← Chapters

မန်ဟို့ကို မုန်းတီးခြင်း

Vol. 79 Ch. 1095

မန်ဟို့ကို မုန်းတီးခြင်း

Vol. 79 Ch. 1095

ကိုယ်ပွားသည် အတိုက်အခိုက်စွမ်းရည် များများစားစား မပိုင်ဆိုင်ထားသည့်အတွက် စစ်မြေပြင်သို့ ဦးတည်မသွားပေ။ ၎င်းမှာ အချိန်တိုလေးအတွင်း ပျောက်ကွယ်သွားရမည်ဖြစ်၍ န၀မတောင်ပင်လယ်မှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းဂူများထံသို့ ပျံသန်းသွားလေသည်။

တူညီသောအဖြစ်အပျက်များက တခြားပြည်ထောင်များတွင်လည်း ဖြစ်ပွားနေသည်။ အထူးသဖြင့် အသိသာဆုံးကတော့ ပထမတောင်မှ အလင်းတန်းလေးတန်းက ဗဟိုစစ်‌မြေပြင်ထံသို့ တဟုန်ထိုး သွားနေကြ၏။

သိသိသာသာပင် အက်ရှလွန်များသည် သေမျိုးစစ်ပွဲက အလွန်အမင်းအရေးပါကြောင်း သဘောပေါက်ခဲ့ကြလေပြီ။

စစ်ရှုံးမှုက နိုင်ငံအရှိန်အဝါကျဆင်းခြင်းနှင့် အကာအကွယ်များအားနည်းခြင်းကို ဖြစ်ပေါ်စေလိမ့်မည်။ အကာအကွယ်များသာ ဖယ်ရှားခံလိုက်ရလျှင် သူတို့ အသက်အန္တရာယ်စိုးရိမ်ရမည် ဖြစ်သည်။

ပြည်ထောင်ကိုးရှိ တောင်တန်းတစ်ခုတွင် အင်မော်တယ်စံရိပ်မြုံနှင့်တူသော တောင်ကြားတစ်ခု ရှိသည်။ ကျင့်ကြံသူများသည် တောင်ကြား၏ အတွင်းနှင့်အပြင်တွင် စုရုံးရင်း အရှေ့ရှိ သက်လတ်ပိုင်းလူတစ်ယောက်အား တိတ်ဆိတ်စွာ ကြည့်နေကြ၏။

ထိုလူကား လောလောဆယ်တွင် ကခုန်နေသော ကျင့်ကြံသူအမျိုးသမီးများနှင့် ခြံရံလျက် သလွန်ဇောင်းထက်ပေါ်တွင် လှဲနေသော န၀မပင်လယ်မိစ္ဆာကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ သာယာ‌သော သီချင်းသံလေးက ငှက်တေးသီသံတို့နှင့် ပန်းရနံ့များကို သယ်ဆောင်လျက် လေတွင် ပျံ့လွင့်သည်။ မြင်ကွင်းတစ်ခုလုံးက အင်မတန် နှစ်လိုဖွယ်ကောင်း၏။

မိစ္ဆာကျင့်ကြံသူက ဘေးဘီဝဲယာကို ကြည့်ရင်း အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ သူ့မှာ ဤအခြေနေနှင့် အသားမကျသေးပေ။ ပြီးခဲ့သော လ၀က်အတွင်း ဆုံတွေ့ခဲ့သည့် လူတိုင်းက သူ့ကို အကြောက်တရားများ၊ အလွန်အမင်း ရိုသေလေးစားမှုများဖြင့် ကြည့်ခဲ့ကြလေသည်။

