နိုင်ငံ့အရှိန်အဝါတောင်အတွင်း သတ်ဖြတ်ဝင်ရောက်ခြင်း
Vol. 79 Ch. 1101
ပြည်ထောင်ရှစ်၏နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် ဟန်ချင်းလဲ့သည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် သွေးအန်ရင်း တင်ပျဉ်ခွေထိုင်နေ၏။ သူက ဆေးလုံးများကို ပျာပျာသလဲ ထုတ်ပြီး ချက်ချင်း ဝါးစားလိုက်သည်။ သူ၏ ကျူးကျော်ရန်စခဲ့မှုလေးက အကြီးအကျယ်အရှံးပေါ်စေခဲ့သည်သာမက သူ့မှာ ယခုတော့ မန်ဟို၏လိုက်ဖမ်းခြင်းလည်း ခံနေရလေပြီ။ ထို့ကြောင့် သူ့အတွက် လေဟုန်ခွင်းလောကအတွင်း၌ ဤနိုင်ငံ့အရှိန်အဝါတောင်ထက်ပို၍ ဘေးကင်းလုံခြုံသောနေရာမရှိပေ။
သူ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေစဉ် သူ့ဒဏ်ရာများသည် တဖြေးဖြေး ကျက်စပြုလာ၏။ တစ်ချိန်တည်းမှာပင် အဋ္ဌမတောင်ပင်လယ်မှ သက်လတ်ပိုင်းကျင့်ကြံသူလေးယောက်သည် တောင်အပြင်တွင် နေရာယူ၍ စောင့်ကြပ်ပေးနေကြသလို၊ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်နေကြသည်။ သူတို့အားလုံး သိသိသိသာသာ အံ့အားသင့်နေကြလေသည်။
သူတို့သည် ဟန်ချင်းလဲ့ကို ကောင်းကောင်းသိကြပြီး သူ့ကို ယခုလိုဖြစ်အောင် ယှဉ်နိုင်သော မျိုးဆက်တူတစ်ယောက်နှင့်မှ မကြုံတွေ့ခဲ့ဖူးပေ။
ထို့ကြောင့် ... ဟန်ချင်းလဲ့၏ ဒဏ်ရာဒဏ်ချက်များက သူတို့ကို ကြက်သီးတဖြန်းဖြန်း ထသွားစေသည်။ ဟန်ချင်းလဲ့ ဦးတည်သွားခဲ့သည်ကား ပြည်ထောင်ကိုးဖြစ်ခဲ့ကြောင်း သူတို့ သိထားကြသည်မဟုတ်ပါလော။
“ဒီလိုဖြစ်အောင် လုပ်လိုက်တာက နဝမတောင်က အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူ ... မန်ဟိုများလား”
“သူ မဟုတ်လို့ ဘယ်သူ ရှိနိုင်မလဲ။ ဟန်ချင်းလဲ့က ပြည်ထောင်ကိုးကို သွားခဲ့တာဆိုတော့ သူတို့ တိုက်ခိုက်ခဲ့ကြတာပဲဖြစ်မယ်” လေးယောက်သား အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူတို့၏အမူအရာများသည် လွန်စွာ လေးနက်သွားကြ၏။
သို့သော် သူတို့တွင် ရွေးချယ်စရာမရှိပေ။ တာဝန်ကြောင့်ပဲဖြစ်ဖြစ်၊ ရလဒ်က လေဟုန်ခွင်းလောကအတွင်း သူတို့ အောင်မြင်နိုင်မည့် အခွင့်အရေးများအပေါ်တွင်ပါ သက်ရောက်မှုရှိ၍ကြောင့်ပဲဖြစ်ဖြစ်၊ ရွေးချယ်စရာကို မရှိသည်သာ။
