← Chapters

Bugatti La Voiture Noire

Vol. 1 Ch. 3

Bugatti La Voiture Noire

Vol. 1 Ch. 3

အခန်း(၃) Bugatti La Voiture Noire

လင်းဖန်ကို WeChat တွင်အပ်ပြီးသောအခါ ရှားရန်ရန်က ဖုန်းကိုင်လျက် ရင်ခုန်နေမိ၏။

သူက အရမ်းချမ်းသာပြီး ချောလည်းချောသည်။ သူ့ကို မကြိုက်တဲ့လူ ရှိနိုင်ပါ့မလား။ သို့သော်လည်း သူမက ဣန္ဒြေရှိသော မိန်းကလေးတစ်ဦးဖြစ်ပြီး စိတ်တော့ အလွန် လွတ်သွားမည်မဟုတ်ပါ။

"မစ္စတာလင်း လှိုင်းပြာပင်လယ်အော်မှ ကြိုဆိုလိုက်ပါတယ်ရှင်။ နောက်ပိုင်းပြဿနာ ရှိလာခဲ့ရင် အချိန်မရွေးကျွန်မကို ဆက်သွယ်နိုင်ပါတယ်နော်" ရှားရန်ရန်က ပြုံးကာ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်ဗျာ" လင်းဖန်က ခေါင်းငြိမ့်ပြီး အခန်းထဲဝင်သွားလိုက်သည်။

ဗီလာကြီးအား ပြန်လည် ပြုပြင်ထားပြီးသား ဖြစ်ပြီး အလွန်အမင်း တန်ဖိုးကြီးသည့်ပုံပေါ်သည်။ ကြမ်းပြင်က အနက်ရောင် စကျင်ကျောက်များဖြင့် ပြုလုပ်ထားပြီး ဧည့်ခန်းထဲတွင် မှန်တွေလို တောက်ပသည့် သလင်းကျောက် မီးဆိုင်းကြီးများဖြင့် ပြည့်နှက်နေသည်။ ဒီဇိုင်နာ ကူရှင်ကြီးများ၊ အနက်ရောင် နံ့သာသစ် စားပွဲကြီးများနှင့် လက်ရာမြောက်သော စာအုပ်စင်ကြီးများလည်းရှိနေသည်။

ကြမ်းပြင်မှ မျက်နှာကြက်အထိ ဖန်ချပ်တစ်ခု ရှိပြီး ဧရာမ ရေကူးကန်ကြီး၊ သားရေ ဆိုဖာနှင့် မဟော်ဂနီ ပရိဘောဂများ၊ နွေးထွေးသည့် လေထိုးမွေ့ယာကြီးတစ်ခုနှင့် RTX2080TI ရှိသည့် တန်ဖိုးကြီး E-sport အခန်းတစ်ခုရှိသည်။ မြေအောက်ထပ်တွင် ရုပ်ရှင်ရုံတစ်ခုလည်း ရှိနေ၏။

ဗီလာကြီး၏ အပြင်ဘက်တွင် စုစုပေါင်း အထပ် ၃ ထပ်ရှိသည်။ ကျောက်ခင်းလမ်းလေးအား ပန်းမျိုးစုံ၊ သစ်သားရေကန်လေးများဖြင့် ဝန်းရံထား၏။ အခုံးများ၊ ကော်ရစ်ဒါများဖြင့် ရှေးဟောင်းစတိုင် ဆက်တိုက် အလှဆင်ထားပါသည်။

ခေါင်မိုးပေါ်တွင် လေသာဆောင်တစ်ခုရှိသေးပြီး ပက်လက်ကုလားထိုင်တစ်ခုလည်းရှိသည်။ မြင်ကွင်းကကျယ်နေပြီး သိပ်မဝေးသည့် ကမ်းခြေတွင် ဘစ်ကနီလေးများဖြင့် မိန်းကလေးများကိုပင် သူမြင်နိုင်ပါသည်။

