← Chapters

ဟန်ချင်းလဲ့၏ လှည့်ကွက်

Vol. 79 Ch. 1102

ဟန်ချင်းလဲ့၏ လှည့်ကွက်

Vol. 79 Ch. 1102

မန်ဟိုသည် အကာအကွယ်အတွင်းရှိ ဟန်ချင်းလဲ့ကို အေးစက်စက် စိုက်ကြည့်ရင်း နိုင်ငံ့အရှိန်အဝါတောင်၏အပြင်၌ ပျံဝဲနေ၏။ လောလောဆယ်တွင် သူ့မှာ ဟန်ချင်းလဲ့ကို ပကတိမျက်စိဖြင့်သာ ကြည့်နိုင်သည်။ နတ်ဘုရားအာရုံက အကာအကွယ်ကို မထိုးဖောက်နိုင်ပေ။

သူ မြင်ရသည့် တစ်ခုတည်းသောအရာမှာ ဟန်ချင်းလဲ့ ဒဏ်ရာများကို ကုသရင်း ထိုနေရာတွင် ထိုင်နေခြင်းကိုသာ ဖြစ်၏။

မန်ဟိုသည် စိတ်ပူမနေပေ။ ယခုအချိန်တွင် ပြည်ထောင်ရှစ်၏ နိုင်ငံ့အရှိန်အဝါတောင်ကို ကာကွယ်ပေးထားသော အကာအကွယ်မှာ အကောင်းအတိုင်း ရှိနေ၍ အလွယ်တကူ ဖျက်စီး၍ ရမည်မဟုတ်။ သို့သော် အကာအကွယ် မကြာခင် အားနည်းလာတော့မည်ဖြစ်ကြောင်း သူ ယုံကြည်ချက်ရှိသည်။

ထိုအတိုင်းလည်း ဖြစ်လာသည်။ ဗဟိုဝတ်ပြုကျောင်းဒေသတွင် ဖန်းတုံးအာနှင့် ပေ့ယွီသည် ပြည်ထောင်ကိုး၏ စစ်ရေးအခြေအနေကို ချက်ချင်း ပြောင်းလဲလိုက်ကြ၏။ သူတို့က ပြည်ထောင်ရှစ်ကို တိုက်ခိုက်ရန် အမိန့်များ ထုတ်ပြန်ကြသည်။ နှစ်ဖက်လုံးမှာ ကျင့်ကြံသူများ စတင်တိုက်ခိုက်ကြပြီး ပြည်ထောင်ရှစ်မှာ ရှုံးပြီးရင်း ရှံးလာသည်။ သူတို့စေတီထက်တွင် တောက်ပနေသော သွေးအလင်းတန်းမှာလည်း လျင်မြန်စွာ ကျဆင်းစပြုလာသည်။

ထိုသို့ဖြစ်ပျက်သည့်အခါ သူတို့၏နိုင်ငံ့အရှိန်အဝါတောင်ကို ကာရံထားသော အကာအကွယ်မှာ လှိုင်းထလာသည်။ မကြာမီ ၎င်းသည် သိသိသာသာ ပါးလျလာရာ ဟန်ချင်းလဲ့မျက်လုံးများအား အံ့ဩပြူးကျယ်သွားစေသည်။ အပေါ်ယံကြည့်လျှင် သူသည် ဖြစ်ပျက်နေသောအရာကို မထင်ထားခဲ့၍ မန်ဟို့ကို အမဲဖြတ်တော့မတတ် စိန်းစိန်းဝါးဝါး ကြည့်နေပုံပေါ်သည်။

သူတို့အကြည့်ချင်း ဆုံသွားသောအခါ မန်ဟိုမှာ ရုတ်တရက် စိတ်မသက်မသာဖြစ်လာတော့သည်။ ဟန်ချင်းလဲ့အမူအရာက မထူးဆန်းသော်လည်း အက်ရှလွန်စာရင်းဝင်ဖြစ်လောက်အောင် အရည်အချင်းရှိသော ဟန်ချင်းလဲ့သည် အလွယ်အကူ ရှုံးနိမ့်လိမ့်မည်ဟူ၍ သူ မယုံနိုင်ပေ။ သူလိုလူများတွင် သေချာပေါက် ဝှက်ဖဲလှည့်ကွက်များ ရှိပေမည်။

