ဟန်ချင်းလဲ့
Vol. 79 Ch. 1096
အဋ္ဌမတောင်မှ အက်ရှလွန်ကျင့်ကြံသူ၊ ဟန်ချင်းလဲ့ အနှစ်သာရ ၁၀၀ ဉာဏ်အလင်းကို ရရှိသွားသောအခါ တောက်ပသောအလင်းတန်းတစ်တန်းသည် စစ်သည်တော်သန်းပေါင်းများစွာ ပြည့်နှက်နေသော ဗဟိုစစ်မြေပြင်၏အလယ်ရှိ ဝတ်ပြုကျောင်းမှ ထိုးထွက်လာ၏။
အရောင်အဝါများ မိုးကောင်းကင်ထက်တွင် တဝင်းဝင်းလက်သွားပြီး နောက်တစ်ဖန် တောင်များနှင့်ရုပ်တုများ၏ ပုံရိပ်များက ခေါင်းအထက်တွင် ပေါ်လာသည်။ ဤတစ်ခေါက်တွင် ရုပ်တုနောက်တစ်ရုပ်က ပြိုကျသွားပြီး ဟန်ချင်းလဲ့ပုံရိပ်ဖြင့် အစားထိုးခံလိုက်ရသည်။
“ပြည်ထောင်ရှစ်၏ ဟန်ချင်းလဲ့ ယခင်စံချိန်ကို ချိုး၍ အနှစ်သာရတစ်ရာကို ဉာဏ်အလင်းရသွားဖြစ်သည့်အတွက် ချီကြောတစ်ကြောဖြင့် ချီးမြှင့်ခံရတော်မူမည်”
ရှေးဆန်သောအသံကြီး ပဲ့တင်ထပ်လာစဉ် အနီရောင်အလင်းတန်းက ပြည်ထောင်ရှစ်မှ ပေါ်ထွက်လာသည်။ ၎င်းသည် မီတာ ၃၀၀ ထက် ကျော်လွန်၍ မီတာ ၄၅၀ သို့ လျင်မြန်စွာ ထိုးတက်သွား၏။ တစ်ချိန်တည်းမှာပင် ပြည်ထောင်ရှစ်၏ ချီကြောမှာ အားကောင်းလာရာ နိုင်ငံအရှိန်အဝါတောင်၏ အကာအကွယ်များကို ကြောက်ခမန်းလိလိ တိုးတက်လာစေသည်။
လောလောဆယ်တွင် ကျန်ပြည်ထောင်များမှ ကျင့်ကြံသူများ တုန်လှုပ်နေကြသည်။ ဟန်ချင်းအာ၏နာမည်က လေဟုန်ခွင်းလောကတစ်ခုလုံးကို လှုပ်ရမ်းသွားစေသော ဒုတိယနာမည်ဖြစ်လာစဉ် မျက်လုံးအားလုံးက ပြည်ထောင်ရှစ်သို့ လှည့်ကြည့်လိုက်ကြသည်။
ထိုစဉ် ဗဟိုဝတ်ပြုကျောင်းအနားရှိ ပြည်ထောင်ကိုး၏ စေတီမှ တောက်ပလာသော အနီရောင်အလင်းသည် ဆထက်တိုး၍ အားနည်းလာ၏။ ပြည်ထောင်ကိုး၏ အင်အားတစ်ခုလုံး အားနည်းလာပြီး စည်းဖြူတောင်၏အကာအကွယ်များမှာလည်း သိသိသာသာ လျော့ကျလာသည်။
မန်ဟို့ဉာဏ်အလင်းဆင်ခြင်သုံးသပ်မှုမှာလည်း ပို၍ဆိုးရွားလာပြီး သူ့မှာ ရပ်တန့်၍လည်း မရပေ။ သူသည် ယခုတွင် ၉၈ ခုမြောက် အနှစ်သာရတွင် ဖြစ်သည့်အပြင် ဉာဏ်အလင်းဝင်ရောက်နှုန်းမှာလည်း နှေးကွေးလာလေပြီ။ လောလောဆယ်တွင်တော့ သူ့မှာ သူ့အလိုရမ္မက်များကို လှုံ့ဆော်ရင်း သူ့ကို လမ်းမှားရောက်အောင် တွန်းပို့နေသော လေဟုန်ခွင်းလောက၏ အားကောင်းသောလွှမ်းမိုးမှုနှင့်ပတ်သက်၍ လွန်စွာသတိထားနေရသည်။
