← Chapters

မင်း အခု ဘာပြောလိုက်တာ

Vol. 80 Ch. 1105

မင်း အခု ဘာပြောလိုက်တာ

Vol. 80 Ch. 1105

မိုးကောင်းကင်၏ ကြေမွမှုမှာ ပို၍ သိသာလာသည်။ အက်ကွဲကြောင်းများက လျင်မြန်စွာ ဖြစ်‌ပေါ်လာပြီး ပြန်ပိတ်သွားကာ အမာရွတ်ကဲ့သို့ အရာများကို ချန်ရစ်ခဲ့သည်။ မန်ဟိုနှင့်ပက်သတ်၍ မည်သည်ကမှ ထူးခြားသည့်တိုင် သူကား မိုးကောင်းကင်နှင့် တစ်ပြေးတည်းရပ်နေသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ အင်မတန် မြင့်မားသော ပုံရိပ်ကြီးသဖွယ် ဖြစ်လာခဲ့လေပြီ။

သူ့ထံမှ ကြောက်ခမန်းလိလိ အရှိန်အဝါက တလိပ်လိပ် ထနေစဉ် သူက ‌ခြောက်လှမ်းမြောက် ခြေလှမ်းကို လှမ်းကာ ခြောက်ချက်မြောက်လက်သီးကို ပစ်လွှတ်လိုက်သည်။

၎င်းက ထပ်မံ၍ နတ်ဆိုးလက်သီး၊ ခန္ဓာစတေးလက်သီးချက်ပင်။ သို့သော် ဤလက်သီးချက်က ယခင်ထက်ပို၍ ပြင်းထန်ပြီး မန်ဟို့၏ လွှမ်းမိုးကြီးစိုးနေသော စွမ်းအားတို့ကား မိုးနှင့်မြေနှင့် တစ်သားတည်း ပေါင်းစည်းသွားသည့်အလား ထင်ရလေသည်။

လက်သီးချက် ကျရောက်‌လာသောအခါ လင်းချုံက မချိတင်ကဲ အော်ဟစ်လိုက်သည်။ သူက လျှာကိုက်၍ သွေးတစ်ပွက် ထွေးထုတ်လိုက်ရာ အရပ်လေးမျက်နှာသို့ စီးဆင်းသွားသော မဟာမြစ်ဝါမြစ်များအသွင် ပြောင်းသွားသည်။

မြစ်ဝါမြစ်များမှာ တဖောင်းဖောင်း ဖျက်စီးခံလိုက်ရ၏။ မန်ဟိုမှာ အတန်ငယ် ဒဏ်ရာရသွားသည့်တိုင် သူ၏မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်က နည်းနည်းလေးမှ လျော့ကျမသွားခဲ့ပေ။

"နောက်ဆုံးခြေလှမ်း" သူက မြစ်ဝါမြစ်များကို ဖျက်ဆီးရင်း ခုနစ်လှမ်းမြောက်ခြေလှမ်းကို လှမ်းကာ ပြော၏။

တစ်လောကလုံး တုံ့ခနဲ ရပ်တန့်သွားပြီး မန်ဟိုဖြင့် အစားထိုးခံလိုက်ရသည့်အလားပင်။ လေဟုန်ခွင်းလောကချီကြော နှစ်ဆယ်ရာခိုင်နှုန်း၏ အထောက်အပံ့ဖြင့် မန်ဟိုသည် မိုးကောင်းကင်စိတ်ဆန္ဒ၏ ခန္ဓာကိုယ်ဖြစ်နေသည့်အလား မြေများနှင့် တစ်သားတည်း ဖြစ်သွား၏။

တစ်လောကလုံးမှာ တအုန်းအုန်း စတင်မြည်လာသည်။ မန်ဟိုက မိုးကောင်းကင်၏ စိတ်ဆန္ဒကို ကိုယ်စားပြုသော နတ်စိတ်ဝိညာဉ်တစ်ပါးအလား၊ မိုးနှင့်မြေနှင့် ပေါင်းစည်း၍ ၎င်း၏ ခန္ဓာကိုယ်ဖြစ်လာခဲ့သည့်အလားပင်။

