အနိုင်ရခြင်း
Vol. 79 Ch. 1099
မန်ဟိုနှင့်ဟန်ချင်းလဲ့ အကြည့်ချင်းဆုံသွားသည့်အချိန်မှာပင် သူတို့၏လက်သီးများက တစ်လုံးကို တစ်လုံး ဝင်တိုက်သွား၍ သူတို့နှစ်ယောက်အကြားတွင် အုန်းခနဲ အသံကျယ်ကြီး ပဲ့တင်ထပ်လာသည်။ ၎င်းသည် တစ်လောကလုံးကို တိတ်ဆိတ်သွားစေရင်း မိုးထိညံသွားလေ၏။ ခပ်ကြမ်းကြမ်းလေပြင်းတစ်ချက် တိုက်ခတ်လာပြီး အနားရှိ တောင်ထိပ်များ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
ထိုတုန်ခါမှုက မြေကြီးထဲတွင် အက်ကွဲကြောင်းများ ပွင့်ထွက်လာစေသည်။ အသားဂျယ်လီသည် ပုံမှန်အခြေအနေပြန်ရောက်သွားပြီး မန်ဟို နိုးလာသည်ကို မြင်သည်နှင့် ကပျာကယာနောက်ဆုတ်သွားတော့သည်။
ဟန်ချင်းလဲ့မှာ ပြန်ကန်အားဖြင့် တွန်းထုတ်ခံလိုက်ရသည့်အတွက် နောက်လွင့်သွားသည်။ သို့သော် ဟန်ချင်းလဲ့ မရပ်နိုင်ခင် အုန်းခနဲ အုန်းခနဲ ကိုးကြိမ်ဆက်တိုက် ပဲ့တင်ထပ်သွားသဖြင့် လေထုမှာ စုတ်ပြတ်သွားသည်။ နောက်ဆုံးတော့ သူသည် မျက်နှာဖြူဆုပ်ဖြူလျော်နှင့် နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေလျက် မြေကြီးသို့ ဆင်းသက်နိုင်လိုက်၏။
မန်ဟိုလည်း လွင့်ထွက်သွားသည်။ သူသည် ယခုတွင် မျက်နှာအတန်ငယ် နီမြန်းနေသော်လည်း မျက်လုံးများ စူးရှမြဲစူးရှနေလျက် လေလယ်တွင် ပျံဝဲနေလေ၏။
“မင်း မှန်တယ် ပြီးသွားပြီ.... မင်းအတွက်” သူက အေးစက်စက် ပြောသည်။ “ငါ့သည်းခံနိုင်စွမ်းက ဒီအထိပဲ” သူသည် ပြိုင်ဘက်ကင်းသော သူ၏တိုက်ခိုက်ပုံတိုက်ခိုက်နည်းကို သုံးရင်း မိုးကြိုးတန်းသဖွယ် ရုတ်တရက် လေကို ခွင်းကာ အလွန်လွှမ်းမိုးကြီးစိုးနေသောပုံစံဖြင့် ဟန်ချင်းလဲ့ထံ ပြေးဝင်လာသည်။
သူ့ကျင့်ကြံခြင်းအခြေခံက စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။ စောစောက သေရေးရှင်ရေးအချိန်အတွင်း သူသည် အခု ၁၀၀ မြောက် အနှစ်သာရနှင့်ပတ်သက်၍ ဉာဏ်အလင်းရခဲ့ပြီး အသိပြန်ဝင်လာခဲ့လေသည်။
ဟန်ချင်းလဲ့က မျက်နှာပျက်သွားသော်လည်း နောက်မဆုတ်ပေ။ သူလည်း အံတင်းတင်းကြိတ်ရင်း ရှေ့တက်တိုက်ခိုက်လိုက်သည်။ သူတို့နှစ်ယောက် စက္ကန့်ပိုင်းအတွင်း သိုင်းကွက်ရာချီဖလှယ်ရင်း ထိပ်တိုက်တွေ့သွားသဖြင့် တဝုန်းဝုန်း ဆူညံနေတော့၏။
မန်ဟိုက လက်ဝှေ့ယမ်းကာ မရေမတွက်နိုင်သောတောင်များအား ဆင့်ခေါ်၍ ဟန်ချင်းလဲ့အပေါ် ကျသွားစေသည်။ ဟန်ချင်းလဲ့က မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း သူ၏အရိုးပလ္လင်ကို မရေမတွက်နိုင်သောအရိုးဖြူဖြူများနှင့်အတူ ဆင့်ခေါ်လိုက်သည်။ ၎င်းတို့အားလုံးက တောင်များကို တိုက်ခိုက်လိုက်သော အရိုးဘီလူးကြီးအဖြစ် ပေါင်းစည်းသွားသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်၍ ရွှေရောင်သိမ်းငှက်ကြီးအသွင်ပြောင်းကာ ရှေ့တက်လာသည်။ အရိုင်းဆန်သောအငွေ့အသက်များ တထောင်းထောင်း ထလာစဉ် သူက ခြေသည်းများဖြင့် ဟန်ချင်းလဲ့အား ရက်ရက်စက်စက် ကုတ်ချလိုက်၏။ ဟန်ချင်းလဲ့က မုဒြာလက်ကွက်နောက်တစ်ကွက်ဖော်သည်။ ဤတစ်ခေါက်တွင် အရိုးဓားတစ်လက်က မန်ဟို့ကို ကာဆီးလိုက်သော တံတိုင်းအထပ်ထပ်ကို ဖန်တီးပြီးနောက် သူ့အား မညှာမတာ တိုက်ခိုက်လိုက်သည်။