ဧည့်ခန်းကလည်း အကျယ်ကြီးဖြစ်ပြီး နာမည်ကြီး ပရိဘောဂ များစွာရှိနေ၏။

အရင်တုန်းက ဗီလာတစ်ခုတွင် တစ်ခါမှ မနေထိုင်ဖူးသည့် လင်းဖန်က ပထမဆုံးအကြိမ်အဖြစ် ချမ်းသာခြင်း၏ အရသာကို ခံစားလိုက်ရသည်။

နံရံပေါ်တွင် ချိတ်ဆွဲထားသည့် ပန်းချီကားများရှိသည်။ အလှဆင်မှုများကလည်း မင်သက်စရာကောင်းပြီး လင်းဖန်အရင်က တစ်ခါမှ မမြင်ဖူးသည့် အရာများစွာ ရှိနေပါသည်။

စန္ဒရားအခန်း၊ ဂျင်မ်ခန်း၊ E-sport ခန်း (ဂိမ်းခန်း)၊ ရုပ်ရှင်ရုံခန်းမကြီး စသဖြင့် အားလုံး ရှိနေသည်။ ဒီဗီလာကြီးကို ဘောလုံးကန်ဖို့အတွက်ပင် သုံးနိုင်၏။

လင်းဖန်က နူးညံ့သည့် ကုတင်ပေါ်တင် လှဲကာ ဗီလာကြီးထဲက လတ်ဆတ်သော လေကို ရှူသွင်းလိုက်ပါသည်။

အိမ်တစ်လုံးပိုင်ရတာ ကောင်းလိုက်တာကွာ။

ပြီးတော့လည်း ဗီလာကြီး။

ဒီလိုဗီလာကြီးထဲမှာနေပြီး ကောင်မလေး တစ်ယောက်ရှိထားရင် ပိုတောင်ကောင်းဦးမည်။

လင်းဖန် သူ့စားသောက်ဆိုင်သို့ မကြာခဏ လာတတ်သည့် ကြောင်မလေး အကြောင်းကို စဥ်းစားလိုက်မိပါသည်။ ရှားဝမ်ချွေ့က သူ့အလယ်တန်းနှင့် အထက်တန်း အတူတူထိုင်ခဲ့သည့် အတန်းဖော်ဖြစ်သည်။ သူမက ပေကျင်း ရုပ်ရှင်တက္ကသိုလ်သို့ သွားခဲ့ပြီး ဘွဲ့ရပြီးသွားသောအခါ ပို၍ပင် တိုးတက်သွားခဲ့သည်။ ပရိတ်သတ် သန်းပေါင်းများစွာရှိသော မဟာနာမည်ကျော်တစ်ယောက် ဖြစ်နေပါပြီ။ ထထို့အပြင် ယွဲ့ဟွာအောက်တွင် နာမည်အကြီးဆုံး နာမည်ကျော်တစ်ယောက် ဖြစ်၏။

သူမက လှသည်။ နှလုံးသားလည်းလှသည်။ ထို့အပြင် တိရိစ္ဆာန်ငယ်လေးများကို သဘောကျတတ်၏။ သူမက မရေမတွက်နိုင်သည့် ယောက်ျားထုကြီး၏ အိပ်မက်ထဲက ချစ်သူဖြစ်လာသော်လည်း ဖန်သားပြင်ပေါ်တွင် အကြင်နာပေးသည့်အခန်းကို တစ်ခါမှ မရိုက်ပါ။ တခြားသူများနှင့် လက်ပင် တစ်ခါမှ မကိုင်ခဲ့ပါ။

ရှားဝမ်ချွေ့က အမြဲတမ်း လင်းဖန်၏ စားသောက်ဆိုင်ထဲသို့ ခိုးဝင်လာတတ်သည်။ ကြောင်နားရွက်လေး နှစ်ဖက်ဖြင့် ဦးထုပ်တစ်ခုကို ဆောင်းပြီး စားသောက်ဆိုင်ထဲ ခိုးဝင်ကာ လင်းဖန်ကို စားစရာများ မှာယူတတ်သည်။

