အက်ရှလွန်များ၏ စစ်ကြေညာချက်
Vol. 78 Ch. 1090
ဤအခိုက်အတန့်တွင် မည်သူက အထက်လူကြီးဖြစ်သလဲ ပြောရန် ခက်၏။
ပြည်ထောင်ကိုး၏ ပလ္လင်ထက်တွင် မန်ဟိုသည် ကောင်းကင်ကို မော့ကြည့်ရင်း ရပ်နေ၏။ သူက စုရန်ကို ချိတ်ပြန်ပိတ်၍ သိုလှောင်အိတ်ထဲ ပြန်ထည့်ခဲ့ပြီးလေပြီ။ ယခုတွင် သူသည် သူ၏ ဆံပင်များနှင့် အ၀တ်အစားများကို လွင့်ခါနေစေသော ဖုန်လေများထဲတွင် ရပ်နေ၏။
သူ့အနောက်တွင် အခြားသူများက ကြောက်စိတ်များနှင့် ရှုပ်ထွေးသော ခံစားချက်များဖြင့် သူ့နောက်ကျောကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဖန်းတုံးအာပင်လျှင် ခြွင်းချက်မဟုတ်ပေ။
မန်ဟို ရက်ရက်စက်စက် တိုက်ခိုက်ခဲ့မှုက အင်အားအရာ၌ သူ့ကို အခြားသူများထက် သာလွန်သွားစေပြီး ပြည်ထောင်ကိုးအတွင်း၌ သူ၏ အဆင့်အတန်းကို အမြင့်ဆုံး ဖြစ်သွားစေသည်။
အောက်တွင် ကျန်းတောက်ဇီနှင့် အခြားသူများသည် မန်ဟိုကို ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက အင်မော်တယ်များအပေါ် ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေ၏။ နောက်ဆုံးတွင် သူတို့က ခေါင်းငုံ၍ ဒူးထောက်ရှိခိုးလိုက်ကြလေသည်။
သူတို့သည် ဤအခိုက်အတန့်တွင် အခြားအင်မော်တယ်များ မည်သည့်အမိန့်ပေးပေး စိတ်ပူစရာမလိုတော့ကြောင်း သိလိုက်၏။ မန်ဟို ပြည်ထောင်ကိုးမှ ထွက်မသွားသရွေ့ သို့မဟုတ် အခြားသူ၏ အစားထိုးခြင်းမခံရသရွေ့ သူ့စကားလုံးများသည်သာ လိုက်နာရမည့်အမိန့်များ ဖြစ်လာမည်။
ထိုစဉ် ပြည်ထောင်ရှစ်၏ ပလ္လင်တွင်တော့ အရိုးများ မွစာကြဲနေသည်။ သေခြင်းအရှိန်အဝါက မိုးကောင်ကင်သို့တိုင် ရိုက်ခတ်နေပြီး ကျင့်ကြံသူရှစ်ယောက်မှာ အရိုးပုံကြီးပေါ်တွင် ထိုင်နေသော အနက်ရောင်၀တ်လူငယ်ကို ဒူးထောက်အရိုအသေပေးရင်း တုန်ရီနေသည်ကို မြင်ရနိုင်သည်။ ထိုလူငယ်ကား အဋ္ဌမတောင်ပင်လယ်မှ အက်ရှလွန်စာရင်း၀င် ကျင့်ကြံသူမှတစ်ပါး အခြားမဟုတ်ပေ။
"မင်းတို့တွေ မင်းတို့နဲ့အတူ ဧည့်သည်တွေ များများစားစား ခေါ်မလာပါလား။ ဘာလို့ အများကြီး ခေါ်မလာတာတုန်း။ ငါ နည်းနည်းလောက် ပိုသတ်ချင်နေသေးတာကို" သူ့ပတ်ပတ်လည်ရှိ တုန်ရီနေသော ကျင့်ကြံသူများကို ကြည့်နေစဉ် သူ့မျက်လုံးများသည် ရက်စက်ကြမ်းကြုတ်နေသော အလင်းရောင်ဖြင့် တောက်ပနေ၏။ ရုတ်တရက် သေခြင်းအရှိန်အ၀ါက သူ့ထံမှ ပေါ်ထွက်လာသည်။ အကောင်းပကတိအတိုင်း မရှိတော့သော အလောင်းများက သူ့ကို ခြံရံလျက်ရှိသည်။
သွေးများက ပလ္လင်ကို နီစွေးနေစေ၏။
