← Chapters

ပန်းတိုင် - နံပါတ်တစ်အက်ရှလွန်

Vol. 80 Ch. 1107

ပန်းတိုင် - နံပါတ်တစ်အက်ရှလွန်

Vol. 80 Ch. 1107

ကျင့်ကြံသူ၏မျက်နှာမှာ ရှုံ့မဲ့နေပြီး ငယ်သံပါအောင် အော်ဟစ်နေသံများက အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်နေသည်။ ထိုအသံကို ကြားရသူတိုင်းမှာ အမြုတေအထိ တုန်လှုပ်သွားကြပြီး မည်မျှနာကျင်၍ ထိုကဲ့သို့ အော်ဟစ်နေရသည်လဲပင် မစဥ်းစားကြည့်နိုင်တော့ပေ။ ‌

အလွန်ဆုံး ပြောရလျှင်တော့ ဦးနှောက်ထဲသို့ လက်ထိုးထည့်ပြီး ဟိုဟိုသည်သည် မွှေနှောက်လှန်လှောနေသကဲ့သို့ ခံစားရမည်ဖြစ်သည်။ သွေးများ ကျင့်ကြံသူပါးစပ်မှ ပန်းထွက်လာပြီး သူ့မှာ သစ်သားပြားကြီးသဖွယ် ရုတ်တရက် တောင့်တင်းသွားသည်။ သူ‌ကား ... သေဆုံးသွားလေပြီ။

သူ သေဆုံးသွားသည့်တိုင် သူ၏ အလောင်းကြီးက မန်ဟို့လက်နှင့် ကပ်နေဆဲဖြစ်ပြီး ‌မြေကြီးပေါ်သို့ လဲမကျသွားသေးပေ။

အသက်ရှိုက်စာအနည်းငယ်ကြာသော် မန်ဟို၏မျက်လုံးများ တောက်ပလာသည်။

"လင်းချုံ ... ဆိုတော့ မင်းက ငါ့အာရုံကို လှည့်စားဖို့အတွက် မင်းရဲ့နောက်လိုက်လေးယောက်ကို ရုပ်ပြောင်းခဲ့တာကိုး" သူက လက်ကို ဖယ်လိုက်ရာ ကျင့်ကြံသူ၏အလောင်းက မြေကြီးပေါ်သို့ ပုံရက်သား လဲကျသွားတော့သည်။ သို့သော် ၎င်း မြေကြီးနှင့်မထိခင်မှာပင် မန်ဟိုက အဝေးသို့ တဟုန်ထိုး ထွက်သွားခဲ့လေပြီ။

သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း လင်းချုံအစစ်ကို ရှာနေ၏။ သို့သော် လင်းချုံ၏ မှော်အတတ်မှာ ထူးဆန်းပြီး မန်ဟိုမှာ ၎င်းထဲတွင် ဟာကွက်တစ်စုံတစ်ရာ မ‌တွေ့ရပေ။ ကျန်လူရိပ်လေးခုက မတူညီသောလားရာများသို့ လျင်မြန်စွာ ထွက်သွားနေကြသည်။ ထူးဆန်းသည့်အရာ နောက်တစ်ခုက သူတို့၏အရှိန်အဝါအားလုံးမှာ ဖြည်းညင်းစွာ မှေးမှိန်ပျောက်ကွယ်လာနေခြင်းဖြစ်သည်။ မန်ဟို့နတ်ဘုရားအာရုံအနေဖြင့် ၎င်းတို့ကို သိပ်မကြာခင် အာရုံခံနိုင်တော့မည်မဟုတ်ပေ။

လင်းချုံ၏ မူလအစီအစဉ်မှာ မန်ဟို စစ်‌ဆေးနိုင်သည့် အရှိန်အဝါတစ်ခုမှ မကျန်ခဲ့စေဖို့ ဖြစ်ခဲ့သည်။ မန်ဟိုသာ အချိန်ပေးရှာလျှင်တော့ အလွန်ဆုံး ရုပ်ပြောင်းထားသော ကျင့်ကြံသူ‌တစ်ယောက်ကို တွေ့ရလိမ့်မည်။

