Sign-in လုပ်ပြီး ယွမ် ဘီလီယံတန် ဗီလာကို ပိုင်ဆိုင်သွားသူ
Vol. 1 Ch. 1
အခန်း(၁) Sign-in လုပ်ပြီး ယွမ် ဘီလီယံတန် ဗီလာကို ပိုင်ဆိုင်သွားသူ
"ငါ့သား နင်တစ်ကိုယ်တည်းသမား ဖြစ်နေတာ ၂၅ နှစ်တောင် ရှိနေပြီ။ အမေ့အတွက် ဘယ်တော့ ချွေးမ ရှာလာပေးမှာတုန်း။"
"အမေရာ အရင်ဆုံး ကျွန်တော့်ကို ကြိုက်တဲ့ ကောင်မလေး ရှိဦးမှကိုး။"
"ပြီးတာပဲ၊ ငါ့သားက အရမ်းရုပ်ဖြောင့်ပါတယ်။ မင်းကို မိန်းကလေးတွေက မကြိုက်ဘဲ နေပါ့မလား။ သိပ်မကြာခင်မှာ ငါ့အတွက် ဝဝတုတ်တုတ် မြေးကလေး မွေးပေးနော်။ အိမ်မှာ အားလုံးအဆင်ပြေပါတယ်။ ရှန်ဟိုင်းမှာ ကောင်းကောင်းနေ။ အခက်အခဲရှိရင် အမေ့ကို ပြောနော်။"
"ဟုတ်ပြီ ဟုတ်ပြီ နင့်အဖေအတွက် ဟင်းချက်ပေးရဦးမှာမို့လို့ ဖုန်းချနှင့်တော့မယ်နော်။ ပိုက်ဆံလိုရင် အမေ့ကိုပြော။။ နင့်အဖေကို နင့်ဘဏ်ကတ်ထဲ လွှဲခိုင်းလိုက်မယ်..."
"..."
ငှားရမ်းထားသည့် တိုက်ခန်းလေး တစ်ခုထဲမှ လင်းဖန် ဖုန်းချလိုက်သည်။
ဒီတစ်ခါလည်း အိမ်ကို ကောင်မလေး ခေါ်လာဖို့ ကိစ္စပဲဖြစ်သည်။ လင်းဖန်၏ အမေက သူ့ကို ကောင်မလေး ရှာဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပြီးပြီ ဖြစ်၏။ သို့သော် သူ့ကောင်မလေး ဘယ်နားသွားရှာရမည်နည်း။
လင်းဖန် တက္ကသိုလ်မှ ဘွဲ့ရခဲ့တာ ၃ နှစ်ရှိပြီ။ ရှန်ဟိုင်းတွင် အိမ်ငယ်လေးတစ်လုံး ငှားနေပြီး စားသောက်ဆိုင် အသေးစားလေးတစ်ခု ဖွင့်ခဲ့၏။ သူ့ကိုယ်သူတောင် အနိုင်နိုင် ထောက်ပံ့ပေးနိုင်ဖို့ ခက်ခဲနေပါသည်။
ရှန်ဟိုင်းမြို့တွင် မြေတစ်လက်မချင်းစီတိုင်းက တန်ဖိုးရှိ၏။ လင်းဖန်က ပိုက်ဆံလည်း အများကြီး မရှိသဖြင့် စားသောက်ဆိုင် နေရာကောင်းကောင်း မငှားနိုင်ခဲ့ပေ။ သူ့စီးပွားရေး အလွန်ညံ့ဖျင်းပြီး ကတ်စတမ်မာ တစ်ယောက်သာ ရှိသည်။ သူ့နာမည်က ရှားဝမ်ချွေ့။
ကောင်မလေး တစ်ယောက် ရဖို့ကတော့ လင်းဖန် တစ်ခါမှ စိတ်မကူးဖူးပါ။ သူ့ကို သဘောကျသည့် မိန်းကလေးများစွာတော့ ရှိသည်။ လင်းဖန်က မူကြိုကျောင်းကတည်းက နာမည်ကျော်တစ်ဦး ဖြစ်ခဲ့ပါသည်။ သာမန် ရှပ်အင်္ကျီအဖြူလေး တစ်ထည် ဝတ်ထားရင်တောင် လမ်းမပေါ်တွင် သူ့ကိုလှည့်ကြည့်သည့် ကောင်မလေးများစွာ ရှိ၏။
တခြားအကြောင်းကြောင့်မဟုတ်ပါ။ သူက ချောမောလွန်းနေသောကြောင့်သာ။
အဝတ်အစားလဲ၊ သွားတိုက် မျက်နှာသစ်ပြီးနောက် မှန်ထဲက ခပ်ချောချော ကောင်လေးကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး ရုပ်ရည်ကလည်း ချောမော၏။ ကြည့်လို့ကောင်းပြီး ဆွဲဆောင်မှုရှိသည်။
လင်းဖန်တွင် ခံစားချက်တစ်ခုသာ ရှိသည်။ ချောလိုက်တဲ့ ငါပါလား။
သို့သော်လည်း ရုပ်ချောတာက သူ့ကို ထမင်းကျွေးနိုင်မှာလား။
ရုပ်ချောတာက သူ့ကို မိန်းမတင်တောင်းဖို့ လက်ဆောင်တွေ ပေးမှာလား။
"ဒင်! သခင့်ကို တွေ့ပါပြီ။ စနစ်ဖြင့် ချိတ်ဆက်နေသည်..."
