ချောလိုက်တာ၊ WeChat ပေါ်မှာ အပ်လို့ရမလား
Vol. 1 Ch. 2
အခန်း(၂) ချောလိုက်တာ၊ WeChat ပေါ်မှာ အပ်လို့ရမလား
လောလောဆယ် အရေးအကြီးဆုံး ကိစ္စက လှိုင်းပြာ ပင်လယ်အော်က ဗီလာကြီးသို့ သွားကြည့်ဖို့ဖြစ်သည်။
သူ့မှာ ပိုင်ဆိုင်မှု စာချုပ် တကယ် ရှိနေသော်လည်း သူအတည်ပြုရဦးမည်။
လင်းဖန် စနစ်ရထားတာ ကံကောင်းသည်။ သူ့တွင် စုထားသည့်ငွေ ယွမ် ၅၀ သာရှိ၏။ တက္ကဆီတောင် မစီးနိုင်ဘဲ သုံးဘီး ဆိုင်ကယ်လေးသာ စီးရသည်။
ကုန်စုံပစ္စည်းများ ဝယ်ယူဖို့ အသုံးပြုရသည့် သာမန် သုံးဘီးဆိုင်ကယ်လေး ဖြစ်သည်။
လင်းဖန် အိမ်မှ ထွက်လာပြီး သုံးဘီး ဆိုင်ကယ်ဖြင့် လှိုင်းပြာပင်လယ်အော်သို့ လာခဲ့ပါသည်။
သူ့စိတ်လှုပ်ရှားမှုကို ဖိသိပ်ပြီး ၅နာရီလောက် စီးလာခဲ့ကာ နောက်ဆုံးတော့ လှိုင်းပြာပင်လယ်အော် အိမ်ရာဝင်ပေါက်သို့ ရောက်လာခဲ့ပါသည်။
လင်းဖန်၏ ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက်နှင့် ညဘက်တွင် အိပ်ရေးမပျက်ခြင်းကြောင့်သာ မဟုတ်ပါက ဒီလောက်အကွာအဝေးကြီးထိ စီးလာနိုင်မည် မဟုတ်ပေ။
လှိုင်းပြာပင်လယ်အော်က ရှန်ဟိုင်းတွင် အဆင့်မြင့်ဆုံး နယ်မြေတွေထဲက တစ်ခုဖြစ်သည်။ ဝင်ပေါက်သို့ ရောက်ရောက်ချင်းမှာပင် လုံခြုံရေး အစောင့်များက သူ့ကို တားလိုက်ကြသည်။
လုံခြုံရေး အစောင့်များ၏ အပြစ်တော့ မဟုတ်ပေ။ လင်းဖန်က ယွမ် ၁၀ တန် စျေးပေါပေါ အင်္ကျီများကို ဝတ်ဆင်ထားပြီး သုံးဘီးဆိုင်ကယ်လေး စီးလာ၏။ ဘယ်သူမဆို သူ့ကို တားလိမ့်မည်။
သို့သော်လည်း လင်းဖန် အံ့အားသင့်သွားရသည်က လုံခြုံရေးအစောင့်များ အလွန် စိတ်အားထက်သန်နေခြင်းပင်။
သာမန် ဝတ္ထုတွေထဲမှာဆို လုံခြုံရေးအစောင့်များက ဇာတ်လိုက်ကို အရင်ဆုံး အထင်သေးပြီး မောင်းထုတ်မည်။ ထို့နောက် ဇာတ်လိုက်ကို အလွန်မွဲသည့်အတွက် ဝေဖန်ကြလိမ့်မည်။ နောက်ဆုံးတွင်တော့ ပြောင်းလဲမှုဆိုတာ တစ်ခုတည်းသော ကိန်းသေဖြစ်ကြောင်း ဇာတ်လိုက်က အော်ဟစ်သွားနိုင်လိမ့်မည်။
