မင်းကို သတ်ဖို့ ... ခြေခုနစ်လှမ်းပဲ လိုမယ်
Vol. 79 Ch. 1104
ဟန်ချင်းလဲ့သည် သက်ပြင်းခိုးချရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ ထပ်မံ၍ တိုက်ခိုက်လိုစိတ်တို့က သူ့မျက်လုံးများတွင် တောက်လောင်လာသည်။
သူသည် သူ့ကိုယ်သူ လျှမ်းလျှမ်းတောက်နေများအကြားက ရွေးချယ်ခံတစ်ယောက်ဖြစ်ကြောင်း၊ အက်ရှလွန်စာရင်းဝင်ဖြစ်ကြောင်း တဖွဖွ သတိပေးနေ၏။ သူ့အနေဖြင့် တိုက်ပွဲတွင် ရှုံးနိမ့်မှုကို လက်ခံနိုင်သော်လည်း အရှက်တော့ အကွဲမခံနိုင်ပေ။
သူသည် ပြည်ထောင်ရှစ်သို့ ပြန်လည်ဝင်ရောက်ခဲ့ကတည်းက သူ့ကိုယ်ပွားကို ခွဲထုတ်ခဲ့ပြီး သူ၏ကိုယ်အစစ်ကို မန်ဟို့ကို နှောင့်ယှက်ရန် အသုံးပြုခဲ့သည်။ ထို့နောက် အရှိန်အဝါကို ရောထွေးသွားစေသည့် လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံး၍ ဤနေရာသို့ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
မန်ဟို့အား နှောင့်ယှက်မည့်သူမရှိလျှင် သူ၏ မှော်အတတ်ကား လူမသိသူမသိ ထွက်ပြေးရန် လုံလောက်ခဲ့မည်မဟုတ်ပေ။ ဤအတတ်၏ ထူးခြားသော အချက်တစ်ချက်က သူ ၎င်းကို ကြာကြာသုံးလေလေ၊ သတိပြုမိဖို့ ခက်ခဲလေလေ ဖြစ်သည်။
သူ လိုအပ်ခဲ့သည့်အရာက အချိန်ဖြစ်သည့်အတွက် သူ့နေရာတွင် သူ့ကိုယ်ပွားကို လွှတ်ခဲ့ခြင်းဖြစ်သည်။
"လင်းချုံက အက်ရှလွန်ထဲမှာ ဒုတိယအစွမ်းထက်ဆုံး။ ငါက သူနဲ့ ပြိုင်ဘက်မဟုတ်ဘူး။ မန်ဟိုက ငါ့ကို အနိုင်ယူနိုင်ခဲ့ပေမယ့် လင်းချုံကို အနိုင်ရဖို့က သေချာပေါက် ခက်ခဲလိမ့်မှာ
"အက်ရှလွန်ရဲ့ လက်ရှိစာရင်း၀င်ခုနစ်ယောက်က အရင်တုန်းက ရှေးဟောင်းနယ်ပယ်ကို ဝင်ရောက်ခဲ့ဖူးပေမယ့် သူတို့ရဲ့ လမ်းစဉ်တွေ မမှန်ကန်ဘူးဆိုတာ သဘောပေါက်ပြီးတဲ့နောက်မှာ ပြန်အဆင့်တက်ဖို့ ရည်ရွယ်ပြီး ကျင့်ကြံခြင်းအခြေခံတွေကို တမင်တကာ နှိမ့်ချထားခဲ့တာ။ သူတို့က အဆင့်တက်လိုက်တာနဲ့ ပိုအစွမ်းထက်လာလိမ့်မယ်
"လင်းချုံက ရှေးဟောင်းနယ်ပယ်ထဲကို ဘယ်နှကြိမ်၀င်ရောက်ပြီး ဘယ်နှကြိမ် ပြန်ဆင်းခဲ့လဲ ဆုံးဖြတ်လို့တောင် မရတဲ့အထိ အရမ်းအစွမ်းထက်လွန်းတယ်
"ဒါပေမဲ့ အဲ့ဒါတွေက ငါနဲ့လည်း ဘာမှမဆိုင်ပါဘူးလေ။ ငါ ပြည်ထောင်ရှစ်ရဲ့ စည်းတံဆိပ်ကို မထိန်းသိမ်းနိုင်ခဲ့မှတော့ မန်ဟို့ကို ပေးမယ့်အစား အခြားလူတစ်ယောက်ကို ပေးတာဖြင့် ပိုကောင်းဦးမယ်။ အဲ့ဒါဆိုရင် ငါလည်း တစ်ချိန်ချိန်မှာ ပြန်ခေါင်းထောင်နိုင်မယ့် အခွင့်အရေးရလာလိမ့်မယ်"
