ပြည်ထောင်လေးအတွင်းသို့ သတ်ဖြတ်ဝင်ရောက်ခြင်း
Vol. 80 Ch. 1106
မန်ဟို့နတ်ဘုရားစွမ်းရည် မငြိမ်မသက်ဖြစ်နေမှုက ဧရာမခြေဖဝါးကြီးကို ခေတ္တ ရပ်တန့်သွားစေသော အခိုက်အတန့်တွင် လင်းချုံ၏ခေါင်းပြတ်သည် ထွက်ပြေးရန် အခွင့်အရေးရလိုက်၏။ ရွှေရောင်ဝဲက သူ့ခေါင်းကို လွှမ်းခြုံပြီးနောက် လျင်မြန်စွာ လည်လာသည်။ အဆုံးသတ်တွင် လင်းချုံခေါင်းကား ပျောက်ကွယ်သွားခဲ့လေပြီ။
ထို့နောက် ဝဲသည် ရွှေရောင်အမှုန်များအဖြစ် ပြန့်ကျဲကာ မှေးမှိန်ပျောက်ကွယ်သွားတော့၏။
မန်ဟိုက လင်းချုံပျောက်ကွယ်သွားခဲ့သောနေရာကို လှမ်းကြည့်ရင်း မျက်နှာသုန်မှုန်သွားသည်။ သူ့စိတ်ထဲတွင်တော့ အံ့ဩခြင်းလှိုင်းတံပိုင်းများ ထကြွလျက်ရှိသေးသည်။ သူ့နှလုံးသားထဲရှိ ရှုချင်၏နေရာမှာ သူ ဘယ်သူ့ကိုမှ ထိခွင့်မပြုသောအရာ၊ သူ၏အားနည်းချက် ဖြစ်သည်။
ရှုချင်းသည် မိုးနှင့်မြေ၏ရှေ့မှောက်တွင် သစ္စာဆိုခဲ့သော သူ့ဇနီးဖြစ်၏။ သူ့မှာ သူမကို ပွေ့ထားရင်း သူမအလှတရားများ ပျောက်ကွယ်သွားကာ သူမအိုမင်းလာသည်ကို ကြည့်ခဲ့ရသည်။ သူမဝိညာဉ် မြေအောက်ကမ္ဘာမြစ်ထဲ ဝင်ရောက်သွားသည်ကိုလည်း ကြည့်နေခဲ့ရသည်။ သူတို့နှစ်ယောက် ကတိပေးခဲ့ကြ၏ ....
သူမ ပြန်မွေးဖွားလာလျှင် ပြန်ဆုံကြဖို့။
မန်ဟိုမှာ ဤနေရာတွင် လင်းချုံ၏ပါးစပ်မှ ရှုချင်နာမည်ကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ၎င်းက သူ့မျက်လုံးများကို အဆုံးမရှိသော သွေးအေးမှုတို့ဖြင့် တောက်ပလာစေသည်။
ဤသည်မှာ သူ လင်းချုံကို ပထမဆုံး တွေ့ရခြင်းဖြစ်ပြီး လင်းချုံလည်း သူ့ကို ပထမဆုံးမြင်ရခြင်းဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် ... ရှုချင်နာမည်ကို ပြောနိုင်ခြင်းက လင်းချုံသည် သူမကို ပြန်မွေးဖွားလာသောပုံစံဖြင့် မြင်ခဲ့ပြီးပြီဟု ဆိုလို၏။
ထို့နောက် မန်ဟိုမှာ လင်းချုံလာခဲ့သောနေရာကို တွေးလိုက်လျှင် တစ်ကိုယ်လုံး တုန်ရီသွားသည်။ “ရှုချင် စတုတ္ထတောင်မှာ ပြန်မွေးဖွားလာတာ ရှစ်ဆယ်ရာခိုင်နှုန်း သေချာပြီ
“ဒါပေမဲ့ လင်းချုံက ငါနဲ့ ချင်းအာရဲ့ပတ်သက်မှုကို ဘယ်လိုလုပ်သိနိုင်မှာလဲ” ထို့နောက် သူသည် လင်းချုံ၏ပါရာဂွန်မှော်သိုင်းနှင့် သူ ခံစားခဲ့ရသည့် ရင်းရင်းနှီးနှီးအရှိန်အဝါကို ပြန်တွေးကြည့်သော် အကုန်လုံးနားလည်လိုက်၏။ လင်းချုံ မြင်ခဲ့သည်ကား နတ်ဘုရားသုတ်သင်ခြင်းလက်သီးကို ခုခံရန် အသုံးပြုနိုင်သောအရာကိုမဟုတ်၊ မန်ဟိုနှင့်ရှုချင်အကြားက ပတ်သက်မှုကိုပင်။