ဟန်ချင်းလဲ့သည် လိုက်ဖမ်းခံခဲ့ရခြင်းကြောင့် ဤနေရာသို့ ဆုတ်ခွာလာခဲ့လျှင် ဤအကာအကွယ်လည်း ဗဟိုစစ်မြေပြင်ပေါ်ရှိ အခြေအနေကြောင့် အားနည်းသွားနိုင်ကြောင်း မသိဘဲ နေမည်မဟုတ်ပေ။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး သူက ညာလက်သီးဆုပ်ကာ အကာအကွယ်ထံသို့ အသက်နုတ်လက်သီး ပို့လွှတ်လိုက်သည်။ အကာအကွယ်မှာ ဆက်ထိန်းထားသေးသဖြင့် ဟန်ချင်းလဲ့ကို နတ်ဘုရားအာရုံဖြင့်လည်း စစ်ဆေးမရပေ။ ထို့ကြောင့် သူသည် အကာအကွယ်ကို အစွမ်းကုန်ဖျက်စီးပစ်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့နောက်တွင် အကုန်လုံး ရှင်းရှင်းလင်းလင်း ပေါ်လာလိမ့်မည်။

တဝုန်းဝုန်း မြည်သံများ ပြည့်နှက်နေပြီး အကာအကွယ်မှာ လှိုင်းထနေတော့သည်။ မန်ဟိုက အကာအကွယ်ကို လက်သီးများ၊ မှော်သိုင်းကွက်များဖြင့် ထိုးနှက်ဝင်ဆောင့်နေသော လေမုန်တိုင်းကြီးပမာ ဖြစ်နေသည်။ မကြာမီ အကာအကွယ်သည် တဖျပ်ဖျပ် လက်လာပြီး တဝုန်းဝုန်း ဆက်တိုက်မြည်နေလေပြီ။

ဟန်ချင်းလဲ့သည် အကာအကွယ်ကို ကြည့်ကာ မျက်စိမျက်နှာပျက်သွားသည်။ ၎င်း သိပ်ကြာကြာတောင့်ခံနိုင်တော့မည်မဟုတ်သည့်အပြင် ကျိုးပျက်သွားသည်နှင့် မန်ဟို့ကို ဘယ်အရာမှ တားနိုင်တော့မည်မဟုတ်မှန်း သူ ကောင်းကောင်းသိသည်။ ဟန်ချင်းလဲ့က အံတင်းတင်းကြိတ်ပြီးနောက် စိတ်ပိုင်းဖြတ်လိုက်သောအမူအရာတစ်ခု သူ့မျက်နှာထက်တွင် ပေါ်လာသည်။ ရုတ်တရက် သူက အရူးကြီးသဖွယ် စရယ်တော့သည်။

“ငါ ဟန်ချင်းလဲ့ ဒီလိုကျဉ်းထဲ ကြပ်ထဲ ရောက်ရလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး။ မန်ဟို… မင်းက အက်ရှလွန်စာရင်းဝင်ဆိုတဲ့အတိုင်း သန်မာတယ်။ နံပါတ်တစ် အက်ရှလွန်နဲ့တော့ မယှဉ်ကောင်း မယှဉ်နိုင်ပေမယ့် မင်းက စတုတ္ထတောင်က လင်းချုံနဲ့ တိုက်ခိုက်ဖို့ အစွမ်းထက်လောက်တယ်

“ငါ ကျင့်ကြံအဆင့်ကို မတက်စေချင်ခဲ့လို့ နည်းနည်းလောက် ထပ်အချိန်ဆွဲထားဖို့ ကြံထားခဲ့တာ။ ငါ့အနေနဲ့ ရှေးဟောင်းနယ်ပယ်ကို ပထမဆုံးဝင်ရောက်သွားတဲ့ အက်ရှလွန်မဖြစ်ချင်ဘူး။ အင်မော်တယ်နယ်ပယ်မှာ သေသေချာချာ ပြင်ဆင်ထားလေလေ၊ အဆင့်တက်ပြီးရင် အစွမ်းထက်ဆုံးဖြစ်လာလေလေ မဟုတ်လား

