မစ္စတာလင်းရဲ့ သဘောထားကြီးမှု
Vol. 1 Ch. 8
အခန်း(၈) မစ္စတာလင်းရဲ့ သဘောထားကြီးမှု
ရှားဝမ်ချွေ့ ပြန်လာသောအခါ သူမကိုစောင့်နေသည့် မန်နေဂျာဖြစ်သူ ယန်ချင်းအား တွေ့လိုက်ရသည်။
"အစ်မယန်" ရှားဝမ်ချွေ့က ဦးထုပ်ကို ချွတ်လိုက်ပြီး သိမ်မွေ့စွာ ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့၏ အခြေအနေကို မြင်ပြီး ယန်ချင်း အနည်းငယ် စိတ်ရှုပ်သွားသည်။
ခုတလော ရှားဝမ်ချွေ့က အချိန်ရှိတိုင်း ပျောက်ပျောက်သွားတတ်သည်။ သူမ ဘယ်ကို ရောက်သွားသလဲ ဆိုတာလည်း ဘယ်သူမှ မသိကြပါ။
"ဝမ်ချွေ့ ညည့်နက်အချိန်ကြီး ဘယ်ကို သွားတာလဲ" ယန်ချင်းက မေးလိုက်သည်။
"လေကောင်းလေသန့် ရဖို့ လမ်းထွက်လျှောက်တာပါ" ရှားဝမ်ချွေ့ သူမ၏ ဦးထုပ်ကို ချွတ်လိုက်သည်။ ပါးပြင်များကလည်း အနည်းငယ် နီရဲနေဆဲဖြစ်ပါသည်။
"လေကောင်းလေသန့် ရှူရုံပဲလား" ယန်ချင်းက မယုံကြည်စွာ မေးလိုက်သည်။
"အင်းလေ လေကောင်းလေသန့် နည်းနည်း ထွက်ရှူတာပါ"ရှားဝမ်ချွေ့က မျက်တောင် တဖျပ်ဖျပ် ခတ်ရင်း ပြန်ဖြေလိုက်ပါသည်။
"ဝမ်ချွေ့ နင့်မျက်နှာက နီနေတယ်။ မကောင်းသတင်းထွက်လာတာနဲ့ ချက်ချင်း Weibo ရဲ့ Trending စာမျက်နှာပေါ် ရောက်သွားမှာ နင်လည်း သိတယ်နော်။ နင့်အလုပ်အပေါ် ထိခိုက်မှုက ကြီးမားလိမ့်မယ်။ နင်က အခု တက်သစ်စပဲရှိသေးတယ်..." ယန်ချင်းက သူမကို ဖျောင်းဖျလိုက်ပါသည်။
"မြောင်~ ဘာမှ မလုပ်ပါဘူး" ရှားဝမ်ချွေ့က ခေါင်းငြိမ့်ကာ လင်းဖန်အကြောင်းကို စဥ်းစားလိုက်မိသည်။ သူမက တိုးတိုးတိတ်တိတ် ခေါက်ဆွဲသွားစားခြင်းသာ ဖြစ်ပြီး ရည်းစားလည်း မဟုတ်ပါ။
ယန်ချင်းက သက်ပြင်းချလိုက်သည်။ သူမ ရှားဝမ်ချွေ့၏ မန်နေဂျာလုပ်လာတာ ၃ နှစ်ရှိပြီ။ ထို ၃ နှစ်လုံးလုံး ရှားဝမ်ချွေ့ ဒီလိုတစ်ခါမှ မပြုမူဖူးပေ။
ငါ့ရတနာလေးကို ဘယ်ဝက်က ခိုးဖို့ ကြိုးစားနေတာလဲ။
...
