← Chapters

မြောင် ~ နင်ရှုံးသွားပြီ

Vol. 1 Ch. 13

မြောင် ~ နင်ရှုံးသွားပြီ

Vol. 1 Ch. 13

အခန်း(၁၃) မြောင် ~ နင်ရှုံးသွားပြီ

"ကျွန်တော့်ကို လာမြှောက်နေတာပဲဗျာ။ ခင်ဗျားတို့နှစ်ယောက်က အိမ်ငှားဖို့လားဗျ" လင်းဖန်က ပြုံးကာ သက်လတ်ပိုင်းအရွယ် အမျိုးသားနှင့် အမျိုးသမီးတို့ကို ကြည့်လိုက်သည်။ ကျောက်ပင်ချီက အသက် ၄၀ ဝန်းကျင် ရှိလောက်မည်ဟု ထင်ရပြီး အမျိုးသမီးကတော့ ငယ်သည့်ပုံပေါက်သည်။

"ကြွေပန်းဥယျာဥ်မှာ ကျွန်တော်ငှားဖို့ အိမ်တစ်လုံးတော့ရှိတယ်။ ဒါက ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုစာချုပ်နဲ့ မှတ်ပုံတင်ပါ။ စစ်ကြည့်လို့ရပါတယ်" လင်းဖန်က သူ့မှတ်ပုံတင်ကို ထုတ်ပြရင်း ပြောလိုက်ပါသည်။

သူက ဖြစ်ကတတ်ဆန်းနိုင်သော လူမဟုတ်ပါ။ အဓိက အချက်က မှောင်ခါနီးနေပြီဖြစ်ပြီး လင်းဖန်က စားသောက်ဆိုင်ကိုလည်း ပြန်ရဦးမည်ဖြစ်သည်။ ရှားဝမ်ချွေ့က သူ့ကိုစောင့်နေလိမ့်မည်။

ရှားဝမ်ချွေ့က စူပါစတားတစ်ယောက်ဖြစ်ပြီး အရမ်းလည်း လှ၏။ စားသောက်ဆိုင်ထဲမှာ သူမကို တစ်ယောက်တည်း ထားခဲ့ရမှာ စိုးရိမ်မိပါသည်။

"ဟုတ်ပါပြီ" ကျောက်ပင်ချီက စစ်ကြည့်လိုက်ပြီး ပိုင်ရှင်က လင်းဖန်ဖြစ်ကြောင်း အတည်ပြုလိုက်ပါသည်။

"ငါတို့ကို အိမ်လိုက်ပြပေးလို့ရမလား။ အိမ်ငှားခ အကြောင်းလည်း ပြောလို့ရတာပေါ့" ကျောက်ပင်ချီက တောင်းဆိုလိုက်ပါသည်။

"ကိစ္စမရှိပါဘူး" လင်းဖန်က ကျောက်ပင်ချီ၏ ဆိုလိုရင်းကို နားလည်ပြီး သူတို့နှစ်ယောက်ကို အိမ်ထဲခေါ်လာခဲ့ပါသည်။

လင်းဖန်၏ အိမ်က ၁၀၀ စတုရန်း မီတာ ရှိ၏။ အရမ်းကြီးတော့ မကြီးသော်လည်း အပြင်အဆင်များက အတော်လေး ကောင်းမွန်သည်။ အိပ်ခန်း ၃ခန်းနှင့် ဧည့်ခန်းတစ်ခန်း ပါသည်။ မီးဖိုချောင်နှင့် အိမ်သာလည်း ပါ၏။

ထို့အပြင် သူတို့ ချက်ချင်း ဝင်နေနိုင်သည်။ ပရိဘောဂ မှန်သမျှက နောက်ဆုံးထွက် မော်ဒယ်များ ဖြစ်ကြပါသည်။

သေချာစွာ လျှောက်ကြည့်ပြီးသွားသောအခါ ကျောက်ပင်ချီနှင့် ကုန်းယန်တို့ အလွန်ကျေနပ်သွားကြပါသည်။

ဒီအိမ်က မဆိုးလှပါ။

ပိုအရေးကြီးတာက ဒီအိမ်မှာ ကြွေပန်း ဥယျာဥ်ထဲက ကျောင်းခရိုင် အိမ်တစ်လုံး ဖြစ်သည်။ အကောင်းဆုံး အလယ်တန်းကျောင်းများဖြင့် ဝန်းရံခံထားရ၏။ သယ်ယူ ပို့ဆောင်ရေးကလည်း အဆင်ပြေချောမွေ့သည်။ ဝန်ဆောင်မှုကလည်း အဆင်ပြေချောမွေ့၏။ ထို့အပြင် လုံခြုံရေးကလည်း ပြီးပြည့်စုံသည်။ ထိုအချက်မြောက်များစွာက ကျောင်းခရိုင်၏ စျေးကို သက်ရောက်မှု ရှိစေပါသည်။