ဟန်ချင်းလဲ့၏မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ နောက်ဆုံးတွင် သူသည် ခေါင်းငုံ့လိုက်ပြီး သူ၏ တည်ရှိမှုကို ဆက်လက် ဖုံးကွယ်ထားလိုက်၏။ သူ့မှာ မန်ဟိုနှင့်လင်းချုံကြားက တိုက်ပွဲကို စောင့်ကြည့်ရန် လျှို့ဝှက်မှော်အတတ်တစ်ခုကို သုံးချင်သော်လည်း အတန်ကြာ သုံးသပ်ပြီးနောက် ခေါင်းထဲက ထုတ်လိုက်သည်။
မန်ဟိုက လင်းချုံ၏ ပြိုင်ဘက်မဟုတ်သည့်တိုင် ရာနှုန်းပြည့်တော့ မသေချာကြောင်း သူ ခံစားရသည်။ မန်ဟို၏ တည်ငြိမ်အေးဆေးသော မျက်နှာကို သူ၏ မျက်၀န်းထဲတွင် ပြန်မြင်ယောင်ပြီး တခဏကြာသော် သူက စိတ်ပိုင်းဖြတ်လိုက်၏။
ဟန်ချင်းလဲ့က တိုက်ပွဲကို မစောင့်ကြည့်ရန် ရွေးချယ်ခဲ့သော်လည်း ကျန်ပြည်ထောင်များရှိ အက်ရှလွန်စာရင်း၀င်များက လျှို့ဝှက်မှော်အတတ်အသီးသီးကို အသုံးပြုပြီး အရင်းအမြစ်များစွာကို အသုံးချကာ တိုက်ပွဲကို စောင့်ကြည့်နေကြ၏။
ဤတိုက်ပွဲသည် လင်းချုံ မည်မျှအစွမ်းထက်သည်ကို မြင်တွေ့နိုင်မည့် အခွင့်အရေးသာမက မန်ဟို့အတိုက်အခိုက်စွမ်းရည်ကို အကဲခတ်နိုင်မည့် အခွင့်အရေးလည်း ဖြစ်သည်။ သို့ဆိုလျှင် သူတို့အနေဖြင့် နောက်ပိုင်းထိပ်တိုက်တွေ့နိုင်ခြေများအတွက် ပြင်ဆင်ထားနိုင်လိမ့်မည်။
လင်းလက်နေသော မှန်သားပြင်များက အက်ရှလွန်စာရင်းဝင်တစ်ယောက်ချင်းစီ၏ အရှေ့တွင် ပေါ်လာသည်။ ထိုမှန်သားပြင်များသည် ပြည်ထောင်ရှစ်အတွင်းရှိ နိုင်ငံ့အရှိန်အဝါတောင်ကို ဖော်ပြနေ၏။
လောလောဆယ်တွင် လင်းချုံက ရင်သပ်ရှုမောဖွယ်ရာ ပုံစံဖြင့် တောင်ပေါ်သို့ ထိုးဆင်းလာကာ အရာအားလုံးကို တသိမ့်သိမ့် တုန်ခါလာစေသည်။ သူ၏ အမျက်ဒေါသတို့ ပေါက်ကွဲထွက်လာ၏။
"အဲ့ဒါတွေက ငါ့အပိုင်ဖြစ်သင့်တာ
"မင်းက ငါ့အပိုင်ဖြစ်တဲ့ လေဟုန်ခွင်းလောက ချီကြောကို ခိုးယူနေတာပဲ။ ငါ မင်းကို သတ်ရတော့မယ်ထင်တယ်" လင်းချုံ၏ အသံက ပဲ့တင်ထပ်လာပြီး သူ၏ စစ်ရထားက တဝုန်းဝုန်း မြည်လျက် မန်ဟို့ထံ ထိုးဆင်းလာသည်။ သူက လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းတစ်ချောင်းအား မန်ဟို့ထံ ဝှေ့ယမ်းလိုက်၏။