တဝုန်းဝုန်း မြည်သံများ အရပ်လေးမျက်နှာတစ်ခွင် ပဲ့တင်ထပ်နေသည်။ လေထုသည်လည်း ပုံပျက်ရှုံ့တွလျက်။ မိုးကောင်းကင်မှာလည်း မိုးမှောင်ကျလျက်။ ဟန်ချင်းလဲ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မန်ဟို၏ရွှေရောင်သိမ်းငှက်ကြီးအသွင်သည် တစတစ မှေးမှိန်လာသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် မန်ဟို့ညာလက်က လက်သီးဆုပ်လိုက်၏။
အသက်နုတ်လက်သီး
ဤအခိုက်အတန့်အထိ မန်ဟိုသည် ခန္ဓာကိုယ်ကို ကျင့်ကြံထားကြောင်း မဖော်ပြခဲ့ရသေးဘဲ နတ်ဘုရားစွမ်းရည်များ၊ တာအိုမှော်သိုင်းများဖြင့်သာ တိုက်ခိုက်ခဲ့သည်။ ယခုတွင် သူသည် ဤလက်သီးကို သုံးနေပြီဖြစ်ရာ ဟန်ချင်းလဲ့မှာ ချက်ချင်း မျက်စိမျက်နှာပျက်သွားတော့သည်။
“ကိုယ်ကာယကျင့်ကြံသူ” သူက တအံ့တဩ ရေရွတ်လိုက်သည်။ လက်သီး သူ့အနားရောက်လာသဖြင့် သူသည် စူးစူးဝါးဝါးအော်၍ မုဒြာလက်ကွက်တစ်ကွက်ဖော်ရင်း အရိုးဒိုင်းများစွာအား ဖော်ဆောင်လိုက်သည်။ သို့သော် အရေအတွက် မည်မျှပင်ရှိပါစေ၊ ဒိုင်းအကုန်လုံး တစ်လွှာပြီးတစ်လွှာ ပျက်စီးကုန်ကာ လက်သီးသည် ဟန်ချင်းလဲ့ကို ထိုးချလိုက်တော့၏။
အုန်း
သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ မန်ဟို့ကို အင်မတန် အံ့ဩလျက် လွင့်ထွက်သွားသည်။ သို့သော် သူ့တွင် တိုက်ခိုက်လိုစိတ်အပြည့်ရှိသေးလေသည်။
လက်သီးတစ်ချက်က ဟန်ချင်းလဲ့ကို နောက်ဆုတ်လိုက်ရစေသည်။ မန်ဟိုက သူ့နောက်သို့ ချက်ချင်း မလိုက်။ ထိုအစား အရိုးအုတ်ဂူနှစ်ဂူထံသို့ လက်ချောင်းတစ်ချောင်းဝှေ့ယမ်းရင်း ၎င်းတို့အား ပေါက်ကွဲသွားစေသည်။ ဖန်းတုံးအာမှာ ယခုလေးတင် သတိပြန်လည်လာသဖြင့် မျက်နှာဖြူဖပ်ဖြူလျော်နှင့် ပေါ်လာသည်။ အခြားတစ်ဖက်တွင် ပေ့ယွီမှာ ပိန်ချုံးခြောက်ကပ်ကာ သတိလစ်နေဆဲပင်။
“အချိန်မှော်အစွမ်း....” မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ လက်ချောင်းကို ဝှေ့ယမ်းကာ ပေ့ယွီပတ်ပတ်လည်ရှိ လေထုအား ပုံပျက်လာစေသည်။ အချိန်အငွေ့အသက်များ ထွက်ပေါ်လာရာ ပေ့ယွီသည် ချက်ချင်း သက်သာသွားတော့၏။
မန်ဟိုသည် အချိန်ကို နက်နက်နဲနဲ နားလည်သော်လည်း ၎င်း၏စီးဆင်းမှုကိုတော့ မခြယ်လှယ်နိုင်သေးပေ။ သို့သော် .... သူ ယခုလုပ်နေသည့်အရာက ဟန်ချင်းလဲ့၏မှော်အတတ်ကို ချိုးဖျက်နေခြင်းဖြစ်သည်။
“မင်းက ငါ့လို အက်ရှလွန်ထဲ ဝင်ခွင့်ရဖို့ ထိုက်တန်ပါပေတယ်...” ဟန်ချင်းလဲ့က ပြောသည်။ “ကဲ ဒီလိုဆိုမှတော့ တိုက်ခိုက်ကြစို့ “ သူက ပါးစပ်မှ သွေးများကို သုတ်၍ ကောက်ကျစ်စွာ ရယ်လိုက်သည်။ ထို့နောက် မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ ဝင်းဝင်းတောက်လျက် မန်ဟို့ထံသို့ လှစ်ခနဲ ပြေးဝင်သွားတော့သည်။
