အစွမ်းအထက်ဆုံးသော အင်မော်တယ်လမ်းစဉ်
Vol. 79 Ch. 1103
“ရာရာစစ” ပြည်ထောင်ရှစ်၏အပေါ်ထက်ရှိ တိမ်တိုက်များ အလိပ်လိပ်ထလာသည်။ ဝိညာဉ်ဆယ်သိန်းမှ ဆွဲနေသော စစ်ရထားသည် ညဉ့်နက်မဟူရာ၏ အမှောင်ထုကို လျင်မြန်စွာ ပျံ့နှံ့သွားစေရင်း လေကို ခွင်းလာ၏။ စစ်ရထားထဲတွင် ရပ်နေသည်ကား စတုတ္ထတောင်မှ လင်းချုံဖြစ်သည်။ သူကား မြစ်ဝါမြစ်၏အင်အားကို ကိုင်စွဲသော သေမင်းဧကရာဇ်သဖွယ် ဖြစ်ပြီး သူ့အသံက မိုးထစ်ချုန်းသံများသဖွယ် ထပ်ဆင့်ဟိန်းထွက်လာသည်။
မန်ဟို့မျက်နှာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် သူသည် သူ့ကိုယ်သူ အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်ဖြစ်သည်ဟု ထင်မြင်ခဲ့ခြင်းမှာ မှားယွင်းကြောင်း ဟန်ချင်းလဲ့နှင့်တိုက်ပွဲက သက်သေပြခဲ့ပုံကို စဉ်းစားနေ၏။ အက်ရှလွန်သို့ ဝင်ရောက်လာခဲ့သူတိုင်းသည် ကံတရားကိုယ်စီ၊ ကံကြမ္မာကောင်းကိုယ်စီကို ပိုင်ဆိုင်ထားကြ၏။ သူတို့က တခြားကျင့်ကြံသူများ ယှဉ်ကိုမယှဉ်နိုင်သည့်လူများသာ ဖြစ်ပေသည်။ အက်ရှလွန်ကျင့်ကြံသူတိုင်းတွင် ပြိုင်ဘက်ကင်းသော ကိုယ်ပိုင်လမ်းစဉ်များ ရှိသည့်အတွက် ... တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။
လမ်းစဉ်များ မတူညီသောကြောင့် အက်ရှလွန်ကျင့်ကြံသူအားလုံး ကွဲပြားခြားနားသည်။
ဟန်ချင်းလဲ့၏လမ်းစဉ်သည် အတော်လေး ကြောင်၏။ သူ့တွင် အရိုးဖြူများနှင့် အဇူရာမိုးကြိုးရှိသော်လည်း ထိုအရာတစ်ခုကမှ သူ့အပိုင် အစစ်အမှန်မဟုတ်ပေ။ ထို့ကြောင့် သူသည် အက်ရှလွန်လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသည့်တိုင် မန်ဟိုနှင့် ရင်ဆိုင်ရသောအခါ ရှံးပြီးရင်း ရှုံးခဲ့ရသည်။
အကြောင်းမူ မန်ဟို့တွင် ကိုယ်ပိုင်လမ်းစဉ်ရှိ၍ ဖြစ်သည်။ ယင်းက လောကပါလတစ်ခွင်လုံး၏ ရှေးဟောင်းလမ်းစဉ် ၊ ဒဏ္ဍာရီလာလမ်းစဉ်၊ အစွမ်းအထက်ဆုံးသောလမ်းစဉ်ဖြစ်သည်။
ယခုတွင် သူသည် စတုတ္ထတောင်မှ ဤအက်ရှလွန်ကျင့်ကြံသူတွင်လည်း သူ့လမ်းစဉ်သူ ရှိကြောင်း မြင်လိုက်ရ၏။
ထိုလမ်းစဉ်ကို အတိအကျ သူ မသိသလို၊ သိဖို့လိုအပ်သည်ဟုလည်း မခံစားရပေ။
