ဓားသွားချင်း ဆုံတွေ့ခြင်း
Vol. 79 Ch. 1098
ကြက်တူရွေးတစ်ကောင် မိုးမီးလောင်နေသည်။ ၎င်းမှာ နဂိုကတည်းက အမွှေးအတောင်များများစားစား မရှိသည့်အတွက် အမွှေးမျှင်မျှင်လေးတစ်မွှေးကပင် ၎င်းအတွက် အင်မတန် အဖိုးတန်၏။ ၎င်းတို့သည် ဟိုအရောင်သည်အရောင်ဖြစ်နေသော်လည်း ထိုအခြင်းအရာက နည်းနည်းလေးမှ တန်ဖိုးမကျစေပေ။ ၎င်းတို့အားလုံးက အမွှေးထူသားရဲများကို ဆွဲဆောင်နိုင်သော ကြက်တူရွေး၏အစွမ်းအစကို ကိုယ်စားပြုပေသည်။
သို့သော် ယခုတွင် ထိုအမွှေးတချို့ ကျွတ်သွားခြင်းက ကြက်တူရွေးအတွက် ရုပ်ပျက်ဆင်းပျက်သွားသလို ခံစားရသည်။
ထိုအမွှေးများ ကျွတ်နေလျှင် နောက်နောင် ၎င်းနှင့် တွေ့ဆုံမည့် အမွှေးထူသားရဲများ၏ လှောင်ပြောင်သရော်ခြင်းခံရစေလိမ့်မည်။ ထို့ကြောင့် ၎င်း၏အမျက်သည် မိုးကောင်းကင်သို့တိုင် ရိုက်ခတ်နေတော့သည်။
၎င်း၏အော်သံကြောင့် ဟန်ချင်းလဲ့က မျက်မှောင်ကြုတ်သွားသော်လည်း မန်ဟို့ထံ ချဉ်းကပ်လာရန် တခဏပင် တွန့်ဆုတ်မနေပေ။ သို့သော် ရုတ်တရက် မရေမတွက်နိုင်သော အနက်ရောင်အလင်းတန်းများသည် ကြက်တူရွေး၏အနောက်တွင် ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း မိစ္ဆာကျင့်ကြံသူတစ်သိုက်ကား ပေါ်လာခဲ့လေပြီ။
ဤမိစ္ဆာကျင့်ကြံသူများမှာ လူအသွင်ဖန်ဆင်းမထားရာ ပင်လယ်စာများနှင့် တူနေတော့သည်။ ကမာများ၊ ပုစွန်များ၊ ဂဏန်များနှင့် ပင်လယ်လိပ်တစ်ကောင် ....
“ငါကိုယ်တော် သခင်ငါးအတွက် သီချင်းဆိုဖို့ အချိန်ကျပြီ” ကြက်တူရွေးက မာန်အပြည့်ဖြင့် ဟစ်အော်သည်။ “ဒီခွေးမသားက ငါ့အမွှေးလှလှလေးတွေကို ဖျက်စီးပစ်ရဲတယ်။ သူ့ကို ချေမှုန်းကြစမ်း”
ကြက်တူရွေး၏အမိန့်အတိုင်း မိစ္ဆာကျင့်ကြံသူများသည် အလျင်အမြန် နေရာယူ၍ သီချင်းစဆိုကြတော့၏။ “ငါဟာ ငယ်ငယ်တုန်းက ကလေးဆိုးလေး ၊ ပင်လယ်စာ သေးသေးလေး လာလာလာလာ ပင်လယ်စာလေး ဒိုဘီဒိုဘီဒိုဘီဒိုးးး ပင်လယ်စာလေး ...”