သို့သော်လည်း လက်တွေ့မှာတော့ လှိုင်းပြာ ပင်လယ်အော်က အချမ်းသာဆုံး ပတ်ဝန်းကျင်ဖြစ်သည်။ ဒီနေရာက လုံခြုံရေး အစောင့်များက အထူးလေ့ကျင့်ရေး ဆင်းထားရသည်။ သူတို့က လူဆင်းရဲများနှင့် တွေ့ရင်တောင် မသိချင်ယောင် ဆောင်မည် မဟုတ်ပါ။
ပြဿနာက လင်းဖန်က... အလွန် ချောမောနေခြင်းပင်။
ဒီလောက်ချောတဲ့လူက ဘယ်လိုဖြစ်ပြီး သာမန်လူတစ်ယောက်ပုံစံ ဖြစ်နေရတာလဲ။
"မင်္ဂလာပါ... တံခါးဝင်ခွင့်ကတ်လေး ကျေးဇူးပြုပြီး ပြပေးပါလား" အရပ်ရှည်ရှည် လုံခြုံရေး ခေါင်းဆောင်တစ်ဦးက အမြန်လာပြီး ပြုံးချိုကာ ပြောလိုက်ပါသည်။
"တံခါးဝင်ခွင့်ကတ်ဟုတ်လား။ ကျွန်တော် အိမ်တစ်လုံးဝယ်ထားတာ မကြာသေးဘူး။ ပိုင်ဆိုင်မှု စာချုပ်ပြရင် အဆင်ပြေမလား" လင်းဖန်က ပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ပြလိုက်သည်။
"ရတာပေါ့။"
"လှိုင်းပြာပင်လယ်အော်နယ်မြေက လုံခြုံရေး ဌာနကမှ မစ္စတာလင်းကို ကြိုဆိုပါတယ်ဗျာ။" လုံခြုံရေးခေါင်းဆောင်က ခပ်မတ်မတ်နှင့် တလေးတစား ရပ်လိုက်သည်။ ပိုင်ဆိုင်မှု စာချုပ်ကို ကြည့်ပြီးနောက် သူ့အကြည့်က တည်ကြည်လေးနက်သွား၏။
"ကြိုဆိုပါတယ် မစ္စတာလင်း" လုံခြုံရေး အစောင့်တွေက အမြန်တန်းစီလိုက်ကြပြီး လင်းဖန်ကို ညီညီညာညာ ဦးညွှတ်လိုက်ကြသည်။
"မစ္စတာလင်း။ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ။ ဘယ်လို ဝန်ဆောင်မှုပဲလိုလို ပြောနိုင်ပါတယ်။ လှိုင်းပြာ ပင်လယ်အော်နယ်မြေမှာ ထိပ်တန်းအဆင့်ရှိတဲ့ လုံခြုံရေးရှိပါတယ်။" လုံခြုံရေးကပ္ပတိန်က ပြောလိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် ဒါက လှိုင်းပြာပင်လယ်အော် နယ်မြေဖြစ်သည်။ ဒီနေရာက လုံခြုံရေးကို လင်းဖန် အံ့အားသင့်မိ၏။
တခြားနေရာတွေက လုံခြုံရေးတွေသာဆိုလျှင် သုံးဘီးဆိုင်ကယ်အပျက်ကလေးနှင့် အပေါစား အဝတ်များ ဝတ်ထားတာကို မြင်ရုံနဲ့ သူ့ကို မောင်းထုတ်လိုက်နိုင်သည်။
သိပ်ပြီးမစဥ်းစားတော့ဘဲ လင်းဖန်က သူ့သုံးဘီး ဆိုင်ကယ်လေးဖြင့် နယ်မြေထဲ ဝင်လာခဲ့ပါသည်။