လောကပါလအင်မော်တယ်လမ်းစဉ်ဆိုသည်မှာ ကမ္ဘာဦးပါရာဂွန်အင်မော်တယ်ခေတ်ကတည်းကပင် ဒဏ္ဍာရီဖြစ်နေခဲ့ပြီးသော အရာပင်။ သို့သော် နှစ်ပေါင်းမြောက်မြားစွာ ကြာသည့်အခါ ကျန်တောင်ပင်လယ်များအတွင်း၌ ပို၍အင်အားကြီးမားရန် မျှော်လင့်ရင်း လျှောက်လှမ်းကြသည့် တခြားလမ်းစဉ်များလည်း ပေါ်ပေါက်မလာနိုင်ဟု မဆိုလို။
“ဒါက ပါရာဂွန်မှော်သိုင်းနဲ့ တစ်ခုခု ပတ်သက်ရမယ်” သူက တွေးလိုက်သည်။ "အက်ရှလွန်ထဲ ဝင်ရောက်ဖို့ဆို ပါရာဂွန်မှော်သိုင်းကို ဉာဏ်အလင်းရမှဖြစ်မှာမဟုတ်လား။ ကြည့်ရတာ ... အက်ရှလွန်ရဲ့ဖြစ်တည်မှုက ပါရာဂွန်ပင်လယ်အိပ်မက်ရဲ့အစီအစဉ်ကို အကောင်အထည်ဖော်ပေးဖို့အပြင် တခြားအကြောင်းရင်းလည်း ရှိလောက်ဦးမယ်။ ဘယ်လမ်းစဉ်က အစွမ်းထက်ဆုံးပါရာဂွန်ဖြစ်လာစေမလဲ ဆိုတာကိုလည်း မြင်ရကောင်း မြင်ရနိုင်လောက်တယ်” မန်ဟိုမှာ ရာနှုန်းပြည့်တော့ မသေချာသော်လည်း ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိတော့ သေချာသည်။
“ဒါပေမဲ့ အက်ရှလွန်တွေ ဘယ်လမ်းစဉ်ကိုပဲ လျှောက်လျှောက် ငါ့လမ်းစဉ်နဲ့ ယှဉ်တဲ့အခါ ရှေ့တက်နိုင်မှာမဟုတ်မှန်း တွေ့ကြလိမ့်မယ်။ သူတို့ အဲဒီလမ်းစဉ်တွေကို ဇွဲကြီးကြီး ဆက်လျှောက်သွားကြရင်တောင်မှ လောကပါလအင်မော်တယ်ဟာ အင်မော်တယ်အမျိုးအစားအားလုံးအထဲ အစွမ်းထက်ဆုံးဆိုတာ တွေ့ရမှာပဲ
“ငါ သူတို့တစ်ယောက်ချင်းစီကို အနိုင်ယူပြမယ်။ အဲဒါမှ သူတို့ အမှန်တရားကို နားလည်ကြလိမ့်မယ်” သူ၏မျက်လုံးများသည် ယုံကြည်ချက်ရှိသောအရိပ်အယောင်များဖြင့် လင်းလက်တောက်ပနေ၏။
ထိုယုံကြည်ချက်သည် ...မိမိကိုယ်ကို ယုံကြည်မှုဖြစ်သည်။ သူသည် အဝေးဆုံးသို့ ခရီးနှင်နိုင်မည်ဖြစ်ကြောင်း သေချာသည့်အပြင် လောကပါလအင်မော်တယ်အဆင့်က ... အင်အားအကြီးမားဆုံးလမ်းစဉ်ဖြစ်ကြောင်း ယုံကြည်၏။
ဤအတွေးအားလုံး သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီးနောက် သူသည် တွေးရင်း အချိန်ထပ်မဖြုန်းရန် ဆုံးဖြတ်လိုက်ကြ၏။ သူက စတုတ္ထတောင်၏အက်ရှလွန်ကျင့်ကြံသူနှင့် ဝိညာဉ်ဆယ်သိန်းထံမှ အကြည့်လွှဲ၍ ... လောကစည်းတံဆိပ်ကို ကိုယ်စားပြုသော မီးကို ယူလိုက်သည်။
သူ မီးတောက်ကို ရယူလိုက်လျှင်ချင်း အမျက်တချောင်းချောင်း ထွက်နေသော ဟိန်းဟောက်သံကြီးက ကောင်းကင်ထက်မှ ပဲ့တင်ထပ်လာသည်။ တစ်ချိန်တည်းမှာပင် .... အလင်းးတန်းတစ်တန်းသည် ဗဟိုဝတ်ပြုကျောင်းဧရိယာမှ ထိုးတက်လာ၏။