ကျောက်ပင်ချီနှင့် ကုန်းယန်တို့ကလည်း သာမန် လူများ မဟုတ်ကြပါ။ ရှန်ဟိုင်းသို့ အလုပ်ဖြင့် လာရောက်ခဲ့ကြပြီး နေထိုင်ဖို့ အိမ်တစ်လုံး လိုအပ်နေကြခြင်းဖြစ်သည်။ ကြွေပန်းဥယျာဥ်အိမ်ရာထဲက အိမ်တွေက မဆိုးပါ။

"ဒီက အိမ်ငှားခတွေက တစ်လကို ယွမ် ၆၅,၀၀၀ လောက်ရှိတယ်။ ငါတို့က ရှန်ဟိုင်းကို အလုပ်လုပ်ဖို့ လာတာဆိုတော့ စျေးလျှော့ပေးလို့ ရမလား။ တစ်လ ယွမ် ၆၀,၀၀၀ ဆိုရင်ကော" ကျောက်ပင်ချီက မေးလိုက်ပါသည်။

စီးပွားရေးလုပ်ငန်းများတွင် စျေးအကြောင်း ပြောဖို့က ရှောင်လွှဲ၍ မရသော ကိစ္စဖြစ်သည်။ ကျောက်ပင်ချီက လိုရင်းကို ပြောပြီး လင်းဖန်အား စျေးလျှော့ခိုင်းလိုက်ပါသည်။

လင်းဖန်က နက်နက်ရှိုင်းရှိုင်း တွေးလိုက်မိ၏။ ကြွေပန်းဥယျာဥ်အိမ်ရာတွင် ပျမ်းမျှအိမ်ငှားခများက ယွမ် ၆၅,၀၀၀ ဝန်းကျင်တွင် ရှိသည်။ သို့သော်လည်း ဒီလို အိမ်ကောင်းမျိုးကို ငှားဖို့က ယွမ် ၆၅,၀၀၀နှင့် လုံလောက်မည်ဟု မဆိုလိုပါ။

ဒီက အိမ်တွေက ဝယ်လိုအားကို မမှီဘဲ စျေးနှုန်းများကလည်း နေ့တိုင်း တက်နေခဲ့သည်။ တစ်ယောက်ယောက် ၆၅,၀၀၀ ပေးရင်တောင် ကြွေပန်းဥယျာဥ်အိမ်ရာတွင် အိမ်တစ်လုံး မငှားနိုင်လောက်ပါ။

လင်းဖန်က ငွေလိုနေသော်လည်း ငတုံးတော့ မဟုတ်ပါ။ ဒီလိုမျိုး ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။

"ဒီက ပျမ်းမျှအိမ်စျေးက တစ်လကို ယွမ် ၆၅,၀၀၀ ဆိုပေမယ့် အိမ်ငှားချင်တဲ့ လူတွေက အများကြီးဗျ။ တခြား အိမ်အလွတ်တွေကို သွားမေးကြည့်လည်း ရပါတယ်။"

"ဒီနေရာမှာ သယ်ယူပို့ဆောင်ရေးကလည်း အရမ်းအဆင်ပြေတယ်။ ယာဥ်ကြောပိတ်ဆို့မှုလည်း သိပ်မရှိဘူး။ အလုပ်ကိုသွားရတဲ့ အချိန်ကလည်း တစ်နာရီတောင် မကြာဘူး။ စတိုးဆိုင်တွေကော၊ ရှော့ပင်းမောတွေကော၊ ကျောင်းတွေလည်း အနီးအနားမှာ ရှိတယ်။ ကျောင်းသားတွေအတွက်လည်း ကျောင်းနဲ့ မဝေးဘူး။ အဲ့တာကြောင့် အိမ်ငှားခတော့ လျှော့ပေးလို့ မဖြစ်ပါဘူးဗျာ။"

"ကျွန်တော့်အမြင်ကတော့ တစ်လကို ၇၀,၀၀၀ လောက်အထိတောင် တိုးချင်နေတာ" လင်းဖန်က ပြောလိုက်သည်။ ဒါက အကြာကြီး စဥ်းစားဆုံးဖြတ်ပြီးနောက် ကောက်ချက်ချလိုက်ခြင်း ဖြစ်ပါသည်။