အဝေးကြီးသို့ ရောက်သွားသောအခါ လုံခြုံရေး ခေါင်းဆောင်က စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်လေသည်။
"ကပ္ပတိန် အဲ့ဒီလူက တကယ်ပဲ နယ်မြေရဲ့ ပိုင်ရှင်လား။ ကျွန်တော်တော့ မထင်ဘူးနော်" လုံခြုံရေး အစောင့်သစ်လေးက မေးလိုက်၏။
"ရှောင်းလျို့ မှတ်ထားကွ။ လူတစ်ယောက်က သာမန်ပုံစံ ပိုပေါက်လေလေ သူတို့ကို အထင်ပိုမသေးသင့်လေလေပဲ။"
"ဒီနေ့ ဘာတွေဖြစ်ခဲ့လဲ မင်းသိလား။ ငါတို့ နယ်မြေထဲက နှလုံးသားရေကန် ဗီလာကြီးကို အမည်မသိ သူဌေးကြီးတစ်ယောက်က ဝယ်သွားတာတဲ့" လုံခြုံရေး ခေါင်းဆောင်က အားရစွာ ပြောလိုက်ပါသည်။
"လခွမ်း... မစ္စတာလင်းက နှလုံးသားရေကန် ဗီလာကြီးရဲ့ ပိုင်ရှင်လား။"
"သူဌေးပေါင်းများစွာက နှလုံးသား ရေကန် ဗီလာကြီးကို ဝယ်ချင်နေခဲ့ကြတာ ကြာပြီ။ ဒါပေမယ့် ဗီလာကို ရောင်းမထွက်တာ ၂ နှစ်ရှိပြီ။ လှိုင်းပြာပင်လယ်အော်အိမ်ရာထဲမှာ နှလုံးသားရေကန် ဗီလာဆိုတာ တစ်ခုပဲရှိတယ်ကွ။ ပိုက်ဆံရှိရင်တောင် လူတိုင်း မဝယ်နိုင်ဘူး။"
"ဘုရားဘုရား မစ္စတာလင်းက အရမ်း နှိမ့်ချပြီး နေတတ်တာပဲ။"
"လမ်းဘေးက အဝတ်အထည်တွေဝတ်ပြီး လှိုင်းပြာ ပင်လယ်အော်ဆီ သုံးဘီးကြီးစီးလာတယ်တဲ့လား။ ဒါ သူဌေးကြီးတွေရဲ့ ကမ္ဘာများလား။"
လေ့ကျင့်ထားသည့် လုံခြုံရေးအစောင့်များပင် ထိတ်လန့်ကုန်ကြသည်။
လင်းဖန်က လှိုင်းပြာပင်လယ်အော်အိမ်ရာ တစ်ခုလုံးတွင် တန်ဖိုးအကြီးဆုံး ဗီလာဖြစ်သော နှလုံးသားရေကန်၏ ပိုင်ရှင်ဖြစ်သည်။
အရာတစ်ခုက ပိုပြီးရှားလေလေ ပိုပြီး တန်ဖိုးကြီးလေလေဖြစ်သည်။ လှိုင်းပြာ ပင်လယ်အော် ဒေသတွင် နှလုံးသားရေကန်ဗီလာကြီးက တစ်ခုသာ ရှိ၏။ ဆိုလိုရင်းက အနာဂတ်တွင် တန်ဖိုး ဒီ့ထက်တက်လာနိုင်ခြင်းဖြစ်သည်။
ထို့ကြောင့်လည်း သူဌေးကြီးများစွာက နှလုံးသား ရေကန် ဗီလာကြီးကို ဝယ်ချင်ကြခြင်းဖြစ်၏။ နှစ်အနည်းငယ်အတွင်း ဗီလာကြီး၏ တန်ဖိုးက နှစ်ဆတိုးသွားနိုင်၏။