စူးရှသောအလင်းတန်းက အရာအားလုံးကို တုန်ရီလာစေသည်။ ၎င်းသည် မန်ဟိုနှင့် ဟန်ချင်းလဲ့ အနှစ်သာရတစ်ရာကို အောင်မြင်စွာ နားလည်ခြင်းဖြင့် စံချိန်ချိုးခဲ့စဉ်တုန်းက ပေါ်လာခဲ့သောအလင်းထက်ပင် စူးရှတောက်ပနေလေသည်။
မီတာသုံးထောင်တင်းတင်း ကျယ်ပြန့်သော အလင်းတန်းကြီးကား မိုးကောင်းကင်ကို ခွင်းသွားသည်။ အဝေးမှကြည့်လျှင် ၎င်းသည် မိုးနှင့်မြေကို ဆက်သွယ်ပေးနေသော တိုင်လုံးကြီးနှင့်တူ၏။ မည်သည့်နေရာသို့ ရောက်နေပါစေ၊ လေဟုန်ခွင်းလောကရှိ လူတိုင်း ၎င်းကို မြင်နိုင်သွားလေသည်။
မြေပြင်များသည် တသိမ့်သိမ့် လှုပ်ခတ်နေပြီး မိုးကောင်းကင်မှာ ဂျလိန်းဂျလိန်း ထစ်ချုန်းလာ၏။ ဖြာထွက်လာသော စွမ်းအင်၏ပြင်းအားမှာ ယခင်ဖြစ်ရပ်နှစ်ခုထက် အဆများစွာအားကောင်းလှသည်။ ၎င်းမှာ နှိုင်းယှဉ်ပြ၍မရနိုင်လောက်အောင် ဖြစ်သည်။
ယခင်အလင်းတန်းနှစ်တန်းက ဝါးမျှင်များဆိုလျှင် ဤတစ်ခုသည် လက်မောင်းတမျှ အလုံးတုတ်၏။ ချောက်ချားဖွယ်ရာ မိုးခြိမ်းသံများက လေဟုန်ခွင်းလောကရှိ ကျင့်ကြံသူအားလုံးကို လုံးလုံးလျားလျား တုန်လှုပ်လာစေတော့သည်။
ပြင်းထန်ကျယ်လောင်သော အသံနှင့် ကြီးမားသောငလျင်များက ဗဟိုဘုရားကျောင်းအနီးရှိ လူတိုင်းကို တအံ့တဩ ကြည့်မိလိုက်စေသည်။ သူတို့မှာ ဧရာမအလင်းတန်းကြီး မိုးထိလုအောင် မြင့်တက်သွားပြီးနောက် ဝဲကြီးဖြစ်လာသည်ကို စိုက်ကြည့်ရုံမှတစ်ပါး တခြားဘာမှမလုပ်တတ်တော့ပေ။
မန်ဟိုက ပြည်ထောင်ရှစ်၏ လောကစည်းတံဆိပ်ကို ကိုင်ရင်း ရုပ်တုဘေးတွင် ရပ်ကာ အတန်ငယ်သွေးအေးသောအပြုံးဖြင့် ဝဲကို မော့ကြည့်လိုက်သည်။
“ဆိုတော့ ငါ ထင်ထားတဲ့အတိုင်းပါလား” သူက တွေးသည်။ လောကစည်းတံဆိပ်ကို ပထမဆုံး ယူနိုင်တဲ့သူက စံချိန်ဟောင်းကို ချိုးပြီး ကောင်းချီးပေးခံရမှာပဲ”
ယင်းက မန်ဟို အလွန်ယုံကြည်ချက်ရှိနေခဲ့သည့်အကြောင်းရင်းဖြစ်သလို၊ အင်မတန် အေးဆေးနေခဲ့သော အကြောင်းရင်းလည်း ဖြစ်သည်။ သူသည် ဟန်ချင်းလဲ့ မည်သူ့ကို ဤနေရာသို့ မျှားခေါ်ခဲ့သလဲ ဂရုမစိုက်သလို၊ သူ့တွင် မည်သည့်လှည့်ကွက်များ ရှိနေသည်ကိုလည်း အဖက်မလုပ်ပေ။ နိုင်ငံအရှိန်အဝါနှင့်ပတ်သက်၍ ပထမဆုံးဉာဏ်အလင်းရသူနှင့် အနှစ်သာရတစ်ရာကို ပထမဆုံးဉာဏ်အလင်းရသူလည်း ကောင်းချီးပေးခံရလျှင် လောကစည်းတံဆိပ်ကို ပထမဆုံးရရှိသူလည်း ကောင်းချီးပေးခံရပြီး ပို၍ပင် အင်အားကြီးမားမည်ဖြစ်ကြောင်း သူ သေချာသည်။
