← Chapters

ဒါသူဌေးတို့ရဲ့ ကမ္ဘာလား

Vol. 1 Ch. 5

ဒါသူဌေးတို့ရဲ့ ကမ္ဘာလား

Vol. 1 Ch. 5

အခန်း(၅) ဒါသူဌေးတို့ရဲ့ ကမ္ဘာလား

အစားအသောက်စျေးတွင်။

လင်းဖန်က စားသောက်ဆိုင်ငယ်လေး တစ်ခု ဖွင့်ထားသဖြင့် အစားအသောက်စျေးသို့ သွားကာ အစားအစာတချို့နှင့် ဟင်းခတ်အမွှေးအကြိုင်များ သွားဝယ်ဖို့ လိုအပ်သည်။

သို့သော် လင်းဖန်၏ Bugatti ကားကြီးက လန်းလွန်းနေ၏။

ကျန်းမြို့၏ လမ်းမပေါ်တွင် လူများစွာက Bugatti ကားကြီး ပတ်လည်တွင် ဝိုင်းလာကြပြီး အံ့အားသင့်စွာ ကြည့်နေကြ၏။

ရှန်ဟိုင်းမြို့မှာတောင် ဒီလိုပြိုင်ကားကြီးကို တွေ့ရခဲပါသည်။

Bugatti La Voiture Noire ကားကြီးက ပို၍ပင် ရှားသေးသည်။ လူများစွာတို့၏ အာရုံစိုက်မှုကို ခံခဲ့ရ၏။ ရှန်ဟိုင်းတွင် ဒီလိုပြိုင်ကားကြီးမျိုး ပေါ်လာတာ ပထမဆုံး အကြိမ်ဖြစ်ပါသည်။

"ကြည့်စမ်း ဒါ Bugatti La Voiture Noire ပြိုင်ကားကြီးကွ။ ဘယ်လောက်တန်တယ် ထင်လဲ။ ယွမ် ၁၂၆ သန်းကွ။"

"လခွမ်း ယွမ် သန်းချီတန်တဲ့ ပြိုင်ကားတွေ မြင်ဖူးပါတယ်ကွာ။ ဒါပေမယ့် သန်း ၁၀၀ ကျော်တန်တဲ့ ပြိုင်ကားကြီးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး။"

"ကမ္ဘာကြီးထဲမှာ Limited Edition ပြိုင်ကားကြီးက တစ်စီးပဲရှိတယ်။ ပြီးတော့ ၈.၀ လီတာ တာဘို အင်ဂျင် W16 တောင်ရှိတယ်။ တကယ် Limited Edition ပြိုင်ကားကြီးပါကွာ"

"ဒီလို ပြိုင်ကားကြီးကို မောင်းနိုင်တာ သူက ဒုတိယမျိုးဆက် သူဌေးလေးများလား။ ဘယ်တုန်းက ဒုတိယမျိုးဆက်တွေ ဒီလောက် ချမ်းသာလာကြတာလဲ။ ငါမနာလိုလိုက်တာကွာ။ ... ဒါပေမယ့် ဒီပြိုင်ကားကြီးက ဘာလို့ ငါတို့ အစားအသောက်စျေးထဲ ရောက်နေတာပါလိမ့်။"

"မဟုတ်မှလွဲရော ဒုတိယမျိုးဆက် သူဌေးတစ်ယောက်က ဟင်းချက်ပစ္စည်းတွေလာဝယ်တာများလား။ ထားလိုက်ဟာ။ ဓာတ်ပုံနည်းနည်းလောက် အရင်ရိုက်ထားလိုက်ဦးမယ်။ ကားပိုင်ရှင်ကို တွေ့ရင်လည်း ဓာတ်ပုံနည်းနည်းရိုက်ဦးမယ်။ ကားပိုင်ရှင်က တော်တော် ချောလောက်မယ်။"

