← Chapters

ဘယ်သူက တိုက်ခိုက်နေရသလဲ ဘယ်သူက ကြည့်ရှုနေသလဲ

Vol. 78 Ch. 1089

ဘယ်သူက တိုက်ခိုက်နေရသလဲ ဘယ်သူက ကြည့်ရှုနေသလဲ

Vol. 78 Ch. 1089

မန်ဟိုက တွေ့သမျှလူတိုင်းကို ရက်ရက်စက်စက် တိုက်ခိုက်ရင်း အားလုံး၏အလယ်တွင် ဖြစ်သည်။

မျက်မြင်တွေ့နေရသော ရက်စက်ကြမ်းကြုတ်မှုက ကျန်းတောက်ဇီနှင့်အပေါင်းအပါများကို ကျောခမ်းသွားစေသည်။ ကျန်းတောက်ဇီကိုယ်တိုင်ပင် အသစ်ဖြစ်ပေါ်လာသော အကြောက်တရားနှင့် လေးစားမှုတို့ဖြင့် မန်ဟို့ကို ကြည့်ပြီး အသက်ရှူမှားနေသည်။

ထူးခြားသောအကြောင်းရင်းတစ်ခုကြောင့် ကျန်းတောက်ဇီသည် အလွန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့ပြီး အင်မော်တယ်များစွာကို မြင်ခဲ့ဖူး၏။ သူ့ကျင့်ကြံအဆင့်မှာ သိပ်မမြင့်သော်လည်း သူသည် ဉာဏ်ကြွယ်ဝပြီး အမြော်အမြင်ရှိသူဖြစ်၍ မန်ဟို့တွင် တခြားအင်မော်တယ်များ မပိုင်ဆိုင်ထားသည့် ခွန်အားမျိုးရှိကြောင်း ပြောနိုင်လေ၏။

“သူက ... အင်မော်တယ်လောကရဲ့ ကြောက်စရာကောင်းတဲ့ အက်ရှလွဲထဲက ဖြစ်လိမ့်မယ”" သူက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် တွေးလိုက်သည်။

ပလ္လင်ထက်မှ သွေးများက ရဲရဲတောက်နီစွေးနေသော ချောင်းများအသွင်ဖြင့် ကန္တာရသဲများအတွင်း စီးကျနေသည်။ သွေးညှီနံများလည်း တထောင်းထောင်းလျက်ရှိသည်။ သွေးတချို့က ပလ္လင်ထက်ရှိ မှော်သင်္ကေတတချို့ကို ဖုံးလွှမ်းရင်း ချောက်ချားဖွယ်အလင်းရောင်များအား ဖြန့်ကျက်နေစေ၏။

ပလ္လင်ပေါ်ရှိ လူများ တစတစ နည်းပါးလာသည်ကို မြင်ရသည်။ အစတုန်းက အယောက်နှစ်ဆယ်ကျော် ရှိခဲ့သော်လည်း ယခုမူ ဆယ့်တစ်ယောက်သာ ကျန်တော့သည်။

ဖန်းတုံးအာနှင့်ပေ့ယွီတို့နှစ်ယောက်လုံး ရှိသေးသော်လည်း သူတို့နှင့် မူလက လိုက်လာခဲ့သောကျင့်ကြံသူများမှာတော့ အစားထိုးခံလိုက်ရလေပြီ။ လူသန်ကြီးတစ်ယောက်သာလျှင် သူ့ကို တိုက်ခိုက်ခဲ့သော တိုက်ကွက်အားလုံးကို ပညာသားပါပါ ရှောင်နိုင်ခဲ့၏။

ဖန်းတုံးအာဘေးတွင် လူသုံးယောက်မဟုတ်ဘဲ နှစ်ယောက်သာ ဝန်းရံနေတော့သည်။ သူတို့နှစ်ယောက်လုံးများ နှုတ်ခမ်းထောင့်များမှ သွေးများစီးကျနေလျက် မျက်နှာဖြူဆုပ်နေကြသည်။ သူတို့ခြေထောက်အောက်တွင်လည်း သွေးတို့အိုင်ထွန်းနေသည်။