မန်ဟိုမှာ ဤသီချင်းကို ယခင်က နားဆင်ခဲ့ရတိုင်း ကြောင်တိကြောင်တောင်နိုင်သည်ဟု အမြဲထင်ခဲ့သည်။ သို့သော် ထိုအဆိုတော်တစ်သိုက် သီချင်းစဆိုသောအခါ ရုတ်တရက် ဂျိန်းခနဲ မိုးခြိမ်းသွားပြီး မိုးကြိုးတန်းများက ဟန်ချင်းလဲ့ထံသို့ ချက်ချင်း ထိုးဆင်းလာကြသည်။
ဟန်ချင်းလဲ့မှာ အံ့အားသင့်သွားပြီး မကျေမနပ်အော်နေသော ကြက်တူရွေးနှင့် သီချင်းဆိုနေသော ပင်လယ်စာများကို စိုက်ကြည့်ရင်း နောက်ဆုတ်လိုက်သည်။ သီချင်းဆိုသံက လေဟုန်ခွင်းလောက၏ သဘာဝနိယာမများနှင့် အနှစ်သာရများအပေါ် သက်ရောက်စပြုလာသဖြင့် သူ့မှာ မယုံနိုင်စွာ အသက်ရှူမှားသွားတော့သည်။
ပြင်းထန်သော နှင်ထုတ်ခြင်းအားလှိုင်းက ဟန်ချင်းလဲ့ကို ရစ်သိုင်းလာရာ သူ့မျက်နှာအား ပျက်ယွင်းသွားစေသည်။
“ဘာကြီးတုန်းဟ” သူက ကြက်တူရွေးကို တအံ့တဩ ကြည့်ရင်း ဘုရားတလိုက်မိသည်။ မိုးခြိမ်းသံများ ဆူညံနေပြီး ထူးဆန်းသောအရောင်အဝါများ ကောင်းကင်ထက်တွင် တဖြတ်ဖြတ် လက်နေသည်။ တိမ်မည်းတိမ်စိုင်များ စုဝေးလာပြီး မရေမတွက်နိုင်သော မိုးကြိုးတန်းများ စုဆုံလာသည်။ ဟန်ချင်းလဲ့မှာ ခေါင်းနပန်းကြီးစပြုလာသည်။
တစ်ချက်လေးကြည့်ရုံနှင့် ဤသီချင်းသည် လေဟုန်ခွင်းလောက၏ ကောင်းကင်ဘုံလာစိတ်ဆန္ဒဖြစ်လာပြီး သဘာဝနိယာမများနှင့် အနှစ်သာရကိုပင် ထိန်းချုပ်နိုင်သကဲ့သို့ ထူးခြားကြောင်း သူ ပြောနိုင်လိုက်သည်။
ဤရွေ့ဤမျှသာဆိုလျှင် တော်သေးသည်။ သို့သော် ဟန်ချင်းလဲ့အတွက် ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာတော့ သီချင်းသံက ပတ်ဝန်းကျင်တွင် ရေငွေ့များ တထောင်းထောင်း ထလာစေခြင်းပင်။ ကြည့်ရပုံထောက်လျှင် သီချင်းသည် သောင်းကျန်းနေသော လှိုင်းများဖြင့် ပင်လယ်တစ်စင်းကို ဖန်ဆင်းနိုင်သယောင်ပင်။
“မဖြစ်နိုင်ဘူး” သူက အော်လိုက်သည်။ ကြက်တူရွေးမှာ အလွန်တရာကျေနပ်နေပုံပေါ်ပြီး စိတ်လှုပ်ရှားစွာဖြင့် တဝိုးဝိုးအော်ဟစ်နေသည်။
“မကြောက်သေးဘူးလား။ မင်းကများ ရာရာစစ သခင်ငါးအမွှေးကျွတ်အောင် လုပ်ရဲတယ်လို့။ မင်းကများ ရာရာစစ သခင်ငါးရဲ့ ခံ့ညားလှတဲ့ အသွင်အပြင်ကို ဖျက်စီးပစ်ရဲတယ်လို့။ မင်းကို သခင်ငါး သေတောင် အလွှတ်မပေးဘူး”
အဆိုတော်တစ်သိုက် သီချင်းအပိုဒ်များ ပြောင်းနေသည်နှင့်အမျှ ပိုမိုများပြားသော မိုးကြိုးများ ၊ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
