← Chapters

ကိုးပြည်ထောင်စစ်ပွဲ စတင်လေပြီ

Vol. 79 Ch. 1094

ကိုးပြည်ထောင်စစ်ပွဲ စတင်လေပြီ

Vol. 79 Ch. 1094

လေကြမ်းတစ်ချက် တိုက်ခတ်လာသည်။ လေဟုန်ခွင်းလောကကား အချိန်မရွေး ပေါက်ကွဲနိုင်သည့် စွမ်းအားများအား စုဆောင်းနေသည့်အလားပင်။

ထိုစွမ်းအားပေါက်ကွဲလာသည်နှင့်တစ်ပြိုင်နက် ကိုးပြည်ထောင်လုံး စစ်မက်ဖြစ်ပွားလိမ့်မည်။ ထိုစစ်ပွဲကား ... အက်ရှလွန်တိုက်ပွဲများကို ကိုယ်စားပြုသည်။

၎င်းသည် အက်ရှလွန်အတွင်း၌ အစွမ်းအထက်ဆုံးဖြစ်သော နံပါတ်တစ်နေရာကို ဆုံးဖြတ်ပေးလိမ့်မည်။ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူဖြစ်လာဖို့ လူတစ်ယောက်သည် မည်သည့်တောင်ပင်လယ်တွင်မဆို ရွေးချယ်ခံများအကြားက ရွေးချယ်ခံဖြစ်ဖို့ လိုအပ်၏။ သူတို့သည် သူတို့ထက် အဆင့်ပိုမြင့်သော ပညာရှင်များကို စိန်ခေါ်နိုင်သော ... လူများဖြစ်ပေ၏။

ထိုကဲ့သို လျှမ်းလျှမ်းတောက်နေများသည် သူတစ်ပါး မိမိထက် သာသွားသည်ကို အလွယ်တကူ လက်ခံနိုင်မည်မဟုတ်ပေ။ သူတို့က သူတို့ မျိုးဆက်၏ ချန်ပီယံဖြစ်လိုသော လူများဖြစ်ကြသည်။

တကယ်တော့ .....ပထမတောင်ပင်လယ်မှ လူငယ်သည် အက်ရှလွန်ထဲတွင် နံပါတ်တစ်ဖြစ်ကြောင်း လူတိုင်းသိထားသည့်တိုင် ... အခြားသူများက သူ့ကို ကြောက်ကြမည်တဲ့လော။

တိုက်ခိုက်မှုများက တစ်နည်းမဟုတ်တစ်နည်း ဖြစ်လိမ့်မည်သာ။ ထိုမျှသာမက လေဟုန်ခွင်းလောကတွင် ... ဤမျိုးဆက်၏ အက်ရှလွန်စာရင်းဝင်တိုင်း ... သူတို့၏ပထမဆုံးစစ်ပွဲအစစ်အမှန်ကို ဆင်နွှဲရန် အခွင့်အရေးရထားသည်။

စစ်ပွဲသည် မန်ဟို တောင်ထိပ်သို့ ခြေချ၍ ဗဟိုဝတ်ပြုကျောင်းမှအလင်းရောင် ကောင်းကင်ထက်သို့ ထိုးတက်ရင်း ရုပ်တုများကို ဖော်ပြလိုက်သောအခိုက်အတန့်တွင် စတင်ခဲ့လေပြီ။

ထိုအခိုက်အတန့်တွင် မန်ဟို့နာမည်သည် ကိုးပြည်ထောင်စလုံးသို့ ပျံ့နှံ့လာပြီး တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းမှကျင့်ကြံသူအားလုံးအပြင်  အက်ရှလွန်တိုင်း၏ စိတ်ထဲတွင် မြဲမြဲမြံမြံ စွဲထင်သွားခဲ့ပြီဖြစ်၏။

