အရူးဝက်ခြေထောက်ကောင်
Vol. 1 Ch. 14
အခန်း(၁၄) အရူးဝက်ခြေထောက်ကောင်
"နင့်သရုပ်ဆောင်စကေးက တော်တော် ကောင်းတာပဲ" လင်းဖန် သက်ပြင်းသာ ချနိုင်တော့သည်။ လှလှပပ ကောင်မလေးတစ်ယောက် ငိုကြွေးပြခြင်းက သေလောက်သည့် အရာဖြစ်သည်။ ရှားဝမ်ချွေ့ကတော့ သိမ်မွေ့သည့် မျက်နှာထားနှင့် အပြုအမူတချို့သာ လုပ်ခဲ့ပြီး ချွဲနွဲ့သည့်ပုံ၊ သနားစရာကောင်းသည့်ပုံ၊ ဝမ်းနည်းဖို့ ကောင်းသည့်ပုံများ သရုပ်ဆောင်ပြသွားသည်။
လင်းဖန်ကို မပြောဦးနှင့်။ ဒီလိုအရာမျိုးကို ဘယ်သူမှ တောင့်ခံနိုင်မည် မဟုတ်ပါ။
ထို့အပြင် လင်းဖန်က ငတုံးမဟုတ်ပါ။ နားလည်နိုင်စွမ်း မြင့်မား၏။ သူရှုံးသွားတာ ဆိုရင်တောင် ရှားဝမ်ချွေ့ကို ဒီလိုမျက်နှာလေးဖြစ်အောင် လုပ်လိုက်နိုင်ခြင်းက သူ့အနိုင်ပင်။
မရေမတွက်နိုင်သည့် လူပေါင်းများစွာ သဘောကျသည့် နတ်သမီးလေး ရှားဝမ်ချွေ့တွင် မှင်သက်စရာ သရုပ်ဆောင်စွမ်းရည်များ ရှိသည်။ လူများစွာက သူမကို ကြည့်ချင်ပါက ဖန်သားပြင်ပေါ်တွင်သာ မြင်နိုင်သည်။ သို့သော် လင်းဖန်ကတော့ မတူညီပါ။
"နင်ငါ့ကို မြှောက်နေတာပဲ~~~" ရှားဝမ်ချွေ့က ရှက်ရွံ့စွာ ပြောလိုက်သည်။ သူမ၏ လှလှပပ မျက်နှာလေးလည်း အနည်းငယ်ရဲသွား၏။ မိန်းကလေးတစ်ယောက်၏ ရှက်ရွံ့သည့် ပုံစံကို ထင်ထင်ရှားရှား ပြသပြီး သူမ၏ နူးညံ့သည့် အသံလေးကလည်း လူတစ်ယောက်၏ နှလုံးသားထဲ တိုက်ရိုက် ဝင်ရောက်နိုင်ပါသည်။
"တော်တော့တော်တော့ နင်မတော်ရင် ဆန်ပြုတ်တွေ အပြဲလွန်ကုန်မယ်" လင်းဖန်က ပြောလိုက်သည်။
"မြောင် မြောင် နင်ကြိုက်လား" ရှားဝမ်ချွေ့က မျက်တောင်ခတ်ကာ မေးလိုက်သည်။
"ဘာကို ကြိုက်ရမှာလဲ" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။ ရှားဝမ်ချွေ့နှင့် ဒီနေ့ည နှစ်ယောက်တည်း ရှိနေရခြင်းမှာ မှားယွင်းသည့် ဆုံးဖြတ်ချက်ဟု ခံစားလိုက်ရပါသည်။
"ဟွန်း" ရှားဝမ်ချွေ့က ပါးပါးလေး နှာခေါင်း ရှုံ့ပြလိုက်သည်။
လင်းဖန်က ဆန်ပြုတ်ပြုတ်ရင်း မေးလိုက်၏။ "နင်ဘာလို့ ကြောင်လို အမြဲတမ်း မြောင်နေတာလဲ"