သူ့ထံမှ စကားလေးတစ်ခွန်းက လူများကို သတ်သေစေနိုင်၏။ သူ့အကြည့်လေးတစ်ချက်က သူ မြင်လိုက်ရသော မည်သည့် အမျိုးသမီးကျင့်ကြံသူကိုမဆို ချဉ်းကပ်လာစေခဲ့ပြီး သူ၏အလိုရမ္မက်အလုံးစုံကို ဖြည့်စည်းပေးစေခဲ့သည်။ သူ စိတ်တိုလျှင် လူတိုင်း ကြောက်လန့်တုန်ရီကြသည်။ သူကား မိုးကောင်းကင်၏ စိတ်ဆန္ဒဖြစ်သည့်အလား ခံစားရရာ ထိုခံစားချက်အတွင်းတွင် အလွန်နစ်‌မျောနေတော့သည်။

သူ့အနေဖြင့် ယခုကဲ့အရာမျိုးကို န၀မပင်လယ်အတွင်း မကြုံတွေ့ခဲ့ဖူးသလို၊ စိတ်ကူးလည်း မယဉ်ခဲ့ဖူးပေ။ ထိုနေရာတွင် သူ့ထက် အစွမ်းထက်သူ များပြားလွန်းသည် မဟုတ်ပါလော။

ဝေးလံခေါင်ဖျားသော နေရာတစ်နေရာသို့ သွားလျှင်တော့ ယခုလို ခံစားရကောင်းခံစားရနိုင်သော်လည်း သူ့ထက် အစွမ်းထက်သူတစ်ယောက် ပေါ်လာသည့်အခါ စည်းစိမ်အားလုံး သိမ်းပိုက်ခံရပြီးနောက် သူ၏ ဘ၀သည် ယခင်အတိုင်း ပြန်ဖြစ်သွားမှာဖြစ်၏။

သို့သော် လေဟုန်ခွင်းလောကကတော့ အလွန်ခြားနားသော စိတ်ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

စောစောက မယုံကြည်နိုင်ဖွယ်ဖိအားကြီးတစ်ခု သက်ရောက်လာခဲ့သည်။ ထို့အပြင် သူသည် ကိုးပင်လယ်နတ်လောက၏ ဂိုဏ်းသားတစ်ယောက်ဖြစ်သည့်အတွက် ဤနေရာရှိ တာ၀န်ကို နားလည်သည်။ သို့သော် သူ့မှာ လေဟုန်ခွင်းလောက၏ စည်းစိမ်ထဲတွင် မယစ်မူးအောင် သူ့ကိုယ်သူ မချုပ်တည်းနိုင်ပေ။

သူက ဤ‌အကြောင်းကို တွေးရင်း လှပသော မိန်းမပျိုလေးတစ်ဦး၏ ပါးမို့မို့လေးတစ်လျှောက် လက်ချောင်းများကို ပြေးလွှားကစားလိုက်သည်။ သူမမျက်၀န်းထဲရှိ ကြောက်ရွံ့ရိုသေမှုကို မြင်သောအခါ မိစ္ဆာကျင့်ကြံသူက တဟားဟား အော်ရယ်ပြီး တစ်ခုခု ပြောတော့မည့်အချိန် ရုတ်တရက် မျက်နှာပျက်သွား၏။ သူက ခေါင်းမော့ကြည့်လိုက်ရာ လေကိုခွင်း၍ သူ့ထံ ပျံသန်းလာနေသော အလင်းတန်းတစ်တန်းကို မြင်လိုက်ရ၏။ ထိုအလင်းတန်းက မန်ဟိုအသွင် ပြောင်းသွားလေသည်။

"မန်ဟို" မိစ္ဆာကျင့်ကြံသူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူက ချက်ချင်း အလန့်တကြား ထရပ်လိုက်သည်။ ထို့နောက် သူသည် ၎င်းက ကိုယ်ပွားထက် မပိုကြောင်း သဘောပေါက်လိုက်၏။ မှန်ပါသည်၊ ကိုယ်ပွားသာ ဖြစ်သည့်တိုင် မန်ဟို ဖြစ်နေသေးလေသည်။