ဤတစ်ခေါက်တွင် သူ့ကိုယ်ပွားနှစ်ကိုယ်က ခေါင်းနောက်လှန်၍ ဟိန်းဟောက်ပြီးနောက် သစ်စေ့နက်မှင်စာများနှင့် ကြက်တူရွေးကို ဖယ်ထုတ်ရန် အသက်စွမ်းအားများကို လောင်ကျွမ်းပစ်လိုက်သည်။ သူတို့က ဟန်ချင်းလဲ့၏ကိုယ်အစစ်နှင့်အတူ မန်ဟို့ထံ ပြေးတက်လာကြသည်။
ကြက်တူရွေးမှာ စိတ်တိုနေသေးသော်လည်း တခဏ စဉ်းစားပြီးနောက် ကိုယ်ပွားနောက်လိုက်ရန် ယုံကြည်ချက်သိပ်မရှိတော့ပေ။ ထိုအစား ၎င်းက ဒေါကြီးမောကြီး အော်လိုက်သည်။ “ဟိုဟိုလေး အဲဒီခွေးမသားကို စိစိညက်ညက်ခြေပစ်လိုက်။ အဲဒီခွေးမသားက သခင်ငါးရဲ့ ရူပကာကို ဖျက်စီးပစ်ခဲ့တာကွ။ ငါ သူ့ကို စမုံတုံးပစ်ချင်တယ်။ မင်း ဘာကြောင့် သူ့ကို ငါ့အတွက် စမုံတုံးမပစ်သေးတာလဲ... နေဦး မဟုတ်ဘူး။ သူ့ကို စမုံမတုံးနဲ့ဦး ငါ အရင်တုံးချင်တယ်”
ကြက်တူရွေးကို လှမ်းကြည့်လိုက်စဉ် မန်ဟို့မျက်နှာပေါ်၌ ကသိကအောက်ဖြစ်နေသောအမူအရာတစ်ခု ပေါ်လာသည်။ သူက စောစောက ကြက်တူရွေး သူ့ကို ကာကွယ်ပေးခဲ့ပုံကို တွေးပြီးနောက် ချောင်းဟန့်၍ ခေါင်းညိတ်လိုက်လေသည်။
ထို့နောက် သူ့ကျင့်ကြံခြင်းအခြေခံသည် စွမ်းအားများဖြင့် ပေါက်ကွဲထွက်လာသည်။ အင်မော်တယ်အကြော ၁၂၃ ကြောက သက်ဝင်လှုပ်ရှားလာပြီး ကောင်းကင် ၃၃ ခုက တဝုန်းဝုန်း ကျဆင်းလာသည်။ အင်မော်တယ်ဧကရာဇ်တစ်ဦး၏ အရှိန်အဝါသည် အထက်မိုးကောင်းကင်ထိတိုင် မြင့်တက်သွားသော လေဆင်နှာမောင်းအသွင်ပြောင်းရင်း ဖြာထွက်လာ၏။ မန်ဟိုက ဆံပင်များ လွင့်လူပျဲဝဲနေလျက် မျက်လုံးများ လျှပ်စီးကဲ့သို့ ဝင်းဝင်းလက်နေလျက် ကြီးမားသောဖိအားကြီးကို ထုတ်လွှတ်ကာ ၎င်းတို့အားလုံး၏ အလယ်တည့်တည့်တွင် ပျံဝဲနေသည်။
“တိုက်ခိုက်ချင်တယ်လား ကောင်းပြီး တိုက်ခိုက်ကြတာပေါ့” သူ့အသံက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။ ဤသည်မှာ ဟန်ချင်းလဲ့ ဆုံတွေ့ခဲ့ဖူးသမျှထဲ ရှိန်စရာအကောင်းဆုံးသော မျိုးဆက်တူတစ်ဦးဖြစ်ပေသည်။ မန်ဟို့အသံ ဟိန်းထွက်လာသည့်အချိန်မှာပင် သူ၏ကိုယ်သုံးကိုယ်က မန်ဟို့ထံ ရောက်ရှိလာသည်။
သုံးကိုယ်က လက်ဝါးများကို အတူတကွ ရိုက်ချလိုက်သည်။
“သုံးကိုယ်တာအို”
“အရိုးအုတ်ဂူမှော်သိုင်း”
“အချိန်ဖြင့် သုတ်သင်ခြင်း”
သူတို့၏ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုးမြင့်တက်လာရာ သူတို့အား မန်ဟို့ကို စိုက်ဝင်တော့မည့် လှံရှည်များသဖွယ် ဖြစ်သွားစေသည်။ မန်ဟို့မျက်နှာက တည်ငြိမ်နေပြီး သူသည် နောက်မဆုတ်။ ထိုအစား ရှေ့တစ်လှမ်း တက်လိုက်သည်။ လေဆင်နှာမောင်းကြီး တဝေါဝေါ အော်မြည်နေစဉ် သူက ညာလက်သီးကို ဆုပ်၍ ထိုးချလိုက်သည်။
နတ်ဆိုးလက်သီး (ခန္ဓာစတေးလက်သီး)