ဤအခိုက်အတန့်တွင် ပြည်ထောင်ငါးကို ဖြတ်၍ ပျံသန်းလာသောလူရိပ်တစ်ခုကို မြင်ရနိုင်သည်။ ၎င်းသည် မျက်မှောင်အတန်ငယ်ကြုတ်နေသော်လည်း လက်ဖျားခါလောက်အောင် လှပသော မိန်းကလေးတစ်ဦးဖြစ်၏။ သူမနောက်တွင်တော့ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် အသေရရ အရှင်ရရ လိုက်နေသော အလင်းတန်းရှစ်တန်းရှိသည်။

နောက်မှ လိုက်နေသော လူတစ်ယောက်စီသည် ရှေးဟောင်းနယ်ပယ်တွင် ဖြစ်ကြ၏။ ထိုမျှသာမက ဤလူများတွင် မီးငြိမ်းဝိညာဉ်မီးအိမ်ငါးလုံးထက် မကပေ။ အလွန်နက်နဲလွန်းသဖြင့် မှန်း၍ပင် မရနိုင်။

ထိုအခြင်းအရာက လေဟုန်ခွင်းလောကထဲတွင် မဖြစ်နိုင်သင့်သော်လည်... သိသိသာသာ ဖြစ်နေချေပြီ။

ထိုမိန်းကလေးကား အင်မော်တယ်ရှေးတာအိုဆရာအဖွဲ့၏ ဆက်ခံသူ ရွှယ်အာမှတစ်ပါး အခြားမဟုတ်ပေ။ သူမသည် ပျံသန်းနေစဉ် ခေါင်းမော့လိုက်ရာ ဗဟိုဝတ်ပြုကျောင်းမှ ဖြာထွက်လာသော အလင်းရောင်ကို မြင်လိုက်ရ၏။ ကောင်းကင်ထက်ရှိ ရုပ်တုများနှင့် တောင်များကို မြင်လိုက်ရသလို၊ မန်ဟို့ကိုလည်း မြင်လိုက်ရသည်။ နောက်ဆုံးတော့ သူမလည်း မန်ဟို့နာမည်ကို ကြားလိုက်ရ၏။

“သူလား...” သူမက တွေးလိုက်သည်။ နောက်မှ လိုက်ဖမ်းနေရသည့်အတိုင် သူမမျက်ဝန်းလေးများသည် စူးရှတောက်ပနေပြီး သူမက မန်ဟို့နာမည်ကို ချက်ချင်း မှတ်သားလိုက်သည်။ ထို့နောက် သူမသည် ဆက်လက်ပျံသန်းနေပြီး သူမနောက်လိုက်နေသူ ရှစ်ယောက်ကလည်း လိုက်မှီအောင် ကြိုးစားရင်း လေကို တရွှီးရွှီးဖြတ်လာကြသည်။

ထိုစဉ် ပြည်ထောင်ကိုးရှိ စည်းဖြူတောင်ပေါ်တွင် မန်ဟိုက အသက်ပြင်းပြင်းရှူ၍ ကောင်းကင်ကို မော့ကြည့်နေရာမှ ခေါင်းပြန်ငုံ့လိုက်သည်။ ရုပ်တုလက်ထဲရှိ အလင်းရောင်က သူ့မျက်လုံးများတွင် ရောင်ပြန်ဟပ်ရင်း ထူးဆန်းစွာ တောက်ပနေစေသည်။

တခဏကြာသော် သူက ပြုံးလိုက်သည်။

“ဆိုတော့ ငါ အရင်စံချိန်ကို ချိုးသွားတာပေါ့လေ.... ဒါက ကျန်တဲ့အက်ရှလွန်တွေကို သေချာပေါက် ရွစိရွစိဖြစ်သွားစေမှာပဲ။ သိပ်ကောင်းတယ်

“ဒီလေဟုန်ခွင်းလောကထဲမှာ ထူးဆန်းတဲ့ တခြားအရာတွေ ဘယ်လိုပဲရှိရှိ၊ ကျန်းတောက်ဇီနဲ့ အပေါင်းအပါတွေ ဘာတွေကြံစည်နေကြံစည်နေ ငါ ဂရုမစိုက်ဘူး။ သူတို့က ငါနဲ့ မပတ်သက်ဘူး

