မိစ္ဆာမန်တျာ ... ညှို့ငင်ဖမ်းစားသိုင်း
Vol. 79 Ch. 1092
သက်လတ်ပိုင်း မိစ္ဆာကျင့်ကြံသူ အဖြူရောင်ကျောက်စိမ်းအနား ချဉ်းကပ်သွားသည့်အချိန်မှာပင် ရုတ်တရက် ရေတံခွန်အတွင်းမှ ပဲ့တင်ထပ်လာသော အေးစက်စက် နှာမှုတ်သံတစ်သံအား ကြားလိုက်ရသည်။
“ထွက်သွားစမ်း” တစ်စုံတစ်ယောက်က ပြောသည်။
စကားလေးတစ်ခွန်းက မိုးခြိမ်းသံနှင့် မိုးကြိုးကို လှုံ့ဆော်လိုက်သယောင်ပင်။ ကြောက်မခန်းလိလိစွမ်းအားတစ်ရပ်သည် အရာရာတိုင်းကို တုန်လှုပ်လာစေရင်း ပေါ်ထွက်လာ၏။ လေပွေတစ်လုံးက လည်ရင်း မိစ္ဆာကျင့်ကြံသူကို ဝင်တိုက်သွားသည်။
ဂျိန်းးးးးးးးးးးးးးးးးးးး
မိစ္ဆာကျင့်ကြံသူ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သွေးများက သူ့ပါးစပ်မှ စီးကျလာသည်။ သူ့မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွားပြီး မီတာရာပေါင်းများစွာရောက်မှ မျက်နှာဖြူဖပ်ဖြူလျော်နှင့် တစ်ကိုယ်လုံးတုန်ရီနေလျက် ရပ်လိုက်နိုင်သည်။
ပေ့ယွီသည် လောလောဆယ်တွင် သူမသင်္ဘောပေါ်ရှိ လေလယ်ပေါ်တွင် ပျံဝဲနေ၏။ ရုတ်တရက် သူမမျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမက စကားလေးလုံးကို တစ်လုံးချင်းစီ ပြောလိုက်၏။ “မိစ္ဆာမန်တျာ ... ညှို့ငင်ဖမ်းစားသိုင်း”
ကျန်မိစ္ဆာကျင့်ကြံသူများ စိတ်နှလုံးတုန်လှုပ်သွားကြပြီး ရေတံခွန်ကြည့်နေစဉ် မယုံကြည်နိုင်သောအမူအရာများက သူတို့မျက်နှာပေါ်တွင် ပေါ်လာကြသည်။
ဖန်းတုံးအာပင်လျှင် အံ့ဩသွားပုံပေါ်သည်။
မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွား၏။ စောစောက စကားပြောခဲ့သော အသံက စိတ်ကူးဖြင့် မှန်းဆမရနိုင်သော စွမ်းအားကို ထုတ်လွှတ်ရန် စကားတစ်ခွန်းတည်းသာ သုံးခဲ့သည်။ ထိုစကားတစ်ခွန်းသည် စိတ်ကို လှုပ်ခါသွားစေနိုင်သော မှော်သိုင်းကွက်၊ နတ်ဘုရားစွမ်းရည်ကဲ့သို့ ဖြစ်သည်။ ၎င်းက မိစ္ဆာကျင့်ကြံသူကို တုန်ရီလျက် ကျန်စေခဲ့ရုံသာမက သူ့အတွေးများကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်သည့် တိုက်ကွက်တစ်ကွက်လည်း ဖြစ်၏။
မန်ဟိုသည် ပေ့ယွီ ယခုလေးတင် ရေရွတ်ခဲ့သော စကားလုံးများကို ရင်းနှီး၏။ ၎င်းက ကိုးပင်လယ်နတ်လောကမှ မိစ္ဆာကျင့်ကြံသူအုပ်၏ အစွမ်းထက်ဆုံး တာအိုမှော်သိုင်းသုံးခုထဲက တစ်ခုဖြစ်ကြောင်း သူ သိသည်။