တခဏကြာသော် မန်ဟိုသည် လင်းချုံ၏စကားကို ပြန်တွေးရင်း မျက်လုံးများ၌ သတ်ဖြတ်လိုစိတ်တို့ တဟုန်းဟုန်းတောက်လောင်လာ၏။
ငါသေရင် ရှုချင်လည်း သေစေရမယ် တဲ့လော
“လင်းချုံ မင်း သေချင်နေတာပဲ” သူက ခေါင်းမော့ရင်း ပြောလိုက်သည်။ ထို့နောက် သူသည် ရှေ့တစ်လှမ်းတက်ကာ ပြည်ထောင်ကိုးသို့ မပြန်။ ထိုအစား တစ်ချက်လေးမှ နောက်တွန့်ခြင်းမရှိဘဲ ပြည်ထောင်လေးသို့ ဦးတည်သွားလေပြီ။
ဤအခိုက်အတန့်တွင် လောကစည်းတံဆိပ်များလည်း အရေးမပါ၊ စည်းဖြူတောင်လည်း အရေးမကြီးတော့။ အရေးပါသည့် တစ်ခုတည်းသောအရာမှာ ... ရှုချင်နှင့်ပတ်သက်သည့် သဲလွန်စများနှင် လင်းချုံ ယခုလေးတင် ပြောခဲ့သောစကားပင်။
ဤကိစ္စများကို မရှင်းလင်းဘဲ သူ့အနေဖြင့် ပြည်ထောင်ကိုးသို့ မည်သို့ ပြန်နိုင်မည်နည်း။ ပြန်နိုင်လျှင်တောင်မှ သူ့နှလုံးသားမှာ ဗြောင်းဆန်နေပြီး စိတ်အေးအေးထားနိုင်မည်မဟုတ်ပေ။
မန်ဟိုက မိုးကြိုးတန်းသဖွယ် လေကို ထိုးခွင်းလာသဖြင့် တဝုန်းဝုန်း ဆူညံနေသည်။ သူသည် မြင့်မားသထက် မြင့်မားလာသော အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် အရှိန်ထပ်တင်လိုက်ရာ ဖုန်များတထောင်းထောင်း ထကျန်ခဲ့တော့သည်။
မကြာခင် သူက ပြည်ထောင်ရှစ်၏နယ်စပ်နား ရောက်လာ၏။ သူသည် ပြည်ထောင်ခုနစ်သို့ ဝင်ရောက်မည်မဟုတ်ပေ။ ထိုအစား ဗဟိုဝတ်ပြုကျောင်းဒေသမှ ဖြတ်သွား၏။ ယင်းက ပြည်ထောင်လေးထံ ရောက်ဖို့ အမြန်ဆုံးလမ်း မဟုတ်ပါလော။
လင်းချုံ ဤလမ်းကို သုံးလား၊ မသုံးလား သူ မသိနိုင်သော်လည်း ရပ်၍စဉ်းစားနေရန် အချိန်မရှိပေ။ သူသည် အသော့နှင်ပျံသန်းလာကာ မကြာခင်မှာပဲ ပြည်ထောင်ရှစ်မှ ထွက်၍ ဗဟိုဝတ်ပြုကျောင်းဒေသသို့ ဝင်ရောက်သွား၏။
သူ ငုံ့ကြည့်လိုက်သောအခါ ရက်စက်သောအနိဌာရုံမြင်ကွင်းများနှင့် သူသေကိုယ်သေ တိုက်ခိုက်နေကြသော စစ်သည်များကို မြင်လိုက်ရသည်။ တစ်မြေလုံးသည် သွေးတို့ဖြင့် ရဲရဲတောက်လျက်ရှိ၏။
သူက ကြည့်ရုံမျှသာကြည့်၍ အံ့ခမန်းလိလိအရှိန်အဟုန်ဖြင့် လေကို ခွင်းလာရင်း ဖြတ်သွားသည်။ တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများမှာ သူ့ကို မြင်သောအခါ ချက်ချင်း အံ့အားသင့်ကုန်ကြသည်။
“အဲ့ဒါ မန်ဟိုပဲ”
“ပြည်ထောင်ကိုးက အက်ရှလွန်စာရင်းဝင်ကျင့်ကြံသူ မန်ဟို"
“သူ ဘာလို့ ဒီကို ရောက်နေတာလဲ”