"ဒင်! နတ်ဘုရားအဆင့် သူဌေးလေးအား အောင်မြင်စွာ စနစ်ဖြင့် ချိတ်ဆက်ပြီးပါပြီ။ သခင်လေး ကျေးဇူးပြုပြီး ပထမဆုံး Sign-in ကို တတ်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ပေးပါ။"
လင်းဖန် အပြင်ထွက်တော့မလို လုပ်လိုက်စဥ် သူ့အာရုံထဲတွင် စက်ရုပ်လို အသံတစ်ခုထွက်လာခဲ့သည်။
လင်းဖန်၏ အာရုံထဲ၌ ဂဏန်းပေါင်းများစွာ ပေါ်လာ၏။
သခင် : လင်းဖန်
စနစ် အဆင့် : Lv.1
အရပ် : 182
ကိုယ်ပိုင်စည်းစိမ် : မရှိ
ဘဏ်ငွေ : ယွမ် 50
Harem : ဘာတွေလာတွေးနေတာလဲ။
စွမ်းရည်များ : မရှိ
"Sign-in လုပ်ရမယ်ဟုတ်လား" လင်းဖန် အနည်းငယ် ကြောင်သွားသည်။ ထိုနံပါတ် စာကြောင်းများကို ဖတ်ကြည့်ရင်း သူ့ဘဝကြီး အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
မိန်းမတင်တောင်းဖို့ လက်ဆောင်များကို မတတ်နိုင်ခြင်းကြောင့်သာ မဟုတ်ပါက ဘာကြောင့် အခုချိန်ထိ တစ်ကောင်ကြွက်ဘဝနှင့် နေနေရဦးမည်နည်း။ သောက် စနစ် သွားစမ်းပါကွာ။
"ဒင်... အောင်မြင်စွာ Sign-in လုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ် သခင်လေး။ လှိုင်းပြာပင်လယ်အော်အိမ်ရာမှ နှလုံးသားရေကန်ဗီလာကို ရရှိခဲ့ပါပြီ။"
"ပိုင်ဆိုင်မှုများကို စနစ်၏ သိုလှောင်ခန်းထဲ ထည့်ထားလိုက်ပါပြီ။ သခင်လေး ကျေးဇူးပြုပြီး မှတ်သားထားပေးပါ။"
"လှိုင်းပြာပင်လယ်အော်အိမ်ရာက ... နှလုံးသား ရေကန် ဗီလာဟုတ်လား" လင်းဖန်က မယုံနိုင်စွာ မေးလိုက်သည်။
ရှန်ဟိုင်းတွင် အိမ်ပိုင်ဖို့ဆိုတာ အနည်းဆုံး ယွမ် ၂ သန်း ၃ သန်းလောက် ကုန်ကျနိုင်သည်။ ဆင်ခြေဖုံးအပြင်ဘက်တွင်လည်း ဖြစ်ရဦးမည်။
မြို့တော်ဗဟိုက အိမ်စျေးများကတော့ ပို၍ပင် စိတ်မကူးနိုင်ပါ။
လှိုင်းပြာပင်လယ်အော်အိမ်ရာက ရှန်ဟိုင်းမြို့ကြီးတွင် အဆင့်မြင့် အိမ်ရာတစ်ခုဖြစ်၏။ ထိုနေရာက အိမ်စျေးများမှာ ၁ စတုရန်းမီတာကို အနည်းဆုံး ယွမ် ၂၀၀,၀၀၀ ရှိသည်။ အိမ်ရာများကို အဆင့်မြင့် နယ်မြေနှင့် ဗီလာနယ်မြေဟူ၍ ခွဲထားသေးသည်။ ဗီလာ နယ်မြေမှာတောင် ထင်ရှားသည့် အဆောက်အဦးများ ရှိတတ်သည်။
