← Chapters

ကံကြမ္မာ

Vol. 79 Ch. 1100

ကံကြမ္မာ

Vol. 79 Ch. 1100

မန်ဟိုသည် စည်းဖြူတောင်ထိပ်၏အပေါ်တွင် စံချိန်အဟောင်းကို ပထမဆုံး ချိုးခဲ့သူဖြစ်သွားစဉ်က ကံကြွေးအမိန့်စာကို သုံးရင်း ကျန်အက်ရှလွန်များနှင့် ကံချင်းဆက်စပ်ခဲ့၏။ ထိုအချိန်တုန်းက သူ့နာမည်သည် လေဟုန်ခွင်းလောကတစ်ဝန်း အပြောများလာခဲ့ပြီး လူတိုင်း သူ့ကို သိလာကြ၍ မမြင်ရသော ကံဆက်ကြိုးများ ဖန်တီးခံခဲ့ရလေသည်။

ကံကြွေးကို ထိုကဲ့သို့ အသုံးချခြင်းမှာ အတိုင်းထက်အလွန် ခြယ်လှယ်ရာရောက်လေသည်။ အမှန်တွင် မန်ဟို ကံကြွေးအမိန့်စာကို မဖန်တီးခဲ့ခင်က ထိုကဲ့သို့အရာတစ်ခုမှ မတည်ရှိခဲ့ဖူးပေ။

ထိုအချိန်က ရရှိခဲ့သော ဉာဏ်အလင်းနှင့် သူ၏ပင်ကိုယ်စရိုက်အပြင် လိုအပ်ချက်များအပေါ်အခြေခံ၍ သူသည် ကံဆက်ကြိုးများကို အတင်းအကြပ် ဖော်ဆောင်ပေးနိုင်သော ပြိုင်ဘက်ကင်းကြီးစိုးလွန်းသည့် တာအိုမှော်သိုင်းတစ်ခုကို ဖန်တီးခဲ့သည်။

၎င်းအား ရှောင်၍လည်းမရ၊ ခုခံ၍လည်း မရပေ။ ထိုမျှသာမက ကံမျိုးစေ့ကို ကြဲခဲ့ပြီဆိုကတည်းက သေချာပေါက် အရိတ်သိမ်းခံရမည်ဖြစ်သည်။

ဟန်ချင်းလဲ့မှာ ထွက်ပြေးနေရင်းတန်းလန်း တုန်ရီသွားသည်။ ရုတ်တရက် သူသည် သူ၏ကံကြမ္မာမှာ ပြုပြင်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။ ကောက်ကာငင်ကာ ဖြစ်ပေါ်လာသော ထိုအာရုံက သူ့နှလုံးကို ဒိန်းခနဲ ဒိန်းခနဲ ခုန်လာစေသည်။

သူ့မှာ ဘာကြောင့်မှန်းမသိသော်လည်း မန်ဟို့အပြင် တခြားမည်သည့်အရာကိုမှ မတွေးနိုင်တော့ပေ။ ကျိန်စာသင့်နေသည့်အလား မန်ဟို့နာမည်က သူ့စိတ်ထဲတွင် ပြည့်နှက်နေသည်။

“ဘာတွေဖြစ်နေတာလဲ။ ငါက သူ့အပေါ် အကြွေးတင်နေတယ်တဲ့လား” ဟန်ချင်းလဲ့မှာ မျက်နှာပျက်သွားပြီး ရုန်းကန်ချင်သော်လည်း ရုန်းကန်မရကြောင်း တွေ့လိုက်ရသည်။ သူ့စိတ်နှလုံးထဲတွင် မန်ဟိုသာ ပြည့်နှက်နေလေပြီ။ အားလုံးအထဲ အချောက်ချားစရာအကောင်းဆုံးမှာတော့ သူ့စိတ်အတွင်း၌ ပဲ့တင်ထပ်နေသောစကားလုံးများပင်။

မင်း ငါ့အပေါ် အကြွေးတင်သွားပြီ

မင်း ငါ့အပေါ် အကြွေးတင်သွားပြီ

မင်း ငါ့အပေါ် အကြွေးတင်သွားပြီ

အသံသည် မိုးခြိမ်းသံကြီးပမာ မြည်ဟည်းနေ၍ ဟန်ချင်းလဲ့မျက်နှာအား ပိုမိုဖျော့တော့သွားစေတော့သည်။