အစက ပေ့ယွီတွင် မိစ္ဆာကျင့်ကြံသူနှစ်ယောက်အဖော် ပါခဲ့သည်။ ယခုတူ ငါးယောက်ဖြစ်နေလေပြီ။ အဘွားအိုနှစ်ယောက်နှင့် ကျန်မိစ္ဆာကျင့်ကြံသူသုံးယောက်ဖြစ်သည်။ သူတို့ကို ခေါ်လာခဲ့သူများမှာတော့ အသတ်ခံခဲ့ရပြီဖြစ်ပြီး ဤလူများက အဆုံးထိ တောင့်ခံနိုင်ခဲ့သူများဖြစ်သည်။

သို့သော် မိုးခြိမ်းသံက ဆက်လက်ထစ်ချုန်းနေပြီး လက်ရှိအရေအတွက်တွင်မူ .,.. သုံးယောက်က များလွန်းသေးလေသည်။

ဆယ့်တစ်ယောက်အနက် ရှစ်ယောက်၏လက်ဖမိုးပေါ်တွင် အနီရောင်စည်းသင်္ကေတအမှတ်များ ရှိကြသည်။ မရှိသူများတွင်တော့ သာမန်ကျင့်ကြံသူတစ်ယောက်နှင့် မိစ္ဆာကျင့်ကြံသူနှစ်ယောက် ပါဝင်သည်။ သူတို့အားလုံးမှာ မျက်နှာဖြူဆုပ်နေကြ၏။

အဆိုပါစည်းသင်္ကေတအမှတ်များသည် လေဟုန်ခွင်းလောကမှ အသိအမှတ်ပြုသော အမှတ်၊ ရှင်သန်ခြင်း၏ စည်းသင်္ကေတဖြစ်သည်။ ထိုစည်းသင်္ကေတရှိသူများကား နတ်မိုးခြိမ်းသံ၏ သုတ်သင်ခြင်းခံရမည်မဟုတ်ပေ။

သွေးများ ပလ္လင်တစ်လျှောက်လုံး တသွင်သွင်စီးကျနေကြစဉ် လူတိုင်း မန်ဟို့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြ၏။ အကြောက်တရားများက သူတို့မျက်ဝန်းများ၏အနက်ပိုင်းထဲတွင် ကိန်းအောင်းနေကြသည်။ စောစောက တိုက်ပွဲအတွင်း သေဆုံးသူတစ်ဝက်ကျော်မှာ မန်ဟို့အသတ်ခံခဲ့ရသူများဖြစ်ခဲ့၏။

ပလ္လင်အောက်တွင် ကျန်းတောက်ဇီနှင့်အခြားသူများမှာ အမြုတေအထိ တုန်လှုပ်နေကြသည်။ မန်ဟို ရန်သူများကို သတ်ဖြတ်နေသောမြင်ကွင်းက သူတို့နှလုံးသားထဲတွင် ဖျောက်ဖျက်မရအောင် စွဲထင်ကျန်ရစ်ခဲ့လေပြီ။

အသက်ရှူချိန်အနည်းငယ်ကြာသော် တိုက်ပွဲပြန်စသည်။ လူတိုင်းလိုလို လက်ဖမိုးထက်တွင် အမှတ်မရှိသော ကျင့်ကြံသူသုံးယောက်အား ဖယ်ရှားရန် ကြိုးစားရင်း တစ်ပြိုင်တည်း တိုက်ခိုက်လိုက်ကြသည်။

ထိုသုံးယောက်မှာ သူတို့ စည်းသင်္ကေတအမှတ်ကို မရယူနိုင်လျှင် မိုးကြိုး၏ အပြီးတိုင်ဖယ်ရှားသုတ်သင်ခြင်း ခံရမည်ဖြစ်ကြောင်း သိကြ၏။

ဂျိန်းခနဲ မိုးခြိမ်းသွားပြီး ကျင့်ကြံသူသုံးယောက်၏ပါးစပ်များမှ သွေးများ ပန်းထွက်သွားသည်။ သူတို့၏အတွင်းဒဏ်ရာများ မည်မျှပြင်းထန်သလဲ ဖော်ပြရန်ပင် မလိုအပ်သည်။ သူတို့မှာ အားနည်းသထက် အားနည်းလာနေသည့်အတွက် နောက်ဆက်တွဲမိုးခြိမ်းသံများက သူတို့ကို ဖယ်ရှားပစ်ပေတော့မည်။ သူတို့သည် အရူးများသဖွယ် ဟိန်းဟောက်ရင်း အသက်စွမ်းအားများကိုပင် လောင်ကျွမ်းစေကာ ရှိရှိသမျှစွမ်းအားအလုံးစုံ ထုတ်လိုက်ကြ၏။