“ငါက မင်းရဲ့သေးသေးလေး၊ ချစ်စရာကောင်းတဲ့ ပင်လယ်စာလေး။ ငါ မင်းကို ချစ်ပေမယ့် အချစ်က သိပ်တော့မများ။ ငါက မင်းရဲ့သေးသေးလေး၊ ချစ်စရာကောင်းတဲ့ ပင်လယ်စာလေး၊ ပင်လယ်စာာာာာာာာာာာာာာာာာ”
သံစဉ်ပြောင်းလဲမှုက ပင်လယ်ကို တဖွေးဖွေး အုံကြွလာစေသည်။ ထိုမျှသာမက ဟန်ချင်းလဲ့အပေါ် ပိကျစပြုလာသော တောင်များ ကောင်းကင်ထက်တွင် ပေါ်လာသည်။ တောင်များ မြေကြီးကို တိုက်ချလိုက်သည့်အသံများကား သီချင်းသံနှင့် စည်းချက်ညီညီ မြည်နေသော တူရိယာသံများအလားပင်။
“မန္တန်အစီအရင်.... ဒါက မိုးနဲ့မြေရဲ့အနှစ်သာရတွေကို လှုံ့ဆော်နေတဲ့ အစီအရင်ပဲ။ ဒီငှက်က ... ဘယ်လိုငှက်တုန်း” ဟန်ချင်းလဲ့မှာ မန္တန်အစီအရင်တစ်ခုကို ရင်ဆိုင်နေရကြောင်း သဘောပေါက်သွားသဖြင့် အံ့ဩပြီးရင်း အံ့ဩနေတော့သည်။ သို့သော် သူ့မှာ သီချင်းဆိုရင်း ဖော်ဆောင်နိုင်သော မန္တန်အစီအရင်မျိုး ရှိသည်ဟူ၍ ကြားပင်မကြားခဲ့ဖူးပေ။
မိုးနှင့်မြေ၏ အနှစ်သာရများကို လှုံ့ဆော်နိုင်သော မန္တန်အစီအရင်မျိုးကို ... သူ မကြားခဲ့ဖူးသည်ကား သေချာသည်။ ထိုကဲ့သို့ မန္တန်အစီအရင်တစ်ခုသည် ရှားပါးသည်ပိုပြီး ဒဏ္ဍာရီသာ ဖြစ်လိမ့်မည်။
တဂျိန်းဂျိန်း ထစ်ချုန်းနေစဉ် ဟန်ချင်းလဲ့မျက်နှာမှာ ဖြူဆုပ်နေတော့သည်။ သူက ကျလာသော တောင်များကို ရှောင်ရင်း နောက်ဆုတ်လိုက်ရပြန်သည်။ သူ ချာချာလည်နေစဉ် ပင်လယ်စာတစ်သိုက်က သီချင်းပြောင်းဆိုပြန်၏။
“ငါတို့က ပင်လယ်စာ ၊ ငါတို့က ပင်လယ်စာ ၊ ဝါးးးးးးးးးးးး ကြီးကျယ်မြင့်မြတ်တဲ့ သခင်ငါး ဝိုးးးးးးးးးးး ကြီးကျယ်မြင့်မြတ်တဲ့ သခင်သုံး....”
စာသားများ ဟိန်းထွက်လာသည်နှင့် သီချင်းသံက အစွမ်းကို မြှင့်တင်ပေးနေသည့်အလား ကြက်တူရွေးသည် မျက်စိကျိန်းမတတ် တောက်ပစပြုလာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် အနှစ်သာရများနှင့် သဘာဝနိယာမများစွာက တဝေါဝေါလည်လာကာ ကြက်တူရွေးအား နတ်ငှက်ပမာ ဖြစ်သွားစေသည်။ ၎င်းက ဂီးခနဲ အော်လိုက်သည်။ အော်သံသည် ဟန်ချင်းလဲ့ထံသို့ မြှားတစ်စင်းသဖွယ် ပြေးဝင်သွားသော တိုက်ကွက်တစ်ကွက် အသွင်ပြောင်းသွား၏။
