← Chapters

ကျန်းတောက်ဇီ၏ အကောက်ကြံမှုများ

Vol. 79 Ch. 1091

ကျန်းတောက်ဇီ၏ အကောက်ကြံမှုများ

Vol. 79 Ch. 1091

ကမ္ဘာကြီးသည် တဂျိန်းဂျိန်း ထစ်ချုန်း၍ အရောင်အဝါများ ပြိုးပြိုးပြက်ပြက်လက်ကာ လေများက တဝေါဝေါ တိုက်ခတ်နေသည်။ တစ်ချိန်တည်းမှာပင် ကိုးပြည်ထောင်အတွင်းရှိ အက်ရှလွန်တစ်ဦးတစ်ယောက်ချင်းစီသည် သူတို့၏ စွမ်းအားများကို ထုတ်ဖော်နေကြ၏။ ၎င်းတို့အား သူတို့မှအပ အခြားလူများ ခံစား၍မရကြပေ။

သို့သော် ကိုးပြည်ထောင်စုအတွင်းရှိ ပလ္လင်များထက်က လူတိုင်းသည် စစ်ပွဲအငွေ့အသက်ကား ကမ္ဘာလောကထဲတွင် ပြည့်နှက်လာခဲ့ပြီဖြစ်ကြောင်း သိသိသာသာ ပြောနိုင်ကြ၏။

စစ်ကြေညာမှုများအား ပြုလုပ်ခဲ့ပြီးဖြစ်၍ အက်ရှလွန်စစ်ပွဲကား စတင်နေလေပြီ။

ဤနေရာသည် အက်ရှလွန်များအတွက် အချိန်ကြာမြင့်စွာ စောင့်စားနေခဲ့ရသော စစ်မြေပြင်ဖြစ်သည်။ အခြားလူများမှာတော့ ဇာတ်ပို့ဇာတ်ရံအဖြစ်သာ ရှိသည်။

မည်သူမှ ၀န်မခံချင်သော်လည်း ဖန်းတုံးအာ၊ ပေ့ယွီနှင့် အခြားကျင့်ကြံသူများသည် ထိုအခြင်းအရာကို သိကြ၏။ သူတို့သည် မန်ဟို ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လျက်၊ အောက်တွင် ဒူးထောက်ခစားနေသော လူများ ၀န်းရံလျက် ပလ္လင်စွန်းတွင် ရပ်နေသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေကြသည်။

ရုတ်တရက် သူတို့သည် ဤနေရာက အက်ရှလွန်၏ ပိုင်နက်ဖြစ်ကြောင်း နားလည်လိုက်၏။

တောက်ပသော ပန်းပွင့် သို့မဟုတ် မှေးမှိန်နေသော သစ်ရွက် .... နှစ်ခုကြားက တစ်ခု ရွေးချယ်ရမည်ဆိုလျှင် ကံတရားက သူတို့ကို ရွေးချယ်စရာ မပေးခဲ့၍ သူတို့အားလုံးသည် သစ်ရွက်များထက် မပိုတော့ပေ။

ဖန်းတုံးအာ၏ မျက်လုံးလေးများသည် အလျှော့မပေးလိုသော အလင်းရောင်တို့ဖြင့် တောက်ပနေ၏။ ပေ့ယွီလည်း ထိုနည်းတူပင်။ သူမသည် ဂိုဏ်း၏ သန့်စင်သမီးတော်နည်းတူ အဆင့်အတန်းရှိသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမတွင် မြင့်မားသော ရည်မှန်းချက်များရှိပြီး အခြားလူများ၏ မြူမှုန်လေးမျှပင် အကြောမခံလိုပေ။

တခဏကြာသော် လေဟုန်ခွင်းလောကအနှံ့အပြား၌ ရှိသော အက်ရှလွန်စာရင်း၀င်များ၏ စစ်ကြေညာမှုများဖြစ်သည့် စွမ်းအားများက ဖြေးညင်းစွာ ပျောက်ကွယ်သွားသည်။ မန်ဟိုက အင်္ကျီလက်စကို ခါ၍ ပလ္လင်မှ ထွက်လိုက်၏။