လင်းဖန်က ရှားဝမ်ချွေ့ကို လိုက်ပို့က မသိမသာဖြင့် သူမ၏ နောက်ကျောပုံကို သိမ်းထားလိုက်ပါသည်။
ထို့နောက် လင်းဖန် သူ့ပြိုင်ကားကြီးဖြင့် ရှော့ပင်းမောလ်သို့ မောင်းလာသည်။
ရှားဝမ်ချွေ့က ဒီကားကြီးက သူ့ကားဆိုတာ တကယ်မယုံကြည်ခဲ့ပေ။
အခုလို မောင်းနေတာကိုသာ မြင်ရင် ရှားဝမ်ချွေ့မျက်နှာ ဘယ်လိုဖြစ်သွားလိုက်မလဲ။
Bugatti ကားအင်ဂျင်သံကို ကြားနေရသည်။ ရှန်ဟိုင်းမြို့ လမ်းမများပေါ်တွင် မောင်းနှင်ရင်း မီးအလင်းရောင်များကလည်း ခမ်းနား လှပ၏။ ပြိုင်ဘက်ကင်းသော ရှုခင်းတစ်ခုကို ဖန်တီးနေသည်။
"ဝိုးး... Bugatti ပြိုင်ကားကြီးပဲ။"
"ဒီပြိုင်ကားကြီးကို ငါမှတ်မိတယ်။ Bugatti La Voiture Noire ကိုမောင်းနေတဲ့လူက ရုပ်ချောချော ကောင်လေးဟဲ့။ မြန်မြန် ဓာတ်ပုံရိုက်ကြစမ်း။"
"တကယ်ကြီးလား။ Bugatti La Voiture Noire ကြီးက ယွမ် သန်း ၁၀၀ ကျော်တန်တဲ့ Limited Edition ပြိုင်ကားကြီးလေ။ ဒါတောင် ပိုင်ရှင်က ရုပ်ချောချော ကောင်လေးတဲ့လား။"
ရှော့ပင်းမောလ်လ်အပေါက်ဝသို့ လင်းဖန် ရောက်လာသောအခါ လုံခြုံရေး အစောင့် နှစ်ယောက်က ချက်ချင်းပဲ သူ့ထံ လာရောက်ကြိုဆိုကြသည်။ သူ့ Bugatti ကားကြီး ပါကင်ထိုးဖို့အတွက် ပါကင်နေရာ နှစ်ခုကိုပင် ရှင်းလင်းထားပေးသည်။
"ဟယ်လို ဆရာ။ ကြိုဆိုပါတယ်" လုံခြုံရေး အစောင့်နှစ်ယောက်က နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။
"ပါကင်နေရာ တစ်ခုလောက်ဆို လုံလောက်ပါပြီဗျာ" လင်းဖန်က ပြောလိုက်သည်။ သန်းရာကျော် တန်ကြေးရှိတယ်ဆိုရင်တောင် သာမန် သူဌေးသားတစ်ယောက်လို မလိုအပ်သည့် ပြည်သူလူထုပိုင် အရင်းအမြစ်များကို မဖြုန်းတီးချင်ပါ။
"ဆရာ ကျေးဇူးပြုပြီး ပါကင်နေရာနှစ်ခုစလုံးကို ယူပြီးထိုးလိုက်ပါ။ ခင်ဗျားရဲ့ ကားကို သေချာ စောင့်ကြည့်ထားပြီး တစ်ပြားတစ်ချပ်မှလည်း မတောင်းပါဘူး" လုံခြုံရေး အစောင့်က ပြောလိုက်သည်။
လင်းဖန်က ခေါင်းငြိမ့်၏။ အမှန်ပင်။ ဒီရှော့ပင်းမောလ်က လုံခြုံရေးက အလွန်ကောင်းသည်။ ကားများကို စောင့်ကြည့်ပေးတတ်သည့် လူများပင် ရှိကြသည်။
လင်းဖန် ရှော့ပင်းမောလ်ထဲသို့ ဝင်သွားသောအခါ လုံခြုံရေး အစောင့်နှစ်ယောက်က လမ်းခွဲကာ ဘေးပတ်လည်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကြသည်။
ဘာလဲဟ။ ဒါက ယွမ် သန်းရာကျော်တန်တဲ့ Limited Edition Bugatti ပြိုင်ကားကြီးလေ။ တစ်ယောက်ယောက်သာ လာပြီး ခြစ်သွားရင် အိမ်တစ်လုံးလုံး ပျောက်သွားနိုင်တယ်။
လုံခြုံရေးအစောင့်နှစ်ယောက် ဘယ်လိုလုပ် ရေသာခိုနေနိုင်တော့မည်နည်း။
ရှော့ပင်းမောလ်ထဲတွင် ပထမထပ်က လက်ကား စျေးတန်းဖြစ်သည်။ စျေးနှုန်းများက အတော်လေး သက်သာ၏။ ထို့အပြင် အထည်တစ်ခုကိုလည်း ယွမ် ဆယ်ကျော်ဝန်းကျင်သာ ကုန်ကျသည်။
ရှော့ပင်းမောလ်တွင် စုစုပေါင်း အထပ် ၈ ထပ်ရှိ၏။ လင်းဖန်က ဓာတ်လှကားဖြင့် ၆ ထပ်မြောက်ကို တက်လာလိုက်သည်။