“ဒါ ဘာမှော်အတတ်တုန်း။ သောက်ကျိုးနည်း” ဤသည်ကား သူတစ်ခါမှ မကြားခဲ့ဖူးသော မှော်အစွမ်းမျိုးဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မှာ ထိတ်လန့်သွားလေသည်။

မန်ဟို လက်ချောင်းကို ဝှေ့ယမ်းလိုက်သောအခါ သူ့မျက်ဝန်းထဲတွင် တစ်လောကလုံး ပြောင်းလဲသွားသည်။ အရာအားလုံး တုန်ခါလာပြီး အချိန်မှာ လိပ်သွားသွားနေသကဲ့သို့ နှေးကွေးလာသယောင်ပင်။ သူသည် မြင်သမျှ လူတိုင်း၏ ခေါင်းထိပ်မှ ဆန့်ထွက်နေသော ကံကြွေးမျှင်ပေါင်းများစွာကို မြင်နိုင်သွား၏။ ဟန်ချင်းလဲ့ကိုယ်တိုင်၌ကား ကံကြွေးမျှင်များပြားလွန်းသဖြင့် တစ်မျှင်ချင်းစီ ခွဲရခက်နေလေသည်။ သို့သော် တစ်မျှင်ကတော့ သူနှင့်မန်ဟိုအား ဆက်သွယ်ပေးထားသည်။

ထိုအမျှင်သည် သူတို့နှစ်ယောက်ကို မြဲမြဲမြံမြံ ချည်နှောင်မပေးထားကောင်း မပေးထားလောက်သော်လည်း စူးရှစွာ တောက်ပလျက်ရှိနေ၏။ ကံကြွေးအမိန့်စာ.... ထုတ်လွှတ်သူနှင့် ပစ်မှတ်အကြား ပတ်သက်မှုနက်ရှိုင်းလေလေ၊ ကံကြွေးမျှင်များသည် ခိုင်မာလေလေဖြစ်သည်။ ကံကြွေးမျှင်များ ခိုင်မာလေလေ၊ မှော်အတတ်၏အာနိသင်ကား ပိုမိုလွှမ်းမိုးနိုင်လွန်းလေလေပင်။

“ဒီလိုဖြစ်စေခဲ့တဲ့ ပထမဆုံးအရာက မင်း ငါ့ကို နာမည်ကို သိသွားလို့" မန်ဟိုက မိုးနှင့်မြေ၏ မြင့်မြတ်သောအကြောင်းအရာတချို့ကို ရှင်းပြနေသည့်အလား မျက်နှာတည်တည်ဖြင့် ပြောနေသည်။ “ပြီးတော့ မင်းကို ငါနိုင်သွားတယ်။ အခု ဖြစ်ပျက်နေတာကိုတော့ ကံ ကံရဲ့အကျိုး၊ ကံကြွေးလို့ ဖော်ပြနိုင်တယ်

“ကံကြွေးက ကံတရားအဖြစ် လုပ်ဆောင်တယ်။ မိုးနှင့်မြေက သက်သေတည်တယ်။ လက်ဆုပ်လက်ကိုင် မပြနိုင်တဲ့ ကြိုးတစ်ကြိုးဖန်တီးခံလိုက်ရပြီး အဲဒီကြိုးဟာ အကြွေးစာချုပ်တစ်ခုကို ဖော်ဆောင်ပေးတယ်။ မင်း အကြွေးပြန်ပေးတဲ့နေ့ကျ ကံကြွေးပျက်ပြယ်သွားလိမ့်မယ်” သူသည် တစ်စုံတစ်ခုကို ရေးနေသည့်အလား လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်သွားပြီး လေများ တဝေါဝေါ သောင်းကျန်းတိုက်ခတ်လာသည်။ မိုးကြိုးလျှပ်စီးအပေါင်းသည် မန်ဟိုနှင့် ဟန်ချင်းလဲ့အကြားရှိ ကံကြေးအတွက် သက်သေတည်ပေးနေသကဲ့သို့ တဂျိန်းဂျိန်း ထစ်ချုန်းနေ၏။

