← Chapters

သူ၏နာမည်က အက်ရှလွန်ကို တုန်လှုပ်သွားစေခြင်း

Vol. 79 Ch. 1093

သူ၏နာမည်က အက်ရှလွန်ကို တုန်လှုပ်သွားစေခြင်း

Vol. 79 Ch. 1093

နှင်းဖုံးတောင်ထိပ်တွင် အေးစိမ့်သောလေတစ်ချက်က မန်ဟို့ခေါင်းပေါ်ရှိ နှင်းပွင့်ဖတ်များကို တိုးဝှေ့ဖယ်ရှားလိုက်သည်။ နှင်းပွင့်ကလေးများသည် သူ့ကိုယ်ထဲရှိ အနွေးဓာတ်တချို့ကို သယ်ဆောင်ရင်း လျင်မြန်စွာ အရည်ပျော်ကျသွား၏။ ဖြစ်ပေါ်လာသော အတွေ့အထိကတော့ စိမ့်နေသော အအေးဓာတ်ပင်။

အအေးဓာတ်က မန်ဟို၏ ငေးကြောင်နေသောမျက်ဝန်းများကို ရုတ်တရက် ကြည်လင်ပြတ်သားလာစေသည်။ သူ စိတ်နှင့်ကိုယ်ပြန်ကပ်သွားသောအခါ ပြည်ထောင်ကိုးအတွင်းရှိ အံ့မခန်းလိလိ အသွင်ပြောင်းလဲမှုများ ရပ်စဲသွားသည်။

“ကမ္ဘာလောကထဲမှာ မမြင်ရတဲ့ သဘာဝနိယာမတွေ ရှိတယ်” သူက ရေရွတ်လိုက်သည်။

“သဘာဝနိယာမရဲ့အပေါ်မှာတော့ အနှစ်သာရရဲ့ ကြီးမြတ်တဲ့ စွမ်းအားရှိနေတယ်... တစ်စုံတစ်ခုရဲ့ မူလအရည်အသွေးတွေကို နားလည်၊ မူလအစအစစ်အမှန်ကို မြင်ပြီး အဲဒီဟာနဲ့ပတ်သက်တဲ့ အရာခပ်သိမ်းကို သိရှိတာက ... အနှစ်သာရပဲ” တောင်ခြေမှ တောင်ထိပ်သို့ ခရီးစဉ်မှာ မြန်ဆန်ခဲ့သယောင်ထင်ရသော်လည်း အချိန်အတော်လေးကြာခဲ့သည်။

ထိုအခြင်းအရာက သူ့ကို စည်းဖြူတောင်နှင့် ပြည်ထောင်ကိုးနှင့်ပတ်သက်ပြီး ကြီးမားသောဉာဏ်အလင်းကို ရရှိစေခဲ့သည်။ သို့သော် သူ့မှာ သူ မစူးစမ်းနိုင်ခဲ့သော နေရာတချို့ ရှိသေးသကဲ့သို့ ခံစားရသေးလေသည်။ ဤတောင်၊ ဤပြည်ထောင်နှင့် ဤလောကနှင့်ပင် ပတ်သက်သော တစ်စုံတစ်ခုက မကိုက်ညီဘဲ ဖြစ်နေသည်။

တောင်ပေါ်တက်လာခဲ့သော ခရီးအတောအတွင်း မန်ဟို၏ သဘာဝနိယာမနှင့်အနှစ်သာရအပေါ် ဆင်ခြင်သုံးသပ်ခဲ့မှုများက သူ၏နားလည်မှုကို အပေါ်ယံမျှသာ ဖြစ်နေစေသည့်အလား ငြင်းပယ်အားတစ်ရပ် ရှိနေသည့်အလားပင်။ ယခုတွင် သူသည် ပြန်တွေးကြည့်သောအခါ သူ့နှလုံးသားထဲရှိ နက်နက်ရှိုင်းရှိုင်း စွဲထင်ကျန်ရစ်ခဲ့သောအရာတစ်ခုမှ မရှိကြောင်း သဘောပေါက်လိုက်သည်။