ရှားဝမ်ချွေ့က လှည့်ကြည့်လိုက်ပြီး သူမ၏ လက်ကို ဆန့်ထုတ်ကာ လင်းဖန်၏ ခန္ဓာကိုယ်အား နူးညံ့စွာ ကုတ်ခြစ်လိုက်သည်။ "မြောင်မြောင်"
လင်းဖန်က ခေါင်းငြိမ့်လိုက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်၏။
"ငါက ကြောင်နားရွက်တွေ တပ်ထားတုန်းပဲလေ။ မြောင်~" ရှားဝမ်ချွေ့က သူမ၏ ဦးထုပ်ကို ထပ်ဆောင်းလိုက်ပြန်သည်။ သူမ၏ အမွေးပွပွ နားရွက်များနှင့် သူမ၏ မျက်နှာထားများ၊ ကိုယ်နေဟန်ထားများ၊ အသံများကို ပေါင်းစပ်လိုက်သောအခါ အလွန်ချစ်ဖို့ ကောင်းလှပါသည်။
လင်းဖန်က ဘာမှမပြောတော့ဘဲ ပြုံးသာ ပြုံးလိုက်သည်။
"နင်မကြိုက်ဘူးလား" ရှားဝမ်ချွေ့က ခေါင်းငုံ့သွား၏။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်။
"အရင်တုန်းက ချွေ့ချွေ့လို့ ခေါ်တဲ့ကြောင်လေး တစ်ကောင်ကို ငါမွေးဖူးတယ်။ သူက အမြဲတမ်း မြောင်လို့အော်တတ်ပြီး ငါနဲ့လည်း ကစားတယ်။ ဒါပေမယ့် တစ်နေ့ကျတော့ ချွေ့ချွေ့က ဖျားသွားပြီး ကုလို့မရတော့ဘူး။ ငါဆေးရုံကနေ ဆေးဝယ်ပြီး ပြန်လာတော့ သူ...." ရှားဝမ်ချွေ့က နူးညံ့စွာဖြင့် ပြောလိုက်ပါသည်။
သူမက ကြောင်ကလေးများ၊ တိရိစ္ဆာန်လေးများနှင့် ကြောင်နားရွက် ဦးထုပ်များကို သဘောကျသည်။ သူမ၏ ယခင်မိတ်ဆွေလေး ချွေ့ချွေ့ဟူခေါ်သည့် ကြောင်လေးကို အမှတ်ရနေစေဖို့ ဖြစ်ပါသည်။
"မဟုတ်ပါဘူး။ နင်လုပ်သမျှ ငါသဘောကျပါတယ်။ တိရိစ္ဆာန်တွေဆိုတာ လူသားတွေရဲ့ သူငယ်ချင်းပဲမလား" လင်းဖန်က သူမ၏ စိတ်ခံစားချက်များကို အာရုံရနေသလိုမျိုး ရှားဝမ်ချွေ့၏ ခေါင်းပေါ်က ကြောင်နားရွက်လေးကို နူးညံ့စွာ ပွတ်ပေးလိုက်သည်။
"အဲ့တာကြောင့် ငါတို့ရဲ့ ဒီကကြောင်လေးကို ချွေ့ချွေ့လို့ နာမည်ပေးထားတာလား" လင်းဖန်က မေးလိုက်သည်။
"ဟုတ်တယ်" ရှားဝမ်ချွေ့က အနောက်ဘက် တံခါးကို ကြည့်လိုက်သောအခါ ချွေ့ချွေ့ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့ကို မြင်သောအခါ ထပ်မြောင်လိုက်ပါသည်။
"ကြည့်ပါဦး၊ ချွေ့ချွေ့လာပြီ" ရှားဝမ်ချွေ့က ကြောင်လေးကို ကောက်ကိုင်ကာ ပျော်ရွှင်စွာဖြင့် ပြုံးလိုက်၏။