“ငါ့ဒုတိယနိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူပြီး လောကပါလအင်မော်တယ်အဆင့် တက်ရောက်နိုင်မယ့် နည်းလမ်းရှာရအောင် ဗဟိုဝတ်ပြုကျောင်းကို သွားစရာတောင် မလိုဘဲ နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး” မန်ဟိုက အသက်ဝဝ ရှူလိုက်သည်။ သူ့နှလုံးသားသည် မျှော်လင့်ချက်တို့ဖြင့် ပြည့်သျှံနေပြီး ပြင်းထန်သောစိတ်လှုပ်ရှားမှုက သူ့ကို စိုးမိုးနေတော့သည်။

သူက ထပ်မံတွန့်ဆုတ်မနေတော့ဘဲ ရှေ့သို့လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ ချူယွီယန်ကို လွှတ်ပေးလိုက်သည်။ ချူယွီယန်မှာ ဘေးဘီဝဲယာကို ကြည့်ပြီးနောက် သိသိသာသာ တုန်လှုပ်သွားလေသည်။ သူမသည် လေဟုန်ခွင်းလောက၏ကွဲပြားခြားနားမှုကို ခံစားလိုက်ရပြီး မန်ဟို့ကို မေးမြန်းမနေတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံအားထုတ်တော့၏။ သူမ၏ပန်းတိုင်ကား အင်မော်တယ်နယ်ပယ်သို့ တက်လှမ်းရန် ဖြစ်သည်။

မန်ဟိုက နှုတ်ဆိတ်စွာ ခေါင်းညိတ်ပြပြီးနောက် သူ့နတ်ဘုရားအာရုံကို မီးတောက်ထဲ ပို့လွှတ်လိုက်သည်။ ချက်ချင်းပင် အတွင်းရှိ တာအိုသုံးရာ၊ သဘာဝနိယာမသုံးရာနှင့် အနှစ်သာရသုံးရာကို သူ ခံစားလိုက်ရသည်။

သူသည် အနှစ်သာရများများ နားလည်လေလေ၊ သူ့ဒုတိယနိဗ္ဗာနသစ်သီးအား စုပ်ယူဖို့ လွယ်ကူလေလေဖြစ်မည်ဟု အာရုံရလိုက်လေသည်။

“ပြည်ထောင်တစ်ခုတည်းနဲ့ မလုံလောက်ရင် နှစ်ခုဖြစ်ရလိမ့်မယ်။ ကိုးပြည်ထောင်လုံးနဲ့ သူတို့ရဲ့ အနှစ်သာရ ၂၇၀၀ က မလုံလောက်ရင်တော့ ငါ ဗဟိုဝတ်ပြုကျောင်းကို သွားပြီး ငါ့ဒုတိယနိဗ္ဗာနသစ်သီးကို စုပ်ယူဖို့ မဟာတာအိုအနှစ်သာရသုံးထောင်ကို သုံးရမယ်” သူက မျက်လုံးများကို ပိတ်၍ သူ့နတ်ဘုရားအာရုံရာနှုန်းပြည့်အား မီးတောက်ထဲသို့ ထည့်သွင်းလိုက်သည်။

တောင်ခြေတွင် ကျန်းတောက်ရီမှာ မျက်နှာမသာမယာဖြစ်နေသည်။ သူ့အနောက်ရှိ အဘိုးကြီးများကတော့ မန်ဟို့ကို လေးလေးစားစား စိုက်ကြည့်နေကြ၏။ တခဏကြာသော် သူတို့သည် အလျှိုလျှို ထွက်သွားကြတော့သည်။