လက်သီးချက်က မိုးကောင်းကင်ထက်တွင် အရောင်အဝါများ တဖျပ်ဖျပ် လက်သွားစေပြီး တစ်ချိန်တည်းမှာပင် နတ်ဆိုးဖြစ်တော့မည့်အတိုင်းအတာအထိ ခန္ဓာကို စတေးပစ်လိုသော စိတ်ဆန္ဒတစ်ခု ပေါ်ထွက်လာသည်။ ထိုလက်သီးကား မဟူရာည၏ အမှောင်ထုကို ကိုယ်စားပြု၏။ အထက်ကောင်းကင်မှာ မှောင်မိုက်သွားပြီး နတ်ဆိုးတစ်ပါး၏ အမိုက်မှောင်က မြေပြင်များအပေါ် သက်ရောက်လာသည်။
ဝုန်းးးးးးးး
လက်သီးထိုးချလိုက်၍ အမှောင်ထု သက်ဆင်းလာစဉ် ဟန်ချင်းလဲ့သုံးကိုယ်က ဧရာမအရိုးအုတ်ဂူကြီးတစ်ဂူ ဖြစ်လာသည်။ သို့သော် ထိုဂူကြီးမှာ ချက်ချင်း တစစီ ပြိုကျသွားပြီး အတွင်းရှိ အချိန်မှော်အစွမ်းလည်း ကြေမွသွားသည်။
သုံးကိုယ်လုံး ပါးစပ်မှ သွေးများပန်းထွက်လျက် နောက်ယိုင်သွားသည်။ သို့စေကာမူ သူတို့၏တိုက်ခိုက်စိတ်ကား ပြင်းထန်မြဲ ပြင်းထန်နေဆဲပင်။
“မန်ဟို မင်းက ငါ့ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ကြည့်ဖို့ အရည်အချင်းပြည့်မှီတယ်။ သုံးကိုယ်ပေါင်းစည်းခြင်း” ဟန်ချင်းလဲ့က ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်ပွားနှစ်ကိုယ်ကား လင်းထိန်တောက်ပလာတော့၏။ မျက်စိတစ်မှိတ်အတွင်း သူတို့က ဟန်ချင်းလဲ့ထံ ပြေးဝင်၍ သူနှင့်ပေါင်းစည်းကာ .... အံ့ဖွယ်ကောင်းသော .....
ခေါင်းသုံးလုံး လက်ခြောက်ဖက် ပုံရိပ်ကြီးကို ဖန်ဆင်းလိုက်သည်။
ခေါင်းသုံးလုံးမှ ကြမ်းတမ်းသောအရှိန်အဝါကို ဖြန့်ကျက်နေသည့်အချိန် လက်ခြောက်ဖက်လုံးက မုဒြာလက်ကွက်များဖော်ကာ ပြိုင်ဘက်ကင်းသော အမြန်နှုန်းဖြင့် နတ်ဘုရားစွမ်းရည်များနှင့် တာအိုမှော်သိုင်းကွက်များ ထုတ်လွှတ်လိုက်သည်။
ဟန်ချင်းလဲ့သည် စွမ်းအားတို့ဖြင့် ပြည့်လျှံနေသော အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ မန်ဟို့ထံ ပြေး၀င်လာ၏။
ချက်ချင်းပင် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ၀င်တိုက်သွားကြသည်။ မန်ဟိုသည် ပရိယာယ်များသော နတ်ဘုရားစွမ်းရည်အရာ၌ ဆရာတစ်ဆူဖြစ်၏။ သူက ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တတ်ပြီး ဒဏ်ရာရလျှင်တောင်မှ နောက်ဆုတ်တတ်သူ မဟုတ်ပေ။ သူသည် သူ့ကို အပြည့်အ၀ပံ့ပို့ပေးနေသော ထာ၀ရအလွှာနှင့် ထုတ်လွှတ်သမျှ မည်သည့်မှော်သိုင်းကွက်နှင့် မှော်စွမ်းရည်ကိုမဆို အားဖြည့်ပေးနေသော အင်မော်တယ်အကြောများဖြင့် တရစပ် တိုက်ခိုက်နေ၏။
ထိုမျှသာမက သူကား အင်မော်တယ်ဧကရာဇ်တစ်ပါး၏ စွမ်းအားကိုလည်း ကိုင်စွဲထား၏။ ယင်းက သူ၏ မှော်သိုင်းကွက်များကို ပို၍အင်အားကြီးစေလေသည်။ သူ တိုက်ခိုက်လိုက်တိုင်း ကောင်းကင်မှာ မှေးမှိန်သွားရသည်။ ဟန်ချင်းလဲ့မှာ ယခုတွင် လုံးလုံးလျားလျား တုန်လှုပ်နေချေပြီ။
မန်ဟို၏ တိုက်ခိုက်ပုံတိုက်ခိုက်နည်းနှင့် ရန်လိုသောတိုက်ကွက်များက စိတ်အာရုံအပေါ် ဖိစီးနေသော ဖိအားကြီးကို ထုတ်လွှတ်ကာ သူ့ကို ပို၍အင်အားကြီးမားပုံပေါ်နေစေသည်။ ဟန်ချင်းလဲ့မှာ အဆက်မပြတ် နောက်ဆုတ်နေရသည့်အတွက် တိုက်ကွက်မည်မည်ရရ ထုတ်ဖော်ရန် အခွင့်မသာဖြစ်နေသည်။