ချက်ချင်းပင် စစ်ရထားကို ဆွဲနေသော ဝိညာဉ်ဆယ်သိန်းက စူးစူးဝါးဝါး အော်သံကြီးများ ထုတ်လွှတ်ပြီးနောက် အရာအားလုံးကို ဖုံးလွှမ်းထားသော အသေကောင်ဝိညာဉ်ပင်လယ်တစ်စင်းအသွင် ဖြာထွက်လာသည်။ ၎င်းတို့သည် ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလာပြီးနောက် တောင်ထိပ်ပေါ်တွင် ရပ်နေသော မန်ဟို့ကို ရက်ရက်စက်စက် ရိုက်ချလိုက်၏။
မန်ဟိုက ခေါင်းမော့လိုက်ပြီး မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သူ့ကို ၀န်းရံထားသည့် မမြင်နိုင်သောလေပွေမှာ ကွဲထွက်သွားပြီး မန်ဟိုသည် တစ်ချက်မှ မရွေ့လျားခဲ့သည့်တိုင် မိုးကြိုးပေါင်းဒါဇင်များစွာက ရုတ်တရက် လေလယ်တွင် ပေါ်လာသည်။ ၎င်းတို့က မန်ဟို့အရှေ့တည့်တည့် မြေကြီးကို ပစ်ချပြီး မည်းနက်နေသော အသေကောင်ဝိညာဉ်လက်ကြီးကို ဖျက်စီးးလိုက်၏။
ဤသည်ကား လေဟုန်ခွင်းလောက ချီကြော၏ ၂၀ ရာခိုင်နှုန်းကို လက်ခံပြီးနောက် မန်ဟို ရရှိခဲ့သော အကျိုးအမြတ်များထဲမှ တစ်ခုပင်။
မိုးနှင့်မြေ၏ ကာကွယ်ပေးမှု
မိုးကြိုးများက အသေကောင်ဝိညာဉ်ဆယ်သိန်းကို ပစ်ချလိုက်သဖြင့် တဂျိန်းဂျိန်း မြည်သံများ ပဲ့တင်ထပ်သွားသည်။ ဧရာမလက်ကြီးမှာ မန်ဟို့ကို ထိပင်မထိနိုင်ဘဲ ပြိုကွဲသွားရတော့သည်။ ဝိညာဉ်များ၏ အော်သံများက ဆူညံပွက်လောရိုက်နေ၏။
ဝိညာဉ်ဆယ်သိန်း ပြိုကွဲသွားသည့် ထိုအခိုက်အတန့်မှာပင် မန်ဟို၏ စွမ်းအားက တဟုန်ထိုး မြင့်တက်လာသည်။
"မင်းကို သတ်ဖို့ ... ခြေခုနစ်လှမ်းပဲ လိုလိမ့်မယ်" သူက ပြောလိုက်သည်။
သူ၏ လွှမ်းမိုးကြီးစိုးနေသော စကားလုံးများကို အဖော်ပြုလျက် သူ၏ ကျင့်ကြံခြင်းအရှိန်အဝါက မြင့်မားသထက် မြင့်မားလာနေပြီး လွှမ်းမိုးကြီးစိုးနေသော အရှိန်အဝါတစ်ခုသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။ သူက နောက်မဆုတ်သလို၊ ဟန်လည်းပြမနေပေ။ ထိုအစား သတ်ဖို့အတွက်သာ ရည်ရွယ်၏။
သို့သော် သူ့စကားလုံးများ ကျန်ပြည်ထောင်များထဲရှိ အက်ရှလွန်စာရင်း၀င်များ၏ နားထဲသို့ ၀င်ရောက်သွားသောအခါ သူတို့က အေးစက်စက်သာ ရယ်လိုက်ကြလေသည်။
"ဒီမန်ဟိုက မောက်မာလွန်းပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတယ်။ သူက ခြေလှမ်းခုနစ်လှမ်းနဲ့ လင်းချုံကို သတ်နိုင်မယ် ထင်နေတယ်တဲ့။ ပထမတောင်က အက်ရှလွန်စာရင်း၀င်ကျင့်ကြံသူတောင်မှ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး။ မန်ဟိုက ဘာကြောင့် လုပ်နိုင်မယ်လို့ ထင်နေတာလဲ"