“မင်းကများ ရာရာစစ သောက်ချောကြီးသခင်ငါးကို ရုပ်ဆိုးအောင် လုပ်ရဲရတယ်လို့” ၎င်း၏ ဒေါသတကြီး အော်သံကြီးက လွှမ်းမိုးကြီးစိုးနေသော စွမ်းအားဖြင့် ပဲ့တင်ထပ်လာသည်။ “ငါကိုယ်တော် သခင်ငါး မင်းကို စမုံတုံးပစ်မယ်”
သို့သော် ဤအခိုက်အတန့်တွင် ကြက်တူရွေး၏ ခြေကျင်းဝတ်တွင် ချိတ်နေသော အသားဂျယ်လီက အလွန်လေးနက်သောအသံနေအသံထားဖြင့် ကောက်ကာငင်ကာ ထပြောသည်။ “မင်း လူတွေကို မဆဲရဘူး။ ဆဲတယ်ဆိုတာ မကောင်းတဲ့လုပ်ရပ်ပဲ။ မင်း သူ့ကို သတ်မယ်လို့ ပြောသင့်တာ။ စမုံတုံးပစ်မယ်လို့ မပြောရဘူး။ စမုံတုံးတာ မကောင်းဘူး။ စမုံတုံးတယ်ဆိုတာ အကျင့်သိက္ခာပျက်ပြားတာပဲ”
“သောက်ပါးစပ် ပိတ်ထားစမ်း” ကြက်တူရွေးက ဟန်ချင်းလဲ့ထံ ပြေးဝင်သွားရင်း ငေါက်ငမ်းလိုက်သည်။ “သခင်ငါး ဒီမေဘေးကို စမုံတုံးပစ်မှာ”
ဟန်ချင်းလဲ့ မျက်နှာပျက်သွားသည်။ “သောက်ကျိုးနည်း။ ဒီကောင်က သူ့ကိုယ်သူလည်း အစွမ်းမြှင့်တင်နိုင်တယ်လား” သူ့မှာ ကမ္ဘာကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်အလား ခံစားလိုက်ရတော့သည်။ သီချင်းဆိုခြင်းဖြင့် အသက်သွင်း၍ရသော မန္တန်အစီအရင်ကိုလည်း သူ မကြားဖူးသလို ယခုကဲ့သို့ မာနကြီးပြီး ရန်လိုတတ်သော ငှက်တစ်ကောင်ကိုလည်း သူ မမြင်ခဲ့ဖူးပေ။ စမုံတုံးပစ်မည်ဟု ကြိမ်းဝါးတတ်သော ငှက်မျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးသည်ကတော့ အသေချာဆုံးပင်။
“ဆိုတော့ မင်းက မိုးနဲ့မြေရဲ့ အနှစ်သာရကို လှုံ့ဆော်နိုင်တယ်ပေါ့လေ။ သောက်ဂရုမစိုက်ဘူးကွ။ အဲဒီစွမ်းအားက မန္တန်အစီအရင်က လာတာ။ ပြီးတော့ အဲဒီမိစ္ဆာကျင့်ကြံသူတွေက အကြာကြီး ထိန်းပေးထားနိုင်လောက်အောင် အစွမ်းမထက်ဘူး” ဟန်ချင်းလဲ့သည် အံတင်းတင်းကြိတ်၍ လက်ဝှေ့ယမ်းကာ သူ့ဒုတိယကိုယ်ပွားကို ကြက်တူရွေးထံ လွှတ်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်၍ အရိုးဖြူပလ္လင်တစ်ဆူ ပေါ်လာစေသည်။ တစ်ချိန်တည်းမှာပင် အရိုးစုစစ်သည်တော်များလည်း ဖြစ်ပေါ်လာ၏။
တချို့အရိုးစုများက မည်းနက်နေပြီး အရိုးလှံရှည်များကို ကိုင်စွဲထားကြသည်။ ၎င်းတို့က ကျန်အရိုးစုများကို ကြက်တူရွေးထံသို့ ဦးဆောင်ခေါ်သွားသည်။ တစ်ဖက်နှင့်တစ်ဖက် ဝင်တိုက်သွားသောအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး လိမ့်ထွက်လာသည်။