ဤတစ်ယောက်မှ အက်ရှလွန်များနည်းတူ သူနှင့်လင်းချုံ၏တိုက်ပွဲကို မျက်မြင်မတွေ့ခဲ့ရသော်လည်း သူက စံချိန်သုံးခုအနက် နှစ်ခုချိုးခဲ့သူဖြစ်ကြောင်း သူတို့ သိကြသည်။ ၎င်းက အများစုကို အကြောက်တရားများ၊ လေးစားမှုများ ပြည့်နှက်သွားသောအရာပင်။
သူတို့ထဲတွင် မန်ဟို့ကို မြင်သည်နှင့် လောဘတက်လာသော အရူးတချို့လည်း ရှိသည်။ သူတို့နားလည်ထားသလောက် အက်ရှလွန်စာရင်းဝင်တစ်ယောက်ကို သတ်လျှင် ထိုသူ၏အက်ရှလွန်အမှတ်အသားကို ရယူနိုင်မည်မဟုတ်ပါလော။
မန်ဟို ဗဟိုဝတ်ပြုကျောင်းဒေသသို့ ဝင်လာခဲ့ပြီး ရှေးမနှောင်းမှာပင် ဓားအလင်းတန်းတစ်တန်းက ရုတ်တရက် သူ့ထံ ပြေးဝင်သွားသည်။ ဓားချီသည် သတ်ဖြတ်လိုသောအငွေ့အသက်များ တထောင်းထောင်းထနေပြီး သဘာဝနိယာမနှင့်တစ်သားဖြစ်နေဟန်တူ၏။ ၎င်းက မန်ဟို့လည်မြိုကို စိုက်ဝင်ပေတော့မည်။
“အခုလေးတင် ရောက်လာပြီး ဘာလို့ ထွက်ပြေးနေတာလဲ” တစ်ယောက်က အေးစက်စက်ပြောသည်။ တိုက်ကွက်ကို သက်လတ်ပိုင်းကျင့်ကြံသူတစ်ယောက်မှ ထုတ်လွှတ်လိုက်သော်လည်း သူတစ်ယောက်တည်းမဟုတ်ပေ။ နောက်ထပ်ကျင့်ကြံသူနှစ်ယောက်က ဘေးတစ်ဖက်ဆီမှ မန်ဟို့ထံ ပြေးဝင်လာသည်။
တခြားအခြေအနေအချိန်အခါဆိုလျှင် မန်ဟိုအနေဖြင့် သူတို့ကို လိုက်ဖမ်း၍ သတ်နိုင်သလို၊ သည်အတိုင်း လျစ်လျူရှုထားနိုင်ခြေလည်း ရှိသည်။ သို့သော် ယခုတွင် သူ့မှာ စိုးရိမ်ပူပန်နေသောအခြေအနေဖြစ်ရာ သူ့လမ်းကို ပိတ်သူများအတွက် ကံကြမ္မာတစ်ခုတည်းသာ ရှိသည်။
ပွဲချင်းပြီး သေဆုံးခြင်း
သူက မျက်လုံးများနီရဲနေလျက် လက်ကို ဆန့်ထုတ်ရင်း ပြေးဝင်လာသော ဓားပျံကို ဖမ်းဆုပ်၍ ၎င်းလာခဲ့သောအရပ်မျက်နှာသို့ ပြန်ပစ်လိုက်သည်။
၎င်း ရွေ့လျားသွားသောအမြန်နှုန်းမှာ မူလအမြန်နှုန်းထက် အဆများစွာ မြန်သည်။ နှိုင်းယှဉ်၍မရသည့်အားတစ်ရပ်က ဓားကို ရှေ့သို့ တွန်းပို့နေ၏။ ဓားကိုယ်တိုင်မှာ တွန်းအားကို မခံနိုင်သဖြင့် ထိပ်ဖျားမှစ၍ ကွဲအက်လာသည်။ သို့သော် ၎င်းက ထက်ပိုင်းမကျိုးမီမှာပင် ၎င်းကို ပစ်လွှတ်ခဲ့သော ကျင့်ကြံသူ၏နဖူးကို ထုတ်ချင်းဖောက်ထွက်သွားခဲ့လေပြီ။
သက်လတ်ပိုင်းကျင့်ကြံသူမှာ ထူးခြားသောကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် ရှောင်ပင် မရှောင်နိုင်ခဲ့သည်ထိ အမြန်နှုန်းက လက်ဖျားခါလောက်သည်။ ထိုလူမှာ ပွဲချင်းပြီး သေသွားတော့သည်။
ဤဖြစ်ရပ်က ကျန်နှစ်ယောက်ကို ပင့်သက်ရှိုက်၍ နောက်ဆုတ်မိလိုက်စေသည်။ အဝေးမှ လှုပ်ရှားလာနေသော ကျင့်ကြံသူများလည်း ကြက်သေသေသွားကြပြီး မန်ဟို့လမ်းကို မပိတ်ရဲကြတော့ပေ။