အဓိကအကြောင်းအရင်းကတော့ လင်းဖန် အခုချမ်းသာနေပြီ ဖြစ်သောကြောင့်သာ။ အနည်းငယ် ပိုသက်တောင့်သက်သာ ရှိသည့် အထည်တချို့ ပြောင်းဝတ်နိုင်ပြီဖြစ်ပြီး သူ့နေထိုမှုဘဝကို အဆင့်မြှင့်တင်ဖို့ ဖုန်းအသစ်တစ်လုံး ဝယ်နိုင်၏။
လင်းဖန် ၆ ထပ်မြောက်သို့ ရောက်သောအခါ အဆင့်အတန်း ပိုမြင့်နေသည်မှာ သိသာထင်ရှားပါသည်။
တဖက်တွင်လည်း ထိုအထပ်က ဆိုင်အကူများက အလွန် အရည်အသွေးရှိကြသည်။ လင်းဖန်ကို ဘယ်လို အထည်မျိုး လိုချင်သလဲဟု ဆက်တိုက် မေးနေ၏။ လင်းဖန်က ဘေးပတ်လည်ကိုသာ လျှောက်ကြည့်လိုက်ပြီး နားလည်အောင် ကြိုးစားနေသည်။ အလောတကြီး ဝယ်ဖို့ မလိုသေးပါ။
၁၀ မိနစ်ကြာလောက် လျှောက်ကြည့်ပြီးသောအခါ လင်းဖန်က ဝတ်စုံကောင်းကောင်း တစ်ခုကို တွေ့သွားပါသည်။"
"ဟယ်လို ဒီကုတ်အင်္ကျီက ဘယ်လောက်လဲဟင်" လင်းဖန်က ကုတ်အင်္ကျီတစ်ထည်ကို မြင်သောအခါ မေးလိုက်ပါသည်။
အရောင်းဝန်ထမ်းက လင်းဖန်ကို ကြည့်လိုက်ပြီး စိတ်ထဲသိပ်မထားသည့် ပုံစံဖြင့် ပြောလိုက်၏။ "ယွမ် ၁,၀၀၀ ကျော်တယ်"
ထို့နောက် အရောင်းဝန်ထမ်းက ဘရန်းဒက် အဝတ်အစားများ ဝတ်ဆင်ထားသော တခြား အမျိုးသမီးတစ်ယောက််ထံသို့ လှည့်ကာ နွေးနွေးထွေးနွေး ကြိုဆိုလိုက်၏။ ကုတ်အင်္ကျီအား လင်းဖန်ကို ဆက်ပြသပေးဖို့ သူမတွင် စိတ်ကူးမရှိတော့ပါ။
"ယွမ် ၁,၀၀၀ ကျော် အတိအကျ ဘယ်လောက်လဲခင်ဗျ" လင်းဖန်က ထပ်မေးသည်။
"ရှင် သွားမထိနဲ့နော်။ ရှင် ဒါကို ညစ်ပတ်အောင် လုပ်မိရင် ပြန်လျော်နိုင်မှာမဟုတ်ဘူး" အရောင်းဝန်ထမ်းက လင်းဖန်ကိုကြည့်လိုက်ပြီး သူမ၏ လေသံက အေးစက်နေ၏။
လင်းဖန် ဘာမှမပြောနိုင်ခင်မှာပင် အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက သဘောမကျဖြစ်သွားရသည်။
"ဟေ့ ဘာလို့အဲ့လိုပြောရတာလဲ။ သူက ကုတ်အင်္ကျီ ဘယ်လောက်လဲလို့ပဲ မေးနေတာလေ။ နင် သေချာ ရှင်းမပြချင်ရင်တောင် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် ယွမ် ၁,၀၀၀ ကျော်တန်တဲ့ ဒီအင်္ကျီကို ဘာလို့ သူက ထိလို့ မရတာလဲ" အနီရောင်ဝတ်စုံဖြင့် အမျိုးသမီးက အပြစ်တင်လိုက်ပါသည်။
"ကောင်လေး သူ့ဆီက အထည်ဝယ်မနေနဲ့တော့။ နင်က အရောင်းဝန်ထမ်းတစ်ယောက်ပဲကို။ နင့်လေသံက ဒီဆိုင်ပိုင်ရှင်ကျနေတာပဲ" အနီရောင် ဝတ်စုံနှင့် အမျိုးသမီးက ဒီလို ဝန်ဆောင်မှုမျိုးကို သဘောမကျတာ သိသာပါသည်။ သူမ လှည့်ပြန်သွား၏။
"ရှင်က ယွမ် ဆယ်ကျော်လောက်ပဲ တန်တဲ့ စျေးပေါပေါ အထည်တွေဝတ်ထားပြီး ဝယ်နိုင်တဲ့ လေသံမျိုးနဲ့ လာမေးနေတယ်။ ဝယ်နိုင်ရင် ဝယ်လိုက်စမ်းပါ" အနက်ရောင် ဝတ်စုံနှင့် အရောင်းဝန်ထမ်းက တီးတိုးပြောလိုက်ပါသည်။
ထိုစကားကို ကြားလိုက်ရသော်လည်း လင်းဖန် လုံးဝ စိတ်မဆိုးပါ။