“ဒါပေမဲ့ မင်းက ငါ့ကို ဒီအထိ တွန်းပို့လိုက်မှတော့ ကောင်းပြီ ငါ အဆင့်တက်မယ်။ ပြီးတာနဲ့ ငါတို့တိုက်ပွဲ ပြန်စကြတာပေါ့” စကားသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ဟန်ချင်းလဲ့သည် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ပြီးနောက် သူ့ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ကာ တဂျွတ်ဂျွတ်အက်ကွဲသံများအား သူ့ခန္ဓာကိုယ်အနှံ့အပြားမှ ထွက်လာစေသည်။ ကျင့်ကြံအဆင့်တက်တော့မည့်အရှိန်အဝါသည် လေဟုန်ခွင်းလောကတစ်ခွင်လုံးနှင့် တစ်သားတည်းဖြစ်ကာ ပေါက်ကွဲထွက်လာ၏။

မန်ဟို့မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်မသက်မသာဖြစ်နေသော ခံစားချက်မှာ ပို၍ပင် အားကောင်းလာသည်။

“ငါ မတိုက်ခိုက်ခင်တုန်းက သူ့အမူအရာက ပုံမှန်လိုပဲ ဖြစ်ခဲ့ပေမယ့် မူမမှန်ခဲ့ဘူး။ ငါ တိုက်ခိုက်လိုက်တာနဲ့ သူက အကာအကွယ်ပျက်စီးလာတာ မြင်ပြီး အဆင့်တက်ဖို့ ရွေးချယ်ခဲ့တယ်.... “ မန်ဟိုသည် မျက်မှောင်ကြုတ်နေသော်လည်း တိုက်ကွက်များ ထုတ်လွှတ်နေသည်ကို မရပ်တန့်ပေ။ အကာအကွယ်များ ပို၍လှိုင်းထလာပြီး အက်ကွဲကြောင်းများ ပျံ့နှံလာသည်နှင့်အမျှ တခွမ်းခွမ်းမြည်သံများ ကြားလာရသည်။ ပြည်ထောင်ရှစ်သည် ဗဟိုဝတ်ပြုကျောင်းအနားက စစ်ပွဲအတွင်း ဆက်တိုက်ရှုံးနိမ့်နေသည့်အတွက် သူတို့စေတီမှ တောက်ပနေသော သွေးအလင်းတန်းမှာလည်း ဆက်တိုက်ကျဆင်းလာနေသည်။ တစ်ဆက်တည်းမှာပင် အကာအကွယ်လည်း အားနည်းသထက် အားနည်းလာသည်။

ဝုန်းးးးးးးး။ မန်ဟို့လက်သီးက ယခုလေးတင် အကာအကွယ်ကို ဝင်တိုက်၍ တစ်ဝက်ကျော်အထိ ထိုးဖောက်လိုက်သဖြင့် ထိုနေရာမှ အလွန်ကြီးမားသော အက်ကွဲကြောင်းတစ်ကြောင်း ပျံ့နှံ့လာသည်။ မကြာမီ ပြည်ထောင်ရှစ်၏ သွေးအလင်းတန်းမှာ ကိုးပြည်ထောင်အကြား အနိမ့်ဆုံးဖြစ်လာသည်။ မန်ဟိုက ခေါင်းနောက်လှန်၍ မာန်သွင်းဟိန်းဟောက်ရင်း နတ်မီးတောက်အဆီအနှစ်အား ထုတ်လွှတ်လိုက်သည်။

ပိုမိုများပြားသောအက်ကွဲကြောင်းများ ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း အကာအကွယ်သည် တုန်ခါလှိုင်းတစ်လှိုင်းကို ဖြန့်ကျက်ရင်း အစိတ်စိတ်အမြွှာမြွှာ ပြိုကျသွားတော့၏။

တုန်ခါလှိုင်းသည် ပြင်းထန်သော်လည်း မန်ဟိုက ၎င်းကို ထိုးခွင်း၍နောက်ဆုံးတွင် ပြည်ထောင်ရှစ်၏တောင်အပေါ် ခြေချလိုက်လေပြီ။ သူက သူ့သံသယများ မှန်မမှန်အကဲဖြတ်ရန် ဟန်ချင်းလဲ့ထံသို့ သူ့နတ်ဘုရားအာရုံအား ချက်ချင်း ပို့လွှတ်လိုက်သည်။