"အပိုတွေပြောမနေနဲ့။ ဒီလိုကားမျိုးကို သူဌေးကြီးတွေပဲ မောင်းနိုင်မှာ။ သူဌေးကြီးတွေက အများအားဖြင့် အသက် ၄၀ ဝန်းကျင် ဒါမှမဟုတ် အဲ့ထက်ကျော်ကျော် ရှိတယ်။ ဘယ်လိုလုပ် သူက ဒုတိယမျိုးဆက် သူဌေးဖြစ်နိုင်မှာလဲ။ ရုပ်ချောဖို့ဆို ဝေလာ ဝေးသေးတယ်။"

ပြိုင်ကားအနားတွင် လူတွေပိုပိုပြီး စုလာကြ၏။ အမှန်ပင်။ ကားကိုတော့ ဘယ်သူမှ သွားမထိရဲကြပါ။ ဆေးကွာသွားရင်တောင် ပြန်မလျော်နိုင်ကြလောက်ပေ။

လင်းဖန် အစားအသောက်စျေးထဲမှ ထွက်လာတော့ လူအများကြီး သူ့ကားကို ဝန်းရံနေကြသည်ကို မြင်လိုက်ရပါသည်။ သူအသားကျနေပြီးသားဖြစ်၏။ သို့သော်လည်း လူတွေများလွန်းနေပါက ပြဿနာတက်နိုင်သည်။

လင်းဖန်က ခေါင်းခါလိုက်မိပါသည်။ နောက်တစ်ခေါက် သူ့သုံးဘီးဆိုင်ကယ်နဲ့ လာတာ ပိုကောင်းလိမ့်မည်။ ဇိမ်ခံကားကြီး မောင်းလာပါက အာရုံပိုစိုက်ခံရရုံပဲရှိသည်။ သူက နတ်ဘုရားအဆင့် သူဌေးလေးတစ်ယောက် တိုးတိုး တိတ်တိတ်ကလေး ဖြစ်ချင်ကာ သာမန် ဘဝမျိုးနှင့် နေချင်ရုံသာဖြစ်သည်။ နာမည်ကျော်တစ်ယောက်လို ရေပန်းစားမလာလျှင် ပိုကောင်းပါသည်။

"အဟမ်း လမ်းဖယ်ပေးလို့ရမလားဗျ" လင်းဖန်က လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်ပါသည်။ ဇိမ်ခံကားကြီးကို လူတွေဝိုင်းရံနေကြပြီဖြစ်ပါသည်။

"ဘာတွေလာအော်နေတာလဲ ဒါနင့်ကားလား။ ငါဓာတ်ပုံရိုက်ချင်သေးတယ်။ စျေးသည် လမ်းဖယ်စမ်း" ခပ်ဟော့ဟော့ ဝတ်ထားသည့် မိန်းမတစ်ယောက်က လက်ကို ခါရမ်းပြလိုက်ပါသည်။

"ဒီကားက ငါ့ယောက်ျားပိုင်တာ။ ဖယ်ကြ လမ်းမပိတ်နဲ့" နောက်ထပ် မိန်းမတစ်ဦး၏ အသံ ထွက်လာပြန်သည်။

"ခင်ဗျားယောက်ျားဟုတ်လား" လင်းဖန်က ကားသော့ကို ထုတ်ကာ ခလုတ်နှိပ်လိုက်ပါသည်။

ရုတ်တရက် Bugatti La Voiture Noire ကားကြီး၏ နောက်မီးများလင်းလာပြီး ကျက်သရေရှိစွာ တောက်ပလာခဲ့သည်။

အဆင့်မြင့်မြင့်၊ ခမ်းခမ်းနားနားရှိသော ဇိမ်ခံကားကြီး ဖြစ်သည်။ Bugatti ကြီး တစ်စီးလုံးက အသက်ဝင်ပြီး ပိုင်ရှင်ကို ကြိုဆိုနေသလိုပင်။

လူအုပ်ကြီး ကြက်သေသေသွားရ၏။

အကျင့်မကောင်းသည့် မိန်းမနှစ်ယောက်လည်း လင်းဖန်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။

အထူးသဖြင့် ကားကို သူ့ယောက်ျားကားဟု ပြောလိုက်သည့် မိန်းမ အရှက်ကွဲသွား၏။

အားလုံး အတော်လေး ထိတ်လန့်ကုန်ကြပါသည်။

ဒီလိုကားမျိုး စီးနိုင်ဖို့က အသက် ၄၀ ဝန်းကျင် သူဌေးကြီးမျိုးမှ စီးနိုင်မှာ မဟုတ်ဘူးလား။

