← Chapters

ဆင်းရဲချင်ယောင် ဆောင်သူ

Vol. 1 Ch. 15

ဆင်းရဲချင်ယောင် ဆောင်သူ

Vol. 1 Ch. 15

အခန်း(၁၅) ဆင်းရဲချင်ယောင် ဆောင်သူ

မနက်ခင်းနိုးလာသောအခါ မျက်နှာသစ် သွားတိုက်လိုက်သည်။ နေ့သစ်လေးတစ်နေ့ ဖြစ်ပါ၏။

လင်းဖန်က ရှားဝမ်ချွေ့၏ ဝီချက်ကို ဖွင့်လိုက်ကာ သူ့ကိုလွှဲထားပေးသည့် ၂၀,၀၀၀ ယွမ်ကို မြင်ခဲ့သည်။

သူ့ဘဝက ခက်ခဲမှန်း ရှားဝမ်ချွေ့သိသဖြင့် သူမနည်းလမ်းဖြင့် သူမ ကူညီပေးလိုက်ခြင်း ဖြစ်ပါသည်။ နေ့တိုင်း ရှားဝမ်ချွေ့ထံသို့ အသီးအရွက်သုပ် တစ်ပန်းကန်သာ ပို့ပေးဖို့ လိုပါသည်။

ရှားဝမ်ချွေ့နှင့် သူ အလွန်အဆင်ပြေနေပါသည်။ လင်းဖန် ပြုံးလိုက်မိ၏။ ရှားဝမ်ချွေ့က အခု ကြယ်ပွင့်ကြီးတစ်ပွင့် ဖြစ်နေတာတောင် သူ့မှာ ခပ်စုတ်စုတ် သုံးဘီးဆိုင်ကယ်ရှိနေသဖြင့် အထင်မသေးခဲ့ပါ။

စားသောက်ဆိုင်သို့ ရောက်သောအခါ လင်းဖန် တစ်နေ့တာအတွက် လုပ်ငန်းကို စခဲ့ပါသည်။

နေ့ဘက်တွင် ကတ်စတမ်မာတချို့ ရှိနေပါသေးသည်။

ထိုကတ်စတမ်မာများက လင်းဖန်၏ စားဖွယ်ရာများကို စားသောက်ပြီးသွားသောအခါ ချီးကျူးစကားများဖြင့် ပြည့်နှက်သွားခဲ့ပါသည်။

"ဝိုး ဒီကောင်လေးက အရမ်းချောတာပဲ။ သူလုပ်တဲ့ စားဖွယ်ရာတွေကလည်း အရမ်းအရသာရှိတယ်။"

"ဒီပုဇွန်တုပ်ကြီးက အရသာ ရှယ်ရှိတယ်ဟေ့။ နူးညံ့ပြီး ပျော့ပြောင်းနေတာပဲ။ ဘော့စ် ပုဇွန်တုပ် နောက်တစ်ပန်းကန်လောက်ဗျို့။"

"ဟူး ဒီက ကြက်ဥထမင်းကြော်ကို ကြိုက်လိုက်တာ။ စျေးသက်သာပြီး တတ်နိုင်တယ်။ ဒီမှာ ဘယ်တုန်းက ဒီလိုအရသာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင် လာဖွင့်ထားတာလဲ။"

လင်းဖန်က တစ်မနက်လုံး အလုပ်များနေခဲ့ရပါသည်။ သူပြုံးလိုက်၏။ တစ်မနက်တည်းနှင့် ယွမ် ၄၀၀ ကျော် ရရှိခဲ့သည်။

လောလောဆယ် ပိုက်ဆံမပြတ်လတ်သေးသော်လည်း သူ့မိဘများသာ မြင်လျှင် အလွန် ဝမ်းသာသွားပါလိမ့်မည်။