သူက တခဏတွေးပြီးသော် သူ့အမြင်အာရုံကို ပိတ်ကွယ်ဖုံး၍ သူ့ခန္ဓာကိုယ်ပေါ် ရွာကျနေသော နှင်းများကို မျက်လုံးဝေ့ကြည့်လိုက်သည်။

မြေပြင်တွင် ၎င်းအပေါ် ကျရောက်လာသော နှင်းများကို မြန်မြန်ဆန်ဆန် စုဆောင်းနေသော နှင်းထုထူထူတစ်လွှာဖြင့် ဖုံးနေသည်။ နှင်းများမှာ လေ ၎င်းတို့ကို ကောက်ယူသယ်ဆောင်ရန် မည်မျှကြိုးစားကြိုးစား ကခုန်နိုင်စွမ်းသော်လည်းကောင်း၊ လှုပ်ခါနိုင်စွမ်းသော်လည်းကောင်း မရှိတော့ပေ။

သို့သော် နှင်းများက သူ့မြင်ကွင်းကို မည်မျှဖုံးကွယ်နေစေကာမူ သူသည် သူ့အရှေ့တွင် ... ရုပ်တုတစ်ရုပ်ကို မြင်ရလိုက်သေး၏။

၎င်းသည် နှင်းများရစ်သိုင်းနေသော အရုပ်တစ်ရုပ်ဖြစ်၏။ မဆိုစလောက်ပြုံးနေသော သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ပုံစံရှိသည်။ ထိုလူမှာ အင်အားကြီးမားပုံလည်းမပေါ်၊ တည်ကြည်လေးနက်ပုံလည်း မပေါ်သော်လည်း သူ့မျက်ဝန်းများတွင် သတိပေးဆုံးမနေသော စူးစူးရှရှအလင်းကို မြင်ရနိုင်သည်။ ဤရုပ်တုကို မြင်လိုက်သူတိုင်း စိတ်ထဲတွင် တုန်လှုပ်သွားရပေလိမ့်မည်။

၎င်းက သေမျိုးတစ်ယောက် တောရိုင်းသားရဲတစ်ကောင်ကို ရင်ဆိုင်ရသည့်အခါ ဖြစ်ပေါ်လာမည့် ခံစားချက်မျိုးပင်။

ဤပုဂ္ဂိုလ်၏ အမျက်ဒေါသက မိုးနှင့်မြေကို ခြေမွ၍ တစ်လောကလုံးကို ဖျက်စီးပစ်ကာ သက်ရှိသတ္တဝါအားလုံးအား ဝပ်တွားရှိခိုးစေနိုင်ဟန်တူသည်။ မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ ရုပ်တုကြီးကို ကြည့်လိုက်၏။ ၎င်းက သူ့ကို ပြန်စိုက်ကြည့်နေပုံပေါ်သည်။

ထိုရိုးရှင်းသောအကြည့်လေးက သူ့စိတ်ကို ချာချာလည်သွားစေပြီး သူ့ကျင့်ကြံခြင်းအခြေခံကို ပရမ်းပတာ ဖြစ်သွားစေသည့်အပြင် သူ့ချီနှင့်သွေးများကို ဆူပွက်လာစေ၏။ သူ့မှာ သွေးတစ်လုပ်အန်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ယိမ်းယိုင်သွားလေသည်။

“ဒီပုဂ္ဂိုလ်ရဲ့ နယ်ပယ်က ဘာများလဲ” သူက တွေးလိုက်သည်။ “ရုပ်တုပဲ ဆိုတော့ အစစ်အမှန်ကိုယ်ရဲ့ စွမ်းအားရဲ့ ရာခိုင်နှုန်းနည်းနည်းလေးပဲ ပိုင်ဆိုင်ထားတာတောင်မှ နတ်ဘုရားစိတ်ဆန္ဒက ကြောက်စရာကောင်းတယ်

“နေဦး မဟုတ်သေးဘူး။ ဒီခံစားချက်က ...  သိပ်ကို ရင်းနှီးနေတယ်” သူက မျက်လုံးများ လင်းခနဲ လက်သွားပြီး ရုပ်တုကို မော့ကြည့်လိုက်သည်။ ထူးဆန်းသောအရိပ်အယောင်တစ်ခုသည် သူ့မျက်ဝန်းများတွင် ပေါ်ပေါက်လာ၏။

“ဒီရုပ်တုက ငါ့ကို ဒီနေရာဆီ ခေါ်ခဲ့တာ ...