အချိန်များ ကုန်လွန်သွားပြီး လူလေးယောက်သည် သူတို့၏ကျင့်ကြံခြင်းအခြေခံများကို တစ်ချိန်လုံး လှည့်ပတ်ထား၏။ မကြာမီ မိုးကုပ်စက်ဝန်းပေါ်တွင် အလင်းတန်းတစ်တန်း ပေါ်လာပြီး သူတို့ တုံ့ပင်မတုံ့ပြန်နိုင်ခင် မိုးထစ်ချုန်းသံများက လေတွင် ပြည့်နှက်လာတော့သည်။
၎င်းကား မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။
ပြည်ထောင်ရှစ်သို့ ဝင်ရောက်လာပြီးနောက် သူသည် ဟန်ချင်းလဲ့ ပြည်ထောင်ကိုးသို့ ဝင်ရောက်ခဲ့စဉ်တုန်းက လုပ်ခဲ့သည့်အတိုင်း တစ်ပြည်လုံးအပေါ်တွင် လေးလံသောဖိအားတစ်ရပ်အား ဖြန့်ကျက်ထားခဲ့၏။ ဖန်းတုံးအာနှင့် အခြားသူများ ခံစားခဲ့ရသော ခံစားချက်သည် ယခုတွင် ပြည်ထောင်ရှစ်၏ အဖွဲ့သားများအားလုံးအကြား ဖြစ်ပေါ်နေလေပြီ။
လေးယောက်က မန်ဟို့ထံ လှမ်းကြည့်လိုက်စဉ် မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။ မန်ဟို လှုပ်ပင်မလှုပ်ရှားနိုင်မီ လေးယောက်လုံး အံတင်းတင်းကြိတ်၍ နတ်ဘုရားစွမ်းရည်များ ဆင့်ခေါ်ရန် မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။
သူတို့အားလုံး တစ်ပြိုင်တည်း အော်လိုက်ကြသည်။ “မဟာသားရဲလေးကောင်အစီအရင်”
မိုးကောင်းကင်သည် တဖျတ်ဖျတ် လက်သွားပြီး မြေငလျင်လှုပ်ခတ်လာသည်။ ဤလေးယောက်ကား အင်မော်တယ်နယ်ပယ်မဟုတ်၊ ရှေးဟောင်းနယ်ပယ်တွင် ဖြစ်ကြ၏။
သူတို့အကုန်လုံးတွင် လေဟုန်ခွင်းလောကအတွင်း အကြွင်းမဲ့အကန့်အသတ်ဖြစ်သော မီးငြိမ်းဝိညာဉ်ငါးလုံးဖြင့် ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။ သူတို့၏တိုက်ကွက်က လေပြင်းတစ်ချက်ကို တိုက်ခတ်လာစေပြီး တဂျိန်းဂျိန်း ထစ်ချုန်းလာစေသည်။ ထိုအသံများအလယ်တွင် ဧရာမကျားဖြူကြီးတစ်ကောင် ထွက်လာသည်။
ကျားဖြူကြီးသည် မီတာသုံးတာတိတိ ရှည်လျားပြီး ချပ်ဝတ်တန်ဆာတစ်စုံ ဝတ်ဆင်ထားသည်။ ၎င်းက မိုးထိတိုင်ရိုက်ခတ်နေသော အသတ်အဖြတ်အငွေ့များနှင့်အတူ ကြောက်ခမန်းလိလိစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်နေသည်။
နောက်တစ်ကောင်က အတိုင်းထက်အလွန် ရက်စက်ခက်ထန်နေသော လိပ်မည်းကြီးတစ်ကောင်ဖြစ်သည်။ ၎င်းကို အလိပ်လိပ်ထလျက် စီးဆင်းနေသော အနက်ရောင်ရေများဖြင့် ဝန်းရံထားသည်။ ပုံရိပ်ယောင်မြေထုကြီးတစ်ခုလည်း ၎င်းခြေထောက်အောက်တွင် ပေါ်လာရာ အဆုံးမဲ့သောစွမ်းအားက ၎င်းကို ခြံရံထားသည့်ပမာ ဖြစ်နေသည်။