အရောင်းဝန်ထမ်းများကို အမျိုးအစား များစွာခွဲခြားနိုင်သည်။ အကုန်လုံးတော့ အရည်အသွေး မကောင်းနိုင်ပါဘူး။ စာအုပ်တစ်အုပ်ကို အဖုံးကြည့်ပြီး တန်ဖိုးဖြတ်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ သုံးပြည်ထောင် ခေတ်က လျို့ဘိန်းနှင့် စွန်းချွမ်တို့မှာ ဖန်ထုံကို အထင်သေးခဲ့ကြသည်။
လင်းဖန်က အရောင်းဝန်ထား မှော်လင့်ထားသလို လူစားမျိုးမဟုတ်ပါ။ ချက်ချင်း ဒေါသထွက်သွားပြီး အထည်ကို ပျာပျာသလဲလဲ မဝယ်ပေ။ ဒီလိုဆို ညံ့ဖျင်းလွန်းရာကျမည်။
ထို့အစား ဒီတိုင်းထွက်သွားပြီး ဘာမှ မဖြစ်သလို နေလိုက်၏။
ထိုမြင်ကွင်းကြောင့် လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
"ဟယ် လင်းဖန်လား" လှလှပပ မိန်းကလေး တစ်ဦးက ခေါင်းထောင်ကြည့်လိုက်သည်။ လင်းဖန်ကို မြင်သွားသောအခါ သူမ၏ မျက်နှာတွင် အံ့သြမှုများနှင့် ပြည့်နှက်သွားပြီး သူ့ထံသို့ ခပ်သုတ်သုတ်လေး လျှောက်လာ၏။
"ရှုရှစ်ယင်လား" ကောင်မလေးကို လင်းဖန် မြင်သောအခါ သူမကို ရိုးရိုးသားသား ဖက်လိုက်ပြီး ပြုံးလိုက်၏။ သူနည်းနည်းတော့ အံ့အားသင့်မိသည်။ ရှုရှစ်ယင်က သူ့တက္ကသိုလ် အတန်းဖော်ဖြစ်ပြီး အလှအပပုံစံအားဖြင့် အမှတ် ၉၀ လောက်ရနိုင်သည်။
"လင်းဖန် ဒီမှာ အထည်လာဝယ်တာတောင် ငါ့ကို လာမရှာဘူး။ ငါစိတ်တောင်မကောင်းဘူး။ ငါ့အရောင်းနှုန်းကို တိုးမြှင့်ဖို့ နင့်ကိုအားကိုးလို့ရမလားလို့တောင် ပြောခဲ့တာကို "ဟင်း" ရှုရှစ်ယင်က နှုတ်ခမ်းစူကာ အလွန်စိတ်ဆိုးနေသည့်ပုံပင်။
"တက္ကသိုလ်က ဘွဲ့ရတာ ၃ နှစ်တောင်ကြာပြီလေဟယ်။ ဒီမှာ အရောင်းဝန်ထမ်းလုပ်နေမယ်လို့ ငါမှ ထင်မထားတာ" လင်းဖန်က ပြုံးကာပြောလိုက်၏။
ရှုရှစ်ယင်က ဒေါသထွက်သွား၏။ "နင်ငါ့ကို လုံးဝ သတိမထားမိလို့လေ"
"ဟူး ငါချောနေတာကိုတော့ ဘာမှ လုပ်လို့ မရဘူးလေ" လင်းဖန်က ရယ်မောကာ ပြောလိုက်ပါသည်။
"နင်ကတော့ အရင်အတိုင်း စိတ်ကြီးဝင်တတ်တုန်းပဲ။ ဒါပေမယ့် နင်တော်တော်လေး ချောပါတယ်။ တက္ကသိုလ်မှာတောင် နင့်ကိုကြိုက်တဲ့ ကောင်မလေးတွေ အများကြီးပဲ။ ဆိုကာမှ နင်ကောင်မလေး ရပြီလား" ရှုရှစ်ယင်က လင်းဖန်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။ ၃ နှစ်ကြာပြီးသွားသောအခါ လင်းဖန်က ပို၍ပင် ချောမောလာပါသေးသည်။
"မရသေးပါဘူး" လင်းဖန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ငါဆို ငါ့ကိုစဥ်းစားပေးလေ။ ငါက စျေးကြီးကြီး တင်တောင်းပစ္စည်းတွေ မလိုပါဘူး" ရှုရှစ်ယင်က မသိမသာ ရယ်မောလိုက်သည်။
"မဖြစ်ပါဘူးဟယ်။ ငါ့ကိုအဲ့လိုကောင်များ ထင်နေလား။ ကိုယ့်အတန်းဖော်ကိုယ် မပြစ်မှားဘူး" လင်းဖန်က နောက်လိုက်သည်။ ရှုရှစ်ယင်လည်း နောက်နေတာဆိုတာ သူသိပါသည်။
"ကျွတ် ပျင်းဖို့ ကောင်းလိုက်တဲ့ကောင်" ရှုရှစ်ယင်က ထိုစကားကို ကြားသောအခါ ပခုံးတွန့်သွားသည်။ လင်းဖန်၏ နားအနားကို ကပ်ပြီး သူမ တီးတိုးပြောလိုက်၏။ "ခုနက အရောင်းဝန်ထမ်းက အသစ်လေ။ သူကများ နင့်ကို အနိုင်ကျင့်ရဲတယ်နော်။ တက္ကသိုလ်တုန်းကသာဆို ကောင်မလေး အုပ်လိုက်ကြီး သူ့ကို သေအောင် သွားငေါက်ကြမှာ အမှန်ပဲ။"