"အကုန်လုံး မော်ဖူးကြစေ" သူက ချက်ချင်း ပြောလိုက်သည်။ သူ့အသံသည် လေဟုန်ခွင်းလောကသားအားလုံး၏ နားထဲနှင့် ဟိုးအဝေးရှိ သေမျိုးလူသား ထောင်ပေါင်းများစွာ၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။

လူတိုင်းက နှစ်ခါ တွေးမ‌နေဘဲ ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ ဤအခိုက်အတန့်တွင် မျက်လုံးအားလုံးက မန်ဟို့အပေါ် အာရုံစိုက်‌နေကြလေပြီ။ သူက အ၀တ်စများ လှုပ်ခတ်နေလျက်၊ ‌ဆံပင်များ ‌လွင့်မြောနေလျက် လေလယ်တွင် ပျံဝဲနေသည်။ အင်မော်တယ်ဧကရာဇ်တစ်ပါး၏ စိတ်ဆန္ဒက ပြိုင်ဘက်ကင်းသော အရှိန်အဝါတစ်ခုအသွင် ပြောင်းသွား၏။

၎င်းက ဖော်ပြမတတ်နိုင်သော အရှိန်အဝါတစ်ခု ဖြစ်ပြီး လောလောဆယ်တွင် လူတိုင်းကို ရှိခိုးဖူး‌မျှော်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာစေ၏။

"ဂါ၀ရပြုပါတယ် အရှင်အင်မော်တယ်" သံပြိုင်ဟစ်ကြွေးသံများက မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။ အင်အားကြီးမားသော အသံကြီး လိမ့်ထွက်လာစဉ် ကျန်းတောက်ဇီက လေပေါ်ပျံတက်၍ အင်္ကျီလက်စကို ခါကာ သူ့ပတ်ပတ်လည်တွင် တလက်လက် တောက်ပနေသော အလင်းရောင်ကို ဖြန့်ကျက်လိုက်သည်။

"မဟာစီးတော်ယာဉ်ကို ဖော်ဆောင်ကြစမ်း" ချက်ချင်းပင် ကျင့်ကြံသူတစ်ထောင်က အောက်ရှိ အဖွဲ့ထဲမှ ပျံတက်လာပြီး စစ်သင်္ဘောပျံကြီးပုံစံ နေရာယူလိုက်ကြသည်။

နောက်ထပ် ကျင့်ကြံသူရှစ်ထောင်ကလည်း သူတို့နည်းတူ စစ်သင်္ဘောပျံများ ဖော်‌ဆောင်လိုက်ကာ စုစုပေါင်း ကိုးစင်း ဖြစ်သွားစေသည်။ ကျင့်ကြံသူများအားလုံးသည် အင်မော်တယ်များအတွက် တာ၀န်ထမ်းဆောင်ရခြင်းက အနှိုင်းမဲ့သော ဂုဏ်ကျက်သရေဖြစ်သည့်အလား အရူးအမူး လေးစားနေသော မျက်နှာများဖြင့် စစ်သင်္ဘောများကို ဖော်ဆောင်ရင်း ပြွတ်သိပ်ကြပ်နေကြောင်း မြင်ရနိုင်ပေမည်။

စစ်သင်္ဘောတစ်စင်းစီ၏ ကုန်းပတ်ပေါ်တွင် တန်းစီနေသော ယောက်ျား၊ မိန်းမ အဖွဲ့နှစ်ဖွဲ့ရှိသည်။ ကျင့်ကြံသူအမျိုးသားများအနက် တစ်ယောက်ချင်းစီသည် အတိုင်းထက်အလွန် ခန့်ညားပြီး သေမျိုးကမ္ဘာရှိ မည်သည့်အမျိုးသမီးမဆို ချက်ချင်း ကြွေကျသွားမည့်ယောက်ျားသားများ ဖြစ်ကြသည်။