"သေစမ်း ဒီမန်ဟိုက ဘာကြောင့် ဒီလောက် အစွမ်းထက်ရတာလဲ" ဟန်ချင်းလဲ့မျက်နှာ ပျက်သွားပြီး အံတင်းတင်းကြိတ်လိုက်သည်။ လက်ခြောက်ဖက်လုံးက မုဒြာလက်ကွက်ဖော်ကာ သူ့အရှေ့တွင် မှော်ဘီးကြီးတစ်ခုအား ဖန်ဆင်းလိုက်၏။
ဘီးကြီးသည် အစစ်မဟုတ်ပေ။ ဆယ်ရာခိုင်နှုန်းမျှသာ အကောင်အထည်ရှိပြီး ကျန်ကိုးဆယ်ရာခိုင်နှုန်းက ပုံရိပ်ယောင်ဖြစ်နေသည်။ မရေမတွက်နိုင်သော မှော်သင်္ကေတများက ၎င်းကို ဖုံးလွှမ်းထားလျက်ရှိကာ ရှေးဆန်သော ကမ္ဘာဦးအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
ဤသည်ကား အက်ရှလွန်တွင် ဟန်ချင်းလဲ့အား နေရာရစေခဲ့သော ပါရာဂွန်မှော်သိုင်း .... အချိန်ဘီး ဖြစ်ပေသည်။
ဤဘီးတွင် လျှို့ဝှက်ဆန်းကြယ်သော မူလအစရှိပြီး အချိန်ကို ခြယ်လှယ်နိုင်စွမ်းရှိ၏။ ထို့အတွက်ကြောင့် ဟန်ချင်းလဲ့သည် ပါရာဂွန်မှော်သိုင်းနှင့်ပက်သက်၍ ဉာဏ်အလင်းရခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သောအတတ်ကို ပိုင်ဆိုင်ခဲ့လေသည်။
"ပါရာဂွန်မှော်သိုင်း အချိန်တာအို" ဟန်ချင်းလဲ့၏ လက်များက မုဒြာလက်ကွက်များ တဖျတ်ဖျတ် ဖော်နေစဉ် မှော်ဘီးကြီးသည် စတင်လည်လာ၏။ အချိန်က လေထုကို စုတ်ဖြဲရင်း မန်ဟို့ထံ စီးဆင်းလာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အချိန်မှာ ဖန်ဆင်းပြနေသော အတိတ်ခေတ်မြင်ကွင်းများကား ပတ်၀န်းကျင်တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
"ပါရာဂွန်မှော်သိုင်းတဲ့လား" မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မိုးကောင်းကင်သည် တုန်ခါသွား၏။ ဧရာမ တံတားကြီးတစ်စင်း ကျဆင်းလာသည်။ ၎င်းက ပါရာဂွန်တံတားမှတစ်ပါး အခြားမဟုတ်ပေ။
ပါရာဂွန်တံတားပေါ်လာသည်နှင့်တစ်ပြိုင်နက် မှော်ဘီးကြီးမှာ ယှဉ်ပင်မယှဉ်နိုင်သည့်အလား သိမ့်ခနဲ တုန်ရီသွားသည်။
ဟန်ချင်းလဲ့ မျက်နှာပျက်သွား၏။ ပါရာဂွန်မှော်သိုင်းနှစ်ခု ၀င်တိုက်သွားသည့်အခါ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ကမ္ဘာကြီးကား ပြိုကွဲတော့မည့်အလား ဖြစ်သွား၏။ ပြင်းထန်သော တုန်ခါမှုက လေဟုန်ခွင်းလောကထဲရှိ ကျင့်ကြံသူအားလုံးအပေါ် သက်ရောက်သွားလေသည်။
မှော်ဘီးကြီးသည် တဝုန်းဝုန်း ပြိုကျသွား၏။ ပါရာဂွန်တံတားမှာ တုန်ခါသွားသော်လည်း ပြင်းထန်သောဖိအားကို ဆက်လက်ထုတ်လွှတ်နေသေးသည်။ ဟန်ချင်းလဲ့၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ ပြိုကွဲစပြုလာ၏။ သူ့ခေါင်းနှစ်လုံး ပေါက်ကွဲသွားပြီး လက်သုံးဖက် ပြတ်ထွက်သွားသည်။ သူက မချိတင်ကဲ အော်ဟစ်လိုက်သော်လည်း သူ၏ တိုက်ခိုက်လိုစိတ်က သူ့စိတ်ထဲမှ ထွက်မသွားသေးပေ။