ဒီလိုဘဝမျိုးကလည်း မဆိုးလှပါ။

လင်းဖန်က ကိုယ့်ကိုယ်ကို ခြေကုန်လက်ပမ်း ကျသည့်အထိလည်း မနှိပ်စက်ချင်ပါ။ မနက်ပိုင်းတွင် စားသောက်ဆိုင်ကို ၂ နာရီဖွင့်သည်။ နေ့လည်ခင်းတွင်လည်း ၂ နာရီသာ ဖွင့်၏။ ညဘက်တွင် စားသောက်ဆိုင်ကို ပိတ်ပါသည်။

စားသောက်ဆိုင်က တစ်နေ့ကို ၄ နာရီသာ ဖွင့်သည်။ ထို့ကြောင့် ဘယ်လောက်ပဲရရ အရေးမကြီးပါ။

သူ့မှာ မာစတာအဆင့် အချက်အပြုတ်စကေး ရလာပြီးကတည်းက စားသောက်ဆိုင်၏ စီးပွားရေးက တဖြည်းဖြည်း တိုးတက်လာခဲ့ပါသည်။ သို့သော်လည်း နေ့တိုင်း ကတ်စတမ်မာ တချို့တဝက်သာ ရှိပါသည်။

တစ်ရက်ကို ယွမ် ၁၀၀ တော့ အလွယ်လေး ရပါသည်။ တစ်နေ့တွင် စနစ်ကို လင်းဖန် ဆုံးရှုံးလိုက်ရရင်တောင် စားသောက်ဆိုင်ငယ်ကို အားကိုးပြီး ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ပါသည်။

နေ့လည်ခင်းတွင် လင်းဖန် သုံးဘီးဆိုင်ကယ်ကို စီးလျက် အစားအသောက်စျေးသို့သွားပြီး ရှားဝမ်ချွေ့၏ အသီးအရွက်သုပ်အတွက် ဟင်းသီးဟင်းရွက်များစွာကို ဝယ်ခဲ့ပါသည်။

"ဟင် ယောက်ဖဖန်။ ငါတို့ မင်းကို ရှာနေတာ ကြာပြီကွ။ မင်းကို အဆက်အသွယ်ကို မရဘူး။ ငါ့အတန်းဖော်တွေဆီကနေတဆင့် မင်း ဒီမှာ ရှိနေမှန်းသိရတာ" ရိုးရိုးသားသားပုံစံနှင့် လူတစ်ယောက်က လင်းဖန်၏ ဆိုင်သို့ BMW 5 စီးရီးကားကြီး မောင်းကာ ရောက်လာသည်။

"ကောင်းလိရှောင်းလား" လင်းဖန်က လှမ်းကြည့်လိုက်သည်။ သူ့အထက်တန်းကျောင်းက အတန်းဖော် ကောင်းလိရှောင်း ဖြစ်နေပါသည်။ သူက ရှန်ဟိုင်းတွင် လွန်ခဲ့သည့် နှစ်များအတွင်း အဆင်ပြေနေခဲ့ပါသည်။

"ယောက်ဖဖန် မတွေ့တာကြာပြီကွာ။ အရင်ကလို ချောတုန်းပါလားကွ" ကောင်းလိရှောင်းက ကားထဲမှ ထွက်လာပြီး ချက်ချင်း ဆိုသလိုပဲ သူ့လက်ဖြင့် လင်းဖန်၏ ပခုံးကို ဖက်ထားလိုက်ပါသည်။ သူတို့၏ ဆက်ဆံရေးက သူစိမ်းမဆန်ပါ။

"လိရှောင်း မင်းကတော့ ပိုပိုဝလာတယ်နော်။ ပေါင် ၁၆၀ - ၁၇၀လောက်ရှိနေတဲ့ပုံကြီးနဲ့" လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်ပါသည်။

"ဟားဟား အဲ့တာတော့ ငါဘာမှ မလုပ်နိုင်ဘူးကွာ။ ငါတို့ တုတ်ထိုးနဲ့ ဘီယာတွေ စားသောက်နေမှတော့ တဖြည်းဖြည်း ဝိတ်တက်လာမှာပေါ့" ကောင်းလိရှောင်းက ပြောလိုက်ပါသည်။