သူ၏‌ခြေလှမ်း ကျရောက်လာသည့်အခါ မိုးကောင်းကင်က အောက်ရှိမြေကြီးကို နင်းခြေနေသကဲ့သို့ ဖြစ်သည်။ သူ၏ လက်သီးက မိုးနှင့်မြေပမာ အရာအားလုံးကို ဖျက်ဆီးပစ်နေ၏။ မန်ဟိုကား ဖြစ်တည်မှုအားလုံးတွင် အလေးစားခံရဆုံးဖြစ်နေပုံပေါ်တော့သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်ကား ...

နတ်ဘုရားသုတ်သင်ခြင်းလက်သီး ဖြစ်၍ပင်။

နတ်ဘုရားသုတ်သင်ခြင်းလက်သီးအား ထုတ်လွှတ်လိုက်သောအခါ တိုက်ပွဲကို စောင့်ကြည့်နေသော ကျန်ပြည်ထောင်များရှိ အက်ရှလွန်စာရင်း၀င် ကျင့်ကြံသူများအားလုံး ပင့်သက်ရှိုက်လိုက်ရသည်။ သူတို့သည် မန်ဟို ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ပို၍ပင် အရှိန်အဟုန် မြင့်တက်လာသည်ကို ကြည့်ခဲ့ရပြီး စုဝေးလာခဲ့သည့် နတ်ဆိုးတန်ခိုးတို့ကိုလည်း မြင်ခဲ့ရသည်သာမက သူ၏ ပြင်းပြင်းထန်ထန် လွှမ်းမိုးနေသော တိုက်ခိုက်ပုံတိုက်ခိုက်နည်းကိုလည်း မျက်မြင်တွေ့ခဲ့ရလေပြီ။ ၎င်းတို့အားလုံးက လူတိုင်းကို လေးလေးနက်နက် အထင်ကြီးသွားစေပြီး တုန်ရီသွားစေခဲ့၏။

ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူ၊ အဖြူရောင်၏၀တ်ရုံနှင့် လူငယ်မှာ အံ့အားသင့်နေသော မျက်နှာအမူအရာဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ မန်ဟို၏ တိုက်ခိုက်နည်းက သူ့ကိုပင် အံ့အားသင့်သွားစေခဲ့လေသည်။ မန်ဟိုသည် လက်ဦးမှုရယူ၍ ရန်သူကို အခွင့်မပေးဘဲ အရှေ့ရှိအရာရာတိုင်းကို မြက်ခြောက်များသဖွယ် ချေမှုန်းနင်းချေပစ်နေ၏။

အက်ရှလွန်အားလုံး ဤလက်သီးချက်ကြောင့် လုံးလုံးလျားလျား အံ့သြကုန်ကြသည်။

"အဲ့ဒီလက်သီးက ဘာလက်သီးလဲ"

“သူ့အတွက် လင်းချုံကို ခြေခုနစ်လှမ်းတည်းနဲ့ သတ်ဖို့ဆိုတာ တကယ်မဖြစ်နိုင်တာ .... မဟုတ်လောက်တော့ဘူး"

"ဒီမန်ဟိုက မယုံနိုင်လောက်အောင် အစွမ်းထက်လိုက်တာ။ ဟန်ချင်းလဲ့ သူ့ကို မယှဉ်နိုင်တဲ့အပြင် လင်းချုံလည်း အနိုင်ယူခံရတော့မယ့်ပုံပေါ်တယ်။ သူက အက်ရှလွန်ထဲက အစွမ်းထက်ဆုံး နံပါတ်တစ်ကျင့်ကြံသူနေရာအတွက် တိုက်ခိုက်ဖို့တောင် အရည်အချင်းပြည့်မှီတယ်"