ပြည်ထောင်ကိုး၏ ချီကြော မှေးမှိန်လာသည့်အခါ လေဟုန်ခွင်းလောက၏လွှမ်းမိုးမှုမှာ ပြင်းထန်လာသည်။ ဖန်းတုံးအာနှင့်အခြားသူများလည်း ဤအခြင်းအရာကို အာရုံရလိုက်ကြသည်။ အားလုံးအထဲ အရေးအကြီးဆုံးမှာတော့ သူတို့နှလုံးသားထဲရှိ အလိုရမ္မက်များသည် ပို၍အားကောင်းလာ၏။ သူတို့သာ ၎င်းနောက်ကွယ်က အကြောင်းရင်းကို နားမလည်လျှင် ရူးသွပ်ကုန်ကြမှာဖြစ်သည်။ သို့သော် ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ နားလည်သွားသောသူများမှာတော့ ချောက်ချားလာကြသည်။
အထူးသဖြင့် ဖန်းတုံးအာပင်။ သူမသည် ကျင့်ကြံခြင်းဂူထဲတွင် သွေးတစ်ပွက်အန်လိုက်ရပြီး သူမမျက်နှာလေးက ပျာယာခတ်နေသောအရိပ်အယောင်များကို ဖော်ပြနေသည်။ သူမသည် သူမကိုယ်ထဲရှိ အလိုရမ္မက်များ ကြီးကြီးမားမားပြောင်းလဲလာသည်ကို ခံစားခဲ့ရသည့် ပထမဆုံးလူဖြစ်သည့်အတွက် ထိန်းချုပ်ရန် တံခါးပိတ်ကျင့်ကြံခဲ့ခြင်းဖြစ်၏။ သို့သော် ဤအခိုက်အတန့်တွင် ဆန့်ကျင်ဘက်ဖြစ်နေချေပြီ။ သူမမှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ပေတော့မည်။
ပေ့ယွီမှာမူ လုံးလုံးလျားလျား ယစ်မူးနေသည့်အလား ပန်းပင်လယ်ထဲတွင် ထိုင်နေသည်။ ကြည့်ရသရွေ့ သူမတစ်ကိုယ်လုံးသည် ပန်းပင်လယ်နှင့်တစ်သားတည်း ပေါင်းစည်းနေသည့်အလား၊ သူမကိုယ်တိုင်က ပန်းပင်လယ်အကြား၌ ပန်းပွင့်လေးအသွင်ပြောင်းနေသည့်အလားပင်။
တစ်ချိန်တည်းမှာပင် အရိုးပေါင်းများစွာ ပါရှိသောအလင်းတန်းတစ်တန်းက ပြည်ထောင်ရှစ်အထက်မှ အမြန်ဆုံးအရှိန်ဖြင့် လေကို ခွင်းလာသည်။ တစ်ရက်ကြာသော် ၎င်းသည် ပြည်ထောင်ရှစ်နှင့်ကိုးအကြား နယ်စပ်သို့ ရောက်လာခဲ့၏။ ဟန်ချင်းလဲ့ကား တစ်ချက်လေးမျှ တွန့်ဆုတ်မနေဘဲ တဟားဟား ရယ်ရင်း နယ်စပ်ကို ဖြတ်ကာ ပြည်ထောင်ကိုးအတွင်းသို့ ဝင်ရောက်လာသည်။
ဟန်ချင်းလဲ့သည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အင်မတန် ပိန်လှီနေ၏။ သူ့ကို ရစ်သိုင်းနေသော အသတ်အဖြတ်အရှိန်အဝါက ကြောက်မက်ဖွယ်အတိပင်။
သူ ပြည်ထောင်ကိုးအတွင်း ဝင်ရောက်လိုက်သည့်အခိုက်အတန့်မှာပင် စည်းဖြူတောင်မှာ ပြင်းပြင်းထန်ထန် လှုပ်ရမ်းသွားပြီး ပြည်ထောင်ကိုး၏ အကာအကွယ်ဖိအားမှာ အံ့မခန်းလိလိ တိုးလာသည်။