“မိစ္ဆာမန်တျာ.. ညှို့ငင်ဖမ်းစားသိုင်းက လူတစ်ယောက်ရဲ့ နတ်ဘုရားအာရုံကို ခန္ဓာကိုယ်အပေါ် တိုက်ခိုက်စေနိုင်တယ်....” သူက တွေးသည်။ “ခုခံဖို့ မဖြစ်နိုင်သလို နတ်ဘုရားအာရုံအားကောင်းလေလေ၊ ရလဒ်က ကြောက်စရာကောင်းလေလေပဲ”
၎င်းကို အောင်အောင်မြင်မြင် ကျင့်ကြံနိုင်ခဲ့သည့် မိစ္ဆာကျင့်ကြံသူအရေအတွက်ကား အလွန်တရာနည်းပါး၏။ လက်ရှိမျိုးဆက်တွင် ပေ့ယွီနှင့် လောင်တန်းဟိုက်အပြင် ပင်လယ်နယ်မိစ္ဆာရှစ်ဦးသာလျှင် ၎င်းကို ကျင့်ကြံခဲ့ဖူးသည်။
သုံးခဲ့သောနည်းလမ်းအရ မန်ဟို၊ ဖန်းတုံးအာနှင့် ပေ့ယွီတို့အားလုံး ရေတံခွန်အတွင်းတွင် မည်သူရှိနေနေ၊ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တိုက်ခိုက်ခြင်းမဟုတ်ဘဲ သတိပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောနိုင်သည်။
စောစောက မိစ္ဆာကျင့်ကြံသူမှာတော့ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ရေတံခွန်ကို ကြောက်လန့်စွာ ကြည့်ရင်း လေပေါ်တွင် ပျံဝဲနေသည်။ နောက်ဆုံးတွင် သူသည် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးပြီးနောက် သူ့သင်္ဘောဆီသို့ ကပျာကယာပြန်သွားလေသည်။ မြေခွေးဖြူကား တစ်ချိန်လုံး မလှုပ်ခဲ့သလို မော့ပင် မကြည့်ခဲ့ပေ။ ၎င်းက အဖြူရောင်ကျောက်စိမ်းနှင့် ကမ္မဌာန်းဆက်ရှုနေ၏။
မန်ဟို့မျက်လုံးများက လင်းလက်သွားသော်လည်း သူက တိတ်ဆိတ်စွာသာ ဆက်ရပ်နေသည်။ ပေ့ယွီသည် တခဏချီတုံချတုံ ဖြစ်နေပြီးနောက် ရေတံခွန်ဆီသို့ ရွေ့လျားသည်။ သူမမှာ ရွေးချယ်စရာမရှိတော့၍ လက်ယှက်အရိုအသေပေးကာ ပြောလိုက်သည်။ "ကျွန်မက ကိုးပင်လယ်နတ်လောကက ဂျူနီယာမျိုးဆက်ရဲ့ ပင်လယ်သမီးတော် ပေ့ယွီပါ။ စီနီယာရှင့် ကျွန်မတို့မိစ္ဆာကျင့်ကြံသူနဲ့ ဘယ်လိုပတ်သက်မှုမျိုး ရှိပါသလဲ”
မိစ္ဆာမန်တျာ ... ညှို့ငင်ဖမ်းစားသိုင်းသည် အပြင်သူများ ကျင့်ကြံခွင့်မရှိသော ၊ မိစ္ဆာကျင့်ကြံသူအုပ်၏ နက်နဲသောမှော်သိုင်းတစ်ခုဖြစ်သည်။ သို့ထိတိုင်း ၎င်း ဤနေရာတွင် ထုတ်ဖော်ခံခဲ့ရသည်ကို သူတို့အားလုံး မြင်ခဲ့ရလေပြီ။