မရေမတွက်နိုင်သောအရိုးစုများ ကြေမွသွားပြီး အရိုးပလ္လင်လည်း ပေါက်ကွဲသွားသည်။ ဟန်ချင်းလဲ့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူက ဟိန်းဟောက်ကြုံးဝါးရင်း မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် လက်ချောင်းကို ဝှေ့ယမ်း၍ လေကို စုတ်ဖြဲလိုက်သည်။ ချက်ချင်းပင် အရိုးလက်တစ်ဖက်သည် ဆန့်ထွက်လာကာ ကြက်တူရွေးကို ရက်ရက်စက်စက် ရိုက်ချလိုက်၏။
ကြက်တူရွေးက ဂီးခနဲ အော်လိုက်ပြီး ပင်လယ်စာသီချင်းမှာ ပို၍ကျယ်လောင်လာသည်။ ကြက်တူရွေးကမူ အရိုးလက်ကို ထိုးဖောက်၍ ဟန်ချင်းလဲ့၏ကိုယ်ပွားအနောက်တည့်တည့်တွင် ပေါ်လာပြီးနောက် တင်ပါးထံသို့ ဒေါသတကြီး ပြေးဝင်သွားတော့သည်။
ဟန်ချင်းလဲ့၏ ကိုယ်ပွားမှာ တုန်လှုပ်သွားပုံရပြီး ဖျတ်ခနဲ ပြိုကွဲသွားသည်။ သူ ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာသောအခါ ကြက်တူရွေးက နောက်တစ်ဖန် ဒေါသတကြီး အော်၍ သူ့ထံ ပြေးဝင်လာပြန်သည်။
အန္တရာယ်များသော အခြေအနေဖြစ်သော်လည်း ဟန်ချင်းလဲ့၏ကိုယ်အစစ်က အေးစက်စက်သာ ရယ်နေသည်။ သူ့ကိုယ်ပွားတစ်ကိုယ်က သစ်စေ့နက်မှင်စာများကို ကိုင်တွယ်နေပြီး နောက်တစ်ကိုယ်က ငှက်ထူးဆန်းတစ်ကောင်ကို ထိန်းထားစဉ် ခိုင်မာပြတ်သားသောအရိပ်အယောင်က သူ့မျက်လုံးများတွင် ပေါ်လာသည်။
“မဟာတာအိုသုံးရာစီနဲ့ လေဟုန်ခွင်းပြည်ထောင်ကိုးခု။ နောက်ဆုံးသုံးရာက ဗဟိုဝတ်ပြုကျောင်းမှာ တည်ရှိတယ်။ စုစုပေါင်း မဟာတာအိုသုံးထောင်။ အများဆုံးဉာဏ်အလင်းရတဲ့ ဘယ်သူမဆို ဗဟိုဝတ်ပြုကျောင်းကို ဝင်ခွင့်ရမယ်။ အခုကတော့ ပြည်ထောင်ကိုးရဲ့ လောကစည်းတံဆိပ်ကို ငါ့ဆီပေးဖို့ အချိန်ကျပြီ” ဟန်ချင်းလဲ့၏ကိုယ်အစစ်က အေးစက်စက် ရယ်ရင်း လေကိုခွင်း၍ ရွေ့လျားလိုက်ပြီး မန်ဟို့နဖူးကို ထိရန် ညာလက်ကို ဆန့်တန်းလိုက်သည်။
“သေပေတော့”
ဟန်ချင်းလဲ့၏ လက်ချောင်း မန်ဟို့အနားရောက်သွားသည့်အချိန်မှာပင် ရုတ်တရက် ကြက်တူရွေး၏ခြေကျင်းဝတ်မှာ ချွင်ခနဲ ခေါင်းလောင်းသံကြားလိုက်ရသည်။ ခေါင်းလောင်းသည် ပျောက်ကွယ်သွားပြီး မန်ဟို့နဖူးနှင့် ဟန်ချင်းလဲ့၏လက်ချောင်းအကြားတွင် လက်သီးဆုပ်အရွယ်အသားဂျယ်လီပုံစံဖြင့် ပေါ်လာကာ လက်ချောင်းအား ဝင်တိုက်လိုက်၏။
အသားဂျယ်လီမှာ ပျော့သော်လည်း ဆန့်ကျုံ့သတ္တိလည်း ရှိသည်။ ထိုဆန့်ကျုံ့သတ္တိအတွင်းတွင်တော့ ဟန်ချင်းလဲ့၏လက်ချောင်းကို ချက်ချင်း ကာဆီးလိုက်သည့် မယုံကြည်နိုင်ဖွယ် မာကြောမှုပါဝင်သည်။