လင်းဖန် ခေါင်းခါလိုက်မိပါသည်။ သူ့အလယ်တန်း ကျောင်းသားဘဝတုန်းက နေ့ရက်များကို ပြန်စဥ်းစားကြည့်လိုက်သောအခါ သူပြုံးမိ၏။ အခုသူက ရှန်ဟိုင်းမြို့၏ စားသောက်ဆိုင်သေးသေးလေးထဲတွင် ခက်ခဲသောဘဝနှင့် နေထိုင်နေရသည်။ ကတ်ထဲမှာတောင် ယွမ် ၅၀ သာရှိ၏။ သို့သော်လည်း သူမကတော့ ကြယ်ပွင့်ကြီး တစ်ပွင့် ဖြစ်နေခဲ့ပါပြီ။ ကွာခြားချက်က လှမ်းဖို့ ဝေးကွာလွန်းနေ၏။

သို့သော်လည်း လင်းဖန် တကယ် ဂရုမစိုက်ပါ။ ဘဝကို အေးအေးချမ်းချမ်း နေထိုင်နိုင်ပါက လုံလောက်ပါပြီ။

နောက်တစ်နေ့တွင် လင်းဖန်က သူငှားထားသည့် တိုက်ခန်းလေးထဲ ပြန်လာပြီး အထုပ်အပိုးများပြင်သည်။

သူ့စားသောက်ဆိုင်ကိုလည်း မစွန့်လွှတ်နိုင်သေးပါ။ သူ့မိဘများ သူ့အတွက်ဖွင့်ထားပေးသည့် စားသောက်ဆိုင်လေး ဖြစ်၏။ ထို့အပြင် လင်းဖန်တွင် ယွမ် ၅၀ သာရှိသည်။ စားသောက်ဆိုင်ကို မသွားပါက သူ့ဘဝကို နေထိုင်နိုင်ရုံဆိုရုံလောက် ငွေဘယ်ကရမည်နည်း။

ဗီလာကြီးက ကောင်းသော်လည်း ရောင်းလို့လည်းမရ၊ ငွေဖြင့် လဲလို့လည်း မရပေ။

သူ့ရှူးဂါးမာမီလုပ်ဖို့ သူဌေးမတစ်ယောက်ကို ရှာလိုက်ရမလား။ လင်းဖန်က ဒီလိုလူမျိုးမှ မဟုတ်တာ။

"နေ့သစ်ရောက်ရှိလို့လာပါပြီ။ Sign-in ဝင်လိုပါသလား" စနစ်၏ အသံထွက်လာခဲ့ပါသည်။

"Sign-in ဝင်မယ်" လင်းဖန်က ရင်ထဲမှ ပြောလိုက်၏။ သူမျှော်လင့်ထားပါသည်။ ဒီနေ့ကော ဘာကောင်းတာရမလဲဟု တွေးနေမိ၏။

"ဒင်... အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ။ Bugatti La Voiture Noire ကားတစ်စီးကို ရရှိသွားပါပြီ။"

"ပြိုင်ကားနှင့် ကားသော့များ၊ သက်ဆိုင်ရာ စာချုပ်သက်သေများကို စနစ်၏ သိုလှောင်ခန်းထဲ ထည့်ထားပြီးပါပြီ။ လိုင်စင်ကိုလည်း အလိုအလျောက် ဖန်တီးပြီးပါပြီ။ သခင်လေးက ကားကို စုဆောင်းနိုင်ပါပြီ။"

"Bugatti ဟုတ်လား" လင်းဖန်က Bugatti ကားများ အကြောင်းအရင်က ကြားဖူးပါသည်။ စူပါ အားကစား ကားများဖြစ်ကြသည်။ Bugatti တစ်စီးကို ယွမ် ၂၅ သန်းကျော်တန်၏။ Bugatti ကားများအားလုံးက လက်လုပ်ဖြစ်ပြီး စိတ်ကြိုက်ပြုလုပ်ထားသော ကားများဖြစ်ကြသည်။ ထို့ကြောင့် တစ်နှစ်ကို ကား ဆယ်ချီပြီးသာ ထုတ်လုပ်နိုင်၏။

"Bugatti ဆိုတာတော့ သိတယ်။ ဒီ La Voiture Noire ဆိုတာကြီးက ဘာကြီးလဲ" လင်းဖန် လိုင်းပေါ်တက်ကာ ရှာကြည့်လိုက်သည်။