သို့သော် ထိုဖိအားက ဟန်ချင်းလဲ့ကို ဘာမှမလုပ်ပေ။ သူသည် တဟားဟားရယ်ရင်း အရိုးဖြူပေါင်းများစွာ ဝန်းရံလျက်ရှိသော အလင်းတန်းတစ်တန်းအသွင်ဖြင့် မြေပြင်များကို ဖြတ်လာ၏။ သူ တရိပ်ရိပ် ပျံသန်းနေစဉ် အရိုးများထံမှ လာနေသော စူးစူးဝါးဝါးအော်သံများကို ကြားရနိုင်လေသည်။ မိုးမှောင်ကျလာပြီး လေပြင်းများ တိုက်ခတ်လာ၏။
တိမ်မည်းတိမ်လိပ်များက အောက်ရှိ မြေပြင်များအပေါ် မှောင်ရိပ်ချရင်း ပြည်ထောင်ကိုး၏မိုးကောင်းကင်တစ်လျှောက် ပျံ့နှံ့လာသည်။
မန်ဟို့ထံသို တဟုန်ထိုး ဦးတည်လာနေစဉ် ဟန်ချင်းလဲ့ထံမှ ထွက်ပေါ်နေသော အသတ်အဖြတ်အရှိန်အဝါမှာ လေဆင်နှာမောင်းကြီးအလားပင်။
သူ ဖြတ်သန်းသွားသည့်အခါ ပထဝီမြေကြီးသည် သိမ့်သိမ့်တုန်သွားပြီး ပြည်ထောင်ကိုးထဲရှိ ကျင့်ကြံသူအားလုံးနှင့် သက်ရှိသတ္တဝါများ တုန်ရီကုန်ကြသည်။ သူတို့အမြင်တွင်တော့ စောစောက နေသာနေရာမှ ချက်ချင်း ညနက်မဟူရာကဲ့သို့ မှောင်မိုက်သွားသကဲ့သို့ ဖြစ်နေသည်။
“မန်ဟို မင်း သေပြီပဲ” သူက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားသောအသံကြီးဖြင့် ဟစ်ကြွေးရင်း အရှိန်တင်လိုက်သည်။ သူသည် မိုးကြိုးတန်းတစ်တန်းပမာ စည်းဖြူတောင်နှင့် နီးလာ၏။
သူ အနားရောက်လာသည်နှင့် ပြည်ထောင်ကိုး၏ နိုင်ငံအရှိန်အဝါမှာ ပို၍ပင်လျင်မြန်စွာ လွင့်ပျယ်လာပြီး ဖိအားသည် ပိုမိုပြင်းထန်လာ၏။ ဖန်းတုံးအာမှာ နောက်တစ်ဖန် သွေးအန်လိုက်ရပြီး အဝေးသို့ ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်နေတာလဲ။ ဘာက လွှမ်းမိုးမှုကို ဒီလောက်မြန်မြန် အားကောင်းသွားစေခဲ့တာလဲ” သူမက အံတင်းတင်းကြိတ်၍ ကျင့်ကြံခြင်းဂူထဲမှ ပျံထွက်လိုက်သည်။ သူမ ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ အဝေးရှိ တလိပ်လိပ်ထနေသော တိမ်မည်းမည်းများကို မြင်လိုက်ရသဖြင့် မျက်နှာရိပ်ခနဲ ဖြစ်သွားတော့သည်။
ဖန်းတုံးအာတစ်ယောက်တည်းသာ အံ့အားသင့်သွားခြင်းမဟုတ်။ ပေ့ယွီသည် ရုန်းကန်နေသောမျက်နှာအမူအရာလေးဖြင့် ပန်းပင်လယ်ထဲတွင် ထိုင်နေ၏။ သူမက မျက်လုံးများကို မရမကဖွင့်ကာ ဘေးဘီဝဲယာကို ကြည့်ရင်း တုန်ရီသွားသည်။ ထို့နောက် သူမမှာ ပို၍အသည်းအသန် ရုန်းကန်ရစပြုလာသည်။