ရေတံခွန်ထံမှ မည်သည့်တုံ့ပြန်မှုမှမရှိ။ နောက်ဆုံးတွင် မြေခွေးဖြူသည် ပါးစပ်ဟ၍ အဖြူရောင်ကျောက်စိမ်းကို မြိုချလိုက်၏။ ထို့နောက် ၎င်းက လှည့်၍ အဖြူရောင်အတန်းတစ်တန်းအသွင်ဖြင့် ရေတံခွန်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ပေ့ယွီက တခဏ တုံ့ဆိုင်းသွားပြီးနောက် ရေတံခွန်ထဲ အရဲစွန့် မ၀င်ရန် ဆုံးဖြတ်လိုက်သည်။ စောစောက စကားတစ်ခွန်း၏ စွမ်းအားက ရေတံခွန်ထဲရှိ လူ၏ ကျင့်ကြံခြင်းအခြေခံမှာ ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်ကြောင်း ဖော်ပြခဲ့ပြီးပြီမဟုတ်ပါလော။
ပေ့ယွီသည် နောက်တစ်ကြိမ် လေးလေးစားစား လက်ယှက်အရိုအသေပေးပြီးနောက် သူမသင်္ဘောထံသို့ ပြန်ဦးတည်သွားသည်။ ထိုအခိုက်အတန့်တွင် မန်ဟိုက သူ၏ ညာဘက်မျက်လုံးအား ကိုးကြိမ်ဆက်တိုက် မြန်မြန်ဆန်ဆန် ခတ်လိုက်၏။ သူ့စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားပြီး သူ၏ အမြင်အာရုံမှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူ၏အမြင်အာရုံက ရေတံခွန်ကို ထိုးဖောက်သွားပြီး အံ့ဩဖွယ်ကောင်းစွာနှင့် ကျင့်ကြံခြင်းဂူကို မြင်လိုက်ရသည်။ ထိုအထဲ၌ သက်လတ်ပိုင်းလူတစ်ယောက် တင်ပျဉ်ခွေထိုင်နေ၏။ ထိုလူ့ဘေးတွင်တော့ အုတ်ဂူတစ်ဂူ ရှိသည်။
ထိုလူမှာ ထိုနေရာတွင် အမြဲရှိနေခဲ့ပြီး ထိုအုတ်ဂူကို အဖော်ပြု၍ အမြဲထိုင်နေမည့်အလားပင်။
မန်ဟို သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျင့်ကြံခြင်းဂူထဲရှိ လူက သူ့ကို လှည့်ကြည့်သည်။ သူတို့ မျက်လုံးများ ဆုံသွားသောအခါ သူ့မျက်လုံးထဲ၌ အံ့ဩရိပ်တို့ ထင်ဟပ်သွားပြီး သူက အင်္ကျီကိုခါကာ မန်ဟို့၏ အမြင်အာရုံကို နှင်ထုတ်လိုက်၏။ နာကျင်မှုက မန်ဟို့စိတ်ထဲတွင် ပြည့်နှက်သွားပြီး သူ့မျက်နှာမှာ အတန်ငယ် နီရဲသွားသော်လည်း အလျင်အမြန် သက်သာသွားလေသည်။
အမြင်အာရုံ အဆုံးသတ်သွားသည့်အတိုင် မန်ဟိုသည် ထိုလူ၏ ပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး ထိုလူ၏ နဖူးပေါ်တွင် အဖြူရောင်အကြေးခွံတစ်ခုရှိကြောင်း မှတ်မိလိုက်၏။
"သူက မိစ္ဆာကျင့်ကြံသူတစ်ယောက်ပဲ" သူက တွေးလိုက်သည်။ တခဏကြာသော် သူသည် ရှေ့ဆက်သွားလိုက်သည်။ ကျန်းတောက်ဇီမှာ ခေတ္တ ချိတုံချတုံ ဖြစ်နေပြီးနောက် လိုက်ပါလာ၏။ မကြာမီ တခြားသင်္ဘောပေါ်ရှိ လူတိုင်းလည်း ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။
အတန်ကြာ ဆက်သွားနေပြီးနောက် မန်ဟို့လက်က ရုတ်တရက် ကျန်းတောက်ဇီကို လှမ်းဆွဲလိုက်သည်။ ကျန်းတောက်ဇီက ရှောင်ရန် ကြိုးစားသော်လည်း တွန့်ဆုတ်နေပြီး မန်ဟို့လက်က သူ့လက်မောင်းကို ဆုပ်ကိုင်လိုက်၏။