ကျင့်ကြံသူအမျိုးသမီးများမှာလည်း ပြစ်မျိုးမထင်အောင် လှပစင်ကြယ်ပြီး တစ်ဦးတစ်ယောက်ချင်းစီအား အလှထိပ်ခေါင်တင်ဟု သတ်မှတ်နိုင်၏။

သူတို့အားလုံးက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ မည်သည့်စေခိုင်းချက်ကိုမဆို ဖြည့်ဆည်းပေးရန် အဆင်သင့်ဖြစ်နေသည့်အလား ဒူးထောက်နေကြသည်။

"အရှင်အင်မော်တယ်အပေါင်းတို့ စေလိုရာစေ သေလိုရာသေပါ" ကျန်းတောက်ဇီက ဒူးထောက်ရင်း ဟစ်ကြွေးလိုက်သည်။

"အရှင်အင်မော်တယ်အပေါင်းတို့ ‌စေလိုရာစေ သေလို‌ရာသေပါ" အဘိုးကြီးများလည်း ကျန်ကျင့်ကြံသူများနှင့်အတူ ဟစ်ကြွေးလိုက်ကြသည်။

မန်ဟိုက တအံ့တဩ စိုက်ကြည့်လိုက်၏။ သူသည်‌ လေဟုန်ခွင်းလောကထဲတွင် အချုပ်အနှောင်ကင်းမဲ့သည့် ခံစားချက်ကို သဘောကျသော်လည်း ယခုလို အခြေအနေမျိုးနှင့် အသားမကျသေးပေ။

လူတွေကို သင်္ဘောအဖြစ် အသုံးချသည်တဲ့လော။

"ကျန်းတောက်ဇီ မင်းအရှေ့ကသွား။ ဒီသင်္ဘောကတော့ ငါ မလိုအပ်ဘူး" သူက ရှေ့သို့ ရွေ့လျားသွားရင်း ဖြည်းညင်းစွာ ပြောသည်။ ကျန်းတောက်ဇီက တအံ့တဩ စိုက်ကြည့်ပြီးနောက် မသိသာသော အလင်းရောင်က သူ့မျက်လုံးများတွင် ဖြတ်ပြေးသွား၏။ သူက မန်ဟို့ကို ‌ကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ သူ့ဘေးမှ လိုက်ပါ ပျံသန်းလာလေသည်။

မန်ဟို သင်္ဘောကို ငြင်းဆိုခဲ့သည့်အချက်က အခြားကျင့်ကြံသူများလည်း ငြင်းဆိုရလိမ့်မည်ဟု မဆိုလိုပေ။ အမှန်တွင် မိစ္ဆာကျင့်ကြံသူများသည် လောလောဆယ်တွင် တအံ့တဩ စိုက်ကြည့်နေကြ၏။ သူတို့မှာ ခိုးလိုက်လာခဲ့သူများဖြစ်၍ စစချင်း ဝင်လာတုန်းက အဖြစ်အပျက်များကို မကြုံတွေ့ခဲ့ရပေ။ သူတို့သည် အလင်းတန်းများအသွင်ပြောင်းရင်း ကျင့်ကြံသူများမှ ဖွဲ့စည်းထားသည့် သင်္ဘောများထံသို့ ပျံတက်သွားတော့၏။

သူတို့ သင်္ဘောအပေါ် ဆင်းသက်လိုက်သောအခါ လှပသော ယောက်ျားပျိုများနှင့် မိန်းမပျိုတို့ဖြင့် ချက်ချင်း ၀န်းရံခံလိုက်ရတော့သည်။ ထိုသူများက အရသာရှိသော သေရည်များနှင့် ဝိညာဉ်သစ်သီးများကို သူတို့‌ သုံးဆောင်ရန် သယ်ဆောင်လာ၏။ ၎င်းက အင်မတန် ထူးကဲသော ခံစားချက်တစ်ခုပင်။