သို့သော် သူ့နတ်ဘုရားအာရုံ သူ့ကို ထိတော့မည့်အခိုက်အတန့်တွင် ဟန်ချင်းလဲ့၏ကျင့်ကြံခြင်းအခြေခံက အဆင့်တက်တော့မည့်အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာသည်။ အရောင်အဝါများ တဖြတ်ဖြတ်လက်၍ လေများ တဝေါဝေါ တိုက်လာပြီး မကြာမီ ရှေးဟောင်းနယ်ပယ်၏ တံခါးတော်မြတ်စွမ်းအား ကျရောက်လာကာ မန်ဟို့နတ်ဘုရားအာရုံကို ကြေမွသွားစေတော့သည်။

ဤအရာအားလုံးက တိုက်ဆိုင်သည်ဟု ထင်ရသော်လည်း သူ၏သံသယများနှင့် ထပ်တူကျနေသည်။ အကုန်လုံးသည် ယုတ္တိရှိပုံပေါ်သည့်တိုင် မည်သည့်အရာမှ တိုက်ဆိုင်ခြင်းမဟုတ်ဘဲ ... ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သူ မြင်လိုက်ရလေပြီ။

မန်ဟို့ခန္ဓာကိုယ်က ရှေးဟောင်းနယ်ပယ်သို့ လျင်မြန်စွာ အဆင့်တက်နေသော ဟန်ချင်းလဲ့ထံသို့ ရိပ်ခနဲ ပြေးဝင်သွားသည်။ မန်ဟို အနားရောက်လာသည်ကို မြင်လျှင် ဟန်ချင်းလဲ့သည် အံတင်းတင်းကြိတ်၍ အဆင့်တက်နေရင်းတန်းလန်းမှာပင် မုဒြာလက်ကွက်တစ်ကွက် ဖော်ကာ သူ၏လက်ချောင်းအား မန်ဟို့ထံသို့ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ပုံရိပ်ယောင်အရိုးဖြူဖြူများ မန်ဟို့ထံ ပြေးဝင်လာ၏။

အရိုးများ၏အနောက်တွင် ပါရာဂွန်မှော်အစွမ်းကို ထုတ်လွှတ်နေသော မှော်အချိန်ဘီးတစ်ဘီး ရှိသည်။ မရေမတွက်နိုင်သော နတ်ဘုရားစွမ်းရည်များက မန်ဟို့ထံ ဦးတည်နေလေပြီ။

တဂျိန်းဂျိန်း ပဲ့တင်ထပ်သွားသော်လည်း မန်ဟိုက တခဏလေးပင် မရပ်။ သူက ညာလက်ကို ဝှေ့ယမ်းရင်း ပါရာဂွန်တံတားအား ဆင့်ခေါ်လိုက်သည်။ ထို့နောက် တဟုန်းဟုန်းတောက်နေသော နတ်မီးတောက်အဆီအနှစ်က အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ ပုံရိပ်ယောင်အရိုးဖြူဖြူများ စိစိညက်ညက် ကြေသွားပြီး အချိန်ဘီးလည်း ဖျက်စီးခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ဟန်ချင်းလဲ့က ခေါင်းနောက်လှန်၍ ဟိန်းဟောက်ကာ အဇူရာမိုးကြိုးအား သူ့ခန္ဓာကိုယ်ကို ပစ်ချစေပြီး တစ်သားတည်း ပေါင်းစည်းသွားစေသည်။ ထို့နောက် သူသည် ညာလက်ကို ဆန့်ထုတ်၍ မန်ဟို့ထံ တွန်းထုတ်လိုက်၏။

ထိုတိုက်ကွက် သူ့ညာလက်မောင်းတစ်ဖက်လုံးကို သွေးအတုံးအတစ်များအဖြစ် ပေါက်ကွဲသွားစေသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် အဇူရာမိုးကြိုးတန်းတစ်တန်းသည် လက်အစအနများထဲမှ သွေးမျှင်တစ်မျှင်ဖြင့် ထိုးထွက်လာ၏။ သို့သော် ၎င်းက မန်ဟို့ထံ ပြေးဝင်လာမည့်အစား ဟန်ချင်းလဲ့၊ ရုပ်တုနှင့် တစ်တောင်လုံးကို ဝန်းရံလိုက်သော မိုးပြာရောင်အကာအကွယ်တစ်ခုဖြစ်လာသည်။