သူနယ်မြေထဲသို့ ဝင်လာခဲ့သည်။ ဇိမ်ခံကားကြီးများနှင့် နှိုင်းယှဥ်ကြည့်လိုက်လျှင် လင်းဖန်၏ သုံးဘီးဆိုင်ကယ်က စံနှုန်းနှင့် အလွန် ဝေးကွာလွန်းလှပါသည်။
အချိန်ခဏတာအတွင်း မိန်းကလေးများစွာ၏ အာရုံစိုက်မှုကို သူခံလိုက်ရသည်။
"ဝိုး ကြည့်ပါဦး။ ရုပ်ချောချော ကောင်လေး တစ်ယောက် သုံးစီးဆိုင်ကယ် စီးလာတယ်။"
"ချစ်လိုက်တာ ချစ်လိုက်တာ။ သုံးဘီးဆိုင်ကယ်စီးရင် ဒီလောက်ထိ လန်းနိုင်မယ်လို့ မထင်ထားခဲ့ဘူး။"
"အဲ့ဒီခပ်ချောချော ကောင်လေးက ငါတို့နယ်မြေထဲက ပိုင်ရှင်အသစ်ဖြစ်မယ်ထင်တယ်။ သူ့ကိုတစ်ခါမှ မမြင်ဖူးဘူးနော်။"
"သူ့နာမည်က ဘာပါလိမ့်။ ငါတော့ ချစ်မိသွားပြီ ထင်တယ်။"
"..."
လင်းဖန်က လူအဝိုင်းခံရတာကို အသားကျနေပါပြီ။ သူက ရုပ်ချောလွန်းသဖြင့် ဘာမှ မတတ်နိုင်ဘဲ လက်ခံလိုက်ရ၏။
သူလှိုင်းပြာ ပင်လယ်အော်နယ်မြေထဲ ဝင်လိုက်တော့ လင်းဖန် ကြက်သေသေသွားခဲ့ရသည်။
လှိုင်းပြာပင်လယ်အော်အိမ်ရာက ရှန်ဟိုင်းတွင် အဆင့်မြင့် အိမ်ရာတစ်ခုဖြစ်သည်။ အိမ်ရာအတွင်းက ပတ်ဝန်းကျင်အခြေအနေ၊ သစ်ပင်ပန်းမန်များနှင့် လေကောင်းလေသန့်များက အလွန်အမင်း ကောင်းမွန်လှသည်။
သူ့ဘေးပတ်လည်က ရှုခင်းများကလည်း လှပ၏။ ရောင်စုံမီးအလင်းရောင်များက ကောင်းကင်ထက်တွင် ပြည့်နှက်နေပြီး ရေကန်ကြီးပေါ်တွင် တိမ်ဝင်နေသည့် နေလုံးကြီးကလည်း တောက်ပလို့နေ၏။ စကားဖြင့် မဖော်ပြနိုင်လောက်အောင် လှပလွန်းလှပါသည်။
အရင်ဆုံး အဆင့်မြင့် နယ်မြေတချို့ကို ဖြတ်သန်းလာပြီးမှ ဗီလာနယ်မြေသို့ ရောက်လာ၏။
အထဲသို့ ခပ်လှမ်းလှမ်း ထပ်လျှောက်လာသောအခါ ဗီလာနယ်မြေထဲ ရောက်လာပြီဖြစ်၏။
ရွာစတိုင် လက်ရာမြောက်သေသပ်သော ဗီလာများက စိမ်းစိုနေသည့် သစ်ပင်ကြီးများအကြား ပြန့်ကြဲနေကြသည်။ မြို့ကြီးပြကြီး၏ ဆူညံပွက်လောရိုက်မှုများနှင့် ဝေးကွားလွန်းလှသည်။
ဒီမှာ အဆင့်မြင့် အိမ်တစ်လုံးကို ယွမ် သန်း ၂၀ - ၃၀လောက် ကုန်ကျနိုင်၏။
ထို့အပြင် ဗီလာတစ်လုံး၏ စျေးနှုန်းကလည်း သန်း ၁၀၀ ကျော်သည်။