ဖန်းတုံးအာနောက်ရှိ ကျင့်ကြံသူလူငယ်က တခဏ တွေးပြီးနောက် သင်္ဘောတစ်စင်းပေါ်သို့ ပျံသန်းသွားကာ ထိုင်လိုက်သည်။ ချက်ချင်းပင် လှပသော အစေခံမိန်းကလေးတစ်ယောက်က ရှေ့သို့ လျှောက်လာပြီး သူ့အရှေ့တွင် ဒူးထောက် ခစားလေ၏။

လူငယ်ကား သင်္ဘောနှင့် အခြားအရာများကို ‌ငေးကြောင်ကြောင် ကြည့်ရင်း အသက်ပြင်းပြင်း ရှုသွင်းမိလိုက်လေသည်။

နောက်ဆုံးတော့ ဖန်းတုံးအာနှင့် ပေ့ယွီပင်လျှင် လေဟုန်ခွင်း‌လောကကျင့်ကြံသူများ၏ အရူးအမူး ကိုးကွယ်လေးစားနေသော အကြည့်များ‌အောက်တွင် သင်္ဘောပေါ်သို့ သက်ဆင်းလိုက်ကြသည်။ ထို့နောက် သင်္ဘော‌များက လေပေါ် ပျံတက်လိုက်သဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသံများအား ကြားရနိုင်၏။

အောက်တွင် ‌ပြည်ထောင်ကိုး၏ ဧကရာဇ်ဖြစ်ဟန်တူသော သက်လတ်ပိုင်းလူက စစ်သည်တော်များကို ချီတက်စေလိုက်သည်။ သူတို့သည် ဖြည်းညင်းစွာ ‌ရွေ့လျားနေသော်လည်း အရေအတွက် များပြားသည့်အတွက် အင်ပါယာကိုယ်ရံတော်များနှင့် တူလေသည်။

မန်ဟိုက ရှေ့တွင် အေးဆေးတည်ငြိမ်စွာ ပျံသန်းနေသည်။ ကျန်းတောက်ဇီက ဘေးမှ လိုက်ပါလာ၏။ အဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ အင်မော်တယ်နယ်ပယ်မဟုတ်သည့်အတွက် မန်ဟို့နောက် အမှီလိုက်ရန် ‌အတန်ငယ် အားထုတ်နေရလေသည်။ မန်ဟိုက သူ့ကို လှမ်းကြည့်ပြီး လက်ကို ဝှေ့ယမ်းလိုက်ကာ တောက်ပနေသော အလင်းရောင်အား ထိုအဘိုးကြီး၏ ခြေထောက်အောက်တွင် ပေါ်လာစေပြီး ချက်ချင်းပင် သူ့နှင့် အနီးကပ်လိုက်ပါနိုင်အောင် သူ့အရှိန်ကို မြင့်တင်ပေးလိုက်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် အရှင်အင်မော်တယ်" ကျန်းတောက်ဇီက ကျေးဇူးတင်စွာဖြင့် လက်ယှက်၍ ပြောသည်။

"မင်း အခုလိုမျိုး လေးစားချင်ယောင်ဆောင်နေစရာ မလိုဘူး" မန်ဟိုက ဖြည်းညင်းစွာ ပြောသည်။ "ငါ အဲ့ဒါကိုကြည့်ရင် ဒေါသထွက်ရတယ်။ ဒါ့အပြင် ငါက မန်ဟို။ ငါ့မျိုးရိုးက အရှင်မဟုတ်သလို ငါ့နာမည်ကလည်း အင်မော်တယ်မဟုတ်ဘူး" သူက ယဉ်ကျေးပျူငှာအလျဉ်းမရှိဘဲ ပြောလိုက်၏။

ထူးဆန်းသော အမူအရာတစ်ခုက အဘိုးကြီး၏ မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက လက်ယှက်၍ လေးလေးစားစား ပြောလိုက်လေသည်။ "အမိန့်တော်အတိုင်းပါ အရှင်အင်မော်တယ်"