ဤအရာအားလုံးမှာ အချိန်ကြာမြင့်စွာ ဖြစ်ပျက်နေသယောင် ထင်ရသော်လည်း တကယ်တမ်း ချက်ချင်းလက်ငင်း ဖြစ်သွားခဲ့၏။ စတုတ္ထတောင်မှ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူလင်းချုံက ပြည်ထောင်အတွင်းရှိ လူတိုင်းကို တအံ့တဩ မော့ကြည့်နေစေရင်း လေကို ခွင်းလာသည်။
ဗဟိုဝတ်ပြုကျောင်းအထက် ကောင်းကင်ထဲရှိ ဝဲကြီးမှာ လျင်မြန်စွာ ကြီးမားလာသည်။ အသက်ရှူချိန်အနည်းငယ်ကြာသော် ၎င်းသည် အလွှာတစ်လွှာကဲ့သို့ မိုးကောင်းကင်တစ်ခုလုံးအား ဖုံးလွှမ်းသွားကာ လူတိုင်းအား နောက်ကမ္ဘာတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရစေသည်။
ထိုကမ္ဘာသည် ယခင်က ပေါ်လာခဲ့ဖူးသော တောင်တန်းများ၊ ရုပ်တုများပါရှိသည့် ကမ္ဘာပင် ဖြစ်၏။ ထိုရုပ်တုနှင့်တောင်များကို အနီးကပ်ကြည့်လျှင် အညီအမျှခွဲထားကြောင်း မြင်ရပေမည်။
ထို့အပြင် ထိုကမ္ဘာအတွင်းတွင် ကျန်အရာအားလုံးအကြား ထင်းနေသော ရုပ်တုလေးရုပ်နှင့် တောင်ငါးလုံးရှိသည်။ ထိုရုပ်တုများနှင့် နှိုင်းယှဉ်လျှင် တခြားရုပ်တုများမှာ ကလေးများသာ ဖြစ်သည့်အလား ၎င်းတို့က တစ်ကမ္ဘာလုံးတွင် အကြီးဆုံးများ ဖြစ်လေသည်။
တောင်ငါးလုံးကမူ ဘယ်သူမှ ၎င်းတို့ကို လက်အောက်ခံအဖြစ် အညံ့ခံစေ၍ ရုပ်တုများအဖြစ် မပြောင်းလဲနိုင်ခဲ့သည့်အလား ကျန်တောင်အားလုံးထက် ပိုမြင့်ကြသည်။ ရုပ်တုလေးရုပ်နှင့် တောင်ငါးလုံးများမှာ ဖော်ပြ၍ပင် မတတ်နိုင်သော အားလှိုင်းများဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့သာ အပြင်လောကသို့ ဖြာထွက်လာခဲ့လျှင် သေချာပေါက် အရာအားလုံးကို တုန်ခါစေလိမ့််မည်။
မရေမတွက်နိုင်သော တောင်များနှင့် ရုပ်တုများက ဟိုဟိုသည်သည် ပျံ့လွင့်နေသော်လည်း ရုပ်တုလေးရုပ်နှင့် တောင်ငါးလုံးကတော့ အားလုံးအထဲ အထင်းဆုံးဖြစ်သည်။ သူတို့က တစ်ကမ္ဘာလုံး၏ ဗဟိုချက်အလားပင်။ ဤအခိုက်အတန့်တွင် ပထမဆုံးရုပ်တုကြီးထံမှ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်ပြီးနောက် ၎င်းသည် တစစီ ပြိုကျလာကာ ရုပ်တုအသစ်တစ်ရုပ်ကို ပြန်တည်ဆောက်လိုက်၏။
ထိုရုပ်တုကား ... မန်ဟို၏ရုပ်သွင်ကို ဖော်ပြနေသည်။