သူတို့သည် သူတို့အနိုင်ယူနိုင်မည်ထင်သော ဂိုဏ်းတူများကို အသည်းအသန် တိုက်ခိုက်ကြလေသည်။

တိုက်ပွဲကြီးက တအုန်းအုန်းမြည်သံများ ရိုက်ညောင်းလျက် ပြင်းထန်နေသည်။ ကျန်းတောက်ဇီနှင့်အဖွဲ့ ကြည့်ရှုနေသော်လည်း ကျန်လေဟုန်ခွင်းလောကသားများမှာတော့ ခိုးပင်မကြည့်ရဲဘဲ ခေါင်းငုံ့ထားကြဆဲပင်။

မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်မီးတောက်အဆီအနှစ် ဟုန်းခနဲ ထွက်လာသည်။ သူက သူ့လက်ကို စည်းသင်္ကေတမရှိသော မိစ္ဆာကျင့်ကြံသူတစ်ယောက်၏ပခုံးအပေါ်သို့ ဖိချလိုက်ရာ ထိုလူမှာ ချက်ချင်းဆိုသလို နတ်မီးတောက်၏ ဝါးမြိုခြင်းခံလိုက်ရသည်။ အားခနဲ စူးစူးဝါးဝါး အော်သံကြီး ပဲ့တင်ထပ်သွားပြီး မန်ဟို လက်ပြန်ရုတ်လိုက်သည့်အခါ မိစ္ဆာကျင့်ကြံသူမှာ ပြာကျသွားတော့၏။

တစ်ချိန်တည်းမှာပင် စည်းသင်္ကေတမရှိသော ကျန်နှစ်ယောက်လည်း အသတ်ခံလိုက်ရာ ပလ္လင်ပေါ်ရှိ လူအရေအတွက်အား ... ရှစ်ယောက်အထိ လျော့ကျသွားစေသည်။

မန်ဟိုအပြင် သာမန်ကျင့်ကြံသူနှစ်ယောက်၊ မိစ္ဆာကျင့်ကြံသူငါးယောက်ဖြစ်ပြီး အားလုံး၌ လက်ဖမိုးပေါ်တွင် အမှတ်များ ပိုင်ဆိုင်ထားကြသည်။

အကုန်လုံး သက်ပြင်းချလိုက်ကြ၏။

“နောက်ဆုံးတော့ ပြီးသွားပြီ...”

“လေဟုန်ခွင်းလောကရဲ့ သဘာဝနိယာမတွေ ပြောင်းလဲသွားတာ ယုံတောင်မယုံနိုင်ဘူး....”

ပလ္လင်အောက်ရှိ ကျန်းတောက်ဇီနှင့် အခြားသူများလည်း အရာအားလုံးပြီးဆုံးသွားပြီဟု ယူဆလိုက်ကြသည်။ သို့သော် ... မိုးခြိမ်းသံက ထပ်မံထစ်ချုန်းလာပြန်သည်။ လူတိုင်း မျက်နှာပျက်သွားသော်လည်း မည်သူမှ သွေးမအန်ကြပေ။ သို့စေကာမူ မိုးခြိမ်းသံရပ်မသွားခြင်းက တစ်ခုတည်းကိုသာ သက်သေထူသည်။

စည်းသင်္ကေတမရှိသော နောက်တစ်ယောက် ရှိနေသေး၏။ ထိုမျှသာမက ထိုလူကား ပလ္လင်ပေါ်တွင် ရှိမနေ။

“မဖြစ်နိုင်ဘူး။ ငါတို့ပဲ ကျန်ခဲ့တာမဟုတ်လား။ ဘာလို့ နတ်မိုးခြိမ်းသံက ရှိနေသေးတာလဲ”

“တစ်ယောက်ယောက်တော့ သိုလှောင်အိတ်ထဲမှာ လူတွေ ထည့်ထားသေးတာပဲ ဖြစ်မယ်” လူတိုင်း သံသယများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဖန်းတုံးအာမှာ သာမန်ကျင့်ကြံသူများထက် မိစ္ဆာကျင့်ကြံသူအရေအတွက်က ပိုများ၍ အခွင့်မသာကြောင်း သဘောပေါက်လိုက်သဖြင့် အံတင်းတင်းကြိတ်လိုက်သည်။ သူမက တခဏ ချီတုံချတုံဖြစ်နေပြီးနောက် သိုလှောင်အိတ်ကို ဖွင့်ကာ ဘယ်သူမှမရှိကြောင်း လူတိုင်းမြင်အောင် ပြလိုက်၏။