ပြည်ထောင်ရှစ်တွင် လူငယ်တစ်ယောက်သည် တုန်ရီနေသော ကျင့်ကြံသူရှစ်ယောက်ဖြင့် ဝန်းရံလျက် လှံရှည်ကို ကိုင်ဆွဲလျက် ရပ်နေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် လှံအပေါ်တွင် တံစိုထိုးထားသကဲ့သို့ ခေါင်းရှစ်ခေါင်းက စူး၀င်နေသည်။
"ငါ မင်းတို့ အကုန်လုံးကို မသတ်ချင်ပေမယ့် ဘယ်သူက ငါ့ဆီက အက်ရှလွန်အဆင့်အတန်းကို လုယူနိုင်တယ်လို ပြောခဲ့တာလဲ။ သတ္တမတောင်ပင်လယ်မှာ ငါ သိပ် ရမ်းရမ်းကားကား မပြုမူရဲခဲ့ပေမယ့် ဒီနေရာမှာတော့ မင်းတို့ကောင်တွေက ဘာမှမဟုတ်ဘူး" လူငယ်က သူ့ကိုယ်သူ အင်မတန် ယုံကြည်ချက်ရှိနေသော အပြုံးဖြင့် ပြုံးလိုက်သည်။
ပြည်ထောင်ခြောက်တွင် လူငယ်တစ်ယောက်သည် ပလ္လင်ထက်၌ တင်ပျဉ်ခွေထိုင်နေ၏။ သူက ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိပုံရပြီး အေးတိအေးစက် အမူအရာများ ရှိကြသည့် ထွားထွားကြိုင်းကြိုင်းလူများကို မျက်လုံးကလေး ကလယ်ကလယ်ဖြင့် ကြည့်နေ၏။
ပြည်ထောင်ခြောက်သည် ထူးခြား၏။အဘယ်ကြောင့်ဆိုသော် မည်သူမှ လူပို ခေါ်မလာခဲ့၍ မည်သည့်မိုးခြိမ်းသံမှ ပေါ်မလာခဲ့ပေ။
အားလုံးထက် အဆန်းကြယ်ဆုံးမှာတော့ ပြည်ထောင်ငါးပင်။ ထိုနေရာရှိ ပလ္လင်မှာ သွေးချင်းချင်းနီပြီး လူတစ်ယောက်တည်းသာ ပလ္လင်အဖျားတွင် ရပ်လျက် အသက်ရှင်ကျန်ခဲ့၏။ သူကား အတန်ငယ် အ၀လွန်နေပြီး သူ့မျက်နှာအပေါ်တွင် အပြုံးတစ်ခုကို ဆင်မြန်းထား၏။ သို့သော် ထိုအပြုံး၏နောက်တွင် ဖုံးကွယ်ထားသည်မှာတော့ သွေးအေးမှုဖြစ်သည်။
သူနှင့်အတူ ရောက်ရှိလာခဲ့သူအားလုံး ယခုတွင် သေသွားကြလေပြီ။ သူတစ်ယောက်တည်းသာ အသက်ရှင်ကျန်ခဲ့၏။
"အက်ရှလွန်ထဲက ငါ့အဆင့်အတန်းကို လုယူချင်တယ်ပေါ့လေ" လူငယ်က ရေရွတ်လိုက်သည်။ "မင်းတို့ကောင်တွေက အရည်အချင်း မပြည့်မီသေးဘူး"
တိတ်ဆိတ်မှုက ပြည်ထောင်လေးတွင် စိုးမိုးနေ၏။ လင်းချုံသည် အဖြူရောင်၀တ်ရုံကို ၀တ်ဆင်လျက် ဘေးဘီဝဲယာကို ဂုဏ်ယူ၀င့်ကြွားစွာ ကြည့်ရင်း ရပ်နေသည်။ သူ့အနောက်တည့်တည့်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများဖြင့် ကျင့်ကြံသူလေးယောက် ရှိသည်။ သူတို့အားလုံးကို မရေမတွက်နိုင်သော အလောင်းများက ၀န်းရံထား၏။
အစမှအဆုံးအထိ လင်းချုံက တစ်ချက်ပင် မလှုပ်ခဲ့ပေ။ သူ၏နောက်လိုက်များက သူတို့နှင့်အတူ ပါလာခဲ့သော ကျင့်ကြံသူများနှင့်အတူ လူပိုများကို သတ်ဖြတ်ခဲ့၏။
"ဒီနေရာမှာ စိတ်၀င်စားစရာတွေ ဖြစ်လာပါစေလို့ မျှော်လင့်တယ်" လင်းချုံက အပြုံးလေးဖြင့် ပြောသည်။