ဒီနေရာမှာ တစ်လကို အိမ်ငှားက ၇၀,၀၀၀ ယွမ်ဆိုတာ စျေးမကြီးပါ။

အိမ်ငှားခကို လျှော့ချဖို့ကတော့ ကြွေပန်းဥယျာဥ်အိမ်ရာတစ်ခုလုံးတောင် မလုပ်နိုင်လောက်ပါ။

"ဟုတ်ပါတယ်။ ငါတို့ ဒီက အိမ်စျေးတွေကို သိပါတယ်။ တစ်လကို ၇၀,၀၀၀ ဆိုတော့ တစ်နှစ်ကို ယွမ် ၈၄၀,၀၀၀ ပေါ့။ ငါတို့ အိမ်ငှားခကို စဥ်းစားပြီးမှ မင်းကိုအဖြေပေးလို့ရမလား"။ ကျောက်ပင်ချီက ပြုံးကာ မေးလိုက်ပါသည်။

"ရပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ မြန်မြန်တော့ လုပ်ရမယ်။ အိမ်ငှားအသစ်တွေ ရှိလာနိုင်တယ်" လင်းဖန်က ထိုသို့ ပြောပြီးနောက် မတ်တပ်ရပ်ကာ အချိန်ကိုကြည့်ပြီး ပြန်ဖို့ ပြင်လိုက်ပါသည်။

"ဒီမှာ ၈,၀၀၀ ယွမ်ပါ။ သုံးရက်အတွင်း ငါတို့ အကြောင်းကြားပေးမယ်နော်။ ငါတို့အတွက် သုံးရက်လောက်တော့ အိမ်ကို ချန်ထားပေးလို့ရမလား" ကျောက်ပင်ချီက မေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် အိမ်ငှားခ ၈၄၀,၀၀၀ ယွမ် ရဖို့က မလွယ်ပါ။ တခြားအိမ်များနှင့် ယှဥ်ကြည့်ရဦးမည်။

"ရပါတယ်။ ဒါပေမယ့် ၃ ရက်ပဲနော်။ အတည်ပြုဖြစ်ရင် ကျွန်တော့်ကို ဖုန်းဆက်ပါ" လင်းဖန်က ပိုက်ဆံကို ယူပြီး တံခါး ပိတ်လိုက်သည်။ ထို့နောက် Bugatti ကားကြီးကို စီးကာ ပြန်သွားတော့သည်။

လင်းဖန်အတွက်တော့ ဒီအိမ်ကြီးကို ငှားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူလည်း ငွေလိုနေတာ မဟုတ်လား။

လင်းဖန်က သေချာပေါက် ကျောက်ပင်ချီ၏ စျေးဆစ်မှုကို လက်မခံနိုင်ပါ။ လစဥ်အိမ်ငှားခက ၆၀,၀၀၀ ယွမ်ဆို တစ်နှစ်ကို ၇၂၀,၀၀၀ ယွမ်သာရမည်။ လစဥ်အိမ်မှားခက ၇၀,၀၀၀ ယွမ်ဆို တစ်နှစ်ကို ၈၄၀,၀၀၀ ယွမ် ရလိမ့်မည်။

ယွမ် ၁၂၀,၀၀၀ တောင် ကွာခြား၏။

လင်းဖန်သာ ညှိနှိုင်းမှုကို လက်ခံလိုက်လျှင် ယွမ် ၁၂၀,၀၀၀ လျော့ပြီး ရပါလိမ့်မည်။

တစ်ဖက်တွင်လည်း ယွမ် ၆၀,၀၀၀ က မဆိုးလှပါ။ ကျောက်ပင်ချီနှင့် သူ့ဇနီးတို့ အိမ်ငှားဖို့ မလိုတော့ရင်တောင် တခြားတစ်ယောက်ကို ငှားနိုင်ပါသေးသည်။

လင်းဖန် ပြန်သွားပြီးနောက် ကျောက်ပင်ချီနှင့် ကုန်းယန်တို့ ပို၍ပင် အထင်ကြီးသွားမိပါသည်။

လင်းဖန်က သာမန်လူ မဟုတ်ပါ။

လင်းဖန်က ငယ်ရွယ်ပြီး အလွန်ချမ်းသာသည့်ပုံ ပေါက်မှန်း ကျောက်ပင်ချီ မြင်ပါသည်။ အိမ်ငှားခကို နှိမ့်လိုက်လျှင် လင်းဖန်က စိတ်မရှိလောက်မည်ဟု ထင်ထားသော်လည်း လင်းဖန်က အိမ်ငှားခကို မလျှော့ဘဲ ပို၍ပင် တိုးလိုက်ပါသေးသည်။