ချက်ချင်းပင် မန်ဟို၏ပုံပန်းသွင်ပြင်က လေဟုန်ခွင်းလောကရှိ လူတိုင်းအမြင်တွင် ပေါ်လာခဲ့လေပြီ။ ဤရုပ်တုသည် သူ စံချိန်ချိုး၍ တောင်ထိပ်သို့ ရောက်ခဲ့စဉ်တုန်းက ပေါ်လာခဲ့သော ပထမဆုံးရုပ်တုနှင့် အတိုင်းထက်အလွန် ကွဲပြားကြောင်းကိုလည်း သူတို့ မြင်လိုက်ရ၏။
သူကား အားလုံး၏အာရုံစိုက်ရာဖြစ်လာကာ လူတိုင်းကို တုန်လှုပ်အံ့ဩသွားစေတော့သည်။
ရှေးဆန်သောအသံတစ်သံက ရုတ်တရက် ထွက်လာသည်။ “ပြည်ထောင်ကိုး၏ မန်ဟို စံချိန်ဟောင်းကို ချိုးခဲ့ပြီ။ သူဟာ ပြည်ထောင်ရှစ်၏ ဟန်ချင်းလဲ့ကို အနိုင်ယူ၍ ပြည်ထောင်ရှစ်၏ လောကစည်းတံဆိပ်ကို သိမ်းပိုက်လိုက်ပြီဖြစ်သည်။ လောကစည်းတံဆိပ်ကို ပထမဆုံးရရှိသွားသူ ဖြစ်သည့်အတွက် လေဟုန်ခွင်းလောကချီကြော၏ နှစ်ဆယ်ရာခိုင်နှုန်းဖြင့် ချီးမြှင့်ခံရမည်”
အသံ တစ်ယောက်မကျန်ကြားရအောင် လေဟုန်ခွင်းလောကအနှံ့အပြားသို့ ပျံ့နှံ့လာသည်။ လူများ ပင့်သက်ရှိုက်သွားပြီး အံ့အားသင့်သွားသောအရိပ်အယောင်များ ပေါ်လာသည်။ ဤဆုလာဘ်သည် ပထမနှစ်ခုထက်ပို၍ အံ့အားသင့်ဖွယ်ကောင်း၏။ ဤတစ်ခေါက်တွင် ၎င်းက လေဟုန်ခွင်းလောကတစ်ခုလုံးရှိ ချီနှစ်ဆယ်ရာခိုင်နှုန်းဖြစ်သည်မဟုတ်ပါလော။
လူတစ်ယောက်အတွက် တစ်လောကလုံး၏ ချီကြောနှစ်ဆယ်ရာခိုင်နှုန်းကို ရရှိလိုက်ခြင်းမှာ မည်သည့်အရာနှင့်တူသလဲ စဉ်းစား၍ပင် မဖြစ်နိုင်ပေ။ မန်ဟိုကား လေဟုန်ခွင်းလောကတစ်ခုလုံး၏ ပံ့ပိုးခြင်းခံနေရသည့်အလား ဖြစ်မည်။
ရုတ်တရက် မန်ဟိုမှာ သူတစ်ယောက်သာ ခံစားရနိုင်ပြီး မည်သူမှ မမြင်ရသော ကိုယ်ပျောက်လေပွေတစ်ခု၏ ဝန်းရံခြင်းခံလိုက်ရသည်။
သူသည် နှစ်ပေါင်းများစွာတစ်လျှောက်လုံး လေဟုန်ခွင်းလောကမှ မရေမတွက်နိုင်သော သက်ရှိဖြစ်တည်မှုများ၏ ဆုတောင်းသံကဲ့သို့ အသံများကို ကြားလိုက်ရသဖြင့် စိတ်နှလုံးတုန်ရီသွားရလေ၏။
ထိုမျှသာမက မန်ဟိုမှာ လေဟုန်ခွင်းလောက၏ ငြင်းပယ်အား ပျောက်ကွယ်သွားသည်ကိုလည်း ခံစားလိုက်ရသည်။ ၎င်းသည် သူ့ကို နှင်ထုတ်ဖို့ မကြိုးစားတော့ဘဲ သူက လောကနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ဆက်သွယ်နေသည့်အလား သူ့ကို အသိအမှတ်ပြုနေပုံပေါ်သည်။