BMW ထဲတွင် ၁၀ မှတ်တွင် ၈ မှတ်လောက် ရနိုင်သည့် အလှမျိုးဖြင့် ကောင်မလေးလည်း ပါလာသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က မဆိုးလှပါ။

လင်းဖန်၏ အထက်တန်းကျောင်း အတန်းဖော် နောက်တစ်ယောက်ဖြစ်သည့် ကျောက်လီလီဖြစ်ပါသည်။ သူမက ရှားဝမ်ချွေ့လောက် မလှပသော်လည်း အတန်းထဲတွင် အလှပဆုံး ကောင်မလေးတွေထဲက တစ်ယောက်ဖြစ်ပါသည်။

"လင်းဖန်လား" ကျောက်လီလီက လင်းဖန်ကို အံ့သြစွာ ကြည့်လိုက်သည်။ လင်းဖန်ကို သူ့သုံးဘီးဆိုင်ကယ် အစုတ်လေးပေါ်တွင် မြင်လိုက်ရသောအခါ ပို၍ပင် အံ့သြသွားပါသည်။

"ကျောက်လီလီပါလား" လင်းဖန်က ပြုံးလိုက်၏။ "လိရှောင်း ကောင်းလိုက်တာကွာ။ မင်း ကျောက်လီလီနဲ့ တွဲနိုင်ခဲ့တာပေါ့လေ။"

"ဟာကွာ မဟုတ်ပါဘူး။ လီလီက အတန်းဖော် တစ်ယောက်ပါပဲ။ သူ့ကို ရှန်ဟိုင်း အလည်ခေါ်လာခဲ့တာ" ကောင်းလိရှောင်းက ပြန်ပြောလိုက်၏။ ထို့နောက် ကျောက်လီလီကို ကြည့်ကာ ရယ်လိုက်ပါသည်။

"ရှန်ဟိုင်းက အကျယ်ကြီးပဲနော်။ မင်းရွေးထားတဲ့ စားသောက်ဆိုင် နေရာက သိပ်မကောင်းဘူးကွ။ ကတ်စတမ်မာ အများကြီး မရှိဘူးမလား။"

"ယောက်ဖဖန်။ အဆင်မပြေလိုက်တာကွာ။ မင်းဖာသာမင်း တစ်ယောက်တည်း စားသောက်ဆိုင်တစ်ခု ဖွင့်ထားတာလား။ ရှန်ဟိုင်းမှာ နေထိုင်စရိတ်တွေ ဘယ်လောက်တောင် စျေးကြီးလဲ မင်းသိပါတယ်။ အခက်အခဲရှိရင် ငါ့ကိုသာ လာတွေ့ကွာ။ ယောက်ဖဖန် ငါ မင်းအတွက် အလုပ်တစ်ခု မိတ်ဆက်ပေးရမလား။ လစာက ယွမ် ၈,၀၀၀ တောင်ကွ" ကောင်းလိရှောင်းက သူ့ရင်ဘတ်ကို ပုတ်လိုက်ပါသည်။

ကျောက်လီလီက လင်းဖန်ကို ဘေးဘက်မှ ကြည့်ရင်း တဖြည်းဖြည်း စိတ်ဝင်စားမှု လျော့နည်းသွားပါသည်။

လင်းဖန်က အတော်လေး ချောမောသော်လည်း ဒီခေတ်ဒီကာလတွင် ပိုက်ဆံရှိသည့် လူတွေကသာ တိုက်များ၊ ကားများနှင့် တည်ငြိမ်သည့် ဘဝနေထိုင်မှုကို ရရှိနိုင်ပါသည်။ လင်းဖန်လို သုံးဘီးဆိုင်ကယ်စီးပြီး စားသောက်ဆိုင်ငယ်တစ်ဆိုင် ဖွင့်ထားသည့် လူတစ်ယောက်အတွက် သူ့လစဥ် အိမ်ငှားခကိုတောင် ပေးနိုင်လိမ့်မည် မဟုတ်ပါ။