သို့သော် လင်းချုံသည် မန်ဟို ပြည်ထောင်လေးသို့ အလွန်လျင်မြန်စွာ ရောက်လာခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ကျန်ပြည်ထောင်များကို ဖြတ်လာမည့်အစား ဗဟို၀တ်ပြုကျောင်းမှဖြတ်၍ လာခဲ့သည် မဟုတ်ပါလော။

ယင်းက သူ၏အစီအစဉ်ကို ပျက်ပြားသွား‌စေခဲ့သည်။

သို့သော် အချိန်လုံလုံလောက်လောက် ကြာလျှင်တော့ အရာအားလုံး စီစဉ်ထားသည့်အတိုင်း ဖြစ်လာလိမ့်မည်။ မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် သူ၏သိုလှောင်အိတ်ကို ပုတ်လိုက်ကာ သစ်စေ့နက်မှင်စာများကို ဆင့်ခေါ်၍ ၎င်းတို့ကို အရပ်လေးမျက်နှာသို့ စေလွှတ်လိုက်၏။ ၎င်းတို့က လူသတ်ငွေ့များ ‌တထောင်းထောင်းထလျက် အနက်ရောင်မိုးကြိုးတန်းများသဖွယ် တဟုန်ထိုး ထွက်သွားကြလေသည်။

မန်ဟို့နတ်ဘုရားအာရုံ၏ ထိန်းချုပ်မှုအောက်တွင် ၎င်းတို့သည် နောက်မှထပ်ကြပ်မကွာ လိုက်သွားနေကြပြီး မန်ဟိုကတော့ ဘာမှမလုပ်ပေ။ လိုက်ဖမ်းခြင်းလည်းမရှိ။ သူသည် လင်းချုံ၏ ထွက်ပြေးနေသော ပုံစံများကို စိတ်အာရုံဖြင့် ကြည့်ရင်း ပြည်ထောင်လေး၏အပေါ်တွင် ပျံဝဲနေ၏။ လင်းချုံအစစ်က မည်သူလဲ ဆုံးဖြတ်မည့် သူ၏နည်းလမ်းက ရိုးရှင်းသည်။ သူ့အနေဖြင့် သစ်စေ့နက်မှင်စာများ လူလေးယောက်ကို ပူးကပ်ဖို့ ကြိုးစားလျှင် မည်ကဲ့သို့ဖြစ်မည်လဲ စောင့်ကြည့်ဖို့သာ လိုသည်။ ပူးကပ်နိုင်သည်ဖြစ်စေ၊ မပူးကပ်နိုင်သည်ဖြစ်စေ အရေးမကြီး။ မည်သို့ဆိုစေ သဲလွန်စ‌တစ်ချို့တော့ ရပေမည်။

မကြာခင် သူက ခေါင်းမော့လိုက်သည်။

"ရပြီ" ထိုသို့ပြောရင်း ပျောက်ကွယ်သွား၏။

မကြာခင် ပြည်ထောင်ကိုးနှင့် ပြည်ထောင်လေးကြားက နယ်စပ်တွင် လင်းချုံမှာ အလွန်တရာ မျက်နှာမသာမယာဖြစ်နေတော့သည်။ သူ့ပတ်ပတ်လည်တွင် ပူးကပ်ဖို့ ကြိုးစားရင်း စူးစူးဝါးဝါးအော်ဟစ်နေသော သစ်စေ့နက်မှင်စာ ဆယ်ကောင်ကျော် ရှိနေသည်။

"ဒါက ဘာတွေတုန်း" လင်းချုံတွင် အစွမ်းထက်သောကျင့်ကြံခြင်းအခြေခံရှိ‌သော်လည်း ယခုတော့ ‌၆၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားလေသည်။ သစ်စေ့နက်မှင်စာများမှာမူ ၎င်းတို့၏ ပူးကပ်နည်းက အလွန်တရာ ဆန်းပြား၏။ ၎င်းတို့က မအောင်မြင်လျှင် နတ်ဘုရားအာရုံတိုက်ကွက်အသွင် ပြောင်းလိုက်ရာ လင်းချုံအတွက် ကိုင်တွယ်ရခက်နေတော့သည်။ သေရတော့မည့်အန္တရာယ်က သူ့စိတ်ထဲတွင် စိုးမိုးနေပြီး သူ့မှာ တုန်ရီလာသည်။