“ဒါ့အပြင် ငါ့ကို ဒဏ်ရာရစေခဲ့တဲ့ စွမ်းအားက ရုပ်တုဆီက လာတာမဟုတ်ဘဲ ပြည်ထောင်ကိုးတစ်ခုလုံးဆီက လာနေတာ” သူက ပြည်ထောင်ကိုးတစ်ခုလုံးအား လှည့်ကြည့်လိုက်သည်။

“အဲဒါ .... နိုင်ငံကံကြမ္မာစွမ်းအားပဲ။ အင်မတန် ရင်းနှီးနေရတဲ့ အကြောင်းရင်းကတော့ ဒီနေရာက တန်မျှော်စင်နဲ့ တူလို့။ ဒါမှမဟုတ် ပြည်ထောင်ကိုးရဲ့ ချီကြောစွမ်းအားက ပေါင်းစည်းသွားတဲ့အခါ ဒီရုပ်တုကြီးကို ကြောက်ခမန်းလိလိဖိအား ထုတ်နိုင်စေတာလို့ ပြောတာ ပိုမှန်လိမ့်မယ်

“လေဟုန်ခွင်းလောကမှာ ပြည်ထောင်ကိုးခုရှိတယ်။ တစ်ခုစီက .... လေဟုန်ခွင်းလောကချီကြောရဲ့ ဆယ်ရာခိုင်နှုန်းစွန်းစွန်းကို ပိုင်ဆိုင်ထားမယ်

“ငါ ငြင်းပယ်ခံရတဲ့ အတွေ့အထိကို ကြုံတွေ့ခဲ့ရတဲ့ အကြောင်းရင်းက .... ငါက လေဟုန်ခွင်းလောကသား မဟုတ်လို့

“အခု ငါ ဒီကို ရောက်လာပြီဆိုတော့ ငြင်းပယ်အားကို ဖယ်ရှားပြီး နိုင်ငံအရှိန်အဝါရဲ့ အသိအမှတ်ပြုခံရအောင် နည်းလမ်းရှာသင့်ပြီ” မန်ဟိုက ရုပ်တုကြီးကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများသည် ၎င်းလက်ဖမိုးပေါ်ရှိ မထင်ရှားသောအမှတ်အသားတစ်ခုအပေါ် ကျရောက်သွား၏။

သေသေချာချာ မကြည့်လျှင် အဆိုပါအမှတ်အား သဲသဲကွဲကွဲ မြင်ရမည်မဟုတ်ပေ။ မန်ဟိုသည် မျက်လုံးများ၌ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေလျက် သူ၏နတ်ဘုရားအာရုံံကို မှော်အတတ်တစ်ခုအသွင်ပြောင်းကာ အမှတ်ထံသို့ ပို့လွှတ်လိုက်သည်။ သို့သော် ချိုးဖျက်ရန် နာရီအနည်းငယ်ကြာမြင့်မည့် စည်းတံဆိပ်တစ်ခုခုဖြင့် စီရင်ခံထားရသည့်အလား အမှတ်ကို ဖွင့်ရန် မဖြစ်နိုင်ပုံပေါ်သည်။ မန်ဟိုသည် တိတ်ဆိတ်စွာ စဉ်းစားပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက် ရုတ်တရက် ဖော်၍ ပဉ္စမမိစ္ဆာချုပ်နှောင်မန္တန်အား ထုတ်လွှတ်လိုက်၏။