ထိုဆက်သွယ်မှုက မန်ဟို့ကို အသက်ရှုမြန်လာစေသည်။ ထိုဆက်သွယ်မှုသည် သူ့အား အနှစ်သာရများအပေါ် မည်မျှလွယ်ကူစွာ နားလည်အောင် ကူညီပေးနိုင်မည်လဲ သူ့မှာ တွေးသာ ကြည့်နိုင်သည်။ သို့သော် ယင်းက ဒုတိယသာ။ လောလောဆယ်တွင် သူသည် လေဟုန်ခွင်းလောက၏ စိတ်ဆန္ဒကဲ့သို့သော တစ်စုံတစ်ခုကို ခံစားရနေလေပြီ။
သူ့ကို ပို၍ပင် ပင့်သက်ရှိုက်မိလိုက်စေသည်မှာတော့ လေဟုန်ခွင်းလောက၏စိတ်ဆန္ဒက သူ့ကို ကြင်နာယုယနေပြီး ကာကွယ်ပေးလိုနေသည့်အတွက်ပင်။
ချီကြော၏ နှစ်ဆယ်ရာခိုင်နှုန်းက .... သူ့ကို ရင်ဆိုင်သော မည်သူမဆို မိုးကြိုးဖြင့် အသေပစ်ချခံရမည်ဖြစ်ကြောင်း ညွှန်ပြသည်။
ထိုမျှသာမက ထိုချီကြောသာ အကယ်၍များ တစ်ရာရာခိုင်နှုန်းသို့ ရောက်ရှိခဲ့လျှင်တော့ ....
မန်ဟိုသည် မည်သည့်မှော်အစွမ်းမှ မခြယ်လှယ်နိုင်သော သေမျိုးဖြစ်လျှင်တောင်မှ လေဟုန်ခွင်းလောကအတွင်း၌ အင်ပါယာသခင်အဖြစ် ရှုမြင်ခံရလိမ့်ဦးမည်သာ။
သူက မျက်လုံးများ ပိတ်၍ လေပွေအတွင်းရှိ လေဟုန်ခွင်းလောကစိတ်ဆန္ဒနှင် ဆယ်သွယ်ရာတွင် အပြည့်အဝ အာရုံစိုက်လိုက်သည်။
ထိုစဉ် ပြည်ထောင်တစ်တွင် အစွမ်းထက်ဆုံးအက်ရှလွန်သည် တင်ပျဉ်ခွေထိုင်နေ၏။ သူ့မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး တစ်ခါမှမမြင်ဖူးသော အာရုံစူးစိုက်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ချီကြော” သူက ရေရွတ်လိုက်သည်။ “ဆိုတော့ ဒီဆုလာဘ်ကလည်း ချီကြောပဲကိုး။ ဒါပေမဲ့ အရင်နှင့် လုံးဝကွဲပြားနေတယ်” သူ့ပတ်ပတ်လည်တွင် ထိုင်နေသောကျင့်ကြံသူအားလုံး လေးနက်နေကြပုံရသည်။
တူညီသောမြင်ကွင်းသည် ပြည်ထောင်နှစ်တွင် ဖြစ်ပွားနေ၏။
သို့သော် ပြည်ထောင်သုံး၏ နိုင်ငံ့အရှိန်အဝါတောင်ထိပ်တွင် တတိယတောင်မှ မဟုတ်သော်လည်း နဖူးထက်၌ အက်ရှလွန်အမှတ်တစ်ခုရှိသော ကျင့်ကြံသူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူက သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး လောလောဆယ်တွင် မျက်မှောင်ကုပ်နေ၏။
“ငါ လေဟုန်ခွင်းလောကကို ပြန်ခေါင်းမော့လာနိုင်အောင် ဦးဆောင်ပေးမယ်” သူက သတ်ဖြတ်လိုစိတ်များ မျက်ဝန်းများတွင် တောက်ပနေလျက် အေးစက်စက် ရေရွတ်လိုက်သည်။ “လေဟုန်ခွင်းလောက၏ အရင်အင်ပါယာသခင် မင်းက ဘာအကြောင်းကြောင့် ငါ့ကို တွန်းလှန်ရတာလဲ”
ပြည်ထောင်သုံးသည် ထူးခြားသော်လည်း ပြည်ထောင်ငါး၊ ပြည်ထောင်ခြောက်နှင့် ပြည်ထောင်ခုနစ်တွင်တော့ ...