အဆင့်မြင့် နယ်မြေအတွင်းတွင် အဆောက်အဦး ဆယ်ချီပြီးရှိ၏။ ဧရိယာ အတော်လေး ကျယ်ဝန်းပြီး ပြီးပြည့်စုံသည့် အိမ်ရာစီမံမှုလည်း ရှိသည်။ လုံခြုံရေး စနစ်က ထိပ်တန်းဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း လှပါ၏။ အဆင့်မြင့်နယ်မြေတွင် စျေးအပေါဆုံးက ၁ စတုရန်းမီတာလျှင် ယွမ် ၂ သန်း ၃ သန်းဖြစ်ပါသည်။
ပြီးတော့ လှိုင်းပြာပင်လယ်အော် ပတ်ဝန်းကျင်မှ သာမန် ဗီလာများမှာ ယွမ် သန်းရာနှင့်ချီတန်ကြေးရှိသည်။
အထူးသဖြင့် လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ ဗဟိုရှိ နှလုံးသားရေကန်ဗီလာက သန်း ၂၀၀ ကျော် တန်ဖိုးရှိပါသည်။
လှိုင်းပြာ ပင်လယ်အော်နယ်မြေက လူတိုင်း အိပ်မက်ထဲမှာတောင် တမ်းတတတ်သော နေရာမျိုးဖြစ်၏။ သို့သော်လည်း အားလုံးကတော့ ထိုနေရာတွင် အိမ်တစ်လုံး မဝယ်နိုင်ကြပေ။ တစ် စတုရန်းမီတာကို ယွမ် ၂၀၀,၀၀၀ ဆိုရုံနဲ့တင် လူများစွာကို လက်လျှော့သွားစေခဲ့ပါသည်။
လင်းဖန်အတွက်တော့ လှိုင်းပြာပင်လယ်အော်ရှိ ဗီလာနယ်မြေတွင် တန်ဖိုးအကြီးဆုံး ဗီလာကြီးကို ရရှိခဲ့ပါသည်။
လင်းဖန်က ၎င်းကို စနစ်သိုလှောင်ခန်းထဲမှ ထုတ်ကြည့်ဖို့ ကြိုးစား၏။ ရုတ်တရက် သူ့ရှေ့က စားပွဲပေါ်တွင် အနီရောင် စာအုပ်တစ်အုပ်ပေါ်လာခဲ့ပါသည်။
လင်းဖန် ကြက်သေသေသွားရ၏။
တကယ်ကြီး ပိုင်ဆိုင်မှု စာချုပ်ကြီးပါလား။
အနီရောင်စာအုပ်က တကယ်ပဲ မျက်စိကျဖို့ ကောင်းလှသည်။ လင်းဖန် ကြောင်သွား၏။ တနည်းအားဖြင့် ခုနက ဖြစ်ပျက်ခဲ့သမျှအရာ အားလုံးက အိပ်မက်မဟုတ်ခဲ့ပါ။
"မိုးပြာတိမ်နယ်မြေ၊ ၅၈၃ ဖန်းထျန်လမ်း... လှိုင်းပြာပင်လယ်အော်အိမ်ရာ၊ နှလုံးသားရေကန် ဗီလာ။ အိမ်ပိုင်ရှင် : လင်းဖန်"
လင်းဖန်က ပိုင်ဆိုင်မှုစာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ သူ့နာမည်ကို တွေ့လိုက်ရပါသည်။
နှလုံးသား ရေကန် ဗီလာ။ ပိုင်ရှင်အမည်က လင်းဖန်။