သူမအနောက်ရှိ ကျန်ကျင့်ကြံသူများလည်း တွန့်ဆုတ်မနေတော့ပေ။ နောက်ဆုံးတွင် ပေ့ယွီအပါအဝင် မိစ္ဆာကျင့်ကြံသူများလည်း ထိုနည်းတူ ထုတ်ပြကြသည်။ နောက်ဆုံးတော့ သိုလှောင်အိတ်ဖွင့်မပြရသေးသူဆို၍ မန်ဟိုသာ ရှိတော့လေသည်။

ထိုအခိုက်အတန့်တွင် မျက်လုံးအားလုံးက သူ့အပေါ် ကျရောက်လာသည်။

“မန်ဟိုက စည်းသင်္ကေတတစ်ခုယူပြီး သူ့သိုလှောင်အိတ်ထဲ ထည့်ခဲ့သေးတယ်” ဂျိန်းခနဲ မိုးခြိမ်းသွားပြီး လူတိုင်းသည် မန်ဟို့ကို သတိအပြည့်ဖြင့် ကြည့်နေကြ၏။

မန်ဟိုက သူတို့အားလုံးထဲတွင် အစွမ်းထက်ဆုံးဖြစ်ကြောင်း စောစောတိုက်ပွဲအတွင်း ထင်ရှားခဲ့သည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် သူတို့အားလုံးအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည်။

နောက်ထပ်မိုးခြိမ်းသံကြားလိုက်ရသော်လည်း ဤတစ်ကြိမ်တွင် အသံသာ မဟုတ်တော့ပေ။ မိုးကြိုးတန်းတစ်တန်းက ကောင်းကင်ထက်မှ ထိုးဆင်းလာကာ ကြောက်မက်ဖွယ်ဖျက်စီးခြင်းစွမ်းအားဖြင့် ပလ္လင်ကို ဝင်တိုက်လိုက်သည်။ ပလ္လင်တစ်ခုလုံး တသိမ့်သိမ့်တုန်သွားပြီး မန်ဟိုက မထိအောင် ဘေးသို့ ရှောင်လိုက်၏။

“မန်ဟို နင် ဘာလုပ်နေတာလဲ။ သိုလှောင်အိတ်ဖွင့်ပြီး အဲဒီလူကို သတ်လိုက်တော့လေ”

“မင်း တစ်ခုခုမလုပ်ရင် ငါတို့ကို မင်းကို ဝိုင်းသတ်လို့ အဆိုးမဆိုနဲ့” လူတိုင်းမှာ မိုးခြိမ်းသံကြီးနှင့် စောစောက ပစ်ချခဲ့သော မိုးကြိုးကြောင့် တုန်လှုပ်နေကြလေသည်။ သူတို့အမြင်တွင် မန်ဟိုသာ သိုလှောင်အိတ်ကိုဖွင့်၍ အထဲရှိလူကို မသတ်ပါက သူတို့အားလုံး သေရပေတော့မည်။

မန်ဟို့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ လောလောဆယ်တွင် စုရန်သည် သူ့သိုလှောင်အိတ်ထဲ၌ တုန်ရီနေ၏။ သူမကြောက်နေသည်ကား မန်ဟို့အတွက် အတန်ငယ် အံ့ဩစရာကောင်းလေသည်။ အစတုန်းက သူမသည် သေမရမည်ကို ကြောက်ရွံခြင်းအလျှင်း မရှိခဲ့ပေ။ သို့သော် ယခုတွင် သူမမှာ ကြောက်လန့်နေပုံပေါ်ရာ သူ့ရင်ထဲတွင် သံသယတို့ ဖြစ်ပေါ်မလာစေဘဲ မနေတော့ပေ။

“သူ့မှာ ပြန်ရှင်သန်ထမြောက်ခြင်းမှော်အစွမ်းတစ်ခုခု ရှိထားလို့ ငါသတ်လိုက်ရင် သူ့ကိုယ်သူ အသက်ပြန်သွင်းနိုင်ပေမယ့် .. ကမ္ဘာအနှစ်သာရရဲ့ မိုးခြိမ်းသံ သတ်ရင်တော့ တကယ်သေရမှာမလို့များလား" မန်ဟို့မျက်လုံးများ တောက်ပသွားပြီးနောက် စုရန်၏ ပြိုင်ဘက်ကင်းသော မှော်သိုင်းကွက်များအကြောင်း တွေးရင်း မဖြစ်နိုင်သောအရာမဟုတ်မှန်း သဘောပေါက်လိုက်သည်။