ဤအခိုက်အတန့်တွင် လင်းချုံက လက်နှစ်ဖက် မုဒြာလက်ကွက် ဖော်ပြီးနောက် လက်နှစ်ဖက်လုံးကို သူ့အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

"မြင့်မြတ်သော ဓမ္မတေးခေါင်းခွံ" သူက ဟိန်းဟောက်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပါရာဂွန်မှော်သိုင်းတစ်ကွက် ပေါ်လာသည်။

အလွန်ကြီးမားသော ရွှေရောင်ဦးခေါင်းခွံကြီး။ ခေါင်းခွံကြီး၏ မျက်နှာပြင်‌ပေါ်တွင် မှော်သင်္ကေတများက သက်ရှိသတ္တဝါအားလုံးအတွက် ၀မ်းနည်းကြေကွဲနေသော သေခြင်းစိတ်ဆန္ဒကို ဖုံးလွှမ်းနေသကဲ့သို့ ပြွတ်သိပ်နေ၏။

မြင့်မြတ်သော ဓမ္မတေးခေါင်းခွံက လင်းချုံ၏ ပါရာဂွန်မှော်သိုင်းဖြစ်သည်။ သူသည် ဤခေါင်းခွံကို ဉာဏ်အလင်းရခြင်းဖြင့် ပါရာဂွန်မှော်သိုင်းကို ဖန်တီးခဲ့သည့်အတွက် ပါရာဂွန်ပင်လယ်အိပ်မက်၏ အက်ရှလွန်စာရင်းထဲသို့ ၀င်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အက်ရှလွန်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့ခြင်းက သူ၏ ကံတရားကို လုံးလုံးလျားလျား ပြောင်းလဲပေးခဲ့ကာ သူ့အား စတုတ္ထတောင်တွင် ထင်ရှားကျော်ကြားလာစေခဲ့သည်။ ခိတိဂဗ္ပ၏ တိတ်ဆိတ် ထောက်ပံ့ကူညီပေးမှုဖြင့် သူသည် မရေမတွက်နိုင်သော အသက်ဘေးအန္တရာယ်များမှ လွတ်မြောက်ခဲ့ကာ အက်ရှလွန်နေရာကို ထိန်းထားနိုင်ခဲ့လေသည်။

ထိုတိုက်ပွဲပေါင်းများစွာက သူ့အား သူ၏ ပါရာဂွန်မှော်သိုင်းနှင့် ပက်သက်၍ ထိန်းချုပ်နိုင်စွမ်း တိုးတက်စေခဲ့ပြီး တိုက်ပွဲ၏အနာဂတ်မြင်ကွင်းကို ကြိုမြင်နိုင်စေခဲ့သည်။

သူသည် တခြားတာအိုမှော်သိုင်းအလုံးစုံအတွင်းရှိ အားနည်းချက်ကို ရှာနိုင်သည့်အပြင် သူ့ရန်သူ၏လှုပ်ရှားမှုများကိုလည်း ခန့်မှန်းနိုင်သည်။ ထို့နောက် ထိုအချက်အလက်များကို အခွင့်အရေးအဖြစ် အသုံးချသည်။ သူ့ပြိုင်ဘက်များအတွက် ပို၍အံ့အားသင့်စရာကောင်းသည်မှာတော့ သူသည် သူတို့အနာဂတ်ကိုလည်း ကြိုမြင်နိုင်ခြင်းဖြစ်၏။

ထိုအကြောင်းကြောင့်နှင့် ခိတိဂဗ္ဗမှ သူ့ကို ပြုပြင်ပြသပေးမှုကြောင့် သူ လျှောက်လှမ်းသော အင်မော်တယ်လမ်းစဉ်သည် ခိတိဂဗ္ဗနှင့် တူညီလာခဲ့သည်။ ၎င်းက သေဆုံးရာမှ ဘဝအသစ်သို့တစ်ဖန် လျှောက်လှမ်းသည့် သူမတူသော အင်မော်တယ်လမ်းစဉ်ပင်။