မည်သူမှ လမ်းမပိတ်ရဲတော့သဖြင့် မန်ဟိုသည် ဗဟိုဝတ်ပြုကျောင်းဒေသကို လျင်မြန်စွာ ဖြတ်ကာ ပြည်ထောင်လေးနယ်စပ်သို့ ရောက်သွား၏။
သူ့အနောက်ရှိ ကျင့်ကြံသူများမှာတော့ တအံ့တဩကြည့်ကျန်ခဲ့သည်။
“သူက တကယ်ကြီး ဗဟိုဝတ်ပြုကျောင်းဒေသတစ်ခုလုံးကို ဖြတ်သွားခဲ့တာလား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲဒီက ဖိအားက ကြောက်စရာကြီးလေ။ အဲဒီကို ဝင်ရောက်သွားတဲ့ ဘယ်သူမဆို ကံဆိုးမိုးမှောင်ကျမှာ။ အက်ရှလွန်စာရင်းဝင်တွေတောင်မှ အဲဒီကို သွားရဲကြမှာမဟုတ်ဘူး။ ဒါတောင် ... သူက ဖြတ်သွားတယ်တဲ့လား”
“မဟုတ်မှ ... လေဟုန်ခွင်းလောကချီကြောရဲ့ နှစ်ဆယ်ရာခိုင်နှုန်းကြောင့်များလား" လူတိုင်း အံ့အားသင့်နေစဉ် မန်ဟိုကား အဝေးသို့ ထွက်သွားလေပြီ။
ထိုစဉ် လင်းချုံ၏ခေါင်းသည် စတုတ္တတောင်ပေါ်က နိုင်ငံအရှိန်အဝါတောင်တွင် ပေါ်လာခဲ့၏။ ခေါင်းမှာ အတော်လေး ခြောက်ကပ်နေရာ လင်းချုံအား နာနာကျင်ကျင် အော်ဟစ်လိုက်ရစေသည်။ သွေးကြောများ တဖောက်ဖောက် ထွက်လာပြီးနောက် သွေးလွှတ်ကြောများနှင့် သွေးပြန်ကြောများသည် သူ၏ပြတ်နေသော လည်ပင်းအသားထဲမှ အောက်သို့ မြွေလိမ်မြွေကောက် ဆင်းလာသည်။ ၎င်းတို့က ရှည်သထက်ရှည်လာကာ ခန္ဓာကိုယ်ကောက်ကြောင်းတစ်ခုကို လျင်မြန်စွာ ဖော်ဆောင်ပေးလိုက်၏။ သူ့မျက်နှာမှာ ယခုတွင် ဖြူဆုပ်နေသော်လည်း သူက လျှာကို ထပ်ကိုက်ပြီးနောက် ဟိန်းဟောက်လိုက်သည်။ ထို့နောက် အရိုးများသည် ထိုကောက်ကြောင်းအတွင်း၌ စတင်ဖြစ်ပေါ်လာ၏။
ယခုလိုကုစားနေရသည့် နာကျင်မှုကား ပြောပြ၍မရသလို ... သူ တတ်နိုင်သည်ဆိုရုံကလေး တတ်နိုင်သော အဖိုးအခကိုလည်း ပေးဆပ်ရသေးသည်။ ထိုမျှသာမက သူ့အနေဖြင့် အလွယ်တကူ အကောင်းအတိုင်း ပြန်မဖြစ်နိုင်သော ကျင့်ကြံအဆင့်ကျဆင်းမှုကိုလည်း ကြုံတွေ့ရဦးမည်။
သို့သော် သေရသည်ထက်စာလျှင်တော့ တော်သေးသည်။
“မန်ဟို ငါ မင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး အလွှတ်မပေးဘူး” သူက အရုပ်ဆိုးအကျည်းတန်နေသောမျက်နှာထားကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်အသစ်ပြန်လည် ဖြစ်ပေါ်လာနေစဉ် ခေါင်းနောက်လှန်၍ အသံကုန်အော်ဟစ်နေရ၏။ အဆိပ်ပြင်းသောဒေါသက သူ့မျက်လုံးများတွင် စိုးမိုးနေသည်။ မန်ဟိုထင်ထားခဲ့သည့်အတိုင်း သူ၏မြင့်မြတ်သော ဓမ္မတေးခေါင်းခွံက သူ့ကို လက်သီးချက်ကို ခုခံရန် နည်းလမ်းမဟုတ်ဘဲ မြင်ကွင်းတစ်ခုကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