"အခုချက်ချင်း ဗဟို၀တ်ပြုကျောင်းစစ်မြေပြင်ကို သွား" မန်ဟိုက ပြောလိုက်သည်။ ထိုရိုးရှင်းသော စကားလေးတစ်ခွန်းက မိစ္ဆာကျင့်ကြံသူမျက်နှာကို ‌ဒေါသတကြီး ရှုံ့မဲ့သွားစေ၏။

"မင်းမှာ ငါ့ကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး အမိန့်‌ပေးပိုင်ခွင့်မရှိဘူး"

"အေး မရှိပေမယ့် ငါက မင်းကို သတ်လို့ရတယ်" မန်ဟိုက ပြန်ဖြေသည်။ သူ့စကားလုံးများက အဆုံးမဲ့သော အေးစိမ့်မှုတို့ဖြင့် ပြည့်နှက်နေ၏။ သူသည် မိစ္ဆာကျင့်ကြံသူကို ဘာမှမလုပ်နိုင်သည့် အားနည်းသော ကိုယ်ပွားတစ်ကိုယ်သာ ဖြစ်သည့်တိုင် သူ့စကားလုံးများက တွန်းမလှန်နိုင်သော အသတ်အဖြတ်အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေလေသည်။ "သွား။ အဲ့ဒါက မင်းရဲ့တာ၀န်ပဲ။ မင်း စည်းစိမ်ဘယ်လောက်ပဲ ခံစားခံစား၊ သူတို့နဲ့ ဘယ်လောက်ပဲ ယစ်မူးယစ်မူး မင်း တာဝန်ကို မေ့ရင် ငါ မင်းကို အရှင်မထားဘူး"

မန်ဟိုက ချာခနဲ လှည့်၍ အဝေးသို့ ထွက်သွားသည်။

မိစ္ဆာကျင့်ကြံသူက တခဏ ငြိမ်သက်နေပြီးနောက် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ သူ့မှာ စိတ်တိုနေသော်လည်း လိုက်လျောရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူက လေပေါ် ပျံတက်၍ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ မြူခိုးတိမ်တိုက်များအား သူ့ကို ခြံရံသွားစေပြီး ဗဟိုစစ်မြေပြင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

မန်ဟိုသည် မိစ္ဆာကျင်ကြံသူ ငြင်းဆိုနိုင်ခြေနှင့် ပက်သက်ပြီး စိုးရိမ်မနေပေ။ သူက မန်ဟို ခြိမ်းခြောက်ခဲ့သော ပထမဆုံးလူမဟုတ်ဘဲ ဒုတိယလူသာဖြစ်၏။ ပထမဆုံး မိစ္ဆာကျင့်ကြံသူမှာလည်း ဒေါသူပုန်ထ‌ခဲ့သော်လည်း ငြင်းဆန်ရန် ကြောက်နေခဲ့လွန်းသည်။ ဒုတိယမိစ္ဆာကျင့်ကြံသူမှာလည်း ပထမတစ်ယောက်နည်းတူ ပြုမူခဲ့၏။ သူတို့၏ ကမ္ဘာလေးထဲတွင် သူတို့သည် မည်သည့်အရာကိုမဆို အာဏာအပြည့်ဖြင့် ထိန်းချုပ်နိုင်သည့် ဧကရာဇ်များသဖွယ်ဖြစ်သည်။ ထိုကဲ့သို့ တစ်လလောက် နေထိုင်ပြီးနောက်တွင် သူတို့မှာ သူတို့၏ စိတ်ကူးယဉ်ကမ္ဘာထဲတွင် နစ်မြောသွားခဲ့လုနီးပါး ဖြစ်ခဲ့၏။ ၎င်းက မန်ဟို အင်မတန် ကြောက်လန့်သောအရာဖြစ်သည်။ သူ၏အမြင်တွင် ကျင့်ကြံသူများနှင့် မိစ္ဆာကျင့်ကြံသူများအနေဖြင့် မိမိတို့၏စိတ်အား တစ်လလေးနှင့် ထိုကဲ့သို့ လွှမ်းမိုးခွင့် မပြုသင့်‌ပေ။