သို့သော် သူ၏ပါရာဂွန်မှော်သိုင်းက စိတ်စွမ်းအားများစွာ သုံးစွဲစားသုံးပစ်၍ သူသည် ၎င်းကို သိပ်မသုံးခဲ့ပေ။ သို့သော် မန်ဟို၏လွှမ်းမိုးသော တိုက်ခိုက်နည်းကြောင့် ချောင်ပိတ်ခံနေရ၍ သူ့မှာ သူ၏အစွမ်းထက်ဆုံးပါရာဂွန်မှော်သိုင်းကို ထုတ်သုံးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

သို့သော် သူ သူ၏မြင့်မြတ်သော ဓမ္မတေးခေါင်းခွံပါရာဂွန်မှော်သိုင်းကို ထုတ်လွှတ်လိုက်သည်နှင့် လင်းချုံမှာ မျက်စိမျက်နှာပျက်ထွက်သွားတော့သည်။ သူ့မြင်ကွင်းထဲတွင် မြင်ရသည့် တစ်ခုတည်းသောအရာမှာ မန်ဟို့လက်သီးချက်မှ လွတ်မြောက်နိုင်မည့်လမ်းမရှိခြင်းပင်။

ဟာကွက်မရှိ၊ လွတ်လမ်းမရှိ။

မန်ဟိုက လက်သီးပစ်သွင်းပြီးနောက် မည်သည့်နတ်ဘုရားစွမ်းရည်မှ ၊ မည်သည့်မှော်အတတ်ကိုမှ နောက်ဆက်တွဲပစ်လွှတ်ရန် မကြံစည်ထားသည်ကိုပင် သူ ပြောနိုင်သွားသည်။ မန်ဟိုသည် ဤလက်သီးနှင့် ဤခြေလှမ်းက လင်းချုံကို သေချာပေါက် သုတ်သင်နိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့်အဝရှိနေသည့်အလားပင်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” လင်းချုံ ချောက်ချားနေချေပြီ။ သူ့မှာ နောက်ဆုတ်ဖို့ ကြိုးစားလိုက်သော်လည်း နတ်ဘုရားသုတ်သင်ခြင်းလက်သီးသည် မိုးနှင့်မြေရှိ မည်သည့်သက်ရှိအရာကိုမဆို သုတ်သင်နိုင်သည့်အလား  မန်ဟို၏အသတ်အဖြတ်စိတ်ဆန္ဒက ပေါက်ကွဲထွက်လာ၏။

၎င်းက လင်းချုံအပေါ် ကျရောက်လာမည်ဖြစ်ပြီး သူ့အနေဖြင့်လည်း မတားနိုင်ပေ။

သွေးမျက်ရည်များ လင်းချုံ၏မျက်လုံးများမှ စီးကျလာသည်။ သူသည် ဤသေရေးရှင်ရေးအခြေအနေတွင် သူ၏ပါရာဂွန်မှော်သိုင်းကို သုံးဖို့ စိတ်စွမ်းအားများကို အရူးကြီးလို သုံးစွဲလိုက်ပြီးနောက် အနာဂတ်ကို လှစ်ခနဲ မြင်လိုက်ရ၏။

၎င်းက ဖျတ်ခနဲ မြင်လိုက်ရခြင်းသာ ဖြစ်ရာ လင်းချုံမျက်နှာပျက်သွားတော့သည်။

သူ့မှာ စဉ်းစားနေရန် အချိန်မရှိ၍ မျက်ထောင့်နီကြီးများဖြင့် မြင့်မြတ်သော ဓမ္မတေးခေါင်းခွံကြီးကို မန်ဟို့လက်သီးအား ကာရန် ရှေ့သို့ ပို့လွှတ်လိုက်သည်။