သူ၏ ကျန်ရှိသော လက်သုံးဖက်က မုဒြာလက်ကွက်များ ဖော်၍ သူက ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်သည်။ ရုတ်တရက် အံ့မခန်းလိလိ အရှိန်အဝါကို ထုတ်လွှတ်နေသော ရုပ်တုကြီးတစ်ခုက သူ့အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ဤသည်ကား သူ ရရှိခဲ့သည့် ကံကြမ္မာကောင်း၊ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သည်။ ယခုတွင် သူသည် ၎င်းကို တိုက်ပွဲတွင် ထုတ်သုံးလိုက်ပြီဖြစ်၍ မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ကာ နတ်မီးတောက် အဆီအနှစ်အား ပေါ်လာစေသည်။
"အဆီအနှစ်။ မဖြစ်နိုင်ဘူး…." ဟန်ချင်းလဲ့မှာ ပထမဦးဆုံးအကြိမ် တုန်လှုပ်သွားပြီး အကြောက်တရားတို့ သူ့ရင်ထဲတွင် ဖြစ်တည်လာသည်။ ဤအကြောက်တရားသည် ဟန်ချင်းလဲ့ကို အတိုင်းထက်အလွန် အရှက်ကွဲသွားသလို ခံစားလိုက်ရစေသည့်အရာ ဖြစ်၏။ သူသည် အက်ရှလွန်ထဲတွင် ပါ၀င်သည့်တိုင် ဤနေရာတွင် သူကား အက်ရှလွန်စာရင်း၀င် နောက်တစ်ယောက်ကြောင့် ကြောက်ရွံ့နေရလေသည်။ သူ့မှာ ခံစားချက်များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း အကြောက်တရားကို ဖယ်ထုတ်မရပေ။
“မဖြစ်နိုင်ဘူးလို့ ထင်ပေမယ့် တကယ်ဖြစ်နိုင်နေတဲ့ အရာတွေ အများကြီးရှိသေးတယ်" မန်ဟိုက အေးစက်စက် ပြောသည်။ "မင်းက အတွေ့အကြုံ မရှိသေးဘူး"
သူ ဟန်ချင်းလဲ့အနား ချဉ်းကပ်လာစဉ် ကမ္ဘာကြီးမှာ တုန်ခါလာ၏။ ဖန်းတုံးအာနှင့် ပေ့ယွီမှာ လုံးလုံးလျားလျား အံ့အားသင့်စွာဖြင့် ကြည့်နေကြသည်။ သူတို့သည် မန်ဟို့ကို သိသည့်တိုင် မအံ့ဩဘဲ မနေကြပေ။ မန်ဟိုကား သူတို့ထင်ထားခဲ့သည်ထက် ပို၍ပင် အစွမ်းထက်လာသည့်အလားပင်။
ဤတိုက်ပွဲတွင် ဟန်ချင်းလဲ့မှာ တောက်လျှောက်ခံနေရ၏။ စောစောက သူတို့ကို တိုက်ခိုက်ခဲ့သော သူ၏ ကြောက်ခမန်းလိလိပုံစံမှာ ယခုတွင် ဘာဆိုဘာမှ မဟုတ်တော့သည့်အလားပင်။
ဟန်ချင်းလဲ့မှာ ဆုတ်ပြီးရင်း ဆုတ်နေရသည်။ သူကား မျက်နှာပျက်နေပြီး မကြာမီ ခါးသီးစွာ ရယ်တော့သည်။ သို့သော် သူ၏မျက်လုံးများက အာရုံစူးစိုက်မှုအပြည့်ပင်။
"မင်းက သန်မာတာပဲ။ ငါ ထင်ထားထာထက် အများကြီး သန်မာတယ်။ မင်းမျိုးနွယ်က မန်ဆိုပေမယ့် မင်းက မန်မျိုးနွယ်စုနဲ့ ဘာမှ မပက်သက်လောက်ဘူး။ ဒါပေမယ့် မင်းကို မန်မျိုးနွယ်စုရဲ့ နတ်ဘုရားစွမ်းရည်တစ်ခုနဲ့ တိုက်ရတာ တော်တော်လေး ပျော်စရာ ကောင်းမှာပဲ" သူက အရူးကြီးတစ်ယောက်ကဲ့သို့ တဟားဟားရယ်ရင်း ညာလက်ကို ဆန့်ထုတ်၍ လက်ချောင်းတစ်ချောင်းအား လေကိုခွင်း၍ ဝှေ့ယမ်းလိုက်သည်။
"အဇူရာမိုးကြိုး" သူ စကားပြောလိုက်စဉ် သူ့ခန္ဓာကိုယ်သည် တုန်ခါသွားပြီး ဤတိုက်ကွက်က သူ့ကို နောက်ဆုံးအတိုင်းအတာသို့ တွန်းပို့လိုက်သည့်အလား သူ့ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ မရေမတွက်နိုင်သော မိုးကြိုးတန်းများသည် သူ့ပတ်ပတ်လည်တွင် ဖျစ်ဖျစ်ဖြောက်ဖြောက် မြည်ရင်း ပြန့်ကားလာကာ မိုးကြိုးကန်ကြီးသဖွယ် ဖြစ်လာသည်။ ကောင်းကင်ထက်တွင် မိုးပြာရောင်မိုးကြိုးတစ်တန်းက အောက်သို့ ထိုးဆင်းလာရင်း ဟန်ချင်းလဲ့နှင့် ဆက်သွယ်ကာ သူ၏ စွမ်းအားကို ကြောက်ခမန်းလိလိ မြင့်တက်သွားစေသည်။