လေဟုန်ခွင်းလောကထဲရှိ ထူးဆန်းသော စွမ်းအားက လူတစ်ယောက်၏ အလိုရမ္မက်ကို ဆထက်တိုး၍ ပြင်းထန်လာစေသည့်အလားပင်။

"ငါလည်း လွှမ်းမိုးခံထားရတာများလား" သူက သူ့ကိုယ်သူ မေးလိုက်သော်လည်း အဖြေမရှိပေ။ သူသည် ရိပ်ခနဲ မိစ္ဆာကျင့်ကြံသူနောက်တစ်ယောက်ရှိရာသို့ ထွက်သွား၏။

သူ၏ ဦးတည်ရာကား မြို့ငယ်လေးတစ်မြို့အတွင်းရှိ ပန်းပဲဖိုတစ်ဖိုဖြစ်သည်။ လူသန်ကြီးသည် ထိုနေရာတွင် အပေါ်ပိုင်းအ၀တ်ဗလာဖြင့် ရှပြီး သူ အလုပ်လုပ်နေစဉ် သတ္တုချင်း ရိုက်သံများအား တထန်ထန် ကြားနေရသည်။ သူက ရံဖန်ရံခါ မီးဖိုထဲမှ သံ‌ချောင်းတစ်ချောင်းကို ထုတ်ကာ လှန်လျောကြည့်ရှုပြီး တူကြီးဖြင့် ရိုက်ချတတ်လေသည်။

ရာသီဥတုမှာ အလွန်ပူပြင်းလှသည့်အတွက် လမ်းပေါ်၌ လူသူများများစားစား မရှိပေ။ မန်ဟို ပေါ်လာသောအခါ လူသန်ကြီးတစ်ကိုယ်လုံး တုန်ရီသွားပြီး သူက ခေါင်းမော့၍ ခပ်ယဲ့ယဲ့ ပြုံးပြသည်။

ဤလူသည် မန်ဟိုနှင့် လက်သီးချင်း ဖလှယ်ခဲ့သော မိစ္ဆာကျင့်ကြံသူအုပ်မှ ဉာဏ်များသော ကိုယ်ကာယကျင့်ကြံသူ လူသန်ကြီးမှတစ်ပါး အခြားမဟုတ်ပေ။

"မင်းကိုယ်တိုင် လာစရာမလိုပါဘူး" လူသန်ကြီးက ပြောသည်။ "ငါ့တာ၀န် ငါသိတယ်။ ငါ ဒီဓားကို အပြီးသတ်ပြီးတာနဲ့ သွားမယ်" လူသန်ကြီးက သူ ထုရိုက်နေခဲ့သေသာ နီရဲနေသည့် သတ္တုပြားတစ်ပြားကို မြှောက်ပြီးနောက် ရေအေးထဲ နှစ်လိုက်သည်။ ဖျစ်ဖျစ်ဖျောက်ဖျောက် အသံများ ကြားရပြီးနောက် အငွေ့များ မြောက်တက်လာသည်။ ခဏကြာသော် သူက သတ္တုကို ဆွဲထုတ်လိုက်၏။ ၎င်းက အပေါက်သေးသေးလေးများဖြင့် ပြည့်နှက်နေသည့်တိုင် အသတ်အဖြတ်အရှိန်အဝါတို့ ပြည့်လျှံနေသည့် ဓားသွားတစ်ခု ဖြစ်လေသည်။

"မင်းက သူများတွေနဲ့ မတူဘူးပဲ" မန်ဟိုက အေးစက်စက် ပြောသည်။ သူက အလွန်တရာသာမန်ဖြစ်ဟန်တူသော ပန်းပဲဖိုကို လှည့်ပတ်ကြည့်လိုက်သည်။ ထူးထူးဆန်းဆန်း မည်သည့်အရာကိုမှ မမြင်ရပေ။ မြို့သူမြို့သားများမှာ ဤလူသန်ကြီးသည် အင်မော်တယ်တစ်ဦးဖြစ်သည်ကို သိပုံမရကြောင်း သူ ပြောနိုင်သွားသည်။