အချိန်များ ကုန်လွန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း တစ်လကြာခဲ့လေပြီ။ ထိုအချိန်အတောအတွင် လေဟုန်ခွင်းလောကသည် တိတ်ဆိတ်အေးချမ်းပြီး ငြိမ်သက်နေပုံပေါ်ခဲ့၏။ သို့သော် အပေါ်ယံ၏အောက်တွင်တော့ အမှောင်ထုများ ရစ်သိုင်းသွားလာနေသည်။ နယ်မြေနှင့် အသားကျအောင် ကြိုးစားနေဆဲဖြစ်သော သာမန်ကျင့်ကြံသူများနှင့် အက်ရှလွန်ကျင့်ကြံသူများအကြား တိုက်ပွဲမဖြစ်ပွားသေးသော်လည်း ကိုးပြည်ထောင်၏ သေမျိုးစစ်တပ်များက စစ်ပွဲစတင်ခဲ့ကြပြီဖြစ်သည်။

ကိုးပြည်ထောင်စစ်တပ်များသည် ဤစစ်ပွဲအတွက် ဟိုးယခင်ကတည်းက ပြင်ဆင်ထားခဲ့ကြပြီး ယခုတွင် လေဟုန်ခွင်းလောက၏ အလယ်ပိုင်း... ဗဟိုဝတ်ပြုကျောင်းဒေသသို့ ချီတက်နေကြ၏။

ထိုဒေသတွင် ဧရာမလွင်ပြင်ကျယ်ကြီးတစ်ခုရှိပြီး အလည်တည့်တည့်တွင်တော့ တားမြစ်နေရာဖြစ်သော ဝတ်ပြုကျောင်းတည်ရှိသည်။ ထိုလွင်ပြင်ထက်က ပေါင်းမြက်များသည် ဖြူဆွတ်နေပြီး မြေကြီးမှာတော့ မည်းညစ်နေ၏။

အလယ်ပိုင်းလွင်ပြင်တွင် မိုးထိုးနေသော စေတီကိုးခုလည်း ရှိသည်။ ၎င်းတို့သည် ထိုနေရာတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ရှေးကျနေလေသည်။

စေတီတစ်ဆူစီက ပြည်ထောင်တစ်ခုစီအတွက် ရပ်တည်ကာ တစ်ဆူစီ၏ပတ်ပတ်လည်တွင် ကိုးပြည်ထောင်စစ်တပ်များ စုရုံးနေကြသည်။ ပြည်ထောင်တစ်ခုစီကား စစ်သည်တစ်သန်းကျော် ပိုင်ဆိုင်ထား၍ စုပေါင်းလိုက်သည့်အခါ စစ်မြေပြင်ပေါ်တွင် စစ်သည်ဆယ်သန်းနီးပါး ရှိနေသည်။

ဝရန်းသုန်းကား တိုက်ပွဲများ ချက်ချင်း ဖြစ်ပွားကြသည်။ မည်သည့်ပြည်ထောင်မှ မဟာမိတ်ဖွဲ့မထားသည့်အတွက် ကိုးပြည်ထောင်စစ်ပွဲကြီးအား ကြီးမားပြင်းထန်နေစေတော့သည်။

မရေမတွက်နိုင်သော စစ်သည်တော်များ သတ်ဖြတ်ခံနေရစဉ် မသေခင် ဒေါသတကြီး ကြိမ်းဝါးသံများ၊ မချိတင်ကဲအော်သံများ ဆူညံပွက်လောရိုက်နေသည်။ သူတို့ကိုင်စွဲထားသော ဓားသွားများနှင့် လှံများက သူတို့၏တာဝန်မှာ မဟူရာမြေကြီးကို ခရမ်းရောင်ပြောင်းသွားသည့်တိုင်အောင် သွေးစွန်းစေရန်ဖြစ်ကြောင်း ညွှန်ပြနေသည်။

သူတို့၏ စစ်သူကြီးများနှင့်တပ်မှူများ၏ အမိန့်များအောက်ဝယ် စစ်တပ်များသည် တစ်နေရာလုံးကို လျင်မြန်စွာပင် သွေးပင်လယ်ဖြစ်လာစေတော့၏။