သူ ရပ်တွေးနေစဉ် ပလ္လင်ပေါ်ရှိ အခြားသူများမှာတော့ မိုးခြိမ်းသံနှင့် မိုးကြိုးကြောင့် အင်မတန် လန့်နေကြလေပြီ။

“အတူတူပေါင်းတိုက်ကြစို့။ ငါတို့ဘာသာငါတို့ဆို သူ့မသတ်နိုင်ပေမယ့် အနည်းဆုံးတော့ သူ့ကို ပလ္လင်ကနေ တွန်းထုတ်လို့ရလိမ့်မယ်။ ပြီးရင် မိုးခြိမ်းသံက သူ့သိုလှောင်အိတ်ထဲက လူကို သတ်ပေးလိမ့်မယ်”

အကုန်လုံးက အော်ပြောလိုက်ကြသည်။ "အတူတိုက်ကြ"

မိစ္ဆာကျင့်ကြံသူများကား မန်ဟိုကို မုန်းနေပြီးသားဖြစ်၍ ချက်ချင်းပင် ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

ချက်ချင်းပင် ဖန်းတုံးအာနှင့် သာမန်ကျင့်ကြံသူများပင်လျှင် မန်ဟို့ဆီ ချီတက်လာကြသည်။ မန်ဟို၏ အပြုအမူအားလုံးက သူတို့အားလုံး၏ အသက်အပေါ် သက်ရောက်မှုရှိရာ မည်သို့ မတိုက်ခိုက်ဘဲ နေနိုင်တော့မည်နည်း။

မန်ဟိုမျက်လုံးများ လင်းလက်သွားသည်။ သူသည် တိုက်ခိုက်မည့်အစား သူ၏နတ်ဘုရားစိတ်ဆန္ဒအား သိုလှောင်အိတ်ထဲသို့ စေလွှတ်၍ စုရန်၏နားထဲတွင် အော်ပြောရန် အချိန်ဆွဲရင်း နောက်ဆုတ်လိုက်သည်။

"ငါ့ကို မင်းရဲ့ နတ်ဘုရားစွမ်းရည်တစ်ခု ပေးရင် ‌လေဟုန်ခွင်းလောကမှာ မင်းရဲ့နေရာတစ်နေရာ ယူပေးမယ်"

သူက ဤဗျူဟာကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်လေသည်။ စုရန် မျက်နှာပျက်သွားသည်။ သွေးများက သူမ ပါးစပ်မှ ပန်းထွက်လာပြီး သူမအမူအရာမှာ မကြောက်စဖူး ကြောက်လန့်နေသော အမူအရာဖြစ်လေသည်။ သူမသည် အပြင်မှ သေစေနိုင်သော တိုက်ခိုက်မှုများကို ခံစားနေရသော်လည်း သူမ၏ နတ်ဘုရားစွမ်းရည်တစ်ခုအား မန်ဟို့ကို မပေးချင်သေးပေ။

"အသေပဲ ခံလိုက်မယ်" သူမက တုံပြန်သည်။

"ငါ အကုန်လုံး မလိုချင်ဘူး။ တစ်ခုဆို ရပြီ။ မင်း လေဟုန်ခွင်းလောကထဲမှာ အဖယ်ရှားမခံရချင်ရင် ငါ့ကို တစ်‌ခုတော့ ပေးသင့်တာပေါ့" လူတိုင်း တိုက်ခိုက်နေစဉ် မန်ဟိုက ဆက်လက်နောက်ဆုတ်နေသည်။ သူသည် အလွန်တည်ငြိမ်စွာဖြင့် ဟိုယိမ်းသည်ယိမ်း၍ သူ၏ နတ်ဘုရားအာရုံကို သုံးကာ စုရန်ကို ဖြောင်းဖျနေလေသည်။