သူသည် စတုတ္ထတောင်နှင့် သွေးပင်လယ်အကြား၌ အလောင်းများ ပတ်ပတ်လည် ဝိုင်းနေသော မန်ဟို့ကို မြင်ခဲ့ရ၏။ မန်ဟိုက မရပ်မနား တိုက်ခိုက်သတ်ဖြတ်ရင်း ထိုနေရာသို့ ခရီးနှင်လာခဲ့သည့်အလားပင်။
ထိုမြင်ကွင်းထဲတွင် ရှုချင်ကို သူ မြင်ရသည်။ သူမနှင့် မန်ဟိုသည် တစ်ယောက်ကိုတစ်ယောက် ကြင်နာယုယစွာ ကြည့်နေကြ၏။
ထိုမြင်ကွင်းက သူ့ကို မနာလိုဖြစ်စေသည်သာမက သူ လိုအပ်သောအခွင့်အရေးကိုလည်း ပေးခဲ့သည်။
"မြန်မြန် မြန်မြန်လုပ်ရမယ်
"ငါ ရှုချင်နဲ့ မန်ဟိုကြားမှာ ဘယ်လိုပက်သက်မှုမျိုးရှိလဲ အတိအကျမသိပေမယ့် သူ ဘယ်လောက်စိတ်ပူနေလဲဆိုတာ ကြည့်ရင် သေချာပေါက် သူမက သူ့ရဲ့ အားနည်းချက်ပဲ။ ပြီးတော့ ငါ သူ့နာမည်ပြောလိုက်တာနဲ့ သူက ရူးတော့မယ့်အတိုင်းဖြစ်သွားတာ
"သူ ငါ့ကိုသတ်ဖို့ ကျိန်းသေ ဒီကိုလာနေလောက်ပြီ။ ထွက်ပြေးဖို့ မြန်မြန်သက်သာအောင် လုပ်မှဖြစ်မယ်" သူက သူ့ခန္ဓာကိုယ်အလိုအလျောက် ပြန်ကုစားနေစဉ် အံတင်းတင်း ကြိတ်ထား၏။ အချိန်များ ကုန်လွန်သွားသည်။ တစ်နာရီ ကြာသွားခဲ့လေပြီ။ ထိုအတောအတွင်း သူသည် ပြန်ကုစားခြင်းဖြစ်စဉ်အတွက် တန်ဖိုးကြီးမားစွာ ဆက်တိုက် ပေးဆပ်နေရ၏။
နောက်ဆုံး သူ၏ခန္ဓာကိုယ် ပြန်ပေါ်လာသောအခါ သူ့မှာ သွေးလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ ဤခန္ဓာကိုယ်မှာ အတိုင်းထက်အလွန် အားနည်း၏။ ယခုတွင် သူ့မှာ မူလကျင့်ကြံခြင်းအခြေခံ၏ ၆၀ ရာခိုင်နှုန်းမျှသာ ပိုင်ဆိုင်ထားလေပြီ။
ဤသည်မှာ သူ့အတွက် အက်ရှလွန်ကို ဝင်ရောက်ခဲ့ပြီးကတည်းက ဖြစ်ခဲ့သဖူးမျှထဲ အားအနည်းဆုံး အခြေအနေဖြစ်သည်။ သူက မျက်နှာ ဖြူဖတ်ဖြူလျော်နှင့် ရုပ်တုထံမှ လောကစည်းတံဆိပ်ကို လှမ်းယူလိုက်သည်။ ထို့နောက် သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် နိုင်ငံအရှိန်အဝါတောင်မှ ပျံထွက်လာရာ လူရိပ်လေးခု၏ ၀န်းရံခြင်းခံလိုက်ရသည်။ ထိုလူရိပ်များက သူနှင့်အတူ လေဟုန်ခွင်းလောကထဲသို့ ခေါ်လာခဲ့သော သူ၏ နောက်လိုက်များ ဖြစ်၏။
တခဏကြာ တွန့်ဆုတ်နေပြီးနောက် သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်လိုက်သော အရိပ်အယောင်ကို မြင်ရနိုင်ပြီးနောက် သူက ပြောလိုက်သည်။ "ကြယ်တာရာရုပ်ပြောင်းမဟာမှော်အစွမ်းကို အသက်သွင်းလိုက်"