စစ်ပွဲအတွင်း မှန်သည်၊ မှားသည်မရှိ၊ မည်သူမှ ဘာတွေဖြစ်နေသလဲ မေးခွန်းမထုတ်၊ သူတို့ကား တရစပ်သာ တိုက်ခိုက်နေကြရာ တစ်ခါတရံ အသက်ရှင်ဖို့အတွက်မဟုတ်ဘဲ သေဖို့သာ တိုက်ခိုက်နေသည့်ပုံပေါ်နေသည်။

အလောင်းများ တောင်လိုပုံလာသည်နှင့်အမျှ စေတီကိုးဆူမှာလည်း သွေးရောင်တောက်စပြုလာတော့သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အတောက်ပဆုံးအလင်းရောင်က ပြည်ထောင်သုံးမှ လာနေသည်။ ထိုနေရာမှ သွေးရောင်အလင်းတန်းတစ်တန်းသည် လေအထက် မီတာ ၃၀၀ အထိ မြင့်တက်နေ၏။

ကျန်စေတီများမှ မြင့်တက်နေသော သွေးရောင်အလင်းများလည်း မီတာဒါဇင်ချီ မြင့်မားကြသည်။ ပြည်ထောင်နှစ်၊ ပြည်ထောင်ခြောက်နှင့် ပြည်ထောင်ကိုးအတွက်မူ ၎င်းတို့၏သွေးအလင်းတန်းများသည် မီတာသုံးဆယ်ခန့်သာ ရှိပေသည်။

ထိုအလင်းတန်းများ မြင့်သထက်မြင့်သွားစေနိုင်မည့် တစ်ခုတည်းသောနည်းလမ်းကတော့ ... တိုက်ခိုက်ပြီး သတ်ဖြတ်ရန်သာ။

ရန်သူများများသတ်လေလေ၊ သွေးအလင်းတန်းက မြင့်သထက် မြင့်သွားလိမ့်မည်။

သွေးအလင်းတန်းများ စေတီကိုးဆူမှ မြင့်တက်လာသောအခိုက်အတန့်တွင် ကိုးပြည်ထောင်တစ်ဝန်းက နိုင်ငံအရှိန်အဝါတောင်အသီးသီးပေါ်ရှိ အက်ရှလွန်စာရင်းဝင်ကျင်ကြံသူများသည် ချီကြောနှင့် သူတို့၏ဉာဏ်အလင်းပွင့်နှုန်းမှာ ပြောင်းလဲနေကြောင်း ခံစားလိုက်ကြရ၏။

ပြည်ထောင်သုံးတွင်မူ ထိုနေရာရှိ လူမှာ ဉာဏ်အလင်းပွင့်နှုန်းအရာ၌ ကောင်းချီးပေးခြင်းခံနေရသကဲ့သို့ ချီလှိုင်းများ တဖွေးဖွေးလှုပ်နေသည်။

တခြားတောင်များတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ ပြည်ထောင်နှစ်၊ ပြည်ထောင်ခြောက်နှင့် ပြည်ထောင်ကိုးတွင်တော့ နိုင်ငံအရှိန်အဝါမှာ ဟန်ချက်ပျက်သွား၍ တောင်များအား တုန်ခါလာစေသည်။ ကြည့်ရသရွေ့ ထိုနေရာများရှိ ဉာဏ်အလင်းဆင်ခြင်သုံးသပ်မှုမှာ တစ်စုံတစ်ခု၏ နှောင့်ယှက်ခြင်းခံနေရသကဲ့သို့ မငြိမ်မသက်ဖြစ်လာသယောင်ပင်။

နိုင်ငံအရှိန်အဝါ ပြိုကွဲသွားသည့်အခါ ဖိအားက ပြည်ထောင်များအပေါ် သက်ရောက်လာသည်။ သေမျိုးများအနေဖြင့် စမ်းတဝါးဝါးသာ ခံစားရသော်လည်း ကျင့်ကြံသူများအတွက်တော့ အလွန်သိသာ၏။

အထူးသဖြင့် ဖိအားနှင့်ပတ်သက်၍ ပိုမိုတုံ့ပြန်လွယ်သော တောင်ပင်လယ်လောကမှ ကျင့်ကြံသူများပင်။ ဖန်းတုံးအာ၊ ပေ့ယွီနှင့် မိစ္ဆာကျင့်ကြံသူအားလုံးလည်း ဖိအားကို ခံစားလိုက်ရပြီး အဝေးသို့ လှမ်းကြည့်ကာ မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

