← Chapters

လင်းဖန်က ချမ်းသာလွန်းတယ်

Vol. 1 Ch. 10

လင်းဖန်က ချမ်းသာလွန်းတယ်

Vol. 1 Ch. 10

အခန်း(၁၀) လင်းဖန်က ချမ်းသာလွန်းတယ်

ရှားရန်ရန်က ရုပ်ချောချော ကောင်လေးများနှင့် ငွေကို သဘောကျသော်လည်း သူမနှင့် လင်းဖန်တို့အကြားက ကွာခြားချက်ကို သူမသိသည်။

လင်းဖန်သာ စဖွင့်မပြောပါက သူမ ဘယ်လိုလုပ်ပြီး ပြောရဲမည်နည်း။

"ဒီလောက် ချမ်းသာပြီး ချောမောတဲ့ ယောက်ျားလေးကို ငါဖြားယောင်းလို့မဖြစ်ဘူး။ မဟုတ်ရင် ငါအရှက်မရှိရာ ကျလွန်းလိမ့်မယ်။ သူက ငါ့ကို သိုက်တူးသမားလို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ။" ရှားရန်ရန်တစ်ယောက် အနည်းငယ် ဒုက္ခများနေပါသည်။

သို့သော်လည်း သူမ သဘောကျသည့် လူတစ်ယောက်ကို တွေ့ရင်တော့ လှုပ်ရှားသင့်သည်။

အချိန်အကြာကြီး တွန့်ဆုတ်ပြီးနောက်တွင် ရှားရန်ရန် လက်လျှော့လိုက်ပါတော့သည်။ သူမက သိုက်တူးသမား မဟုတ်ပါ။ ပိုက်ဆံရှိရုံနှင့် သူများကို တွယ်ကပ်တတ်သူ မဟုတ်ပေ။

တစ်နေ့ကျရင်တော့ လင်းဖန်က သူမ၏ အလှတရားကို နားလည်ပြီး သူမကို ဦးစွာ ပိုးပန်းလာနိုင်ပါသည်။

အမှန်ပင်။ လင်းဖန်က ဒီလိုလူမျိုး မဟုတ်ပါ။ သို့သော် စာရေးဆရာသာဆိုရင် အဟမ်း...

...

လှိုင်းပြာပင်လယ်အော်အိမ်ရာဝင်ပေါက်တွင်။

ရှုရှစ်ယင်က အိတ်များစွာကို သယ်ဆောင်ရင်း အိမ်ရာဝင်ပေါက်သို့ ရောက်လာခဲ့၏။

သူမက အနည်းငယ် စိတ်လှုပ်ရှားနေပြီး၊ ရှက်လည်းရှက်၊ တွေလည်း တွေဝေနေ၏။

တကယ်ပဲ လှိုင်းပြာပင်လယ်အော်ကို ပို့ပေးရမှာလား။

သို့သော်လည်း ဒီပတ်ဝန်းကျင်ကြီးက ခမ်းနားလွန်းသည်။ မဟုတ်မှလွဲရော လင်းဖန်က ဒီလိုနေရာမျိုးမှာ နေထိုင်တာလား။

ရှုရှစ်ယင်၏ မိသားစုက ရွာတစ်ရွာမှဖြစ်ပြီး ပိုက်ဆံလည်း သိပ်မချမ်းသာပါ။ ထို့ကြောင့် သူမသည် အလွန်စာကြိုးစားခဲ့၏။ သို့သော်လည်း ပိုက်ဆံရှာဖို့က မလွယ်ကူပါ။ သူမ၏ မောင်လေး နာမကျန်းဖြစ်သွားသောအခါ သူမ အလုပ်တစ်ခု အမြန်ရှာဖွေခဲ့ပြီး အလုပ်စလုပ်ခဲ့၏။

ရှုရှစ်ယင်က မန်နေဂျာ ပေးထားသည့် လိပ်စာကတ်ကို ကြည့်လိုက်သည်။ "၅၈၃ ဖန်းတျဲ့လမ်း၊ လှိုင်းပြာပင်လယ်အော်အိမ်ရာ၊ နှလုံးသားရေကန်ဗီလာ၊ ပိုင်ရှင် လင်းဖန်..."