ထို့နောက် မိုးကောင်းကင်ထိတိုင် မြင့်တက်နေသော ဧရာမီးတောက်မီးလျှံများဖြင့် မီးငှက်တစ်ကောင်။ နောက်ဆုံးကတော့ မိုးကောင်းကင်ကို ပုံပျက်ရှုံ့တွသွားစေသည့် ဟိန်းဟောက်သံများ ထုတ်လွှတ်နေသော အဇူရာနဂါးတစ်ကောင်။ မဟာသားရဲလေးကောင်လုံး ပေါ်ပေါ်လာသည့်အခါ မိုးကြိုးလျှပ်စီးများ ကခုန်၍ ထူးခြားဆန်းကြယ်သောစွမ်းအားများ တဖွေးဖွေး လှုပ်လာသည်။
“မဟာသားရဲလေးကောင်ဖျက်စီးသိုင်း” ကျင့်ကြံသူလေးယောက်က အော်သည်။ ချက်ချင်းပင် မဟာသားရဲလေးကောင်၏ပုံရိပ်များက ဟိန်းဟောက်၍ မန်ဟို့ထံ ပြေးတက်လာကြသည်။ ကျားဖြူက အသတ်အဖြတ်အငွေ့များဖြင့် ပထမဆုံးရောက်ရှိလာ၏။
မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက အေးစက်စက် နှာတစ်ချက်မှုတ်ကာ ရှေ့တက်၍ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် တောင်ဝါးမြိုမန္တန် ထွက်ပေါ်လာရာ မရေမတွက်နိုင်သော တောင်များက ကျားဖြူအပေါ်သို့ တဝုန်းဝုန်း ကျလာသည်။ ကျားဖြူမှာ ပိတ်မိသွားလေပြီ။ မန်ဟိုလည်း တစ်ဆက်တည်း ဆင်းသက်လာပြီးနောက် ကျားဖြူ၏ခေါင်းကို ရက်ရက်စက်စက် ရိုက်ချလိုက်သည်။
ရိုက်ချက်က ကျားဖြူတစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားစေပြီးနောက် ၎င်းက ငယ်သံပါအောင် အော်လိုက်ရသည်။ နောက်ဆုံးတော့ ၎င်း၏ခေါင်း ပေါက်ကွဲသွား၍ ကျင့်ကြံသူလေးယောက်အနက်တစ်ယောက်မှ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရတော့သည်။
သို့သော် ခေါင်းမရှိတော့သည့်တိုင် ကျားဖြူကား မသေသေး။ ၎င်းက တိရစ္ဆာန်အစစ်မဟုတ်ဘဲ မှော်ဖန်ဆင်းမှုတစ်ခုသာ မဟုတ်ပါလော။ ၎င်းက မန်ဟို့ကို လက်သည်းများဖြင့် ဒေါသတကြီး ကုတ်ခြစ်လိုက်သေးသည်။
သတ္တုချင်း ပွတ်တိုက်သွားသံကဲ့သို့ ခပ်စူးစူးအသံကြီးတစ်သံ ကြားလိုက်ရသည်။ သို့သော် မန်ဟိုက နည်းနည်းလေးမှ ထိခိုက်မသွားပေ။ သူ့အပြင်အားကိုယ်မှာ ရှေးဟောင်းနယ်ပယ်အဆင့် ရောက်ရှိနှင့်ပြီးဖြစ်ရာ ဤကျားဖြူက သူ့ကို မည်ကဲ့သို့ ထိခိုက်အောင် လုပ်နိုင်မည်နည်း။
ကျားဖြူမှာ ကြက်သေသေသွားပြီး နိုင်ငံအရှိန်အဝါတောင်ကို ကာကွယ်နေသော ကျင့်ကြံသူလေးယောက်လည်း အံ့အားသင့်သွားကြသည်။
“သူ့အပြင်အားကိုယ် ....”