"စကားပြောနေတာ တော်တော်ကြာနေပြီ။ နင်ဘာစားချင်လဲ ဗိုက်ဆာနေမှာပေါ့" ရင်ထဲနွေးထွေးဖို့ကောင်းသည့် ထိုမြင်ကွင်းကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်သည်။ ဒီလိုဘဝမျိုးက ကောင်းလိုက်တာ။
"နင်ဆန်ပြုတ် ချက်ထားတာ မဟုတ်ဘူးလား" ရှားဝမ်ချွေ့က မေးလိုက်၏။
လင်းဖန်က တင်းတင်းမာမာ ပြောလိုက်ပါသည်။ "အဲ့တာ ငါသောက်ဖို့ဟဲ့။ နင်က ပိုက်ဆံပေးရမှာ"
ဒီအကျင့်မကောင်းတဲ့ ကောင်မလေးက အလကား ကုန်းဆင်းချင်တာလား။ ဆုတောင်းလေ။
ရှားဝမ်ချွေ့က စူပါစတားတစ်ယောက်ဖြစ်သည်။ သူမ၏ လစာက ယွမ် မီလီယံ ဆယ်ချီ သို့မဟုတ် ရာချီပြီး မြင့်မား၏။ တနည်းအားဖြင့် အခု လင်းဖန်ထက် သေချာပေါက် ချမ်းသာနိုင်ပါသည်။
ကောင်မလေးများကို နေ့တိုင်း လက်ဆောင်ပေး၊ မုန့်ဝယ်ကျွေးပြီး ရုပ်ရှင်လိုက်ပြပြီးတာတောင် လက်မကိုင်နိုင်သည့် လူများကို သဘောမကျပါ။
စားသောက်ဆိုင်တစ်ဆိုင်တွင် စားစရာအတွက် ပိုက်ဆံမပေးစရာအကြောင်း မရှိပါ။
ရှားဝမ်ချွေ့ စိတ်ဆိုးလွန်းသဖြင့် တုန်ယင်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။ "အရူးကောင် လင်းဖန်။ ငါ့မှာ ပိုက်ဆံရှိတယ်ဟဲ့"
ဆန်ပြုတ် တစ်ပန်းကန်ပဲ မဟုတ်ဘူးလား။ မပေးနိုင်ဘဲ နေပါ့မလား။ ဒီအကျင့်မကောင်းတဲ့ လင်းဖန်က သူမကို အနိုင်ကျင့်နေပြန်ပြီ။
"နင်ဘာစားချင်သေးလဲ။ နင် ပိုက်ဆံတော့ ရှင်းရမယ်နော်။ ကြက်ဥထမင်းကြော်က ၈ ယွမ်၊ ငါးကြင်းနှပ်က ၂၃ ယွမ်၊ ယုရှန်းဝက်မွှကြော်က ၂၆ ယွမ်၊ ဝက်နံရိုးက ၄၃ ယွမ်၊ ဝေလုံအစပ်ကြော်က ၂ ယွမ်..." လင်းဖန်က ရှားဝမ်ချွေ့အား မီနူးကို စရွတ်ပြလိုက်ပါသည်။
"ကြက်ဥ ထမင်းကြော်" ရှားဝမ်ချွေ့က ပြောလိုက်ပြီး လင်းဖန်ကို မကျေနပ်စွာ စိုက်ကြည့်လိုက်၏။
သူမ တကယ်စိတ်ဆိုးသည်။
သူမအတွက် အာဟာရရှိသော အစားအစာများ ချက်ပြုတ် ပြင်ဆင်ပေးဖို့ ထိပ်တန်းစားဖိုမှူးတစ်ယောက်နှင့် အာဟာရပညာရှင် တစ်ယောက်ကို ငှားချင် ငှားနိုင်သည်။ သူမ မငှားရသည့် အကြောင်းအရင်းက...