ယခုတွင် သူ့အနေဖြင့် ပဉ္စမမန္တန်နှင့် အလွန်ရင်းနှီးနေပြီဖြစ်၍ ချိတ်ပိတ်စည်းများကို ကိုင်တွယ်ရာတွင် အသုံးဝင်ကြောင်း တွေ့ရှိခဲ့သည်။ အတွင်းနှင့်အပြင်ကို ပြောင်းပြန်လှန်ခြင်း၊ ဝါးမြိုခြင်းနှင့် ထွေးထုတ်ခြင်း။ ၎င်းက မည်သည့်စည်းတံဆိပ်ကို မဆို ဖွင့်နိုင်သည်။

မန်ဟို မန္တန်အား ထုတ်လွှတ်လိုက်စဉ် တောင်ခြေရှိ ကျန်းတောက်ဇီနှင့်အခြားသူများသည် မမှိတ်မသုန်ကြည့်နေကြ၏။ ကျန်းတောက်ဇီက စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး မသိသာသောအလင်းစတစ်စက သူ့မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။ သူသည် ဤဘဝတွင် ကျင့်ကြံအဆင့်ထပ်မတက်နိုင်တော့သော်လည်း သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်ဖို့ လျှို့ဝှက်ကျင့်စဉ်တစ်ခုအား သုံးနိုင်ခဲ့လေသည်။

အမှန်တွင် သူ့မှာ အလွန့်အလွန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးပြီဖြစ်၍ သူ့အသက် မည်မျှရှိသည်ကိုပင် မေ့လျော့နေခဲ့လေပြီ။ ထိုမျှသာမက သူသည် အင်မော်တယ်များ လေဟုန်ခွင်းလောကသားများကို ခြေထောက်ဖြင့် မည်ကဲ့သို့ တက်နင်းခဲ့ပြီး မည်ကဲ့သို့ အရှက်ခွဲခဲ့သည်ကို ဘယ်တော့မှ မေ့မရခဲ့ပေ။ ကျွန်သဖွယ် ဆက်ဆံခံရခြင်းက မည်ကဲ့သို့ ခံစားရသည်ကိုလဲ သူ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

“အဲဒီလူကို မတွေ့ခဲ့ရင်တော့ .... ဒီလိုခံစားရလောက်မှ မဟုတ်ဘူး” သူက တွေးသည်။ “လေဟုန်ခွင်းလောကက အင်မော်တယ်လောကရဲ့ အဆင့်နိမ့်လောကတွေထဲက တစ်ခုဖြစ်တဲ့အပြင် ကျွန်လောကမဟုတ်လား” သူသည် သူ့မျက်လုံးထဲရှိ ပြင်းထန်သော မုန်းတီးနာကြည်းမှုတို့ကို ဖုံးကွယ်ရန် ခေါင်းငုံံ့လိုက်၏။

မကြာမီ သတိက ထိန်းချုပ်နိုင်သွားပြီး သူက ခေါင်းမော့လိုက်သည်။ စောစောက အရိပ်အယောင်အားလုံး သူ့မျက်လုံးထဲမှ ပျောက်ကွယ်သွားပြီး ယခုတွင် အင်မော်တယ်များအပေါ် အရူးအမူးလေးစားရိုသေမှုတို့ဖြင့် ပြည့်နှက်နေလေပြီ။

တကယ်တော့ သူ ကြုံတွေ့ခဲ့ရသည့် မရေမတွက်နိုင်သော အင်မော်တယ်များစွာအနက် ဘယ်သူကမှ မန်ဟိုကဲ့သို့ ခံစားချက်ကို မပေးနိုင်ခဲ့ပေ။ သူ့သတိတရားသည် ပိုမိုအားကောင်းလာတော့၏။