နယ်မြေထဲတွင် စုစုပေါင်း ကျွန်းငယ်လေး ၁၀ ကျွန်းရှိ၏။ လမ်းများက ဆက်သွယ်ထားပြီး အနက်ရောင် စကျင်ကျောက်ကြမ်းပြင်များနှင့် အဖြူနီရောင် ကြမ်းခင်းများရှိနေ၏။ ဗီလာကြီး ၁၀ လုံးက ကျွန်းငယ်လေး ပတ်လည်တွင် ဆက်တိုက် တည်ရှိနေပါသည်။
၎င်းတို့အကြား တန်ဖိုးအကြီးဆုံးက နှလုံးသား ရေကန် ဗီလာကြီးဖြစ်သည်။
အရွယ်အစား၊ တည်နေရာနှင့် အပြင်အဆင်တို့အရ တခြားဗီလာများထက် အများကြီးပိုမို အဆင့်မြင့်ပါသည်။
နှလုံးသားရေကန်ဗီလာကြီး၏ လေသာဆောင်က အလွန်ကြီး၏။ အဝေးက ပင်လယ်ရှုခင်းကိုလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ပါသည်။
ဗီလာကြီးရှေ့တွင် ဧရာမမြက်ခင်းကြီးများ ရှိနေပြီး အနောက်ဘက်တွင် ရေကူးကန်တစ်ခု ရှိနေသည်။ ဗီလာကြီး၏ ညာဘက်တင် ပန်းများ၊ အပင်များဖြင့် ဝန်းရံထားသည့် ကားပါကင်တစ်ခု ရှိနေပါသည်။
သူ့မျက်လုံးဖြင့် မြင်နိုင်သလောက်တော့ ကမ်းခြေဘေးတွင် ဘစ်ကနီလေးများဝတ်ထားသည့် မိန်းကလေးများစွာရှိနေ၏။ တိမ်ဝင်နေသည့် နေရောင်အောက်တွင် သူတို့က ပန်းချီကားတစ်ချပ်နှင့်တူလှပါသည်။
လင်းဖန် ဗီလာကြီးထဲ ဝင်လိုက်သောအခါ သူ့ကို လှလှပပ ကောင်မလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေ၏။
ရှားရန်ရန်၊ လှိုင်းပြာပင်လယ်အော်အိမ်ရာ၏ အိမ်ရာမြေ အေးဂျင့်ဖြစ်သည်။
ကမ်းခြေအလယ်က ဗီလာကြီးကို အမည်မသိ သူဌေးကြီးက ဝယ်သွားသည်ဟု သူမသတင်းကြားခဲ့ရတာ ကြာပါပြီ။ ထို့ကြောင့် သူမ သူ့ကို ကြိုဆိုဖို့လာခဲ့ခြင်းဖြစ်၏။
ရှားရန်ရန် လင်းဖန်ကို မြင်လိုက်တော့ အရင်တုန်းကဆိုလျှင် လန်ချားသမားတစ်ယောက်ကို တက်တက်ကြွကြွလာတွေ့မည်မဟုတ်ပါ။
သို့သော်လည်း လင်းဖန်၏ ခန္ဓာကိုယ်၊ အကြည့်များနှင့် အရှိန်အဝါတို့က ရှားရန်ရန်အား ကြက်သေသေသွားစေသည်။
ရိုးရိုးရှင်းရှင်း ရှပ်အင်္ကျီလက်ရှည်နှင့် ခပ်ချောချော မျက်နှာတစ်ခု။ သူက ခပ်စုတ်စုတ် သုံးဘီးဆိုင်ကယ်အား စီးလားသော်လည်း သူ့ထံမှ သန့်ရှင်းပြီး အေးချမ်းသည့် ခံစားချက်မျိုးရရှိနေသည်။