ပြည်ထောင်သုံးတွင် သွေးချောင်း တသွင်သွင် စီးနေ၏။ သို့သော် တစ်စုံတစ်ခုက ထိုနေရာတွင် ထူးခြားနေသည်။ ရှိသမျှ လူကိုးယောက်အနက် တစ်ယောက်မှ အက်ရှလွန်စာရင်း၀င် မဟုတ်ကြပေ။ ထိုကိုးယောက်ထဲတွင် အင်ပါယာအဝတ်အစားများ ၀တ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ရှိသည်။
“ငါ စောင့်နေခဲ့ရတာ အတော့်ကို ကြာခဲ့ပြီ.... နောက်ဆုံးတော့ ဒီနေ့ရောက်လာခဲ့ပြီပဲ။ အင်ပါယာသခင်ပြောခဲ့တဲ့ စကားတွေက မှန်နေတာကိုး” သူက စကားပြောနေစဉ် အဝေးကို လှမ်းကြည့်လိုက်၏။ လူရိပ်တစ်ခုက လေကိုခွင်း၍ လာနေချေသည်။
၎င်းက ပလ္လင်ပေါ် ရောက်လာသော ဆယ်ယောက်မြောက်ပုဂ္ဂိုလ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။
ပလ္လင်အောက်ရှိ ကျင့်ကြံသူတစ်ယောက်မှ ခေါင်းငုံ့မနေကြပေ။ ထိုအစား သူတို့သည် အင်ပါယာအဝတ်အစားများနှင့်လူအား အရူးအမူးယုံကြည်ကိုးကွယ်မှုအငွေ့အသက်များ တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်နေ၏။
ပြည်ထောင်နှစ်၏ ပလ္လင်ပေါ်တွင် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ အမှန်ပင် အင်မတန်မှ တိတ်ဆိတ်နေသည့်အတွက် ချောက်ချားစရာပင် ကောင်းသည်။ သွေးညှီနံ့ထွက်မနေဘဲ အေးစိမ့်နေသော အအေးဓာတ်သာ ပလ္လင်ကို ရေခဲတုံးကြီးဖြစ်သွားစေခဲ့ရင်း ဖြာထွက်နေသည်။
ထိုရေခဲ၏အလယ်တွင်တော့ အပြာရောင်ဝတ်ရုံနှင့်လူတစ်ယောက်ရှိသည်။
သူ့မျက်လုံးများက ပိတ်ထားပြီး သူ့ပတ်ပတ်လည်တွင် အလောင်းများက အတုံးအရုန်း လဲနေကြသည်။
ပြည်ထောင်တစ်၏ ပလ္လင်ကတော့ အားလုံးအထဲ အထူးဆန်းဆုံးဖြစ်သည်။ ပလ္လင်အောက်ရှိ မည်သူမှ ခေါင်းငုံ့မနေပေ။ သူတို့က ခေါင်းမော့ရန် အမိန့်ပေးခံခဲ့ရလေသည်။ သူတို့သည် ပလ္လင်ထက်တွင် ပျံဝဲနေသော အဖြူရောင်ဝတ်ရုံနှင့်လူတစ်ယောက်ကို ကြည့်ရင်း ကြောက်လန့်တုန်ရီနေကြ၏။
ထိုလူ၏မျက်နှာအမူအရာမှာ ဉာဏ်အလင်းကို ဆင်ခြင်သုံးသပ်နေသည့်အလား ပကတိတည်ငြိမ်နေသည်။ သူက သူ့ညာလက်ကို စိုက်ကြည့်နေ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ထိုအထဲတွင်ကား .... မိုးကြိုးတန်းတစ်တန်း။ မိုးကြိုးသည် သာမန်ထက်ထူးခြားပုံပေါ်ပြီး မန်ဟိုသာ ဤနေရာတွင်ရှိလျှင် .... မိုးကြိုးဒယ်အိုးကဲ့သို့ မိုးကြိုးအမျိုးအစားဖြစ်ကြောင်း သတိထားမိလိမ့်မည်။
အဖြူရောင်ဝတ်ရုံနှင့်လူကား ၎င်းကို ထိန်းချုပ်ရန်နည်းလမ်းကို ဆုံးဖြတ်နေသည့်အလား ဆင်ခြင်သုံးသပ်နေသယောင်ပင်။
ဤကဲ့သို့ ကျင့်ကြံခြင်းအခြေခံနှင့် ဤကဲ့သို့စွမ်းအားမျိုးဖြင့် သူသည် တစ်ယောက်တည်းသာ ဖြစ်နိုင်သည်။ အစွမ်းထက်ဆုံးလူသုံးယောက်ထဲမှ တစ်ယောက်အဖြစ် အသိများသော ပထမတောင်မှ အက်ရှလွန်။