"ငါ့ အလိုရမ္မက်တွေက ပြိုင်ဘက်ကင်းတယ်” လူသန်ကြီးက ပြောသည်။ "ပြီးတော့ ပြင်းထန်တယ်။ အဲ့ဒါကြောင့် ဖြည့်ဆည်းပေးဖို့ ခက်တယ်" တခဏကြာသော် လူသန်ကြီးက ဓားသွားကို သူ့သိုလှောင်အိတ်ထဲ ထည့်ပြီး မန်ဟို့ကို ပြုံးပြ‌ကာ လမ်းလျှောက်ထွက်လာသည်။

အကြောင်းတစ်စုံတစ်ရာကြောင့် လူသန်ကြီး၏ အမူအရာက ယခင်နှင့်လွန်စွာ ကွဲပြားနေရာ မန်ဟို့ကို သူ့အား တခဏ စိုက်ကြည့်မိလိုက်စေသည်။

"မင်း ဒီတိုင်း ‌နေမယ်လို့ ငါ မျှော်လင့်ပါတယ်" သူက ရုတ်တရက် ပြောလိုက်သည်။

"အဲ့ဒါက အစီအစဉ်ပဲလေ" အဖြေဖြစ်သည်။ လူသန်ကြီးက ကျယ်လောင်စွာ အော်ရယ်ပြီးနောက် လေပေါ် ပျံတက်လိုက်၏။ သူသည် မိုးကုပ်စက်ဝိုင်းအတွင်း လျှင်မြန်စွာ ပျောက်ကွယ်သွားလေသည်။ မန်ဟို့မျက်လုံးများ လင်းလက်သွားပြီးနောက် သူက ချာခနဲ လှည့်၍ ပျောက်ကွယ်သွားကာ လူသန်ကြီး၏ ရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။

လူသန်ကြီးသည် ဗဟိုစစ်မြေပြင်သို့ ပျံသန်းနေပုံပေါ်ခဲ့သော်လည်း တကယ်တော့ ဆန့်ကျင်ဘက်သို့ ထွက်ပြေးနေခြင်းဖြစ်သည်။ သူက မန်ဟို့ သူ့လမ်းကို ပိတ်သည်ကို မြင်သည်နှင့် တဟားဟား အော်ရယ်လိုက်၏။

"ဟာကွာ လမ်းမှားသွားလို့ပါ။ ငါ့အမှား ငါ့အမှား" ထို့နောက် သူက ချာခနဲ လှည့်၍ ဗဟိုစစ်မြေပြင်ထံသို့ ဦးတည်သွားလေသည်။

မန်ဟိုက သူ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေ၏။ တခဏကြာ တွေးပြီးနောက် သူသည် ပန်းပဲဖိုကို ကြည့်ပြီး ထွက်သွားလေ၏။ သူက အခြားသူများကို တိုက်ခိုက်ဖို့ ဖိအားမပေးပေ။ ထိုအစား ပြည်ထောင်ကိုးအတွင်းရှိ ကျန်ကျင့်ကြံသူများ၏ အင်မော်တယ်ဂူများကို စောင့်ကြည့်ရုံသာ ကြည့်ခဲ့၏။

သူ၏ ကိုယ်ပွားမှာ တစတစ မှေးမှိန်လာပြီး ထိုအကြောင်းကြောင့် ဖြစ်တန်ရာသည်၊ အခြားသူများအတွက် သူ့ကို သတိထားမိဖို့ ပိုမိုခက်ခဲလာ၏။