ဟန်ချင်းလဲ့က မချိတင်ကဲ အော်လိုက်သည်။ သူ့မှာ မြူခိုးများဖြင့် ခြံရံလျက် အမြန်ဆုံးပျံပြေးနေသည့်တိုင် သူ့စိတ်ထဲတွင် မိုးထစ်ချုန်းသံကြီး ပြည့်နှက်သွားသေးသည်။ မန်ဟို သူ့မှော်အစွမ်းအား ထုတ်လွှတ်လိုက်သည့်အချိန်မှာပင် ဟန်ချင်းလဲ့သည် သူ့ခန္ဓာကိုယ်ထဲမှ မှိန်ပျပျအရှိန်အဝါတစ်ခု ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

၎င်းက အံ့အားသင့်ဖွယ် ခံစားချက်လည်း ဖြစ်သလို၊ ချောက်ချားစရာလည်း ကောင်းသည်။ သူသည် ရုတ်တရက် သူ့ဘဝတစ်လျှောက်လုံးအပေါ် သက်ရောက်တော့မည့်နည်းလမ်းတစ်ခုဖြင့် မန်ဟို သူ့ကို အမှတ်အသားပြုနေသည်ဟု အာရုံရလိုက်တော့သည်။

“မလုပ်နဲ့” သူက ဟိန်းဟောက်ကာ ရုန်းသည်။ သို့သော် သဲထဲ ရေသွန်သာ။ ယခုတွင် သူ့မှာ ခံစားနေရသော အရှက်တရားကို လျစ်လျူရှုရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး ဤနေရာမှ မြန်မြန်ထွက်သွားဖို့သာ စိတ်စောနေတော့၏။ မန်ဟို့အပေါ် သူ၏ကြောက်စိတ်မှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီး သူ့မှာ ပြည်ထောင်ကိုးနှင့် မန်ဟို့ကိုမှ ရွေး၍ တိုက်ခိုက်ဖို့ ရွေးချယ်ခဲ့မိသည့်အတွက် ပထမဆုံးအကြိမ် နောင်တအကြီးအကျယ် ရသွားလေပြီ။

ကြက်တူရွေးက သိပ်မလှမ်းကမ်းတွင် ပျံဝဲရင်း ထိုမြင်ကွင်းအား မိန်းမောစွာ ကြည့်နေသည်။ ၎င်းသည် မနာလိုဖြစ်နေ၏။ အတိုင်းထက်အလွန် မနာလိုဖြစ်နေသည်။ မန်ဟို ကိုင်စွဲသော တာအိုမှော်သိုင်းအားလုံးအနက် ကံကြွေးအမိန့်စာသာလျှင် ၎င်းအတွက် အသက်ရှူမှားလောက်အောင် လှပသည်ဟု ခံစားရ၍ ကြက်တူရွေးမှာ မြင်ရတိုင်း ၎င်းကို၎င်း မထိန်းချုပ်နိုင်လောက်အောင် ဖြစ်ရလေသည်။

အသားဂျယ်လီလည်း မနာလိုဖြစ်နေပြီး ထိုကဲ့သို့ မှော်သိုင်းမျိုးအား တောင့်တနေသည်။ ၎င်းသာ ရှိလျှင် အသားဂျယ်လီသည် လူယုတ်မာများနှင့်တွေ့တိုင်း ကံကြွေးအမိန့်စာသုံး၍ အဆင်ပြေချောမွေ့အောင် လုပ်နိုင်မည်။

ဖန်းတုံးအာမှာတော့ မျက်နှာမသာမယာ ဖြစ်နေသည်။ သူမသည် လောလောဆယ်တွင် မန်ဟိုနှင့်တစ်လှေတည်း ဖြစ်သော်လည်း ကံကြွေးအမိန့်စာကို မြင်တိုင်း အတိတ်တုန်းက ဖြစ်ပျက်ခဲ့သည့် တချို့သောအရာများကို မတွေးမိဘဲ မနေပေ။ (မန်ဟို ကံကြွေးအမိန့်စာကို စစချင်း ဖန်တီးခဲ့တုန်းက ဖန်းတုံးအာအပေါ်မှာ ပထမဆုံး သုံးခဲ့တာပါ)