သူ့အနောက်တွင် ပထမတောင်ပင်လယ်မှ ရောက်လာခဲ့သော နောက်ထပ်ကျင့်ကြံသူရှစ်ယောက်ရှိသည်။ သူတို့အားလုံးက သူ့ကိုယ်ရံတော်နောက်လိုက်များ ဖြစ်လေသည်။ တစ်ယောက်မှ ပထမတောင်ပင်လယ်ရှိ အဖွဲ့အစည်းများမှ ဂိုဏ်းသားများမဟုတ်ကြပေ။
ဤလူများသည် သူ တိုက်ခိုက်ခဲ့သော တိုက်ပွဲများ အတောအတွင်း အညံ့ခံစေခဲ့သော လူများဖြစ်၏။ သူတို့က သူ၏နောက်လိုက်ဖြစ်လာကြပြီး သူ့အတွက်ပင် တိုက်ခိုက်ပေးကြလေသည်။ အံ့အားသင့်စရာအကောင်းဆုံးမှာတော့ သူ့နောက်လိုက်ဖြစ်ရန် ရွေးချယ်ခဲ့သူများအနက် တစ်ယောက်က အက်ရှလွန်စာရင်းဝင်နောက်တစ်ယောက် ဖြစ်နေခြင်းပင်။
အက်ရှလွန်ဖြစ်လာသည့်တိုင် အဖြူရောင်ဝတ်ရုံနှင့်လူနောက်လိုက်ရန် ရွေးချယ်ခဲ့ခြင်းက ထိုလူ မည်မျှအစွမ်းထက်သလဲ သက်သေပြနေသည်။
“ဆိုတော့ အနှစ်သာရဉာဏ်အလင်းရှာဖွေဖို့က တောင်ပင်လယ်လောကထက် ဒီနေရာမှာ အများကြီးလွယ်ကူတာပဲ” အတန်ကြာသော် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က လက်သီးဆုပ်လိုက်သည်။ တဖျစ်ဖျစ်မြည်သံများ ကြားလိုက်ပြီး မိုးကြိုးသည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ သူ့မျက်လုံးများက ရုတ်တရက် လင်းလက်တောက်ပလာ၏။
“လေဟုန်ခွင်းလောကဖွင့်တာ အကြိမ်ရေတော်တော်များနေပြီဆိုပေမယ့် ဒါ ငါ ပထမဆုံအကြိမ် ဒီရောက်ဖူးတာပဲ။ မင်းတို့ ဘယ်လိုထင်လဲ ဒီမှာ ငါ့ကို ကျေနပ်စေမယ့် လူနည်းနည်းပါးပါး ၊ ပစ္စည်းနည်းနည်းပါးပါး စုဆောင်းနိုင်မယ်ထင်လား။ ကမ္ဘာအနှစ်သာရကို ယူနိုင်မယ်ထင်လား
“ဒါပေမဲ့ ငါ တကယ် မျှော်လင့်တာက ... အက်ရှလွန်နောက်တစ်ယောက်ကို ရှာတွေ့ဖို့ပဲ။ ယောက်ျားလေးဖြစ်ရင် ပိုကောင်းတယ်” အဖြူရောင်ဝတ်ရုံနှင့်လူငယ်က ရယ်လိုက်သည်။ သူက သူ့အနောက်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်ထံသို့ လှည့်၍ သူ့လက်ချောင်းများအား သူမမေးရိုးတစ်လျှောက် ပွတ်သပ်လိုက်သည်။ အမျိုးသမီးက ခေါင်းငုံ့၍ ပြုံးလိုက်လေသည်။ သူ့နောက်လိုက်များအနက် နှစ်ယောက်က မိန်းမ၊ ငါးယောက်က ယောက်ျားဖြစ်သည်။ သူတို့အားလုံးသည် သူ့စကားလုံးများကို တုံ့ပြန်သည့်အနေဖြင့် ပြုံးလိုက်ကြ၏။
လေဟုန်ခွင်းလောကရှိ ကောင်းကင်မှာ တစတစ ရှင်းလင်းကြည်လင်လာသည်။ အသက်ရှူချိန်အနည်းငယ်ကြာသော် အေးစက်စက်အသံတစ်သံက မိုးကောင်းကင်ထက်မှ ပြည်ထောင်တစ်နှင့် လေဟုန်ခွင်းလောကထဲသို့ ကျန်ပြည်ထောင်အားလုံးသို့ ပဲ့တင်ထပ်လာသည်။ ကြည့်ရသရွေ့ လူသစ်များမှအပ လေဟုန်ခွင်းလောကသားများမှာ ထိုအသံကို မကြားရသယောင်ပင်။
“နတ်မီးလျှံစမ်းသပ်ပွဲ စတင်လော့ ...”