နောက်တစ်နေရာ... အင်မော်တယ်ကျောက်စိမ်းမိုင်းထဲတွင် ကယောင်ကတမ်း ရယ်သံကြီး ထွက်လာသည်။ ၎င်းသည် အသိစိတ်လွတ်သွားသော ကိုးပင်လယ်နတ်လောကမှ ကျင့်ကြံသူလူငယ်၏ စိတ်ကျေနပ်ပျော်ရွှင်နေသောရယ်သံ ဖြစ်သည်။ သူ ဘေးပတ်ပတ်လည်ကို ကြည့်လျှင် မြင်မြင်ရသမျှမှာ အဆုံးမရှိသော အင်မော်တယ်ကျောက်စိမ်းများသာ ဖြစ်ပေသည်။
“ဒီလိုဓနအားနဲ့ဆို ငါ့ကျင့်ကြံခြင်းအခြေခံက ပိုပြီးအစွမ်းထက်လာလိမ့်မယ်”
ဗဟိုဝတ်ပြုကျောင်းစစ်မြေပြင်ထက်ရှိ လူသန်ကြီးနှင့် ကျန်မိစ္ဆာကျင့်ကြံသူများမှာလည်း စိတ်နှလုံးတုန်လှုပ်နေကြပြီး သူတို့၏အလိုရမ္မက်များသည် ရူးသွယ်ဖွယ်အတိုင်းအတာအထိ လှုံ့ဆော်ခံနေကြရ၏။
မိုးကောင်းကင်က သူတို့ကို သေစေချင်သော်လည်း ပထမဆုံး ရူးအောင် လုပ်လိမ့်မည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာအတွင်း အလိပ်လိပ်ထနေသော တိမ်မည်းတိမ်စိုင်များသည် ပြည်ထောင်ကိုး၏နယ်စပ်မှ စည်းဖြူတောင်အထိ ရောက်ရှိလာလေပြီ။ တိမ်တိုက်များက အသားသဖွယ်ဖြစ်ပြီး အရိုးများက တကယ့်အရိုးစုကြီးသဖွယ် ဆက်နေသည်။ တစ်ခုလုံးက အနက်ရောင်လက်သီးကြီးတစ်လုံးအသွင် ပြောင်းလာခဲ့သည်။
၎င်းသည် မီတာသုံးရာကျယ်ပြီး စည်းဖြူတောင်ကို စိစိညက်ညက်ခြေရန် ကောင်းကင်ထက်မှ ထိုးဆင်းလာနေသည်။
“သေပေတော့ မန်ဟို” ဟန်ချင်းလဲ့က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သွေးအေးအေး ဟိန်းဟောက်လိုက်သည်။ သူ့လက်သီး တောင်ထိပ်အပေါ်နှင့် ရုပ်တုဘေးတွင် တင်ပျဉ်ခွေထိုင်နေသော မန်ဟို့အပေါ်သို့ ကျဆင်းလာစဉ် အရာအားလုံး တဝုန်းဝုန်း တုန်ခါလာသည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ၉၉ ခုမြောက် အနှစ်သာရကို ယခုလေးတင် ဉာဏ်အလင်းရသွားပြီး ပထမအဆင့်တစ်ဆင့်လုံး ပြီးမြောက်ရန် လွန်စွာနီးကပ်နေလေပြီ။ သူ လိုအပ်သမျှမှာ အနှစ်သာရတစ်ခုလေးသာ ဖြစ်သည့်တိုင် ပြည်ထောင်ကိုး၏ နိုင်ငံအရှိန်အဝါ မှေးမှိန်လာနေခြင်းကြောင့် ဉာဏ်အလင်းဝင်ရောက်နှုန်းမှာ အင်မတန် ခက်ခဲပြီး နှေးကွေးနေသည်။