သူသည် ပန်းများ‌၀န်းရံလျက်ရှိသော ပေ့ယွီကို မြင်လိုက်ရသည်။ ပေ့ယွီ ၎င်းတို့အလယ်တွင် ကျင့်ကြံနေစဉ် ပန်းများကို ဥယျာဉ်မှူးများသဖွယ် ပြုစုပျိုး‌ထောင်နေသော ကျင့်ကြံသူများနှင့် သေမျိုးလူသားများရှိနေသည်။ မြင်ကွင်းက ကြည့်ကြည့်ချင်း အန္တရာယ်ကင်းပုံပေါ်သော်လည်း အလိုရမ္မက်တို့က သူမစိတ်ထဲတွင် အမြစ်တွယ်နေခဲ့ပြီဖြစ်ကြောင်း မန်ဟို မြင်သွားနိုင်သွားသည်။

ဖန်းတုံးအာ၏ အခြေအနေကတော့ သူများနှင့်မတူ။ သူမပတ်ပတ်လည်တွင် လူတစ်ဦးတစ်ယောက်ကိုမှ မမြင်ရ။ သူမသည် အပြင်လောကရှိ ဘယ်သူနှင့်မှ အဆက်အသွယ်မလုပ်ဘဲ တံခါးပိတ်ကျင့်ကြံရာတွင် စိတ်နှစ်ထား၏။

သူက အတွေးများဖြင့် သူမကျင့်ကြံခြင်းဂူတွင် အတန်ကြာရပ်ရင်း သူမကို စောင့်ကြည့်ပြီးနောက် ‌ထွက်သွားလေသည်။

သူသည် သူ၏ ကိုယ်ပွားမပျောက်သွားခင်လေးမှာတင် ဖန်းတုံးအာအပြင် တစ်ယောက်တည်းသော လူသားကျင့်ကြံသူဖြစ်သည့် လူငယ်ကို တွေ့လိုက်၏။ လူငယ်မှာ တည်ကြည်ဖြောင့်မတ်ပြီး စာပေသမားပုံစံပေါက်သည့်တိုင် သူ ဖန်တီးထားသော ကမ္ဘာမှာ ငရဲပြည်နှင့်တူ၏။

ထိုနေရာရှိ သေမျိုးများနှင့် ကျင့်ကြံသူများက ကြောက်ရွံ့တုန်ရီစွာဖြင့် ဧရာမမိုင်းတွင်းကြီးတစ်တွင်းထဲမှ အင်မော်တယ်ကျောက်စိမ်းများကို တူးဖော်နေကြလေသည်။

မန်ဟိုသည် အင်မော်တယ်ကျောက်စိမ်းများကို မြင်လျှင် စိတ်နှလုံးယိုင်နဲ့သွားပြီး အသက်ပြင်းပြင်း ရှုသွင်းလိုက်ရ၏။ ကြီးမားသော စွမ်းအားတစ်ရပ်က သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာပြီး သူ့အား လူငယ်ကျင့်ကြံသူကို ချက်ချင်းသတ်၍ အင်မော်တယ်ကျောက်စိမ်းများကို လုယူရန် တွန်းအားပေးနေသည်။

တွန်းအားက ကောက်ကာငင်ကာ ဖြစ်ပေါ်လာသဖြင့် မန်ဟို့မျက်လုံးများမှာ ချက်ချင်း နီစွေးသွား၏။ သူ၏ ကျင့်ကြံအခြေခံက အသက်ဝင်လာပြီး သူသည် လက်ဝှေ့ယမ်းလိုက်ကာ ပတ်၀န်းကျင်ရှိ သက်ရှိအားလုံးအပေါ်၌ ဖိအားတစ်ခု သက်ရောက်စေလိုက်သည်။ သူတို့၏စိတ်များ ချာချာလည်သွားပြီး လူငယ်က ဒေါသတကြီး ဟိန်းဟောက်သံကာ လေပေါ်ပျံတက်လာလေသည်။