“ပင်မဝတ်ပြုကျောင်းက နောက်ဆုံးဆုံးဖြတ်ချက် ချမယ့် နေရာပဲ။ အင်မော်တယ်ကျင့်ကြံသူတွေ အဲဒီနေရာကို အခု ဝင်ခွင့်မရှိဘူး။ ကိုးပြည်ထောင်ကို ကျားကစားခုံ၊ လေဟုန်ခွင်းလောကရဲ့ စစ်သည်တော်တွေနဲ့ ကျင့်ကြံသူတွေက ကျားစေ့တွေပဲ။ ကြီးကျယ်ခမ်းနားတဲ့ ကိုးပြည်ထောင်စစ်ပွဲကြီး စတင်စေ
“ပြည်ထောင်တစ်ခုစီမှာ လေဟုန်ခွင်းလောကရဲ့ စည်းတံဆိပ်တစ်ခုစီရှိတယ်။ နိုင်ငံစည်းတံဆိပ်အများဆုံး ရရှိတဲ့သူဟာ ပင်မဝတ်ပြုကျောင်းကို ဝင်ခွင့်ရမယ်
“အခု ... ကိုးပြည်ထောင်ကြားက အကာအရံတွေ ဖယ်ရှားစေ” အသံကြီးသည် ရှေးဆန်သည့်တိုင် ရုပ်သေးရုပ်စကားပြောနေသကဲ့သို့ ခံစားချက်မဲ့နေသည်။ အသံကြီး ဟိန်းထွက်လာသည့်အချိန်မှာပင် ကိုးပြည်ထောင်ကို ပိုင်းခြားထားသော လေမုန်တိုင်းအကာအရံအားလုံး ပျောက်ကွယ်သွားတော့သည်။
ယခုတွင် မည်သည့်ပြည်ထောင်ကိုမှ ပိတ်မထားတော့။ ကာကွယ်မထားတော့ပေ... အကုန်လုံး ချိတ်ဆက်သွားလေပြီ။
ထိုမျှသာမက ပထဝီမြေကြီးသည် လေဟုန်ခွင်းလောက၏ သဘာဝနိယာမအားလုံးနှင့် အနှစ်သာအရအားလုံးကို ထုတ်လွှတ်ပေးလိုက်သည့်အလား သိမ့်သိမ့်တုန်လာသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ဖွေးဖွေးလှုပ်လာပြီး သဘာဝနိယာမများ သက်ဝင်လာသည်။ အနှစ်သာရ ပေါ်လာခဲ့ပြီဖြစ်၍ ဉာဏ်အလင်းရရန် အတိုင်းထက်အလွန် လွယ်ကူသွားလေပြီ။
မိုးနှင့်မြေသည် အရောင်မဲ့သွားပြီး အားကောင်းသောလေတစ်ချက်က အရပ်လေးမျက်နှာတွင် တဝေါဝေါ တိုက်ခတ်နေသည်။
ပြည်ထောင်တစ်၏ပလ္လင်ပေါ်တွင် အဖြူရောင်ဝတ်ရုံနှင့်လူငယ်က တဟားဟား ရယ်မောနေ၏။ လေမုန်တိုင်းအကာအရံများ ပျောက်ကွယ်သွားသဖြင့် သူကား လေဟုန်ခွင်းလောကထဲရှိ တခြားအက်ရှလွန်အရှိန်အဝါများကို ချက်ချင်း ခံစားလိုက်ရလေပြီ။
သူ့အာရုံများအတွက် ထိုအရှိန်အဝါများသည် လမိုက်ညတွင် ထိန်ထိန်လင်းနေသော မီးအိမ်များပမာ ထင်ရှားနေ၏။
ရယ်နေစဉ် အဖြူရောင်ဝတ်ရုံနှင့်လူငယ်၏စွမ်းအားများက မိုးနှင့်မြေနှင့် တစ်သားတည်းဖြစ်သွားသည်။ သူ့ကျင့်ကြံခြင်းအခြေခံမှာ မယုံနိုင်လောက်အောင် စွမ်းအားကြီးမားသောအရှိန်အဝါတစ်ခုကို ထုတ်လွှတ်ရင်း ပေါ်ထွက်လာသည်။
သူကား လေဟုန်ခွင်းလောကရှိ ကျန်ရှစ်ပြည်ထောင်လုံးကို စစ်ကြေညာနေ၏။