“အရှင်အင်မော်တယ်...” သူက လန့်နေသောအသံဖြင့် ပြောသည်။
မန်ဟိုက အေးအေးဆေးဆေးပင် ကျန်းတောက်ဇီ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် ကျန်းတောက်ဇီ၏ လက်ချောင်းတစ်ချောင်းအား ဆွဲဖြုတ်လိုက်သဖြင့် တဂျွတ်ဂျွတ်မြည်သံများ ကြားလိုက်ရသည်။ နာကျင်မှုက ကျန်းတောက်ဇီက တုန်ရီသွားစေသော်လည်း သူ့မှာ အမျက်မထွက်ရဲဘဲ ကြောက်ရုံသာ တတ်နိုင်သည်။
“စောစောက မိစ္ဆာကျင့်ကြံသူက မင်း ငါတို့နောက်ကျောကို ထိုးဖို့ ပြင်ထားတဲ့ ဓားတွေထဲက တစ်လက်မဟုတ်လား” မန်ဟိုက အေးစက်စက် ပြောသည်။ ထို့နောက် သူသည် ကျန်းတောက်ဇီ၏လက်မောင်းကို လွှတ်ပေးလိုက်၏။
ကျန်းတောက်ဇီမှာ ဖြစ်ပျက်ခဲ့သောအရာကို ရှင်းပြချင်သော်လည်း မရှင်းပြနိုင်သည့်အလား ခါးသီးနေပုံပေါ်သည်။
“မင်း စိတ်ရှိသလောက်သာ ဟန်ဆောင်နေ ရတယ်။ ဒါပေမဲ့ တစ်ခုတော့ မှတ်ထား... ငါ့ကို ရန်မစနဲ့” မန်ဟိုက ကျန်းတောက်ဇီ၏မျက်လုံးများကို စိုက်ကြည့်ရင်း တစ်လုံးချင်းပြောလိုက်သည်။
“မင်း လက်ချောင်းတစ်ချောင်းကို ဖြတ်လိုက်တာက သတိပေးတာသက်သက်ပဲ။ မင်း ငါ့ကို ရန်ထပ်စရဲရင်တော့... မင်း လေဟုန်ခွင်းလောကထဲမှာ ဘယ်သူတွေကိုပဲ ဖွက်ထားဖွက်ထား၊ ဓားတွေ ဘယ်လောက်ပဲ ပြင်ထားပြင်ထား... မင်း နောင်တရလိမ့်မယ်” ဤအခိုက်အတန့်တွင် မန်ဟိုက မဆိုစလောက် ပြုံးလိုက်သည်။
သို့သော် ကျန်းတောက်ဇီအတွက်တော့ ထိုအပြုံးသည် သူ့အရှေ့ရှိ လူမှာ ရက်စက်ကြမ်းကြုတ်သော မွန်းစတားကောင်ကြီးကဲ့သို့ ကြောက်စရာကောင်း၏။ သူသာ ရန်သွားစမိလျှင် ... အကျိုးဆက်များအား စိတ်ပင်မကူးကြည့်ရဲပေ။
ခရီးတစ်လျှောက်လုံး မူမမှန်တာတစ်ခုမှ သူတို့ မတွေ့ခဲ့ရသလို၊ ကျန်းတောက်ဇီလည်း မန်ဟို့ကို စကားဆက်မပြောတော့ပေ။ သူတို့ ခရီးဆက်နှင်နေစဉ် မန်ဟိုသည် တည်ငြိမ်အေးဆေးစွာဖြင့် ရှုခင်းများကို ရှုစားနေ၏။
တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများမူ ငြိမ်သက်စွာ လိုက်ပါလာကြသည်။ စောစောက သက်လတ်ပိုင်းမိစ္ဆာကျင့်ကြံသူ၏အဖြစ်က သူတို့၏ထင်ရာစိုင်းမည့် သဘောထားများကို ငုပ်လျှိုးသွားစေခဲ့ပြီး လမ်းတစ်လျှောက် မြင်တွေ့ရသော တပ်မက်စရာအရာတစ်ခုကိုမှ စိတ်လိုက်မာန်ပါ ယူဖို့ မကြိုးစားကြတော့ပေ။