"လင်းချုံက အစွမ်းထက်တယ်။ သူက ပထမတောင်က အက်ရှလွန်ကို မမှီပေမယ့် မန်ဟို သူ့ကို ခြေလှမ်းခုနစ်လှမ်းထဲနဲ့ သတ်နိုင်တယ် ပြောလိုက်တာကတော့ နည်းနည်း လေကြီးရာ ရောက်သွားပြီ"
ပြည်ထောင်တစ်တွင် အစွမ်းထက်ဆုံးအက်ရှလွန်ကျင့်ကြံသူ ပထမတောင်မှ အဖြူရောင်၀တ်ရုံနှင့် လူငယ်က အေးစက်စက် ပြုံးလိုက်သည်။ "ယုံကြည်ချက်ရှိတာ ကောင်းပေမယ့် လက်တွေ့မကျဘူး"
မှန်ပါသည်။ မန်ဟိုသည် ပြောနေသော စကားများကို မကြားရပေ။ သို့သော် ကြားနိုင်လျှင်တောင်မှ သူကား နည်းနည်းလေးမှ အာရုံစိုက်မည် မဟုတ်။ သူ၏ လမ်းစဉ်သည် ဒဏ္ဍာရီလာ လောကပါလအင်မော်တယ်လမ်းစဉ်ဖြစ်ပြီး သူ့နှလုံးသားထဲတွင် အစွမ်းထက်ဆုံးလမ်းစဉ်ဖြစ်ကြောင်း သိထားသည်။ ထိုကဲ့သို့ လမ်းစဉ်မျိုးကို လျှောက်လှမ်းဖို့ရန် မယိုင်လဲသောစိတ်ဓာတ်မျိုး လိုအပ်သည်။ ထိုမျှသာမက သူသည် သူ့လမ်းတွင် ရှိရှိသမျှ အရာအားလုံးကို နင်းခြေ၍ အထွတ်အထိပ်သို့ လျှောက်လှမ်းပြီး ကျန်အက်ရှလွန်အားလုံးကို အနိုင်ယူမည်ဖြစ်သည်။ သူကသာ အက်ရှလွန်တွင် အစွမ်းထက်ဆုံးဖြစ်ကြောင်း လုပ်ရပ်များဖြင့် သက်သေပြမည်။
ဝုန်း
မန်ဟိုက နတ်ဘုရားခြေခုနစ်လှမ်းကို စတင်ရန် ပထမဆုံးခြေလှမ်းကို လှမ်းလိုက်၏။
စစ်ရထားထဲရှိ လင်းချုံက ဟားတိုက်ရယ်လိုက်၏။ ၎င်းက အသတ်အဖြတ်စိတ်ဆန္ဒနှင့် အမျက်ဒေါသနှစ်မျိုး ပြည့်နှက်နေသည့် အေးစက်စက် ရယ်သံကြီးဖြစ်သည်။
သူ့မျိုးဆက်ရှိ ဘယ်သူမှ ထိုစကားမျိုးအား သူ့ထံသို့ မပြောရဲခဲ့ဘူးပေ။ ခြေခုနစ်လှမ်းတည်းနှင့် သူ့ကို သတ်မည်တဲ့လော။ ထိုစကားလုံးများ၏ လွှမ်းမိုးကြီးစိုးနေသော အငွေ့အသက်က လင်းချုံကို အရူးကြီးသဖွယ် ဟားတိုက်ရယ်မိလိုက်စေသည်။
"ပထမတောင်က အက်ရှလွန်ကျင့်ကြံသူတောင်မှ အဲ့ဒီလိုမျိုး ငါ့ကို ပြောဖို့ ယုံကြည်ချက်မရှိခဲ့ဘူး။ မန်ဟို မင်းက ပထမဆုံးပဲ" လင်းချုံ၏ စကားလုံးများ ပဲ့တင်ထပ်သွားသည့်အခိုက်အတန့်တွင် မန်ဟိုက ပထမခြေလှမ်း လှမ်းပြီးလေပြီ။
ထိုခြေလှမ်းက သူ့အား တောင်ထိပ်မှ လေအလယ်သို့ ရောက်ရှိသွားစေသည်။ သူက ယခုတွင် စစ်ရထား၏ အရှေ့တည့်တည့်တွင် ပေါ်လာကာ အသေကောင်ဝိညာဉ်များကို တဆတ်ဆတ် တုန်ရီလျက် အရပ်လေးမျက်နှာသို့ ဖရိုဖရဲ ထွက်ပြေးသွားစေ၏။ မန်ဟို့ထံမှ အလွန်ကြီးမြတ်သော တန်ခိုးတို့ ပေါ်ထွက်နေသည့်အလား၊ ထိုတန်ခိုးက ၎င်းတို့ကို ဝင်တိုက်လိုက်လျှင် ထာ၀ရချုပ်ငြိမ်းသေဆုံးသွားစေမည့်အလား ၎င်းတို့မှာ စူးစူးဝါးဝါး အော်ဟစ်နေကြလေသည်။