Bugatti La Voiture Noire ။ ကမ္ဘာတစ်ဝှမ်းလုံးမှာ Limited Edition စူပါ ပြိုင်ကား။

တရားဝင်စျေးနှုန်းက ယူရို ၁.၆၇ သန်းရှိပြီး ယွမ် ၁၂၆ သန်းနှင့် ညီမျှ၏။

တစ်နည်းအားဖြင့် ဒါက သန်းရာချီတန်သည့် ပြိုင်ကားတစ်စီးဖြစ်သည်။

Bugatti La Voiture Noire တွင် အလွန်အမင်းချဲ့ကားသော ဒီဇိုင်းစတိုင်မျိုးကို တပ်ဆင်ထား၏။ ကားမျက်နှာစာရှေ့တွင် ရှုပ်ထွေးသည့် မျဥ်းကြောင်းများစွာရှိ၏။ လေထွက်ပေါက်များစွာလည်း ရှိသည်။ တစ်ချိန်တည်းမှာပင် ကားသစ်ကြီးတွင် အလွန်ဒီဇိုင်းဆန်းသည့် ဘမ်ပါရှိနေပြီး ကားသစ်ကြီး၏ LED ရှေ့မီးများတွင် တပ်ဆင်ထားသည်။

ထိုကားကို လက်ဖြင့်ပြုလုပ်ထားသော ကာဗွန်ဖိုက်ဘာကိုယ်ထည်နှင့် အနက်ရောင်ပြောင်ပြောင်ဖြင့် ဘန်ပါကို ကိုယ်ထည်တွင် ပေါင်းစပ်ထားပြီး၊ ကားပြတင်းပေါက် ဒီဇိုင်းကို ခေါင်းဆောင်းပေါ်က အလင်းကာဖန်ကို တုပယူထားပြီး လေကာမှန်သည် ဘေးပြတင်းပေါက်များတွင် အလွန်ချောမွေ့စွာ ရောစပ်နေပုံရသည်။

ပါဝါအားဖြင့်ပြောရလျှင် Bugatti La Voiture Noire ကို Bugatti ၏ 8.0 လီတာ Turbo-W16 အင်ဂျင်လေးလုံးဖြင့် အားဖြည့်ထား၏။ အမြင့်ဆုံး အထွက်နှုန်းက ၁,၄၇၉ မြင်းကောင်ရေအား / ၁,၁၀၃ ကီလိုဝပ်နှင့် ၁,၆၀၀ NM( ၁,၁၈၀ lb,ft) လိမ်အားရှိ၏။ Chiron နှင့် Divo တို့၏ လိမ်အားနှင့် ထပ်တူကြသည်။ ထို့အပြင် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကားနောက်ပိုင်းတွင် အိတ်ဇောပိုက် ၆ချောင်းအား ဆက်သွယ်ထားသည်။

ပြိုင်ကား၏ အချက်အလက်များကို မြင်သောအခါ လင်းဖန် ပြုံးလိုက်မိပါသည်။

ယွမ် သန်း ၁၀၀ တန်တဲ့ ပြိုင်ကားတစ်စီး။ ပြီးတော့ တစ်ကမ္ဘာလုံးမှာလည်း တစ်စီးတည်းရှိနိုင်တယ်။ လှိုင်းပြာပင်လယ်အော်အိမ်ရာမှာ နှလုံးသားရေကန်ဗီလာကြီးကိုလည်း ပိုင်ဆိုင်ထားသည်။ ယွမ် သန်း ၁၀၀ ကျော်တန်သည့် ဗီလာကြီးတစ်ခုထဲမှာ သူနေထိုင်ရပြီး ယွမ် သန်း ၁၀၀ ကျော်သည့် ပြိုင်ကားကြီး တစ်စီးကို မောင်းနေရသည်။

လင်းဖန်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီး ဘယ်သူ့ကိုမှ သို့မဟုတ် ဘာကင်မရာမှ မရှိသည်ကို မြင်လိုက်ရသောအခါ ပြိုင်ကားကို ထုတ်ယူလိုက်ပါသည်။