"ဟားဟား ဒါပေမယ့် ငါ့လုပ်ပုံမဟုတ်တာလည်း မှန်ပါတယ်" လင်းဖန်က ပြုံးလိုက်သည်။ သူသိပ်ပြီး စိတ်ထဲမထားပါ။ အဆင့်အတန်းနိမ့်သည့် လူတွေကို လိုက်ပြီးဒေါသထွက်နေပါက သူ့စိတ်အခြေအနေ ထိခိုက်ရုံသာရှိမည်။
"အဲ့တော့ ဘာဖြစ်လဲ။ နင်ရုပ်ချောရင် မငတ်ပါဘူးဟယ်။ နင်အဝတ်အစားဝယ်ချင်လို့လား။ ဒီက အထည်တွေက နည်းနည်းစျေးကြီးတယ်။ နင့်အတွက် စျေးနည်းပြီး တတ်နိုင်တဲ့ အထည်တွေ ငါပြပေးမယ်လေ" ရှုရှစ်ယင်က ပြောလိုက်သည်။
"မလိုပါဘူး။ ဒီမှာ နင်ရောင်းတဲ့ အထည်တွေပဲ ဝယ်မယ်။ ငါတို့က အတန်းဖော်ဟောင်းတွေပဲကို။ ငါ့ကိုလျှော့စျေးတော့ ပေးရမယ်နော်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ တက္ကသိုလ် အတန်းဖော်တစ်ယောက်နှင့် အတူတူနောက်ပြောင်ရတာ သိပ်မဆိုးလှပါ။ တကယ်တော့ လင်းဖန်က လျှော့စျေးကိုလည်း သိပ်ပြီး ဂရုမစိုက်ပေ။
"ရတာပေါ့။ ငါနင့်ကို ၂၀ ရာခိုင်နှုန်း လျှော့စျေးပေးမယ်။ ဒါပေမယ့် နည်းနည်းတော့ စျေးကြီးတယ်ဟ။ဒီမှာကြည့် ဒီတစ်ထည်က ၁,၁၃၅ ယွမ်၊ ဒီတစ်ထည်က ၂,၄၅၉ ယွမ်တန်တယ်။ တစ်ထည်နှစ်ထည်လောက် ဝယ်လိုက်တာနဲ့ တစ်လစာ ဝင်ငွေ ပြောင်သွားမှာနော်" ရှုရှစ်ယင်က ပြောလိုက်သည်။
"၂၀ ရာခိုင်နှုန်း လျှော့စျေး ဟုတ်လား။ ဒါဆိုရင်တော့ ကောင်းကောင်း အားပေးရမှာပေါ့။ ဒီအတန်းက အထည်တွေ အကုန်လုံး ဝယ်မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"အေး နေပါဦး... ဘာပြောလိုက်တယ်။ ဒီတစ်တန်းလုံး ဟုတ်လား" ရှုရှစ်ယင် ကြက်သေသေသွားရသည်။
လင်းဖန် သူမကို သတ်နေခြင်း မဟုတ်ပေ။ သူမကို ကူညီပေးနေခြင်းသာ ဖြစ်သည်။
"ဒီအတန်းမှာ စုစုပေါင်း အထည် ၅၃ ထည်တောင် ရှိတယ်နော်။ စုစုပေါင်းဆို ၁၂၀,၀၀၀ ယွမ်ကျမှာ။ လျှော့စျေးနဲ့ဆို ယွမ် ၉၆,၀၀၀။ နင် တကယ် ဝယ်ချင်တာလား။ ရှုရှစ်ယင်က အနည်းငယ် အံ့အားသင့်စွာဖြင့် မေးလိုက်ပါသည်။
လင်းဖန်၏ မိသားစုနောက်ခံကို သူမ သိထားသည်။ သူက သာမန်ရွာကလေး တစ်ရွာကဖြစ်ပြီး သူ့မိသားစုက အလုပ်ကြမ်း လုပ်ရသည်။ ကျောင်းတွင်လည်း လင်းဖန်က ဆင်းရဲသော မိသားစု တစ်ခုက ဖြစ်၏။ ရှန်ဟိုင်းမှာ ၃ နှစ်လောက် အလုပ်လုပ်ပြီး လင်းဖန် ပိုက်ဆံတွေ အများကြီး ရသွားတာများလား။
တစ်ခါတည်းနဲ့ ယွမ် သိန်းကျော်တန်တဲ့ အထည်တွေကို ဝယ်သွားသည်။ ဒါမျိုးက သာမန် သူဌေးသားတစ်ယောက် ပြုမူသည့် ပုံစံမျိုးပင်။
ဒုတိယမျိုးဆက်က သူဌေးသားများနှင့် သူမယှဥ်နိုင်သော်လည်း လင်းဖန်၏ မျက်လုံးထဲမှာတော့ တစ်ခါတည်းနှင့် အဝတ်အစား ယွမ် သိန်းချီဖိုး ဝယ်နိုင်သည့် လူများမှာ ပိုင်ဆိုင်မှု အနည်းဆုံး ယွမ် ၁ သန်း ၂ သန်းရှိသူများဖြစ်ကြသည်။
လင်းဖန် တက္ကသိုလ်က ဘွဲ့ရတာ ၃ နှစ်သာ ရှိသေးသည်။ ဘယ်လိုလုပ် ယွမ် ၁ သန်း ၂သန်း ရှာနိုင်ခဲ့တာလဲ။