ကျောက်လီလီက လင်းဖန်ကို အထက်တန်းကျောင်းတွင် သဘောကျခဲ့သော်လည်း အခုတော့ အားလုံးပျောက်ကွယ်သွားပါပြီ။ ဒီခေတ်တွင် ပိုင်ဆိုင်မှုပစ္စည်းများက အလွန်အရေးကြီးသည်။ လင်းဖန် အတော်လေးမွဲမှန်း ကျောက်လီလီ သိနိုင်သော်လည်း ထုတ်မပြောခဲ့ပါ။ လင်းဖန်နှင့် ခပ်ခွာခွာသာ နေခဲ့သည်။ သူမက အရိပ်အကဲ မသိသူတော့ မဟုတ်ပါ။

တစ်ဖက်တွင် ကောင်းလိရှောင်းကတော့ အတော်လေး ကောင်းမွန်သည်။ BMW 5 စီးရီးကားတစ်စီးကို မောင်းနိုင်သည်။ ရှန်ဟိုင်းတွင် အိမ်တစ်လုံးပိုင်သည်ဟု ပြောပြီး နှစ်စဥ် ဝင်ငွေက ယွမ် ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ အထိရှိ၏။ ထို့ကြောင့်လည်း သူမ ကောင်းလိရှောင်း၏ ကားထဲ ရောက်နေရခြင်း ဖြစ်ပါသည်။

အမှန်ပင်။ ကျောက်လီလီ ဘာတွေတွေးနေသလဲ လင်းဖန်တော့ မသိခဲ့ပါ။ သူပြောလိုက်၏။ "ငါစားသောက်ဆိုင်လေး တစ်ဆိုင်ဖွင့်တာက ငါစိတ်ဝင်စားလို့ပါကွာ။ ငါရှင်သန်နိုင်ရင် တော်ပါပြီ။  လိရှောင်း မင်းကတော့ တော်တော်လေး အဆင်ပြေနေတာပဲ။ ငါ့ကို လစာ ယွမ် ၈,၀၀၀တောင် ပေးနိုင်နေပြီပဲ။"

"မဟုတ်ပါဘူး ယောက်ဖဖန်ရာ။ ငါက အခု အရမ်း ဆင်းရဲနေတာပါ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ တစ်နှစ်ကို ယွမ် ၅၀၀,၀၀၀ ကနေ ၆၀၀,၀၀၀ လောက်ကြားပဲရတာပါ။ ငါ့မှာ သုံးဖို့စွဲဖို့ မလောက်ပါဘူးကွာ" ကောင်းလိရှောင်းက သက်ပြင်းချကာ စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။

ဒီခေတ်ထဲတွင် ကိုယ့်ကြွယ်ဝမှုကို ကြွားဝါခြင်းကာ မနူးမနပ် သူဌေးသားများသာ ပြုလုပ်တတ်ကြခြင်း ဖြစ်သည်။ အဆင့်မြင့်မြင့် ကြွားဝါခြင်းကတော့ ဆင်းရဲချင်ယောင် ဆောင်ခြင်းသာဖြစ်ပါသည်။

နှစ်စဥ်ဝင်ငွေ ယွမ် ၅၀၀,၀၀၀ မှ ၆၀၀,၀၀၀ ဝန်းကျင်ဆိုတော့ လစာက ယွမ် ၄၀,၀၀၀ မှ ၅၀,၀၀၀ အထိ ရရှိခြင်းနှင့် ညီမျှပါသည်။ သာမန်လူတစ်ယောက်က ဒီလောက် မြင့်သည့်အဆင့်ထိ ရောက်နိုင်မည် မဟုတ်ပါ။ သို့သော်လည်း ကောင်းလိရှောင်းက ဆင်းရဲချင်ယောင် ဆောင်နေခြင်းသာဖြစ်သည်။ ပိုအရေးကြီးသည်က ထိုစကားကို ပြန်ချေပဖို့အတွက် သူပြောနိုင်တာ ဘာမှမရှိပါ။