မန်ဟိုက အရှိန်နည်းနည်းပင် လျော့ကျမသွားပေ။ သူ့ကို မိုးနှင့်မြေ၏စိတ်ဆန္ဒက ထောက်ပံ့ပေးနေသည့်အတွက် သူ့လမ်းကို ပိတ်ဖို့ ကြိုးစားသည့်အရာတိုင်း အလွယ်တကူ ဖယ်ထုတ်ခံရလိမ့်မည်သာ။ သူ၏ တဝုန်းဝုန်း ထကြွနေသောစွမ်းအား၏လမ်းကြောင်းတွင် မည်သည့်အရာမှ မတည်ရှိနိုင်ပေ။

အဘယ်ကြောင့်ဆိုသော် မန်ဟို့နတ်ဘုရားသုတ်သင်ခြင်းလက်သီးသည် အထွတ်အထိပ်အားအင်အထိ ရောက်အောင် မိုးကောင်းကင်၏ စိတ်ဆန္ဒကို အသုံးပြုနေသည့်အပြင် လေဟုန်ခွင်းလောကချီကြောမှလည် အားထည့်ပေးထား၍ပင်။

မည်သည့်အရာမဆို ဤလက်သီး၏ရှေ့မှောက်တွင် စိစိညက်ညက် ကြေရလိမ့်မည်သာ။

အုန်းးးးးးးးးးးးးးးးး

မန်ဟို၏နတ်ဘုရားသုတ်သင်ခြင်းလက်သီးက ရွှေရောင်ခေါင်းခွံကြီးကို ဝင်တိုက်ရာ အုန်းခနဲ အသံကျယ်ကြီး ပဲ့တင်ထပ်လာစေသည်။ ခေါင်းခွံကြီးမှာ တုန်ရီသွားပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပျက်စီးကာ မန်ဟို့လက်သီးအား လင်းချုံ၏ရင်ဘတ်သို့ ဝင်တိုက်သွားစေတော့သည်။

တဂျွတ်ဂျွတ် မြည်သံများ ကြားလိုက်ရပြီး လင်းချုံမှာ သွေးပျက်မတတ် အော်လိုက်ရသည်။ သူ့ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသောစွန်ငယ်ပမာ လွင့်ထွက်သွား၏။ သူ့ကိုယ်ထဲရှိ အရိုးအကုန်လုံး ကြေမွသွားပြီး မျက်စိတစ်မှိတ်အတွင်း သူကား ပေါက်ကွဲသွားလေပြီ။ သူ့ရင်ဘတ်မှာ သွေးများကို ရေပန်းသဖွယ် အရပ်လေးမျက်နှာသို့ ပန်းထွက်သွားစေရင်း အသားစပင် မကျန်ခဲ့ပေ။ နောက်ဆုံးတော့ သူ့ခေါင်းသာ သွေးတို့စက်လက်စက်လက်ဖြင့် ကျန်ခဲ့တော့သည်။

ယခုတွင် လေဟုန်ခွင်းလောကအတွင်းမှ စောင့်ကြည့်နေသူတိုင်းမှာ အံ့ဩပြီးရင်း အံ့ဩရင်း ကြက်သေသေနေကြသည်။ စောစောက ဖြစ်ရပ်ကို မျက်မြင်တွေ့ဖို့ရန်ကား မဖြစ်နိုင်ပုံပေါ်ခဲ့ရာ သူတို့အား မှင်သက်သွားစေတာ့သည်။

ပြည်ထောင်တစ်တွင် ပထမတောင်မှ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူ၊ အဖြူရောင်ဝတ်ရုံနှင့်လူငယ်သည် စောစောက တင်ပျဉ်ခွေထိုင်နေခဲ့၏။ ယခုတွင် သူကား မယုံနိုင်ဖြစ်နေသော သူ့နောက်လိုက်အားလုံးနှင့်အတူ မှန်သားပြင်ကို စိုက်ကြည့်ရင်း ရပ်နေလေပြီ။

လင်းချုံကို သူတို့အားလုံး သိကြ၍ ထိုအကြောင်းကြောင့်ပင် အရှေ့တွင် ဖြစ်ပျက်နေသောမြင်ကွင်းက လုံးလုံးလျားလျား မယုံနိုင်စရာကောင်းနေတော့သည်။