မန်ဟိုက သူ့ကို ဆက်လက် လျစ်လျူရှုထား‌၏။ သူတို့ လေ့ကျင့်ပျိုးထောင်ခံရသည့် ပုံစံကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ‌တောင်ပင်လယ်လောကသားများက အာရုံသိပ်စိုက်လေ့မရှိသော်လည်း မန်ဟိုကတော့ မြင့်မားသော အဆင့်အတန်းတစ်ခုရှိပြီး ဖန်မျိုးနွယ်စု၏ အိမ်ရှေ့မင်းသားဖြစ်သည့်တိုင် တောင်ကောင်းကင်ဂြိုလ်ပေါ်က အားနည်းပြီး သနားစရာဘ၀မှ ရုန်းကန်ခဲ့ရသူဖြစ်သည်။ သူသည် အသက်ဘေးအန္တရာယ်အမြောက်အများကို ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင်တော့ အတိုင်းထက်အလွန် အမြင်စူးရှခဲ့၏။ ထို့ကြောင့် ကျန်းတောက်ဇီ တစ်ချိန်လုံး အကောက်ကြံနေကြောင်း သူ အလွယ်တကူ သိရှိနိုင်လေသည်။

သူသည် ထိုအဘိုးကြီးလုပ်ခဲ့သမျှ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ဤလောကသားများက လက်အောက်ငယ်သားများဖြစ်ရန် လိုလိုလားလား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သူ ဘယ်တော့မှ မယုံခဲ့ပေ။ အမှန်တွင် လေဟုန်ခွင်းလောကသားအား လက်အောက်ငယ်သားဟုပင် မခေါ်နိုင်။ သူတို့သည် မိမိ၏ရှင်ခြင်းနှင့် သေခြင်းကိုပင် မစိုးမိုးနိုင်သော ကျွန်များနှင့် ပိုတူ၏။ သူတို့၏ ကံတရားက တောင်ပင်လယ်လောက၏ ထိန်းချုပ်မှုအောက်တွင် ဖြစ်သည်။

တစ်လောကလုံးသည် နှစ်ထောင်ချီကြာတိုင်း သွေးချောင်းစီးရမည့် ကံကြမ္မာပါရှိပြီး နေထိုင်သူများမှာတော့ ရိတ်သိမ်းရမည့် သီးနှံများထက် မပိုပေ။ သူတို့ နှစ်ထောင်ပေါင်းများစွာ အနားယူနေရခြင်းက... နောက်ထပ်ရိတ်သိမ်းခံရဖို့အတွက် ပြင်ဆင်မှုလေးသာ ဖြစ်ပေသည်။

“မဟုတ်မှ သဘာဝနိယာမတွေ မပြောင်းလဲဘဲ နေတာများလား” မန်ဟိုက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးလိုက်သည်။ သူ့အနေဖြင့် ဤနေရာတွင် ပေါ့ဆ၍မဖြစ်တော့ပေ။ ထိုမျှသာမက သူသည် ဖန်းတုံးအာနှင့်အခြားသူများ သတိမထားမိသော အကြောင်းကိစ္စတချို့ကို အသေးစိတ် သိထား၏။

“အရှင်အင်မော်တယ်မန်” ကျန်းတောက်ဇီက မျက်နှာချိုသွေးကာ ပြောသည်။ “စည်းဖြူတောင်က ပြည်ထောင်ကိုးရဲ့ နိုင်ငံ့အရှိန်အဝါတောင်၊ ကျွန်တော်တို့နိုင်ငံရဲ့ သဘာဝနိယာမနဲ့ တာအိုမှော်သိုင်းရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ တစ်လောကလုံးကို ထောက်ပံ့ပေးတဲ့အပြင် ကောင်းကင်ဘုံလာစွမ်းအားကိုတောင် ပိုင်ဆိုင်ထားပါတယ်

“အရှင်အင်မော်တယ်။ အဲဒီတောင်ကို ရွေးလိုက်ရင် နိုင်ငံအရှိန်အဝါရဲ့ အထောက်အပံ့ကို ရမှာမလို့ ကျင့်ကြံခြင်းအခြေခံမှာ မှန်းဆလို့တောင် မရနိုင်တဲ့ တိုးတက်မှုကို ကြုံတွေ့ရပါလိမ့်မယ်