လင်းဖန်၏ လုပ်ရပ်များ၊ မျက်နှာနှင့်၊ တည်ငြိမ်သည့် အပြုအမူများက သူ့ကို အကြွင်းမဲ့ စန်းပွင့်သူတစ်ဦးနှင့် တူသွားစေပါသည်။
သူ့ကို ခေါ်ဖို့ နည်းလမ်းတစ်ခုရှိလျှင် "ညှို့အားပြင်းသော မင်းသားလေး" ဟုပင်ဖြစ်နိုင်သည်။
ရှားရန်ရန် ကြက်သေသေသွား၏။ သူက ချောလွန်းသည်။
"ဟယ်လို ဒီနေရာကို ဘယ်လိုသွားရမလဲ သိလားဟင်" လင်းဖန်က သုံးဘီးဆိုင်ကယ်ကို ရှားရန်ရန်ဆီ စီးသွားပြီး မေးလိုက်၏။
"သြောာ်... အင်း"
"ရုပ်ချောချောနဲ့ အစ်ကိုလေး။ ဘယ်အိမ်ကို ပိုင်တာလဲ သိခွင့်ရှိမလားရှင့်။ ကျွန်မ လိုက်ပို့ပေးပါ့မယ်။" ရှားရန်ရန်၏ ပါးပြင်များ ပူနွေးလာပြီး ပြုံးကာ အနည်းငယ်လည်း ရှက်ရွံ့နေ၏။
ညှို့အားပြင်းသော မင်းသားလေးက တကယ်ကြီး သူမကို စကားလာစပြောခဲ့ပြီ။ အရေးအကြီးဆုံးအရာက သူမက လင်းဖန်ကို အနီးကပ် ကြည့်လိုက်ပြန်တော့လည်း အလွန် ချောမောနေဆဲဖြစ်နေသည်။
"ဒီမှာပါ" လင်းဖန်က သူ့ပိုင်ဆိုင်မှု စာချုပ်ကို ထုတ်ပြလိုက်ပါသည်။
"ဝိုး..."
"ဒါဆို ရှင်က နှလုံးသားရေကန် ဗီလာကြီးရဲ့ ပိုင်ရှင်ပေါ့နော်။ ရှင့်ကို ဒီလောက်ထိ ငယ်မယ် ထင်မထားဘူး။ ပါရမီလည်း အရမ်းရှိတယ်။ တခြားသူတွေနဲ့ တခြားစီပဲ" ရှားရန်ရန်က ခေါင်းကို ရှက်ရှက်ဖြင့် ငုံ့လိုက်သည်။ သူမ ကြက်သေသေနေမိပါပြီ။
နှလုံးသားရေကန်ကို ဝယ်နိုင်သူများက အနည်းဆုံး ယွမ် ၁ ဘီလီယံလောက် ပိုင်ဆိုင်မှု ရှိနိုင်သည်။
သူဌေးကြီးများသာ ဒီလို ဗီလာမျိုးကို ဝယ်နိုင်လိမ့်မည်ဟု သူမ အရင်ကထင်ခဲ့မိ၏။ သို့သော် လင်းဖန်က ငယ်ရွယ်လွန်းနေသေးသည်။ အရမ်းလည်းချောမော၏။ ပြီးတော့... အရမ်းလည်း ချမ်းသာသည်။
"ကျွန်တော့်ကို မြှောက်နေပြန်ပါပြီ" လင်းဖန်က ပြုံးလိုက်၏။
သူတို့ နှလုံးသားရေကန်ဗီလာကြီး၏ ဝင်ပေါက်အနားသို့ ရောက်လာသောအခါ ရှားရန်ရန်က လင်းဖန်၏ ကျောကိုကြည့်လိုက်ပြီး မျက်တောင်မှိတ်လိုက်သည်။ "ရုပ်ချောချော အစ်ကိုလေး။ ကျွန်မက နောက်ပိုင်းကျရင် အိမ်ရာစီမံရေး တာဝန်ခံဖြစ်လာမှာဆိုတော့လေ... WeChat မှာ Add ထားလို့ ရမလားဟင်"