တစ်ချိန်တည်းမှာပင် လင်းဖန်က သူ့ဖုန်းကို ဖွင့်လိုက်ပြီး သတင်းကို မြင်လိုက်ရ၏။
ကြားဖြတ်သတင်း... လှိုင်းပြာပင်လယ်အော်ရဲ့ တန်ဖိုးအကြီးဆုံး နှလုံးသားရေကန်ဗီလာကြီးကို ဆန်းကြယ်တဲ့ အမည်မသိ သူဌေးကြီးက ဝယ်ယူသွားပါတယ်။ အဲ့ဒီ သူဌေးကြီးရဲ့ ပိုင်ဆိုင်မှုက ၁ ဘီလီယံအောက် မနိမ့်ကျလောက်ဘူး။
သတင်းကော၊ ပိုင်ဆိုင်မှုစာချုပ်ကော အားလုံး လင်းဖန်ရှေ့တွင်ရှိနေပါပြီ။
ထိုအချိန်တွင် လင်းဖန်ရင်ထဲ၌ ခံစားချက် တစ်ခုတည်းသာရှိ၏။
သူ... ထောပြီ။
မိုးပြာတိမ်ဒေသတွင် သူဌေးများဖြင့် ပြည့်နှက်နေ၏။ ထို့အပြင် လှိုင်းပြာပင်လယ်အော်က အိမ်စျေးများကလည်း ဘယ်တော့မှ ကျတယ်ဆိုတာ မရှိပေ။ ဗီလာများက ပို၍ပင် တန်ဖိုးကြီးသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ငွေတစ်ခုတည်းရှိရုံနဲ့ လှိုင်းပြာ ပင်လယ်အော်က ဗီလာတစ်ခုဝယ်နိုင်ဖို့ မလုံလောက်ပေ။
ရှန်ဟိုင်းက ဗီလာတိုင်းက အဖိုးမဖြတ်နိုင်ပေ။ ဒီနှလုံးသားရေကန် ဗီလာကြီး၏ တန်ဖိုးကတော့ တိုင်းတာလို့ မရနိုင်အောင်ပင် ရှိလှသည်။
ဒီစံအိမ်ကြီးကိုသာ ငါရောင်းလိုက်ရရင်တော့...
အနည်းဆုံး သန်း ၁၀၀ တော့အပိုင်ပဲ။
သန်း ၁၀၀ က သူဌေးစစ်စစ်တစ်ယောက် အတွက် မများသော်လည်း ယဲ့ရှောင်ချန်းအတွက်တော့ များသည်။ သူ့တစ်ဘဝလုံး မရနိုင်မည့် ပိုင်ဆိုင်ခြင်းမျိုးဖြစ်၏။
လင်းဖန်က ဆင်ခြေဖုံးတွင် အိမ် ၁၀လုံးကျော် ဝယ်နိုင်ပြီး အိမ်ရှင်ကြီး လုပ်နိုင်၏။ ကျေးရွာဘက်တွင် သူ့မိဘများအတွက် ဒုတိယ အသေးစားလေးတစ်ထပ်တောင် ထပ်ဆောက်ပေးနိုင်ပါသည်။
ပိုအရေးကြီးတာက မိန်းမတင်တောင်းနိုင်ပြီ။
ကောင်မလေး လှလှလေး တစ်ယောက်ကို အိမ်ပြန်ခေါ်သွားမည်။ ကလေး ၁ ယောက် ၂ ယောက်လောက်ယူမည်။ အိမ်တစ်လုံးနှင့် ကားတစ်စီးဝယ်မည်။ ပြီးတော့ အစားအသောက်နှင့် အဝတ်အစားအတွက်လည်း ဘယ်တော့မှ ထပ်ပြီး စိုးရိမ်ဖို့ မလိုတော့ပါ။
လင်းဖန်က သူ့လက်ထဲက ပိုင်ဆိုင်မှု စာချုပ်ကိုကြည့်ကာ ရွှေတွင်းတူးမိသလို ခံစားလိုက်ရသည်။
"ဒင်!"
