက်ခွာရန် လေပေါ် ပျံတက်လိုက်၏။
သူ လေပေါ် ပြန်တက်လိုက်သည့်အခိုက်အတန့်တွင် ပလ္လင်ပေါ်ရှိ အခြားသူများလည်း ထိုနည်းတူ ပြန်ရန်ပြင်ကြသည်။ သို့သော် အဘိုးကြီး ပလ္လင်ထံမှ ခွာလိုက်လျှင်ချင်း ဧရာမမိုးကြိုးတန်းကြီးတစ်တန်းက အပေါ်မှ အောက်သို့ ထိုးဆင်းလာတော့သည်။
မိုးကြိုးတန်းကြီးမှာ မပြည့်စုံသော်လည်း သဘာဝနိယာမနှင့် အနှစ်သာရပါရှိနေသည်။ ၎င်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာသည့်အတွက် ရှောင်ရန် မဖြစ်နိုင်ပေ။ ၎င်းသည် အဘိုးကြီးကို ဝင်တိုက်လိုက်ပြီး ဖောင်းခနဲ မြည်ဟိန်းသွား၏။ အဘိုးကြီးမှာ အော်ပင်မအော်နိုင်ခင် ခန္ဓာရောဝိညာဉ်ပါ ဖယ်ရှားခံလိုက်ရကာ ပြာကျသွားလေသည်။
ထိုအဖြစ်က လူတိုင်းကို ပင့်သက်ရှိုက်သွားစေပြီး စောစောက လေပေါ်ပျံတက်သွားခဲ့သော ကျင့်ကြံသူများအား အံ့အားသင့်နေသော မျက်နှာထားများဖြင့် တုံ့ခနဲ ရပ်လိုက်မိစေသည်။
မန်ဟို့မျက်လုံးများက လင်းလက်သွားပြီး သူက မသိမသာ ပြုံးလိုက်၏။
“ငါ ဒီနေရာကို သဘောကျတယ်” သူက ညာလက်ကို ဆန့်ထုတ်ပြီး တောင်တန်းများအား တဝုန်းဝုန်းကျလာစေကာ ပြောလိုက်သည်။ သူ စတိုက်လိုက်သည့်အခါ သွေးမိစ္ဆာခေါင်းများ ပေါ်ပေါက်လာသည်။ တဝုန်းဝုန်း ဆူညံနေပြီး သူက ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းလိုက်သည်။ သူသည် ဖျတ်ခနဲ လှုပ်ရှားရင်း မိစ္ဆာကျင့်ကြံသူ၏ခေါင်းကို သုတ်ချီပြီးနောက် တစ်ဖက်လှည့်၍ သူ့ကို တိုက်ခိုက်ရန် ခုန်တက်လိုက်ကြသော မာန်သွင်းဟိန်းဟောက်နေသည့် မိစ္ဆာကျင့်ကြံသူနှစ်ယောက်အနက်မှ တစ်ယောက်ထံသို့ အသက်နုတ်လက်သီးတစ်လုံး ပစ်ကျွေးလိုက်၏။
လက်သီးက လေကိုသာ ထိသွားသော်လည်း သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး တအုန်းအုန်း ရိုက်ညောင်းသွားသည်။ နှစ်ယောက်ထဲမှ တစ်ယောက်မှ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားပြီး ကျန်တစ်ယောက်မှ ပလ္လင်၏အပြင်သို့ လွင့်ထွက်သွားရာ မိုးကြိုးတစ်တန်းက သူ့ကို သုတ်သင်ပစ်လိုက်သည်။