နောက်ဆုံးတော့... သန်းရာချီတန်ဖိုးရှိသည့် ထိပ်တန်း ပြိုင်ကားတစ်စီးကို လူငယ်တစ်ယောက်က ပိုင်ဆိုင်ထားခြင်းဖြစ်ပါသည်။

"အားလုံးပဲ လမ်းဖယ်ပေးလို့ရမလားဗျ" လင်းဖန်၏ နူးညံ့သည့်အသံ ထွက်လာပြီး ရှေ့သို့ တိုးလာခဲ့သည်။

ရပ်ကြည့်နေသူ အားလုံး၏ အကြည့်က လင်းဖန်ထံသို့ ရောက်လာသည်။

လင်းဖန်က အလွန်ရိုးရှင်းစွာ ဝတ်စားထားသည်။ အားလုံးက ၁၀ ဒေါ်လာ ဝန်းကျင်သာ တန်သည့် လမ်းဘေး အဝတ်အစားများဖြစ်သည်။ သို့သော်လည်း လင်းဖန်၏ ကားက သန်းရာကျော်တန်ဖိုးရှိသည့် ပြိုင်ကားကြီး တစ်စီးဖြစ်နေသည်။

အားလုံး၏ ကမ္ဘာကြီးအပေါ် မြင်သော အမြင်များ ပြောင်းလဲသွားခဲ့ရပါသည်။

“ဒါက... တကယ်ကြီး ဒုတိယမျိုးဆက် သူဌေး အစစ်လား။"

ဒုတိယမျိုးဆက် သူဌေးတွေ အကုန်လုံးက နှိမ့်ချပြီး နေတတ်ကြတာလား။

သူကဒီလောက်ထိ ရိုးရှင်းသည့် အဝတ်အစားများကို ဝတ်ထားပြီး ဒီလို တန်ဖိုးကြီး ကားမျိုးကို မောင်းနှင်နိုင်သည်။

ဒါက ယွမ်သန်းတစ်ရာကျော်သည့် ပြိုင်ကားဖြစ်သည်။ ပိုအရေးကြီးတာက လင်းဖန်ကို အားလုံးမြင်လိုက်ရသောအခါ အထူးသဖြင့် မိန်းကလေးများက ကြက်သေသေသွားကြပြီး အသိစိတ်ပင် ပြန်ဝင်မလာကြတော့ပါ။

"ဟာ... ချောလိုက်တာဟယ်..."

"အဆင့်မြင့် Bugatti ကားကြီးကို မောင်းတဲ့ ရုပ်ချောချောလူ တကယ်ရှိတယ်လား။ မြန်မြန် ဓာတ်ပုံရိုက်ကြဟေ့။ ဟိတ် ကျွန်မတို့ ဓာတ်ပုံ အတူတူ ရိုက်လို့ရမလားဟင်။"

"ဟိတ် ဖုန်းနံပါတ် ဘယ်လောက်လဲ။ ကျွန်မ ရှင်နဲ့ ခင်ချင်လို့ပါ..."

"ဒီကားသာ ကျွန်မရဲ့ ယောက်ျား တကယ်ပိုင်တာဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အချောလေး တကယ်တော့လေ ရှင်ကျွန်မရဲ့ ယောက်ျားဖြစ်လာလည်း ကိစ္စမရှိပါဘူး..."