"အိမ်ခြံမြေများ၊ ကားများနှင့် စနစ်ထဲ Sign-in ဝင်ခြင်းကြောင့် ရလာသော ပုံသေ ပိုင်ဆိုင်မှုများကို ရောင်းချလို့ မရပါ။ ထို့အပြင် မည်သည့် ပုံသေ ပိုင်ဆိုင်မှု၏ ရင်းမြစ်ကမဆို ကျိုးကြောင်းသင့်လျော်ပြီး တရားဝင်ပါတယ်။ စာချုပ်စာတမ်းများက ပြီးပြည့်စုံပြီး မည်သူကမှ သံသယဖြစ်မှာ မဟုတ်ပါဘူး။"
"စနစ်က သခင့်ကို ပိုကောင်းမွန်သည့် ဘဝနှင့် သာယာသော ဘဝအား ခံစားခွင့်ပြုပါသည်။"
စနစ်၏ အသံကိုကြားလိုက်ရသောအခါ လင်းဖန် နောက်တစ်ခေါက် စိတ်ဓာတ်ကျသွားရပြန်ပါသည်။
ကောင်းပြီလေ။
အိမ်ရှင်ကြီးတစ်ယောက် ဖြစ်လာဖို့ ငါ့အိပ်မက်တွေ ကျိုးပဲ့သွားပြီး ငါ့ရည်းစားလောင်းလေးလည်း သွားပြီ... သွားပါပြီ။
မိန်းကလေး လှလှပပလေးကို ရဖို့က အဲ့လောက်တောင် ခက်တာလား။
သို့သော်လည်း နောက်တစ်ခေါက် ပြန်စဥ်းစားကြည့်လိုက်သောအခါ လင်းဖန် ရွှင်လန်း သွားရပြန်သည်။
သူ့မှာ စနစ်ရှိသည်။ တစ်ရက်ကို တစ်ခေါက် Sign-in ဝင်နိုင်၏။ မနက်ဖြန် ပိုကောင်းတာ တစ်ခုခုရနိုင်ပါသည်။
ဒီစနစ်၏ နာမည်က "နတ်ဘုရားအဆင့်သူဌေးလေး Sign-in စနစ်" ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လင်းဖန်က အိမ်များစွာ ငှားနိုင်သည်။ ဇိမ်ခံကားကြီးများစွာ ဝယ်နိုင်သည်။ ကောင်မလေးလည်း အများကြီး ရနိုင်၏။ ဖွီး... ဒါပေမယ့် ငါက ဖြောင့်မတ်တဲ့ လူဆိုတော့ အဲ့လိုလူမျိုး ဟုတ်ပါ့မလား။
ဘာပဲဖြစ်ဖြစ် စနစ် တည်ရှိမှုကို လင်းဖန် ယုံကြည်သွားပါပြီ။
သို့သော်လည်း လင်းဖန်၏ စိတ်အခြေအနေ အပေါ်တော့ သက်ရောက်မှုမရှိပေ။ နောက်ပိုင်းတွင် အိမ်ငှားခများ ကောက်ယူပြီး နေ့တိုင်း ပိုက်ဆံဝင်နေနိုင်၏။ ကားနဲ့ အိမ်တွေကိုလည်း စိတ်ပူစရာမလိုတော့ပါ။
ဗီလာနှင့် ဇိမ််ခံကားကြီးများ အနည်းငယ်ဝယ်မည်။ အချိန်တန်လာပါက လျှောက်လည်ပြီး ရှုခင်းများကို ကြည့်မည်။ ကောင်မလေးများကို ဖွန်ကြောင်မည်။ စိတ်ဖိစီးမှုမရှိဘဲ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့် ဘဝကို တွေ့ကြုံခံစားလာရမည် ဖြစ်ပါသည်။
မကြာခဏဆိုသလို သူ့သူငယ်ချင်းတချို့နှင့် ဘောလုံးကစားခြင်း၊ ဂေါက်ရိုက်ခြင်းနှင့် "လေ့ကျင့်ခန်း" လုပ်ခြင်းများ လုပ်နိုင်သည်။ အလွန် သက်တောင့်သက်သာ ရှိလှသော ဘဝ ဖြစ်နိုင်ပါ၏။
သူဌေးတစ်ယောက်၏ ဘဝက အလွန်ရိုးရှင်းပြီး ပျင်းဖို့ကောင်းသည်။
လင်းဖန်၏ ပန်းတိုင်က နတ်ဘုရားအဆင့် သူဌေးလေးတစ်ယောက် တိုးတိုးတိတ်တိတ် ဖြစ်လာဖို့ ဖြစ်၏။ စလိုက်ကြစို့။