"နှလုံးသားရေကန်ဗီလာဟုတ်လား။ လင်းဖန်က ဗီလာမှာ နေတာလား" ရှုရှစ်ယင်က ခေါင်းကုတ်လိုက်မိသည်။ လင်းဖန်၏ မိသားစု နောက်ခံအကြောင်း သူမ သိသည်။

သို့သော်လည်း လင်းဖန် ဘွဲ့ရတာ ၃ နှစ်သာ ရှိသေးသော်လည်း ဗီလာတစ်လုံးမှာတောင် နေနိုင်နေပြီလား။

သူမ ဖုန်းကို ဖွင့်လိုက်ပြီး နှလုံးသား ရေကန် ဗီလာအကြောင်း ရှာကြည့်လိုက်၏။ ရှုရှစ်ယင် ကြက်သေသေသွားရသည်။

လှိုင်းပြာပင်လယ်အော်အိမ်ရာက နှလုံးသားရေကန်ဗီလာကို အမည်မသိ သူဌေးကြီး တစ်ယောက်က ယွမ် ၂၀၀ မီလီယံနဲ့ ဝယ်သွားတယ်တဲ့...။

အဲ့ဒီအမည်မသိ သူဌေးကြီးဆိုတာ လင်းဖန်များလား။

ရှုရှစ်ယင်က တံခါးနားတွင် ရပ်လိုက်သည်။ ဝင်လည်း မဝင်ရဲပါ။ သူမ အမှားလုပ်မိမည်ကို စိုးရိမ်နေ၏။ ငယ်စဥ်ကတည်းက ရိုးရိုးရှင်းရှင်းဘဝနှင့် နေခဲ့ရသည့် သူမက အဆင့်မြင့် စားသောက်ဆိုင်များထဲကိုပင် မဝင်ရဲပါ။

ဝင်ပေါက်နားက လုံခြုံရေးအစောင့်က ဝင်ပေါက်နားတွင် လှပသည့် မိန်းကလေးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမက ငယ်ရွယ်တက်ကြွပြီး၊ ခန္ဓာကိုယ် လှပ၏။ သို့သော် ထိုနေရာတွင် အနည်းငယ် စိတ်လှုပ်ရှားနေသည့် ပုံစံမျိုးဖြင့်သာ ရပ်နေပါသည်။

"ဟယ်လို မိန်းမလှလေး။ ဒီမှာ တစ်ယောက်ယောက်ကို လာရှာတာလား" လုံခြုံရေးအစောင့် တစ်ယောက်က လျှောက်လာပြီး ရှုရှစ်ယင်ကို မေးလိုက်ပါသည်။

ဘယ်သူက မိန်းမလှလေးတွေကို မကြိုက်ဘဲ နေမည်နည်း။ ထိုလုံခြုံရေး အစောင့်များကတောင် ကြိုက်ကြသည်။ မျက်စိကျစရာ ဖြစ်၏။

"အမ် ဒီမှာ လင်းဖန်နေလားဟင်" ရှုရှစ်ယင်၏ နူးညံ့သည့် အသံက ထွက်လာ၏။ သူမ အကျယ်ကြီးလည်း မပြောရဲပါ။ သူမသည် ကမ္ဘာကြီးကို မမြင်ဖူးဘဲ ရှန်ဟိုင်းမြို့တွင် စတုရန်း ၁၀ မီတာသာ ကျယ်ဝန်းသည့် အိမ်သေးသေးလေး တစ်လုံးကို ငှားရမ်းနေထိုင်နေသူဖြစ်သည်။ သူမ၏ မောင်အတွက် ငွေပိုရှာချင်နေ၏။

"ညီလေးလင်းလား။ ရှိပါတယ်။ ညီလေးလင်းကို ဘာလို့တွေ့ချင်တာလဲ" လင်းဖန်ဟု ကြားလိုက်ရသောအခါ လုံခြုံရေးအစောင့်က ချက်ချင်း သတင်းပို့လိုက်၏။

ရက်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း လင်းဖန်၏ ကားနောက်ခုံတွင် မိန်းကလေး လှလှပပ တစ်ယောက်မှ သူ မတွေ့ဖူးသေးပါ။