"အင်း ငါ့ကတ်နဲ့ ရှင်းမယ်နော်" လင်းဖန်က သူ့ဘဏ်ကတ်ကို ထုတ်လိုက်သည်။ ပိုက်ဆံကိစ္စကို သူတကယ် စိတ်မပူပါ။ ဘဝမှာ ပျော်ပျော်နေတတ်ဖို့သာ အရေးကြီး၏။
"ဝိုး... လင်းဖန် နင်ကြီးပွားနေတာလား။ ငါ့ကိုလည်း တွဲခေါ်ပေးပါဦး" ရှုရှစ်ယင်က လင်းဖန်ကို မျှော်လင့်ချက်ကြီးသော မျက်နှာဖြင့် ကြည့်နေသည်။
"ငါကြီးပွားနေတယ်ဆိုတာလောက်အထိတော့ မပြောနိုင်ပါဘူး။ ပိုက်ဆံနည်းနည်း ရထားရုံပါဟာ" လင်းဖန်က ရယ်မောလိုက်၏။
"ဒါက ဘယ်လိုလုပ် ပိုက်ဆံနည်းနည်းဖြစ်မှာလဲ။ လင်းဖန် နင်ငါ့ကို အများကြီး ကူညီသွားတာပဲ။ ဒီလအတွက် ငါ့လစာနှင့် ကော်မရှင်ခက ယွမ် ၂၀,၀၀၀ တောင် ကျော်သွားနိုင်တယ်။ ငါ့မောင်ကို ရောဂါကုပေးနိုင်တော့မယ်" ရှုရှစ်ယင်က ပရိတ်သတ်ကောင်မလေး တစ်ယောက်လို လင်းဖန်၏ ရင်ဘတ်ထဲ တိုးဝင်ကာ ဖက်ထားလိုက်သည်။
"ဒါနင့်အတွက်ဆု ဆုပေးတာ" ရှုရှစ်ယင်က ရှက်သွေးဖြာသွားပြီး လင်းဖန်၏ အဝတ်အစားများကို ထုတ်ပိုးဖို့ ကူညီပေးလိုက်၏။
"ငါအသားယူခံလိုက်ရတယ်လို့ ဘာလို့ ခံစားမိနေပါလိမ့်" လင်းဖန်က ခြေတစ်လှမ်းနောက်ဆုတ်ကာ ပြောလိုက်ပါသည်။
"ဖွီး အရှက်မရှိတဲ့ကောင်!" ရှုရှစ်ယင်က အထည်များကို ထုတ်ပိုးရင်း ငေါက်လိုက်သည်။ သူမ၏ ပါးများလည်း ပန်းရောင် သန်းနေပါပြီ။
လင်းဖန်နှင့် ရှုရှစ်ယင်တို့၏ လုပ်ရပ်များက ရှော့ပင်းမောလ်ထဲက လူများစွာကို ကြက်သေသေသွားစေခဲ့သည်။
ချမ်းသာတဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေကလွဲပြီး ဘယ်သူက အထည်တွေကို အတန်းလိုက် ဝယ်မှာလဲ။
"ဝိုး... အဲ့ဒီညီလေးကို ကြည့်ပါဦး။ အဲ့ဒီဆိုင်က အထည် အတန်းလိုက်ကြီး ဝယ်သွားတယ်။ သိန်းချီပြီးတန်မှာ ငါပြောရဲတယ်"
"လခွမ်း ခုနက ပိုပြီးတက်တက်ကြွကြွနဲ့ သူ့ကို ငါ့ဆိုင်မှာ အထည်လာဝယ်ခိုင်းလိုက်ရမှာ။ ဘာလို့ ငါ့ဆီလာအောင် မလုပ်ခဲ့မိပါလိမ့်"
"ကောင်လေးက တကယ်ကြီး ဒုတိယ မျိုးဆက် သူဌေးသားလေးပဲ။ တစ်ခါတည်းနဲ့ အဝတ်အစား သိန်းကျော်ဖိုး ဝယ်သွားတယ် ငါအံ့သြလိုက်တာ"
"မနာလိုလိုက်တာဟယ်။ ရှုရှစ်ယင်တော့ ဒီလ ကော်မရှင်ခတွေ အများကြီးရပြီ။ ဒါပေမယ့် အဲ့ဒီကောင်လေးက ဒီလောက်ချောပြီး ချမ်းသာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ"
အရောင်းဝန်ထမ်းများစွာက မနာလိုသော မျက်နှာထားများဖြစ်သွားကြသည်။ အထည်များစွာကို တစ်ခါတည်းရောင်းလိုက်ရပြီး ရှုရှစ်ယင်က ရွှေတံဆိပ် အရောင်းဝန်ထမ်းအဖြစ် ရာထူးတိုးနိုင်ရုံသာမကဘဲ သူမ၏ အခြေခံလစာက ပို၍ပင် မြင့်သွားနိုင်သည်။ ထို့အပြင် ကော်မရှင်ခလည်း အများကြီး ရနိုင်၏။
အရောင်းဝန်ထမ်း တစ်ယောက်အနေဖြင့် သူဌေးတစ်ယောက်ကို တွေ့ရခြင်းက အပျော်ရွှင်ဆုံး ဖြစ်နိုင်ပါသည်။
တဖက်တွင် လင်းဖန်ကို အထင်သေးခဲ့သည့် အနက်ရောင်ဝတ်စုံဖြင့် အရောင်းဝန်ထမ်း၏ မျက်နှာက မှောင်မိုက်သွားရသည်။