ဖောင်းခနဲ ကြားလိုက်ရပြီး အသားဂျယ်လီက ဟိန်းဟောက်လိုက်သည်။ ၎င်းသည် ဟန်ချင်းလဲ့ကို စိတ်ဆိုးမာန်ဆိုးကြည့်ပြီးနောက် ပြောလေ၏။ “မင်းက လူယုတ်မာပဲ”
ဟန်ချင်းလဲ့မှာတော့ ပါးစပ်အဟောင်းသား ကြောင်ကြည့်နေမိသည်။ မန်ဟို့တွင် ထူးဆန်းသောပစ္စည်းများစွာ ရှိကြောင်း သူ သဘောလိုက်လေပြီ။ ပထမဆုံး သစ်စေ့နက်မှင်စာများ၊ ထို့နောက် ကြောက်စရာကောင်းသော ကြက်တူရွေးနှင့် ယခုတော့ အဘိုးကြီးမျက်နှာရှိသည့် ဤထူးထူးဆန်းဆန်းအသားဂျယ်လီ။
“ဖယ်စမ်းးးးးးးးးးးး” ဟန်ချင်းလဲ့က ဟိန်းဟောက်လိုက်သည်။ သူ့မှာ စိတ်ရှည်သည်းခံနိုင်စွမ်း ကုန်သွားလေပြီ။ ဖန်းတုံးအာနှင့် ပေ့ယွီကို ကိုင်တွယ်ပြီး အကာအကွယ်ကို ဖျက်စီးပြီးနောက် မန်ဟို့ကို သတ်ဖို့ ကြိုးစားရာတွင် ဤမျှများပြားသောအတားအဆီးများကိုသာ ရင်ဆိုင်ရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ့လက်က ဘေးသို့ လှစ်ခနဲ ရွေ့လျားသွားရင်း မန်ဟို့ကို မတူညီသောဘက်မှ ထိုးနှက်လိုက်သည်။ သို့သော် သူ မည်မျှနေရာရွှေ့ရွှေ့ အသားဂျယ်လီက သူ့ကို အမြဲပိတ်ဆို့နေသည်။ ထိုမျှသာမက ၎င်းက တရစပ် အော်ဟစ်ပြီး သူ့ကို အသံပြဲကြီးဖြင့် အပြစ်တင်နေသည်။
“လူယုတ်မာ မင်းက လူယုတ်မာကလွဲရင် ဘာမှမဟုတ်ဘူး
“သခင်သုံးက မင်းကို လူယုတ်မာတွေကို ပြောင်းလဲပေးတယ်ကွ လူယုတ်မာကောင်။ လက်နက်ချပြီး မင်း နာခံတတ်လာအောင်၊ ကြင်နာတတ်အောင်၊ ဖြောင့်မတ်အောင် ဟော့ဒီက ကြီးကျယ်မြင့်မြတ်တဲ့ သခင်သုံး ကူညီပေးတာကို လက်ခံလိုက်
“အအအားးးးးး မင်း ငါ့ကို ရိုက်နေသေးတုန်းပဲလား။ လူယုတ်မာကြီး လူယုတ်မာကြီး လူယုတ်မာကြီး လူယုတ်မာကြီး”
ဟန်ချင်းလဲ့မှာ ရူးပေတော့မည်။ သူက ဒေါသတကြီး အော်ရင်း မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်သည်။ မရေမတွက်နိုင်သောအရိုးဓားများက မန်ဟို့ထံ စိုက်ဝင်လာသည်။ ဤအခိုက်အတန့်တွင် အသားဂျယ်လီသည် မန်ဟိုကို အုပ်မိုး၍ အရိုးဓားအလုံးစုံကို ဟန့်တားလိုက်သော ဧရာမအမိုးခုံးကြီးအသွင်ပြောင်းသွား၏။
“ငါကိုယ်တော် သခင်သုံး စိတ်တိုလာပြီနော်။ မင်း ဘာလုပ်နေတာလဲ ဟမ်။ ဟေ့ကောင် မင်း ဘာလုပ်နေတာတုန်းလို့ လူယုတ်မာကောင်ကြီးရ”