လက်သီးကြီးက စည်းဖြူတောင်ဆီသို့ တဝုန်းဝုန်း ကျရောက်လာသည်။ ရုတ်တရက် ရုပ်တုကြီးသည် မန်ဟိုအပါအဝင် တောင်တစ်တောင်လုံးကို လွှမ်းခြုံသွားသော အကာအကွယ်ကို ဖြန့်ကျက်ရင်း တောက်ပစပြုလာ၏။
မဟူရာလက်သီးက အကာအကွယ်ကို တိုက်ချလိုက်သည်... အုန်းးးးးးးးးးး။ နားကွဲလုမတတ် ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ အရောင်အဝါများ ပြိုးပြိုးပြက်လက်သွားပြီး မြေငလျင်များ လှုပ်ခတ်လာသည်။ အားလှိုင်းများသည် ဂျလိန်းဂျလိန်းမြည်ဟည်းရင်း ဖြာထွက်လာရာ အကာအကွယ်တွင် အက်ကြောင်းကြီးတစ်ကြောင်း ပေါ်လာစေသည်။ အက်ကြောင်းမှာ အလိုလျောက်ပြန်ဆက်နေသော်လည်း အမြန်နှုန်းအရ သိပ်ကြာကြာခံနိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။
မဟူရာလက်သီးသည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားသော်လည်း တိမ်တိုက်များနှင့်အရိုးတချို့မှ ဖန်ဆင်းထားသည့်အရာသာ မဟုတ်ပါလော။ ဟန်ချင်းလဲ့က ပေါ်လာပြီးနောက် အကာအကွယ်ကို ဝင်တိုက်လိုက်သော အနက်ရောင်မိုးကြိုးတန်းတစ်တန်းအသွင် ပြောင်းသွားသည်။
“ပွင့်စမ်း” သူက ဟိန်းဟောက်လိုက်သည်။ သူသည် ပိန်လှီနေသော်လည်း ကြောက်စရာစွမ်းအားကြီးကို ထုတ်လွှတ်နေ၏။ သူ့ကျင့်ကြံခြင်းအခြေခံမှာ အင်မော်တယ်နယ်ပယ်တွင်သာ ဖြစ်သည့်တိုင် ရှေးဟောင်းနယ်ပယ်ကို ကိုင်လှုပ်ပစ်နိုင်လေသည်။
ကြီးမားပြင်းထန်သောအားလှိုင်းတစ်လှိုင်းက သူ့ထံမှ ဖြာထွက်လာကာ ... မရေမတွက်နိုင်သော မိုးကြိုးတန်းများအား ဖော်ဆောင်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ၎င်းတို့က မိုးကြိုးနဂါးကိုးကောင်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။
စည်းဖြူတောင်မှာ ယိမ်းထိုးလှုပ်ရမ်းနေသော်လည်း မန်ဟိုကတော့ မျက်လုံးစုံမှိတ်၍ ထိုင်နေမြဲပင်။ သူ့အနေဖြင့် ဉာဏ်အလင်းမပြီးမြောက်ခင် ရပ်တန့်မဖြစ်ရာ တတ်နိုင်သမျှ မြန်ဖို့ရန်သာ စိတ်နှစ်ထားရသည်။
“လက်လျှော့လိုက်တော့” ဟန်ချင်းလဲ့က ကြိမ်းဝါးသည်။ “မင်း ဒီနေ့ သေရမှာ။ ပြည်ထောင်ကိုးရဲ့ လောကစည်းတံဆိပ်က ငါ့အပိုင်ပဲ။ မင်းရဲ့အက်ရှလွန်အဆင့်အတန်းကိုလည်း ငါ ဖယ်ရှားပစ်မယ်