အန္တရာယ်အာရုံ ကြီးမားလာသည်နှင့်အမျှ သူသည် ပို၍ပင် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။

"ငါ ဒီမှာသေလို့ မဖြစ်ဘူး" နောင်တအပြည့်ဖြင့် သူ့မှာ သတ်မရသော သစ်စေ့နက်မှင်စာများကို မောင်းထုတ်ရန် လေပြင်းတစ်ချက် စေလွှတ်လိုက်သည်။ ထို့နောက် သူသည် အံတင်းတင်းကြိတ်၍ အားနည်းနေသည့်တိုင် နောက်တဖန် ပါရာဂွန်မှော်သိုင်းကို ထုတ်လွှတ်လိုက်၏။

မြင့်မြတ်သော ရွှေရောင်ဓမ္မတေးခေါင်းခွံကြီးက သူ့အရှေ့တွင် ပေါ်လာသည်။ သစ်စေ့နက်မှင်စာများကို တိုက်ခိုက်ရန်မဟုတ်၊ လက်ရှိအခြေအနေမှ ထွက်ပြေးနိုင်မည့်နည်းလမ်း ရှာဖွေရန် ဖြစ်သည်။

သို့သော် လင်းချုံမှာ ပြေးပေါက်မရှိကြောင်း သဘောပေါက်လိုက်သဖြင့် မျက်နှာဖြူဖျော့သွားတော့သည်။

"မဖြစ်နိုင်ဘူး။ မိုးကောင်းကင်က ဘယ်တော့မှ လမ်းကြောင်းတွေကို ဖြတ်တောက်မထားနိုင်ဘူး" သူက မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်နေလျက် လျှာထိပ်ကို ကိုက်လိုက်ကာ သူ့ခန္ဓာကိုယ်အား လျင်မြန်စွာ ခြောက်ကပ်လာစေသည်။ သူ၏ ဆံပင်များပင် ဖြူဆွတ်သွား၏။

သူသည် ပြေးပေါက်ကို ရှာတွေ့ဖို့ သူ၏ ပါရာဂွန်မှော်သိုင်းကို အသုံးပြုရန် သက်တမ်းကိုပင် စတေးပစ်နေလေသည်။

ဂျိန်းခနဲ ထစ်ချုန်းသံကြီး ကြားလိုက်ရပြီး လင်းချုံ၏ ခန္ဓာကိုယ်မှာ ဆက်လက်ခြောက်ကပ်လာသည်။ နောက်ဆုံးတွင်တော့ မြင့်မြတ်သော ဓမ္မတေးခေါင်းခွံထဲတွင် သူ ရှာဖွေနေသောအရာကို တွေ့လိုက်ရလေပြီ။ သူသည် ၎င်းကို မြင်သောအခါ တအံ့တဩဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် အရူးကြီးသဖွယ် ရယ်၍ သူ့ရင်ဘတ်သူ တဘုန်းဘုးန် ရိုက်ချလိုက်သည်။ သွေးခဲတစ်ခဲ ထွက်သွားပြီးနောက် မြေကြီးပေါ်သို့ ပေါက်ခနဲ ကျသွား၏။

သူက ခိုင်မာပြတ်သားသော မျက်နှာထားဖြင့် လှည့်လိုက်စဉ် သူ၏ရယ်သံကြီးက ပိုပို၍ ရူးသွပ်လာသည်။ ထို့နောက် သူသည် သူ၏လက်ချောင်းကို နဖူးပေါ်သို့ ဖိချလိုက်ရာ တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့မျက်လုံးများ ရုတ်တရက် ဝေဝါးလာသော်လည်း လျ‌င်မြန်စွာပင် ပြန်လည် ရှင်လင်းပြတ်သားလာသည်။ သူသည် မြင့်မြတ်သော ဓမ္မတေးခေါင်းခွံကို လှမ်းကြည့်လိုက်ပြီး ယခင်က ရှိခဲ့ဖူးသည့် မှတ်ဉာဏတစ်ချို့ ပျောက်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်လိုက်၏။ ထို့နောက် လေးနက်နေသော မျက်နှာထားဖြင့် အဝေးသို့ ဦးတည်သွားသည်။