ဖိအားသည် ဓားတစ်လက်ပမာ သူတို့အပေါ်သို့ ဖိနှိပ်ရင်း လျင်မြန်စွာ အားကောင်းလာ၏။ ၎င်းက အလွန်မသက်မသာဖြစ်စေရာ ဤအတိုင်းဆက်သွားလျှင် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို ကန့်သတ်ပေတော့မည်။

မန်ဟိုသည် ဆင်ခြင်သုံးသပ်နေရာမှ ထွက်လာ၏။ စောစောက သူ့မှာ ဉာဏ်အလင်းရှာရာတွင် မအောင်မြင်ခဲ့ပေ။ ရှာဖွေရသည်က ပိုမိုခက်ခဲလာသည်သာမက တောင်ပေါ်ရှိ ချီများစွာလည်း ပြိုကွဲသွားခဲ့သည်။ ထို့အပြင် တောင်တွင် စီရင်ထားသော အကာအကွယ်ယန္တရားများလည်း အားနည်းသွားခဲ့၏။

“ဘာလို့ ဒီလိုတွေ ဖြစ်နေတာလဲ...” သူက မျက်မှောင်ကြုတ်ကာ တွေးရင်း လေဟုန်ခွင်းလောကနှင့်ပတ်သက်၍ နားလည်မှုမလုံလောက်သေးကြောင်း လျင်မြန်စွာ သဘောပေါက်သွားလေသည်။ သူသည် ထရပ်၍ ဗဟိုဝတ်ပြုကျောင်းရှိရာသို့ လှမ်းကြည့်လိုက်သည်။

၎င်းသည် အတော်လေး ဝေးသော်လည်း သူ့အနေဖြင့် ၎င်းကို ခံစားရပြီး ပြည်ထောင်အသီးသီးမှ စစ်တပ်များ အပြင်းအထန်တိုက်ခိုက်နေကြကြောင်း သိလိုက်ရသည်။ သွေးအလင်းတန်းများ၏မြင့်တက်မှုကိုလည်း သူ အာရုံရလိုက်၏။

အတန်ကြာ စောင့်ကြည့်ပြီးနောက် သူသည် တခဏ တွေးကြည့်ပြီး ရုတ်တရက် ကောက်ချက်ချနိုင်သွားတော့သည်။

“သေမျိုးစစ်ပွဲက ချီကြောအပေါ် လွှမ်းမိုးနိုင်တယ်။ လူများများ အသတ်ခံရလေလေ၊ နိုင်ငံအရှိန်အဝါက အားကောင်းလေလေဖြစ်မယ်။ ဆန့်ကျက်ဘက်မှာတော့ ပြည်ထောင်တစ်ခုရဲ့ သေမျိုးစစ်တပ်အားနည်းသွားရင် ... တောင်ကို ကာကွယ်ပေးနေတဲ့ နိုင်ငံအရှိန်အဝါလည်း သက်ရောက်ခံရပြီး ငါ့အတွက် ဉာဏ်အလင်းရှာရခက်ခဲစေမယ်”

မန်ဟို့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

“ဒါပေမဲ့ ငါ ပြည်ထောင်ကိုးကို စစ်တိုက်ဖို့ အမိန့်မပေးခဲ့ပါဘူး....