ပြည်ထောင်ကိုးသည် သိပ်မကြီးလှပေ။ နေ့ဝက်ခန့် ပျံသန်းပြီးနောက် ပေ့ယွီသည် သူမ ရွေးချယ်ခဲ့သော ကျင့်ကြံခြင်းဂူရှိရာသို့ ဦးတည်ရာပြောင်းသွား၏။ မိစ္ဆာကျင့်ကြံသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားပြီး နောက်ဆုံး ဖန်းတုံးအာနှင့် သူမအပေါင်းအပါလူငယ်လေးလည်း လူစုခွဲသွားကြသည်။ မကြာမီ မန်ဟို့အရှေ့တွင် မြို့တစ်မြို့ပေါ်လာ၏။
၎င်းက သေမျိုးမြို့တစ်မြို့ဖြစ်သလို၊ ပြည်ထောင်ကိုး၏ မြို့တော်လည်း ဖြစ်ပေသည်။
မြို့တော်၏အနောက်တွင် တောင်တစ်လုံးအား မြင်သည်ဆိုရုံကလေး မြင်ရနိုင်သည်။ တောင်အပေါ်ပိုင်းမှာ နှင်းဖုံးနေပြီး အောက်အပိုင်းမှာတော့ မြစိမ်းရောင်သမ်းနေသည်။ တောင်ခြေတွင် အဝေးသို့ စီးဆင်းနေသာ မြစ်တစ်မြစ်မှ ဖြစ်ပေါ်လာသည့် ကန်တစ်ကန် ရှိသည်။
ကန်သည် လှိုင်းကြက်ခွပ်လေးပင် မထဘဲ မိုးကောင်းကင်ကို ပြီးပြည့်စုံစွာ ရောင်ပြန်ဟပ်လျက် ကြေးမုံကဲသို့ ချောမွတ်နေ၏။
ကျန်းတောက်စီနှင့်အတူ မန်ဟိုက မြို့အပေါ်မှ ပျံသန်း၍ ကန်ကို ဖြတ်သွားသည်။ မကြာမီ သူကား စည်းဖြူတောင်ရှေ့သို့ ရောက်သွားခဲ့လေပြီ။
သူတို့ အနားရောက်လာစဉ် အေးစိမ့်သော လေတစ်ချက်က တောင်ပေါ်မှ တိုက်ခတ်လာသည်။ လက်ရှိအချိန်မှာ နွေရာသီဖြစ်၍ အပူရှိန်မှာ ပြင်းထန်နေသည့်အတွက် အေးမြသောလေလေးက လန်းဆန်းသွားစေသည်။ ၎င်းက မည်သူ့ကိုမဆို ဤနှင်းဖုံးတောင်ကို သဘောကျသွားစေမည့် ခံစားချက်မျိုးပင်။
ခံစားချက်သည် တောင်၏အပေါ်တစ်ပိုင်းကို ဖုံးလွှမ်းရင်း စိမ်းမြသောအောက်ပိုင်းနှင့် တခြားစီဖြစ်နေစေသည့် နှင်းများမှ အရင်းခံသည်။ သို့သော် မန်ဟို့ကို စိတ်အလှုပ်ရှားစေဆုံးမှာတော့ သူတို့အနားတိုးကပ်သွားသည်နှင့်အမျှ သဘာဝနိယာမနှင့် ကမ္ဘာအနှစ်သာရတို့ ... အားကောင်းသထက် အားကောင်းလာပြီး ပိုမိုပေါ်လွင်လာနေသည်ကို ခံစားနေရ၍ဖြစ်သည်။
ဤတောင်သည် ပြည်ထောင်ကိုးတစ်ခုလုံး၏ ဗဟိုချက်ဖြစ်သည့်အလား၊ သဘာဝနိယာမနှင့် အနှစ်သာရအားလုံး၏ အရင်းအမြစ်ဖြစ်သည့်အလားပင်။
ထို့အပြင် တောင်က မန်ဟို့ကို တောင်ကောင်းကင်ဂြိုဟ်ပေါ်က တန်မျှော်စင်များမှ ခံစားခဲ့ရသော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။