သိပ်မကြာခင် သူ့မှာ သစ်စေ့နက်မှင်စာများဖြင့် ၀န်းရံခံလိုက်ရပြန်သည်။ တစ်ချိန်တည်းမှာပင် အလင်းတန်းရှည်ကြီးတစ်တန်းသည် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်လျက် မလှမ်းမကမ်းမှ လေကို ခွင်းလာနေ၏။

"လင်းချုံ" မန်ဟိုက သူ့အသံအား ကောင်းကင်ဘုံလာအင်အားကြီးဖြင့် ပြည့်နှက်နေသော မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားစေသည်။ လင်းချုံမှာ တဆတ်ဆတ် တုန်လာ၏။ မန်ဟို၏ နတ်ဘုရားစွမ်းရည်မှာ လေဟုန်ခွင်းလောက ချီကြော၏ ၂၀ ရာခိုင်နှုန်းဖြင့် ကောင်းချီ‌ပေးခံရသည့်အတွက် သူ့အသံကြီးက ကောင်းကင်မှလာသော မိုးခြိမ်းသံကြီးသဖွယ် ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှာလည်း လျှပ်စီးမိုးကြိုးများဖြင့် ၀န်းရံရစ်သိုင်းခံထားရလေသည်။

လင်းချုံမှာ မန်ဟို့အသံကြီးကြောင့် နားကန်းလုနီးပါးဖြစ်သွားရ၏။ သူ၏ စိတ်နှလုံးတို့ ချာချာလည်သွားပြီး သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးနောက် သူ့မှာ မူလကျင့်ကြံခြင်းအခြေခံ၏ ၆၀ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ထားသည့်အတွက် သူ၏ ပါရာဂွန်မှော်သိုင်းကို သုံးရန် အလွန်ခက်ခဲနေလေသည်။ အမှန်တွင် စောစောကကဲ့သို့ သက်တမ်းနှင့်အသက်စွမ်းအားကို ကုန်ခမ်းစေခဲ့ခြင်းက သူ၏ကျင့်ကြံခြင်းအခြေခံကို မူလခွန်အား၏ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည့်တိုင်အောင် ကျဆင်းသွားစေခဲ့သည်။

ယခင်က မည်မျှအစွမ်းထက်ခဲ့ပါစေ ထိုကဲ့သို့ ကျင့်ကြံခြင်း‌အခြေခံနှင့်ဆိုလျှင် သူကား လေထဲတွင် တဖျတ်ဖျတ် လှုပ်နေသော ‌ဖယောင်းတိုင်ပမာ ဖြစ်ချေသည်။ မန်ဟို့အသံလေးကတင် သူ၏နှလုံးသားကို တုန်ခါသွားစေပြီး သူ့၏ ပါးစပ်မှ သွေးများစီးကျ‌လာ‌စေ၏။ သူ့မှာ တန်ပြန်တိုက်ခိုက်ဖို့ ဘာဆိုဘာမှ မလုပ်နိုင်ပေ။

သူ လုပ်နိုင်သမျှမှာ မချိတင်ကဲ အော်ဟစ်ပြီး ခေါင်းမာမာဖြင့် မော့ကြည့်နိုင်ရုံသာဖြစ်သည်။

သူ ဟန်ချင်းလဲ့ကို မုန်းသည်။ ပြည်ထောင်ရှစ်၏ လောကစည်းတံဆိပ်ကို လုယူခဲ့ဖို့ လောဘကြီးခဲ့မိသည်ကိုလည်း မုန်းသည်။ အဆုံးသတ်တွင်တော့ အချည်းနှီးသာဖြစ်ခဲ့ရသည်မဟုတ်လော။

သူ ကံကြမ္မာကိုလည်း မုန်းသည်။ မန်ဟို နောက်မှလိုက်လာသော အမြန်နှုန်းက သူ၏အစီအစဉ်အားလုံးကို ဖျက်ဆီးခဲ့လေသည်။ သူလိုအပ်ခဲ့သမျှမှာ နောက်ထပ်တစ်နာရီသာဖြစ်ပြီး သူ့အရှိန်အဝါအားလုံး အစအနမကျန် ပျောက်ကွယ်သွားခဲ့လိမ့်မည်။