အဇူရာမိုးကြိုး အကာအကွယ်အသွင် ပြောင်းသည်နှင့် တစ်ပြိုင်တည်းဆိုသလို ဟန်ချင်းလဲ့က ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ အဆင့်တက်တော့မည့်စွမ်းအားသည် အားကောင်းသထက် အားကောင်းလာပြီး မိုးနှင့်မြေ၏စွမ်းအင်များက ဧရာမတံခါးကြီးတစ်ချပ်ပုံစံ ဖြစ်ပေါ်လာ၏။

“မင်း အခု ငါ့ကို ဘာမှ လုပ်မရတော့ဘူး မန်ဟို” ဟန်ချင်းလဲ့က တဟားဟားအော်ရယ်ရင်း ပြောသည်။

သို့သော် သူ့စကားလုံးများ ထွက်လာသည့်အခိုက်အတန့်တွင် မန်ဟိုက ရုတ်တရက် ညာမျက်လုံးကို ကိုးကြိမ်ဆက်တိုက် မျက်တောင်ခတ်လိုက်ကာ ထိုအတွင်းထဲရှိ ကြယ်ကျောက်ခဲကို အရည်ပျော်သွားစေပြီးနောက် သူ့တစ်ကိုယ်လုံးအား လျင်မြန်စွာ လွှမ်းခြုံသွားစေသည်။ အသက်ရှူချိန်တခဏလေးအတွင်း သူကား ဂြိုဟ်တစ်လုံးအသွင် ပြောင်းသွားခဲ့လေပြီ။

ဤသည်ကား ဖန်မျိုးနွယ်စု၏ တာအိုမှော်ကျင့်စဉ်.... အတွေးတစ်ချက် ကြယ်တာရာအသွင်ပြောင်းသိုင်းမှတစ်ပါး အခြားမဟုတ်ပေ။

ဤသိုင်းကွက် ရုတ်တရက် ပေါ်လာခြင်းက ဟန်ချင်းလဲ့၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။ သူသည် သူတို့ပထမဦးဆုံး တိုက်ကွက်ဖလှယ်ခဲ့စဉ်က မန်ဟို ၎င်းကို အသုံးပြုခဲ့ကြောင်း မမြင်ခဲ့ရ၍ ယခုတွင် သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာတော့သည်။ သူ ဘာမှပင် ပြန်မလုပ်နိုင်ခင် ဂြိုလ်အသွင်ဖြင့် မန်ဟိုက ကြယ်တံခွန်ကြီးပမာ ပြေး၀င်လာသည်။ သူ့လမ်းတွင် ရှိရှိသမျှအရာအားလုံးမှာ သစ်ကိုင်းခြောက်များသဖွယ်ဖြစ်ပြီး သူက အဇူရာမိုးကြိုးအကာအကွယ်ကို ချက်ချင်း ၀င်တိုက်လိုက်တော့၏။

အုန်းခနဲ အသံကြီး ဟိန်းထွက်သွားစဉ် အကာအကွယ်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပြီး မန်ဟိုက ၀င်ရောက်လာလေပြီ။ ဂြိုလ်ကြီးပျောက်ကွယ်သွားပြီး မန်ဟိုက ပုံမှန်အသွင်ဖြင့် ဟန်ချင်းလဲ့၏ ရှေ့တည့်တည့်တွင် ပေါ်လာသည်။ ချက်ချင်းပင် သူ့လက်က ဟန်ချင်းလဲ့၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။

ဟန်ချင်းလဲ့မှာ သူ့ကို ပြန်မတွန်းလှန်နိုင်သည့်အပြင် သူ၏ အဆင့်တက်ခြင်းဖြစ်စဉ်မှာလည်း အနှောင့်ယှက်ခံလိုက်ရ၏။

"သိသားပဲ" မန်ဟိုက တည်ငြိမ်စွာ ပြန်ပြောသည်။ သူ့လက် ဟန်ချင်းလဲ့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ နတ်ဘုရားအာရုံက ဟန်ချင်းလဲ့ကိုယ်ထဲသို့ စီးဆင်း၀င်ရောက်သွားလေသည်။