အသေကောင်ဝိညာဉ်များ အော်ဟစ်နေစဉ် မန်ဟိုက လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
အသက်နှုတ်လက်သီး။
လက်သီးက စစ်ရထားကို ၀င်တိုက်ကာ ကြီးမားသော အားကြီးတစ်ရပ်အား လင်းချုံကို ၀င်ဆောင့်လိုက်စေသည်။ လင်းချုံမှာ နတ်ဘုရားစွမ်းရည်နှင့် မှော်သိုင်းကွက်တစ်ချို့ကို ထုတ်လွှတ်တော့မည့်အချိန် လက်သီးအားက သူ့ကို နှောင့်ယှက်လိုက်သည်။ သူ မျက်နှာပျက်သွားသည့်အချိန်မှာပင် သူ့စစ်ရထားထံမှ ခပ်အုပ်အုပ်အသံတစ်သံအား ကြားလိုက်ရသည်။ ၎င်းကား နောက်သို့ မီတာာ ၃၀၀ ခန့် လွင့်ထွက်သွားလေသည်။
အကန့်အသတ်မရှိအောင် လွှမ်းမိုးကြီးစိုးလွန်းခြင်း
စစ်ရထား လွင့်ထွက်သွားသည့်အခိုက်အတန့်မှာပင် မန်ဟိုက ဒုတိယခြေလှမ်း လှမ်းလိုက်သည်။ သူ့စွမ်းအားသည် ထပ်မံပေါ်ထွက်လာကာ သူ့အား ယခင်ထက် အဆပေါင်းများစွာ အစွမ်းထက်သွားစေ၏။
ခြေလှမ်းက သူ့ကို စစ်ရထားအရှေ့သို့ ရောက်ရှိသွားစေပြီး သူက နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သဖြင့် မိုးနှင့်မြေမှာ တသိမ့်သိမ့် တုန်သွားတော့သည်။
လက်သီးကား အသက်နုတ်လက်သီးပင်။ ယခင်အတိုင်း အကန့်အသတ်မရှိအောင် လွှမ်းမိုးကြီးစိုးနေသည်။
တဝုန်းဝုန်း မြည်ဟည်းနေစဉ် လင်းချုံအထဲတွင် ရှိနေသည့် စစ်ရထားမှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ ထပ်မံ၍ သူ့မှော်တိုက်ကွက်များကား နှောင့်ယှက်ခံလိုက်ရပြန်သည်။ သူ့မှာ အစမှ ယခုထက်ထိ ပြန်တိုက်ခိုက်ရန် အခွင့်အရေးတစ်ခုပင် မရခဲ့ပေ။
“သူက ကံကောင်းခဲ့တာမဟုတ်ဘူးပဲ” သူက စိတ်ထဲတွင် တုန်လှုပ်စွာဖြင့် တွေးလိုက်မိသည်။
အမှန်ပင် သူ့ကိုလည်း အပြစ်မတင်နိုင်ပေ။ မန်ဟို့ကို တိုက်ခိုက်သူတိုင်း ထိုကဲ့သို့ လွှမ်းမိုးကြီးစိုးသော စစ်ဗျူဟာများကို ကြုံတွေ့ရမည်သာ။ သူက တိုက်ခိုက်ရန် အခွင့်မပေး။ အမြဲလက်ဦးမှုရယူပြီး ပထမဆုံးထိုးနှက်တတ်သည်။
နဝမတောင်ပင်လယ်ရှိ လူတိုင်း ထိုဗျူဟာကို ကြုံတွေ့ခဲ့ရပြီး ယခုအချိန်ကတော့ ကျန်ကျင့်ကြံသူများအတွက် မန်ဟို မည်မျှ လွှမ်းမိုးကြီးစိုးနိုင်သလဲ သိရဖို့အချိန်ပင်။
ခြေသုံးလှမ်း၊ လက်သီးသုံးချက်။ တအုန်းအုန်း တရစပ် မြည်ဟည်းနေစဉ် စစ်ရထားမှာ နောက်သို့ လည်ထွက်သွားရပြန်သည်။