“ဒဏ္ဍာရီတွေအရ နိုင်ငံ့အရှိန်အဝါတောင်ဟာ အဖိုးထိုက်ရတနာတစ်ပါးကနေ သန့်စင်ထားတာပါတဲ့ခင်ဗျ။ ရွေးချယ်ခံတစ်ဦးအနေနဲ့ ပိုင်ဆိုင်ထားတဲ့ အစွမ်းအစတွေ၊ အရင်းအမြစ်တွေနဲ့ဆိုရင် အရှင်အင်မော်တယ်မန် ၊ အရှင်ဟာ ဒီထက်ပိုလိုတောင် ကြီးမြတ်တဲ့ ကံကြမ္မာကောင်းကို ရယူနိုင်ပါလိမ့်မယ်” သူတို့ ရှေ့သို့ ပျံသန်းနေစဉ် လေက သူတို့မျက်နှာကို တိုးဝှေ့တိုက်ခတ်နေသည့်အတွက် ကျန်းတောက်ဇီ၏စကားများမှာ ဖန်းတုံးအာနှင့် အခြားသူများ ကြားရအောင် သယ်ဆောင်သွားခံရလေသည်။

မန်ဟိုက တုံ့ခနဲ ရပ်၍ လှည့်ကာ ကျန်းတောက်ဇီ၏မျက်လုံးများကို စိုက်ကြည့်သည်။ ထို့နောက် တောက်ပသောအပြုံးတစ်စက သူ့မျက်နှာထက်တွင် ဖြစ်ထွန်းလာပြီး သူ့မျက်လုံးများသည် တစတစ စူးရှလာတော့၏။

မန်ဟို့မျက်ဝန်းများက ကျန်းတောက်ဇီကို ရင်တဒိန်းဒိန်း ခုန်လာစေသည်။ သို့သော် သူသည် ပုံမှန်အတိုင်း ပြုံး၍ ရိုရိုကျိုးကျိုး ခေါင်းငုံ့သွား၏။

“မင်း သိလား” မန်ဟိုက အေးစက်စက် ပြောသည်။ “ငါ လူတွေ အများကြီး သတ်ခဲ့ပြီးပြီ။ အတော်များများက ကလိမ်ကကျစ်သမားတွေ။ ငါ သူတို့ ငါ့အပေါ် အကောက်ကြံတာတွေကို တွေ့တာနဲ့ သူတို့ခေါင်းကို ဖြတ်ပစ်ခဲ့တာ

“ဥပမာကွာ မင်းက အရှင်အင်မော်တယ်ကိုးဦးကို လက်ချောင်းလေးတစ်ချောင်း မမြှောက်ဘဲ မြန်မြန်ဆန်ဆန် သွေးခွဲဖို့ မြေပုံလေးတစ်ခုကို သုံးခဲ့တယ်။ မင်းက အခြားသူတွေရဲ့ ကံကြမ္မာဆိုးတွေကနေ အကျိုးအမြတ်ရခဲ့ပြီး ထိုးထွင်းသိမြင်တတ်လာခဲ့တယ်။ မင်းအကြံက တကယ်လည်း ပြောင်မြောက်ပါပေတယ်

“နောက်တော့ မိုးကြိုးနဲ့ မိုးခြိမ်းသံတွေ ငါတို့ကို ဒုက္ခပေးနေတဲ့အချိန်မှာ မင်းက အံ့အားသင့်သွားတဲ့ပုံပေါ်ခဲ့ပေမယ့် မင်းမျက်လုံးတွေကတော့ ငါတို့ကို လှောင်နေခဲ့တာလေ။ ဘယ်သူမှ မင်းအပြုအမူကို သတိမထားမိဘူးမထင်နဲ့။ မင်းက ဘယ်လိုလုပ် သဘာဝနိယာမတွေ ပြောင်းလဲသွားခဲ့တာကို သိနိုင်ခဲ့တာလဲ”