“သူ့ကျင့်ကြံခြင်းအခြေခံက နက်ရှိုင်းပြီး သူက အင်မတန် ဉာဏ်များတယ်။ တိုက်ခိုက်ပုံကလည်း ရက်စက်တယ်။ သူက .. အလွယ်တကူ ကိုင်တွယ်လို့ရတဲ့ လူစားမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီနေရာမှာ မိန်းမောသွားနိုင်ခြေအများဆုံးကလည်း သူပဲ။ အဲဒီလိုမဖြစ်ရင်တောင်မှ ... သူ ဘယ်လောက်အစွမ်းထက်ထက် လေဟုန်ခွင်းလောကရဲ့ သည်းခံနိုင်မှုအတိုင်းအတာကုန်ပြီး ပေါက်ကွဲလာလိမ့်မယ်” ကျန်းတောက်ဇီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး စူးရှသောအလင်းရောင်က သူ့မျက်လုံးများတွင် တောက်ပသွားပြီး နောက်တစ်ဖန် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူက လက်တစ်ဖက်စီကို ဆန့်ကျက်ဘက် အင်္ကျီလက်စထဲသို့ လျှိုသွင်းပြီးနောက် သူ့ကိုယ်သူ ရိုးသားပြီး မထင်ပေါ်စေအောင် ခါးပိုကုန်းလိုက်သည်။

“အက်ရှလွန်စာရင်းဝင်တစ်ယောက်မှ အင်ပါယာသခင်ရဲ့အဆင့်အတန်းကို တစ်ချက်တည်းနဲ့ နားလည်မှာမဟုတ်ဘူး။ ဒီကို လာတဲ့ လူတချို့ကတော့ လျှို့ဝှက်ချက်ကို သိထားပြီး သူတို့လာတိုင်း အချိန်အပိုင်းအခြားက တိုတောင်းလာခဲ့တာတောင်မှ အဆုံးသတ်မှာတော့ အမြန်ဆုံးတစ်ယောက်က အနည်းဆုံးခြောက်နာရီကြာခဲ့တယ်။ ဒီမန်ဟိုက လက်ဖျားခါလောက်အောင် ဉာဏ်ကောင်းရင် ကောင်းလိမ့်မယ်။ ဒါပေမဲ့ သူတောင်မှ အချိန် ပိုလိုလိမ့်ဦးမှာ....” စိတ်ထဲတွင် သူသည် အေးစက်စက်ရယ်ရင်း တောင်ထိပ်ရှိ မန်ဟို့ကို မော့ကြည့်ပြီးနောက် ရုတ်တရက် မျက်နှာ ရိပ်ခနဲ ဖြစ်သွားကာ သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုတို့ဖြင့် ပြူးကျယ်လာ၏။

သူသာ မဟုတ်။ သူ့အနောက်ရှိ အဘိုးကြီးများလည်း မျက်လုံးပြူးကြီးများဖြင့် ကြည့်နေကြပြီး အသက်ပြင်းပြင်း ရှူနေကြရသည်။

မန်ဟို သူ၏မန္တန်အား စည်းတံဆိပ်အပေါ် ထုတ်လွှတ်လိုက်သော အခိုက်အတန့်တွင် တံခါးတစ်ချပ်ကို ဖွင့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့စိတ်မှာ တုန်ရီသွားပြီး တစ်လောကလုံး တုန်ခါလာသည်။ မရေမတွက်နိုင်သော သဘာဝနိယာမများအပြင် အနှစ်သာရအမြောက်အမြားက ထိုတံခါးထဲမှ ထွက်လာကြသည်။ ၎င်းတို့သည် စီးဖြာထွက်လာရင်း သူ့ကို လွှမ်းခြုံ၍ အရပ်လေးမျက်နှာသို့ ဝုန်းဒိုင်းကြဲတိုက်ခတ်သွားသော လေမုန်တိုင်းတစ်လုံးအသွင် ပြောင်းသွားတော့သည်။

မူလက ငြိမ်သက်နေခဲ့သော ပြည်ထောင်ကိုးမှာ မယုံကြည်နိုင်ဖွယ် အသွင်ပြောင်းမှုများဖြင့် နောက်တစ်ဖန် ထိတွေ့သွားရပြန်သည်။ တောင်တန်းများ မြောက်တက်လာပြီး မြစ်များ လမ်းကြောင်းပြောင်းကုန်သည်။ အံ့ဖွယ်အသွင်ပြောင်းမှုများက ပြည်ထောင်ကိုးအတွင်းရှိ သက်ရှိသတ္တဝါအားလုံး၏ စိတ်နှလုံးထဲဝယ် မဖော်ပြနိုင်သော ခံစားချက်တစ်ခုအား ပေါ်ပေါ်လာစေသည်။