"မန်ဟို မင်း ဘာလုပ်နေတာလဲ" ထိုအချိန်မှာပင် မန်ဟို့ကိုယ်ပွားကား တစ်စစီ ပြိုကွဲပြာကျသွား၏။ ၎င်းက ရည်ရွယ်ချက်ရှိရှိ ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ကိုယ်ပွားမှာ နောက်ဆုံးအကန့်အသတ်သို့ ရောက်ရှိသွားခဲ့သည့်အပြင် မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ အသက်ဝင်လာမှုက လက်ကျန်အသက်စွမ်းအားများကို ကုန်ခမ်းသွားစေခဲ့၍ ဖြစ်သည်။

လူငယ်က တအံ့တဩ စိုက်ကြည့်ပြီးနောက် မျက်နှာမည်းမှောင်သွားသည်။ သူက စည်းဖြူတောင်ရှိရာသို့ လှည့်ကြည့်ပြီး အေးစက်စက် နှာမှုတ်ရင်း မြေကြီးပေါ်သို့ ပြန်ဆင်းလိုက်၏။

စည်းဖြူတောင်ပေါ်တွင် မန်ဟိုသည် ရုပ်တုကြီး၏ဘေးတွင် ထိုင်နေ၏။ ရုတ်တရက် သူ့မှာ သွေးတစ်ပွက် အန်လိုက်ရပြီး မျက်နှာဖြူဖျော့သွားသည်။ သူက မျက်လုံးများ ဖွင့်လိုက်ပြီး အံ့အားသင့်နေသော အမူအရာအား သူ၏ မျက်နှာပေါ်တွင် မြင်ရနိုင်သည်။

သူသည် သူ၏ ဉာဏ်အလင်းဆင်ခြင်သုံးသပ်မှုတွင် အနှောင့်အယှက်မဖြစ်အောင် ‌ချက်ချင်း လက်နှစ်ဖက်မုဒြာလက်ကွက် ဖော်လိုက်၏။ အနှစ်သာရကို ဆင်ခြင်သုံးသပ်နေသည့် အတောအတွင်း ဖြစ်ပေါ်လာသည့် တန်ပြန်သက်ရောက်မှုက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို မဖျက်ဆီးပစ်နိုင်လျှင်တောင်မှ သူ၏ ကျင့်ကြံခြင်းအခြေခံကို ပြိုကွဲသွားစေနိုင်လေသည်။

ဤကဲ့သို့ ဉာဏ်အလင်းရှာဖွေမှုမျိုးမှာ နှောင့်ယှက်ခံရ၍ မဖြစ်ပေ။ အတိုင်းထက်အလွန် အာရုံစူးစိုက်နေရန် လိုအပ်၏။

"ငါ့ကိုယ်ငါ မထိန်းနိုင်တော့တဲ့ အတိုင်းပါလား" သူက တုန်လှုပ်စွာဖြင့် တွေးလိုက်သည်။ "အင်မော်တယ်ကျောက်စိမ်းကို မြင်လိုက်ရတာနဲ့ ငါ ခံစားလိုက်ရတဲ့ တွန်းအားက တကယ်ကို အားကောင်းလွန်းတယ်။ အားလုံးထက် ကြောက်စရာအကောင်းဆုံးက အဲ့ဒီ့အခိုက်အတန့်မှာ ငါ့မှာ ပြန်တွန်းလှန်လိုစိတ် မရှိခဲ့တာပဲ" သူသည် အသက်ပြင်းပြင်း ရှုသွင်းရင်း လေဟုန်ခွင်းလောကမှာ အမှန်တကယ် မည်မျှလျှို့ဝှက်ဆန်းကြယ်ကြောင်း သိလိုက်တော့သည်။ ထိုမျှသာမက သူ့မှာ သူကိုယ်တိုင်ပင် သတိမထားမိသည်အထိ လွှမ်းမိုးခံခဲ့ရသည်ကို ခံစားခဲ့ရလေသည်။ ကြည့်ရသရွေ့ ... လေဟုန်ခွင်းလောကကို ရောက်ခဲ့သည့်အခိုက်အတန့်တည်းက ဖြစ်ကောင်းဖြစ်နိုင်သည်။