စောစောကတည်းကသာ သူမသိခဲ့လျှင်... လင်းဖန်ကို သေသေချာချာလေး ကြိုဆိုခဲ့မည်ဖြစ်သည်။ မောင်းထုတ်ခဲ့မည် မဟုတ်ပါ။
အရောင်းဝန်ထမ်းက နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ဘာတတ်နိုင်ဦးမည်နည်း။ အစကတည်းက သူ့ကိုသာ နွေးနွေးထွေးထွေး ဆက်ဆံခဲ့ပါက လင်းဖန် သူမထံကပင် အထည်များ ဝယ်သွားနိုင်သည်။
"ငါအထည်တွေ ထည့်ပြီးပြီ။ သွားတော့မယ်နော်။ နောက်မှတွေ့မယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟင် ဒီတိုင်းပဲပြန်တော့မလို့လား" ရှုရှစ်ယင်က အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း ရွေးချယ်စရာမရှိပါ။
"နင်ငါ့ကို အများကြီး ကူညီပေးသွားတာပဲ။ နောက်နေ့ကျရင် နင့်ကို တစ်ခုခုဝယ်ကျွေးမယ်" ရှုရှစ်ယင်က သတ္တိမွေးကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်၏ အကူအညီကြောင့် သူမမောင်ကို ဆေးကုပေးဖို့ ပိုက်ဆံပိုရနိုင်ပြီ မဟုတ်ပါလား။
"ငါတို့က အတန်းဖော်ဟောင်းတွေပဲဟာကို။ နင့်ဆီက အထည်မဝယ်ရင်တောင် တခြားနေရာမှာ သွားဝယ်မှာပဲလေ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"ဟင်း နင့်ကို ဝယ်ကျွေးပါ့မယ်ဆိုတာတောင် သဘောမတူဘူးလား" ရှုရှစ်ယင်က ခါးပေါ်တွင် လက်ထောက်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။ တုံးလိုက်တဲ့ကောင်။
သို့သော်လည်း ကောင်းတော့ ကောင်းပါသည်။ တက္ကသိုလ်တုန်က လင်းဖန်သာ ငတုံးမဟုတ်ပါက နေ့တိုင်း ကောင်မလေး ပြောင်းနိုင်သည်။
တဖက်တွင်တော့ သူမက ရည်းစားတစ်ခါမှ မထားဖူးသည့် လင်းဖန်နှင့် စကားပြောရတာ ပိုသက်တောင့်သက်သာ ရှိပါသည်။ ဘာပဲဖြစ်ဖြစ် သူဘယ်လောက်ပဲ ရုပ်ချောပါစေ အရေးအကြီးဆုံးက သူ့စရိုက်ပဲဖြစ်သည်။
"အေးပါအေးပါ အတန်းဖော်နှစ်ယောက်ကြားက ကျွေးမွေးပြုစုပွဲပေါ့" လင်းဖန် ပြောလိုက်ပြီး ထွက်ဿွားပါတော့သည်။ သူကျေနပ်နေပြီး နောက်ဆုံးတော့ ယွမ် ၁၀၀,၀၀၀ ကိုသုံးနိုင်ခဲ့ပါပြီ။
လင်းဖန်၏ နောက်ကျောကို ကြည့်ရင်း ရှုရှစ်ယင် ပြုံးလိုက််၏။
ဘွဲ့ရပြီးနောက် လင်းဖန်ဘယ်ပျောက်သွားသလဲ သူမလိုက်ရှာခဲ့သည်။ သူ ရှန်ဟိုင်းမြို့မှာ ရှိတယ်ဆိုတာသာ သိ၏။
သို့သော်လည်း နောက်ဆုံးတော့ ဒီနေ့ လင်းဖန်ကို ရှာတွေ့ခဲ့ပါပြီ။ ဟင်း။ ဒီငတုံးကောင် ဘယ်ထပ်ပြေးနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့။ ထို့အပြင် လင်းဖန်က ပိုပိုပြီး ချောလာသည်။ ကောင်မလေးတောင် မရှိသေးပေ။
ရှုရှစ်ယင်က ချိုမြိန်စွာ ပြုံးလိုက်သည်။ လင်းဖန်က ရုပ်ချောပြီး ချမ်းသာသည်။ ထို့အပြင် နှိမ့်ချပြီးလည်း နေတတ်၏။ ဒီလိုစရိုက်မျိုးနဲ့သာဆို သာမန်ဒုတိယမျိုးဆက် သူဌေးသားများထက် အများကြီး ပိုသာနိုင်ပါည်။
အထည်က ၅၀ ကျော်သဖြင့် လင်းဖန် သယ်မသွားနိုင်ပါ။ မန်နေဂျာကို လိပ်စာပေးကာ သူနေသည့် နေရာသို့ အထည်များကို ပို့ခိုင်းလိုက်၏။