လေမုန်တိုင်းကြီး သူ့ကို လှည့်ပတ်ရစ်သိုင်းနေစဉ် မန်ဟို့အသက်ရှူနှုန်းမှာ မြန်ဆန်လာသည်။ မြောက်မြားစွာသော သဘာဝနိယာများနှင့်အနှစ်သာရများကို မြင်ရသော်လည်း မကြာခင် အတော်များများက ထပ်နေကြောင်း နားလည်လိုက်သဖြင့် သူ့မျက်လုံးများ လင်းလက်သွားတော့သည်။ နိမိတ်အလင်း တောက်ပလာပြီး နောက်ဆုံးတော့ မန်ဟိုသည် .... သုံးထောင်သာ တည်ရှိကြောင်း ဆုံးဖြတ်နိုင်သွား၏။

ထိုသုံးထောင်အနက် ထပ်မနေသောအရေအတွက်မှာတော့ ... သုံးရာသာ ပါဝင်သည်။

သူ့မျက်လုံးများ တောက်ပသွားစဉ် လေမုန်တိုင်းသည် ရုတ်တရက် နှေးကွေးလာပြီး သူ့အရှေ့တွင် မီးတောက်တစ်ခုအသွင် စုစည်းစပြုလာ၏။

မီးတောက်က ရုပ်တုမှ ကိုင်ဆောင်ထားသော မီးအိမ်ပမာ ရုပ်တု၏လက်ထဲသို့ ကျဆင်းလာသည်။

ကခုန်နေသော မီးတောက်က ရုပ်တုအပေါ်သို့ ထူးဆန်းသော အလင်းရောင်အား ဖြန့်ကျက်လိုက်ပြီး အလင်းရောင် မန်ဟို့ကို ထိလိုက်သောအခါ သူသည် ရုတ်တရက် ငြင်းပယ်အားမှာ အလွန်အမင်းလျော့ကျသွားကြောင်း ခံစားလိုက်ရ၏။

သူက မီးတောက်ကို ကြည့်လိုက်ရာ အတွင်းတွင် သဘာဝနိယာမနှင့် အနှစ်သာရသုံးရာကို မြင်လိုက်ရသည်။ ကံဆိုးစွာနှင့် ၎င်းတို့ကား မပြည့်စုံပေ။ သို့သော်လည်း မန်ဟိုလည်း ထိုအကြောင်းရင်းကြောင့်သာ ၎င်းတို့အားလုံးကို ခံစားနိုင်ခြင်းဖြစ်၏။

သူ ထိုအနှစ်သာရသုံးရာကို မြင်လိုက်သောအချိန်တွင် အသံတစ်သံက မိုးခြိမ်းသံကြီးသဖွယ် သူ့စိတ်ထဲ၌ ဟိန်းထွက်လာသည်။

“တာအိုသုံးထောင်၊ လောကသုံးထောင်၊ လေဟုန်ခွင်းပြည်ထောင်ကိုးခု၊ ပြည်ထောင်တစ်ခုစီမှာ တာအိုသုံးရာရှိကြတယ်။ တာအိုသုံးရာက လောကစည်းတံဆိပ်ကို ဖော်ဆောင်ထားတယ် .... နောက်ဆုံးတာအိုသုံးရာက ဗဟိုဝတ်ပြုကျောင်းမှာ တည်ရှိပေတယ်

“တိုင်းတစ်ပါးသားတို့ ၊ သင်တို့ နားလည်တဲ့ မဟာတာအိုများလေလေ၊ ဉာဏ်အလင်းရလေလေ ဖြစ်ပြီး တာအိုရရှိမယ့်နေ့ကို မြန်မြန်ရောက်လေလေဖြစ်တယ်”