သို့သော် ယခုတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပြီး သူ့မှာ ဘာမှမတတ်နိုင်တော့ပေ။

"မိုးကောင်းကင်က ငါ့ကို ဖျက်ဆီးပစ်ချင်နေတာလား။ အေး ဒါပေမဲ့ ငါ မင်းလက်နဲ့ မသေချင်ဘူး မန်ဟို" လင်းချုံသည် အရူးကြီးသဖွယ် စူးစူးဝါးဝါး ရယ်နေ၏။

"မင်း ရှုချင်အကြောင်း သိချင်တယ်မလား။ လာစမ်းပါ" သူက လေလယ်တွင် ပျံဝဲရင်း အော်ဟစ်လိုက်သည်။ "မင်း လုပ်ချင်ရင် ငါ့ကို ဝိညာဉ်ဖွေရှာလိုက်။ ငါ့ဦး‌နှောက်ထဲက အချက်အလက်တွေအားလုံး မွှေနှောက်ပစ်လိုက် ငါဂရုမစိုက်ဘူး

"ငါ ဒီတိုင်း ဂုဏ်သိက္ခာရှိရှိပဲ သေချင်တာ" သူသည် အက်ရှလွန်စာရင်းဝင်ဖြစ်ပြီး ပထမတောင်မှ အက်ရှလွန်ပြီးလျှင် ဒုတိယအစွမ်းထက်ဆုံးလူဖြစ်သည်။

သူကား စတုတ္ထတောင်ရှိ လျှမ်းလျှမ်းတောက်နေတစ်စင်းဖြစ်ပြီး မာနကြီးသော လူတစ်ယောက်လည်းဖြစ်သည်။ သို့ဖြစ်၍ သေရလျှင်တောင်မှ ဂုဏ်သိက္ခာရှိရှိသာ သေချင်သည်။

မန်ဟိုက သူ့ထံသို့ လျှပ်စီးမိုးကြိုးတန်းကြီးသဖွယ် ပျံသန်းလာသည်။ သူက တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ လင်းချုံ၏ခေါင်းပေါ်သို့ လက်တင်လိုက်၏။

မန်ဟိုသည် လင်းချုံ သူ့ကို ရှုချင်နှင့်ပက်သက်၍ ပြောခဲ့သည့်အရာအားလုံးကို ယုံကြည်မည်မဟုတ်ပေ။ သူကိုယ်တိုင်တွေ့ရမှ ယုံမည်။

သူက လင်းချုံ၏ ဦးနှောက်ထဲသို့ နတ်ဘုရားအာရုံကို ထည့်သွင်းရင်း ဝိညာဉ်ဖွေရှာလိုက်သည်။ လင်းချုံ၏ဘ၀ပုံရိပ်များက သူ့စိတ်ထဲတွင် တဖျတ်ဖျတ် ဖြတ်ပြေးသွားပြီး နောက်ဆုံးတော့ ရှုချင်ကို မြင်လိုက်ရ၏။

သူမမှာ ဘဝပြန်ဝင်စားခြင်းစက်ဝန်းထဲ မဝင်ရောက်ခဲ့ခင်ကအတိုင်းပင်။ သူမသည် ကမ္ဘာပေါ်တွင် အလှဆုံးမိန်းကလေးမဟုတ်သော်လည်း မန်ဟို့နှလုံးသားပေါ်တွင် ထာဝရတစ်လျှောက်လုံး စွဲထင်ကျန်ရစ်ခဲ့ပြီးဖြစ်သည်။

လင်းချုံမှာ ဖော်ပြ၍ပင်မတတ်နိုင်သော နာကျင်မှုကြောင့် တဆတ်ဆတ် တုန်နေသည်။ သူက အံကို တင်းတင်းကြိတ်ထားပြီး ညည်းလည်းမညည်း၊ အော်လည်း မအော်ပေ။ သူ၏မျက်လုံးများက မှေးမှိန်စပြုလာပြီး သူ့ခန္ဓာကိုယ်မှာ အကြောဆွဲလာ၏။ သို့သော် သူ၏အသိစိတ်ကတော့ ... ဂုဏ်သိက္ခာကို တောင်းဆိုနေသည်။