"ယောက်ျား လင်းဖန်က ဘာကိုမှ ဂရုမစိုက်တဲ့ပုံပေါ်ပေမယ့် သူက အရှုံးပေးမှာ မဟုတ်ဘူးနော်။ သူ့လိုလူမျိုးက သာမန်လူတော့ မဟုတ်ဘူး" ကုန်းယန်က အသိအမှတ်ပြုသည့် စကားပြောလိုက်ပါသည်။

"ဟုတ်တယ်၊ ညီလေးလင်းက Limited Edition ပြိုင်ကားကြီးတစ်စီးကိုတောင် စီးနိုင်တယ်။ သာမန်လူတွေနဲ့ ယှဥ်လို့ရတာမျိုး မဟုတ်ဘူး" ကျောက်ပင်ချီက သက်ပြင်းချလိုက်၏။ အိမ်ငှားခအတွက်ကိုတော့ သူတို့ ပြန်စဥ်းစားကြည့်ရပါဦးမည်။

...

လင်းဖန် စားသောက်ဆိုင်သို့ ပြန်မောင်းလာသောအခါ ကောင်းကင်ကြီးက လုံးဝမှောင်မိုက်နေပြီ ဖြစ်ပါသည်။

ကားကို သူရပ်လိုက်ပြီး အနောက်တံခါးကို ဖွင့်ကာ မီးတွေကိုလည်း ဖွင့်လိုက်၏။ ညစာအတွက် ဟင်းချက်ပစ္စည်းတချို့ စတင် ပြင်ဆင်လိုက်ပါသည်။

ရှားဝမ်ချွေ့က အကျင့်မကောင်းသည့် ကောင်မလေး ဖြစ်ပြီး သူ့နေရာတွင် အမြဲတမ်း ကုန်းဆင်းတတ်သည်။

လင်းဖန်က အနည်းငယ် စိတ်ဆိုးနေသည်။ စားသောက်ဆိုင်ကို ပိတ်ပြီးသားဖြစ်သော်လည်း ရှားဝမ်ချွေ့က လာချင်နေသေးသည်။ သူက ရုပ်ချောလွန်းသဖြင့် အိမ်ပြန်ဖို့ ငြင်းနေလျှင် ဘယ်လိုလုပ်မည်နည်း။

၁၀ မိနစ်ကြာသောအခါ။

ကြောင်နားရွက် ဦးထုပ်ဆောင်းထားသည့် ကောင်မလေး အနောက်ဘက်တံခါးမှ ဝင်လာခဲ့သည်။

သူမက အပြာရောင် ဂျင်းဘောင်းဘီနှင့် မီးခိုးရောင် ရှပ်အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။ သူမက ပိန်ပိန်သွယ်သွယ်နှင့် နှင်းလို ဖြူဖွေးသည့် အသားအရည်ရှိသည်။ နတ်သမီးလေးလို ခြေတံသွယ်သွယ် တစ်စုံလည်း ရှိနေ၏။ သူမက မိတ်ကပ်လိမ်းမထားသော်လည်း သူမကို ခဏခဏ ကြည့်ချင်စရာ ကောင်းလောက်သည့် အရှိန်အဝါမျိုး ရှိပါသည်။

လင်းဖန်က သူမ၏ သရုပ်ဆောင်ချက်အားလုံးကို မြင်ဖူးပါသည်။ ဖန်သားပြင်ပေါ်တွင် သူမက လှပ၏။ ချစ်ဖို့ကောင်း၏။ မရေမတွက်နိုင်သော ပရိတ်သတ်များစွာလည်း ရှိသည်။ သို့သော် သူမ၏ ပုံစံအစစ်ကတော့ တီဗီထဲကထက် အမျာကြီး ပိုကြည့်ကောင်းပါသည်။

ရှားဝမ်ချွေ့က ဘာမိတ်ကပ်မှ လိမ်းမထားပါ။ မိတ်ကပ်မပါရင်တောင် ၉၉ မှတ်အပြည့် ရနိုင်သည်။ ထို့အပြင် သူမ၏ ရုပ်ရည်သည် မရေမတွက်နိုင်သော အမျိုးသမီး နာမည်ကျော်များစွာကို ကျော်တက်နိုင်ခဲ့သည်။

သူမနှင့် အကြင်နာပေးခန်း ရိုက်ချင်သည့် လူများစွာ ရှိသည်။ သို့သော်လည်း သူမက လက်မခံပါ။ သူမက အနုပညာလောကတွင် သန့်ရှင်းစင်ကြယ်လှသည်။ သူမက အပြစ်ကင်းစင်ပြီး လှလည်းလှပ၏။ ထို့အပြင် သူမ၏ အလုပ်အတွက် မျှော်လင့်ချက်လည်းကြီး၏။