မန်ဟို၏မျက်လုံးများ လင်းလက်သွားပြီး ကျရောက်လာတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသည်။
"မန်မျိုးနွယ်စု" သူက မျက်နှာရိပ်ခနဲဖြစ်သွားပြီး ရေရွတ်လိုက်သည်။ ဟန်ချင်းလဲ့၏စွမ်းအား ထိုးတက်လာစဉ် မန်ဟိုက အသက်ပြင်းပြင်းရှုသွင်းကာ ဖျတ်ခနဲ ရှေ့လှမ်းလိုက်၏။
ထိုခြေလှမ်းက အရာအားလုံးကို သိမ့်သိမ့်ခါလာစေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်တွင် ဧရာမခြေဖဝါးကြီးတစ်ခုက ဟန်ချင်းလဲ့ကို နင်း၍ သူ၏ ထိုးတက်လာနေသော စွမ်းအင်ကို ဖိနှိပ်ရန် ပေါ်လာသည်။
အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် စုရန်ထံမှ ရရှိခဲ့သော နတ်ဘုရားခြေခုနစ်လှမ်း မှော်သိုင်းကွက်ကို ထုတ်ဖော်နေလေပြီ။
ဒုတိယခြေလှမ်းက တစ်လောကလုံးကို တုန်ခါလာစေပြီး လေများ တဝေါဝေါ တိုက်ခတ်လာစေသည်။
မန်ဟိုက မရပ်ပေ။ သူသည် သုံးလှမ်းမြောက်၊ လေးလှမ်းမြောက်နှင့် ငါးလှမ်းမြောက်တို့ကို လှမ်းလိုက်၏။ ခြေလှမ်းတစ်လှမ်းစီက သူ့ပတ်ပတ်လည်တွင် အားကောင်းသောစွမ်းအင်များကို သက်၀င်လှုပ်ရှားလာစေသည်။ ၎င်းက သူ၏ကိုယ်ပိုင်စွမ်းအင်မဟုတ်ဘဲ ဟင်းလင်းပြင်၊ ကမ္ဘာလောက၊ မိုးနှင့်မြေမှ ဆင့်ခေါ်ထားသော စွမ်းအင်ဖြစ်သည်။
စုရန် သူ့အပေါ်တွင် နတ်ဘုရားခြေခုနစ်လှမ်းသိုင်းကို သုံးခဲ့စဉ်တုန်းက မန်ဟိုသည် လုံးလုံးလျားလျား တုန်လှုပ်ခဲ့ရ၏။ သူမက ၎င်းအား သူ၏ပါရာဂွန်မှော်သိုင်းကို ခုခံရန်ပင် သုံးခဲ့လေသည်။ ထိုအခြင်းအရာက သူ၏ စိတ်၀င်စားမှုကို ချက်ချင်း ဖမ်းစားခဲ့ပြီး ထိုအကြောင်းကြောင့် သူသည် ဤတာအိုမှော်သိုင်းကို သူမထံမှ ယူဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်၏။
သူ ရင်းနှီးကျွမ်းဝင်သော တာအိုမှော်သိုင်းအလုံးစုံအနက် မည်သည့်အရာကမှ ထုတ်လွှတ်နိုင်သောအဟုန်အရ နတ်ဘုရားခြေခုနစ်လှမ်းသိုင်းနှင့် မယှဉ်နိုင်ပေ။ ဤမှော်သိုင်းသည် ... အဟုန်တာအိုတစ်ခုဖြစ်၏။
သူ ထိုခြေလှမ်းငါးလှမ်းကို လှမ်းလိုက်စဉ် သူနှင့်ပတ်သက်၍ ဘယ်အရာကမှ ထူးထူးခြားခြား ဖြစ်မသွားပေ။ သို့သော် အကြောင်းတစ်စုံတရာကြောင့် သူ ပေးစွမ်းနေသော ခံစားချက်မှာ မိုးမြေ၏အထက်တွင် သူကား တည်ရှိနေသည့်အလားပင်။ စွမ်းအားအမြောက်အမြား ထွက်လာပြီး ဟန်ချင်းလဲ့ကို နင်းချလိုက်သည်။
ဟန်ချင်းလဲ့မျက်နှာမှာ သွေးမရှိတော့ပေ။ သူ၏အဇူရာမိုးကြိုးသည် စွမ်းအားအပေါ် အခြေခံ၍ သူ့ကိုယ်ထဲရှိ မိုးကြိုးစိတ်ဆန္ဒကို ကောင်းကင်ဘုံလာအင်အားအဖြစ် စုစည်းစေသည်။ ထို့နောက် ၎င်းဖြင့် ရန်သူကို သူ ချေမှုန်းနိုင်သည်။