“ငါ ဟန်ချင်းလဲ့က အနှစ်သာရ ၁၀၀ ပထမဆုံးပြီးမြောက်တဲ့သူ။ ဘယ်သူ့ကိုမဆို ငါ သတ်ပစ်နိုင်ပေမယ့် ငါ မင်းကို ရွေးရတဲ့ အဓိကအကြောင်းရင်းက မင်းမျိုးရိုးက မန်မလို့ပဲ
“မင်း သေရင် မင်းကို သတ်တဲ့ကောင်က ဟန်မျိုးနွယ်စုရဲ့ ချင်းလဲ့ဆိုတာ မင်းဘိုးဘေးတွေကို ပြောဖို့ မမေ့နဲ့”
ဤအခိုက်အတန့်တွင် ရုတ်တရက် ဖန်းတုံးအာသည် လေလယ်တွင် ပေါ်လာ၏။ သတ်ဖြတ်လိုစိတ်က သူမမျက်ဝန်းများတွင် တောက်လောင်နေပြီး သူမလက်အဝှေ့က မရေမတွက်နိုင်သော မှော်ပစ္စည်းသင်္ကေတများကို သူမကိုယ်ပေါ်တွင် ပေါ်လာစေသည်။ ၎င်းတို့သည် လျင်မြန်စွာ ပြန့်ကားလာကာ တောင်ငယ်လေးတစ်လုံး အရွယ်ဖြစ်လာ၏။
မြင်ကွင်းကား မှတ်တမ်းတင်ရလောက်အောင် အံ့အားသင့်စရာကောင်းသည်။
ဖန်းတုံးအာအနေဖြင့် ပေါ်လာရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ မဟုတ်လျှင် စည်းဖြူတောင်အပေါ် တိုက်ခိုက်မှု အောင်မြင်သွားပြီး လောကစည်းတံဆိပ်အား အလုယူခံရမည်ဖြစ်ကြောင်း သူမ သိသည်။ ရလဒ်အနေဖြင့် မည်သည့်နိုင်ငံ့အရှိန်အဝါမှမပါဘဲ လေဟုန်ခွင်းလောက၏လွှမ်းမိုးမှုကို သူမ တောင်ခံနိုင်တော့မည်မဟုတ်ပေ။
သူမသည် မန်ဟို အရေးကြီးသောအခိုက်အတန့်တွင် ဖြစ်၍ ဘာမှလုပ်နိုင်မည်မဟုတ်မှန်းသိသည့်အတွက် သူမအတွက်သူမ ဝင်ရောက်စွက်ဖက်ရုံသာ ရှိတော့သည်။
“ငါ အချိန်ဆွဲထားနိုင်ရင် မန်ဟို ထွက်လာလိမ့်မယ်။ ဒီလူက အစွမ်းထက်ကောင်း ထက်နိုင်ပေမယ့် ၊ အက်ရှလွန်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မန်ဟိုလည်း အတူတူပဲ” အံတင်းတင်းကြိတ်ရင်း ဖန်းတုံးအာသည် ဟန်ချင်းလဲ့ကို တိုက်ခိုက်လိုက်၏။
ဟန်ချင်းလဲ့က ဖန်းတုံးအာကို မြင်သည်နှင့် မျက်လုံးများ တောက်ပသွားပြီး ပြုံးလိုက်သည်။
“မင်းကိုယ်မင်း အထင်ကြီးနေတာပဲ” သူက မိုးခြိမ်းသံပမာ ဟိန်းနေသောအသံဖြင့် ပြောသည်။ “မင်းလိုလူမျိုးတွေက အက်ရှလွန်ကို တိုက်ခိုက်ဖို့ ဘာကြောင့်အရည်အချင်းမပြည့်မှီလဲ ငါ ပြဖို့ လိုနေပြီထင်တယ်” သူက ညာလက်ကို ဝှေ့ယမ်းရင်း ဟိန်းဟောက်နေသော မိုးကြိုးနဂါးလေးကောင်အား ဖန်းတုံးအာထံ လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ပေ့ယွီလည်း