၎င်းသည် နှစ်ပေါင်းမရေမတွက်နိုင်သော ကိုးကွယ်ခံခဲ့ရသော အရာတစ်ခုမှ ရရှိနိုင်မည့် ခံစားချက်ပင်။ အမွှေးတိုင်မှလာသည့် လက်ဆုပ်လက်ကိုင်ပြမရသော စွမ်းအင်မျိုးဖြစ်၏။ အတိုင်းအတာတစ်ခုအထိ စုဝေးလာပြီးနောက်တွင် ၎င်းသည် ပြည်ထောင်ကိုး၏ နိုင်ငံအရှိန်အဝါဖြစ်လာပြီးနောက်ဆုံး ... ချီကြောတစ်ကြောအသွင် ပြောင်းသွားခဲ့သည်။
လေဟုန်ခွင်းလောက၏ ချီကြော
မန်ဟိုမှာ ပို၍စိတ်နှလုံးလှုပ်ရှားလာသည်။ တောင်ထိပ်သို့ မော့ကြည့်လိုက်သည့်အချိန် ဆင့်ခေါ်မှုတစ်မျိုးကို ခံစားလိုက်ရသဖြင့် သူ့မျက်လုံးများ ပြူးကျယ်သွားလေသည်။
ခံစားချက်သည် တဖြေးဖြေး ပိုမိုပြင်းထန်လာရာ မန်ဟို့နှလုံးသားအား တဒိန်းဒိန်းခုန်လာစေ၏။ သူ့သွေးကြောထဲရှိ သွေးများ ဆူပွက်လာပြီး မကြာမီ သူ့မှာ တောင်ထိပ်သို့ တက်၍ သူ့ကို ခေါ်နေသောအရာကို ကြည့်ရန် မအောင့်အည်းနိုင်တော့ပေ။
သူက ပျံတက်ရန် ပြင်လိုက်စဉ်မှာပင် ရပ်လိုက်သည်။
“စိတ်ဝင်စားစရာပဲ။ အကြောင်းတစ်ခုခုကြောင့် ဆင့်ခေါ်သံရဲ့ ရည်ရွယ်ချက်က ငါ့ကို တောင်ထိပ်အပေါ် တန်းပျံတက်လာအောင် ဆွဲဆောင်ဖို့ ကြိုးစားနေသလို ခံစားနေရတယ်... “ တခဏကြာ တွေးပြီးသော် သူသည် ထိုသို့မလုပ်တာ့ဘဲ တောင်ခြေရှိ လှေကားထစ်များအတိုင်း စတက်တော့၏။
သူ့အနောက်ရှိ ကျန်းတောက်ဇီနှင့် ကျန်အဘိုးကြီးများမှာ သူ လုပ်နေသောအရာကို သတိထားမိသွားပြီး တစ်ယောက်ကိုတစ်ယောက် တအံ့တဩ လှည့်ကြည့်လိုက်ကြတော့သည်။
စည်းဖြူတောင်သည် ပြည်ထောင်ကိုးတစ်ခုလုံးတွင် အမြင့်မြတ်ဆုံးနေရာ၊ အတိတ်တုန်းက အင်မော်တယ်များစွာ လာရောက်ခဲ့ဖူးသည့် အထွတ်အမြတ်တောင်ဖြစ်၏။ သူတို့အားလုံးနီးပါးက ထိပ်သို့ တန်းတန်းမတ်မတ် ပျံတက်ရန် ရွေးချယ်ခဲ့သော်လည်း မန်ဟိုကမူ အောက်ခြေမှ ဖြေးဖြေးချင်း လမ်းလျှောက်တက်ရန်သာ ရွေးချယ်ခဲ့သည်။ ၎င်းကား အင်မတန်မှ ရှားပေသည်။
တကယ်တော့ တောင်ခြေမှ စတက်ခြင်းက ကိုးပြည်ထောင်၏ ဤဗဟိုချက်အပေါ် စုဆုံနေသော သဘာဝနိယာများနှင့် အနှစ်သာရများအပြင် နိုင်ငံအရှိန်အဝါဖြင့် ပို၍နက်ရှိုင်းစွာ ထိတွေ့စေလိမ့်မည်ဖြစ်သည်။
မန်ဟိုသည် အချိန်ယူရင်း လှေကားထစ်များအတိုင် တက်နေ၏။ တစ်ခါတရံ သူက တောင်ပေါ်ရှိ သဘာဝနိယာများနှင့် အနှစ်သာရများ၏အတွေ့အထိကို ခံစားရန် ရပ်ပင် ရပ်တတ်သေးသည်။ ထိုမျှသာမက သူကား နှစ်ပေါင်းများစွာ ကိုးကွယ်ခံခဲ့ရသဖြင့် တောင်ပေါ်တွင် စုဝေးလာခဲ့သော နိုင်ငံအရှိန်အဝါဆိုသည့်အရာကိုလည်း..... အာရုံခံနိုင်လေသည်။