လင်းဖန်က Buatti ပြိုင်ကားကြီးကို ကြည့်လိုက်သည်။ ရေပြွန်ဖြစ်ဖြစ်၊ အိတ်ဇောပိုက် ဖြစ်ဖြစ်၊ အင်ဂျင်ဖြစ်ဖြစ် အသေးစိတ်တိုင်းကအစ လက်ရာမြောက်စွာ ဖန်တီးထားသည်။ အလွန်မိုက်သည့် ဒီအနက်ရောင် ကားကြီးမှာ အလွန် မူးဝေစရာကောင်းလောက်အောင်ကို အရမ်းမိုက်ပါသည်။

ကားထဲတွင် ထိုင်ကြည့်လိုက်သောအခါ လင်းဖန်တစ်ယောက် သာမန်ထက်ထူးကဲသော သက်တောင့် သက်သာရှိမှုကို ခံစားလိုက်ရပါသည်။ ကားကို အလွန်လက်ရာမြောက်စွာ ဖန်တီးထားပြီး ပြိုင်ဘက်ကင်းသည့် ဒီဇိုင်းလည်း ရှိ၏။

လီဗာကိုနင်းလိုက်သောအခါ အင်ဂျင်ဟိန်းသံ ထွက်လာသည်။ Bugatti ၏ မီးလုံးကြီးများ လင်းလာသည်။ အမှောင်ယံညတွင် တောက်ပသော အလင်းရောင်များ ထွက်လာသလိုပင်။

ကြမ်းလိုက်တာ။

လမ်းမပေါ်တွင်။

အားလုံးက Bugatti ကားကြီးကို လှည့်ကြည့်ပြီး အားကျစွာဖြင့် ရေရွတ်နေကြပါသည်။

"ဝိုးး..."

"ဘုရားဘုရား ဒါကြီးက Bugatti ပဲ။ စူပါ ပြိုင်ကားကြီးလေ။ စျေးအပေါဆုံး Bugatti တောင် သန်း ၂၀ ကနေ ၃၀ အထိ တန်ကြေးရှိတယ်။ ငါ့ဘဝမှာ ပြိုင်ကားကြီးတစ်စီးကို တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဒါပေမယ့် ငါသက်တမ်းရှိစဥ်အတွင်း တကယ်ကြီး ပြိုင်ကားလန်းလန်း တစ်ကားကို မြင်နိုင်ခဲ့တာပဲ။"

"ဒီကားကို ဘယ်ဒုတိယမျိုးဆက် အမွေဆက်ခံသူ သူဌေးက ဒီလိုကားမျိုး မောင်းလာတာလဲ။ သူက အရမ်းကံကောင်းတာပဲ။ မြန်မြန်ဓာတ်ပုံရိုက်ကြစမ်း။ အခွင့်အရေးကို ဆုံးရှုံးသွားရင် နောက်ထပ် အခွင့်အရေး ရှိလာမှာမဟုတ်ဘူး။"

"ကျွတ် ဒီကားက မီလီယံနည်းနည်းလောက်ပဲ တန်မှာပါ။ ဘယ်လောက်စျေးကြီးနိုင်မှာမို့လို့လဲ။ ကားကို ငှားထားတာလည်း ဖြစ်နိုင်တာပဲ။ ဘာလို့ မင်းတို့တွေက အရမ်းကြိုက်နေကြတာလဲ။"

"ဘုရားရေ ဒါ Bugatti La Voiture Noire ကြီးကွ။ ဒီကားဘယ်လောက်တန်လဲကော မင်းသိရဲ့လား။ သန်း ၁၂၆ ယွမ် တန်ဖိုးရှိတဲ့ ပြိုင်ကား တစ်စီးပဲ။ တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းပဲ ရှိတယ်။ မီလီယံချီရုံလောက် ရှိတဲ့ ကားတွေနဲ့ နှိုင်ယှဥ်ကြည့်လို့ရမလားကွ။"