“သူ... တကယ်ကြီး လုပ်လိုက်တာပဲ” နောက်လိုက်များ အသက်ရှူမှားကုန်ကြသည်။

ပထမတောင်မှ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူကမူ မှန်သားပြင်ကို ကြည့်ပြီးနောက် ရုတ်တရက် ပြုံးလိုက်သည်။ သို့သော် သွေးအေးအေးအပြုံးသာ။ သူ စကားပြောလိုက်သည့်အခါ သူ့မျက်လုံးများသည် တောက်ပလင်းလက်နေ၏။ “ဒီလူ ငါ့ကို တိုက်ခိုက်နိုင်တဲ့အထိ အရည်အချင်းရှိတယ်”

ပြည်ထောင်နှစ်၊ နိုင်ငံအရှိန်အဝါတောင်ပေါ်တွင် အရာအားလုံး အေးစိမ့်နေ၏။ နှင်းများက တောင်ထိပ်ပေါ်တွင် ထိုင်နေသောလူကို ဝေ့ပတ်ရစ်သိုင်းနေကြသည်။ သူသည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဒုတိယတောင်မှ အက်ရှလွန်ဖြစ်သည်။ သူ့ပုံပန်းသွင်ပြင်က အေးစက်နေသော်လည်း သူ့မျက်လုံးများက သူ့အရှေ့ရှိ ရေခဲဖန်သားပြင်နှင့် ထိုအပေါ်၌ ပြသနေသော မန်ဟို့ပုံရိပ်ကို ကြည့်ရင်း ကျဉ်းမြောင်းနေ၏။

သူကား အပြင်ပန်းတွင် တည်ငြိမ်သယောင်ထင်ရသော်လည်း စိတ်တွင်းတွင်တော့ အံ့ဩခြင်းလှိုင်းတံပိုးများဖြင့် ရိုက်ခတ်ခံနေရသည်။

ပြည်ထောင်သုံးတွင်တော့ ထူးဆန်းသောဖြစ်ရပ်တစ်ခု ဖြစ်ပွားနေသည်။ ကျင့်ကြံသူတစ်ရာက နိုင်ငံ့အရှိန်အဝါတောင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူတို့အပေါ်တွင် အင်ပါယာဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက် ရှိသည်။ သူ့မျက်နှာသည် အတိုင်းထက်အလွန် မည်းမှောင်ကာ ခက်ထန်လျက်ရှိ၏။

“ဒီမန်ဟိုက လေဟုန်ခွင်းလောကအင်ပါယာသခင်ရဲ့ ပံ့ပိုးတာ ခံနေရတာလား....”

ပြည်ထောင်ငါးရှိ ဝဝဖိုင့်ဖိုင့်အက်ရှလွန်၊ ပြည်ထောင်ခြောက်ရှိ ကောင်လေးနှင့် ပြည်ထောင်ခုနစ်ရှိ သတ်ဖြတ်လိုစိတ်ပြင်းထန်နေသော လူငယ်တို့အားလုံး မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်ကုန်ကြပြီး ရင်တုန်လာကြသည်။

စောစောက သူတို့သည် မဖြစ်စလောက်ခြေလှမ်းများဖြင့် မန်ဟို လင်းချုံကို သတ်နိုင်မည်ဟု မယုံခဲ့သော်လည်း ယခုမူ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ရပြီး မန်ဟို၏စွမ်းအားနှင့် လွှမ်းမိုးနေသောတိုက်ခိုက်နည်းကိုလည်း တွေ့ခဲ့လေပြီ။ ၎င်းက သူတို့အားလုံးအပေါ် ကြီးမားလှသည့်ဖိအားတစ်ရပ်အား သက်ရောက်လာစေသည်။