ဟန်ချင်းလဲ့မှာ အချိန်ကုန်ပြီးရင်း ကုန်နေသဖြင့် ရူးမတတ် ဒေါကန်နေတော့သည်။ မျက်လုံးများ၌ ထူးဆန်းသောအလင်းရောင်တစ်စ တောက်ပနေလျက် သူသည် ရုတ်တရက် လက်သီးဆုပ်လိုက်၏။ ထိုသို့ဆုပ်လိုက်သည့်အခါ အသွေးအသားတို့ ပျောက်ကွယ်သွားပြီး သူ့မှာ အရိုးစုကြီးထက် မပိုတော့ပေ။
ထို့နောက် သူက လက်သီးထိုးချလိုက်သည်။ အပြင်အားကိုယ်ခွန်အားဖြင့်မဟုတ်၊ မယုံနိုင်လောက်အောင် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်တစ်ခုဖြင့် ဖြစ်သည်။ ၎င်း အသားဂျယ်လီကို ဝင်ဆောင့်သွားသည့်အခါ အသားဂျယ်လီမှာ နာနာကျင်ကျင် အော်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ကျုံ့သွား၏။ ရုတ်တရက် ကောက်ကျစ်သောအပြုံးက ဟန်ချင်းလဲ့မျက်နှာထက်တွင် ပေါ်လာသည်။
သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် ပြော၏...”အချိန် .... ရပ်လိုက်စမ်း”
ထိုစကားလုံးနှစ်လုံး သူ့ပါးစပ်မှ ထွက်သွားသောအခါ သူ့ပတ်ပတ်လည်ရှိ အရာအားလုံးမှာ ရုတ်တရက် ထာဝရရပ်သွားသည့်ပုံပေါ်လာသည်။
အရာအားလုံး တိတ်ဆိတ်သွားသည်။ အသားဂျယ်လီမှာ လေလယ်တွင် မလှုပ်မယှက်ဖြစ်နေပြီး ဟန်ချင်းလဲ့တစ်ယောက်တည်းအပေါ်တွင်သာ သက်ရောက်မှုမရှိပုံပေါ်သည်။ သို့သော် သူ့မျက်နှာမှာ ဖြူဆုပ်နေလေသည်။ သိသိသာသာပင် ဤတာအိုမှော်သိုင်းက သူ့အတွက် လွယ်ကူသောအရာမဟုတ်ပေ။
အချိန်ရပ်တန့်သွားသည့်အခိုက်အတန့်တွင် သူ့မျက်လုံးများက အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပလာသည်။ သူ့လက်က အသားဂျယ်လီ၏အကာအကွယ်များကို ရှောင်ရင်း တစ်ဖက်သို့ ကွေ့၍ လက်သီးတစ်လုံးအသွင်ဖြင့် မန်ဟို့ခေါင်းထိပ်သို့ တိုက်ရိုက်ပြေးဝင်သွားသည်။
“ပြီးပြီ” သူက ပြောသည်။ သို့သော် သူ့လက်သီး မန်ဟို့ခေါင်းကို ထိတော့မည့်ဆဲဆဲမှာပင် မန်ဟို့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး သွေးအေးသော အသတ်အဖြတ်အငွေ့တိုဖြင့် ပြည့်နှက်သွားသည်။
သူ့ညာလက်က ပုံရိပ်များကို ချန်ရစ်ခဲ့ရင်း ဟန်ချင်းလဲ့၏လက်သီးထံသို့ မြောက်တက်လာသည်။
သူတို့ အကြည့်ချင်းဆုံသွားသည်။
မျက်ဝန်းတစ်စုံတွင် အံ့အားသင့်သွားသောအရိပ်အယောင်ရှိပြီး ကျန်တစ်စုံကတော့ သွေးအေးနေသည်။
လောလောဆယ်တွင် တစ်ယောက်သည် ရက်စက်ကြမ်းတမ်းပုံပေါ်သော်လည်း ကျန်တစ်ယောက်မှာမူ မျက်ဝန်းအကြည့်က ဓားသွားကဲ့သို့ စူးရှလျက်ရှိသည်။
***