ဒီနေ့တော့ တစ်ယောက် အိမ်ရှေ့ထိ ရောက်လာလေပြီ။

မဟုတ်မှလွဲရော သူက လင်းဖန်ရဲ့ ကောင်မလေးလား။ ဒီလိုသာဆို သူတို့ ပေါ့ပေါ့တန်တန် လုပ်လို့ မဖြစ်တော့ပါ။

"သူက တကယ် ဒီမှာနေတာပေါ့... အဲ့ဒီ ၂၀၀ မီလီယံယွမ် တန်တဲ့ နှလုံးသားရေကန်ဗီလာကြီးမှာလား" ရှုရှစ်ယင်က စပ်စုတတ်သော ကလေးတစ်ယောက်လို မျက်လုံးပြူးပြုးဖြင့် မော့ကြည့်လိုက်သည်။

"ဒါပေါ့ ညီလေးလင်းက ငါတို့အိမ်ရာရဲ့ တန်ဖိုးအကြီးဆုံး ဗီလာကြီးမှာ နေတာလေ။ မီလီယံ ရာကျော်တန်ဖိုးရှိတဲ့ ပြိုင်ကားတစ်စီးတောင် စီးနိုင်တယ်။" လုံခြုံရေးအစောင့်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပါသည်။ ထိုလုံခြုံရေးအစောင့်တွေကလည်း အခွင့်အရေးရရင် ရသလို ကြွားဝါတတ်ပါသေးသည်။

"သန်းရာကျော်တန်တဲ့ ပြိုင်ကားဟုတ်လား" ရှုရှစ်ယင်က မယုံကြည်နိုင်စွာ မျက်တောင်ခတ်လိုက်မိသည်။

မီလီယံ... ရာကျော်တယ်တဲ့။

သာမန်လူတွေဆို ဘယ်တော့မှ ဒီလိုငွေပမာဏမျိုး မရနိုင်ပါ။

သူမ ဘယ်လောက်ပဲ တုံးအပါစေ၊ ပြိုင်ကားတစ်ကားနဲ့ မီလီယံရာကျော် တန်ဖိုးရှိတဲ့ ဗီလာတစ်လုံးကို ပိုင်ဆိုင်ထားတာ ဘာအဓိပ္ပာယ်မှန်း သူမ သိပါသည်။ လင်းဖန် ဘယ်တုန်းက ဒီလောက်ထိ ချမ်းသာလာတာလဲ။

"မင်းက ညီလေးလင်းရဲ့ ကောင်မလေးလား။ ညီလေးလင်းက အမြဲတမ်း နှိမ့်ချပြီး နေတတ်တာလေ။ ဒီနေ့လည်း သုံးဘီးဆိုင်ကယ် စီးသွားတယ်။ ငါတို့အိမ်ရာထဲမှာ ဘဝင်မြင့်ပြီး အထက်စီးဆန်တဲ့ သူဌေးတွေ ရှိကြတယ်။ သူတို့တွေက သူတို့ချမ်းသာတယ်ဆိုပြီး သူများတွေကို အနိုင်ကျင့်ကြတယ်။ ညီလေးလင်းလို လူမျိုးက ရှားတယ်ကွ" လုံခြုံရေးအစောင့်က သက်ပြင်းချလိုက်ပါသည်။

ရှုရှစ်ယင်က ကောင်မလေး ဟူသည့် စကားလုံးကို ကြားလိုက်ရသောအခါ ရှက်သွေးဖြာသွားသည်။ သူမ အမြန်ခေါင်းငုံ့လိုက်ပြီး ခေါင်းခါလိုက်ပါသည်။ "ကျွန်မက သူ့ကောင်မလေး မဟုတ်ပါဘူး။ အတန်းဖော်တွေပါ..."