"မစ္စတာလင်း။ ဒီအထည်တွေကို ၅၈၃ ဖန်းတျဲ့လမ်း၊ လှိုင်းပြာပင်လယ်အော်အိမ်ရာက နှလုံးသား ရေကန်ဗီလာကို ပို့ပေးရမှာ သေချာရဲ့လားဗျ" မန်နေဂျာက မေးလိုက်သည်။
"ပြဿနာရှိလို့လားဗျ" လင်းဖန်က ပြန်မေးလိုက်သည်။
"မရှိပါဘူး မစ္စတာလင်း။ သေချာပေါက် အချိန်မှီ ပို့ပေးလိုက်ပါ့မယ်။ ပလက်တီနမ် မန်ဘာဝင်ကတ်လည်း ပို့ပေးလိုက်ပါ့မယ်။ နောက်ပိုင်း ကျွန်တော်တို့ဆီမှာ အထည်လာဝယ်ရင် အကောင်းဆုံး စျေးကို ရနိုင်မှာပါ" မန်နေဂျာက အနည်းငယ် ဦးညွှတ်လိုက်ပါသည်။
လင်းဖန်ထွက်သွားပြီးနောက် အနက်ရောင်ဝတ်စုံဖြင့် အရောင်းဝန်ထမ်းက မန်နေဂျာကို ကြည့်ကာ မေးလိုက်သည်။ "မနနေဂျာ ပလက်တီနမ် မန်ဘာဝင်ကတ်က ကတ်စတမ်မာတွေ ယွမ် ၂၀၀,၀၀၀ ကျော်သုံးမှ ပေးရတာမဟုတ်ဘူးလား။"
မန်နေဂျာ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်တချို့ ရှိနေပြီး အနက်ရောင် ဝတ်စုံဖြင့် အရောင်းဝန်ထမ်းကို သူစိုက်ကြည့်လိုက်သည်။ "နင်ဘာသိလို့လဲ"
"၅၈၃ ဖန်းတျဲ့လမ်းက လှိုင်းပြာပင်လယ်အော်ကို သိလား။ အဲ့တာ ရှန်ဟိုင်းမြို့မှာ အဆင့်မြင့်နယ်မြေတစ်ခုပဲ။ အဲ့ဒီက အိမ်ပိုင်ရှင်တွေနေတဲ့ အိမ်ရာမြေတွေဆိုတာ သန်း ၂၀ အောက်မနည်းဘူး။"
"ပြီးတော့ လှိုင်းပြာပင်လယ်အော်က နှလုံးသား ရေကန် ဗီလာကြီးကို သိလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက အမည်မသိ သူဌေးတစ်ယောက်ကနေ ၂၀၀ မီလီယံနဲ့ ဝယ်သွားတယ်"
"အဲ့ဒီသူဌေးဆိုတာ မစ္စတာလင်းပဲ၊ သူဝယ်ထားတဲ့ အိမ်က ၂၀၀ မီလီယံတန်တယ်။ ဒီလို ၂၀၀ မီလီယံတန်တဲ့ အိမ်ကို ဝယ်နိုင်မှတော့ သူ့ပိုင်ဆိုင်မှုက ၁ ဘီလီယံ ကျော်နေလို့ပေါ့။" လင်းဖန်လို သူဌေးကြီးမျိုးက ဒီလိုရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားလိမ့်မည်ဟု မန်နေဂျာ မထင်ခဲ့မိပါ။
သူအရမ်းချမ်းသာနေရင်တောင် ယွမ် ၁၀,၀၀၀ ကျော်တန်သည့် ဘရန်းဒက် အဝတ်အစားများကို မဝယ်ပါ။ ဝတ်လို့ရရင်ပဲ အဆင်ပြေပါပြီ။
"၁ ဘီလီယံ... ပိုင်ဆိုင်မှု ဟုတ်လား" အနက်ရောင်ဝတ်စုံနှင့် အရောင်းဝန်ထမ်းက ပို၍ပင် နောင်တရသွားလေသည်။ သူမ တကယ်ကြီး လင်းဖန်ကို အထင်သေးခဲ့မိ၏။ ကံကောင်းစွာဖြင့် သူမကို အပြစ်တင်မသွားပါ။ မဟုတ်ပါက သူမ အလုပ်တော့...
မန်နေဂျာက အနက်ရောင်ဝတ်စုံနှင့် ဝန်ထမ်းကို ကြည့်ကာာ ပြောလိုက်သည်။ "မစ္စတာလင်းက နင့်လိုလူမျိုးနဲ့ ပြဿနာမဖြစ်ချင်လို့ တိုင်မသွားတာ။ ဒါက မစ္စတာလင်းရဲ့ သဘောထားကြီးမှုပဲ"
"ဒါပေမယ့် နင်က စာအုပ်တစ်အုပ်ကို အဖုံးကြည့် တန်ဖိုးဖြတ်ပြီး ကုမ္ပဏီအတွက် ဖောက်သည် ကြီးကြီးမားမား တစ်ယောက်ကိုတောင် စော်ကားမိတော့မလို့။ ရှုရှစ်ယင်သာ မစ္စတာလင်းနဲ့ မသိရင် အကျိုးဆက်တွေက စဥ်းစားကြည့်လို့တောင်မရဘူး။"
"အခု ငါပြောမယ်..."
"နင့်ကို အလုပ်ထုတ်လိုက်ပြီ။"