မိုးကြိုးက ထပ်မံ ထစ်ချုန်းသွားပြီး ဤတစ်ခေါက်က ယခင်တစ်ခေါက်ထက် ပို၍ ပြင်းထန်၏။ မိုးကြိုးတန်းတစ်တန်း ကျဆင်းလာရာ လူတိုင်းမှာ ချာချာလည်သွားတော့သည်။ မန်ဟိုမျက်နှာပျက်သွားပြီး သေစေနိုင်သော အန္တရာယ်မှာ ပို၍ အားကောင်းလာတော့သည်။ နောက်လာမည့်မိုးကြိုးများက သူ့ကို သေချာပေါက် ထိမှန်တော့မည့်အလားပင်။

မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ ယခုအချိန်တွင် အကောင်းဆုံး ရွေးချယ်စရာက စုရန်ကို သတ်၍ မိုးကြိုးများကို လွင့်ပျယ်သွားစေရန်သာ ဖြစ်လိမ့်မည်။ သည့်ထက်လွန်လျှင် သူ ကိုယ့်သေတွင်းကိုယ် တူးမိသလို ဖြစ်လိမ့်မည်။

"အခုလို အခွင့်အရေးက ကြုံရဖို့ မလွယ်ကူဘူး။ အခုချိန်မှာ လက်လျှော့လိုက်ရင် နှမြောစရာကောင်းလိမ့်မယ်" သူသည် စုရန်၏ မိုးခြိမ်းသံနှင့် မိုးကြိုးအပေါ် ကြောက်ရွံစိတ်ကို ထပ်မံခံစားလိုက်ရသဖြင့် မျက်လုံးများ လင်းလက်သွားသည်။

သူက အံတင်းတင်းကြိတ်၍ နောက်ဆက်ဆုတ်ရင်း နတ်ဘုရားစိတ်ဆန္ဒအား ထပ်မံ ပို့လွှတ်လိုက်ပြန်သည်။

စုရန်သည် မိုးကြိုးထဲ၌ သေခြင်းစိတ်ဆန္ဒကို ခံစားလိုက်ရ၍ ၎င်းက သူမကို တုန်ရီလာစေသည်။ သူမသည် မန်ဟို သူမကို သတ်မည်ကို မကြောက်သော်လည်း မိုးကြိုး၏သုတ်သင်ခြင်းခံရမည်ကိုတော့ အမှန်ကြောက်၏။

သေရတော့မည့်ခံစားချက်က ပိုမိုအားကောင်းလာပြီး မိုးခြိမ်းသံနှင့်မိုးကြိုးနောက်တစ်ကြော့ လာတော့မည်ဖြစ်ကြောင်း သူမ ပြောနိုင်လိုက်သည်။

“ငါ သေရင် နင်လည်း သေရမယ်” သူမက အော်သည်။ တုံံ့ပြန်သည့်အနေဖြင့် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်၍ စုရန်ကို ထုတ်လိုက်သည်။ မိုးခြိမ်းသွားပြီး မိုးကြိုးတန်းခုနစ်တန်းက အပေါ်တွင် စုဝေးလာသည်။ တစ်ချိန်တည်းမှာပင် သူက သူမကို သူ့အရှေ့သို့ လွှင့်ပစ်တော့မည့်အလား လုပ်လိုက်၏။

“ငါ နင့်ကို နတ်ဘုရားစွမ်းရည်တစ်ခုပဲ ပေးမယ်” စုရန်က မိုးကြိုးကို ကြည့်ရင်း အော်ပြောသည်။ သူမအနေဖြင့် ဆက်လက်မတောင့်ခံနိုင်တော့ပေ။

“ကောင်းပြီ ငါ မင်းရဲ့ နတ်ဘုရားခြေခုနစ်လှမ်းသိုင်းကို လိုချင်တယ်” မန်ဟိုသည် မျက်လုံးများ တောက်ပနေပြီး သူ့နတ်ဘုရားစိတ်ဆန္ဒကို သူမထံ ပို့လွှတ်လိုက်၏။ စုရန်မှာ အချိန်မရှိကြောင်း သိလေသည်။ ၎င်းက သူမကို ဒေါသထွက်စေသော်လည်း ရွေးချယ်စရာမရှိတော့၍ သူ၏နတ်ဘုရားစိတ်ဆန္ဒအား သူမစိတ်ထဲ ဝင်ရောက်၍ နတ်ဘုရားခြေခုနစ်လှမ်းတာအိုမှော်သိုင်းအား ယူခွင့်ပြုလိုက်ရတော့သည်။