ပေ့ယွီမှာမူ စောစောက သတိပြန်လည်လာခဲ့၍ မန်ဟိုနှင့် ဟန်ချင်းလဲ့တိုက်ပွဲကို မြင်ခဲ့ရသည်။ ယခုတွင် သူမသည် မြင့်မြတ်မှု၏ ပြယုဂ်သဖွယ် ကံကြွေးအမိန့်စာကို ထုတ်လွှတ်နေသော မန်ဟိုကို ကြည့်ရင်း ... ဘယ်လိုလူစားမျိုးက အကြွေးတင်အောင် လုပ်ဖို့လေးအတွက်နှင့် ဤကဲ့သို့မှော်အတတ်မျိုးဖန်တီးသည့်အတိုင်းအတာအထိ သွားလိမ့်မည်လဲ စဉ်းစားနေ၏။

ထိုမျှသာမက သူသည် မှော်အတတ်ကို ထုတ်လွှတ်သောအခါ သမာသမတ်ကျသော အသွင်ကို ဆောင်နေသည်...

မန်ဟိုမှာ အမှန်လည်း သမာသမတ်ကျသည်ဟု ခံစားနေရလေသည်။ သူ၏ ဖြောင့်မြတ်တည်ကြည်နေသောအသံက ... မြေပြင်တစ်လျှောက် ပဲ့တင်ထပ်လာသည်။

“အခုကစပြီး မင်း ငါ့အပေါ် အကြွေးတင်သွားပြီ။ အတိုးစည်းကမ်းကိုလည်း ပြောင်းလဲလို့မရဘူး။ တစ်နှစ်ကို နှစ်ဆ၊ ဆယ်နှစ် အဆတစ်ရာ။ နှစ်ရာ အဆတစ်ယောက်။ ကံကြွေးမျှင် အကြွေးစာချုပ်ကို ဖန်တီးစေ အခုချက်ချင်း”

သူ၏တည်ကြည်လေးနက်သော စကားလုံးများ ပဲ့တင်ထပ်နေစဉ် မန်ဟိုက ဟန်ချင်းလဲ့၏ ကံကြွေးမျှင်ကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ၎င်းသည် စူးရှတောက်ပသောအလင်းရောင်ကို ထုတ်လွှတ်ရင်း တွန့်လိမ်လာ၏။ မျက်စိတစ်မှိတ်အတွင် အလင်းရောင်က တာအိုမှော်အတတ်မှတစ်ဆင့် စာချုပ်အဖြစ် စုစည်းသွားသည်။

၎င်း အသာအယာလေး ပျံဝဲကျလာစဉ် မန်ဟိုက အဖိုးထိုက်ရတနာလေးကဲ့သို့ ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ သူသည် စာချုပ်ပေါ်တွင် ရေးထားသော ဂဏန်းများကို မြင်လျှင် ချောင်းဟန့်ပြီးနောက် သူ့သိုလှောင်အိတ်ထဲရှိ စာချုပ်အပုံလိုက်ကြီးထဲ ထည့်လိုက်၏။

စာချုပ် ပေါ်လာသောအခိုက်အတန့်တွင် ဟန်ချင်းလဲ့မှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူသည် စောစောက သူ့ကိုယ်ထဲမှ ထွက်သွားသည့် အရှိန်အဝါမှာ မန်ဟိုနှင့် သဘောတူညီတစ်ခုခုလုပ်ခဲ့ရသည်ကို ညွှန်ပြနေကြောင်း သိလိုက်တော့၏။

ထိုသဘောတူညီမှုမှာ ကျွန်စာချုပ်အလားပင်။ သူ့မှာ ထိုကိစ္စတွင် ရွေးချယ်စရာမရှိခဲ့သည့်အပြင် အတင်းအကြပ် သဘောတူလက်မှတ်ထိုးခဲ့ရသည်။ သူ သဘောတူတူ၊ မတူတူ မန်ဟို့အပေါ် အကြွေးတစ်ပုံတခေါင်း တင်သွားလေပြီ။

သူ ပြန်မပေးလျှင် ကံကြွေးကြောင့် သူ့ကျင့်ကြံခြင်းအခြေနှင့် သူ့အနာဂတ်တွင် မမြင်နိုင်သောအပြောင်းအလဲများ ဖြစ်လာမည်။ ဤကဲ့သို့ အခြေအနေမျိုး၊ ဤကဲ့သို့ တာအိုမှော်အတတ်မျိုးက ဟန်ချင်းလဲ့ကို ပြင်းပြင်းထန်ထန် တုန်ရီလာစေတော့၏။ သူ့မှာ ကြောက်အားလန့်အားဖြင့် တာအိုမှော်သိုင်းအတတ်တစ်မျိုးကို သတိရလိုက်သည်။