“သေစမ်း အဲ့ဒါ ဘာအပြင်အားကိုယ်ကြီးတုန်း။ ကျားဖြူက သူ့ကို ပွန်းပဲ့သွားအောင် မလုပ်နိုင်ပါလား”
သူတို့နှလုံးသား တုန်ရီနေစဉ် မန်ဟိုက ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ကျားဖြူ၏ရင်ဘတ်ကို တန်းတန်းမတ်မတ် ဝင်တိုက်လိုက်တော့သည်။ တောင်ဝါးမြိုမန္တန်မှာ ထပ်မံထုတ်လွှတ်ခံရသော်လည်း ဤတစ်ကြိမ်တွင် ကောင်းကင်ထက်မှ တောင်များ ကျမလာပေ။ ချွန်ထက်နေသော တောင်ထိပ်များက ၎င်းခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်လိုက်သဖြင့် ၎င်းမှာ သွေးပျက်စွာ အော်လိုက်ရသည်။ မျက်လုံးတစ်မှိတ်အတွင်း ကျားဖြူ၏ ကိုယ်လုံးကြီးကား တောင်များ၏ စုတ်ဖြဲခြင်းခံလိုက်ရလေပြီ။
ကျားဖြူကို ထိန်းချုပ်နေသော ကျင့်ကြံသူက သွေးများထပ်အန်၍ ပြင်းပြင်းထန်ထန် တုန်ရီသွားသည်။ အရိုးများ တဂျွတ်ဂျွတ် ကြေမွသွားပြီး ထိုလူမှာ သေလုမြောပေါး ဖြစ်သွားတော့သည်။
သူသည် ဟန်ချင်းလဲ့ ဘာကြောင့် ဤမျှရုပ်ပျက်ဆင်းပျက် ဒဏ်ရာရလာခဲ့သလဲ သဘောပေါက်လိုက်သည့်နောက်ဆုံး မန်ဟို့ကို လုံးလုံးလျားလျား ကြောက်သွားတော့၏။ မန်ဟိုကား ဟန်ချင်းလဲ့ထက် အစွမ်းပိုထက်ကြောင်း သိသာသော်လည်း ... မည်မျှအစွမ်းထက်သလဲ ခန့်မှန်း၍ပင် မရပေ။
သူတို့ နတ်ဘုရားစွမ်းရည်များ ထပ်မံမထုတ်လွှတ်နိုင်ခင်မှာပင် မန်ဟိုက ဟိန်းဟောက်နေသော လိပ်မည်းကြီးထံသို့ စိုက်ဝင်သွားသည့် မြှားတစ်စင်းအသွင် ပြောင်းသွားသည်။
လိပ်သည် အတိုင်းထက်အလွန် မာကြောသည့်အပြင် အနက်ရောင်ရေများနှင့် ဝန်းရံလျက်ရှိပြီး ဧရာမမြေထုကြီးအပေါ်တွင် ရပ်နေခြင်းဖြစ်၏။ ထိုအခြင်းအရာအားလုံးက ၎င်း၏ခုခံနိုင်စွမ်းကို လွန်စာမြင့်မားသွားစေသည်။ သို့သော် မန်ဟိုက ၎င်းတို့အားလုံးကို ထိုးဖောက်၍ လိပ်ကို တိုက်ချလိုက်ရာ စူးစူးဝါးဝါးအော်သံနက်ကြီး ထွက်လာသည်။ အက်ကွဲကြောင်းများ ရွှမ်းဝူလိပ်တစ်ကိုယ်လုံးတွင် ပျံ့နှံလာပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ရေများ ပျောက်ကွယ်သွား၏။ မြေထုကြီးလည်း ပြိုကျသွားပြီး လိပ်တစ်ကောင်လုံး တစစီ ပေါက်ကွဲသွားလေပြီ။
၎င်းမှာ မန်ဟို့ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ မရှုမလှ ပျောက်ကွယ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် လိပ်ကို ထိန်းချုပ်နေသော ကျင့်ကြံသူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူက ကြောက်လန့်တုန်ရီစွာဖြင့် ချက်ချင်းနောက်ဆုတ်သွား၏။
ကျန်ကျင့်ကြံသူနှစ်ယောက်က ဟိန်းဟောက်ကြုံးဝါးရင်း မီးငှက်နှင့် အဇူရာနဂါးကိုလည်း ဟိန်းဟောက်စေပြီးနောက် မန်ဟို ချီတက်လာသည်ကို ဟန့်တားရန် ပူးပေါင်းတိုက်ခိုက်လိုက်စေသည်။