တစ်ချိန်တည်းမှာပင် ပြည်ထောင်စု၏ အအေးငွေ့များအလယ်တွင် အပြာရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူက ပတ်ပတ်လည်ရှိ အလောင်းများကို ကြည့်လိုက်ရာ ၎င်းတို့မျက်လုံးများက မီးခိုးရောင်တောက်ရင်း ပွင့်လာကြသည်။ ရေခဲများက တခွမ်းခွမ်း ကြေမွကုန်သည်။ အပြာရောင်ဝတ်ရုံနှင့်လူငယ်လည်း စစ်ကြေညာလိုက်သဖြင့် စွမ်းအားများ အလိပ်လိပ် ထလာတော့သည်။
ပြည်ထောင်သုံးတွင် အင်ပါယာအဝတ်အစားများဖြင့် သက်လတ်ပိုင်းလူသည် ချောက်ချားဖွယ်ကောင်းစွာ ရယ်နေ၏။ သူ့ကိုယ်ပေါ်တွင် မည်သည့်ချုပ်နှောင်တံဆိပ်မှ မရှိသော်လည်း သူက မိုးထိတိုင်ရိုက်ခတ်နေသော ချုပ်နှောင်တံဆိပ်စွမ်းအင်တစ်ရပ်ကို ထုတ်လွှတ်နေသေးလေသည်။
ပြည်ထောင်လေးတွင် လင်းချုံသည် မောက်မာဝင့်ကြွားစွာ ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး သူ့စွမ်းအားများ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင် မည်သူမှာ အားနည်းကြောင်း မဖော်ပြလိုပေ။ သူတို့အားလုံးက တောင်ပင်လယ်လောက၏ ရွေးချယ်ခံအက်ရှလွန်များ မဟုတ်ပါလော။ အချုပ်အနှောင်မရှိ လွတ်လပ်သော လေဟုန်ခွင်းလောကတွင် အားနည်းကြောင်း အတန်ငယ်မျှ ပြသမိရုံလေးနှင့်... သူတို့၏သက်ဆိုင်ရာ ပြည်ထောင်များ နှိမ်နင်းခံရပြီး နိုင်ငံစည်းတံဆိပ်ကို ဆုံးရှုံးရလိမ့်မည်။
ပြည်ထောင်ငါးတွင် ပြုံးနေသာလူငယ်က ပို၍ပင် တောက်ပစွာ ပြုံးလိုက်ပြီး သူ၏စွမ်းအားများ ထွက်ပေါ်လာသည်။
ပြည်ထောင်ခြောက်တွင် ကောင်လေးသည် ထရပ်ရင်း ခပ်စူးစူးကလေး ရယ်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူ၏စွမ်းအားက လျင်မြန်စွာ မြင့်တက်လာရာ လေများ တဝေါဝေါ တိုက်ခတ်သွားစေပြီး မိုးကောင်ကင်အား တုန်ခါလာစေသည်။
ပြည်ထောင်ခုနစ်နှင့် ပြည်ထောင်ရှစ်ရှိ အက်ရှလွန်များလည်း စစ်ကြေညာလိုက်ကြသည်။
မန်ဟိုမှာ တုန်ရီသွားပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများမှာ ရှေးဆန်သောအသံကြီး၏စကားသံကို ကြားရနိုင်သော်လည်း ရှစ်ပြည်ထောင်အတွင်းရှိ အက်ရှလွန်ကျင့်ကြံသူများ၏ ကြီးမားသောစွမ်းအားများနှင့် လွှမ်းမိုးကြီးစိုးနေသောအရှိန်အဝါများကို ခံစားမရနိုင်ပေ။