သူမဘက်က လင်းဖန်ကို စပြီး ပိုးပန်းချင်ခဲ့မိသည်။ ပိုက်ဆံကြောင့် မဟုတ်ပါ။ လင်းဖန်က လူကောင်းဖြစ်ပြီး အလွန်ချောမောသောကြောင့်ဖြစ်သည်။

သူမသာ သိုက်တူးသမားဆိုပါက အလုပ်လုပ်မည်မဟုတ်ပေ။ သူမသည် အရောင်းဝန်ထမ်းတစ်ဦး ဖြစ်သောကြောင့် ကတ်စတမ်မာများကို သည်းခံရသည်သာ မကဘဲ မန်နေဂျာ၏ ဆူငေါက်ခြင်းကိုလည်း သည်းခံရပါသည်။ ဒါမျိုးက ဖြစ်တတ်ပါသည်။ မိန်းမတစ်ယောက်သာ ဆိုးရွားချင်လာလျှင် ငွေရှာဖို့ အလွန် လွယ်ကူပါသည်။

သို့သော်လည်း ယခု လင်းဖန်၏ အဆင့်အတန်းကို ကြည့်ရင်း သူမ ဘယ်လိုလုပ်ပြီး တွေးဝံ့နိုင်ပါတော့မည်နည်း။

တကယ်တော့ လင်းဖန်ကိုပင် သူမ မတွေ့ရဲတော့ပါ။ ပစ္စည်းများကို အောက်ချခဲ့ပြီး ထွက်သွားချင်မိပါသည်။

လုံခြုံရေးအစောင့်က ဒါကိုကြားသောအခါ ပြုံးကာ ပြန်ပြောလိုက်သည်။ "ဒါဆိုရင်တော့ မြန်မြန်လှုပ်ရှားမှဖြစ်မယ်နော်။ ညီလေးလင်းက အရမ်းတော်လွန်းပြီး အခုထိ တစ်ကိုယ်တည်းသမား ဖြစ်နေတုန်းပဲ။ နေ့တိုင်း ကောင်မလေးတွေ ပြောင်းနေတဲ့ ဒုတိယမျိုးဆက် သူဌေးသားတွေလို မဟုတ်ဘူး။"

"ရှင်ထင်သလိုမဟုတ်ပါဘူး။ လင်းဖန်ဆီ ဒီပစ္စည်းတွေ ပို့ပေးဖို့ ကူညီပေးပါဦး။ ကျွန်မ ပြန်နှင့်တော့မယ်။" ရှုရှစ်ယင်က ပစ္စည်းများကို ပစ်ချကာ ထွက်သွားချင်နေသည်။

ထိုအချိန်တွင် ကားအင်ဂျင်အသံတစ်ခု ထွက်လာပြီး အနက်ရောင် ခပ်လန်းလန်း ပြိုင်ကားတစ်စီး မောင်းနှင်လာ၏။

Bugatti La Voiture Noire ကားကြီး ဖြစ်သည်။

Bugatti ကားကြီး အိမ်ရာဝင်ပေါက်တွင်င် တိခနဲ ရပ်တန့်လိုက်သောအခါ အချိန်များ ရပ်တန့် သွားသလိုပင် ခံစားလိုက်ရသည်။

ကားတံခါးက အလိုလျောက်ပွင့်လာပြီး လင်းဖန် ထွက်လာခဲ့သည်။

ရှုရှစ်ယင်ကို မြင်သောအခါ လင်းဖန် မျက်လုံးများ ဝိုင်းစက်သွား၏။

မနေ့က သူဝယ်ခဲ့သည့် အထည် ၅၀ ကျော်ကို ရှုရှစ်ယင် လာပို့ခြင်းဖြစ်သည်။

"ရှုရှစ်ယင်လား" ရှုရှစ်ယင်ကို မြင်သောအခါ လင်းဖန် ပြုံးပြလိုက်၏။ ဘာပဲဖြစ်ဖြစ် သူတို့က အတန်းဖော်ဟောင်းများဖြစ်ကြပြီး သူမကို မြင်ရဖို့က ရှားပါသည်။

"နင်လာမယ်ဆိုတာ ဘာလို့ ငါ့ကိုကြိုမပြောတာလဲ။ စောစောပြန်လာပြီး နင့်ကုမ္ပဏီက ဝန်ထမ်းတွေကို အထည်တွေပို့ခိုင်းလိုက်လို့ရတာပဲ။ ဘာလို့ နင်ကိုယ်တိုင် လာပို့တာလဲ" လင်းဖန်က ပြုံးလိုက်ပါသည်။