တစ်နေရာတွင် သူက လေထဲသို့ ညာလက်ကို ဆန့်ထုတ်၍ ဖမ်းဆုပ်လိုက်သည်။ “ဒါက .... လေရဲ့အနှစ်သာရလား” သူက ရေရွတ်လိုက်သည်။
သူ မသိသော်လည်း ကိုးပြည်ထောင်အတွင်းတစ်နေရာတွင် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။
“ရေရဲ့အနှစ်သာရ ... ပြီးတော့ ဒါက မီး... အကုန်လုံး မပြည့်စုံဘူး”
သူ တောင်ပေါ်တက်နေစဉ် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွား၏။ မကြာမီ ညရောက်လာပြီး နောက်ဆုံး နေထွက်လာပြန်သည်။ ထို့နောက် နေ့လည်။ ဤအခိုက်အတန့်တွင် သူသည် တောင်၏ မြစိမ်းရောင်အပိုင်းကို ကျော်၍ နှင်းဧရိယာထဲသို့ ဝင်သွားလေပြီ။ တစ်ထစ်ပြီးတစ်ထစ် ...ရှေ့ဆက်တက်နေသည်။ သူ့မှာ တောင်ကို ဆင်ခြင်သုံးသပ်ရင်း ဉာဏ်အလင်းရှာဖွေရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်သွားတော့၏။ သူသည် လမ်းလျှောက်ရန်ကိုသော်လည်းကောင်း၊ ဆက်တက်ရန်ကိုသော်လည်းကောင်း မေ့လျော့သွားခဲ့လေပြီ။
သူကတော့ မသိသော်လည်း သူ တောင်အပေါ် ဆက်တက်နေစဉ် ပြည်ထောင်ကိုး၏မြေပြင်အားလုံး တသိမ့်သိမ့် တုန်နေလေသည်။ လေများ တဝေါဝေါ တိုက်နေပြီး မိုးရွာနေသည်။ လျှပ်စီးမိုးကြိုးများလည်း ကောင်းကင်ထက်တွင် တဝင်းဝင်းလက်နေပြီး စိတ်ဝိညာဉ်စိမ့်စမ်းများ ပေါ်ထွက်လာသည်။ တောင်များ ပျောက်ကွယ်ပြီးနောက် ပြန်ပေါ်လာ၏။ မြစ်ချောင်းများ စီးဆင်းရာလမ်းကြောင်း ပြောင်းကုန်သည်။ တစ်လောကလုံး ပြောင်းလဲနေချေပြီ။
ပြောင်းလဲမှုအားလုံးက မန်ဟို တောင်ပေါ်သို့ လမ်းလျှောက်တက်ရင်း ကမ္ဘာလောက၏ သဘာဝနိယာများကို ဆင်ခြင်သုံးသပ်နေသည့်အတွက်ကြောင့် ဖြစ်ပေါ်လာသည်။ မိုးနှင့်မြေ၏အနှစ်သာရများနှင့်ပတ်သက်၍ ဉာဏ်အလင်းရနေစဉ် သူသည် ပြည်ထောင်ကိုးအတွင်းရှိ အသွင်ပြောင်းလဲမှုများအား ဖန်ဆင်းပေးနေသည့် အတတ်များကို ဖော်ဆောင်နေလျက်ရှိ၏။
တောင်ခြေတွင်တော့ ကျန်းတောက်ဇီနှင့် အခြားသူများမှာ အချိန်အတော်ကြာကတည်းက မျက်လုံးများပြူး၍ ပါးစပ်အဟောာင်းသားဖြစ်နေကြချေပြီ။ ကျန်အဘိုးကြီးများထက် ပိုဆိုးသည်ကား အလွန်စိုးရိမ်ကြောင့်ကြနေသောအရိပ်အယောင်များ ထင်ဟပ်နေသော မျက်လုံးများဖြင့် ကျန်းတောက်ဇီပင်။ ထို့အပြင် သူ စိုးရိမ်နေသည်မှာ မန်ဟို့ကို မဟုတ်။
အမှန်တွင် မန်ဟိုမှာ တောင်ထိပ်သို့ ရောက်သွားခဲ့သည်ကိုပင် သတိမထားမိတော့ပေ။
***