ဟင်း။ လင်းဖန် နောက်တစ်ခေါက် သူမကို စိတ်တိုအောင်လုပ်ပါက သူမ မလာတော့ဘူး။
"နင်ဝက်နံရိုး မစားတော့ဘူးလား" လင်းဖန်က ပြုံးလိုက်သည်။
"ငါဝလာလိမ့်မယ်" ရှားဝမ်ချွေ့က သူမ၏ ပါးလှပ်နေသာ ဗိုက်ကို ထိကာ ပြောလိုက်ပါသည်။
"ဝလာတာ ကောင်းတာပေါ့။ ဝသင့်တဲ့ နေရာ ဝလာရင် ပိုကောင်းတယ်" လင်းဖန်က သူမကို အကဲခတ်လိုက်ပြီး ပြောလိုက်ပါသည်။
"အရူးကောင် လင်းဖန် စကားကိုကြည့်ပြော။ ငါ ကိုက်မှာနော်" ရှားဝမ်ချွေ့က မျက်နှာနီရဲလျက် ခါးကို မတ်မတ် ထိုင်လိုက်သည်။ သူမ၏ ရင်ဘတ်က မသေးငယ်ဘဲ ကိုယ်လုံးကိုယ်ပေါက်လည်း ပြီးပြည့်စုံပါသည်။
"ဒီမှာ နင့်ရဲ့ ကြက်ဥထမင်းကြော်နဲ့ ဆန်ပြုတ်ပါ။ နင် ဗိုက်ပြည့်အောင် စားပြီးရင် ငါပြန်လိုက်ပို့မယ်" လင်းဖန် ကြက်ဥထမင်းကြော် ကြော်ပြီးသွားသောအခါ ရှားဝမ်ချွေ့အရှေ့တွင် ချပေးလိုက်ပါသည်။
ကြက်ဥထမင်းကြော်ထဲတွင် ကြက်သွန်မြိတ်နှင့် ကြက်ဥတစ်လုံးပါ၏။ တချို့ အသားချောင်းကြော်များလည်း ပါပြီး ထူးကဲသည့် မွှေးရနံ့တစ်ခုကို ထုတ်လွှတ်နေသည်။
ဆန်ပြုတ် နှစ်ပန်းကန်ကို စားပွဲပေါ်တွင် တင်ထား၏။ လင်းဖန်က တစ်ပန်းကန်၊ ရှားဝမ်ချွေ့က တစ်ပန်းကန် စားခဲ့သည်။ ဒီလိုနှင့် သူတို့ မျက်နှာချင်းဆိုင်ပြီး ညစာ စားခဲ့ကြပါသည်။
အစကတော့ ဒီဆန်ပြုတ်တစ်ပန်းကန်နှင့် ကြက်ဥထမင်းကြော်ကို သိပ်ပြီး အထင်မကြီးပါ။ သို့သော်လည်း တစ်လုတ်လောက် စားပြီးနောက်တွင် သူမ နားလည်သွားခဲ့သည်။
တကယ်အရသာရှိတာပဲ။
ရှားဝမ်ချွေ့၏ မျက်နှာကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်၏။ သူ့ရဲ့ မာစတာအဆင့် အချက်အပြုတ်စကေးက နောက်ဆုံးတော့ အာနိသင်ပြနေပါပြီ။
ရှားဝမ်ချွေ့က ကြက်ဥထမင်းကြော်ကို ပလုတ်ပလောင်း စားလိုက်ပြီး ပိုပိုပြီး အရသာရှိလာသည်ဟု ခံစားလိုက်ရပါသည်။ ဆန်ပြုတ်ကလည်း ထိုနည်းလည်းကောင်း ဖြစ်၏။ သူမ၏ ပါးစပ်ထဲတွင် အရည်ပျော်သွားကာ ချိုမြိန် မွှေးပျံ့လှပါသည်။
ဘာလို့ ဒီလောက်ထိ အရသာ ရှိရတာလဲ။
လင်းဖန်၏ အချက်အပြုတ်စကေးက ကြောက်ဖို့ ကောင်းလောက်အောင် တိုးတက်သွားခဲ့ပြီ။