“ကံကြမ္မာ၊ ဒါ ကံကြမ္မာမှော်အတတ်ပဲ။ သူက ကံကြမ္မာမှော်အတတ်ကို သိတယ်လား။ မဖြစ်နိုင်ဘူး။ မိုးနဲ့မြေတစ်ခွင်မှာ ရှေးခေတ်ကနေ ဒီနေ့ထက်ထိ ဘယ်သူမှ ကံကြမ္မာတာအိုနဲ့ပတ်သက်ပြီး ဉာဏ်အလင်းမရခဲ့ဖူးဘူး” သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူက ခံပြင်းပြင်းအော်ဟစ်လိုက်တော့သည်။ နောက်ဆုံးတော့ သူသည် မြူခိုးများကို အရှိန်တင်၍ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားလေ၏။

“ဒီနေရာက မင်း လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရတဲ့နေရာမဟုတ်ဘူး” မန်ဟိုက ခပ်တည်တည်ပြောသည်။ “အရင်ဆုံး မင်းက ငါ ကျင့်ကြံနေတာကို နှောင့်ယှက်ခဲ့တယ်။ ငါ အဲဒါကို လျှော်ပေးနိုင်ပေမယ့် အကြွေးတင်နေတာကိုတော့ ဒီတိုင်း ဘယ်လိုမှမထားပေးနိုင်ဘူး” ထို့နောက် သူသည် ဖန်းတုံးအာနှင့် ပေ့ယွီထံသို့ လက်ချောင်းတစ်ချောင်းအား ဝှေ့ယမ်းလိုက်သည်။ ချီလှိုင်းနှစ်လှိုင်းက သူတို့နှစ်ယောက်ထံ စီးဝင်လာရင်း ကျင့်ကြံခြင်းအခြေခံများကို အကောင်းပကတိအတိုင်း ကုစားပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး ယခင်ထက်ပို၍ပင် အားပြည့်သွားလေသည်။

“တာအိုရောင်ရင်းတို့ ၊ ကျေးဇူးပြုပြီး ဗဟိုဝတ်ပြုကျောင်းကို သွားပေးပါ။ ပြည်ထောင်ရှစ်က ကျင့်ကြံသူအားလုံးကို သတ်ပစ်ပြီး ပြည်ထောင်ရှစ်ရဲ့ နိုင်ငံအရှိန်အဝါတောင်အကာအကွယ်တွေကို အားနည်းအောင် လုပ်ပေးပါ။ သူတို့ရဲ့ လောကစည်းတံဆိပ်ကို လုဖို့ ပြည်ထောင်ရှစ်ဆီသွားနိုင်အောင် ငါ့ကို ကူညီပေးကြပါ

“ငါ အောင်မြင်ရင် အတူတူ ဉာဏ်အလင်းရှာနိုင်ပြီ။ လေဟုန်ခွင်းလောကရဲ့ သဘာဝနိယာမတွေနဲ့ အနှစ်သာရတွေကို ဆင်ခြင်သုံးသပ်ပြီး ငါတို့ရဲ့ အနာဂတ်လမ်းကို ထုဆစ်နိုင်ပြီ” သူ့စကားလုံးများကြောင့် ဖန်းတုံးအာနှင့် ပေ့ယွီတို့၏ မျက်ဝန်းလေးများ တောက်ပလာသည်။ သူတို့သည် ဉာဏ်ကောင်းသူများဖြစ်၍ မန်ဟို့အစီအစဉ်ကို ဒက်ခနဲ နားလည်လိုက်ကြ၏။ ဤအခွင့်အရေးကား သေချာပေါက် ရှားပါးသည့်အပြင် မန်ဟိုကလည်း ကတိပေးနေလေပြီ။

မိန်းကလေးနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ချက်ချင်းဆိုသလို မန်ဟို့ကို အစွမ်းကုန် ကူညီရမည့် ဗဟိုဝတ်ပြုကျောင်းသို့ ထွက်သွားသော အလင်းတန်းများအသွင် ပြောင်းသွားတော့သည်။