တခဏကြာသော် မန်ဟိုက လက်ကို ခွာလိုက်ရာ လင်းချုံပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ လင်းချုံအမူအရာမှာ ငေးကြောင်နေပြီး သူ့တစ်ကိုယ်လုံးကား တုန်ရီနေဆဲဖြစ်သည်။ သူ့အသိစိတ်လည်း သေဆုံးသွားခဲ့ပြီဖြစ်ရာ .... သူ၏ဂုဏ်သိက္ခာတစ်ခုတည်းသာ ကျန်ရစ်ခဲ့ဟန်တူသည်။

မန်ဟိုက ဘာမှမပြော။ လင်းချုုံ သူသေလျှင် ရှုချင်ပါ သေရမည်ဟု ပြောခဲ့ခြင်းမှာ ထွင်လုံးသက်သက်သာ ဖြစ်ကြောင်း သူ သိလိုက်ရလေပြီ။ တကယ်တော့ မန်ဟိုသည် ထိုကဲ့သို့အရာမျိုးက မဖြစ်နိုင်ကြောင်း အစောကတည်းက ကောက်ချက်ချခဲ့ပြီးဖြစ်၏။

သူက လင်းချုံကို နောက်တစ်ချက်ကြည့်ပြီးနောက် လက်ရုတ်၍ လင်းချုံနဖူးကို ထိလိုက်သည်။ ကြီးမားသောစွမ်းအားတစ်ရပ်က လင်းချုံကို ဖြတ်စီးရင်း ကျန်ရှိသမျှ အသက်စွမ်းအားမှန်သမျှ ဖယ်ရှားပစ်လိုက်သည်။ လင်းချုံမှာ အကြောတဆတ်ဆတ် ဆွဲသွားပြီး တခဏကြာသော် မျက်လုံးများ လင်းလက်တောက်ပလာသည်။ ထို့နောက် သူက ၎င်းတို့ကို ပိတ်လိုက်ပြီး ... အသက်ထွက်သွားတော့၏။

သူ့အလောင်းက မြေကြီးပေါ် ဘုန်းခနဲ ကျသွားသော်လည်း သူ့သိုလှောင်အိတ်ကတော့ မန်ဟို၏ဖမ်းယူခြင်းခံလိုက်ရသည်။ ထိုအတွင်းတွင် ပြည်ထောင်လေး၏ လောကစည်းတံဆိပ်ရှိနေ၏။

“ချင်းအာ...” သူက ရေရွတ်လိုက်သည်။ “မင်းက စတုတ္ထတောင်ပေါ်မှာ ခိတိဂဗ္ဗရဲ့ တပည့်တစ်ဦးဖြစ်နေတာကိုး....

“ကိုယ့်ကို စောင့်ပေး ချင်းအာ။ ကိုယ် ဒီလေဟုန်ခွင်းလောကကနေ ထွက်တာနဲ့ မင်းကို လာရှာမယ်” ထို့နောက် သူသည် ချာခနဲ လှည့်၍ ဖျတ်ခနဲ ပျောက်သွား၏။

သူသည် ပြည်ထောင်လေးမှ ထွက်ခွာကာ ဗဟိုဝတ်ပြုကျောင်းဒေသကို ဖြတ်၍ ကိုးပြည်ထောင်သို့ ဝင်ရောက်လာသည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်သွားပြီး သူက ပြည်ထောင်လေးကို ပြန်လှည့်ကြည့်လိုက်၏။