သူမ၏ ဒေါ်လေး ၂ ချက်ပြုတ်ပေးသည့် ဟင်းလျာများထက်ပင် ပိုအရသာရှိသည်။ ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်မိသော်လည်း ထုတ်ပြောဖို့ ရှက်လွန်းနေ၏။ သူမ နည်းနည်းချင်းစီသာ စားခဲ့ပါသည်။
ဒီကောင်... ဇွဲရှိရှိနဲ့ ချက်ပြုတ်နည်း သင်ခဲ့တာ ဖြစ်ရမယ်။
ရှားဝမ်ချွေ့၏ ပါးများက အနည်းငယ် နီရဲနေပါသည်။ လင်းဖန်က သူမအတွက် ချက်ပြုတ်ပေးနိုင်ဖို့အတွက် ချက်ပြုတ်နည်းများကို အချိန်အတော်ကြာ လေ့လာနေခဲ့တာ ဖြစ်နိုင်ပါသည်။
ထို့ကြောင့်လည်း ဒီလောက်ထိ တော်လာခဲ့တာ မဟုတ်လား။
ရှားဝမ်ချွေ့က ထပ်စားချင်နေသေးသည်ကို မြင်ကာ လင်းဖန်က အသီးအရွက်အသုပ်တစ်ပန်းကန် တိုးတိုးတိတ်တိတ် ထုတ်ပေးလိုက်ပါသည်။
"အရသာရှိလိုက်တာ" ရှားဝမ်ချွေ့က လင်းဖန်အား အသိအမှတ်ပြုသည့် အကြည့်မျိုးဖြင့် ကြည့်ကာ ရေရွတ်လိုက်ပါသည်။
"အဲ့တာ ဝက်ကျွေးဖို့" လင်းဖန်က ရှင်းပြ၏။
ရှားဝမ်ချွေ့ : "???"
ရှားဝမ်ချွေ့၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို လင်းဖန် မြင်ကာ ပြုံးလိုက်မိပါသည်။
"ဟုတ်ပြီ၊ ငါ့ကို အိမ်ပြန်ပို့ပေးတော့" ရှားဝမ်ချွေ့က ပြောလိုက်၏။
"တက်" လင်းဖန်က သူ့ရဲ့ သုံးဘီးဆိုင်ကယ် အဟောင်းကြီးပေါ် ထိုင်ကာ ပြောလိုက်ပါသည်။
"ဟမ်... ဒါကြီးပေါ်မှာ ထိုင်ရမှာလား" ရှားဝမ်ချွေ့ အနည်းငယ် အံ့သြသွားသည်။
"ဒါဆို ငါ့ Bugatti ကားကြီးနဲ့ လိုက်ပို့ရမလား။ အဲ့တာဆို အာရုံစိုက်ခံရလွန်းလိမ့်မယ်။ ကြယ်ပွင့်ကြီး တစ်ပွင့်က ငါ့သုံးဘီး ဆိုင်ကယ်အစုတ်ပေါ်မှာ ထိုင်နေလိမ့်မယ်လို့တော့ ဘယ်သူမှ ထင်မှာမဟုတ်ဘူးလေ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "နင့်မှာ Bugatti တစ်စီးရှိတယ်ပေါ့လေ။ ဝက်ကို သွားပြောမှ ယုံလိမ့်မယ်။"
လင်းဖန်က ခေါင်းငြိမ့်၏။ "တကယ်ရှိတာ။ မီလီယံ ရာကျော်တန်တဲ့ Bugatti တစ်စီးလေ။ ကမ္ဘာပေါ်မှာ တစ်စီးပဲရှိတယ်။"