တစ်ဆက်တည်းမှာပင် အနီရောင်ချီတန်းတစ်တန်းက အသက်ထွက်သွားသော မိစ္ဆာကျင့်ကြံသူထံမှ စီးမျောထွက်လာသည်။ မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် ချီတန်းကို လှမ်းဖမ်း၍ သူ့သိုလှောင်အိတ်ထဲရှိ ချူယွီယန်၏လက်ဖမိုးပေါ်သို့ ပို့လွှတ်လိုက်သည်။ ၎င်းသည် စည်းသင်္ကေတတစ်ခုအသွင် ပြောင်းသွားရင်း သူမအား သေမင်းခံတွင်းဝမှ ချက်ချင်း ကယ်ထုတ်လိုက်၏။ ယခုတွင် သူမမှာ ဤနေရာတွင် တည်ရှိခွင့်ရသွားလေပြီ။ သူက သူမသက်သာလာအောင် ဆေးလုံးအမြောက်အမြားအား ကပျာကယာ ပေးပို့လိုက်၏။
“မန်ဟို နင် ဘာလုပ်နေတာလဲ” ဖန်းတုံးအာက လှမ်းအော်သည်။ ပလ္လင်မှာ ချက်ချင်း ဝရုန်းသုန်းကား ဖြစ်သွားတော့သည်။ မန်ဟို ကောက်ကာငင်ကာ အသည်းအသန် တိုက်ခိုက်ခဲ့သောအချက်က ကျန်ကျင့်ကြံသူများနှင့်မိစ္ဆာကျင့်ကြံသူများအား လေဟုန်ခွင်းလောက၏ သဘာဝနိယာမများနှင့်ပတ်သပ်ပြီး ခန့်မှန်းမိစေခဲ့၍ သူတို့လည်း စတိုက်ကြတော့သည်။
“မမြင်ဘူးလား” မန်ဟိုက ပြန်ဖြေသည်။ “ကိုးယောက်ပဲ ဒီနေရာမှ နေခွင့်ရှိတယ်။ ငါတို့ သူတို့ကို မသတ်ရင် .... သူတို့က ငါတို့ကို သတ်လိမ့်မယ်။ ငါတို့ထဲက ဘယ်သူပဲသေသေ... ကိုးယောက်ပဲ အသက်ရှင်ကျန်ခဲ့သရွေ့ အကုန်လုံးအဆင်ပြေသွားလိမ့်မယ်
“နင် မတိုက်ခိုက်ရင်တောင်မှ ... ခိုးလိုက်လာတဲ့သူတွေက မိုးကြိုးကြောင်း အားနည်းလာကြမှာ။ ဒါကြောင့် ... သူတို့အတွက် တစ်ခုတည်းသော ရွေးစရာက ငါတို့ကို သတ်ပြီး ငါတို့နေရာယူဖို့ပဲ” မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ သူ၏နတ်မီးတောက်အဆီအနှစ်အကြောအား သက်ဝင်လှုပ်ရှားသွားစေသည်။ မီးတောက်များက ဖျက်စီးခြင်းစွမ်းအားတို့ဖြင့် ရှေ့နောက်ယိမ်းထိုးရင်း အလိပ်လိပ်ထနေတော့သည်။
မန်ဟို့စကားလုံးကို တုံ့ပြန်သည့်အနေဖြင့် ဖန်းတုံးအာအနောက်က လူငယ်နှစ်ယောက်သည် ရုတ်တရက် တိုက်ကွက်များ ထုတ်လွှတ်လိုက်ကြ၏။ ဖန်းတုံးအားထံသို့မဟုတ်၊ လေဟုန်ခွင်းလောကသို့ နည်းမှန်လမ်းမှန်ဖြင့် ရောက်လာခဲ့သော တခြားကျင့်ကြံသူသုံးယောက်ကိုပင်။