သို့သော် ယခုတော့ သူ့မှာ မန်ဟိုက ထို့ထက်ပင်ပို၍ အင်အားကြီးမားကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားတော့သည်။
“မဖြစ်နိုင်ဘူး” သူက ပင့်သက်ရှိုက်လိုက်သည်။ ထို့နောက် မန်ဟိုသည် ခြောက်လှမ်းမြောက်၊ ခုနစ်လှမ်းမြောက်ကို လှမ်းလိုက်၏။ သူကား မည်သည့်အရာမဆိုထက် မြင့်မားနေသယောင် ထင်ရသည်။ ကောင်းကင်ဘုံလာ အင်အားသည် ဟန်ချင်းလဲ့ကို နင်းချလိုက်သော ဧရာမခြေဖဝါးတစ်ခုအဖြစ် ပြောင်းသွား၏။
“မလုပ်နဲ့” ဟန်ချင်းလဲ့က သွေးပျက်စွာ အော်သည်။ သူသည် မုဒြာလက်ကွက်တစ်ကွက် ကပျာကယာခေါ်လိုက်ကာ အဇူရာမိုးကြိုးအား သူ့ထံမှ ကျဆင်းလာနေသော ခြေဖဝါးကြီးထံသို့ ထိုးတက်သွားစေသည်။
ဂျိန်းးးးးးးးးးးးးး
၎င်းတို့ တစ်ခုကို တစ်ခု ဝင်တိုက်သွားသောအခါ ခြေဖဝါးကြီးက ရပ်တန့်ခြင်းပင် မရှိဘဲ မိုးကြိုးကို ချေမှုန်း၍ ဟန်ချင်းလဲ့အပေါ် ရက်ရက်စက်စက် နင်းချလိုက်သည်။ အုန်းခနဲ ကျယ်လောင်စွာ ကြားရနိုင်ပြီး မြေငလျင်များ လှုပ်ခတ်သွားသည်။ ပြည်ထောင်ကိုး၏ မြို့တော်နှင့် စည်းဖြူတောင်အကြားတွင် မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း နစ်ဝင်နေသော ဧရာမခြေဝါးရာကြီး ပေါ်လာလေသည်။
သွေးများ ဟန်ချင်းလဲ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့တစ်ကိုယ်လုံး ခြောက်ကပ်လာသည်။ ခြေဝါးရာကြီး၏ အလယ်တည့်တည့်တွင် ရပ်နေစဉ် သူ့အရှိန်အဝါမှာ လွန်စွာ အားနည်းလျက်ရှိ၏။ သူက တဟားဟား ခါးခါးသီးသီးရယ်ရင်း ကျောက်စိမ်းပြားတစ်ပြားကို ချိုးလိုက်သည်။ မြူခိုးတိမ်တိုက်တစ်ခုသည် သူ့ကို ဝန်းရံရစ်သိုင်းရင်း လျင်မြန်စွာ သယ်ဆောင်သွားတော့၏။
သူ့မှာ ထွက်ပြေးနေရလေပြီ။ ထိုအခြင်းအရာက သူ့နှလုံးသွေးတို့ကို တစက်စက် ကျလာစေသည်။ သူကား တိုက်ပွဲတွင် မရှုမလှရှုံးနိမ့်ခြင်းဖြင့် အရှက်ကွဲခဲ့ပြီဖြစ်သည်။ သူ့မှာ မျိုးဆက်တူတစ်ယောက်နှင့် တိုက်ပွဲအတောအတွင်း ဤကျောက်စိမ်းပြားကို ချိုး၍ အသက်လုပြေးရလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။ သို့သော် ဤနေရာတွင် သူ့မှာ ခွေးပြေးဝက်ပြေး ပြေးနေရသည်။
“မင်း ဒီအတိုင်း ထွက်သွားနိုင်မယ်ထင်လား” မန်ဟိုက မျက်နှာအတန်ငယ် ဖြူဆုပ်နေလျက် လေလယ်တွင် ပေါ်လာကာ ပြောသည်။ ဤတိုက်ပွဲသည် အလွန်ခက်ခဲခဲ့သော်လည်း မိစ္ဆာကျင့်ကြံသူအုပ်မှ သူ့ကို အကောက်ကြံခဲ့သောအဖြစ်နှင့်ယှဉ်လျှင် မပြောပလောက်ပေ။
သူက အေးစက်စက် နှာမှုတ်၍ လက်ဝှေ့ယမ်းလိုက်ပြီး ထူးဆန်းသောအလင်းတစ်စက သူ့မျက်ဝန်းများတွင် တောက်ပလာတော့သည်။ သူက လက်ချောင်းကို ဟန်ချင်းလဲ့ထံသို့ ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
“ကံကြွေးအမိန့်စာ” သူ့အသံကြီးသည် ခက်ထန်မှု၊ ရိုးသားမှုနှင့် မြင့်မြတ်မှုအပြည့်ဖြင့် ပဲ့တင်ထပ်လာ၏....
“ကံဆက်ကြိုးတွေ ဖန်တီးဖို့ ကံကြွေးကို ဆင့်ခေါ်တယ်။ မင်း ငါ့အပေါ် အကြွေးတင်သွားပြီ”
***