နဂါးတစ်ကောင်နှင့် မီးငှက်တစ်ကောင် ပူးပေါင်းသွားသည့်အခါ ၎င်းတို့၏အင်အားက တဟုန်ထိုးမြင့်တက်သွားသည်။ မီးငှက်၏ ပတ်ပတ်လည်ရှိ မီးတောက်မီးလျှံများက အပေါ်နှင့်အောက်ရှိ အရာရာတိုင်းကို မီးလောင်တိုက်သွင်းရင်း မန်ဟို့ကို သုတ်သင်ဖို့ ခြောက်လှန့်နေသည်။
ပြင်းထန်သောအပူလှိုင်းများက အရာအားလုံးကို ပုံပျက်ရှုံ့တွနေစဉ် မန်ဟိုက ပြုံးလိုက်သည်။
“မီးတောက်တဲ့လား” သူက ပြောပြီးနောက် တစ်ချက်မျှ တုံ့ဆိုင်းမနေဘဲ ရှေ့တစ်လှမ်းတက်ကာ ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် သူ့လက်ထဲ၌ မီးလုံးတစ်လုံး ပေါ်လသည်။
၎င်းကား ... နတ်မီးတောက်အဆီအနှစ်မှတစ်ပါး အခြားမဟုတ်ပေ။
သူက ဖြစ်ချလိုက်သည့်အခါ မီးလုံးသည် အကန့်အသတ်မဲ့နတ်မီးတောက်များကို ဖြန့်ကျက်ရင်း ပေါက်ကွဲသွား၏။ မီးငှက် အနားကပ်လာစဉ် မန်ဟိုက လက်ကို ဝှေ့ယမ်း၍ နတ်မီးတောက်အား အပြင်သို့ ပြန့်ကားသွားစေသည်။ မန်ဟို့အတွေးများအတိုင်း တဟုန်းဟုန်းတောက်နေသာ နတ်မီးတောက်သည် မီးငှက်တစ်ကောင်အသွင်ပြောင်းသွား၏။
မီးငှက်တစ်ကောင်က တစ်ကောင်ကို တစ်ကောင် အုန်းခနဲ ဝင်တိုက်သွားသည်။ မန်ဟို၏ နတ်မီးတောက်ငှက်သည် မဟာသားရဲလေးကောင်ငှက်ကို တစမကျန် မီးလောင်တိုက်သွင်းပစ်လိုက်၏။
မီးငှက်များသည် မီးတောက်များ၏ အလယ်တွင် မွေးဖွားလာကြပြီး မှော်ဖန်ဆင်းမှုလေးတစ်ခုသာ ဖြစ်သည့်တိုင် ဤမီးငှက်တွင် မီးငှက်အစစ်တစ်ကောင်၏ စိတ်အစစ်အမှန်ကို ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်း ပြာကျသွားစဉ် သွေးပျက်စွာ အော်သံကြီးသာ ကျန်ရစ်ခဲ့လေသည်။ ၎င်းကို ထိန်းချုပ်နေသော ကျင့်ကြံသူမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူ့မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှလည်း သွေးများ စီးကျလာသည်။ တန်ပြန်သက်ရောက်မှုက သူ့ပတ်ပတ်လည်တွင် မီးများ ဝိုင်းလာစေပြီး သူ၏ဝိညာဉ်နှင့်ခန္ဓာကို သုတ်သင်လိုက်တော့သည်။
ဤအရာအားလုံးကို ဖော်ပြနေရသည်က အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ့်တကယ် အသက်ရှုချိန်အနည်းငယ်လေးအတွင်းသာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ မဟာသားရဲလေးကောင်အနက် သုံးကောင်မှာ ယခုတွင် အမြစ်ဖြုတ်သုတ်သင်ခံလိုက်ရပြီဖြစ်၍ အဇူရာနဂါးသာ ကျန်ခဲ့သည်။ ၎င်းအနား ရောက်လာစဉ် မန်ဟိုက ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ အရိုးထိပ်ဖျားဖြင့် လှံပေါ်လာသည်။