"မင်းက မင်းရဲ့ အဆင့်တက်တယ်ဆိုတဲ့ကိစ္စ မအောင်မြင်မှာကို တစ်ချိန်လုံး သိထားပြီးသား။ တကယ်တော့ မင်းက ဘယ်တုန်းကမှ အဆင့်တက်ဖို့ မရည်ရွယ်ထားခဲ့တာ

"ဘာကြောင့်လဲဆိုတော့ ဒါက မင်းရဲ့ အစစ်အမှန်ကိုယ်မဟုတ်တာကြောင့်ပဲ။ မင်းက ကိုယ်ပွားထက်မပိုဘူး

"မင်းဟာ အဆင့်တက်တဲ့အရှိန်အဝါနဲ့ ငါ့ဆီကနေ ပုန်းဖို့ ကြိုးစားတဲ့အပြင် အမှန်ကို ငါမမြင်နိုင်အောင် ငါ့ရဲ့ နတ်ဘုရားအာရုံကို အကာအကွယ်အထဲ ဝင်မလာအောင် တားခဲ့တယ်"

"ဆိုတော့ မင်းသိတော့ရော ငါက ဘာလုပ်ရမှာလဲ" ဟန်ချင်းလဲ့က ပြက်ရယ်ပြု‌နေသော မျက်နှာထားဖြင့်‌ အကျယ်ကြီး အော်ရယ်ရင်း ပြောသည်။ "ငါ့အစစ်အမှန်ကိုယ်က ထွက်ပြေးသွားတာဖြင့် ကြာပေါ့။ မင်း သူ့ကို တွေ့နိုင်မှာတောင် မဟုတ်ဘူး။ ဒါ့ပြင် သွားရှာဖို့ အချိန်လည်းရမှာတောင် မဟုတ်ဘူး"

အက်ရှလွန်စာရင်း၀င်တစ်ယောက်မှ ကျင့်ကြံခြင်းအဆင့်အရသော်လည်းကောင်း ဉာဏ်ရည်ဉာဏ်‌သွေးအရသော်လည်းကောင်း အားနည်းခြင်းမရှိပေ။

"ဘာကြောင့်လဲဆိုတော့ မင်းက နောက်အက်ရှလွန်တစ်ယောက်ကို မြှားခေါ်ထားလို့မလား" မန်ဟိုက အေးစက်စက် ပြောလိုက်သည်။

“ဒီနေရာမှာ တည်ကြက်အဖြစ်ထားထားတဲ့ ပြည်ထောင်ရှစ်ရဲ့ လောကစည်းတံဆိပ်နဲ့ ပြည်ထောင်ကိုးရဲ့ လောကစည်းတံဆိပ်နဲ့ဆို တခြားအက်ရှလွန်တွေ ငါ့ကို သတ်ဖို့ကြိုးစားမှာမလို့ မင်း ထွက်ပြေးနိုင်မယ့် အခွင့်အရေးရသွားမယ်လေ”

သူ့လေသံက အေးဆေးနေပြီး သူ့စကားလုံးများက တည်ငြိမ်နေသည်။ ဟန်ချင်းလဲ့သည် သူ့လှည်ကွက်ကြောင့် ဘဝင်လေဟပ်နေသော်လည်း ရုတ်တရက် ခံစားချက်မကောင်းတော့ပေ။ မန်ဟိုကား သူ ခန့်မှန်းထားခဲ့သည်ထက် သေချာပေါက် ပိုသည်။

“မင်း....” သူ စကားဆက်ပြောတော့မည့်အချိန် ရုတ်တရက် ပြည်ထောင်ရှစ်အပေါ် သက်ရောက်နေသောဖိအားမှာ နှစ်ဆနီးပါး ပိုမိုပြင်းထန်လာသည်။ သို့ဆိုလျှင် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ အက်ရှလွန်နောက်တစ်ယောက်ကား ပြည်ထောင်ရှစ်အတွင်းသို့ ဝင်ရောက်လာခဲ့လေပြီ။

မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် ညာလက်ကို အားထည့်ဖြစ်ညစ်လိုက်သည်။ ဟန်ချင်းလဲ့ကိုယ်ပွားမှာ ချက်ချင်း တစစီပေါက်ကွဲ ပျက်စီးသွားတော့၏။