ပန်းပင်လယ်ထဲတွင် မဟုတ်တော့ဘဲ အမြန်ဆုံး ချဉ်းကပ်လာနေသည်။ သူမမျက်ဝန်းတစ်ဖက်မှာ တွေဝေငေးကြောင်နေသော်လည်း ကျန်တစ်ဖက်ကတော့ ရှင်းလင်းပြတ်သားနေသည်။ သူမက အနားပင် မရောက်ခင် မာန်သွင်းအော်ဟစ်လိုက်ကာ မမြင်နိုင်သော နတ်ဘုရားအာရုံစွမ်းအားကို ဟန်ချင်းလဲ့ထံသို့ ရက်ရက်စက်စက် စိုက်ချလိုက်သော် အပ်တစ်ချောင်းအသွင် စုစည်းသွားစေသည်။
ဟန်ချင်းလဲ့၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက ဘယ်လက်ကို ဝှေ့ယမ်းကာ နောက်ထပ်မိုးကြိုးနဂါးလေးကောင်အား လွှတ်လိုက်သည်။ ငါးကောင်မြောက်ကိုတော့ ဖောက်ခွဲပစ်ကာ အဆိုပါအားကို ငှားယူရင်း ပေ့ယွီ၏နတ်ဘုရားအာရုံကို တန်ပြန်တိုက်ခိုက်လိုက်၏။
“ဘယ်လောက်စိတ်ဝင်စားစရာကောင်းလိုက်သလဲ။ အလှလေးနှစ်ယောက်က ငါ့ကို ပေါင်းတိုက်နေတယ်။ အခုလိုပြောချင်စိတ်တော့ မရှိပေမယ့် မင်းတို့နှစ်ယောက်ကို အရှင်လတ်လတ် အရေခွံစုတ်ပြီး မင်းတို့ရဲ့အလှတရားစစ်စစ်၊ အရိုးဖြူတွေကို ကြည့်ချင်နေပြီ။ အဲဒါ ဘယ်လောက်စွဲမက်စရာကောင်းလိမ့်မယ် ထင်လဲ” ဟန်ချင်းလဲ့၏မျက်လုံးများက သွေးဆာနေပြီး သူက နှုတ်ခမ်းသပ်လိုက်သည်။ ရုတ်တရက် သူသည် ... ဖျတ်ခနဲ လူသုံးယောက်ဖြစ်သွား၏။
တစ်ယောက်က သူ့အစစ်အမှန်ကိုယ်၊ နောက်နှစ်ယောက်က ကိုယ်ပွား။
သုံးယောက်လုံးက တစ်ပြိုင်တည်း နှုတ်ခမ်းသပ်လိုက်ကြသည်။ တစ်ယောက်က အကာအကွယ်ကို တိုက်ခိုက်ပြီး နောက်နှစ်ယောက်က ဖန်းတုံးအာနှင့်ပေ့ယွီကို တစ်ယောက်ချင်းကိုင်တွယ်ရန် လူစုခွဲလိုက်သည်။ ပေါက်ကွဲမှုများ လေထဲတွင် ပြည့်နှက်နေစဉ် ဖန်းတုံးအာနှင့်ပေ့ယွီတို့နှစ်ယေက်လုံး၏ မျက်နှာများအပေါ်တွင် မယုံနိုင်မှုတို့ ထင်ဟပ်လာသည်။ သူတို့နှစ်ယောက် တိုက်ခိုက်နေသည်က ဟန်ချင်းလဲ့၏ကိုယ်ပွားသာ ဖြစ်သည့်တိုင် သူတို့နှစ်ယောက်အတွက် ... များစွာ အစွမ်းပိုထက်သောလူတစ်ယောက်ကို တိုက်ခိုက်နေရသည်နှင့် တူသည်။
“အက်ရှလွန်ထဲကလူတိုင်း ဒီလောက်အစွမ်းထက်တာလား....” ဖန်းတုံးအာက တွေးသည်။ သူမသည် တုန်လှုပ်အံ့ဩနေလျက် တင်ပျဉ်ခွေတရားထိုင်နေသော မန်ဟို့ကို လှမ်းကြည့်လိုက်၏။
“မြန်မြန်လုပ် မန်ဟို”
***