"ဟူး။ ယောက်ဖဖန်။ ရှန်ဟိုင်းက အိမ်စျေးတွေကို မင်းလည်း သိပါတယ်။ အိမ်လခ ကျေဖို့အတွက် နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့ရတာ။ ငါ့အဖေပေးတဲ့ပိုက်ဆံနဲ့ ရှန်ဟိုင်းရဲ့ မြို့စွန်မှာ ၂၀၀ စတုရန်းမီတာ ရှိတဲ့ အိမ်တစ်လုံးကိုပဲ ဝယ်နိုင်ခဲ့တယ်။ ငါက တကယ်ဆင်းရဲပါတယ်ကွာ။ မြို့လယ်က အိမ်တစ်လုံး ရဖို့ ဘယ်တော့မှ တတ်နိုင်မလဲမသိဘူး။ မြို့ထဲက အိမ်မျိုးကိုတော့ စဥ်းတောင်မစဥ်းစားရဲပါဘူးကွာ။" ကောင်းလိရှောင်းက သက်ပြင်းချလိုက်ပါသည်။

ထိုသို့ ပြောပြီးနောက် ကောင်းလိရှောင်း သူ့ BMW 5 စီးရီး ကားကြီးကို ထုချလိုက်ပါသည်။ ဆင်းရဲလွန်းသဖြင့် ရွေးချယ်စရာ မရှိသူလေးလိုပင်...။

ကြွားနေလိုက်တာ...။ တခြားတစ်ယောက်သာဆို ကောင်းလိရှောင်းကို သတ်ပစ်ချင်လောက်သည်။

သို့သော်လည်း လင်းဖန်က ဂရုမစိုက်ပေ။ သူ့မှာ ရှန်ဟိုင်းမြို့အတွင်းဘက်၌ အိမ်တစ်လုံးရှိသည်။ လှိုင်းပြာပင်လယ်အော်အိမ်ရာတွင် ၇၀၀ စတုရန်းမီတာကျယ်သည့် နှလုံးသားရေကန်ဗီလာကြီး တစ်လုံးရှိ၏။

သူက BMW 5 စီးရီးကား စီးတယ်တဲ့လား။ လင်းဖန်၏ မျက်လုံးထဲတွင်တော့ သူက တကယ်ဆင်းရဲပါသည်။

"ဟုတ်ပါပြီ။ ဘာလို့ ငါ့ကိုရှာနေတာလဲ။ မဟုတ်မှလွဲရော ငါ့ကို အလုပ်တစ်ခုခုနဲ့ မိတ်ဆက်ပေးမလို့ မဟုတ်ပါဘူးနော်" လင်းဖန်က ပြောလိုက်သည်။ ကောင်းလိရှောင်း ဟန်ဆောင်နေတယ်ဆိုတာ သူပြောနိုင်သည်။

"အင်း ယောက်ဖဖန်။ မနက်ဖြန်သဘက်ခါ ကျရင် ကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ်ကွ။ မင်းလာရမယ်နော်။ ပိုက်ဆံအတွက်တော့ စိတ်မပူနဲ့။ ငါ တကာခံပါ့မယ်။ ရွှယ်ယောင်ထင်၊ ရှန်းကျားလွေ့နဲ့ ဟုတ်တာပေါ့ ကျောက်လီလီတို့လည်း လာကြမှာ။ ကောင်မလေးတွေက အကုန်လာမှာနော်။ မင်းမလာရင် အဲ့ဒီကောင်မလေးတွေလည်း မလာလောက်ဘူး။" ကောင်းလိရှောင်းက ရယ်လိုက်ပါသည်။

"ကျောင်းသားဟောင်းတွေ့ဆုံပွဲဟုတ်လား" လင်းဖန် ကြောင်သွား၏။ ဘာပဲဖြစ်ဖြစ် သူဘွဲ့ရပြီးတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး သူ့ထက်တန်းကျောင်း အတန်းဖော်များကို တစ်ခါမှ ပြန်မတွေ့ခဲ့ဖူးပါ။

"ဟုတ်တယ် ယောက်ဖဖန်။ ခေတ်သစ်လီရှန်း ဟိုတယ်မှာတွေ့ကြမှာ။ ကြယ်ငါးပွင့် ဟိုတယ်ကြီးနော်။ ငါပြုစုမှာပါကွာ" ကောင်းလိရှောင်းက ကြွက်သားအပြည့်ဖြင့် သူ့ရင်ဘတ်ကို ပုတ်လိုက်ပါသည်။