ဟန်ချင်းလဲ့ကိုယ်ပွားနောက်လိုက်၍ သုတ်သင်ခြင်းမှာ မြန်မြန်ဆန်ဆန် သပ်သပ်ရပ်ရပ် ပြီးဆုံးသွားခဲ့သည်။ မန်ဟို သူ့အနောက်ရှိ ကောင်းကင်တွင် ဖြစ်ပေါ်နေသောအရာမှန်သမျှ လျစ်လျူရှုရင်း ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ရုပ်တုထံသို့ ဦးတည်သွားသည်။ သူ့လက်က ရုပ်တုလက်ထဲရှိ လောကစည်းတံဆိပ်မီးတောက်ကို ဆုပ်ကိုင်ရန် လှမ်းလိုက်လေသည်။

ထိုအခိုက်အတန့်တွင် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်နှင့် လေးနက်နေသော အသံဩဩကြီးက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာသည်။

“အဲဒါက မင်းယူဖို့အတွက် မဟုတ်ဘူး။ ထိရဲရင် ထိကြည့်လိုက်။ မင်းမျိုးနွယ်စုတစ်စုလုံး မျိုးပြုတ်သွားမယ်”

ထိုအသံကြီးနှင့်အတူ အရာအားလုံး တုန်ခါလာပြီး လေပြင်းတစ်ချက် တိုက်ခတ်လာသည်။ တိမ်တိုက်များ ကွဲကွာသွားကာ သုတ်သင်ခြင်းစိတ်ဆန္ဒကဲ့သို့ မဟူရာအလင်းကို ဖြန့်ကျက်နေသော စစ်ရထားတစ်စင်းအား ဖော်ပြလိုက်သည်။ စစ်ရထားသည် လွှမ်းမိုးကြီးစိုးသော အငွေ့အသက်နှင့် ပြင်းထန်သောဖိအားကို ထုတ်လွှတ်ကာ အပေါ်မှ အောက်သို့ ဆင်းလာ၏။

ရန်လိုစွာ အော်ဟစ်၍ စစ်မြေပြင်တစ်ခုလုံးကို တုန်ခါနေစေသော ဝိညာဉ်ဆယ်သိန်းက စစ်ရထားကို ဆွဲနေခြင်းဖြစ်သည်။ စစ်ရထား အနားရောက်လာရာတွင် မဟူရာညကဲ့သို့ အမှောင်ထုက အရာအားလုံးကို လွှမ်းခြုံရင်း ပျံ့နှံ့လာသည်။

စစ်ရထားထဲတွင် ရပ်နေသည်ကား ရှည်လျားနက်မှောင်သော ဆံပင်ရှည်များနှင့် ခံညားသောအသွင်အပြင် ရှိသည့် အဖြူရောင်ဝတ်ရုံနှင့် လူငယ်ဖြစ်သည်။ သူသည် ဒေါသထွက်မနေသော်လည်း ခြိမ်းခြောက်နေပုံပေါ်သည့်အပြင် မြစ်ဝါမြစ်ထဲမှ ယခုလေးတင် ထွက်လာခဲ့ကာ အသေကောင်ဝိညာဉ်ဆယ်သိန်းဦးဆောင်၍ စစ်ချီလာသော သေမင်းတစ်ပါးနှင့်တူသည်။

သူ ပြောလိုက်သော စကားလုံးတိုင်းက မန်ဟို့နားထဲတွင် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွား၏။ အသံလေးပင် ပြည်ထောင်ရှစ်၏ နိုင်ငံ့အရှိန်အဝါတောင်ကို သိမ့်သိမ့်တုန်သွားစေသည်။ အက်ကွဲကြောင်းများ ဖြာထွက်လာပြီး တောင်မှာ ပြိုကျတော့လုနီးပါး ဖြစ်သွားသည်။

မန်ဟိုက စစ်ရထားကို မော့ကြည့်ရင်း တဟားဟား ရယ်သည်။ ထို့နောက် သူ့အပြုံးက အေးစက်သွားပြီး သူက ပြောလိုက်၏။ “ငါ့တစ်မျိုးနွယ်စုလုံးကို မျိုးဖြုတ်ပစ်မယ်ဟုတ်စ၊ မင်းက အရည်အချင်းမပြည့်မှီဘူး”

သူ စကားပြောနေသည့်အချိန်မှာပင် သူ့လက်က လောကစည်းတံဆိပ်ကို လှမ်း၍ ... ယူလိုက်လေပြီ။

***

All Chapters