အက်ရှလွန်စာရင်းဝင်တိုင်း၊ ကျင့်ကြံသူတိုင်း မန်ဟို့ကို ချီးမြှင့်လိုက်သော ဆုလာဘ်ကြောင့် တုန်လှုပ်နေကြသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့နာမည်သည် သူတို့နှလုံးသားထဲ၌ နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့လေပြီ။
ပြည်ထောင်ခြောက်တွင် မိန်းကလေးတစ်ဦးသည် အမဲလိုက်သလို လိုက်ဖမ်းခံနေရ၏။ သူမမျက်နှာလေးမှာ ဖျော့တော့နေပြီး ယခုတွင် သူမနောက်လိုက်နေသူများကား ယခင်ထက်ပင်ပို၍ များပြားနေလေပြီ။
“စံချိန်သုံးခု ကျိုးသွားပြီ နှစ်ခုက သူ့အပိုင်ပါလား” သူမက တွေးလိုက်သည်။
သူမသည် လေကို ခွင်းလာရင်း ကောင်းကင်ထက်ရှိ မန်ဟို့ရုပ်တုကို မော့ကြည့်ကာ မျှော်လင့်နေသောအရိပ်အယောင်တို့ သူမမျက်ဝန်းများတွင် ပေါ်လာတော့သည်။
“ငါတို့ မကြာခင် တွေ့ရတော့မယ်လို့ ခံစားနေရတယ်” သူမက ရေရွတ်လိုက်သည်။ “မန်ဟို .... နင်က ငါ စောင့်နေခဲ့တဲ့လူများ ဖြစ်နေမလား။ နင်သာ ဆိုရင်တော့ ... ငါ နင့်ကို အက်ရှလွန်ထဲမှာ အစွမ်းထက်ဆုံးဖြစ်လာအောင် ကူညီပေးမယ်။ အဲ့ဒါက ငါ့တာဝန်ပဲ...
“နင်မဟုတ်ရင်တော့ ပထမတောင်က အက်ရှလွန်ကျင့်ကြံသူဆီပဲ သွားလိုက်တော့မယ်”
ဤမိန်းကလေးသည် အင်မော်တယ်ရှေးဟောင်း၏ ဆက်ခံသူ ရွှယ့်အာမှတစ်ပါး အခြားမဟုတ်ပေ။
ဤကမ္ဘာတုန်ဟည်းစေသော အဖြစ်အပျက်များ ဖြစ်ပွားနေစဉ် ပြည်ထောင်ရှစ်ရှိ သေမျိုးမြို့တစ်မြို့တွင် စာသင်သားလေးတစ်ဦးသည် ဝါးပေလိပ်ကို ဖတ်ရင်း အိမ်တစ်အိမ်ထဲတွင် ထိုင်နေ၏။ တကယ်တော့ သူကား စာဖတ်နေသည်ဟု ထင်ရသော်လည်း အတန်ငယ်တုန်ရီနေခြင်းဖြစ်သည်။
သူသည် အပြင်လောကတွင် ဖြစ်ပျက်နေသောအရာအားလုံးကို ခံစားနေရ၏။ ထိုအရာများက သူ့ကြောင့် ဖြစ်ပျက်နေသည်ဟုပင် ပြောနိုင်သည်။
အတန်ကြာသော် သူသည် ဝါးပေလိပ်ကို သိမ်း၍ ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ သူ့မျက်နှာက မည်းမှောင်သွားပြီး တခဏ တွေဝေနေပြီးနောက် သူက သက်ပြင်းချလိုက်သည်။
“မန်ဟို ... အဲဒါကြောင့် မင်းက တည်ငြိမ်နေခဲ့တာကိုး။ မင်းက လေဟုန်ခွင်းလောကရဲ့ ဆုလာဘ်ကို ကြံစည်နေခဲ့တာပဲ
“တိုက်ပွဲအတွင်း ဖြစ်ပျက်ခဲ့သမျှအရာအားလုံးက မင်းအစီအစဉ်တွေအတိုင်း ဖြစ်နိုင်တယ်။ မန်ဟို ... နဝမတောင်က အက်ရှလွန်ကျင့်ကြံသူ။ ငါ မင်းကို အမှတ်ရနေမယ်” ထိုသေမျိုးစာသင်သားလေးကား ... ဟန်ချင်းလဲ့မှတစ်ပါး အခြားမဟုတ်ပေ။
***