ခြေလေးလှမ်း၊ လက်သီးလေးချက်။ မန်ဟိုက သူ့စကားအတိုင်း လင်းချုံကို ခြေခုနစ်လှမ်းတည်းဖြင့် သတ်ရန် စိတ်ပိုင်းဖြတ်ထားလေသည်။
အကယ်၍ သူ အမှန်တကယ် သတ်နိုင်လျှင် သူ၏ယုံကြည်ချက်မှုကား ပို၍ပင် ကြီးထွားလာပြီး သူ့အရှိန်အဟုန်သည် ပိုမိုအားကောင်းလာလိမ့်မည်။ သူ့နာမည်က အက်ရှလွန်စာရင်း၏ ထိပ်ဆုံးအထိ ရောက်ရှိသွားလိမ့်မည်။
လင်းချုံ အဆုံးသတ်တွင် မသေလျှင်တောင်မှ နောက်တွင် မန်ဟို့ကို မြင်ရတိုင်း စိတ်ပိုင်းဆိုင်ရာ လဲပြိုရလိမ့်မည်။
လင်းချုံမှာ လှုပ်ပင်မလှုပ်နိုင်ဘဲ လွှမ်းမိုးခံနေရကြောင်းတွေ့ရသဖြင့် မခံချိမခံသာ ဖြစ်နေတော့သည်။
“မဖြစ်နိုင်ဘူး။ မျိုးဆက်တူ ဘယ်သူမှ ငါ့ကို တိုက်ပွဲအတွင်း မဖိနှိပ်နိုင်ခဲ့ဘူး”
တအုန်းအုန်းမြည်သံများက မိုးကောင်းကင်ကို ကိုင်လှုပ်နေစဉ် မန်ဟိုက အသည်းအသန် တိုက်ခိုက်နေသည်။ ခြေလေးလှမ်း၊ လက်သီးလေးချက်။
ထိုလက်သီးချက်တစ်ချက်စီတိုင်းက အသက်နုတ်လက်သီးဖြစ်ပြီး လင်းချုံ၏ မှော်သိုင်းကွက်များကို ဆက်တိုက်နှောင့်ယှက်နေရာ သူ့အတွက် မည်သည့်မှော်အစွမ်းကိုမျှ ထုတ်လွှတ်ရန် အခွင့်မသာဖြစ်နေစေသည်။ လေးချက်မြောက်လက်သီးက သူ့စစ်ရထားတွင် အက်ကွဲကြောင်းများ ဗလပွသွားနေပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။
လင်းချုံမှာ ဒေါသတကြီးအော်ဟစ်ရင်း အခြေအနေကို အခွင့်အကောင်းယူကာ နတ်ဘုရားစွမ်းရည်တစ်ခု ထုတ်လွှတ်ရန် ပြင်သည်။ သေခြင်းစိတ်ဆန္ဒက မြေအောက်ကမ္ဘာမှ မြစ်ဝါမြစ် ပေါ်ထွက်လာနေသည့်အလား သူ့ကို ရစ်သိုင်းနေသည်။
သူ့အနေဖြင့် ပြန်တွန်းလှန်ဖို့ အစွမ်းကုန်ထုတ်မှ ဖြစ်မည်။ မန်ဟို့ကို အဟုန်ထပ်ပေးခွင့်မပြုနိုင်သလို၊ သူကိုယ်တိုင်းလည်း ထပ်မံအဖိနှိပ်မခံနိုင်တော့ပေ။ ဤအတိုင်းသာ ဆက်သွားလျှင် မန်ဟို သူ့ကို ခြေခုနစ်လှမ်းတည်းဖြင့် သတ်နိုင်ရန်ကား မဖြစ်သည့်အရာမဟုတ်တော့မှန်း သူ သဘောပေါက်လိုက်လေပြီ။
သို့သော် သူ သူ့နတ်ဘုရားစွမ်းရည်အား ထုတ်လွှတ်တော့မည့်အချိန်မှာတင် မန်ဟိုက ငါးလှမ်းမြောက်ကို လှမ်းလိုက်သည်။ သူ့စွမ်းအားသည် ယခင်ထက် ကျော်လွန်၍ တဟုန်ထိုး မြင့်တက်လာ၏။ မိုးကောင်းကင်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး လေပြင်းများ တဝေါဝေါတိုက်ခတ်လာကာ လေဟုန်ခွင်းလောက၏ ချီကြောအား ပို၍ထင်ရှားမြင်သာလာစေသည်။