သူ၏ နောက်လိုက်လေးယောက်က မတုံ့ပြန်ပေ။ သို့သော် သူတို့၏ ပုံပန်းသွင်ပြင်များက တဖြည်းဖြည်း လင်းချုံနှင့် တစ်ထေရာတည်း တူသည်အထိ ပြောင်းလဲစပြုလာသည်။ သူတို့၏ အရှိန်အဝါများလည်း ထပ်တူကျနေ၏။ ထို့နောက် သူတို့က အရပ်လေးမျက်နှာသို့ ခွဲထွက်သွားကြသည်။
လင်းချုံကမူ မတူညီသော အရပ်မျက်နှာကို ရွေးကာ ပျံထွက်သွား၏။
လင်းချုံနှင့် နောက်လိုက်လေးယောက် ထွက်သွားသည့်အခိုက်အတန့်မှာပင် မယုံကြည်နိုင်ဖွယ်ဖိအားက ရုတ်တရက် ပြည်ထောင်လေးအပေါ်သို့ သက်ရောက်လာသည်။ မြေကြီးမှာ တသိမ့်သိမ့် တုန်ခါလာပြီး လေထုသည် ပုံပျက်လာ၏။ လင်းချုံနှင့် သူ၏ နောက်လိုက်လေးယောက်လုံး တဆတ်ဆတ် တုန်ရီလာကြသည်။
"သူရောက်လာပြီ။ ဘယ်လိုလုပ် ဒီလောက် မြန်ရတာတုန်း။ မဖြစ်နိုင်ဘူး" လင်းချုံက မျက်နှာဖြူဖတ်ဖြူလျော်နှင့် ပြောလိုက်သည်။ သူကား လျှို့ဝှက်မှော်အတတ်တစ်ခုကို ချက်ချင်း ထုတ်လွှတ်၍ သူ၏ အရှိန်အဝါကို အစဖျောက်ကာ အမြန်ဆုံးထွက်ပြေးတော့သည်။
မန်ဟို့အသတ်အဖြတ်စိတ်ဆန္ဒသည် ပြည်ထောင်လေးသို့ ရောက်လာသည်နှင့် တဟုန်းဟုန်းတောက်လောင်လာ၏။ သူက နတ်ဘုရားအာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အရှိန်အဝါငါးခုကို ခံစားလိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်သွားပြီး အနီးဆုံးတစ်ခုဆီသို့ တဟုန်ထိုး ထွက်သွား၏။
ပြည်ထောင်လေးတစ်လျှောက်လုံး တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ သူ့အတွက် လင်းချုံ၏အရှိန်အဝါတစ်ခု လာရာရင်းမြစ်ကို ရှာတွေ့ရန် တခဏသာ ကြာလိုက်၏။ သူတွေ့လိုက်ရသည်မှာတော့ လင်းချုံနှင့် တစ်ထေရာတည်းတူသည့် ကျင့်ကြံသူတစ်ယောက်ပင်။
ကျင့်ကြံသူက သူ့ကို မြင်လျှင်ချင်း မျက်နှာပျက်သွားပြီး နောက်ဆုတ်လိုက်သည်။ မန်ဟိုက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ထုတ်လွှတ်ရန် လက်ချောင်းတစ်ချောင်းကို ဝှေ့ယမ်းရင်း ထိုလူအား တုံ့ခနဲ ရပ်တန့်သွားစေသည်။
ထို့နောက် မန်ဟို့လက်ဝါးက ထိုလူ၏ ခေါင်းထိပ်ကို ဆုပ်ကိုင်လိုက်၏။
"ဝိညာဉ်ဖွေရှာ" မန်ဟို့အသံက ဆောင်းလယ်အတွင်း တိုက်ခတ်လိုက်သော လေကဲ့သို့ အေးစက်ခက်ထန်နေ၏။ ၎င်း ကျင့်ကြံသူ၏နားထဲ ၀င်ရောက်လာသောအခါ ကျင့်ကြံသူ၏ခေါင်းထဲတွင် မဖော်ပြနိုင်သော နာကျင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။ သူက တဆတ်ဆတ် တုန်လာပြီးနောက် စူးစူးဝါးဝါး အော်တော့သည်။
***