ယခုတော့ သူတို့တစ်ယောက်မှ မန်ဟို့ကို အထင်မသေးရဲတော့ပေ။ သူတို့သည် သူ၏လောကစည်းတံဆိပ်နှစ်ခုကို တပ်မက်သော်လည်း ၎င်းတို့ကို လုဖို့ ကြိုးစားပါက မဖြစ်မနေ စွန့်စားရတော့မည်ဖြစ်၏။

စောစောက မန်ဟို၏တိုက်ပွဲက လေဟုန်ခွင်းလောကထဲရှိ အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူများကို ရှိန်သွားစေခဲ့လေပြီ။

အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူများ မန်ဟို့ကြောင့် တုန်လှုပ်နေသည့်အချိန်မှာပင် လင်းချုံ၏ခန္ဓာကိုယ်မှာ ပြည်ထောင်ရှစ်အပေါ်ထက်ရှိ လေထုထဲတွင် ပေါက်ကွဲသွားသည်။ သူ့ခေါင်းက သူ၏ခန္ဓာကိုယ်နှင့်ဝိညာဉ်ကိုပါ သုတ်သင်၍ ပေါက်ကွဲတော့ခါနီးဆဲဆဲတွင် ရွှေအလင်းရောင်သည် ကြေမွသွားသော ရွှေရောင်ဦးခေါင်းခွံမှ စတင်တောက်ပလာ၏။ ၎င်းက လင်းချုံခေါင်းကို နေရာရွှေ့ပြောင်းပေးတော့မည့်အလား ဝန်းရံလိုက်သော ရွှေရောင်ဝဲတစ်ဝဲအသွင် ပြောင်းသွားသည်။

သူမတူသော ကျင့်ကြံပုံကျင့်ကြံနည်းကြောင့် လင်းချုံခေါင်းထဲတွင် အသက်စွမ်းအားအနည်းငယ် ကျန်ရှိနေသေး၏။ ကျင့်ကြံခြင်းအခြေခံအဆင့် ကျဆင်းခြင်းအပါအဝင် ကြီးလေးသောအဖိုးအခကို ပေးဆပ်ရမည်ဖြစ်သော်လည်း သူ့တွင် ခေါင်းရှိနေသေးသရွေ့ ပြန်ကုစားနိုင်သည်။

သူ နေရာရွှေ့ပြောင်းတော့မည့်အခိုက်အတန့်တွင် မန်ဟို့စွမ်းအားက ယခင်ထက်ပင်ပို၍ ရုတ်တရက် ထိုးတက်သွားပြီး သူက ပြောလိုက်သည်။ “ဒီတိုင်း ထွက်သွားနိုင်မယ်ထင်သလား။ သုတ်သင်လိုက်စမ်း”

စကားလုံးများကို အသာအယာသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ထိုအခိုက်အတန့်တွင် ဧရာမကြောက်စရာကောင်းသော ခြေဖဝါးကြီးတစ်ခု ပေါ်လာသည်။

ခြေဝါးကြီးကား မိုးကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်နိုင်ပုံရပြီး ၎င်းက ပေါ်လာလျှင်ချင်း သဘာဝနိယာမကို ဖြိုခွင်း၍ အနှစ်သာရကို ဖျက်စီးရင်း လင်းချုံအပေါ် နင်းချလိုက်သည်။

ဤသည်မှာ နတ်ဘုရားခြေခုနစ်လှမ်း၏ အမြင့်ဆုံးသော စွမ်းအားဖြစ်ပေ၏။

စောစောက ခြေလှမ်းခုနစ်လှမ်းမှာ ဤကြောက်ခမန်းလိလိ သုတ်သင်ခြင်းတိုက်ကွက်ကို ထုတ်လွှတ်ရန် အဟုန်နှင့်အားအင်ကို စုစည်းခြင်းမျှသာ ဖြစ်ခဲ့သည်။

သေရတော့မည့်အာရုံက လင်းချုံစိတ်ကို စိုးမိုးလာသည်။ သူသည် သူ့ဘဝတွင် ဤကဲ့သို့ခံစားချက်များ ခံစားခဲ့ရသော်လည်း ဤတစ်ကြိမ်မှာတော့ အပြင်းထန်ဆုံးပင်။ ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူနှင့် တိုက်ပွဲကပင် ယခုလောက် ချောက်ချားစရာမကောင်းခဲ့ပေ။

မန်ဟိုက အလွန်တရာအင်အားကြီးမားလိမ့်မည်ဟု သူ မထင်ထားခဲ့သည်သာ....