“တစ်ခုခုတော့ မူမမှန်ဘူး။ ငါက စတုတ္ထတောင်က အက်ရှလွန်ကျင့်ကြံသူကို သတ်ခဲ့တာလေ။ လေဟုန်ခွင်းလောကရဲ့ သဘာဝနိယာမအရ ငါ့အနေနဲ့ စံချိန်ချိုးလိုက်လို့ ဆုလာဘ်ချီးမြှင့်ခံရသင့်တာမဟုတ်လား....” သူသည် ရှုချင်ကိစ္စကို ခေါင်းထဲမှ ခဏထုတ်၍ လင်းချုံနှင့်ပတ်သက်ပြီး ဖြစ်ခဲ့သမျှအရာအားလုံးကို လျင်မြန်စွာ ပြန်စဉ်းစားကြည့်လိုက်ရာတွင် နောက်ဆုံးတော့ မျက်လုံးပြူးသွားတော့၏။

ထို့နောက် သူက သိုလှောင်အိတ်ကို ပုတ်၍ အကြွေးစာချုပ်တစ်ခု ထုတ်လိုက်သည်။ ၎င်းကို ဂရုတစိုက် ကြည့်ရင်း လင်းချုံ၏အကြွေးစာချုပ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ပြုံးလိုက်၏။

“ဒီလူတွေက တကယ်ပဲ အက်ရှလွန်စာရင်းဝင်ဖို့ ထိုက်တန်ပါပေတယ်။ ဟန်ချင်းလဲ့မှာ လှည့်ကွက်တွေရှိသလို ၊ လင်းချုံမှာလည်း ပရိယာယ်တွေရှိတယ်။ သူတို့ကို တကယ်သတ်ဖို့က မလွယ်တဲ့ပုံပဲ

“ဆိုတော့ မင်း မသေဘူးပေါ့ လင်းချုံ။ ဒါပေမဲ့ မင်းဟာ ဒီနေရာမှာ ကျော်ကြားလာနိုင်မယ့် အခွင့်အရေးတွေကို မရရှိနိုင်တော့ဘူး။ မင်းဟာ ခေါင်းလေးတောင် မဖော်ရဲဘဲ ငါ့ဆီကနေ ပုန်းနေရတော့မယ်

“ငါ့အနေနဲ့ မင်းကို လိုက်ရှာပြီး မသတ်ကောင်း မသတ်နိုင်လောက်ပေမယ့် မင်းနှလုံးသားကိုတော့ ငါ သတ်ခဲ့ပြီးပြီ။ ငါက မင်းရဲ့ အတွင်းနတ်ဆိုးဖြစ်လာအောင် ဒီနေရာမှာ ငါ့အရိပ်က မင်းကို စိုးမိုးနေပြီ

“မင်းက ပထမဆုံးလည်း မဟုတ်သလို၊ နောက်ဆုံးလည်း ဖြစ်မှာမဟုတ်ဘူး။ လေဟုန်ခွင်းလောက... ဒီနေရာက ငါ မန်ဟို တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းမှာ ထင်ရှားကျော်ကြားလာမယ့် နေရာပဲ။ ငါဟာ အက်ရှလွန်ထဲမှာလည်း ထင်ရှားလာစေရမယ်

“ဒီနေရာက ထွက်တဲ့အခါ ... နံပါတ်တစ် အက်ရှလွန်အဖြစ် ငါ ထွက်မယ်” သူသည် လင်းချုံကို ဆက်ရှာဖို့ ပြည်ထောင်လေးသို့ ပြန်မသွားပေ။ လင်းချုံ၏ ရှင်ခြင်း၊ သေခြင်က သူ့ကို စိတ်အနှောင့်အယှက်မဖြစ်စေတော့။ ရှုချင် စတုတ္ထတောင်တွင် လောလောဆယ် ပိုင်ဆိုင်ထားသော အဆင့်အတန်းနှင့်ဆိုလျှင် သူမသည် အလွယ်တကူ သွားရှုပ်၍ရသည့် လူမျိုးမဟုတ်ပေ။

မန်ဟိုက စည်းဖြူတောင်သို့ လေကိုခွင်းလာသည်။ နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ပြီးနောက် ဤကဲ့သို့တိုက်ပွဲများတွင် သူသည် သူ့တစ်ယောက်တည်း အပိုင်ဖြစ်သည့် ပြိုင်ဘက်ကင်းတိုက်ခိုက်ပုံတိုက်ခိုက်နည်းကို တစတစ ဖန်တီးတည်ဆောက်ခဲ့ပြီးလေပြီ။

***

All Chapters