သူ့နှလုံးသားမှာ ပုံမှန်ထက်ပို၍ အေးစက်သွားပြီး ထိုအတွေးက သူ့ကို တုန်ရီလာစေသည်။

"အလိုရမ္မက်တွေကို ဆထက်တိုးသွားစေတယ်။ ကံကောင်းထောက်မစွာနဲ့ ကိုယ်ပွားဖြစ်လို့ ကိုယ့်ကိုကိုယ် ဖျက်ဆီးမိလိုက်တာနဲ့တင် အဆုံးသတ်သွား။ ငါ့ရဲ့ကိုယ်အစစ်သာ ဖြစ်လို့ကတော့ ....." သူ့မှာ ထိုဖြစ်ရပ်တွင် မည်သို့ ဖြစ်ပွားလိမ့်မည်လဲ စိတ်ကူးသာ ကြည့်နိုင်တော့သည်။

တခဏ ‌တိတ်ဆိတ်နေပြီးနောက် သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ရာတွင် စိတ်ပြန်နှစ်လိုက်၏။ သို့သော် သူ့နှလုံးသားထဲရှိ သတိတရားတို့မှာတော့ အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေပြီ။

အလယ်ပိုင်းဒေသရှိ သေမျိုးစစ်မြေပြင်‌ပေါ်တွင် မိစ္ဆာကျင့်ကြံသူသုံးယောက်က တင်းအားတစ်ချို့ကို ပြေလျော့သွားစေခဲ့သည်။ သို့သော် အခြားပြည်ထောင်မှ ကျင့်ကြံသူများလည်း ရောက်လာရန် သိပ်မကြာပေ။ တိုက်ပွဲသည် ပို၍ ၀ရုန်းသုန်းကား ဖြစ်လာ၏။ ပြည်ထောင်ကိုးမှာ နိုင်ငံ့အရှိန်အဝါကို ဟန်ချက်ညီအောင် လုပ်ရာတွင် ဒုက္ခရောက်နေသည့်အတွက် စစ်ရှုံးသထက် ရှုံးလာတော့သည်။ အမှန်တွင် သွေးအလင်းတန်းများအနက် သူတို့၏ သွေးအလင်းတန်းက အနိမ့်ဆုံးဖြစ်ပေ၏။

ဤအခိုက်အတန့်တွင် ပြည်ထောင်ရှစ်၌ ... အရိုးများဖြင့် ခြံရံလျက်ရှိသော ပိန်လှီလှီလူငယ်က ရုတ်တရက် ထရပ်လိုက်သည်။ သူကား အနှစ်သာရ ၁၀၀ ကို အပြည့်အ၀ ဉာဏ်အလင်းရသွားသည့် ပထမဦးဆုံးလူ ဖြစ်လေသည်။

ထို့အပြင် သူက ဉာဏ်အလင်းရအောင် ဆက်လက်အားထုတ်နေသည်ကို ရပ်၍ မြင့်တက်လာနေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် ပြည်ထောင်ကိုးဘက်သို့ လှည့်လိုက်သည်။

"မန်ဟို မန်မျိုးရိုး။ အဲ့ဒီမျိုးရိုးနာမည်ကို ဘယ်အရာမဆိုထက် ငါမုန်းတယ်" ထို့နောက် သူက အသတ်အဖြတ်စိတ်ဆန္ဒတို့ တဖွေးဖွေးလှုပ်နေလျက် ပြည်ထောင်ကိုးသို့ ပျံသန်းသွားတော့သည်။

"ဘယ်လိုပဲနေနေ မင်း ပထမဆုံး သေရမယ်။ ငါ မင်းရဲ့ စည်းတံဆိပ်ကို ယူပြီး မင်းကို သတ်ပစ်မယ်။ ငါ ဟန်ချင်းလဲ့က အက်ရှလွန်နောက်တစ်ယောက်ကို ပထမဆုံး သတ်ဖူးတဲ့ ဂုဏ်ကျက်သရေကို ရရှိလိမ့်မယ်"

***

All Chapters