ထို့ကြောင့်လည်း သူမ အောင်မြင်ရခြင်း ဖြစ်ပါသည်။

"မြောင်~" ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ ကြည်လင်နေသော မျက်လုံးလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ဘာလို့ အရမ်းစိတ်ဆိုးနေတဲ့ပုံပေါက်နေတာလဲ။ ငါ့ကို ညစာချက်ကျွေးဖို့ ဒီလောက်တောင် စိတ်မပါဘူးလား" ရှားဝမ်ချွေ့က အနားထိ လျှောက်လာပြီး လင်းဖန်ကို ကြည့်လိုက်၏။

လင်းဖန်က ရှားဝမ်ချွေ့ကို လျစ်လျူရှုနေဆဲ ဖြစ်ပါသည်။

အမှန်ပင်။ လင်းဖန်က စိတ်မဆိုးပါ။ သူမကို မသိချင်ယောင် ဆောင်နေရုံသာဖြစ်သည်။

"ဟွန်း ဘာလို့ ဘာတစ်ခွန်းမှ မပြောတာလဲ" ရှားဝမ်ချွေ့က ထိုင်ခုံပေါ်မှာထိုင်ရင်း တတွတ်တွတ် ပြောလိုက်ပါသည်။ သူမ လင်းဖန်ကို စိတ်ဆိုးအောင် ဘာများလုပ်မိသလဲဟု စတင်တွေးမိနေလေပြီ။

အင်း... ငါဘာမှ လုပ်မိထားတယ် မထင်ပါဘူး။

ဒါဆို သူဟန်ဆောင်နေတာဟုဆိုလိုခြင်း ဖြစ်သည်။ သူလုပ်တတ်တာဆိုလို့ စိတ်ဆိုးချင်ယောင် ဆောင်တာသာရှိ၏။

ရှားဝမ်ချွေ့ကလည်း လင်းဖန်ကို လျစ်လျူ ပြန်ရှုကာ ပထမဆုံး စကားစပြောသည့်လူက ရှုံးမည့်သယောင် လုပ်နေပါသည်။

တစ်မိနစ်။

နှစ်မိနစ်။

သုံးမိနစ်။

မြောင် ~ ဒီကောင် စကားစပြောမှာကို ငါမစောင့်ဘူး။

ရှားဝမ်ချွေ့က မတ်တပ်ရပ်လိုက်ပြီး လင်းဖန်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အမှားလုပ်မိသည့် ပုံပေါ်နေပြီး ခေါင်းကိုငုံ့ကာ လင်းဖန်၏ အင်္ကျီကို လက်တစ်ဖက်ဖြင့် ဆိတ်လျက် သူမအမှားကို ဝန်ခံနေသလို လုပ်ပြလိုက်ပါသည်။

ဘယ်သူက ဒီလို ပုံစံမျိုးကို ခံနိုင်ရည် ရှိမည်နည်း။

လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်သည်။ "ညစာ ဘာစားချင်လဲ။"

သူ ရှားဝမ်ချွေ့ကို တကယ်စိတ်မဆိုးပါ။ သူမနှင့် ရင်းနှီးလွန်းသောကြောင့်သာ ဒီလိုမျိုး စနောက်နေခြင်း ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့ကို အမှားတစ်ခေါက်လောက် ဝန်ခံအောင် လုပ်နိုင်ခဲ့ပါသည်။

ထိုစကားကိုကြားသောအခါ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးလာပြီး ကျေနပ်သွားသည့် အပြုံးမျိုး ပြုံးလိုက်သည်။ ခုနက သူမ၏ စိတ်မကောင်းသည့် မျက်နှာမျိုးလည်း ပျောက်သွားလေပြီ။ "ဟီးဟီး နင်အရင်စကားစပြောတာ နင်ရှုံးသွားပြီ။"

ရှားဝမ်ချွေ့က ကျောကို ဆန့်လိုက်သဖြင့် သူမ၏ နူးညံ့သည့် ကောက်ကြောင်းများက ပေါ်လာပြီး မြင်သူတိုင်းကို ရင်ခုန်သွားစေသည်။ ဒီလောက် လှပသည့် ကောင်မလေးက သူ့ရှေ့တွင် ရောက်နေပါပြီ။ ဘယ်သူက ခံနိုင်ရည် ရှိမည်နည်း။

သို့သော်လည်း လင်းဖန်တွင်တော့ လောလောဆယ် အတွေးတစ်ခုသာရှိပါသည်။

လခွမ်း

ငါလှည့်စားခံလိုက်ရတာလား။

All Chapters