"အင်း... မန်နေဂျာက လာခိုင်းလို့ပါ။"

"နင်ပြန်လာပြီဆိုတော့ ဒီအထည်တွေက နင့်ဟာတွေပဲ။ ဒါဆို ငါပြန်တော့မယ်နော်" ရှုရှစ်ယင်၏ ပါးများက အနည်းငယ် နီရဲနေသည်။ ထို့အပြင် ပြန်ဖို့ ပြင်လိုက်၏။

လင်းဖန်၏ ပြိုင်ကားကြီးကို သူမ မြင်သွား၏။ ဒီလိုကားမျိုးက... အလွန်မိုက်ပါသည်။

လင်းဖန်က သူမ အထင်ကြီးရသည့် လူတစ်ယောက် ဖြစ်လာခဲ့လေပြီ။

"နင်ဒီကို ခဏခဏ လာလို့ ရတာမှ မဟုတ်တာ။ ဒီတိုင်း ပြန်သွားလို့ မဖြစ်ဘူးလေဟ။"

"ကားထဲဝင်။ ငါ့အိမ်သွားမယ်။ ငါနင့်ကို ဧည့်ခံပါ့မယ်" လင်းဖန်က ဘာမှ စိတ်ထဲသိပ်မထားပါ။ သူ့အတန်းဖော်က သူ့အိမ်တံခါးရှေ့တွင် ရောက်နေပြီဖြစ်သဖြင့် ဒီတိုင်း ပြန်လွှတ်လိုက်လို့ ဖြစ်ပါ့မလား။

"ဟင်" ရှုရှစ်ယင်၏ မျက်နှာက နီရဲသွား၏။ မဟုတ်မှလွဲရော လင်းဖန်က သူမကို အဲ့လိုမျိုး ကြံစည်နေတာလား။ သို့သော် သူမက အဲဒီလိုမိန်းမမျိုး မဟုတ်ပါ။ လင်းဖန်အတွက် သူမ ခံစားချက်များ ရှိနေရင်တောင် တိုးတက်မှုက မြန်ဆန်လွန်းသည်။

"နင်ဘာတွေစဥ်းစားနေတာလဲ။ နင့်ကို ဝါးစားမယ်ထင်နေလား။ နင် မပြန်ခင် ညစာစားသွားပါဦး" လင်းဖန်က ပြောလိုက်သည်။ ခုလေးတင် ယွမ် သန်း ၂၀ တန် ကျောင်းခရိုင် အိမ်ကို သွားကြည့်ခဲ့ရသဖြင့် သူက စိတ်ကောင်းဝင်နေပါသည်။

"ငါတကယ် ဝင်ကြည့်လို့ရလား" ရှုရှစ်ယင်က သူမ၏ လှပသော မျက်လုံးများကို မော့ကြည့်လိုက်ရင်း သူမ၏ စိတ်လှုပ်ရှားမှုနှင့် မနာလိုဖြစ်မှုကို လျှော့ချလိုက်သည်။ ထို့နောက် လင်းဖန်၏ စရိုက်က သူမကို ဒီလို လုပ်မည့်လူမျိုး မဟုတ်တာကို ပြန်သတိရသွားပါသည်။

"ဝင်ပါ သွားကြမယ်" လင်းဖန်က ပြောလိုက်သည်။

"သြော်... အင်း" ရှုရှစ်ယင်က ခေါင်းငြိမ့်လိုက်၏။ သူမလည်း လင်းဖန်၏ ဗီလာ ဘယ်လို ပုံစံမျိုးလဲ မြင်ချင်မိပါသည်။ အရင်တုန်းက သူမတစ်ခါမှ မထိတွေ့ဖူးသည့် ကမ္ဘာမျိုးဖြစ်သည်။

သူမ အနည်းငယ် ပျော်ရွှင်နေပြီး မျှော်လင့်ချက်ထားနေမိသည်။

ဖြစ်ချင်တော့ သူမ၏ အိပ်မက်တွေထဲမှာ ပါလာတတ်သည့် ကောင်လေးမှာ အလွန် ထူးချွန်လာခဲ့ပါသည်။

All Chapters