"ဒါသူဌေးတွေရဲ့ ကမ္ဘာများလား။ စျေးထဲမှာ ဘဝအတွေ့အကြုံယူဖို့အတွက် ဒီလောက် ရိုးရှင်းတဲ့ အဝတ်အစားတွေ ဝတ်လာတာလား။ ဧကန္တ အိမ်မှာချက်စားမလို့လား။ ဘုရား ဘုရား... ချက်ပြုတ်တတ်ပြီး Bugatti ကားကြီးကို လက်တစ်ဖက်တည်းနဲ့ မောင်းနိုင်တဲ့ ယောက်ျားတွေက ကြည့်လို့အကောင်းဆုံးပဲတဲ့။"

အင်ဂျင်သံကြီး ဟိန်းထွက်လာပြီး လင်းဖန် Bugatti ကားကြီးကို မောင်းသွားကာ အားလုံး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။

ထိုမိန်းကလေးများ၏ စကားသံများကို နားထောင်ရင် လင်းဖန် ထွက်သာပြေးချင်မိသည်။ နည်းနည်းလောက်သာ ဆက်နေပါက သူ့အပြစ်ကင်းစင်မှုကိုပါ ဆုံးရှုံးသွားနိုင်လောက်သည်။

အမှန်ပင်။ အဓိကက သူချောလွန်းနေသောကြောင့် ဖြစ်ပါသည်။

လင်းဖန် သက်ပြင်းချလိုက်၏။ အရင်တုန်းက သူ့သုံးဘီးဆိုင်ကယ်ကို စီးနေတုန်းကတောင် သူ့ WeChat ကိုမေးသည့် မိန်းကလေးများစွာ ရှိခဲ့သည်။ ယခု Bugatti ကြီးတစ်စီးမောင်းနေပြီ ဖြစ်သဖြင့် အများကြီး ပိုများလာခဲ့ပါသည်။

မီးပွိုင့်နီသောအခါ ကားရပ်သွားသည်။ လင်းဖန်က ကားမှန်တံခါးကို ချလိုက်ပြီး အပြင်ဘက်ကိုကြည့်ကာ လေကောင်းလေသန့်ရှူလိုက်သည်။

လမ်းမပေါ်က ကောင်မလေးများ၏ အော်သံကို ကြားနိုင်ပါသည်။

'သေချာပါတယ် နောက်ထပ် ကောင်မလေး တစ်အုပ်စုကို ညှို့လိုက်မိပြန်ပြီ။’

"မြန်မြန် ဓာတ်ပုံရိုက်ကြဟေ့။ အဲ့ဒီလူက အရမ်းချောတာပဲ။ အခုချိန်ကစပြီး ငါ့ရဲ့ ညှို့အားပြင်းတဲ့ မင်းသားလေး ဖြစ်တော့မယ် ထင်တယ်။"

"အဲ့တာ Bugatti ကြီးမဟုတ်လား။ ဒီလောက် ချောတဲ့လူမျိုး ပြိုင်ကားမောင်းတာ မမြင်ဖူးဘူး။"

"မသွားပါနဲ့ အချောလေး မသွားပါ--"

"တာ့တာ" လင်းဖန် နှုတ်ဆိုက်လိုက်သည်။

လင်းဖန် မိန်းကလေးများကို မကြိုက်တာ မဟုတ်သော်လည်း အဒေါ်ကြီးတွေပါ ပါလာသောကြောင့် ဖြစ်သည်။

လေ့ကျင့်ခန်းအက ကနေကြသည့် အဒေါ်ကြီး တစ်အုပ်က လင်းဖန်နောက် လိုက်လာကြသည်။ တွေးကြည့်ရုံနှင့် လင်းဖန်ကြောက်ရွံ့သွားမိပါသည်။

လှလှပပ၊ ချစ်ဖို့ကောင်းကောင်း၊ ခြေတံ သွယ်သွယ် မိန်းကလေးများသာ ဆိုရင်တော့ ဟင်းဟင်း...

လင်းဖန် လီဗာကို နင်းထွက်သွားသောအခါ အဒေါ်ကြီးများက စိတ်ပျက်လက်ပျက်သာ ကျန်ခဲ့ကြတော့သည်။

လင်းဖန်က သူ့ပြိုင်ကားကြီးကိုမောင်းရင်း ဘုရင်တစ်ပါးလို ခံစားနေရပါသည်။

လမ်းတစ်လျှောက်လုံးမှာလည်း သူ့ဘေးပတ်လည်က ကားများက မီတာ ၂၀ - ၃၀လောက် အကွာအဝေးကသာ မောင်းကြသည်။