မန်ဟို့စကားတစ်ခွန်းစီက ကျန်းတောက်ဇီကို ပို၍အံ့အားသင့်လာပုံ ပေါ်လာစေသည်။ သူသည် နားလည်မှုလွဲနေသည်ဟု ခံစားနေရသည့်အလား ပျာယာခတ်စပြုနေလာတော့၏။ သူ ကြောက်ကြောက်လန့်လန့်ဖြင့် ရှင်းပြတော့မည့်အချိန် မန်ဟိုက ဆက်ပြောသည်။

“မြေပုံတစ်ခုက အချင်းချင်း ရန်များစေခဲ့တယ်” သူက အေးစက်စက် ပြောသည်။ “သဘာဝနိယာမတစ်ခုက အသက်ဘေးအန္တရာယ်ဖြစ်စေခဲ့တယ်

“ရိုးရိုးသားသား ပြောရရင် ငါ အဲဒါတွေကို သိပ်ဂရုမစိုက်ဘူး။ ဒါပေမဲ့ အခုလေးတင်ပဲ မင်းက အသားစီးထပ်ရဖို့ တောင်ကို အသုံးချပြန်တယ်။ ငါက သူတို့ထက် အစွမ်းထက်လေးကြောင့်နဲ့ သူတို့တွေကို သတ်ဖို့ ငါ့လက်ကို အငှားသုံးနိုင်မယ်လို့ မင်း တကယ်ပဲ ထင်သလား” သူ့စကားလုံးများက ကျန်းတောက်ဇီ၏မျက်နှာကို လူသေကောင်ကဲ့သို့ ဖြူဆုပ်လာစေပြီး သူ့မှာ ကြောက်လန့်တုန်ရီစပြုလာတော့သည်။

“အရှင်အင်မော်တယ်၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားတော်မူပါ။ အကုန်လုံးက နားလည်မှုလွဲတာလေးပါခင်ဗျာ .. အဲ.. အဲ ... အဲဒါက အဲဒီလို လုံးဝမဟုတ်ရပါဘူး ကျွန်တော်မျိုး... “ချွေးသီးချွေးပေါက်များက ကျန်းတောက်ဇီ၏မျက်နှာမှ စီးကျလာပြီး သူ့မှာ သူ မကျူးလွန်ခဲ့သော ပြစ်မှုအတွက် မှားယွင်းစွာ စွပ်စွဲခံနေရသည့်အလား ကြောက်လန့်နေပုံပေါ်သည်။

“ကဲ မှန်းကြည့်ရအောင်” မန်ဟို့အသံက အချိန်နှင့်အမျှ အေးစက်လာနေသည်။ “ငါသာ မင်းဆိုရင် ...တောင်ကိစ္စနဲ့ပတ်သက်ပြီး မင်း ငါ့ကို ဖျောင်းဖျနိုင်ခဲ့ရင်တောင်မှ တစ်ယောက်တည်းပေါ် အားကိုးနေရမယ့် အစီအစဉ်ကို ဆွဲမှာမဟုတ်ဘူး။ တစ်ယောက်မှ ငါ့ကို တိုက်ရိုက်ရန်စရဲမှာမှ မဟုတ်တာလေ။ မင်း လုပ်ချင်တာက ... သူတို့စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်မယ့် မျိုးစေ့လေးတွေ ကြဲဖို့ပဲ

“အဲဒီစိတ်ဝင်စားစရာမျိုးစေ့လေးတွေက... နောက်ဆုံးကျ တောင်ကို လုတာတွေ ဖြစ်လာစေလိမ့်မယ်