တဝုန်းဝုန်း မြည်သံများ ပဲ့တင်ထပ်နေသည်။ ဖန်းတုံးအာမှာ ဖြစ်ပျက်နေသောအရာကို တားရန် အစွမ်းအစမဲ့နေသည်။ မိစ္ဆာကျင့်ကြံသူများရော၊ သာမန်ကျင့်ကြံသူများပါ ဝုန်းဒိုင်းကြဲ တိုက်ခိုက်နေကြလေပြီ။ ပေ့ယွီမှာ သူမဘေးရှိ အဘွားအိုနှစ်ယောက်က ဘေးဘီဝဲယာကို ဒေါသတကြီးကြည့်ရင်း တိုက်ကွက်များ ထုတ်လွှတ်လိုက်သဖြင့် အတိုင်းထက်အလွန် စိုးရိမ်နေပုံရသည်။
မှန်ပါသည်... ခိုးလိုက်လာသူများမှာ အားလုံးအထဲ အစိုးရိမ်ဆုံးပင်။ မိုးခြိမ်းသံများ မြည်ဟည်းနေသည်နှင့်အမျှ သူတို့လည်း ဆက်တိုက်ဒဏ်ရာရနေကြသည်။ သူတို့၏လက်ရှိအခြေအနေတွင် လည်မျိုနားတွင် ဓားတစ်လက် ရစ်ဝဲနေသကဲ့သို့ပင်။
သူတို့သည် မန်ဟိုနှင့်အခြားသူများ၏ လက်ဖမိုးပေါ်ရှိ အနီရောင်အမှတ်များကို မြင်ကြရပြီး ၎င်းတို့က ဤနေရာတွင် တည်ရှိခွင့်ကို ကိုယ်စားပြုပြီး မိုးခြိမ်းသံများကို ခံနိုင်ရည်ရှိစေကြာင်း သိကြ၏။ သူတို့သာ ထိုတည်ရှိခွင့်များကို မြန်မြန်ဆန်ဆန် အရမယူလျှင် သေရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
သွေးပျက်မတတ်အော်သံများ အဆက်မပြတ် ဆူညံနေပြီး ရက်စက်သောတိုက်ပွဲကား အရှိန်အဟုန်မြင့်တက်နေတော့သည်။ များများသေလေလေ၊ ရှင်နိုင်ခြေများလေလေ မဟုတ်ပါလော။ ထိုကဲ့သို့ သေရေးရှင်ရေးဖိအားအောက်တွက် မည်သူသေသေ အရေးမကြီး၊ အသက်ရှင်ကျန်သူက မိမိဖြစ်ဖို့ အရေးကြီးသည်။
“ငါ့ကို အပြစ်မတင်ပါနဲ့ ငါလည်း မလုပ်ချင်ပါဘူးကွာ .... ဒါပေမဲ့ အသက်ဆက်ရှင်ချင်သေးတယ်ကွ” နည်းလမ်းအမှန်ဖြင့် ရောက်လာခဲ့သော မိစ္ဆာကျင့်ကြံသူမှာ သူ ခေါ်လာခဲ့သော မိစ္ဆာကျင့်ကြံသူတစ်ယောက်၏လက်ချက်ကြောင့် သေဆုံးသွားသည်။ သူ့မှာ သူ့လက်ဖမိုးပေါ်မှ အနီရောင်အမှတ် မှေးမှိန်ပျောက်ကွယ်သွားသည်ကိုသာ ဆောက်တည်ရာမဲ့စွာ ကြည့်နေနိုင်တော့၏။
“သေပေတော့” ဖန်းတုံးအာ ခေါ်လာခဲ့သော ကျင့်ကြံသူများလည်း တစ်ဂိုဏ်းတည်းသားများ၏ သတ်ခြင်းခံခဲ့ရသည်။ သူတို့ သေဆုံးသွားသောအခါ သူတို့မျက်လုံးများတွင် နောင်တများ ပြည့်နှက်နေလေသည်။
မချိတင်ကဲအော်သံများ အတောမသပ်နိုင်အောင် ဆူညံနေစဉ် ပလ္လင်ပေါ်ရှိ လူအရေအတွက်မှာ တဖြေးဖြေး နည်းသထက် နည်းလာသည်။ တစ်ချိန်တည်းမှာပင် မိုးခြိမ်းသံများက ပိုမိုပြင်းထန်လာပြီး အကြိမ်ရေစိတ်လာ၏။
***