"ဒီကားကြီးကိုသာ တိုက်မိရင်တော့ တစ်ဘဝလုံး ပြန်လျော်လို့ ဆုံးမှာမဟုတ်တော့ဘူး။ ပြီးတော့ ဒါက Limited Edition ကားကြီးကွ။ ဘယ်လိုလုပ်ငှားလို့ရမှာလဲ။ တကယ့် သူဌေးကြီးပဲ။"

"ပြိုင်ကားထဲက ရုပ်ချောချော ကောင်လေးကို မြင်လိုက်ကြလား။ သူက အရမ်းချောတာပဲ။ အနီးကပ်မမြင်လိုက်ရတာ နှမြောစရာပဲ။”

လင်းဖန်က သူ့ဇိမ်ခံကားကြီးကို မောင်းပြီး လူအုပ်ကြီး၏ အကြည့်ကို ခံစားမိနေပါပြီ။ သူ အသားလည်း ကျလာပါပြီ။

အင်ဂျင်၏ ဟိန်းသံကြီးက သားရဲရိုင်းကြီး တစ်ကောင်လိုပင်။ ပြိုင်ဘက်ကင်းသည့် ညှို့ဓာတ်တစ်ခုကို ထုတ်လွှတ်နေပါသည်။

ယွမ် သန်းရာချီတန်သည့် ပြိုင်ကားတစ်စီး၊ ပြီးတော့ Bugatti La Voiture Noire ကားကြီး။

ကားကို လှလှပပ ချိုးကွေ့ပြီး ငှားရမ်းထားသည့် တိုက်ခန်းအဝတွင်ရပ်လိုက်ပါသည်။

ကားတံခါးက လိပ်ပြာတောင်ပံ ခတ်သလို ပွင့်လာပြီး လင်းဖန် ကားထဲမှ ထွက်လာခဲ့ပါသည်။

လင်းဖန်ကို မြင်လိုက်တော့ ဘေးပတ်လည်က မိန်းကလေးများ အံ့အားသင့်လွန်းသွားသဖြင့် ပါးစပ်ကို လက်ဖြင့် မအုပ်နိုင်တော့ပါ။

သူက ရိုးရိုးတန်းတန်း အဝတ်အစား ဝတ်ဆင်ထားသည့် ခပ်ချောချော ကောင်လေးတစ်ယောက် ဖြစ်သည်။ သူ့တွင် သာမန်ထက် ထူးကဲသော ပုံစံရှိပြီး မယှဥ်နိုင်သည့် အရှိန်အဝါမျိုးရှိ၏။ သူကားထဲမှ ထွက်လိုက်စဥ်မှာပဲ သူ့ဘေးပတ်လည်က လေများ တိုက်ခတ်မှု ရပ်တန့်သွားသလိုပင်။

သူ့မျက်လုံးတွေက ဧရာမ ကြယ်ကောင်းကင်ပြင်ကြီးလို ဖြစ်ပြီး လက်ထဲမှာလည်း ကားသော့တွေကို ကိုင်ထားသေးသည်။ သူ့ကိုဘယ်လိုပဲကြည့်ကြည့် သူက မိန်းကလေး များစွာ၏ ညှို့အားပြင်းသော မင်းသားလေး ဖြစ်နေပါသည်။

"ဘုရားသခင်..."

"ချောလိုက်တာဟယ် ငါချစ်မိသွားပြီ။"

"Bugatti ကြီးကိုပဲ အရမ်းမိုက်လှပြီ ထင်ထားတာ။ ဒါပေမယ့် သူ့ကိုမြင်လိုက်ရတော့ သူ့အရှိန်အဝါကို ခံစားလိုက်ရပြီး အဲ့ဒီပြိုင်ကားနဲ့ အရမ်းလိုက်တယ်လို့ ခံစားရတယ်။"

"ရုပ်ချောချော အစ်ကိုကြီး။ ကျွန်မတို့ ဓာတ်ပုံလေး အတူတူ ရိုက်လို့ရမလား။ ပြိုင်ကားရှိတာမရှိတာ အရေးမကြီးပါဘူး။ ရှင်က အရမ်းချောလွန်းနေလို့ပါ..."

All Chapters