ဤလှံ၏အရိုးသည် လောကသစ်ပင်သားမှ ထုဆစ်ထားခြင်းဖြစ်ပြီး အရိုးလှံထိပ်မှာမူ ရှည်လျားကာ ချွန်မြနေ၏။ ၎င်းထံမှ ဖြန့်ကျက်နေသော အသတ်အဖြတ်အရှိန်အဝါက ပတ်၀န်းကျင်ရှိအရာအားလုံးကို ဆောင်းလယ်ရောက်သွားသကဲ့သို့ အေးစိမ့်သွားစေသည်။ မန်ဟိုက အဇူရာနဂါးထံသို့ လှံကို အားကုန်လွှဲပစ်လိုက်သည်။ လှံက လေကို အပေါက်ဖောက်၍ ထိုးခွင်းကာ အဇူရာနဂါးထံသို့ တဟုန်ထိုး ၀င်သွားသည်။
အဇူရာနဂါးက အံ့ဩသွားဟန်ဖြင့် လှံကို ရိုက်ထုတ်ရန် အမြှီးကို လွှဲယမ်းလိုက်သည်။ သို့သော် ၎င်း၏ အမြှီးမှာ လှံကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွား၏။ လှံက ပုံရိပ်များကို နောက်တွင် ချန်ရစ်ခဲ့ရင်း အံ့မခန်းလိလိ အမြန်နှုန်းဖြင့် ရွေ့လျားလာကာ အဇူရာနဂါးကို ကြောက်ခမန်းလိလိ စွမ်းအားကြီးဖြင့် ထိုးစိုက်ပစ်လိုက်သည်။ လှံက ၎င်းကို မြေကြီးထံသို့ စိုက်ချလိုက်စဉ် အဇူရာနဂါးမှာ တန်ပြန်တိုက်ခိုက်ခြင်းမပြုနိုင်ပေ။
အဇူရာနဂါးမှာ မြေကြီးနှင့် အုန်းခနဲ ၀င်တိုက်သွားသဖြင့် ဧရာမချောက်နက်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
နဂါးကို ထိန်းချုပ်နေသော ကျင့်ကြံသူပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မျက်နှာမှာ ဖြူဆုပ်သွားသည်။ ထိုအချိန်တွင် မန်ဟိုကား နိုင်ငံ့အရှိန်အဝါတောင်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လက်သီးဆုပ်ကာ ထိုးချလိုက်လေသည်။
ပြည်ထောင်ရှစ်၏ နိုင်ငံအရှိန်အဝါတောင်ပေါ်ရှိ ရုပ်တုကြီးက ရုတ်တရက် တောက်ပလာပြီး အကာအကွယ်တစ်ခုသည် မန်ဟို၏လက်သီးကို ခုခံကာဆီးရန် ပေါ်ပေါက်လာသည်။ ဖြစ်ပေါ်လာသည့် ပြန်ကန်မှုက အလွန်တရာ ပြင်းထန်လှသည့်အတွက် မန်ဟိုမှာ မျက်မှောင်ကြုတ်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိလိုက်ပေ။
ထိုအခိုက်အတန့်မှာပင် ပတ်ပတ်လည်ရှိ ကျင့်ကြံသူသုံးယောက်က သူတို့အပေါ် ဖိနှိပ်နေသော ဖိအားနှင့် ဒဏ်ရာရနိုင်ခြေများကို လျစ်လျူရှု၍ နတ်ဘုရားစွမ်းရည်များကို လမ်းတစ်လျှောက်လုံး ထုတ်လွှတ်ရင်း မန်ဟို့ထံ ပြေး၀င်လာကြသည်။
"ထွက်သွားစမ်း" မန်ဟိုက လက်ကိုဝှေ့ယမ်းကာ ဟိန်းဟောက်လိုက်သည်။ မယုံကြည်နိုင်ဖွယ်အားလှိုင်းကြီးက ပြိုင်ဘက်သုံးယောက်ကို ၀င်တိုက်ပစ်လိုက်သဖြင့် ဝုန်းခနဲ ရိုက်ညောင်းသွားသည်။ သူတို့၏ ဒဏ်ရာများမှ သွေးများ ဖွားခနဲ ပန်းထွက်သွားပြီး နှစ်ယောက်မှာ ချက်ချင်း အသတ်ခံလိုက်ရ၏။ ကျန်ရှိခဲ့သော ကျင့်ကြံသူမှာ မျက်နှာဖြူဆုပ်သွားပြီး ကြောက်အားလန့်အား ထွက်ပြေးတော့သည်။