အသံသည် နက်နဲသိမ်မွေ့သော်လည်း မန်ဟိုမှာ ထိုအကြောင်း တွေးနေရန် အချိန်မရှိပေ။ ရုပ်တု၏လက်ထဲရှိ မီးတောက်က ရုတ်တရက် သူ့ကို ... နိဗ္ဗာနသစ်သီးမှ လာနေသော တုန်ခါမှုများကို အာရုံရလိုက်စေသည်။

ထိုတုန်ခါမှုများက တပ်မက်မှုမှ အရင်းခံသည်။ မန်ဟိုသည် ထိုအနှစ်သာရသုံးရာကို ဉာဏ်အလင်းရလျှင် သူ၏ဒုတိယနိဗ္ဗာနသစ်သီးနှင့် အောင်အောင်မြင်မြင် ပေါင်းစည်းနိုင်မည်ဟု ပြင်းပြင်းထန်ထန် ခံစားလိုက်ရတော့၏။

ထိုအခိုက်အတန့်တွင် အလင်းတန်းတစ်တန်းက လေဟုန်ခွင်းလောက၏ ဗဟိုဝတ်ပြုကျောင်းမှ ပေါ်ထွက်လာသည်။ ၎င်းသည် လေကို ခွင်းလာရာ လောကထဲရှိ ကျင့်ကြံသူအားလုံးကို မျက်လုံးပြူးလျက် ကြည့်လိုက်မိစေ၏။

အလင်းတန်းက လေဟုန်ခွင်းလောက၏ကောင်းကင်တွင် အဆုံးမဲ့လှိုင်းများ ဖြန့်ကျက်လိုက်ကာ လူတိုင်းလူတိုင်းအား ဧရာမရုပ်တုကြီးတစ်ရုပ်စီ ရှိသော ပုံရိပ်ယောင်တောင်များကို မြင်လိုက်ရစေသည်။

ကြည့်ရသရွေ့ မြင်နေရသော ဤပုံရိပ်ယောင်သည် ... အနှိုင်းမဲ့သော ဂုဏ်ကျက်သရေကို ကိုယ်စားပြုနေသယောင်ပင်။

ရုတ်တရက် ရုပ်တုများထဲမှ တစ်ရုပ်က ဝုန်းခနဲ ပြိုကျသွားသည်။ ၎င်းသည် ပြိုကျသွားသည့်အချိန်မှာပင် အသစ်ပြန်လည်ဖြစ်လာပြီး ရုပ်တုအသစ်အသွင်ပြောင်းသွားလေ၏။ ထိုရုပ်တုကား ... မန်ဟို၏ရုပ်တု။

ခက်ထန်သောအသံတစ်သံသည် စိတ်နှလုံးအကုန်လုံး၏အတွင်း၌ ပဲ့တင်ထပ်လာ၏။ “ပြည်ထောင်ကိုး၏မန်ဟိုကား မူလစံချိန်တင်သူထက် သာသွားခဲ့ပြီ။ သူဟာ သူ့ရုပ်တုသူ ဖော်ဆောင်ခဲ့ပြီဖြစ်၍ ပြည်ထောင်ကိုးရဲ့ ချီကြောဖြင့် ချီးမြှင့်မြှောက်စားခံရတော်မူမည်”

“မဖြစ်နိုင်ဘူး” ကျန်းတောက်ဇီမှာ တုန်ရီလျက် တွေးလိုက်သည်။ သူ့အနောက်ရှိ ကျန်အဘိုးကြီးများလည်း မျက်လုံးပြူးနေကြသည်။

ဤအခိုက်အတန့်တွင် ပြည်ထောင်ကိုး၏ ချီကြောသည် မန်ဟို့ကို အပြည့်အဝ လက်ခံသွားပုံပေါ်၏။ ၎င်း သူ့ကို လှည့်ပတ်ပျံဝဲနေစဉ် ငြင်းပယ်အားက ပျောက်ကွယ်သွားတော့သည်။ မန်ဟိုက အသက်ပြင်းပြင်းရှူရင်း ကောင်းကင်သို့ မော့ကြည့်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် တခြားပြည်ထောင်များအတွင်းရှိ ကျင့်ကြံသူများနှင့် အက်ရှလွန်များလည်း လုံးလုံးလျားလျား တုန်လှုပ်သွားကြသည်။