ဖန်းတုံးအာနှင့်် ပေ့ယွီထွက်ခွာသွားသော အခိုက်အတန့်တွင် မန်ဟိုက ဟန်ချင်းလဲ့ ထွက်ပြေးသွားခဲ့သည့် အရပ်မျက်နှာဘက်သို့ ရှေ့တစ်လှမ်းတက်လိုက်သည်။ သူသည် အမြန်ဆုံးနှုန်းဖြင့် အမှီလိုက်သွားလေပြီ။

“မပြေးနဲ့ ဟန်ချင်းလဲ့ ငါ့အကြွေးပြန်ပေးစမ်း” သူ့အသံ ဟိန်းထွက်လာစဉ် သစ်စေ့နက်မှင်စာများ၊ အသားဂျယ်လီနှင့် ကြက်တူရွေးတို့အားလုံး မန်ဟို့နောက်လိုက်သွားသော အလင်းတန်းများ ဖြစ်သွားကြသည်။ ပင်လယ်စာများအတွက်မူ ကြက်တူရွေးသည် စကြဝဠာသိုလှောင်အတတ်တစ်ခု သုံးကာ ၎င်းတို့ကို တောင်ပံများအတွင်း ထည့်လိုက်၏။ ထို့နောက် ၎င်းက မာန်အပြည့်ဖြင့် ဟစ်ကြွေးလိုက်သည်။

“မပြေးနဲ့ ဟန်ချင်းလဲ့ ။ သခင်ငါး မင်းကို အခုထိ စမုံမတုံးရသေးဘူး။ ရာရာစစ မင်းကများ ပြေးရဲရတယ်လို့”

အလင်းတန်းများက အရာခပ်သိမ်းကို တဝုန်းဝုန်း တုန်နေစေရင်း လေကို ခွင်းလာကြသည်။ ဟန်ချင်းလဲ့မှာ သွေးတစ်ပွက်ပြီးတစ်ပွက် အန်ရင်း ပြေးနေဆဲဖြစ်သည်။ သူ့ကို ဝန်းရံထားသော မြူခိုးများမှာ မှေးမှိန်ပျောက်ကွယ်စပြုနေလေပြီ။ ၎င်းသည် သူ၏အသက်ကယ်မှော်အစွမ်းဖြစ်၍ သိပ်ကြာကြာမခံပေ။ သူ့ကို သေဘေးမှ ကယ်တင်ရန် ယာယီအရှိန်တင်ပေးသောအရာမျှသာ ဖြစ်သည်။

အမြန်နှုန်းက မည်မျှမယုံနိုင်စရာကောင်းလဲဆိုလျှင် သူ့အား ပြည်ထောင်ကိုးမှ ထွက်၍ ပြည်ထောင်ရှစ်သို့ ချက်ချင်းဆိုသလို ရောက်သွားစေသည်။ သူ့မျက်နှာမှာ ဖြူဆုပ်နေပြီး သေရတော့မည့်အန္တရာယ်က ယခုထက်ထိ မပျောက်သေးပေ။ သူသည် ကြောက်စရာကောင်းသောမန်ဟို့ သူ့နောက် လိုက်လာနေပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

ပြည်ထောင်ရှစ်သို့ ဝင်လိုက်လျှင်ချင်း မှော်အတတ်တစ်ခုဖြင့် အားဖြည့်ပေးထားသော သူ့အသံက ဟိန်းထွက်လာသည်။

“ပြည်ထောင်ရှစ်ရဲ့ စစ်သည်တော်တို့၊ နေရာယူကြ” သူ့အသံသည် အဋ္ဌမတောင်မှ လာခဲ့သော ကျင့်ကြံသူရှစ်ယောက်ဆီ ရောက်သည်အထိ ပြည်ထောင်ရှစ်တစ်ခွင် ပဲ့တင်ထပ်သွား၏။ ထိုအုပ်စုအနက် လေးယောက်က ဗဟိုဝတ်ပြုကျောင်းဒေသတွင် တိုက်ခိုက်နေသည်။ သူတို့တစ်ကိုယ်လုံး တုန်ရီသွားပြီး လက်ရှိနေရာမှ ဟန်ချင်းလဲ့ထံသို့ သွားရန် အရှိန်အသားကုန်တင်လိုက်ကြသည်။