မန်ဟိုက သူ့နောက်မလိုက်ပေ။ ထိုအစားက သူက ညာလက်ကို လက်သီးဆုပ်၍ အကာအကွယ်ကို ထိုးနှက်လိုက်ပြန်သည်။ သူ၏မျက်လုံးများက တောက်ပနေပြီး မသိသာသော အေးစက်စက် အပြုံးအား သူ့မျက်နှာပေါ်တွင် မြင်ရနိုင်သည်။
အကာအကွယ်အတွင်းတွင် ဟန်ချင်းလဲ့သည် မျက်နှာဖြူဖတ်ဖြူရော်နှင့် ရုပ်တုကြီးအောက်တွင် ထိုင်နေသော်လည်း ဒဏ်ရာများကို ကုစားရာတွင် အာရုံအပြည့်အ၀ စူးစိုက်နေ၏။
ဤအခိုက်အတန့်တွင် ပြည်ထောင်ခုနစ်၌ စတုတ္ထတောင်မှ အက်ရှလွန်ကျင့်ကြံသူ လင်းချုံသည် လေဟုန်ခွင်းလာနေသော ကြေးစစ်ရထားတစ်စင်းထဲတွင် ရပ်နေ၏။ သူက အဖြူရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ၏ အမူအရာမှာ အံ့အားသင့်နေဟန်ရှိသည်။ သို့သော် သူသည် ကြီးမားသောစွမ်းအားနှင့်အတူ သူ့ကိုယ်သူနှင့် သူ၏ ကျင့်ကြံခြင်းအခြေခံအပေါ် အတိုင်းထက်အလွန် ယုံကြည်နေသော အငွေ့အသက်ကိုလည်း ထုတ်လွှတ်နေ၏။
"ဆိုတော့ မင်းက ငါ့အတွက် လက်ဆောင်ထုပ်ကြီး ပို့ပေးနေတာပေါ့လေ ဟန်ချင်းလဲ့" သူက မျက်လုံးများ တဖိတ်ဖိတ် တောက်ပနေလျက် ရေရွတ်လိုက်သည်။ သူသည် လက်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ကာ တဟားဟား ရယ်လိုက်၏။
"အငွေ့အသက်တွေအရ ဟန်ချင်းလဲ့နဲ့ မန်ဟို တိုက်ခိုက်နေလောက်ပြီဖြစ်မယ်။ ကဲ ဘာမှမဖြစ်ပါဘူးလေ။ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရအောင် လုပ်ထားပြီးပြီဆိုတော့ ငါ့အနေနဲ့ ပြည်ထောင်နှစ်ခုက လောကစည်းတံဆိပ်တွေကို အလွယ်တကူ ၀င်ယူနိုင်ပြီ။ ဟန်ချင်းလဲ့ ဘယ်လိုပဲ အကောက်ကြံနေကြံနေ ဂရုမစိုက်ဘူး။ သူက ငါ့ကို တွန်းလှန်နိုင်လောက်တဲ့အထိ စွမ်းအားမရှိဘူး။ ငါ သူ့ကို မြက်ခြောက်လေးလိုပဲ အလွယ်တကူ နင်းချေပစ်နိုင်တယ်"
လင်းချုံက ယုတ်မာကောက်ကျစ်စွာ ရယ်ရင်း သူ၏ စစ်ရထားအား ရှေ့သို့ စေစားလိုက်သည်။ လှိုင်းဂယက်များ ဖြာထွက်လာပြီး တစ်ချိန်တည်းမှာပင် သူသည် သူ၏ ကျင့်ကြံခြင်းအခြေခံကို ထုတ်ဖော်လိုက်ကာ လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါကို ဖြန့်ကျက်လိုက်သည်။ သူကား လင်းချုံလာနေပြီဟု လောကကြီးကို ကြေညာနေသည့်အလားပင်။
သူသည် အက်ရှလွန်အဆင့်အတန်းကို သုံး၍လည်း ခြိမ်းခြောက်နေခြင်းဖြစ်၏။
သူက ချေမှုန်းခြင်းဖိအားကို ထုတ်လွှတ်နေပြီး စောစောက အက်ရှလွန်၏ နံပါတ်တစ်စာရင်း၀င်နှင့် တိုက်ခိုက်ခဲ့ရာမှ ရလဒ်အနေဖြင့် သူ့ကိုယ်သူလည်း အင်မတန် ယုံကြည်ချက်ရှိနေသည်။ သူ့မှာ ရှုံးနိမ့်ခဲ့သော်လည်း ထိုကျင့်ကြံသူကိုယ်တိုင် သူသည် သူတိုက်ခိုက်ဖူးသမျှထဲ အစွမ်းထက်ဆုံးဖြစ်ကြောင်း ၀န်ခံခဲ့လေသည်။
***