“သူတို့ရဲ့ တောင်အပေါ် တပ်မက်မှုဟာ အလွယ်တကူ သတိထားမိမှာမဟုတ်တဲ့ လျှို့ဝှက်လက်နက်နဲ့ တူတယ်။ ငါသာ မင်းဆိုရင် ငါတို့အင်မော်တယ်တွေကို နောက်ကျောဓားနဲ့ထိုးဖို့ ပြင်ဆင်ထားဦးမှာပဲ။ အဲဒါက ငါတို့ ဒီမှာ ထင်ရာစိုင်းမလုပ်သင့်ဘူးလို့လည်း သတိပေးရာ ရောက်လိမ့်မယ်လေ။ ငါ ခန့်မှန်းတယ် .. အဲဒီဓားတွေထဲက တစ်လက် မကြာခင်မှာပဲ ပေါ်လာလိမ့်မယ်”

ကျန်းတောက်ဇီမှာ သူ၏လျှောက်လှဲချက်များ လျစ်လျူခံထားရသည့်အလား ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ သူ အတန်ငယ်ရှင်းပြရန် ကြိုးစားတော့မည့်အချိန် ရုတ်တရက် တစ်စုံတစ်ခုအား အဝေးတွင် မြင်လိုက်ရသည်။ ထိုနေရာတွင်ကား ... ရေတံခွင်းတစ်စင်း၊ ၎င်းအောက်ခြေတွင် ကန်တစ်ကန်ရှိသည်။ ကန်၏ဘေးတွင် အဖြူရောင်မြေခွေးတစ်ကောင်ထိုင်နေ၏။

သာမန်သာ ဖြစ်ဟန်တူသည့် အဖြူရောင်ကျောက်စိမ်းအပိုင်းအစတစ်ခုအား မြေခွေး၏ခေါင်းအထက်တွင် မြင်ရနိုင်သည်။ မြေခွေး ကမ္မဌာန်းရှုနေစဉ် ပတ်ဝန်းကျင်ရှိ အလင်းရောင်အလုံးစုံသည် ၎င်း၏ခေါင်းအပေါ်၌ စုဝေးလာ၏။

ရုတ်တရက် ကိုးပင်လယ်နတ်လောကမှ သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူတစ်ယောက်က မြေခွေးဖြူကို လှမ်းမြင်လိုက်သည်။ သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက အော်လိုက်သည်။ “နတ်မိစ္ဆာကျောက်စိမ်း”

လောဘနှင့် ဝမ်းသာသွားမှုအား မိစ္ဆာကျင့်ကြံသူ၏မျက်နှာပေါ်တွင် မြင်ရနိုင်သည်။ သူက သူ စီးနင်းနေခဲ့သော သင်္ဘောပေါ်မှ ဖျတ်ခနဲ ဆင်းကာ မြေခွေးထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

“ငါသာ မင်းဆိုရင် အဲဒီလိုလုပ်မှာ မဟုတ်ဘူး” မန်ဟိုက တုံ့ခနဲ ရပ်ကာ ပြောသည်။ တုံ့ပြန်သည့်အနေဖြင့် ကျန်းတောက်ဇီ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူမှာ တခဏ အံ့အားသင့်သွားပြီးနောက် အေးစက်စက် နှာမှုတ်လိုက်လေသည်။

မိစ္ဆာကျင့်ကြံသူသည် လေဟုန်ခွင်းလောက မည်ကဲ့သို့နေရာမျိုးဖြစ်ပြီး ဤနေရာရှိ မည်သည့်အရာကမှ အင်မော်တယ်လောကထက် မသာလွန်ကြောင်း ကောင်းကောင်းသိ၏။ ၎င်းသည် စည်းမျဉ်းဥပဒေများ မရှိသော နေရာဖြစ်သည့်အတွက် သူ တစ်ခုခု လုပ်ချင်လျှင် ဘယ်သူမှ သူ့ကို မတားနိုင်ပေ။

သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကာ မူမမှန်သည့်အရာမတွေ့၍ မန်ဟို့ကို အဖက်မလုပ်ဘဲ အဖြူရောင်ကျောက်စိမ်းအပိုင်းအစကို ဖမ်းယူရန် လက်ကို လှမ်းရင်း မြေခွေးဖြူထံ ချဉ်းကပ်လိုက်သည်။

***

All Chapters