"အေးပါ" လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ သူစိတ်မရှိပါ။ သူ့အတန်းဖော်ဟောင်းတွေကို ပြန်တွေ့ရလည်း ကောင်းတာပဲ။

ပုံမှန်ဆို ကျောင်းသားဟောင်း တွေ့ဆုံပွဲဆိုတာ ကြွားပွဲတစ်ခုဖြစ်ပါသည်။ သို့သော်လည်း တခြားသူများ ဘယ်လိုပဲကြွားကြွား လင်းဖန် ဂရုမစိုက်ပါ။ သူတို့ဘာပဲ ကြွားကြွား လင်းဖန်ကို မယှဥ်နိုင်ပါ။

"ဟုတ်ပြီ ယောက်ဖဖန်။ ငါသွားတော့မယ်ကွာ။ မင်းအလုပ်လိုချင်ရင် ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်နော် ကြားလား" ကောင်းလိရှောင်းနှင့် ကျောက်လီလီတို့ ကားထဲဝင်ကာ ထွက်သွားကြပါသည်။

"ဟူး ယောက်ဖဖန်ကတော့ အခု သိပ်ပြီး အဆင်မပြေတဲ့ပုံပဲနော်။ သူ့ပုံစံက သနားစရာ ကောင်းနေပေမယ့် မာနတော့ အပျက်မခံဘူး။ ငါ့ကို ကူညီခွင့်မပေးဘူး" ကောင်းလိရှောင်းက ပြောလိုက်သည်။

ကျောက်လီလီက ခေါင်းခါရင်း ကောင်းလိရှောင်းကို ကြည့်လိုက်သည်။ သူမ၏ သဘောထားကတော့ လင်းဖန်ကို သူမ ဆက်ဆံသည့် ပုံနှင့် တခြားစီပင်။

"လိရှောင်း အားလုံးကို နင်နဲ့ ယှဥ်လို့မှမရတာ။ နင်က ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားတယ်။ နင့်မှာ အိမ်တစ်လုံး ကားတစ်စီးရှိပြီး စိတ်ဓာတ်တက်ကြွတယ်။ လင်းဖန်က ချောပေမယ့် မာနကြီးတာတော့ သိပ်မကောင်းဘူး" ကျောက်လီလီက ဝေဖန်လိုက်ပါသည်။

"သြော်... ဟုတ်သားပဲ။ ရှားဝမ်ချွေ့ မလာနိုင်တာတော့ နှမြောစရာပဲ။ သူက ကြယ်ပွင့်ကြီးတစ်ယောက် ဖြစ်နေပြီ။ ဒါပေမယ့် လင်းဖန်က အခု တော်တော်လေး အခြေအနေ ဆိုးနေတော့ ရှားဝမ်ချွေ့က သူ့ကို စိတ်ကူးထဲတောင် မထည့်လောက်တော့ပါဘူး။" ဟု ကျောက်လီလီ ပြောလိုက်ပါသည်။ ဟိုတစ်ချိန်တုန်းက ရှားဝမ်ချွေ့နှင့် လင်းဖန်တို့က ရင်းနှီးကြမှန်း သူမ သိသည်။ သို့သော်လည်း အခု ရှားဝမ်ချွေ့၏ အဆင့်အတန်းမျိုးနှင့် လင်းဖန်ကို ဘာလို့ စိတ်ကူးထဲ ထည့်နေရဦးမည်နည်း။

ကောင်းလိရှောင်းကလည်း ခေါင်းငြိမ့်လိုက်သည်။ သူ့အတန်းဖော်တွေထဲက ဘယ်သူမှ ရှားဝမ်ချွေ့နှင့် မဆက်သွယ်နိုင်ပါ။ လင်းဖန်လည်း ထိုနည်းလည်းကောင်းပဲ ဖြစ်နိုင်ပါသည်။

All Chapters