၎င်းတို့က တခြားအက်ရှလွန်စာရင်းဝင်များကို သူတို့လာနေပြီဖြစ်ကြောင်း သတိပေးနေသကဲ့သို့ ဖြစ်သည်။
“စစ်ကြေညာတယ်ပေါ့လေ ဟမ်....” မန်ဟိုက မျက်လုံးများ တောက်ပနေလျက် တွေးလိုက်သည်။ သူသည် နဝမတောင်ပင်လယ်ရှိ မျိုးဆက်တူများကို သူနှင့်အဝေးကြီးတွင် ကျန်ရစ်စေခဲ့ပြီးလေပြီ။ သူတို့အတွက် သူသည် လမ်းပိတ်နေသော တောင်ကြီးတစ်လုံးဖြစ်၏။ အရေးပါသောရွေးချယ်ခံအားလုံး သူ့အပေါ် အကြွေးတင်နေပြီး အကြွေးစာချုပ်များဖြင့် ကံတရားချင်း ချည်နှောင်ခံထားရလေသည်။
ထို့ကြောင့် အကြွေးစာချုပ်များရဖို့ နောက်ထပ်ရွေးချယ်ခံများ ထပ်ရှာရန် ခက်ခဲမည်ဖြစ်ကြောင်း မန်ဟို သဘောပေါက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ယခု ကျန်အက်ရှလွန်စာရင်းဝင်များ၏စွမ်းအားများကို ခံစားရသောအခါ ... မန်ဟို့မျက်လုံးများမှ တောက်ပလင်းလက်လာတော့သည်။
“ဒီလူတွေက နဝမတောင်ပင်လယ်က လူတွေထက်တောင် ချမ်းသာလောက်တယ်” သူက အသက်ပြင်းပြင်းရှူရင်း စိတ်လှုပ်ရှားလာတော့သည်။ နောက်ဆုံးတွင် သူသည် သူ၏စွမ်းအားကိုလည်း အချက်ပြမီးသဖွယ် ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းမှာပင် သူကား ကနဦးကံတရားဆက်နွှယ်မှုကို ဖန်တီးရန် အခြေအနေကို အခွင့်ကောင်းယူရင်း သူ၏စွမ်းအားထဲသို့ ကံကြွေးအမိန့်စာကို ထည့်သွင်းလိုက်သဖြင့် အတန်ငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပုံပေါ်နေသည်။
မင်းတို့က စစ်ကြေညာတယ်ပေါ့။ ငါကတော့ အကြွေးစာချုပ်အတွက် အကြောင်းရင်းကို ကြေညာတယ်
ငါ အက်ရှလွန်အကုန်လုံး ငါ့အပေါ် အကြွေးတင်ပြီး အကြွေးစာချုပ်မှာ လက်မှတ်ထိုးရအောင် လုပ်မယ်
မန်ဟိုသည် အကြွေးစာချုပ်လမ်းစဉ်ကိုသာ လက်ကိုင်ထားရန် ဆုံးဖြတ်လိုက်တော့၏။
ဤအခိုက်အတန့်တွင် အက်ရှလွန်အားလုံး၏ စွမ်းအားများက သက်ဆိုင်ရာ ဧရိယာအသီးသီးမှ လိမ့်ထွက်လာရင်း တစ်ခုကို တစ်ခု ဝင်တိုက်သွားကြသည်။
အရောင်အဝါများ ကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေမုန်တိုင်းထန်သွား၏။ အက်ရှလွန်များ၏ စွမ်းအားများ ထိတွေ့သွားသည့်အတွက် ဂျလိန်းဂျလိန်းထစ်ချုန်းသံများ မြည်ဟည်းရိုက်ခတ်သွားတော့သည်။
***