“ကဲ ဘာပဲဖြစ်ဖြစ် သူတို့ ဗဟိုဘုရားကျောင်းအပြင်က စစ်မြေပြင်မှာ ရှုံးနိမ့်သွားရင် အဲဒါက ငါ့ဉာဏ်အလင်းပွင့်နှုန်းအပေါ် သက်ရောက်ရုံတင်မကဘဲ နိုင်ငံအရှိန်အဝါက ဖော်ဆောင်ထားတဲ့ အကာအကွယ်တွေကိုလည်း အားနည်းစေလိမ့်မယ်။ ပျောက်တောင် ပျောက်ကွယ်သွားစေနိုင်တယ်။ အဲဒီလိုသာဖြစ်ရင် ... စည်းတံဆိပ်အလုခံရမယ့် အန္တရာယ်တွေလည်း များလာလိမ့်မယ်

“အဲဒါက ဒီစမ်းသပ်မှုရဲ့  ရည်ရွယ်ချက်တစ်ခုလုံးများ ဖြစ်နေမလား” မန်ဟိုသည် တခဏတွေးပြီးသော် တောင်ပင်လယ်များမှ အဘယ်ကြောင့် ကိုးယောက်လွှတ်ခဲ့သည်လဲ နားလည်လိုက်၏။ ကျန်ရှစ်ယောက်မှ စစ်ပွဲထဲ အလွှတ်ခံရဖို့ ဖြစ်နိုင်သည်။ သူတို့အား သေမျိုးများကို သတ်ဖို့ မသုံးနိုင်သော်လည်း စစ်ပွဲ၏အခြေအနေကို လွှမ်းမိုးနိုင်သည့် နည်းလမ်းများ သူတို့တွင် ရှိကြလေသည်။

“ငါ စစ်ကူတိုက်ပေးအောင် လူတွေလွှတ်ဖို့ လိုတဲ့ပုံပဲ။ ကံဆိုးစွာနဲ့ ငါကိုယ်တိုင် သွားလို့မရဘူး...” သူက မျက်မှောင်ကြုတ်ပြီးနော် သူ့အတွေးများကို စီကြည့်လိုက်သည်။ သူ့အနေဖြင့် စည်းဖြူတောင်မှပင် ထွက်မသွားနိုင်ပေ။ ဉာဏ်အလင်းဆင်ခြင်သုံးသပ်မှု စတင်သည်နှင့် ရပ်တန့်မရပေ။ ရပ်ဖို့အတွက် အနည်းဆုံးအနှစ်သာရ ၁၀၀ နှင့်ပတ်သက်ပြီး ဉာဏ်အလင်းရဖို့ လိုသည်။

လောလောဆယ် သူ့မှာ အနှစ်သာရ ၈၀ ကျော်သာ ဉာဏ်အလင်းရသေးသည်။ ၁၀၀ ပြည့်ဖို့တော့ သိပ်လိုမည်မဟုတ်ပေ။

သူသည် တခဏ စဉ်းစားပြီးနောက် သူ့နဖူးကို လှမ်းလှီးကာ သွေးစက်တစ်စက် ပျံထွက်လာစေသည်။

သူက လက်ချောင်းတစ်ချောင်း ဝှေ့ယမ်း၍ သွေးထဲသို့ နတ်ဘုရားစိတ်ဆန္ဒတချို့ ပေးပို့လိုက်ရာ သွေးစက်သည် လျင်မြန်စွာ ပြန့်ကားလာရင်း မန်ဟို့ကိုယ်ပွားဖြစ်လာသည်။

“ငါ့ အစစ်အမှန်ကိုယ်တာအိုကိုယ်ပွားကို ဘယ်လိုပြန်ပြင်ရမလဲ မသိသေးတာ ဆိုးတာပဲ။ ငါ အခု လုပ်နိုင်တာဆိုလို့ ဒီလို နတ်ဘုရားစိတ်ဆန္ဒကိုယ်ပွားတွေပဲ ရှိတယ်” သူက သက်ပြင်းချရင်း မျက်လုံးပိတ်ကာ ကမ္ဘာအနှစ်သာရနှင့် မဟာတာအိုများကို ဆက်လက်ဆင်ခြင်သုံးသပ်လိုက်သည်။ နတ်ဘုရားစိတ်ဆန္ဒကိုယ်ပွားကတော့ ချာခနဲ လှည့်၍ စည်းဖြူတောင်မှ ထွက်လာသော အလင်းတန်းတစ်တန်းအသွင်ပြောင်းသွားသည်။

All Chapters