မန်ဟို တာအိုမှော်သိုင်းအား ရရှိသွားသော အခိုက်အတန့်တွင် မိုးကြိုးတန်းခုနစ်တန်းက ကျဆင်းစပြုလာ၏။ ရုတ်တရက် မန်ဟိုက ချာခနဲ လှည့်လိုက်ပြီး မိုးကြိုးဒယ်အိုးက သူ့လက်ထဲတွင် ပေါ်လာသည်။ လျှပ်စီးများ ကခုန်သွားစဉ် သူကား မိစ္ဆာကျင့်ကြံသူအဘွားအိုတစ်ယောက်နှင့် နေရာချင်းလဲသွားလေပြီ။ သူက မိစ္ဆာကျင့်ကြံသူနောက်တစ်ယောက်ဘေးတွင် ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အသက်နုတ်လက်သီးကို ထုတ်လွှတ်လိုက်သည်။

သူသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားခဲ့သဖြင့် ဘယ်သူမှ သတိမထားမိလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း မိုးခြိမ်းသံက ဂျိန်းခနဲ မြည်ဟည်းသွားပြီး မိစ္ဆာကျင့်ကြံသူမှာ အသားတုံးများဖြင့် ပေါက်ကွဲသွားတော့သည်။

မိစ္ဆာကျင့်ကြံသူသေသွားလျှင်ချင်း ထိုလူ့လက်ပေါ်ရှိ အမှတ်က မှေးမှိန်လာရင်း အနီရောင်ချီလှိုင်းတစ်လှိုင်းအသွင်ပြောင်း၍ စုရန်၏လက်အပေါ်တွင် ခတ်နှိပ်ခံလိုက်ရသည်။

ထိုအခိုက်အတန့်တွင် မိုးကြိုးတန်းခုနစ်တန်းကား အစအနမကျန် ပျောက်ကွယ်သွားပြီး မိုးခြိမ်းသံလည်း ရပ်စဲသွားသည်။

ယခုတွင် ပလ္လင်ပေါ်တွင် ရှစ်ယောက်ထပ်မံ ကျန်ခဲ့ပြန်သည်။ မိစ္ဆာကျင့်ကြံသူတစ်ယောက် လျော့၍ တုန်ရီနေသော စုရန် တိုးလာသည်။

သူ့ သိုလှောင်အိတ်ရှိ ချူယွီယန်ကို ထည့်ပေါင်းလျှင် စုစုပေါင်း ကျင့်ကြံသူကိုးယောက်ဖြစ်၏။

သူတို့အားလုံးလက်ပေါ်တွင် လေဟုန်ခွင်းလောက၌ တည်ရှိခွင့်ရှိကြောင်း ညွှန်ပြနေသော အမှတ်များကိုယ်စီ ရှိကြသည်။

ဤအခိုက်အတန့်တွင် တိုက်ပွဲကား ရပ်တန့်သွားလေပြီ။ ဘယ်သူမှ မန်ဟို့ကို ဆက်လက်မတိုက်ခိုက်ကြတော့ပေ။ သူတို့အားလုံးက ဝမ်းနည်းနေသောမျက်နှာအမူအရာများနှင့် သတိဝီရိယအပြည့်ဖြင့် ဘေးဘီဝဲယာကို တိတ်ဆိတ်စွာ လှည့်ပတ်ကြည့်ရင်း နောက်ဆုတ်သွားကြသည်။

ပလ္လင်အောက်ရှိ ကျင့်ကြံသူတစ်သောင်းနှင့် ဟိုးအဝေးရှိ လူပေါင်းသောင်းချီကို ငုံကြည့်နေစဉ် ဖန်းတုံးအာနှင့်အခြားသူများမှာ သူတို့ကိုယ်သူတို့ အထက်လူကြီးများကဲ့သို့ မခံစားရတော့ပေ။ ထိုအစား သူတို့သည် ခေါင်းပင် မော်မကြည့်ရဲသည့် ပရိသတ်များ ဝိုင်းအုံနေသော လှောင်အိမ်ထဲက တိုက်ခိုက်ရေးသမားများအလားပင်။

အထက်လူကြီးများက ဖျော်ဖြေနေရပြီး လက်အောက်ငယ်သားများက ပရိသတ်ဖြစ်နေသည်။ သို့ဆိုလျှင် .... မည်သူက အထက်လူကြီးဖြစ်နေသနည်း။

***

All Chapters