သူသည် ခြေဝါးကြီး ကျဆင်းလာသည်ကို မြင်လျှင် နေရာရွှေ့ပြောင်းခြင်းအတွက် အချိန်မရတော့ကြောင်း သဘောပေါက်လိုက်၏။ သူ့မှာ သေရတော့မည်ကို သိ၍ အလွန်ကျယ်လောင်သောအော်သံကြီးအား အရပ်မျက်နှာတွင် ပဲ့တင်ထပ်သွားစေသည်။

“မန်ဟို ငါ သေရင် ရှုချင်လည်း သေစေရမယ်” ထိုစကားလုံးများက မိုးဆက်တိုက်ခြိမ်းသွားသည့်အလား မန်ဟို့နားထဲသို့ ဝင်ရောက်လာသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာလေသည်။

“မင်း အခု ဘာပြောလိုက်တာ” သူနှလုံးသားမှာ ဖြစ်တောင့်ဖြစ်ခဲ တဒိန်းဒိန်းခုန်လာပြီး သူ့နတ်ဘုရားစွမ်းရည်ပင် မတည်မငြိမ်ဖြစ်လာသည်။ ကောင်းကင်ထက်ရှိ ဧရာမခြေဖဝါးကြီးမှာ တုန်ရီလာပြီး သူ၏စိတ်အခြေအနေကြောင့် သူ့အရှိန်အဟုန်မှာ ပြိုကွဲသွားကာ သူ့စွမ်းအားလည်း ကျဆင်းလာသည်။

တောင်ကောင်းကင်ဂြိုဟ်မှ ထွက်မလာခင် သူသည် သူ့အဖေကို ရှုချင်အကြောင်း မေးခဲ့၏။ ဖန်ရှုံ့ဖုန်းက ဘဝပြန်ဝင်စားခြင်းအတွင်း စောင့်ရှောက်ပေးရန် ရှုချင်အပေါ်တွင် နတ်ဘုရားစိတ်ဆန္ဒတချို့ ထားခဲ့ကြောင်း ပြောခဲ့သည်။ သူမ ဘယ်အချိန် ပြန်မွေးဖွားလာမည်လဲ၊ ဘယ်နေရာတွင်လဲ ဆိုသည်က ကံတရားနှင့် အချိန်အခါပေါ် မူတည်သော်လည်း ဖန်ရှုံ့ဖုန်းက သူ့ကို စိုးရိမ်စရာမလိုဟု အသေအချာပြောခဲ့၏။

သို့ထိတိုင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက်တွင်ပင် မန်ဟိုမှာ ရံဖန်ရံခါ စိုးရိမ်မိသေးလေသည်။ သူ၏မူလအစီအစဉ်က ကိုးပင်လယ်လောကမှ ထွက်ပြီး အခြေအနေကို စုံစမ်းရန် တောင်ကောင်းကင်ဂြိုဟ်သို့ ပြန်သွားနိုင်သည်အထိ စောင့်ရန် ဖြစ်ခဲ့သည်။ သူမက သူ၏ဇနီး၊ ချစ်ရသောလက်တွဲဖော် မဟုတ်ပါလော။ သူ့အနေဖြင့် ထိုကိစ္စကို မကြာခဏ မတွေးတတ်သော်လည်း လင်းချုံ၏စကားကိုကြားလျှင် မန်ဟို့စိတ်ထဲတွင် အံ့ဩခြင်းလှိုင်းတံပိုးများ တဝုန်းဝုန်း ထကြွလာတော့သည်။

***

All Chapters