ပြည်ထောင်လေးရှိ ခပ်ချောချောလူငယ်လေး၏မျက်လုံးများသည် ထူးဆန်းနေ၏။ သူက လက်သီးဆုပ်ရင်း ဟိန်းဟောက်လိုက်သည်။ “မန်ဟို ဘာကြောင့် သူ့နာမည်က အင်မတန် ရင်းနှီးနေသလိုရှိတာလဲ”

ပြည်ထောင်တစ်တွင် ဘယ်သူမှ လူမထင်သည်အထိ မောက်မာသော အက်ရှလွန်သည် လင်းလင်းစွာ တောက်ပနေသော ရုပ်တုကြီးအရှေ့တွင် ရပ်နေ၏။ ထိုရုပ်တု၏လက်ပေါ်တွင်လည်း မီးလုံးတစ်လုံးအား မြင်ရနိုင်သည်။ သိသိသာသာပင် သူသည် .. မန်ဟို့နောက် စက္ကန့်ပိုင်းလေးအတွင်း ဉာဏ်အလင်းရခဲ့လေ၏။

သူက တခဏ အံ့အားသင့်နေပြီးနောက် ပြောလိုက်သည်။ “ငါ့ထက် မြန်တယ်လား... စိတ်ဝင်စားစရာပဲ။ ဒီနေရာရဲ့ လျှို့ဝှက်ချက်တချို့ကို သူ သိထားရင်တောင်မှ ဒီနေရာရဲ့ ဉာဏ်အလင်းက အချိန်ကြာမှ ရနိုင်တာ”

နက်နဲသိမ်မွေ့သောအလင်းစတစ်စက သူ့မျက်လုံးများတွင် ပေါ်လာပြီး သူက ရယ်တော့သည်။ “ဒီတစ်ခေါက်တော့ ငါ့ စုဆောင်းမှုထဲ နောက်ထပ်အဖိုးတန်ပစ္စည်းတစ်ခု ထည့်နိုင်တော့မယ် ထင်တယ်။ ပြည်ထောင်ကိုးရဲ့ မန်ဟို။ သူက နဝမတောင်ပင်လယ်ကမဟုတ်လား။ ဆိုတော့ ရွှယ့်အာရှာနေတဲ့ လူပဲ ဖြစ်ရမယ်”

ပြည်ထောင်ရှစ်တွင် လူငယ်တစ်ယောက်သည် တဝီးဝီးလည်နေသော အရိုးများဖြင့် ခြံရံလျက်ရှိ၏။ သူက ရုတ်တရက် ပြည်ထောင်ကိုးရှိရာသို့ လှည့်ကြည့်လိုက်သည်။ “မန်ဟို .... သူ့မျိုးရိုးက မန်”

(မှတ်ချက်။ ။ မန်ဟို့အမေ မန်လီက အဋ္ဌမတောင်ပင်လယ်က မန်မျိုးနွယ်စုကပါ)

ကျန်အက်ရှလွန်များလည်း ထိုနည်းတူ အံ့ဩသွားကြပြီး မန်ဟို့နာမည်ကား သူတို့နှလုံးသားထက်တွင် ပထမဆုံးအကြိမ် စွဲထင်သွားလေပြီ။ သူတို့အားလုံးသည် အက်ရှလွန်စာရင်းဝင်များဖြစ်ကြသည့်အပြင် ရွေးချယ်ခံများအကြားက ရွေးချယ်ခံများ ဖြစ်ကြသည်။ စိန်ခေါ်မှုလေးတစ်ခုကြောင့် မည်ကဲ့သို့ အလွယ်တကူ နောက်ကျကျန်ခဲ့ချင်မည်နည်း။

မန်ဟို၏ လှုံ့ဆော်ခြင်းခံခဲ့ရသော တိုက်ခိုက်လိုစိတ်တို့က သူတို့ရင်ထဲတွင် လောင်မြိုက်လာတော့သည်။

***

All Chapters