"ဟွန်း။ နောက်ကို ငါ့ရှေ့မှာ လိမ်ခွင့်မပြုဘူးနော်" ရှားဝမ်ချွေ့က လျှာထုတ်ပြလိုက်ပါသည်။ သူ့ကို မယုံတာ အသိသာကြီးပင်။ လင်းဖန်ဘေးတွင် သူမ ဝင်ထိုင်လိုက်ပါသည်။ သုံးဘီးဆိုင်ကယ်၏ ထိုင်ခုံက သေးသော်လည်း လင်းဖန်ကိုယ်တိုင် ပြန်လည်ပြုပြင်ထားပါသည်။ လူနှစ်ယောက်စာအတွက် လုံလောက်၏။
လင်းဖန် ရှင်းမပြတော့ပါ။ အနာဂတ်တွင် အခွင့်အရေးရလာခဲ့လျှင် ရှားဝမ်ချွေ့ သေချာပေါက် မြင်နိုင်ပါလိမ့်မည်။
ပြဿနာက... သုံးဘီးဆိုင်ကယ် သေးလွန်းနေခြင်းပင်။ တစ်ခါတစ်ရံ ရှားဝမ်ချွေ့၏ တင်ပါးကိုပင် သွားထိနိုင်သည်။ သူမ၏ လက်မောင်းများနှင့် ထိတွေ့ ပွတ်တိုက်မှုများက လင်းဖန်အား အဖျားတက်သွားစေပါသည်။
ရှားဝမ်ချွေ့လည်း ထိုနည်းတူစွာပဲဖြစ်သည်။ သူမ၏ မျက်နှာက နီရဲနေပြီး ဦးထုပ်နှင့် Mask တစ်ခုကို တပ်ထားသည်။ သို့သော်လည်း လင်းဖန်၏ အကြံက အလုပ်ဖြစ်ပါသည်။ ဒီလို သုံးဘီးဆိုင်ကယ် အစုတ်ကြီးကို စီးလာပြီး ညအချိန်လည်း ဖြစ်သဖြင့် ဘယ်သူမှ သူတို့ကို သတိထားမိမည် မဟုတ်ပေ။
လင်းဖန်က ရှားဝမ်ချွေ့ အိမ်ရှေ့တွင် ရပ်လိုက်ပါသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်လွန်းနေ၏။ တခြား ဘယ်သူမှမရှိပါ။
ရှားဝမ်ချွေ့က လင်းဖန်အား ဝီချက်မှတစ်ဆင့် ၂၀,၀၀၀ ယွမ်ကို ပို့ပေးလိုက်ပါသည်။
လင်းဖန် : "ယွမ် ၂၀,၀၀၀ ဟုတ်လား"
ရှားဝမ်ချွေ့က လင်းဖန်၏ ရှေ့သို့ လျှောက်လာပြီး Mask ကို ချွတ်လိုက်သည်။ "ဟီးဟီး ငွေချေရတာ နည်းနည်း ဒုက္ခများတယ်။ နောက်ကို ငါ့အတွက် နေ့တိုင်း အသီးအရွက်သုပ် တစ်ပွဲပြင်ပေးပါ။ ကျန်တာတွေစားရင် ဝလာလိမ့်မယ်။"
လင်းဖန်က ချက်ချင်း ငြင်းဆန်လိုက်ပါသည်။ "နေ့တိုင်းဟုတ်လား၊ ဘယ်ဖြစ်မလဲ။ နင့်တစ်ဘဝလုံးအတွက် ၂၀,၀၀၀ ယွမ်လောက်နဲ့ အရွက်သုပ် လုပ်ပေးစေချင်တာလား။ နင် နစ်နာသွားပါဦးမယ်။"
ရှားဝမ်ချွေ့က လင်းဖန်ကို စူးစူးဝါးဝါးကြည့်ကာ လှည့်ထွက်သွားသဖြင့် လှပသည့် သူမ၏ နောက်ကျောအလှက ပေါ်လွင်လာခဲ့သည်။ ထို့နောက် သူမ၏ နူးညံ့သည့် အသံက အနည်းငယ် စိတ်ဆိုးနေသယောင် ထွက်ပေါ်လာခဲ့ပါသည်။
"အရူးဝက်ခြေထောက်ကောင်"