အချိန်များ ကုန်လွန်သွားသည်။ တစ်နာရီကြာသော် ဟန်ချင်းလဲ့မှာ ရံဖန်ရံခါ သွေးအန်ရင်း ပြေးနေဆဲဖြစ်သည်။ သူ့ကို ရစ်သိုင်းနေခဲ့သော မြူခိုးများမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုအစား သူ ပြည်ထောင်ရှစ်၏ နိုင်ငံ့အရှိန်အဝါတောင်သို့ ပျံသန်းနေစဉ် အလင်းတန်းလေးတန်းက သူ့ပတ်ပတ်လည်တွင် ဝန်းရံရင်း အကာအကွယ်ပေးထားသည်။

“ငါ တောင်ကို မြန်မြန်ပြန်ရောက်ဖို့ လိုတယ်။ အဲဒီက အကာအကွယ်တွေနဲ့ မန်ဟို့ကို ပြန်တိုက်လို့ရမယ်။ အနည်းဆုံးတော့ ငါ့ ဒဏ်ရာတွေ သက်သာလာအောင် အချိန်ဆွဲပေးထားနိုင်မှာပဲ

“မန်ဟိုက ငါ့ကို ဖမ်းဖို့ အချိန်ဆွဲနေမှာမဟုတ်ဘူး ။ မဟုတ်ရင် သူ ပြည်ထောင်ကိုးကနေ ထွက်လာတာနဲ့ တခြားအက်ရှလွန်တွေရဲ့ တိုက်ခိုက်တာခံရမှာ

“ငါ အချိန်လုံလုံလောက်လောက် ဆွဲထားနိုင်သရွေ့ ဒီအသက်ဘေးကနေ သေချာပေါက် လွတ်လိမ့်မယ်” ဟန်ချင်းလဲ့၏မျက်လုံးများ နီရဲလျက်ရှိသည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ပြည်ထောင်ရှစ်နှင့်ကိုးအကြား နယ်စပ်တွင် ဘွားခနဲ ပေါ်လာ၏။ သူကား နတ်စစ်သည်တော်ကြီးတစ်ဦးအလား သူပေါ်လာသည်နှင့်တစ်ပြိုင်နက် ပြည်ထောင်ရှစ်ရှိ ကျင့်ကြံသူအားလုံးမှာ သူ့ထံမှ ထုတ်လွှတ်နေသော ဖိအားကို ခံစားလိုက်ရ၍ တုန်ယင်လာကြတော့သည်။

“ဧည့်သည်လာရင် ဧည့်ဝတ်မကျေပွန်လို့ မသင့်တော်ဘူး။ မင်းက ငါ့အိမ်ကို လာဖို့ ဆုံးဖြတ်ခဲ့မှတော့ ငါလည်း အတိုးတောင်းဖို့ မင်းအိမ်လာဖို့ ဆုံးဖြတ်ပြီးပြီ” မန်ဟိုက ချောင်းဟန့်လိုက်ပြီး အတန်ငယ်အားတုံ့အားနာဖြစ်နေပုံပေါ်သော်လည်း တခဏပင် တုံ့ဆိုင်းမနေဘဲ ပြည်ထောင်ရှစ်၏ နိုင်ငံအရှိန်အဝါတောင်သို့ ဦးတည်သွားတော့သည်။

သူ အနားရောက်လာသည်နှင့်အမျှ တဂျိန်းဂျိန်း မိုးခြိမ်းလာပြီး ပြည်ထောင်ရှစ်အပေါ် သက်ရောက်နေသော ဖိအားလည်း ပြင်းထန်လာသည်။ ဤအခိုက်အတန့်တွင် ဟန်ချင်းလဲ့သည် တောင်ပေါ် ရောက်သွားခဲ့လေပြီ။ သူက ခြေချလိုက်လျှင်ချင်း အော်ဟစ်လိုက်သည်။

“ဒီနေရာကို သေတဲ့အထိ ကာကွယ်ကြ။ ဘယ်သူ့ကိုမှ အထဲခြေလှမ်းလေးတစ်ဝက်တောင် မချစေနဲ့”

***

All Chapters