သူက ငါးလှမ်းမြောက်ကို လှမ်းပြီးသည့်အခါ လင်းချုံ၏ရှေ့တည့်တည့်သို့ ရောက်သွားခဲ့ပြီဖြစ်ပြီး နောက်လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်သည်။
ဤသည်ကား အသက်နုတ်လက်သီးမဟုတ်… နတ်ဆိုးလက်သီးတဖြစ်လဲ ခန္ဓာစတေးလက်သီးပင်။
၎င်းသည် နတ်ဆိုးကဲ့သို့ ရူးမိုက်မှုတွင်းထဲ သက်ဆင်းပြီး လက်သီးတစ်လုံးအဖြစ် ဖြစ်ပေါ်လာရဖို့ အသက်ခန္ဓာကိုပင် စတေးပစ်ရန် ဆန္ဒရှိသော မိုက်ကန်းမှုမျိုးဖြစ်၏။ ဤအခိုက်အတန့်တွင် မန်ဟို့ခေါင်းထဲ၌ အတွေးတစ်ခုသာ ရှိသည်။
သူသည် နတ်ဆိုးစိတ်ဖြစ်လာ၍ ထိုလက်သီးတွင် အကောင်အထည်ရော၊ စိတ်ဆန္ဒပါ ပိုင်ဆိုင်သွားလေပြီ။
လင်းချုံ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သူ့နှလုံးသားတွင် အံ့ဩမှုတို့ ပြည့်နှက်လာသည်။ မန်ဟိုကား အားနည်းမကြောင်း သူ သိထားခဲ့၏။ မန်ဟိုက ဟန်ချင်းလဲ့ကို အနိုင်ပိုင်းခဲ့သူမဟုတ်ပါလော။ သို့သော် ဤမျှအစွမ်းထက်လိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။
သူ့အမြင်တွင် မန်ဟို့စွမ်းအားသည် သူ့ကျင့်ကြံခြင်းအခြေခံမှမဟုတ်ပဲ တိုက်ခိုက်ပုံတိုက်ခိုက်နည်းမှ လာသည်။ ၎င်းက အလွန်တရာလွှမ်းမိုးကြီးစိုးနေသော အဟုန်ကို အသုံးချသည့် တိုက်ခိုက်နည်းဖြစ်သည်။ အတိုက်ခိုက်ခံရသူအနေဖြင့် အပြီးတိုင် ဖျက်စီးမခံရခင် အသက်ရှူဖို့ရန်ပင် မတတ်နိုင်ပေ။
မန်ဟို့တိုက်ခိုက်ပုံတိုက်ခိုက်နည်းက သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော၊ လုံးလုံးလျားလျား သူမတူသောနည်းလမ်းပင်။
အုန်းးးးးးးးးးးးး
အံမခန်းလိလိ လက်သီးတစ်လုံးက လင်းချုံ၏ နတ်ဘုရားစွမ်းရည်ကို သစ်ကိုင်းခြောက်လေးပမာ ဖျက်စီးပစ်လိုက်သည်။ ထိုရူးမိုက်သောလက်သီးကား အရှိန်အဟုန်ပြင်းစွာဖြင့် လင်းချုံထံ ထိုးနှက်လိုက်လေပြီ။
လင်းချုံမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွား၏။ သူ့မှာ အရှက်ခွဲခံလိုက်ရသလို ခံစားနေရသဖြင့် ခံပြင်းပြင်းအော်လိုက်စဉ် မန်ဟိုက ခြောက်လှမ်းမြောက် လှမ်းလိုက်သည်။
ထိုခြေလှမ်း ကျရောက်လာသောအခါ တစ်လောကလုံးတွင် မိုးခြိမ်းသံများ ပွက်လောရိုက်သွားသည်။ မိုးကြိုးတန်းများက သူ့စွမ်းအားကို ပို၍ပင် မြင့်တက်သွားစေရင်း သူ့ပတ်ပတ်လည်တွင် တဂျိန်းဂျိန်း မြည်ဟည်းနေ၏။ တောင်များပင် တဝုန်းဝုန်း ကျဆင်းလာရာ တစ်လောကလုံးမှာ အချိန်မရွေး ပြိုကွဲတော့မည့်အလားပင်။
***