မီးပွိုင့်နီသွားသောအခါ ကားပိုင်ရှင်တစ်ယောက်က လင်းဖန်၏ Bugatti ကားနောက်ပိုင်းကို ဝင်တိုက်မိမည်ကို အလွန်ကြောက်သဖြင့် ဆဲဆိုနေမိပါသည်။

လင်းဖန်က သူ့စားသောက်ဆိုင်အထိ မောင်းလာပြီး ကားပါကင်ထိုးဖို့ နေရာတစ်ခုရှာလိုက်၏။

အေးအေးချမ်းချမ်း ဘဝမျိုးနဲ့ နေရတာပိုကောင်းပါသည်။ လင်းဖန် သက်ပြင်းချလိုက်၏။ နောက်ပိုင်း သူဟင်းချက်ပစ္စည်းတွေ သွားဝယ်ချင်ရင်တောင် သုံးဘီးဆိုင်ကယ်ကို ထုတ်စီးရတော့မည်။ မဟုတ်ပါက အဒေါ်ကြီးများ ဝိုင်းတာကို ခံရလိမ့်မည်။

စားသောက်ဆိုင်၏ 'ရသာ ၁၀၀ ဥယျာဥ်' ဟူသည့် နာမည်ကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်၏။

ဒီနေရာမှာသာ သူပျော်ရွှင်မှုကို ခံစားမိသည်။ ဘာပဲဖြစ်ဖြစ် ဒီလုပ်ငန်းက သူ့အတွက် သူ့မိဘများ အမွေပေးထားသော လုပ်ငန်းဖြစ်၏။ ရှန်ဟိုင်းမြို့တွေ ရှင်သန်နိုင်ဖို့ သူ့အရင်းအနှီးဆိုလည်း  မမှားနိုင်ပေ။

ထိုအေးချမ်းသည့် နေ့ရက်များတွင် လုပ်ငန်း အနည်းငယ်သာ ရှိသော်လည်း သူမကိုတော့ အမြဲတမ်း တွေ့နေရပါသည်။ ကြောင်မလေးကို သူတွေ့သောအခါ သူ့ဘဝက အများကြီး ပိုမို စိတ်ဝင်စားဖို့ ကောင်းလာပါသည်။

"အလုပ်လုပ်လိုက်ကြရအောင်" လင်းဖန်က တံခါးကို ဖွင့်ပြီး ဆိုင်ကို စတင်ရှင်းလင်းသည်။ ထို့နောက် ထိုင်ကာ ဖုန်းဖွင့်ရင်း သီချင်းနားထောင်လိုက်၏။

ဒီနေရာကြီးက သိပ်မကောင်းလှပါ။ နေ့ဘက်တွင် ကတ်စတမ်မာ များများစားစားလည်း မရှိပေ။ လင်းဖန်က အလျှင်မလိုပါ။ သူ့မှာ ဘာလုပ်ငန်းမှ မရှိလျှင် ပိုကောင်းမည်။ ဒီတိုင်းဆို ပိုအေးချမ်း၏။

ဘာပဲဖြစ်ဖြစ် သူ့မှာ အခု Sign-in စနစ်ရှိနေပါပြီ။ ကားတစ်စီး၊ အိမ်တစ်လုံးနှင့် စုငွေထဲ ယွမ် ၁၀၀,၀၀၀ ရှိသည်။ လင်းဖန်က ဒီလိုဘဝမျိုးကို မြင်ရတာ အလွန်ဝမ်းသာနေမိပါသည်။

သို့သော်... အေးချမ်းနေသည့် သူ့ဘဝလေး သူမ ပေါ်လာခြင်းကြောင့် အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

တံခါးခေါက်သံကြားလိုက်ရ၏။

လင်းဖန် လှမ်းကြည့်လိုက်သောအခခါ ခြေတံ ဖြူဖြူသွယ်သွယ်လေးကို မြင်လိုက်ရသည်။ ထိုကောင်မလေးက ချစ်ဖို့ကောင်းသော ကြောင်နားရွက်ဦးထုပ်တစ်ခု ဆောင်းထားပြီး ဖန်တံခါးကို ဖြတ်ကာ သူ့ကို ကြည့်နေပါသည်။

All Chapters